Sunday, February 20, 2011

တောင်သမန်ရဲ့ ဦးပိန်တံတား














အမရပူရမြို့အနီး၊ မန္တလေးမြို့ရဲ့တောင်ဘက် ၁၁ကီလိုမီတာ အဝေးမှာ တောင်သမန်အင်းရဲ့ မြစ်ကမ်းပါး နှစ်ဖက်ကို ဆက်သွယ် ဆောက်လုပ်ထားတဲ့ ဦးပိန်တံတား တည်ရှိပါတယ်။ ၁၂၁၁ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၂၁၃ခုနှစ်မှာ ပြီးစီးခဲ့တဲ့ အဲသည်တံတားကို ကျွန်းသစ်တိုင်လုံးပေါင်း ၉၈၄တိုင်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး တံတားအရှည် ၁.၂ ကီလိုမီတာ ရှိပါတယ်။ ရေလယ်ဇရပ် လေးဆောင်ရဲ့ တိုင်လုံးတွေကိုပါ ထည့်သွင်း ရေတွက်မယ် ဆိုရင်တော့ ကျွန်းသစ်တိုင်ပေါင်း ၁၀၈၆တိုင် ရှိပါတယ်။ ခုတော့ ရာသီဥတုဒဏ်ကြောင့် တချို့ ကျွန်းတိုင်တွေနေရာမှာ အုတ်တိုင်တွေနဲ့ အစားထိုးထားတာကို တွေ့မြင်ခဲ့ရပါတယ်။

တဖြည်းဖြည်းနဲ့ မြင့်လာတဲ့ နေလုံးကြောင့် အမြင် ကွဲပြားလာခဲ့ပေမဲ့ ဓါတ်ပုံရိုက်ဖို့တော့ မြူဝေ့မှုန်မှိုင်းနေဆဲ ရှုခင်းတွေဟာ မသဲမကွဲလှသေးပါဘူး။ ဒါတောင် ကျမတို့ရောက်တော့ မနက် ၈နာရီခွဲ ရှိနေပါပြီ။

ရေကျချိန်မို့ တံတားအောက်မှာလည်း အမှိုက်တွေချည်းပါပဲ။ တံတားပတ်ဝန်းကျင် မယ်ဇယ်ပင်တန်းတလျှောက်မှာတော့ စားသောက်ဆိုင်လေးတွေ၊ ပန်းချီကားဆိုင်လေးတွေ၊ ချိုချိုချဉ်ချဉ်ရောင်းတဲ့ဆိုင်လေးတွေ နဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်ကလေးတွေက ဟိုနားတချို့ ဒီနားတချို့ရယ်။

သည်တံတားကြီးကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းနေကြရတဲ့ မိသားစုတွေကို တွေ့ရတဲ့အခါမှာတော့ တံတားဆောက်လုပ်ခဲ့တဲ့ ဦးပိန်ကို ကျေးဇူးတင်မိတယ်။ စကေးမှန်ချိန်တွေမပါဘဲ မျက်စေ့အမြင်၊ ခြေအလှမ်းတွေနဲ့ မြန်မာ့နည်း မြန်မာ့ဟန်သုံးပြီး တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း လက်ရာတခုလည်း ဖြစ်၊ မန္တလေးရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်တိုင်း မဖြစ်မနေ သွားရောက်ကြည့်ရှုကြရတဲ့ တံတားလည်းပဲ ဖြစ်တာမို့ တံတားဆောက်လုပ်ခဲ့တဲ့ ဦးပိန်ကို ထပ်ပြီး ကျေးဇူးတင်ရပြန်တယ်။

အဲသည်လို ကျေးဇူးတင်စရာ လူတယောက်အကြောင်း ရှာဖွေဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ ဦးပိန်ဆိုတာ ဘယ်လိုလူ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ သည်တံတားကို ဆောက်ခဲ့တယ် ဆိုတာတွေ သိလာရတယ်။ ကျမ မအံ့ဩမိပါဘူး။ ဒါတွေက ဖြစ်တတ်တဲ့ ဖြစ်နေကျတွေမို့ပါ။

ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ကုလား(မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင်မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့် မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့် တကွကွပ်မျက်ခဲ့သည်။

