Saturday, April 30, 2011

ရွှေလက်တွဲကြသူများ....

1st kiss at balcony














 ဝီလီယမ်နဲ့ ကိတ်ရဲ့ မင်္ဂလာပွဲကို တီဗီကနေ လိုက်ဖ်လွှင့်ပါတယ်။ ပုံတွေက တီဗီ စကရင်ကနေ ပြန်ရိုက်ထားတာမို့ ကွာလတီမကောင်းပါ။ မကြည့်လိုက်ရသူများ အတွက် ကြည့်စေချင်လို့သာ ဇွတ်တင်လိုက်ပါတယ်....:P


ကိတ် သိတ်လှတယ်။ ပါးချိုင့်လေးကလည်း ချစ်စရာ...။ ဝီလီယမ် ငယ်ငယ်ပဲ ရှိသေး၊ ထိပ်ပြောင်နေပြီ....။ ဘာဖြစ်ဖြစ် သူတို့ သိတ်ချစ်ကြပုံပဲ....

အို...ဒါတွေ အားလုံးထက် စိတ်ဝင်စားမိတာက အဲဒီ ပြောင်းရှည်ကြီးတွေနဲ့ အပီရိုက်နေသူတွေ....။
အဲဒါမျိုးကြီး တခုတော့ လိုချင်မိသား....




ဝီလီယမ်နဲ့ ကိတ်တို့ အိုအောင်မင်းအောင် ပေါင်းကြရပါစေ....လို့ ဆုတောင်းလိုက်ပါတယ်....

Thursday, April 28, 2011

ကြက်ခြေခတ်ကလေးများ

ကြက်ခြေခတ်...အင်မတန် အကြည့်ရဆိုးပါတယ်။ ကိုယ်ကပဲ ကြက်ခြေခတ်ခတ်၊ ကိုယ့်ကိုပဲ ကြက်ခြေလာခတ်ခတ် ဘယ်လိုပဲဖြစ်ပါစေ ကြက်ခြေခတ်ဟာ အမှားသဘော၊ တားမြစ်ပိတ်ပင်တဲ့သဘော၊ Negative သဘောဆောင်တာမို့ ကလေးအရွယ်ကနေ လူကြီးတယောက်ရယ်လို့ ဖြစ်လာတဲ့အထိ ဘယ်သူကမှ ကြက်ခြေခတ်တွေကို ဘဝမှာ လိုလိုချင်ချင် ရှိကြမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်မ ပြောချင်တဲ့ ကြက်ခြေခတ်က "အမှား" ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ ကြက်ခြေခတ်ကလေးတွေ အကြောင်းပါ။

လူတယောက်အတွက် အမှားတွေ လုပ်ဖြစ်ဖို့ တွန်းအားတွေ၊ စေ့ဆော်မှုတွေက အတော်များတာပါ။ အပေါင်းအသင်းကြောင့်၊ ငွေကြေးကြောင့်၊ အရက်သေစာ မူးယစ်သောက်စားတတ်မှုကြောင့်၊   ဒေါသစိတ်ကြောင့်၊ လောဘကြောင့် စသဖြင့် အမှားတွေကို မသိလိုက်ဘဲ ဖြစ်စေ၊ သိသိကြီးနဲ့ဖြစ်စေ ကျူးလွန် မှားယွင်းမိတတ်ကြပါတယ်။ များသောအားဖြင့် အဲသည်လိုအချိန်တွေမှာ အမှားကို အမှန် ထင်မြင်နေတတ်ကြပါတယ်။ မောဟဆိုတဲ့ မသိမှုက အသိဉာဏ်မျက်လုံးအစုံကို ကွယ်ထားတတ်တာမို့ အမှားကို မမြင်နိုင်ကြတာပါပဲ။

ဘဝမှာ တခါမှ အမှားမလုပ်ခဲ့ဖူးသူများလည်း ရှိကောင်း ရှိပါလိမ့်မယ်။ အဲသည်လိုလူတွေ အတွက်တော့ Bravo ပါ။ keep it up ပါ။ ပြောစရာ မရှိပါဘူး။ ကျွန်မ ရည်ရွယ်ပြောချင်တာက "အမှားများနဲ့ လူတွေ" ကိုပါ။ အမှားတွေနဲ့ အမှောင်ထဲမှာ အချိန်ကုန်ရင်း ဘဝထဲ အသစ်တဖန် ပြန်ဝင်ဖို့ တွန့်ဆုတ်နေကြသူများကိုသာ ဆိုချင်ပါတယ်။  

အားပေးစကား ပြောရရင် အမှားဆိုတာ ပြင်လို့မရတဲ့ အမှားတွေချည်းပါပဲ။  တကယ်ပါ ကျွန်မ အဲသည်လိုပဲ ယုံကြည်တာမို့ပါ။ လုပ်ပြီးခဲ့တဲ့ အမှားတွေက သပ်သပ်၊ အမှန်ကို အမှန်မှန်းသိလို့၊ နားလည်သွားလို့ လမ်းကြောင်းအမှန်ပေါ် လျှောက်နေတာက သပ်သပ် ဖြစ်ပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ အမှားနဲ့ လက်ရှိအမှန်ဆိုတာ မတူညီသော ဖြစ်စဉ် နှစ်ခုသာ ဖြစ်တယ်။ ခုလက်ရှိ အမှန်နဲ့ လုပ်ပြီးခဲ့တဲ့ အမှားကို သင်ပုန်းချေလို့ မရနိုင်ပါဘူး။

ဒါကြောင့် အမှားဆိုတာ မလုပ်မိအောင် ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ မရှောင်နိုင်လို့ လုပ်မိပြီဆိုရင်လည်း ဘာမှ စိတ်ဓါတ်ကျစရာ မလိုပါဘူး။  အမှားလုပ်ရဲသူဟာ အမှားရဲ့အကျိုးဆက်ကို ခံနိုင်ရည်ရှိဖို့   ပြင်ဆင်ရပါမယ်။

