Wednesday, February 9, 2011

ဒါဇင်ဝက်

၂၀၀၈ ခုနှစ် ရွာတခေါက် ပြန်တုန်းကပေါ့။ တည ရွှေနိုင်လွန်က ဒူးမလိုင် သောက်ပြီးအပြန် အိမ်မှာ လဘက်တပန်းကန်၊ ရေနွေးတလင်ပန်း နဲ့ မိသားစု စကားဝိုင်းလေး ဝိုင်းဖြစ်ခဲ့ကြတယ်။  ခဏကြာတော့ ကျမ အမျိုးသားနဲ့ ငယ်သူငယ်ချင်းဆိုတဲ့ အမ တယောက် ရောက်လာပြီး စကားဝိုင်းလေးက ပိုပြီး စည်ကားသွားခဲ့တယ်။ ကျမကတော့ နင်လုံး ငါလုံး တွေနဲ့ စကားတွေ ရေပက်မဝင်အောင် ပြောနေတဲ့  သူတို့ သူငယ်ချင်း နှစ်ယောက်ကို သဘောတကျ ကြည့်ရင်း တဖက်ကလည်း ယောက္ခမကြီး နဲ့ လဘက် လုစားရင်းပေါ့။ 

သူတို့ နှစ်ယောက် စကားလမ်းကြောင်းက ဟိုရောက် ဒီရောက်ပါပဲ။ အထူးသဖြင့်တော့ ငယ်တုန်းက သူငယ်ချင်းတွေ ဘယ်သူတွေကတော့ဖြင့် သေပြီ၊ ဘယ်သူကတော့ဖြင့် အရက်စွဲနေတာ၊ ဘယ်သူကဖြင့် ခုထိ အပျိုကြီး ဖြစ်နေတုန်း၊ ဘယ်သူကဖြင့် အိမ်ထောင်ကျပြီး ကလေး တပုံကြီးနဲ့၊ ဟိုကောင်က ဖြင့် စီးပွားရေးမှာ ဘယ်လို အောင်မြင်နေတာတို့၊ ဟိုတယောက်ကဖြင့် ဌာန တခုမှာ ဘာကောင်ကြီးဖြစ်နေရဲ့ ဆိုတာမျိုး...အို သူတို့ သိသမျှ မှတ်မိသ မျှ သူငယ်ချင်းတွေ အကြောင်း စုံလို့ပါပဲ။

အဲဒီလို သူငယ်ချင်းတွေ အကြောင်းကနေ ဘယ်ကလို ဘယ်လို ကလေးအကြောင်း ရောက်သွားတယ် မသိဘူး။

" ဟဲ့ နင်တို့ ကလေး မရကြသေးဘူးလား...."

အဲဒီ အမရဲ့ အမေးကို ကျမ အမျိုးသားက ခပ်နောက်နောက် ပြန်ဖြေပါတယ်။

" ဟေ့အေး  ငါတို့ မရသေးဘူး၊ မရဆို ငါတို့မှာ  ပေးစရာ အကြွေးမှ မရှိတာ "

" ဘာဖြစ်တယ် ငါနားမလည်ဘူး နင့်ဟာက ရှင်းစမ်းပါအုံးဟ "

" ဪ နင်ကလည်းဟာ ကလေးဆိုတာ ဟိုးအရင် ဘဝက ပေးစရာ အကြွေးရှိခဲ့လို့  ဒီဘဝမှာ လာပြန်တောင်းတာဟ...ငါတို့က အဲလို ကြွေးကင်းခဲ့လို့ "

" အောင်မာ ဟဲ့ကောင် နင် စပျစ်သီး ချဉ်မနေစမ်းပါနဲ့ မဟုတ်တာတွေ "

" တကယ်ပြောတာဟ နင်မယုံဘူးလား ကလေး တယောက်ပဲ ရှိတဲ့သူဆိုရင် အဲဒါ ဟိုဘဝက ဘတ်စ်ကားခ မပေးပဲ ခိုးစီးခဲ့လို့  အဲဒါ ခုဘဝ ပြန်ပေးဆပ်ရတာ "

ကျမဖြင့် နားထောင်ရင်း ပြုံးမိရသည်။ သူဖောက်လာပြီ...အဲဒီလိုပဲ လူရင်းတွေနဲ့ဆို အစအနောက် သန်ပြီ။
" နေစမ်းပါအုံး နင် ခု ကလေး ဘယ်နှစ်ယောက် ရှိတုန်း "

အဲဒီ အမက ပြုံးတုံ့တုံ့နှင့် ပြန်ဖြေရှာသည်။

" ၃ယောက် "

" ဟား....အဲဒါပေါ့ ကလေး ၃ယောက် ရှိတဲ့သူဟာ ဟိုးဘဝတုန်းက ဘုရားအလှူခံဘုံး ဖောက်ခဲ့လို့ဗျား "