မြို့စာရေး မောင်ပိန်သည် မွတ်ဆလင်ဘာသာဝင် ဖြစ်သော်လည်း မြန်မာဘုန်းတော်ကြီးကျောင်း ထွက်ဖြစ်သည်။ ခရစ်နှစ် ၁၈၄၉-ခုနှစ်တွင် အမရပူရမြို့စာရေး မောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ သစ်သားတံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားဆောက်လုပ်ရန် သစ်များကို ပုဂံမင်း၏ အမိန့်အရ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ ဘုန်းတော်ကြီးကျောင်းဟောင်းများ ဖျက်ခြင်းဖြင့် ရရှိသည် ဟုဆိုသည်။ တည်ဆောက်ရသည် အကြောင်းမှာလည်း အကောင်းမဟုတ်။ တစ်ဖက်ကမ်းရှိ မွတ်ဆလင်များကို ဘိုင်ဆပ်က အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောက်သည်ဟု ဆိုပါသည်။  http://www.wikimyanmar

အဲသည်အတိုင်းသာဆို တံတားကြီး ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်က ကောင်းတယ်လို့ မဆိုသာပေဘူးပေါ့။ ထားပါတော့လေ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဆောက်ခဲ့ ဆောက်ခဲ့၊ ဒီနေ့ အမြင်မှာတော့ အများ အကျိုးပြုနေတာ၊ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်တဲ့အတွက် နိုင်ငံခြားဝင်ငွေတွေ ရှာပေးနေတာ ဒါတွေအတွက်တော့ဖြင့် ကျမတို့က ဦးပိန်ကို ကျေးဇူးတင်ရမယ် မဟုတ်ပါလား...



17 comments:

  1. မိုးယံ said:

    လှလိုက်တဲ့ ပုံတွေ.... ဧကန္တ မြန်မာပြည်ပဲဖြစ်ရမယ်..

    ဘုန်းကြီးကျောင်းမကလို့ ဓမ္မာရုံထဲကပဲထွက်ထွက်... တစ်ခြားကို ယုံကြည်မိရင်.. အဲဒီထဲက အဆိုတွေနဲ့ ဦးနှောက်ကို ဖျက်ဆီးခံရတယ်လို့ မြင်မိပါတယ်...

    ဒါကြောင့် ရည်ရွယ်ချက်က ရှင်းပါတယ်... ဗုဒ္ဓသာသနာကိုလဲ ဖျက်ပြီးသားဖြစ် ကိုယ်လိုချင်တာလဲရပေါ့....

    အခုရော ဘာထူးသေးလဲ....?


    Anonymous said:

    တနေ့သောခါ

    ပခုံးမှာဒေါက်၊ ခါးမှာဗျောက်နဲ့

    မြှောက်တက်စိမ်းပုတ်၊ ၀တုတ်ဂွတို

    စစ်ဗိုလ်တယောက်၊ စိတ်ရူးပေါက်လို့

    ခါးထောက်ငြင်ငြို၊ သ၀န်တိုသနဲ့

    တိုကာရှည်ကာ၊ မြင့်တာနှိမ့်တာ

    စိပ်တာ ကျဲတာ၊ အံလွဲကာနဲ့

    ကောက်ကာကွေးတာ၊ မညီညာကို

    မကြည်သာဟန်၊ ကလန်ကလား

    စစ်သားမဆန်

    ပုန်ကန်နိမိတ်၊ သူလန့်ထိတ်မိ

    သတိသက်သာ၊ ညာညှိဘယ်ညှိ

    ညီအောင်တိစေ၊ မိန့်တော်ချွေသတဲ့။

    နိမ့်ချေ မြင့်ချေ၊ တိုးချေဆုတ်ချေ

    အင်းတော်ရေလဲ၊ ညီစေညှိစေ

    မဆုတ်စေနဲ့ ဧရာမြစ်က

    ထာဝရရေ။ သွင်းကြစေတဲ့။

    ရှေးကအမွေ၊ သမိုင်းမြေကို

    သူ့အမေလင်

    အမွေထင်လို့၊ ထင်တိုင်းတုံးတိ

    စစ်သားပကတိ၊ ညီပါဘိ။



    တနေ့သော်ကား

    သတင်းကြားနဲ့၊ တံတားဒါယကာ

    ဦးပိန်လာခဲ့၊

    တိုကာတိကာ၊ မြင်လိုက်ပါသော်

    ကျောက်စာထွင်းထု၊ ကျိန်စာပြုသတဲ့

    “ပုတုတ်ဂွတို၊ စစ်ဗိုလ်သတ္တ၀ါ

    ငတုံးကာသည်

    ရောက်ရာဘ၀၊ ပုကွနိမ့်တို

    ကောက်ရိုးမှိုသို့၊ တိုတိုစီစီ

    ညီစေသတည်း”


