Wednesday, January 19, 2011

သူတို့ သားအမိနှင့် ကျမ

အမေ သေမှတော့ ကျမ မငိုချင်ဘူး။ ဒါကြောင့် အမေ ရှိနေတုန်းမှာ အမေစိတ်ချမ်းသာစေဖို့ပဲ ကျမ ကြိုးစားတယ်။

အမေ ဒီတခေါက် ကျမဆီ လာလည်တဲ့အခါ သူ စိတ်ချမ်းသာစေဖို့ အတတ်နိုင်ဆုံး ဂရုစိုက်မယ်လို့  ကြိုတင် စဉ်းစား ဆုံးဖြတ်ထားခဲ့တယ်။  အရင် အခေါက်တွေတုန်းက စိတ်ထဲ ရှိသလောက် အမေ့ကို ကျမ မပြုစုနိုင်ခဲ့ဘူး။ ကျမတို့ လင်မယားမှာ အလုပ်တဘက်နဲ့ ခွင့်ကလည်း မရတာမို့ ပိတ်ရက်လောက်ပဲ အမေနဲ့အတူ အိမ်မှာ ရှိနေပေးနိုင်ခဲ့တယ်။

ဒီတခေါက်တော့ ကျမလည်း ခွင့်ရက် လက်ကျန်တွေရှိနေသေးတယ်၊ အိမ်ကလူကြီးကလည်း ပရောဂျက်တခုပြီးလို့ နောက်ပရောဂျက်တခုမှာ အလုပ်မဝင်ခင် နားနေတဲ့ ကြားကာလ ဖြစ်တာမို့ အချိန်ကောင်းပဲလို့ ယူဆပြီး အမေ့ကို ကျမတို့ဆီ အလည်ခေါ်ဖြစ်ခဲ့တယ်။ အမေ သိတ်ဖူးချင်တဲ့ မြဘုရားဖူးဖို့ ဘန်ကောက်ကို ပို့ရင်း ချင်းမိုင်ဖက်ကိုပါ အလည်သွားကြဖို့ စီစဉ်ထားခဲ့တယ်။ အမေ သိတ်ပျော်မှာပဲ လို့ ကျမ ကြိုတွေးထားခဲ့သေးတယ်။

တကယ်တမ်းကျတော့ ခရီးတလျှောက် အမေ ပင်ပန်းနေခဲ့တာ များတယ်။ ချင်းမိုင် နှစ်ည၊ ဘန်ကောက် နှစ်ည သွားခဲ့ကြတာဖြစ်ပြီး ချင်းမိုင်မှာ တနေ့ ခရီးစဉ်တခုနဲ့ ဘန်ကောက် နေ့ဝက် ခရီးစဉ်တခုမှာ ကားမူးတတ်တဲ့ အမေ ပင်ပန်းနေရှာခဲ့တယ်။ အမေက ထမင်းပဲ မက်မက်စက်စက် စားသူ ဖြစ်တော့ ခပ်တောင့်တောင့် ဆိုင်ထမင်းတွေနဲ့ ဘယ်လိုမှ အဆင်မပြေလှဘူး။ ဆန်ပြုတ်မှာပေးပြန်တော့ ဆန်ကို အကြေပြုတ်ထားတာမျိုး မရဘဲ ထမင်းခပ်တောင့်တောင့်ကိုပဲ စွပ်ပြုတ်ရည်ထဲ ထည့်ပြီးလာချတာမို့ သူ စားဖို့ အဆင်မပြေပြန်ပါဘူး။

