Wednesday, March 9, 2011

အင်းလေး ဖောင်တော်ဦးဘုရား ဖူးကြရအောင်



ဖောင်တော်ဦးဘုရားကို အရောက်မှာတော့ အန်တီ ဒေါ်မြင့်မြင့်ခင်ရဲ့ နောင်အင်းလေး သီချင်းထဲက စာသားတွေ ကျမနှုတ်ဖျားက ထွက်ကျလာတော့မတတ်ပါပဲ။ ချမ်းလွန်းတော့ အဲသည်တုန်းကသာ အသံထွက်လာရင်တောင် မေးရိုက်သံလေး တဂတ်ဂတ်နဲ့ လွမ်းလွမ်းဆွေးဆွေး အသံကလေး ထွက်လာဦးမှာ...တကယ်။

ကျမတို့နဲ့ အတူလိုက်ပါလာတဲ့ စလုံးက မိတ်ဆွေတွေကို ဖောင်တော်ဦးဘုရားသမိုင်းကြောင်း ကျမ သိသလောက် ပြန်ရှင်းပြခဲ့ရာမှာ အဖူးမျှော်ခံ ဒေသစာရီ ကြွချီရာက လေကြီးမိုးကြီးကျလို့ ဘုရား ၅ဆူလုံး ရေထဲ မြုတ်သွားကြောင်း၊ ပြန်လည် ရှာဖွေ ဆယ်ယူတဲ့အခါ ၄ဆူပဲ ပြန်ရခဲ့ပြီး ကျန်တဆူဟာ ဦးခေါင်းတော်ပေါ်မှာ ဒိုက်မှော်တွေ ငြိတွယ်လျက် မူလ စံကျောင်းနေရာကို ပြန်ရောက်နေကြောင်း၊ ဒုတိယ အကြိမ်မှာလည်း အဲသည်လိုပဲ ထပ်မံဖြစ်တာကြောင့် နောင် အဖူးမျှော်ခံကြွတဲ့အခါ ၄ဆူသာ ပင့်ဆောင်စေတော့ကြောင်း ပြောပြခဲ့ပါတယ်။ အင်မတန် အံ့ဩတဲ့ အမူအရာတွေနဲ့ REALLY ? IS IT ?? ဆိုတာတွေကြောင့် ပိုပြီးရှင်းသွားအောင် ဖောင်တော်ဦးဘုရားသမိုင်းကြောင်းကို အင်္ဂလိပ်လို ရေးသားထားတဲ့ စာအုပ်ငယ်လေးတွေ တယောက် တအုပ် ဝယ်ပေးလိုက်ပါသေးတယ်။ အဲသလိုပါပဲ မချစ်ကြည်အေးတို့ အိတ်စိုက်ဂိုက် ဆိုတာ...။


ဆင်းတုတော်တွေကို အမျိုးသားတွေ ကိုယ်တိုင်ကိုယ်ကျ ရွှေချနေချိန်မှာ ကျမတို့ အမျိုးသမီးတွေ ရွှေချခွင့် မရှိတဲ့အတွက် ဆွမ်းတော်ပွဲ ဝယ်ပြီး ဘုရားဆွမ်းတော် ကပ်ခဲ့ပါတယ်။


ဘုရားက အပြန်မှာ စက်လှေသမားက ကျမတို့အဖွဲ့ကို ငွေပန်းထိမ် လုပ်ငန်း တခုဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ကျမက ပုံမှန်ဆို ဈေးဆစ်လေ့ မရှိပါဘူး။ ကျမ ကိုယ်တိုင် သုံးဖို့အတွက် ဆိုရင်ပေါ့လေ။ ကိုယ်လည်း သဘောကျ၊ တန်ဘိုးလည်း သိတ်မများဘဲ ကိုယ်ပေးနိုင်လောက်တဲ့ ငွေပမာဏဆိုရင် ဆစ်မနေတော့ပဲ ပေးဝယ်လိုက်တာပါပဲ။ ဈေးရောင်းသူအတွက် ကျန်တဲ့ အမြတ်အစွန်းဆိုတာ သူတို့မိသားစု စားဝတ်နေရေးပဲ မဟုတ်လား။ အဲဒီအတွက် တဖက်တလမ်းက ကူညီရာရောက်တယ်လို့ပဲ ကျမ သဘောထားတတ်ပါတယ်။ သိတ်လိုချင်နေပြီး ကိုယ် လက်လှမ်းမမီတဲ့ဈေး၊ မတန်တဆ မြှင့်တင်ထားတယ် ထင်မှသာ ဆစ်တတ်သူပါ။