    ဖတ်ဘူးတဲ့ ကဗျာ ရှည်လွန်းလို့နောက်ဆုံးပိုဒ်ပဲ ထည့်လိုက်တာ

    မယ်ညိုး)

    sonata-cantata said:

    ချိုချိုချဉ်ချဉ်ရောင်းတဲ့ဆိုင်လေး က အဒေါ်ကြီးကို စိတ်အေးချမ်းသာစေချင်မိတယ်။

    Anonymous said:

    This post included blog owner attitude.

    ကျောက်ပိန် said:

    အံမလေး...သစ်သားတိုင်တွေကို ရှေးမူမပျက်အောင် မပြင်ပဲ..ကွန်ကရစ်တိုင်တွေ လုပ်ပစ်လိုက်ပါ့လား..နေရာလေးသာသာယာကို ဒို့ ကိုရွှေဗမာများကလဲ သန့်သန့်ရှင်းရှင်း မနေတတ်ကြပါလား..ငှက်ဆိပ်မှာရိုက်တဲ့ပုံမှာလဲ ကမ်းစပ်မျာ အမှိုက်တွေဖွေးလို့..တတားအောက်ကိုလဲ လူတွေက အမှိုက်ပုံးများအောက်မေ့နေသလား...မြန်မာဝီကီမှာ ရေးထားတာလဲ သဘောမတူပါဘူး..ဦးပိန်က တောင်သမန်ဟိုဖက်က ရွာတွေလူတွေ ရေကြီးခါ လှိုင်းတွေ လေတွေနဲ့မို့ သွားရလွယ်အောင်ဆောက်ထားတာပါ..မူဆလင်ပဲ ကူးရမယ်လို့ တံတားမှာလဲ စာရေးမထားပါဘူး..တောင်သမန် ဟိုဖက်မှာက ကျောက်တော်ကြီးဘုရားနဲ့ ဗုဒ္ဓဘာသာ ရွာတွေက အများစုပါ မူဆလင်က အဲဒီခေတ်က မများလှပါဘူး..အင်္ဂလိပ်လက်ထက်ကြမှ ဘင်္ဂလားကုလားတွေ ရောက်လာလို့ များလာတာ..

    ReplyDelete
  2. မိုးငွေ့ said:

    ဟူးးး ခုမှပဲ ကော်မန့်ရေးလို့ရတော့တယ်...တကယ်ပါပဲ...။
    အမချစ်ရဲ့ ခရီးသွားအကြောင်းစိတ်ဝင်စားနေတာ...။ ဓါတ်ပုံလေးတွေ အရမ်းလှတယ်...။ ဘကျောက်ပိန်ပြောသလိုတော့ အမှိုက်တွေဘယ်တော့ရှင်းမလဲ...ရှင်းမလဲ...။
    (တောင်ကြီးအင်လေးမျှော်နေမယ်)

    ခင်တဲ့
    မိုးငွေ့

    ရဲထွန်းဇော် said:

    မန္တလေးရောက်တုန်းက တခေါက်လျှောက်ဖူးတယ်
    အရမ်းသာယာတယ်...
    ဒါပေမယ့် တံတားကပျက်စီးနေပြီနော်

    ကိုကိုမောင်(ပန်းရနံ့) said:

    မောင်ပိန်တစ်ယောက် အခုထက်ထိ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဘယ်အဆောက်အဦတွေ ဖျက်ပြီး ဘယ်မြစ်တွေကို တံထားထိုးဦးမလဲ မသိ။

    ကြားဖူးတာကတော့ မလေးရှားက ပင်လယ်ဖြတ်ပီနန်တံတားကြီးကို မလေးအစိုးရကလဲ အခုလို ရည်ရွယ်ချက်မျိုးနဲ့ တည်ဆောက်ထားခဲ့တာတဲ့။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ပီနန်က လူ (တရုတ်)တွေကို ပြည်မဘက် ခေါ်ဖို့ မဟုတ်ဘူး။ မလေးပြည်မက မွတ်ဆလင်တွေကို ပီနန်ပို့ဖို့တဲ့။