တချို့ဆိုင်တွေမှာတော့ ထမင်း အိအိထွေးထွေး ပူပူနွေးနွေး အဆင်ပြေပြေရတဲ့အခါ သူ ဝမ်းသာအားရ စားရှာပါရဲ့။ ပြီးပြန်တော့ အစာမကြေဘဲ ရင်တောင့်နေတာမျိုး ဖြစ်ပြန်ပါတယ်။ တချို့ နေရာတွေကို သူ မလိုက်နိုင်တော့လို့ ဟိုတယ်ကိုပဲ ပြန်ပို့ပေးဖို့ အရေးဆိုလာတဲ့အခါ ကားကြပ် ကားများတဲ့ ဘန်ကောက် တလမ်းမောင်း ဟိုင်းဝေးပေါ်မှာ ကားမောင်းသူရော၊ ကျမတို့ရော ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ရတယ်။ အမတယောက် ပါလာတဲ့ ဆေးလေးတိုက် ချော့မော့ပြီး ဆက်ခေါ်သွားခဲ့ကြတယ်။ ခရီးစဉ်ကိုလည်း မူလအစီအစဉ်အတိုင်း မသွားတော့ဘဲ ချုံ့ပြီး စီစဉ်ခဲ့တယ်။ အဲသလို တချို့နေရာတွေ မသွားဘဲ ဖျက်ခဲ့ပေမဲ့ ငွေအပြည့် ပေးချေခဲ့တာမို့ ကားသမားကတော့ ကြေနပ်မယ် ထင်ပါရဲ့။ 

အဖေ မဆုံးခင် မိသားစုလိုက် မြဘုရားဖူးဖို့ စီစဉ်ခဲ့ဖူးတယ်။ ဒါကြောင့်ပဲ ဖြစ်မယ်။ မြဘုရား ဖူးအပြီးမှာတော့ အမေ မျက်ရည်ကျရှာတယ်။ အဖေ့ကို သတိရတဲ့စိတ်ရယ်၊ ဝမ်းသာလွန်းတာရယ်ကြောင့် ဖြစ်မယ်။ ကျမလည်း အဖေ့ကို လွမ်းတဲ့စိတ်နဲ့ မျက်ရည်ဝဲခဲ့ရတယ်။

ခရီးက ပြန်လာအပြီးမှာတော့ အမေ အိုသွားပြီ၊ အမေ အသက်ကြီးသွားပြီ ဆိုတာကို ကျမ နားလည် လက်ခံခဲ့ရတော့တယ်။ ဘယ်လောက်ပဲ အရွယ်တင်တယ်ပြောပြော ကျန်းမာရေးမှာတော့ သိသိသာသာ ကျဆင်းလာခဲ့ပြီ။ ကိုယ် သွားစေချင်သလို သူက မသွားနိုင်၊ ကိုယ် စားစေချင်သလိုလည်း သူက မစားနိုင် ဖြစ်ခဲ့ပြီပဲလေ။

မနက်-ည ဘုရားရှိခိုး၊ ဘုရား ဝေယျာဝစ္စလုပ် ပြီးတာနဲ့ တနေ့ခင်းလုံး မီးပူတိုက်လိုက်၊ ပျင်းလာရင် အိမ်ကလူကြီး ဖွင့်ပေးတဲ့ တရုတ်ကား နဲ့ ကိုရီးယား ဒရမ်မာတွေ ကြည့်လိုက်နဲ့မို့ "အမေတော့ ဒီကပြန်ရင် တရုတ်စကားပြော နဲ့ ကိုရီးယား စကားပြော မာစတာ ဖြစ်လောက်ပြီ ခုတောင် ချောင်းဆိုးတာနဲ့ ရယ်တာနဲ့ တတ်နေပြီ" လို့ အိမ်ကလူကြီးက ပြောလို့ ရယ်ရသေးတယ်။

အမေ့မှာ သနားလည်း သနားစရာ လုပ်စရာကလည်း မရှိ။  ဂက်စ်မီးဖိုလည်း မကိုင်ရဲတာမို့ ဘာမှ မချက် မနွှေးနိုင်ဘူး။ ကျမ ရှိရင်တော့ ဂက်စ်မီးဖိုကို လက်နဲ့ အသာလေး ခပ်ဝေးဝေးက  မရဲတရဲ လှမ်းပြီး ဖွင့်သေးတယ်။ ကျမ မရှိလို့ကတော့ သူတို့ သားအမိနှစ်ယောက် ဟင်းကို အအေးအတိုင်း စားကြတယ်။ ကျမ ရုံးသွားရင် အမေနဲ့ သူ့သားမက် နှစ်ယောက်ပဲ အိမ်မှာ ကျန်ခဲ့တော့ သူတို့ နှစ်ယောက်ထဲ မနက်စာ နေ့လည်စာတွေကို ဖြစ်သလို စားကြပြီး ညနေ ကျမ ရုံးကပြန်လာမှ ညစာ ချက်ပြုတ် ကျွေးရပါတယ်။