တစ်- မှားမှန်း သေချာပြီဆိုတာ သိလိုက်တဲ့အချိန်က စပြီး ရပ်တန့်ပစ်နိုင်ရမယ်။ လိုအပ်ရင် ဂငယ်ကွေ့ ရဲရဲကြီး ပြန်ကွေ့ချနိုင်ရမယ်။ ပြီးတော့ အမှားကို မှားမှန်း ဝန်ခံတတ်ဖို့ပါပဲ။ အဲဒါ သိတ်အရေးကြီးပါတယ်။ အမှားကို အမှားမှန်းသိဖို့နဲ့ ဝန်ခံတတ်ဖို့ဆိုတာ လက်တွေ့မှာ မလွယ်လှပါဘူး။ လောကကြီးထဲမှာ မှားနေလို့ မှားမှန်း မသိသူတွေ၊ မှားမှန်းသိရက်နဲ့ အနေအစားချောင်လို့ လမ်းမှားကြီးပေါ် ဆက်လျှောက်နေသူတွေက အများသားရယ်။

နှစ်-တံတွေးခွက်မှာ ပက်လက် မျှောချခံမနေပါနဲ့။ ကူးခတ် ဆန်တက်ဖို့ ကြိုးစားပါ။ "ကဲ့ရဲ့ တသက်လုံး"   ဖြစ်နေဦးမဲ့ ပါးစပ်ပေါက်တွေအတွက် နားထိုင်းတတ်ပါစေ။ ခေါင်းမငုံ့ပါနဲ့ ရင်ကိုကော့ပြီးသာ လျှောက်ပါ။ အရင်ကထက် စိတ်ဓါတ်ခွန်အားတွေ နှစ်ဆမက ပိုပါစေ။

သုံး-ဘာ့ကြောင့် မှားခဲ့သလဲဆိုတာ ပြန်လည်စဉ်းစား သုံးသပ်ကြည့်ပါ။ အမှားထဲက သင်ခန်းစာ ရအောင်ယူတတ်ပါစေ။

လေး-ဘယ်တော့မှ နောင်တ မရပါနဲ့။ နောင်တဆိုတာ ဘယ်တော့မှ သုံးစားလို့ရတဲ့အရာ မဟုတ်ပါဘူး။ ပြုပြီးသော အကုသိုလ်အား ပြုလုပ်မိလေခြင်း ဆိုသော နောင်တ၊ မပြုမိခဲ့သော ကုသိုလ်တို့အား မပြုမိလေခြင်းဆိုသော နောင်တ တရား နှစ်မျိုးစလုံးဟာ ကုက္ကုစ (စာလုံးပေါင်း မှားနိုင်ပါတယ်) အကုသိုလ်တရားတွေချည်းပါပဲ။ ဒါကြောင့် နောင်တတွေ ရင်မှာရှိနေရင် စွန့်ပစ်ထားခဲ့ပါ။

ငါး-မိမိကို အများတကာ ယုံကြည်မှုရှိလာဖို့ ဆိုတာ ပထမဦးဆုံး မိမိကိုယ်ကို မိမိ ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ အရင်ဆုံး ကြိုးစားတည်ဆောက်ပါ။

ကိုယ်တယောက်ထဲ ကိုယ့်ဘာသာမှားတာ ဘယ်သူ့မှ မထိခိုက်ဘူး ဆိုပေမဲ့ လူဟာ ပတ်ဝန်းကျင် အသိုင်းအဝန်းနဲ့နေတာမို့ သူတို့ကိုပါ တနွယ်ငင် တစင်ပါဆိုသလို ထိခိုက်စေနိုင်ပါတယ်။ ကြပ်ကြပ်သတိထားပါ။

ကျွန်မ အရမ်းမကောင်းခဲ့ပါဘူး။ စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာကိုတောင် ရပ်ကွက်လူကြီးဆီက လနဲ့ချီကြာပြီးမှ ရခဲ့တာ။ မယုံ မရှိပါနဲ့။ ရပ်ကွက်လူကြီး ခရီးလွန်နေလို့ပါလို့ လူကြီးမိန်းမက ပြောပါတယ်။ ထားပါလေ။ မိဘ မျက်ရည်ပေါက် ကြီးငယ်ကျအောင် လုပ်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းက ငယ်လို့ ဆိုးခဲ့သလို ကြီးလာတော့ ကြီးတဲ့အလျောက် ဆက်မိုက်ပါတယ်။ ဒါကြောင့် မိဘကို မျက်ရည်ပေါက် ကြီးငယ်ကျအောင် မလုပ်ဖူးတဲ့ သားလိမ္မာ၊ သမီးလိမ္မာများကို ကျွန်မ ဒီကနေ သာဓု သုံးကြိမ်ခေါ်လိုက်ပါတယ်။

အမှားတွေ လုပ်ခဲ့တယ်ဆိုတာ ကြွားဝါစရာ၊ ထုတ်ဖော်ပြောဆိုစရာ မဟုတ်ပေမဲ့ အမှားကိုသိလို့ အမှန် လမ်းကြောင်းပေါ် ရောက်ပြီ၊ လျှောက်နေပြီ ဆိုတာကတော့ဖြင့် အင်မတန် ဝမ်းသာစရာလို့ ယူဆပါတယ်။ တခါ ကျွန်မနဲ့ မောင်နှမလို ရင်းနှီးနေတဲ့ အကိုတယောက်က ပြောလာပါတယ်။
"ညည်းအတော် ပုံစံ ပြောင်းသွားပြီ၊ ငါ့ညီမက လိမ္မာပုံပေါက်လာပြီ" တဲ့လေ။
"ဘုရားရှင်လက်ထက်တုန်းကတောင်မှ ဆိုးပေ့၊ မိုက်ပေ့ ဆိုတဲ့ လူဆိုးလူမိုက်ကြီးတွေ အစောဆုံး ကျွတ်တမ်းဝင်ခဲ့ကြတယ်လေ အကိုရ" လို့ ကျွန်မ ဆိုတော့မှ တဟားဟား အော်ရယ်ပါတော့တယ်။