    ရွှင်လန်းပါစေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ★Craton said:

    အဲ့လိုကြီးလား. . . . . ဟူး. . . . .
    ဘာဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် အဘိုးပိန်. . . . .
    (ဓါတ်ပုံတွေလန်းတယ် တီတီကြည်)

    အိမ့်ချမ်းမြေ့ said:

    မလေး ဖတ်သွားပါတယ် ဝေမျှတာတွကလည်း ကျေးဇူးတင်ပါတယ်။
    ကမ္ဘာပေါ်မှာ အရှည်ဆုံးသော ကျွန်းတံတားတစ်ခုအနေနဲ့ ကိုယ့်တိုင်းပြည်ထဲမှာ ရှိနေတာ အတွက်ကတော့ ဂုဏ်ယူမိပါတယ်။

    SHWE ZIN U said:

    ချစ်ကြည်အေး ရေ

    ဓါတ်ပုံအစွမ်းကတော့ အံမခန်းပါဘဲ ဒီလောက်လှအောင်ရိုက်တတ်တယ် ရောက်နေကျ နေရာတွေတောင် သေချာပြန်ကြည့်ရတယ် ချစ်ကြည်အေး ကိုသတိရတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. [quote]ဦးပိန်ဆိုတာ ဘယ်လိုလူ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ သည်တံတားကို ဆောက်ခဲ့တယ် ဆိုတာတွေ သိလာရတယ်။ ကျမ မအံ့ဩမိပါဘူး။ ဒါတွေက ဖြစ်တတ်တဲ့ ဖြစ်နေကျတွေမို့ပါ။[/quote]

    ဒါတွေက ဖြစ်တတ်တဲ့ ဖြစ်နေကြဆိုပေမယ့် သမိုင်းဆိုတာလည်း လိုရာ ဆွဲရေးထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါလေးတော့ ဖတ်ကြည့်စေချင်ပါတယ်။ (ဦးပိန်တံတား သမိုင်းစကား မမှားစေဖို့) သမိုင်းအထောက်အထားနဲ့ရေးထားတဲ့စာနဲ့ wikimyanmar မှာ ရေးထားတာနဲ့ ဘယ်ဟာကို လက်ခံသလဲဆိုတာတော့ စာဖတ်သူ အပေါ်မှာဘဲ မူတည်ပါတယ်။ :)

    ReplyDelete
  4. မြို့ဝန် ဘိုင်ဆပ် နဲ့ မြို့စာရေးမောင်ပိန် အကြောင်း က နှစ်ပေါင်းများစွာ မကြာ သေးတာ မို့ အထောက်အထား မျိုးစုံ နဲ့ သမိုင်းသုတေသန ပညာရှင် များစွာ တို့ က တစ်လေသံ တည်းထွက် ကြပါတယ်။ သူဆောက် ခဲ့ လို့ ဦးပိန် တံတား ဆိုပြီး ဖြစ်လာရပေမယ့် "အများကောင်းမှူ ဦးပိန်တံတား" ဆိုတဲ့ ဆိုရိုးစကား ကိုကြည့် ရင် ဘယ်လိုဆို အသိသာကြီးပဲဟာ။

    ReplyDelete
  5. ပြန်ချင်တယ်.. အမရေ.. ရွှေမန်းအကြောင်းကြားရင်.. မန်းမှာ ရှိရင်
    ဦးပိန်ကို အမြဲလိုလို ရောက်တာတောင် မသိဘူး... အဲဒီ ဆိုးရွားတဲ့ သမိုင်းကို...
    နီးလွန်းတော့လည်း မမြင်ဆိုသလိုပဲ...

    ReplyDelete
  6. U Pein or someone else, nobody exactly knows founder’s motivation at the initial time of bridging. An organizer is most activated person in every organization that would pronounce his name rather than other.
    As a result, the bridge works for sake of people up to now.