အအိပ်မက်တဲ့ ကျမက ရုံးကားမီအောင်တောင် အပြေးအလွှားသွားရသူမို့ အမေ့ မနက်စာကို အိမ်ကလူကြီး လက်ထဲ ဝကွက် အပ်ထားလိုက်ရတာ။ တနေ့ တနေ့ မနက်စာ ဘာစားလဲ မေးမိတော့ Old Chang Kee က Curry Puff တဲ့၊ ပြီးတော့ ပေါက်စီ နဲ့ ကော်ဖီတဲ့။ မေးတိုင်း ဒါပဲ ဖြေနေတော့တာနဲ့ အိမ်ကလူကြီး မေးကြည့်မှ ကျမက အမေ ဒါတွေ ကြိုက်တယ် ပြောထားဖူးလို့ သူက ဒါတွေပဲ ဝယ်ကျွေးနေတာတဲ့လေ။ လိုက်လည်းလိုက်တဲ့ သားအမိ။

ကျမတို့ ငယ်ငယ်က သားသမီးတွေ ကျောင်းထမင်းဘူး အတွက် အစောကြီး အိပ်ရာထ ချက်ပြုတ်နေတတ်တဲ့ အမေ့ကို ကျမ ပြန်မြင်မိတယ်။ အမေ တယောက်ထဲက သားသမီးတွေ အားလုံးအတွက် အဆင်ပြေအောင် လုပ်ပေးခဲ့ပေမဲ့ အမေတယောက်ထဲအတွက် ကျမ ပြန်မလုပ်ပေးနိုင်ပါလား ကျမ တွေးမိပြီး စိတ်မကောင်းပေမဲ့ အိပ်ရာထ နောက်ကျတတ်တဲ့ ကျမ အကျင့်ကိုဖြင့် ပြင်မရနိုင်သေးပါဘူး။

ညစာ အတူစားကြပြီဆို ကျမက အမေနဲ့ အိမ်ကလူကြီး ပန်းကန်ထဲ ဟင်းဦး ထည့်ပေးပြီး ကိုယ့်ဖာသာ စားတော့တာ။ အမေက အသံတိတ် မျက်ရိပ်ပြတယ်။ သူ့သားမက် ပန်းကန်ထဲ ဟင်းလျော့နေလို့ ထပ်ထည့်ပေးဖို့ပေါ့လေ။  "အမေ့ သားမက်ကို လာမဖျက်ဆီးနဲ့နော် အမေတို့ ခေတ်ကလို မဟုတ်ဘူး ဒီမှာ နှစ်ယောက်လုံး အလုပ် ထွက်လုပ်ရတာ သူ့ဖာသာ သူ ထည့်စားလိမ့်မပေါ့" လို့ ကျမက အသံထွက် ပြန်ပြောတယ်။ အမှန်က ခါတိုင်းဆို ထည့်ပေးပါတယ် အမေ သူ့သားမက်ကို အဖြစ်သည်းနေလို့သာ ကျမက ရယ်ချင်ပက်ကျိနဲ့ တမင် ပြောချလိုက်တာ။

ထမင်းစားပြီးပြန်တော့လည်း တမျိုးတဘာသာ။ သူ့သားမက်ကို အချိုပွဲ အသီးအနှံ ခွဲကျွေးဖို့ ပြောလာပြန်ပါရော။ အားလုံးပြီးလို့ ကျမ ကွန်ပြူတာရှေ့ ထိုင်မယ် လုပ်တဲ့ အခါကျပြန်တော့ "သမီးရယ် အလုပ်ထဲလည်း တနေ့လုံး ကွန်ပြူတာကြီးရှေ့ ထိုင်ခဲ့ရတာ မဟုတ်လား ကိုယ့်ယောင်္ကျားနဲ့ စကားလေး ဘာလေးပြော၊ သူလိုတာလေး လုပ်ပေးလေ" တဲ့။ မခက်ဘူးလား။ ကျမမှာ ဘလော့ဂ်ရေးနေတာလည်း အမေ့ မပြောရဲပြန်တော့ ဒုက္ခပေါ့။