ခုလည်းပဲ ကျမတို့နဲ့ ခရီးသွားဖော် တယောက်က ငွေအစစ်နဲ့ လုပ်ထားတဲ့ ငွေငါးပုံ ဆွဲသီးကလေး ၂ခု ဝယ်လိုတာမို့ ကျမကို ဈေးဆစ်ကြည့်ပေးဖို့ ဆိုလာတာကြောင့် ကူညီ ဈေးညှိပေးပြီး ငွေငါးကလေး ၂ကောင် ဝယ်ဖြစ်သွားခဲ့ပါတယ်။ ပန်းထိမ်ကအထွက် ကျမတို့ စက်လှေပေါ် အရောက်မှာ လှေကလေးတစင်း ကျမတို့ စက်လှေနားကပ်လာပြီး ဈေးရောင်းလာခဲ့ပါတယ်။ လှေပေါ်က မိန်းမပျိုလေး နှစ်ယောက်က "အားပေးပါဦးရှင့်" ဆိုတာကြောင့် သူတို့ လှေဝမ်းထဲ ခင်းကျင်းထားတဲ့ အထည်လေးတွေ ကြည့်မိတော့ ခုနကလေးတင် ကျမတို့ ဝယ်လာတဲ့ ငွေငါးကလေး ၂ကောင် လက်ကနဲ သွားတွေ့မိလိုက်ပါတယ်။

မနေနိုင် မထိုင်နိုင် ဈေးမေးမိတဲ့ ကျမ...ဈေးသိရတော့ ဟာ ကနဲ ဖြစ်သွားရတယ်။ ငါတော့ ဈေးကြီးမိလာပြီ ပြီးတော့ သူများအတွက် ဈေးဆစ်ပေးခဲ့တာ။ ခုဟာက ၃ဆလောက် ဈေးကွာနေတဲ့ အဖြစ်ရယ်လေ။ အဲသည်ခဏ စိတ်ထဲ မကောင်းဖြစ်သွားခဲ့ရတာ...မြန်လိုက်တဲ့ စိတ်နှယ်...။ "ဈေး ချိုလှချည်လား ညီမရယ်" လို့ ကျမက မေးပြောလေး ပြောတော့မှ "ဒါတွေက အရောတွေရှင့်" တဲ့။ ကြည့်....ဘယ်လောက် ချစ်စရာကောင်းတဲ့ အင်းသူလေးတွေလဲလို့။ သည်တော့မှ ကျမလည်း ပြုံးနိုင်တော့တယ်။ သူတို့ ရောင်းထည်လေးတွေက ငွေအသန့် မဟုတ်ဘဲ ဘော်တို့ တခြား သတ္တုလေးတွေနဲ့ အရောဖြစ်နေလို့ ဈေးချိုနေတာကိုး။ အဲသည်လို ရိုးရိုးသားသား ရောင်းချတာလေးကိုက ချစ်စရာ...။

အင်းလေးကန်ကြီးထဲ စက်လှေကလေးနဲ့ သွားနေခိုက်မှာ ကျမတို့ မိတ်ဆွေ နိုင်ငံခြားသားတွေရဲ့ မျက်နှာပေါ်က သဘောအကျကြီး ကျနေတဲ့ မျက်နှာ အရိပ်အကဲတွေကို အသိသာကြီး မြင်နေရတာမို့ ရင်ထဲ ပီတိဖြစ်ရတယ်။ ကျမတို့ ဇနီးမောင်နှံ စိတ်ထဲမှာ "ဒါ ငတို့ တိုင်းပြည်ရဲ့ အလှ၊ သဘာဝ အလှစစ်စစ်တွေ ကြည့်ထားကြ" ဆိုတဲ့ အတွေးနဲ့၊ မျက်နှာကိုတော့ မိန့်မိန့်ကြီး ပြုံးလို့ပေါ့။

