Saturday, February 26, 2011

စစ်ကိုင်း မျက်မမြင်ကျောင်းသို့ တခေါက်

စစ်ကိုင်းသွားခဲ့တဲ့နေ့ကို အစဉ်လိုက် ပြန်စဉ်ရရင် မနက်ပိုင်းမှာ ပထမဆုံး ဦးပိန်တံတား၊ ဒုတိယ စစ်ကိုင်း မျက်မမြင်ကျောင်း ပြီးတော့ ရှေ့ခရီး မဆက်ခင် ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ်ကို ဝစေ လှစေဖို့  သူဇာမှာ နေ့လည်စာ ထမင်းစားကြပါတယ်။ နေ့လည်ပိုင်း အစီအစဉ်အနေနဲ့က ကျမ ပထမဦးဆုံး ရေးခဲ့တဲ့ ကောင်းမှူတော် ဘုရားကြီး၊ နောက်ဆုံးပိတ်အနေနဲ့ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးပဲ ဖြစ်ပါတယ်။

ကလေးတွေကို နေ့လည်စာ ကျွေးလှူဖို့ ကြိုတင်စီစဉ်ထားရာ ရွှေဘို-မုံရွာ-မန္တလေး လမ်းပေါ်မှာရှိတဲ့ စစ်ကိုင်း မျက်မမြင်ကျောင်းကို ကျမတို့ရောက်သွားတော့ မနက် ၁၁နာရီလောက် ရှိနေပါပြီ။


ကျမတို့ကို ကျောင်းအုပ်ဆရာမကြီးက (ဆရာမကြီးသာ ဆိုရတယ် ခပ်ငယ်ငယ်ရယ်ပါ) ကျောင်းဝင်းထဲကို လိုက်ပြပါတယ်။ တခြားသော သာမန်ကျောင်းတွေလိုပဲ အတန်းအလိုက် ကလေးတွေကို ခွဲခြားထားပြီး သင်ကြားမှု အထောက်အကူပြု ပစ္စည်းတွေသာ ကွဲပြားသွားတာပါ။


အခန်းငယ်လေးတွေရဲ့ အဝင်ဝမှာ ပထမတန်း၊ ဒုတိယတန်း၊ အနှိပ်အကြောပြင်ခန်းနဲ့ ကွန်ပြူတာခန်း စသဖြင့် ရေးထိုးထားပြီး တခန်းမှာ ကလေးတွေ ၃-၄-၅ ယောက်လောက်စီ တွေ့ခဲ့ရပါတယ်။


စာသင်ခန်း အပြင်ဘက် ကစားကွင်းထဲမှာ စာအော်ကျက်နေကြတဲ့ ကလေးတွေလည်း ရှိကြပါသေးတယ်။


၃ဧကကျော်တဲ့ ခြံဝင်းကြီးထဲမှာ ကစားကွင်းကို ရံပြီး အဆောက်အဦလေးတွေ ဆောက်လုပ်ထားပါတယ်။


                                               သူတို့ရဲ့ ဆောင်ပုဒ်


                                            ထမင်းစားဆောင်



ဆရာမကြီး ပြောပြချက်အရ စုစုပေါင်း ကလေး ၆၆ ယောက်ရှိပြီး ကျောင်းကနေ ၁၀တန်း အောင်သွားသူတွေ၊ ဘွဲ့ရသွားသူတွေတောင် ရှိတယ်လို့ သိရပါတယ်။

အတန်းပညာ သင်ကြားပေးတဲ့အပြင် မျက်စေ့စမ်းသပ်မှု ပြုလုပ်ပေးပြီး မျက်စေ့အလင်း ပြန်ရနိုင်ခြေရှိသူတွေကို ဆေးလည်း ကုသပေးပါတယ်။ အဲဒီလို ကုသပေးလိုက်လို့ အောင်မြင်သွားသူတွေ ရှိသလို တချို့လည်း မှုန်ဝါးဝါးလေး ပြန်မြင်ရတာတို့၊ မျက်စေ့တဘက် ပြန်မြင်သွားသူတို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးတဲ့နောက် သူတို့လေးတွေ ရထားတဲ့ ထူးချွန်ဆုတွေ၊ ဂုဏ်ပြုလက်မှတ်တွေကို တွေ့ရတဲ့အခါမှာတော့ သူတို့လေးတွေရဲ့ စိတ်ဓါတ်ခွန်အားကို ကျမ တိုးလို့ အသိအမှတ် ပြုမိရပြန်ပါတယ်။ မမြင်ရင်သာ နေရမယ် အသိကိုတော့ဖြင့် မြင်သူတွေနဲ့ တန်းတူ ရရှိခံစားဖို့ ဇွဲခတ် ကြိုးစား နေကြသူကလေးတွေပါ။


သူတို့လေးတွေရဲ့ စာရေးသားနည်းက စာရွက်ပေါ် အပေါက်ကလေးတွေပါတဲ့ ဘောင်ကို အပေါ်က ထပ်တင်၊ ပြီးမှ အချွန်ကလေးတွေနဲ့ အရာထင်အောင် ဖိပြီး ရေးထိုးရင်း အောက်က စာရွက်အပေါ် ဖောင်းကြွရာကလေးတွေ ထင်စေပါတယ်။ အဲဒီ ဖောင်းကြွရာကလေးတွေကို လက်ညှိုးလေးနဲ့ ထိတွေ့ပြီး ဖတ်တာပါ။