ဟိုလူကြီးကလည်း အခွင့်သာတုန်း ပြောတတ်လိုက်ပုံက အမေ....အမေ့သမီး ကျနော့်စကား နားမထောင်ဘူး အမေ၊ မနက် မနက်ဆို အမေ့သမီးကို အိပ်ရာက အမြဲပဲ နှိုးရတယ်၊ အမေ့ သမီး အင်္ကျီတွေလည်း ဘီရိုထဲ လုံးထွေးထည့်ထားတယ် အမေ...၊ အမေ့သမီး အရမ်းခေါင်းမာတယ် အမေ သိလား၊ အမေ.....၊ အမေ......နဲ့ မပြီးနိုင် မစီးနိုင် အတိုင်အတော ထူနေတော့တာ။ သူတို့ နှစ်ယောက် တပါတီထောင်ပြီး ကျမကို ဝိုင်း နှိပ်ကွပ်နေတော့တာ၊ ကျမက အလိုလို အပြင်ထရံဖြစ်ပြီး သူ့သားမက်ကို အတွင်းထရံလို ကာထားတော့တာ။ မခက်ဘူးလား။ ဒါတောင် အဖေ မရှိတော့လို့ အဖေများရှိရင် သူတို့သုံးယောက်နဲ့ ကျမတယောက်ထဲ ဖြစ်ရဦးမှာ။

ဒီနေ့တော့ ကျမတို့ နှစ်ယောက် အမှတ်တရ လက်ဆောင်လေးနဲ့ အမေ့ကို ကန်တော့ကြတယ်။


ဒီနှစ်တော့ တိုက်ဆိုင်စွာပဲ အမေများနေ့မှာ အမေက ကျမတို့ အနားမှာ။ အမေ ပေးတဲ့ဆုတွေ ခံယူရင်း အမေလည်း ကျန်းမာပါစေလို့ ဆုတောင်းမိတယ်။ တကယ်ဆို ကျမက အမေ့ကို ခုလို ဘုရားစင်ရှေ့မှာပဲ ထိုင်၊ ဘုရား ရှိခိုး၊ တရားအားထုတ်နေတာထက် ရိပ်သာတခုခုမှာ အေးအေးဆေးဆေး ရက်ရှည် တရားအားထုတ် နေစေချင်တာပါ။ ဒါပေမဲ့ အမေ့ကြည့်ရတာ ဟိုသားအတွက်ပူရ၊ ဟိုသမီးအတွက်ပူရ၊ မြေးတွေ စိတ်မချရနဲ့ သမုဒယချည်နှောင်မှုတွေထဲ ရုန်းမထွက်နိုင်သေးပုံပါပဲ။ 

အမေတွေဟာ ဒီလိုပဲ ထင်ပါရဲ့။ ကျမကဖြင့် ခုတခေါက်လည်းပဲ စိတ်ဆုံးဖြတ်ထားသလို အမေ့ကို စိတ်ရှိလက်ရှိ မပြုစုနိုင်ပြန်ပါဘူး။ ဒီလိုပဲ ရေတွေဟာ အမြဲ စုန်နေတော့မယ် ထင်ပါရဲ့လေ....


21 comments:

ဇွန်မိုးစက် said...

အစ်မရယ်...အပေါ်ပိုင်းမှာဖတ်ပြီး ပြုံးခဲ့ရပေမယ့် အဆုံးသတ်မှာ... ၀မ်းနည်းသွားတယ်။ ဟုတ်တယ်နော်...အမေတို့က အပင်ပန်းခံပြုစုခဲ့သလိုမျိုး ကိုယ့်အလှည့်မှာ မပြုစုနိုင်ရင်ဆိုတဲ့အတွေးမျိုး ၀င်လာတယ်။
မိဘတွေဟာ သားသမီးတွေအတွက် အမြဲစုန်ရေပါပဲ အစ်မရယ်။

အဝေးရောက်သမီး said...