တကယ်ပါပဲ ဇင်ယော်လေးတွေ အစာကျွေးပြန်တော့လည်း ပစ်မြှောက်ကျွေးလိုက်တဲ့ အစာမှန်သမျှ လေထဲ ပျံဝဲရင်း မလွတ်တမ်း ထိုးယူ ကိုက်ချီနေကြတာကို ကြည့်ရင်း "ဟန်လိဟိုက်...(so smart/so clever)-ငှက်ကလေးတွေ အရမ်းတော်တာပဲနော်" ဆိုပြီး သူတို့ အချင်းချင်း ပြောသံကြားမိတာ။ "ဒါ ငတို့ တိုင်းပြည်က ဇင်ယော်တွေကွ" လို့ စိတ်ထဲ ကျေနပ်မိပြန်ပါရော။ ဪ...ဇင်ယော်ဆိုတာကတော့ ဘယ်နိုင်ငံက ဇင်ယော် ဖြစ်ဖြစ် မွေးရာပါ တတ်မြောက်မှုနဲ့ ကျွမ်းကျင် လိမ္မာနေကြမှာပါ။

ဒါပေမဲ့လည်း ဒါ ကိုယ့်တိုင်းပြည်က ဇင်ယော်၊ ကိုယ့်တိုင်းပြည်ရဲ့ သဘာဝ အလှအပ၊ ကိုယ့်တိုင်းပြည်ရဲ့ ရေမြေ တောတောင်၊ ကိုယ့်တိုင်းပြည်ရဲ့ သစ်မြစ် သစ်ပင်၊ ကိုယ့်တိုင်းပြည်ရဲ့ မြစ်ချောင်း အင်းအိုင်...အို မြင်မြင်သမျှပါပဲ မျက်စေ့ထဲ လှလို့ ပလို့ ကျေနပ် ဂုဏ်ယူမိနေတော့တာ။ မျက်ရည်တောင် ဝဲမိတယ်။ ဝမ်းနည်းမိတာလား ဝမ်းသာ ကျေနပ်မိတာများလား မခွဲခြားနိုင်ခဲ့အောင်ပါပဲ။

အင်းလေးကန်ကြီးကို နှုတ်ဆက်ထွက်ခွာလာခဲ့ချိန်မှာတော့ နေ့လည် ၁၂နာရီ နီးပါး ရှိနေပါပြီ။ တဝစားခဲ့ကြတဲ့ မနက်စာကြောင့် နေ့လည်စာကို တောင်ကြီး ရောက်မှပဲ စားကြဖို့ အားလုံး သဘောတူကြတယ်။ အစားအသောက်အကြောင်း ပြောမှ ဒီခရီးစဉ်တလျှောက် စားခဲ့သမျှ အစားအသောက်တွေ မတင်ရသေးတာ သတိရတယ်။ တင်ဦးမှ တင်ဦးမှ....။ ခုတော့ "ဂွတ်ဘိုင် အင်းလေး.... ဟဲလို တောင်ကြီး...." လို့သာ နှုတ်ဆက်ရင်း ဆက်လက် ထွက်ခွာခဲ့ကြပါတော့တယ်....


17 comments:

Anonymous said...

တောင်ကြီး.. မျှော်၏

အပြုံးပန်း

sonata-cantata said...

ချစ်ကြည်နဲ့ အတူလိုက်လည်နေပါတယ်။
ဘုရားလည်း ဖူးပါမယ်။
ဓာတ်ပုံတွေ လွှတ်ကောင်းနေတယ်ဝေ့

ရွှေရတုမှတ်တမ်း said...

ဩ....အဖွားမြင့်မြင့်ခင်တို့ခေတ်ကို အန်တီချစ်က မှီလိုက်သပေါ့...
ညောင်ရွှေဟော်ထဲ ရောက်ခဲ့သေးလား...သရဲချောက်တယ်..
အမလေး...ပြောရင်းတောင်..ကြောက်လာပြီ

အန်းဆားကျောက် said...

ဟင်...မေ့ပြီး အပေါ်ကဟာကို ဒီအတိုင်းနှိပ်မိတာ..ဝဲပေါက်ရင် ဖြုတ်ပလိုက်

seesein said...