    ReplyDelete
  7. မချစ်‌ရေ...အီဂျစ်ကပိရမစ်၊တရုတ်ကမဟာတံတိုင်းကြီး..တို့နိုင်ငံကဦးပိန်
    တံတား..ပုဂံဘုရားတချို့ အပါအဝင်ကမှာ‌ပေါ်မှာရှိတဲ့ထင်ရှားတဲ့‌နေရာ
    အ‌တော်များများဟာအုပ်ချုပ်သူလူတန်းစား‌တွေကတိုင်းသြူပည်သား‌တွေကိုအတင်းအကျပ်အနိုင်ကျင့်ပြီးခိုင်း‌စေခဲ့တြဲ့ပယုဂ်‌တွေဘဲ‌ပေါ့...တချိန်ကဘိုး‌ဘေးဘီဘင်‌တွေရဲ့‌သွေးစွန်းခဲ့တဲ့‌နေရာ‌တွေဟာ‌နောင်လာ‌နောက်သား‌တွေအဖို့ပြစားစရာ‌ငွေတွင်းကြီး‌တွေဖြစ်‌နေ‌ပေမဲ့...‌တကယ်
    ‌တွေးကြည့်ရင်‌တော့..ရင်နာစရာ‌တွေဘဲ‌နော်....။

    ReplyDelete
  8. ချော(အစိမ်းရောင်လွင်ပြင်)Tue Feb 22, 06:29:00 PM GMT+8

    အင်
    ပုံတွေလည်း မရှိတော့ဘူး
    ဘယ်ရောက်ကုန်တာလဲ အစ်မ
    ညကတောင် လာကြည့်သေးတယ် ပုံလှလှလေးတွေ တွေ့တယ်လေ
    ခုမတွေ့တော့ဘူး
    အစ်မရဲ့ ရိုက်ချက်ကတော့ ရှယ်ဘဲ
    ဦးပိန်ကို ဒီလောက်လှအောင် ရိုက်သွားတယ် တော်လိုက်တာ

    ReplyDelete
  9. မချစ်ကြည်အေးရိုက်ထားတဲ့ပုံတွေ အရမ်းလှတယ်။ တောင်သမန်ကတော့ ဘယ်တော့မှမရိုးဘူး။

    ပန်ဒိုရာလည်း ဒီဇင်ဘာတုန်းက ရိုက်ဖြစ်တဲ့ပုံတွေ fb မှာတင်ထားပါတယ်။

    ReplyDelete
  10. မြစ်ကျိုးအင်းWed Feb 23, 03:37:00 AM GMT+8

    ရိုက်ချက်တွေက ပြပွဲဝင်မယ့်အလားပဲ။ ကြည့်လို့ကောင်းတယ်အစ်မ။

    ReplyDelete
  11. ဦးပိန်ကြီးက အဲ့လိုကြီးလားတဲ့ သိတောင်မသိဘူးးတော့ ။
    ဘာပဲဖြစ်ဖြစ်ပါလေ အင်းရေပြင်ကျယ်ကြီးရယ် တံတားကြီးရယ်ကို ချစ်တယ် ။ ဘယ်တော့မှ မရိုးနိုင်တဲ့အလှ..
    ညနေနေအေးအေးမှာ တံတားပေါ်လမ်းလျှောက်ရတာကိုကြိုက်တယ် ။
    မယ်ဇယ်တန်းအောက်က ဆိုင်လေးတွေမှာ ရောင်းတဲ့ ငါးကြော်ကို ကြိုက်တယ် ။
    လွမ်းအောင်လုပ်တဲ့ ချစ်ချစ်ကိုလဲ ကြိုက်တယ်းP

    ReplyDelete
  12. ချော(အစိမ်းရောင်လွင်ပြင်)Thu Feb 24, 12:58:00 PM GMT+8

    ပုံတွေ လှလွန်းလို့ မနေနိုင်လို့ ထပ်လာကြည့်တာ အစ်မရေ
    နေကောင်းသွားပြီလား
    ကျန်းမာရေး ဂရုစိုက်ဦး
    ဦးပိန်ရဲ့ ၁၂၃ ပုံလေး အကြိုက်ဆုံးဘဲ
    ပြောစရာမလိုအောင် လှတယ်..
    ရင်ကိုငြိတယ်

    ReplyDelete
  13. မချစ်ရေ
    ကျတော်လဲ မိရိုးဖလာ ဗုဒ္ဓဘာသာပါ
    သို့သော် ဦးပိန်ကိစ္စ ကတော့ ပြောမယ် ဆိုရင် သူက သူ့အမျိုးကောင်းဖို့ အတွက်ပဲလေ
    နောက် ကိုယ့်လူမျိုးအတွက်မဟုတ်တာနဲ့ရည်ရွယ်ချက်မကောင်းဘူးပြောရင် ဘိုင်းယပ်စ် ဖြစ်နေမလားလို့ပါ