စာလုံးတလုံးရေးဖို့ ဘောင်လေးထဲမှာ အကွက် ၆ကွက်နဲ့ ၁၂ကွက် ပါပါတယ်။ ပုံကိုကြည့်ပါ။ "၏" ကိုရေးချင်ရင် အစက်ကလေးတွေ ပြထားတဲ့ အတိုင်း ၁-၃-၅ အကွက်လေးထဲမှာ ဖောင်းကြွအရာပေါ်စေရပါတယ်။ အဲဒါတွေကိုတော့ သူတို့ အလွတ် နှုတ်တိုက် ကျက်မှတ်ကြရပါတယ်။ ဥပမာ- ၏-၁ ၃ ၅၊ ၍-၁ ၂ ၃ ၄ ၆၊ ၌-၂ ၃ ၆ အဲဒီလို အသေကျက်ရတာပါ။

                                    
                                         ပုံပေါ်ကို ကလစ်နှိပ်ကြည့်ပါ


သူတို့အတွက် ပညာသင်ကြားရေး အထောက်အကူပြု ပစ္စည်းလေးတွေ အများကြီး လိုအပ်နေပါတယ်။ သူတို့လေးတွေရဲ့ နေ့စဉ် စားရေးသောက်ရေးအတွက်လည်း အလှူရှင်တွေ လိုအပ်နေပါတယ်။မနက်စာ ၄၀၀ကျပ်၊ နေ့လည်စာ ၇၀၀ကျပ်နဲ့ ညစာအတွက်လည်း ၇၀၀ကျပ်မို့ တယောက်ကို တနေ့လုံးစာ ၁၈၀၀ကျပ်နှုန်းနဲ့ လှူဒါန်းနိုင်ကြပါတယ်။


7 comments:

  1. နိုင်သလောက်လှူချင်ပါတယ်. နိုင်ငံခြားကနေ ဘယ်နေရာကို လှမ်းလှူနိုင်မလဲ သိခွင့်ရှိရင် တင်ပေးပါ အစ်မ။

    ReplyDelete
  2. မေသိမ့်သိမ့်ကျော်Sun Feb 27, 08:10:00 AM GMT+8

    ဆောရီးပါ မမ။ ခနကမေ့ပြီး URL ဖြည့်လိုက်မိလို့ တောင်းပန်ပါတယ်။ ဘယ်လိုသွားရလဲ ၊ အချိန်ဘယ်လောက်ကြာမလဲ ဆိုတာလေး ပြောပြပေးပါလားမမ။ သူငယ်ချင်းတွေနဲ့ စုပြီး သွားလှူချင်လို့ပါ။

    ခင်မင်လေးစားလျက်

    ReplyDelete
  3. ရွှေကိုင်းကျောက်Sun Feb 27, 10:58:00 AM GMT+8

    ကျောင်းလေး သပ်သပ်ယပ်ယပ်ဖြစ်နေတာမြင်ရတော့ ဝမ်းသာပါ့ဗျာ...

    ReplyDelete
  4. An Asian Tour OperatorSun Feb 27, 05:18:00 PM GMT+8

    သူတို့ထဲမှာ ပညာတတ်တွေ အများကြီး ထွက်ထွက် လာလေ့ရှိတယ်။ သူတို့တွေရဲ့ မလျှော့တဲ့ဇွဲလုံ့လ တွေနဲ့တခြားအာရုံခံတတ်မှုကတော့ လေးစာဖို့ကောင်းပါတယ်။

    ReplyDelete
  5. မေသိမ့်သိမ့်ကျော် said...

    အမရေ..... ရန်ကုန်ကနေ ဘယ်လိုသွားရလဲ ၊ ဘယ်နှစ်ရက်လောက်ကြာမလဲဆိုတာလေး ညွှန်းပေးပါလားဟင်။ အရမ်းကို စိတ်ဝင်စားနေလို့ပါ။ သူငယ်ချင်းတွေနဲ့ စုပြီး သွားလှူချင်ပါတယ်ရှင်။

    ခင်မင်လေးစားလျက်

    ReplyDelete
  6. မောင်ငယ်မိုးယံနဲ့ ညီမ မေသိမ့်သိမ့်ကျော်ရေ...အမမှာ လိပ်စာနဲ့ဖုန်းနံပါတ်တော့ ရှိပါတယ်။စစ်ကိုင်း မျက်မမြင်ကျောင်း၊ မြို့သစ်ရပ်၊ စစ်ကိုင်းမြို့ ဖုန်းနံပါတ် ၀၇၂-၂၂၂၃၇ ပါ။ ရန်ကုန်ကနေ မန္တလေးကို ကားနဲ့ဆို ၉နာရီ၊ လေယာဉ်နဲ့ဆို ၁နာရီ၊ မန္တလေးကနေ စစ်ကိုင်းကို နောက်ထပ် ကား ၁နာရီ နီးပါးလောက် မောင်းရပါတယ်။ နိုင်ငံရပ်ခြားကနေ လူကိုယ်တိုင် သွားမလှူနိုင်သူတွေအတွက် ဖုန်းအရင်ဆက်ကြည့်ပြီးမှ ကိုယ်ဆန္ဒရှိသလောက် အလှူငွေကို လှမ်းပို့ပေးပြီး လှူချင်တဲ့ရက် ရ မရ မေးမြန်းကြည့်ပါ။

    သဒ္ဒါတရားတွေအတွက် သာဓုခေါ်ပါတယ် မောင်ငယ်မိုးယံနဲ့ ညီမ မေသိမ့်သိမ့်ကျော်ရေ..

    ReplyDelete
  7. ငါ့ချစ်မကြီး နေရာအနှံ့လဲရောက် ကုသိုလ်ကောင်းမှုလဲလုပ်ခဲ့...သိပ်ကောင်းပါတယ်...
    နောက်ပို့စ်အသစ်ကိုထပ်မျှော်နေမယ်....

    ခင်တဲ့
    မိုးငွေ့

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...