ကျွန်မ ချန်ဂီရွာ (Changi Village)က စားသောက်ဆိုင်လေးတဆိုင်မှာ စားခဲ့ဖူးပါတယ်။   ဒေသစာ ခေါက်ဆွဲနဲ့ မြေအိုးထမင်း၊ ဘာဂူတေးနဲ့ စွပ်ပြုတ်လို အစားအစာတွေ ရောင်းပါတယ်။ စားသောက်ပြီး အပြန်လမ်းမှာ သူငယ်ချင်း  ပြောပြလို့ စားပွဲထိုးကအစ ချက်ပြုတ်သူအထိ ဆိုင်ကို ဦးဆောင်လည်ပတ်နေသူတွေဟာ အရင်က ပြစ်မှုတခုခုနဲ့ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူတွေ ဖြစ်မှန်း သိခဲ့ရပါတယ်။ ကျွန်မစိတ်ထဲ ကြည်နူးပီတိဖြစ်သွားလိုက်တာများ ပြောမပြတတ်အောင်ပါပဲ။ သူတို့ ဘဝလေးတွေ အရင်ကလိုပဲ သာမန်လူတွေနဲ့ တန်းတူ လုပ်ကိုင်ရပ်တည်နိုင်ပါလား ဆိုတဲ့ ဝမ်းသာစိတ်ကြောင့် ဖြစ်မယ် ထင်ပါရဲ့။ လမ်းကြုံတိုင်းလည်း ကျွန်မ အဲသည်ဆိုင်လေးမှာပဲ သွားစားဖြစ်ခဲ့တယ်။ ကြာခဲ့ပါပြီ။ ခုတော့ ရှိသေးရဲ့လား မပြောတတ်ပါဘူး။

ကြက်ခြေခတ်ကလေးတွေကို နွေးနွေးထွေးထွေး လက်တွဲခေါ်ယူတတ်ကြတာလည်း ကောင်းသော အပြုအမူပါပဲ။ ဒုတိယအကြိမ်-2nd chance ဆိုတာ လူတိုင်းအတွက် ရှိသင့်တယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အရေးကို အကြိမ်ကြိမ် အလွဲသုံးစား ထပ်လုပ်မယ်ဆိုရင်တော့ လူ့ဘောင်က အပြီး ကျဉ်ကြပါလိမ့်မယ်။

အမှားတခါပြုမိတိုင်း အမှန်ကို တကြိမ် သိခွင့်ရတယ်ဆိုပြီး အကြိမ်တရာ အမှန်ကိုသိဖို့အတွက် အကြိမ်တရာ မှားကြစို့ ဆိုတာမျိုးလည်း မဟုတ်သေးပြန်ဘူးလေ....


Monday, April 25, 2011

အွန်လိုင်းပေါ်မှာရှင်-၂

ခုခေတ် လူမှုရေးကွန်ယက်တွေကို အွန်လိုင်းပေါ်မှာ တွင်တွင်ကျယ်ကျယ် ချိတ်ဆက် သုံးစွဲလာနိုင်ကြတာနဲ့အမျှ လူ တဦးတယောက်ချင်းစီရဲ့ လူမှုရေးနယ်ပယ်ဟာ ပိုမို ကျယ်ပြန့် ကြီးမားလို့လာတယ်။ ဖေ့စ်ဘုတ်၊ တွီတာ၊ ဖရန့်စတား၊ ဘလော့ဂ် စတဲ့ ဗာကျူရယ်ကမ္ဘာမှာ တယောက်နဲ့တယောက် မိတ်ဆက်ကြ၊ ပြောဆိုရင်းနှီးကြ၊ တီးတိုးတိုင်ပင်ကြနဲ့ ခင်မင်ရင်းနှီးမှုတွေ တဆင့်ပြီးတဆင့် တိုးပွားလာကြ၊ မိတ်ဆွေကောင်း၊ အခွင့်အလမ်းကောင်းတွေ တိုးပွား လမ်းပွင့်နိုင်ကြသလို အဲဒီ ဗာကျူရယ်ကမ္ဘာမှာပဲ တယောက်နဲ့တယောက် အငြင်းပွားကြ၊ မနာလို မရှုစိမ့်တွေ ဖြစ်ကြ..ရန်ဖြစ်ထိုးနှက်ကြ...။

ဆိုတော့ကာ စိတ်ထားတတ်ရင် ထားတတ်သလို လူကို ပျော်ရွှင်ငြိမ်းအေးစေနိုင်ပြီး တဘက်က ကြည့်ပြန်ရင်လည်း စိတ်မထားတတ်ရင် မထားတတ်တဲ့အလျောက် လူကို ပူလောင်စေ၊ ဒုက္ခဖြစ်စေနိုင်ပြန်တယ်။ တကိုယ်တည်း အထီးကျန်နေသူတွေ အတွက် အတိုင်းအတာတခု အထိ  ဖျော်ဖြေမှုကို ပေးစွမ်းနိုင်စေတယ်။ မိမိ တတ်စွမ်းသမျှ၊ တခြားသူ တတ်ကျွမ်းသမျှတွေလည်း ချပြ ဖလှယ်နိုင်ကြတဲ့  နေရာလည်း ဖြစ်တယ်။ အချိန်ကို ဇယား မချတတ်သူတွေ အဖို့တော့  အချိန်မစီးဘဲ အချည်းနှီး အသက်ကြီးသွားစေမဲ့ နေရာတခုလည်းပဲ ဖြစ်တယ်။

တနေ့က (ကြာသပတေး ဧပြီ၂၁ရက်) The Straits Timesမှာ ဖတ်လိုက်ရတဲ့ သတင်းတပုဒ်ကို အကျဉ်းချုပ် မျှဝေချင်ပါတယ်။  Kentucky- US မှာ ဖြစ်ပွားခဲ့တာပါ။ Ms Kathy Michelle Coy-အသက် ၃၃နှစ်ဟာ အသက် ၂၁နှစ်ပဲ ရှိသေးတဲ့ မိခင်လောင်း Jamie Sticeကို "ကလေးပစ္စည်းတွေ ထွက်ဝယ်ကြရအောင်" ဆိုပြီး အပြင်ခေါ်ထုတ်သွားပါတယ်။ လူခြေတိတ်တဲ့ သစ်တောဘက်ကို အယုံသွင်း ခေါ်ဆောင်သွားပြီးမှ Ms Jamieကို  သတ်ပြီး ဗိုက်ထဲက ကလေးကိုခွဲထုတ်ယူခဲ့တဲ့ အမှုဖြစ်ပါတယ်။