    မူဆလင်တွေအတွက်ဆိုလဲ ကောင်းတာပဲ မဟုတ်လား

    ReplyDelete
  14. တီချမ်းရေ မှန်ပါတယ် အမချစ် ရေးတဲ့ထဲမှာ ဘာသာရေး မပါပါဘူး ချမ်းရယ်၊ ဗုဒ္ဓဘာသာဝင် အတွက် ဖြစ်ဖြစ်၊ မွတ်စလင်ဘာသာဝင် အတွက်ပဲ ဖြစ်စေ...သူ ဆောက်ခဲ့တဲ့ ရည်ရွယ်ချက်က လူတွေကို သူ့ အာဏာစက်အောက်မှာ ကွန်ထရိုး လုပ်ရလွယ်အောင် ဒီတံတားကြီး ဆောက်ခဲ့တယ် ဆိုလို့ပါ။ ဘယ်ဘာသာဝင်ပဲ ဖြစ်ပါစေ လက်ရှိ အာဏာရှိသူ လက်အောက်မှာ လုံလောက်သော အကြောင်းတခု အတွက်ကြောင့်က လွဲလို့ မလှန်နိုင်အောင် ဖိနှိပ်ထားဖို့ ရည်ရွယ်ချက်နဲ့ ဆိုတာမျိုး မဖြစ်စေချင်မိတာပါ။ ဘာပဲဖြစ်ဖြစ် သေသူလည်း သေပြီပဲလေ။ လက်ရှိမှာ အများ အကျိုးပြုနေတာမို့ သူ့ကို ကျေးဇူး တင်ထိုက်တယ် ဆိုခဲ့တာပါ။
    စကားမစပ် တီချမ်း ငြိမ်နေတယ်နော်.... :)

    ReplyDelete
  15. အန်တီချမ်းရေ အကောင်းမြင်တာကောင်းသလိုလိုပေမယ့်နေရာတိုင်းတော့မကောင်းဘူးဗျအမှန်တရားကိုဖုံးကွယ်မိပြီးနှစ်ချမ်းကွဲအောင်ခံသွားရနိုင်တာတွေရှိပါတယ်သူ့ဘာသာဝင်တွေအတွက်ဆိုပေမယ့်ဘုန်းကြီးကျောင်းဘုရားကသစ်တွေမဟုတ်လားပုဂံမင်းအသေဆိုးသေတာအဲဒါတွေပါတယ်ဆိုယုံမလားမိရိုးဖလာထက်ကျော်အောင်လေ့လာစေချင်ပါတယ်အသက်ကိုရိုသေပေမယ့်ဗဟုသုတကကလေးဖြစ်နေရင်ရိုသေရကျိုးမနပ်ဘူးဗျာလူငယ်တွေကိုလမ်းကောင်းပြဆုံးမနိုင်တဲ့အမြင်လောက်တော့ရှိသင့်ပါတယ်ဗျာ

    ReplyDelete
  16. အန်တီချမ်းရေမိရိုးဖလာထက်ကျော်အောင်လုပ်ပါလူငယ်တွေထက်သိမြင်ပြီးလူငယ်တွေကိုအမြင်မှန်အောင်ဆုံးမတတ်ပါစေတကယ်ကဘုန်းကြီးကျောင်းကသစ်ဘုရားစေတီကသစ်တွေမဟုတ်လားအပေါ်ကတောင်ဖြတ်လျှောက်ရမှာ အကြောင်းသိရင် ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ကြောက်တောင်ကြောက်တယ်ပုဂံမင်းဒါကြောင့်အသေဆိုးသေသလို မောင်ပိန်တို့လည်းသေခဲ့တာနော်အကောင်းမြင်တယ်ဆိုတာနေရာတိုင်းမကောင်းဘးအမြင်မှန်ကိုဖုံးပြီးနှစ်ချမ်းကွဲသွားနိုင်ပါတယ်

    ReplyDelete
  17. ဘိုင်ဆပ်နဲ့မောင်ပိန်အနေကောင်းရင်အသတ်ခံရနိုင်စရာမရှိစောစောအေသတ်ခံရတာကြာင ထိုနယ်တဝိုက်မှမြန်မာအမျိုးသမီးများသက်သာရာရခဲ့သည်အကြောင်းမဲ့အသတ်ခံရနိုင်စရာမရှိတာကိုဖုံးကွယ်မရ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...