" လုပ်ပြီ နင်ဟာလေ ပေါက်ကရ ပြောပြီ ဟား ဟား ဟား "

အမက ပြောလဲပြော   ရယ်လဲရယ်ပါတယ်။ ဒါကို ကျမ အမျိုးသားက ဆက်ပြောပြန်တယ်။

" ၃ယောက် မို့လို့ပေါ့ဟာ ၆ ယောက်ဆိုရင်တော့ နင် သေချာပြီ အဲဒါ ဘုရားရွှေခွာတဲ့ အဖွဲ့ထဲကပဲ "

အဲဒီမှာ တချိန်လုံး ငြိမ်နေတဲ့ ကျမ ယောက္ခမကြီးက လဘက်ဇွန်း ခဏချလို့ ထပြောလိုက်တာ...။

" အောင်မာလေးတော် ကျူပ်တို့လဲ ၆ ယောက် မွေးခဲ့တာပါတော်.....တဲ့ "


 


12 comments:

ရွှေရတုမှတ်တမ်း said...

ဟေ့..ဒီ post က ငယ်ငယ်က တဝက်ခပေးရတဲ့ ဇတ်ကားအဟောင်းလို ရုံပြန်တင်တာပဲ..

ယောနက်သန် said...

ဟုတ်ပါ့ ကိုကြီးကျောက်၊ အစ်မ ချစ်ကြည် ဆားချက်တာ များနေပြီ။ :)

kiki said...

အဲ..အဲ..
ဒီမှာက ..မောင်နှစ်မ ၆ ယောက် ရှိပါတယ်။
အဖေတို့  အမေတို့ ကို ပြန်မေးကြည့်အုံးမှပဲ၊ မချစ်ကြည် ရေ..
ဘာတွေ လုပ်ထားခဲ့ကြ သလည်း လို့ ..း)

ခင်တဲ့
မကိ

An Asian Tour Operator said...

ခုတော့ ကျနော် မှာလဲ ကျေးဇူးရှင် က နှစ်ယောက်တောင်ဖြစ်လာပြီ။ သူတို့ကိုပဲ အရိပ်တကြည့်ကြည့်လုပ် နေရတယ်။ လေသံ တောင် မမာရဲဘူး။ မကြိုက်ဖူးတဲ့..။ ကိုယ်က သင်ပေးရ မယ်မရှိဘူး သူပြောတာပဲ နားထောင်ရမယ်တဲ့။ အစ်မချစ်ပြော သလိုဆိုရင် ကျနော် လဲ အရင်ဘ၀က ကျူရှင်လခ မပေးပဲ ခိုးတက် ခဲ့လို့များလားး။

သဒ္ဓါလှိုင်း said...

ဟိဟိ..အမချစ်တို့ကကြွေးကင်းခဲ့တယ်ပေါ့..။
ချစ်တဲ့
ညီမသဒ္ဓါ

မိုးငွေ့...... said...

အမချစ်ဘာကြောင့် ဆားချက်တယ်ဆိုတာ သူတို့တွေကို မပြောပြဘူး....။

TURN-ON-IDEAS said...

“ရွှေနိုင်လွန်က ဒူးမလိုင်”
မန္တလေးသားနဲ့ရန်ကုန်သူး)
(မတွေ့တာကြာလို့ လာနှုတ်ဆက်တာပါ)

မေငြိမ်း said...

ဟွန်းးး လာပြီးတော့ကို ရိုက်ဦးမယ်..။ တို့ကတော့ ဟိုးဘဝတုန်းက ဘုရားအလှူခံပုံး ဖောက်ခဲ့လို့ပေါ့လေ.. ဟွန်းးး တွေ့ကြသေးတာပေါ့..။ အဲ..နေဦး .. ဘယ်သူ့ကို ရိုက်ရမလဲ.. ပြောဦး.. :P

Anonymous said...

နှစ်ယောက်ဆိုရင်ရော... ဘာလုပ်မိခဲ့လို့လဲ?

Rose of Sharon

ညီမလေး said...

ချစ်ချစ် ဒါဇင်ဝတ် ဖတ်ရတော့ ဒူးမလိုင်လဲ သောက်ချင်လို့ သတိရ .. သားသမီး ၆ယောက်မွေးထားတဲ့ အမေ့ကိုလဲ သတိရး))
ဒါပေမဲ့ အမေက ရွှေတော့ မခွာဘူးထင်တာပဲးD

ညီမလေး said...

ဒါဇင်ဝတ် ကို ဒါဇင်ဝက်လို့ အမှားပြင်ပါတယ်း)

ကိုပေါ said...

အရင်ဘဝက ကားခိုးစီးမိခဲ့ပါတယ်။း-)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်