Ms Coy ဟာ မွေးကင်းစ ကလေးငယ် (သားယောက်ျားလေး) ကို ခွဲထုတ် ခိုးယူခဲ့ပြီး ချက်ကြိုးတန်းလန်းနဲ့ပဲ ဆေးရုံကြီးကို သွားရောက်လို့ သူ့ဗိုက်ထဲက  မွေးတဲ့ကလေးလိုလို ဟန်ဆောင် ပြုမှုခဲ့ပါသတဲ့။ ဒါပေမဲ့လည်း သူရဲ့ ခန္ဓာကိုယ်ကို  ဆရာဝန်တွေ စစ်ဆေးကြည့်လို့မှ ကလေးမွေးထားတဲ့ အရိပ်အယောင် မတွေ့ရတဲ့အခါ သူ့အပေါ် သံသယ ရှိလာခဲ့တော့တယ်။ တာဝန်ခံ ရဲအရာရှိတွေ သူ့အိမ်ကို ဝင်ရောက် ရှာဖွေတဲ့အခါမှာတော့ သူ့ရဲ့ ဖေ့စ်ဘုတ် မိတ်ဆွေလစ်စ်ထဲမှာ ကိုယ်ဝန်ဆောင်သည် နှစ်ယောက်ရှိနေတာကို တွေ့ကြရပြီး ကျန်တယောက်က ကျန်းမာပကတိရှိနေတာကို သိကြရပါတယ်။ အဲဒီထဲက တယောက်ဖြစ်တဲ့ ကံဆိုးသူ ကိုယ်ဝန်ဆောင်သည်လေး Jamie Sticeကတော့ ရက်စက်စွာ သတ်ဖြတ်ပြီး ဗိုက်ထဲက ကလေး ခွဲထုတ်ခိုးယူမှုကို ခံခဲ့ရရှာပါတယ်။

အဲဒီ အဖြစ်အပျက်ဟာ ကြိုတင်ကြံစည်မှုတခုဖြစ်တဲ့အပြင် လူသတ်သမား Ms Coyဟာ  ၁၃နှစ်နဲ့ ၁၄နှစ် အသီးသီးရှိနေပြီဖြစ်တဲ့ သူ့ရဲ့သားနဲ့ သမီးကိုတောင် ဒီလူသတ်မှုမှာ သူနဲ့ ပူးပေါင်းပါဝင်ဖို့ ပြောခဲ့သေးသတဲ့။ သားသမီး နှစ်ယောက်လုံးက ငြင်းဆန်ခဲ့တာမို့ ခုလို တကိုယ်တော် သတ်ခဲ့ခြင်းဖြစ်တယ်။ သူဟာ နားကြားကိရိယာ အကူအညီနဲ့မှ ကြားနိုင်သူဖြစ်ပြီး အရင်က ကိုယ်ဝန်ပျက်ကျခဲ့ဖူးသူလို့လည်း ဆိုထားပါတယ်။ သေချာတာကတော့ သူဟာ စိတ်အခြေအနေ ပုံမှန်သူတယောက် ဘယ်လိုမှ မဖြစ်နိုင်တာပါပဲ။ 

ခုတော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားခဲ့သူကလည်း ဖြစ်သွားခဲ့ပါပြီ။ လူသတ်တရားခံနဲ့ သေသူရဲ့ အသက်ကွာခြားမှုကို ကြည့်ပြီး မျက်နှာစာအုပ်ပေါ်မှာ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပုံရတယ် လို့ ကိုယ်က ဆားပုလင်းဉာဏ်နဲ့ ကောက်ချက်ချမိသေးတယ်။

ဒီတော့ မျက်နှာစာအုပ်ကြီးမှာ လူတွေ မိတ်ဆွေဖွဲ့ကြတာတော့ ဟုတ်ပါပြီ။ ခက်တာက ဘယ်သူတွေ ဘယ်ဝါတွေမှန်းလည်း မသိ၊ "အပြန်အလှန်သူငယ်ချင်း စာရင်း" ထဲမှာတော့ ကိုယ်နဲ့သိသူတွေချည်းပါပဲလေ ဆိုပြီး လက်ခံလိုက်ကြတာ များမယ်ထင်ပါရဲ့။ ပြီးတော့ ကိုယ်ကလည်း ဘလော့ဂ်ရေးနေသူဆိုတော့ "မိတ်ဆွေဖြစ်ခွင့်ရီကွက်စ်" တွေ့ရင်ပဲ အဲသည်လူ ကိုယ့်ဘလော့ဂ်ဖတ်သူ လုပ်ထည့်လိုက်တော့တာ။

ဒီသတင်းဖတ်ပြီးမှ နဲနဲတောင် ကျောချမ်းသွားမိတယ်။ ကိုယ်ကလည်း အားရင် အားနေသလို ဘယ်သွားမယ် ဘာလုပ်မယ် ဆိုတဲ့ စတေးတတ်စ်တွေကအစ တင်ချင် တင်နေတတ်တာကလား။ အဆိုးဆုံးက ယုံလွယ်တတ်တာပဲ။ ဘယ်သူ့ကိုမဆို စိတ်ချလက်ချ ပစ်ခင်တတ်တာပဲ။ ကိုယ်လိုလူတွေလည်း အများကြီးနေမှာပါ။ တခါတလေ ခပ်ကြောင်ကြောင်လူတွေက ဘယ်လက်နဲ့ရော၊ ညာလက်နဲ့ပါ လာလာpoke နေကြတာတွေလည်း ရှိသေး။

ဘယ်လိုပဲ ဖြစ်ဖြစ် လူအချင်းချင်း ချစ်ကြ၊ ခင်ကြတာ မင်္ဂလာတပါးပေမို့ ချစ်ကြခင်ကြပါ သို့သော်လည်း မမေ့မလျော့ မပေါ့မဆသော သတိလေးများလည်း ထားနိုင်ကြစေဖို့ပါ။ 

စာကြွင်း-ဖဘပေါ်က ဘီယာလုလင်များလည်း သတိထားကြနော်၊ အပြင်မှာ တွေ့ကြဖို့ခေါ်တိုင်း အရဲကိုးပြီး လိုက် လိုက်မသွားနဲ့၊ တော်ကြာ ဘီယာဗိုက်ကြီးကို အထဲထဲမှာ ကလေးလေးရှိတယ် အထင်နဲ့ အခွဲခံနေရဦးမယ်.... ဒီက စေတနာနဲ့ ပြောတယ်မှတ်ပါ...:)




Ref: 21st Apr, The Straits Times, Page A15

Saturday, April 23, 2011

ကွန်...