အမချစ်
စုံတကာကို စိရော သွားလဲ သွားနိုင်ပါ့ဗျာ သွားတဲ့နောက်ကို တကောက်ကောက်လိုက်နေတာနော

ကျန်းမာ အဆင်ပြေပါစေ
ခင်မင်တဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖောင်တော်ဦးဘုရား မဖူးရတာ ၁၀နှစ်ကျော်ပြီထင်တယ်
လိုက်ချင်တာ အစ်မက မခေါ်လို့ မလိုက်ရဘူး ဟင်း .
ပုံထဲကနေဘဲ ဖူးလိုက်ပါတယ်. နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖောင်တော်ဦးဘုရား မဖူးရတာ ၁၀နှစ်ကျော်ပြီထင်တယ်
လိုက်ချင်တာ အစ်မက မခေါ်လို့ မလိုက်ရဘူး ဟင်း .
ပုံထဲကနေဘဲ ဖူးလိုက်ပါတယ်. နော်

ကိုအောင်(ပျူနိုင်ငံ) said...

ဓါတ်ပုံကြည့်ပြီး လွမ်းစရာတွေပေါ့ အမရယ် ...

An Asian Tour Operator said...

တောင်ကြီး ကိုဆက်ပါဦးဗျို့..။

Anonymous said...

အင်းလေးကို
မရောက်ဖူးသေးဘူး ...
အရမ်း သွားချင်တာပဲ ..
အဲ့ဒီ့ဘုရားတွေကို ဖူးမျှော်ချင်သလို
အင်းလေးထဲမှာ လှေအရမ်းစီးချင်တာပဲ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးငွေ့...... said...

အစားသမားဆိုတော့ အစားအသောက်ကြောင်းလေးတွေ စိတ်ဝင်တစားနဲ့ စောင့်မျှော်နေမယ်...ညီမလေးတို့ နောက်နှစ် ရုံးအဖွဲ့သားတွေက တောင်ကြီးအင်းလေးတဲ့ ပလန်ဆွဲထားတယ်...း)

ညီလင်းသစ် said...

ဖော်တော်ဦးက အရင်ထက်ကို ပိုပြီး မွမ်းမံပြင်ဆင် ထားပုံရတယ်၊ “ဒါတွေက အရောတွေရှင့်” ဆိုတဲ့ စာသားလေး ဖတ်လိုက်ရတော့ အင်းသူတွေ ပြောတဲ့ လေသံဝဲဝဲလေးတောင် နားထဲမှာ ကြားလိုက်ရသလိုပဲ..။ အဲဒီလို အသံတွေ မကြားရတာ ကြာပြီ...။

ဇွန်မိုးစက် said...

မရေ.. စာကြွေးတွေ လာရှင်းသွားတယ်နော်။ ညီမလည်း အမလို နေရာစုံသွားချင်လိုက်တာ။ ဒီတခေါက်တော့ ရက်နည်းလို့ မရတော့ဘူး။ နောက်တစ်ခေါက်တော့ မှန်းထားလိုက်တယ်။း)

ဟန်ကြည် said...

တောင်ကြီးကို သွားမယ်လို့ စိတ်ကူးထားပေမယ့် မရောက်ဖြစ်သေးဘူး အင်းလေးရေတွေ မခမ်းခင် တစ်ခေါက်လောက်တော့ အရောက်သွားဦးမှ

ရွှေပြည်သူ said...

တောင်ကြီးအင်းလေးက မြန်မာနိုင်ငံမှာ ညီမအကြိုက်ဆုံးနေရာတွေထဲက တစ်ခုပါ။ “ဒါတွေက အရောတွေရှင့်” လို့ပြောလိုက်တဲ့ အင်းသူတွေကို ညီမလည်း ချစ်တယ်။

စိတ်ဝင်စားစရာ ခရီးသွားဆောင်းပါးကို အားကျစွာ ဖတ်သွားပါတယ် မမချစ်ကြည်အေး...

ညီမလေး said...

ချစ်ချစ်လို ဂိုက် မျိုး မီးမီးလဲ လိုချင်တယ်း))

မေသိမ့်သိမ့် ကျော် said...

မမ အိမ်ကိုလွမ်းသွားပြန်ပြီရှင်။ တောင်ပိုင်းတခွင် နေရာစုံအောင် လျှောက်လည်ကြပါဦးလို့.....။ လည်စရာတွေကတော့ အများကြီးပဲ မမရေ။ ပင်းတယတို့ ၊ ကက္ကူတို့လဲ လည်ပါဦးနော် မမ။ အလွမ်းပြေ ပို့စ်လေးတွေ ဖတ်ချင်ပါတယ်ရှင်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်