ဘယ်တုန်းကမှ  မရုန်းမိပါဘူး....
ငါကိုယ်တိုင် စိတ်လိုလက်ရ ခေါင်းခွေ့တိုးဝင်...။

နှောင်ငင်တတ်သောကြိုး သမုဒယနွယ်မျှင်အခင်းအကျင်းတွေထဲ
ရစ်ဖွဲ့တတ်သော သံယောဇဉ် နွံနက်နက်တွေထဲ
ဂုဏ်သိက္ခာအတွက်နဲ့ မိတ်ကပ်ဖို့နေရတဲ့ မျက်နာတွေကြားထဲ
အမြီးကို မလုံမလဲ ဖွက်ထားတတ်တဲ့ လူနာမည် လိပ်စာ တပ်ထားသူတွေကြားထဲ
ရိုးလွန်းလို့ အ  ဘဝမှာ စည်းစိမ်မှုအရ အနှုတ်လက္ခဏာပြနေတဲ့ လူမွဲချမ်းသာတွေအထဲ...
ဆင်းရဲနဲ့ ငရဲကြား ဘဝကို အလျားလိုက် တက်မဲ့လှော်ခတ်နေကြတဲ့ ညဥ့်ငှက်လေးတွေအထဲ....
အပင်မြင့်မြင့်တွေ့တိုင်း ခုတ်ချင် ပိုင်းချင် အမြစ်ကလှဲချင်သော မုဒိတာပါးလျသူတွေကြားထဲ
ထိုးတတ်သောလက်ညှိုး ပြစ်တင်းဖွဲ့ဆိုတတ်သော မျက်လုံးတစုံစီရှိကြသော အမနာပတွေကြားထဲ
အရိုးရင့် အရေထူဖို့ ခပ်နာနာ အထောင်းခံကြရ...။

ကရွတ်ခွေသံသရာ အဝိုင်းကြီးထဲ....အစရှိခဲ့ပြီး အဆုံးသိနေလည်း...
လမ်းလွှဲမသွားနိုင်သေးသမျှတော့....ဘယ်တုန်းကမှ  မရုန်းမိပါဘူး.....။


Tuesday, April 19, 2011

ထမ်ဆမ်းဂူ သွားကြစို့...

ချစ်ကြည်အေးဒေါ့ကွန်း အစ်စ် ဘက်ခ်တူ နော်မယ်လ်....၊ ဘိဇိနက်စ် အတ်စ် ယူရှယ်ပါ။ ကဲ...ပြီးခဲ့တဲ့ တကမ္ဘာလောက်က သွားခဲ့တဲ့ ခရီးသွားပိုစ့် တန်းလန်းလေး ပြန်ဆက်ကြဦးစို့ရဲ့...။

အင်းလေးကတည်းက ဆာလာခဲ့ကြတဲ့ ဗိုက်ဟောင်းလောင်းနဲ့ လူတွေဟာ တောင်ကြီးမြို့ ထမင်းဆိုင်အရောက်မှာတော့ " ဝေသာလီပြည် ဘီလူးကျသလို " ဆိုတဲ့ အဓိပ္ပါယ်ကို ခုမှ သိသလိုလိုနဲ့ တယောက်မျက်နှာ တယောက်ကြည့် ပြုံးမိကြသေးတယ်။ မှာစားတဲ့ ထမင်းဟင်းတွေဆိုတာ ဗိုက်ဖွင့်ပြီးများ အထဲထည့်လိုက်သလား ထင်ရအောင် ပြိုက်ကနဲ ကုန်သွားတော့တာ။

စားပြီးလို့ ကားပေါ်နေရာယူကြတော့ အားလုံးက တောင့်မနေဘဲ အပီယူမဲ့အနေအထားတွေနဲ့ မှီလို့၊ ခွေလို့။ ကားစထွက်တာနဲ့ အရှေ့ကလူတွေ တရေး မှေးအိပ်နိုင်ကြပေမဲ့ ကျမတို့ နှစ်ယောက်ကဖြင့်   နောက်ဆုံးခုံတန်းမှာမို့ ရိုလာကိုစတာ စီးရသလိုပါပဲ။ ငိုက်မယ်ကြံရင်း ခေါင်းနဲ့ ဘေးကမှန်နဲ့ ဆောင့်မိလိုက်၊     ရှေ့က နောက်မှီပေါ် နဖူးနဲ့ ပြေးဆောင့်လိုက်နဲ့ ဘယ်လိုမှ ဇိမ်မကျပါဘူး။ 

လှတောသားပြောတဲ့ ကျောက်ခဲစားသွား အစာကြေတယ်ဆိုတာ   ပြေးသတိရမိတယ်။  တောင်ကြီးမြို့ကနေ ထမ်ဆမ်းဂူကို ၂၅မိုင်ကျော်ကျော်ဝေးပြီး တနာရီကျော်ကျော်လောက် မောင်းလိုက်ရတယ် ထင်ပါရဲ့။

ဒီလိုနဲ့ပဲ နေ့လည် ၃နာရီခွဲလောက်မှာ ထမ်ဆမ်းဂူကို ရောက်ခဲ့ပါတယ်။ ဟား လှလိုက်တဲ့  ထုံးကျောက်ဂူ... ။  ကျမ မြင်ဖူးသမျှထဲမတော့အလှဆုံးလို့ ပြောရမယ်။   ကျောက်စက်ပန်းဆွဲတွေ၊  ကျောက်စက်မိုးမျှော်တွေနဲ့
ကျောက်စက်တိုင်တွေ ...များသောအားဖြင့် ဒေါင်လိုက် ရှည်သွယ်ပြီး ဝေဖြာကျနေတာတွေ။






ဒါက ထမ်ဆမ်းဂူကို စတင် ရှာတွေ့ခဲ့တဲ့ ကိုရင်လေးပုံပါ။ ကိုရင်လေးမရှိတဲ့အတွက် မဖူးခဲ့ရပါဘူး။


ဂူထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ စောင့်ကြပ်ပါတယ်။ အရင်က အညိုရောင်နယ်မြေ ဖြစ်ခဲ့ပြီး၊ ခုတော့ ငြိမ်းချမ်းစွာ နားလည်မှုရယူပြီးဖြစ်တာမို့ အများပြည်သူတွေ သွားရောက် လည်ပတ်နိုင်တာပါ။ အနားတော့ သိတ်မကပ်ရဲပါဘူး။ ကျည်ဆန်က အစစ်တွေ ဖြစ်ပုံရပါတယ်။ မတော်တဆဆိုတာ မပြောနိုင်ဘူးလေ...


အိမ်ကလူကြီးကတော့ အေးဆေးပဲ အနားကပ်သွားပြီး တခွန်းထဲ မေးလိုက်တာ။ "အိမ်သာ ဘယ်နားမှာလဲ ခင်ဗျာ" တဲ့လေ...။

ဆက်ပါဦးမယ်။ ခုတော့ ချစ်ကြည်အေးတို့ မျက်လုံးများ ဗူးသီးကို လက်သည်းနဲ့ စိပ်တဲ့ အရာကမှ  ပြူးဦးမယ်...ရီချာ့ခ်ျလုပ်ဖို့ လိုပါတယ်။  အိပ်ပါပြီ....အားလုံးပဲ ကောင်းသောညပါ...-_-ZZzzzz


Sunday, April 17, 2011

ချစ်ကြည်အေး တင်းနေသည်...

အွန်လိုင်းပေါ်မှာ စာရေးနေကြတဲ့ သူငယ်ချင်းတွေ ခံစားဖူးကြပါသလား...ပုံတွေ၊ စာတွေ၊ ကဗျာတွေ အခိုးခံရတဲ့ အဖြစ်...။ ဟုတ်ပြီ ဒီနေရာမှာ ခိုးတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ထပ်ပြောပြဦးမယ်။ ရှင်းရှင်းလေးပါပဲ ပိုင်ရှင် မသိအောင်၊ ပိုင်ရှင်ဆီက ခွင့်မတောင်းဘဲ ယူသုံးတာကို ခိုးတယ်လို့ ပြောနိုင်တယ် အိုခေ...။

မနှစ်က နှစ်ကုန်မှာရေးခဲ့တဲ့ ကဗျာတပုဒ် အခိုးခံရတယ်။ သူငယ်ချင်းက ပြောလာတာ သူ့ပုံပေါ်မှာ ကိုယ့်ကဗျာကို ကူးပြီး အောက်မှာ ခပ်တည်တည်ပဲ သူ့လက်မှတ် ထိုးထားသတဲ့...။ မျက်စေ့နဲ့ တိုက်ရိုက် မမြင်ခဲ့ရဘူး သူငယ်ချင်းရဲ့ အပြောကို နားနဲ့ ဆတ်ဆတ်ကြားခဲ့ရရုံပဲ။ စိတ်ထဲတော့ နင့်ကနဲပဲ...။ ထားလိုက်ပါလေ...ကြားကြားသမျှ အမျှ အမျှ အမျှပေါ့ သာဓုခေါ်လိုက်ပါတယ်။

ခုလည်း တခါ မနှစ်က တင်ခဲ့တဲ့ မုန့်လုံးရေပေါ်ပုံ အခိုးခံရပြန်တယ်။ အေးဆေးပဲ...ဖဘပေါ်မှာ သူ့ပုံလိုလိုနဲ့ သူ့သူငယ်ချင်းများစွာကို တက်ဂ်လို့ သူပဲ အဲဒီ မုန့်လုံးရေပေါ်ကို ကိုယ်တိုင် လုပ်ထားသလိုလို....။ ဒီတခါတော့ ကိုယ်တိုင် ဒီမျက်လုံးကြီး ၂လုံးနဲ့ မြင်ခဲ့တာ...။ ခက်တယ်ကွာ....။ လူတွေဟာ ကိုယ်တိုင် အားမထုတ်ချင်ကြတော့ဘူးလား။ လူညွန့်ခူးစားရတာ သိတ်များ ချိုမြိန်နေရော့သလား...။ ဒါတောင် ကိုယ် မသိလိုက်တာတွေ ရှိကောင်း ရှိနေနိုင်သေးတယ်။

"ကမ်းမွန်....သူငယ်ချင်း မုန့်လုံးရေပေါ်ပုံလေး တပုံများကွာ" လို့...ပြောချင်စရာ...။ တကယ်က လူတွေရဲ့ အက်တီကျူ့တွေကို လက်ညှိုးထိုးပြချင်တာ...။ အဲဒီ  "မုန့်လုံးရေပေါ်ပုံလေး တပုံများ" ဆိုတာ ဖြစ်လာဖို့ လွယ်တယ် ထင်သလား။ လိုအပ်တာတွေ ဝယ်ရ ခြမ်းရတယ်ဗျာ၊ မုန့်နှစ်စပ်ရတယ်ဗျာ...၊ ထန်းညက်လေးတွေ အတုံးဖြစ်အောင် လှီးရတယ်ဗျာ၊ မုန့်လုံးရတယ်ဗျာ၊ ရေနွေးတည် ဆူလာတော့ ပစ်ထည့် ဆယ်ယူ၊ လှပအောင် စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင် ဓါတ်ပုံရိုက်ရတယ်ဗျာ...ကဲ...ရေးလိုက်တော့သာ ခဏလေး တကယ်က ကြာတယ်ဗျာ...။

ဆိုချင်တာက အားထုတ်ထားရတယ်... ဘယ်ဟာမှ... အာလာဒင် မီးခွက်လေးပွတ်ပြီး ဖြစ်စေ ဆိုလို့ ဖြစ်လာတာ မဟုတ်ဘူး။ စာတပုဒ် ဖြစ်စေ၊  ကဗျာ တပုဒ်ဖြစ်စေ၊ ပုံလေးတပုံ ဖြစ်စေ အားထုတ်မှု ပါတယ်။ ဒါကို အသိအမှတ် မပြုရင်တောင် သူတပါးရဲ့ အားထုတ်မှုအပေါ် ခေါင်းပုံ မဖြတ်သင့်ဘူး။ ခုဟာက ယူသွားတယ်၊ နဲနဲပါးပါး ပြင်ထားပြီး သူ့ဟာ လုပ်ပစ်လိုက်တယ်။ ခက်နေတာက ကိုယ်ကလည်း ကိုယ်မွေးထားတဲ့ သားသမီး ဘယ်နေရာတွေ့တွေ့ မှတ်မိနေသလို ကိုယ့်ပုံကို မုန့်လုံး တလုံးချင်း၊ အုန်းသီး တဖတ်ချင်းကအစ မှတ်မိနေတာပဲ။

ကိုယ်က စာ စရေးကတည်းက ကိုယ့်စာတွေ၊ ကဗျာတွေ၊ ပုံတွေကို ခြံခတ်မထားဘူး။ ပုံတွေပေါ်မှာ "ချစ်ကြည်အေးဒေါ့ကွန်း" ဘာညာလေးတောင် လုပ်မထားဘူး။ လူတွေကို သိတ်ယုံတယ်။ လူတွေဟာ ကိုယ့်လိပ်ပြာကို ကိုယ် ရှက်တတ်ကြလိမ့်မယ်လို့ တကယ်ပဲ ယုံခဲ့တယ်။ အနဲဆုံး ခွင့်လေးတော့ လာတောင်းသင့်တာပေါ့။ ဒီလောက်လေးတော့ အားထုတ်သမှု ပြုသင့်တာပေါ့။ ခုတော့ကွာ...။

ဒီလိုပိုစ့်မျိုး ချစ်ကြည်အေးတို့ မရေးချင်ဆုံးပဲ...။ လူမုန်းလည်း မများချင်ဘူး။ ဒါပေသိ ဘလော့ဂ်ရေးနေတာ ကိုယ့်ကို လူတွေ ချစ်ကြဖို့လည်း မရည်ရွယ်ဘူး။ ကိုယ်က ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ အမတ်လုပ်မဲ့လူလည်း မဟုတ်ဘူး။ အားလုံးကို ပြုံးပြ မနေနိုင်ဘူး။ ဒီတော့ ရှင်းရှင်းပဲ ပြောလိုက်မယ်။ ချစ်ကြည်အေး... ရုပ်ချောတယ်၊ သဘောကောင်းတယ် ဒါပေမဲ့ လက်သီးထိုးတော့ ကြမ်းတယ်ဗျာ...။

ကဲ...ပြောလိုက်ပြီနော်... ချစ်ကြည်အေး ဘလော့ဂ်က ဘာကိုမဆို ယူသုံးချင်ရင် ခွင့်လေးတော့ တောင်းကြပါလို့....


မင်္ဂလာနှစ်သစ် နှင့် စတုဒီသာ

ခါတိုင်းနှစ်တွေဆို နှစ်ဆန်းတရက်နေ့မှာ ဘုရားပန်းကပ်၊ သစ်သီးဆွမ်းကပ်တာတွေပဲ ရှိခဲ့ပေမဲ့ ဒီနှစ်တော့ ကျမအိမ်က ဘုရားစင်မှာ ချစ်သော မောင်နှမတွေ လက်ဆောင်ပေးလာတဲ့ မုန့်တွေ၊ အသီးတွေ၊ ပန်းတွေနဲ့ မြိုင်ဆိုင် သပ္ပါယ်လို့ပါ။  



မနေ့က ချက်ဖြစ်တဲ့ မုန့်ဟင်းခါးပါ။ ကျမ ချစ်ကြည်အေးကိုယ်တိုင် အစအဆုံး ချက်ပြုတ်ခဲ့ပြီး ခင်ထွေးရီကတော့ ဘေးနားကနေ ထိုင်ရုံလေးပဲ ထိုင်ကြည့်နေခဲ့တာပါ:)) မော်ဒီဖိုင်းလုပ်တဲ့သူတော်တော့ မုန့်ဟင်းခါးက အထုတ်ဖောက်ချက်မှန်း တကယ်ကို မသိလိုက်ကြပါဘူး... စားသွားကြပါဦးနော်....


ပြီးရင် ရွှေရင်အေး....ချိုချိုအေးအေးလေး စားသွားကြပါ.... 


ပြီးမှ မပါမဖြစ် မုန့်လုံးရေပေါ်....ငရုတ်သီး လုံးဝ မထည့်ထားဘူးနော် စိတ်ချလက်ချသာ စားပါ။ ထန်းညက်များများ၊ အုန်းသီးများများလေးနဲ့ ချိုစိမ့်နေတာပဲ....


ဒါက အစားပိတ် ဘရောင်နီ(Brownie)...


ဟော...စားလို့ သောက်လို့ပြီးရင် သီချင်းလေး ဆိုပြဦးမှာ...ပွဲတောင်းထားတာရှိတယ် အိမ်ကလူကြီးနဲ့ စုံတွဲ ဆိုပြပါတဲ့လေ...။ ဒါနဲ့ပဲ ရာသီစာ သီချင်းလေးတပုဒ် ရွေးထုတ်လို့ နှစ်ယောက်သား ဟဲလိုက်ကြတယ်...။ ကွာ...တကယ်က တေးသရုပ်ဖော်လေးပါ ထည့်လိုက်ချင်တာ...ရေမချိုးရသေးလို့....

ပိတောက်ချစ်သူ...



စားလို့ပြီးရင်၊ နားထောင်လို့ ပြီးရင် ခဏလေး....၊ ဆုတောင်းပေးဦးမယ်.....

"မင်္ဂလာရှိသော နှစ်သစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာစွာနဲ့ ကြီးပွားရေးရယ်၊ စီးပွားရေးရယ်၊ သမီးရည်းစားရေးလည်း အောင်ပါစေ"....လို့ သားစိုးတို့ ဖိုးသောကြာ တို့နဲ့အတူ  ဆုတောင်းပေးလိုက်ပါတယ်...:))


Friday, April 15, 2011

ကဗျာဆရာနဲ့ သင်္ကြန်


အေး !!  အဲဒီ ကဗျာဆရာဆိုတဲ့ကောင်
ငူငေါင်နေတဲ့ရုပ်  လွယ်အိတ်စုတ်တလုံးပဲ ပိုင်တဲ့ကောင်ဟာ
သူဋ္ဌေးကုန်းလမ်းထဲမှာ နေသတဲ့....

ကဗျာဆရာ   အိမ်က အထွက်...
ကလေးတစု ဗွမ်းကနဲ ပက်လိုက်တာကြောင့်
ရွှဲသွားတဲ့ ပုဆိုးအောက်နားက ရေတွေ ညှစ်အချ...
အတာရေနဲ့ နူးအိ ပျော်ကျ...ခဲကျဉ်နေတဲ့ နှလုံးသားတွေလေ...

ဘယ်ရာဇဝင်မှာ ဘယ်သူက စ သွားမှန်းမသိတဲ့
ကဗျာဆရာ နဲ့ အရက် ဖွားဘက်တော် ဆိုတာကို  သူက ရယ်တာပေါ့
ပြီးတော့မှ ချိုပေါ့ကျတခွက် နဲ့ ခပ်ကျဲကျဲ အတ္တကို ရောဖျော်သောက်...
ဆေးပြင်းလိပ်တတို ကောက်အဖွာ....

ကောင်းကင်ကြီး ဘာကြောင့်ပြာ  ပိတောက်တွေ ဘာကြောင့်ဝါ ဆိုတာ...
ဘုရားဟောထဲမှာ မပါဘူး
နိဗ္ဗာန်ရောက်အောင် ဘယ်လို ကူးမလဲ
သံသရာ ဒီဝဲဂယက်က ဘယ်လို ရုန်းထွက်မလဲ...

မဂ္ဂင်ရှစ်ပါး အနှစ်အသား ဒါ တရားပဲ
ခန္ဓာ ငါးပါး ရုပ်နာမ် နှစ်ပါး
အကျဉ်းချုပ်တော့ သစ္စာ လေးပါး
အကြောင်း အကျိုး တရားတွေပဲ ဆိုတာ...ကဗျာဆရာက သိတယ်....

အေး...အဲဒါပဲ  ကျီးအာသီးနဲ့ ပတ္တမြား ခွဲခြားသိတာ ကဗျာဆရာကွ လို့...
လဘက်ရည်ဆိုင်က စားပွဲပေါ်မှာ သိခြင်းတွေ အစုလိုက် ပုံချပြရင်း...
သူ မသိတော့တဲ့ သင်္ကြန်   သူ မလွမ်းလောက်တဲ့ ပိတောက်အတွက်
တစိုးတစကလေးတောင်မှ  ပင့်သက် မရှိုက်လေဘူး...

ပြီးတော့မှ...လွယ်အိတ်စုတ်လေးထဲက
အပူချိန် သာတီစစ်ပွိုင့်နိုင်း ဒီဂရီ(36.9ံ) ဆဲယ်ဆီးယပ်စ် ရှိတဲ့ မာနအထုတ်ကလေး
ကျစ်ကျစ်ဆုတ်ကိုင်ရင်း လာရာလမ်းထဲ ပြန်လှည့်....
ဆေးလိပ်ခွက်ထဲက သူချန်ခဲ့တဲ့ ဆေးပြင်းလိပ်အတိုလေးကတော့ ပြာကြွေ မီးသေလို့...

ရေပုံး ရေခွက်တွေနဲ့ လမ်းကျဉ်းကလေးထဲက ကလေးတစုကတော့
သူ ပြန်အလာ လူသူအလာကို မျှော်လို့  စောင့်လို့...။



"ပိတောက်အိပ်မက် မက်ကြသူများ" အမှတ်တရ သင်္ကြန်ကဗျာစုများ စာအုပ်လေးထဲမှာ ကျမ ပါဝင်ရေးသားခဲ့တဲ့ ကဗျာလေးတပုဒ်ပါ။

Wednesday, April 13, 2011

ပိတောက်အနီ


ခပ်နွမ်းနွမ်း ဂျင်းဘောင်းဘီတထည် ရှိတယ်....

သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ အပေါစား နေကာမျက်မှန်ကြီး တပ်လို့...
ဂျင်းဘောင်းဘီဟာ ကြိုးတချောင်းတပ် ကိုယ်ကျပ်အင်္ကျီ တထည် ဝတ်လို့...

"သင်္ကြန်နှစ်ဦး ပျော်မြူးကြတယ် တုန်ချမ်းချမ်း တုန်ချမ်း..."

သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ ဖန်စီ(fancy) လက်ကောက်တွေ တံတောင်ဆစ်ထိအောင် ဝတ်လို့...
ဂျင်းဘောင်းဘီဟာ အသံသေတ္တာကလာတဲ့ တေးသွားစည်းချက်မှာ ကခုန်လို့...

"ပိတောက် ရွှေရည်လူး နှစ်သစ်ဦး ချမ်းတုန် ချမ်းတုန် ချမ်း..."

သင်္ကြန်မှာ...
ဂျင်းဘောင်းဘီဟာ မဏ္ဍပ်တွေထဲ မုန့်လုံးရေပေါ် ကူလုံးလို့...
ဂျင်းဘောင်းဘီဟာ အိမ်နီးချင်းတွေကို ကင်မွန်းတရော် ခေါင်းလျှော်ရည် မျှဝေလို့....

"နွေရာသီ တန်ခူး ပျော်ရွှင်ကြည်နူး...အပေါင်းအသင်းတွေများနဲ့
ကစားကြမယ် ဝိုင်းဖွဲ့ ပက်လိုက်ကြ တန်ခူးရေ ချမ်းတုန်ချမ်း...."

ဂျင်းဘောင်းဘီတထည်ဟာ...
ကွေးသော ဆန့်သော လက်တွေအကြောင်း နဲနဲကလေးမှ ခေါင်းထဲ မရောက်သေးခင်
ခန္ဓာကိုယ် တခုလုံး လေထဲ မြောက်...
အရောင်ပြောင်းသွားတဲ့ ပိတောက်တွေ သွေးအလူး....နှစ်သစ် အကူးမှာ...

အဲဒီနှစ်က........
အဲဒီနှစ်က ပိတောက်တွေဆိုတာ.....ရဲရဲကို နီလို့.....

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ခုလို အခါသမယမှာ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို   မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းရှင်းစွာ၊ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေ....:))

မောင်ကောင်း (လင်းပြာ) နဲ့ သူငယ်ချင်းများ စီစဉ်တဲ့ "ပိတောက်အိပ်မက် မက်ကြသူများ" အမှတ်တရ သင်္ကြန်ကဗျာစုများ စာအုပ်လေးထဲမှာ ကျမ ပါဝင်ရေးသားခဲ့တဲ့ ကဗျာလေးပါ။
ကဗျာချစ်သူ လူငယ်လေးတွေရဲ့ အချိန်တိုအတွင်းမှာ အတူ မက်ခဲ့ကြတဲ့ အိပ်မက်ကလေးမို့ အမှားပါခဲ့ရင် သည်းခံဖတ်ရှုပေးကြပါရှင်...။  ရေဆေးပန်းချီလေးတွေနဲ့ ချစ်စရာ စာအုပ်လေးပါ။ ဖတ်ချင်သူများ ဒီလင့်ခ်မှာ ယူသွားကြပါနော်....

http://dl.dropbox.com/u/19622811/final.pdf