ဟုက်တယ်အမရေ...
အမေ သေမှတော့ ကျမ မငိုချင်ဘူး။ ဒါကြောင့် အမေ ရှိနေတုန်းမှာ အမေစိတ်ချမ်းသာစေဖို့ပဲ ကျမ အတက်နိုင်ဆုံး ကြိုးစားပါတယ်။ ဒါပေမယ်. အမပြောသလိုပါပဲ အမေအိုပြီ....
ဘ၀ကပါးပြောင်းသွားပြီးတဲ. အဖေ့ကို သတိရတယ်။
အမရဲ. Post ကထပ်တူထပ်မျှဖြစ်နေလို. ကျမငိုနေပြီ အမရေ...

Kay said...

အမေ နေ့ မှာ..အမေ လို တွေးပြီး..အမေ့ လို ကြီးသွားရင်.. အမေ့လို အိတ်ကလေးလည်း လိုချင် သေးတယ်။း)

ပျော်စရာ ၃ ယောက်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်ဆုံးက အကြောင်းလေးကို အကြိုက်ဆုံးဘဲ အစ်မရယ် ညီမခံယူချက်နဲ့တူတယ်..
သေပြီးမှ အသံပြဲနဲ့ အော်ငိုနေတာထက် မသေခင်စိတ်ချမ်းသာအောင် ထားတာ အကောင်းဆုံးပါနော်..
ဒါနဲ့ အစ်မချစ်က အင်္ကျီတွေ လုံးထွေးပြီးထည့်ထားတာလား
ဟိဟိ ဖတ်ပြီး ရယ်မိသေး
မဖြစ်နိုင်ပါဘူး မယုံဘူး အစ်မက ဒိလိုနေမဲ့သူမဟုတ်ဆိုတာ ယုံကြည်ပြီးသားပါနော်။။

kiki said...

အခြေအနေတွေရော ၊ အဖြစ်အပျက်တွေပါ ထပ်တူထပ်မျှနီးပါး တူညီ နေတဲ့ အရာလေးမို့  ရင်ထဲ စွဲပြီးကျန်ရစ်စေပါတယ် ။
ဟုတ်ပါတယ် မချစ်ကြည် ရေ ..
ရေစုန်တွေပဲ ပိုများနေကြတာ လေ ။
ရေဆန်ဖြစ်အောင်ကြိုးစားပေမဲ့ အကောင်အထည် မပေါ်နိုင်သေးဘူး ..

An Asian Tour Operator said...

အစ်မချစ် ပြောမှပဲ ကျွန်တော့် မိဘ တွေကို ပိုပြီး သတိရလာတယ်။ ဖုန်းခက လဲဈေး အင်မတန်ကြီးတော့ ခဏခဏ မဆက်နိုင်ဘူး။ မိခင်များ နေ့မှာ စကားပြောနေရင်းနဲ့ ခရက်ဒစ် ကုန်သွားလို့ ဂျီတော့ မှာရှိနေတဲ့ မြန်မာပြည်က သူငယ်ချင်း တစ်ယောက် ကို စာရိုက်ပြီး ဖုန်းလှမ်းဆက်ဖို့ အကူအညီတောင်းရတယ်။ ပိုက်ဆံလဲ လှမ်းပို့ဖို့ မလွယ်လို့ ကျွန်တော် စုဆောင်းထားတဲ့ နာမည် ကျော် ပန်းချီဆရာ တွေရဲ့ကား တွေထဲက ခုတလော ခဏခဏ လာဝယ် နေတဲ့ ကား ကို ဒီတခါလာဝယ် ရင် ရောင်းလိုက်ပြီး မေမေတို့ပဲ ယူပါလို့ပဲ ပြောနိုင်လိုက်တယ်။ ဗုဒ္ဓဂယာ ဘုရားဖူးပို့ နိုင်အောင် ပိုက်ဆံစုလိုက် ဦးမယ်။ (ဘာတော့လောက် မှတော့ စ စုနိုင်မှာလဲ မသိ)။ So sad :'(

Vista said...

မနက်စာကို စောစောထချက်ပေးလိုက်လေ မချစ်ကြည်ရဲ့ ဟိ။
ကျနော့် ယောက်ခမ မာမီလာလည်တုံးက သူကိုအဲလို မနက်စာ နေ့ လည်စာ ထချက်ပေးခဲ့တယ် ။
မဟုတ်ရင် သူစားချင်တာနဲ့ စားတာ လဖက်နဲ့ စားလို စား။ အာဟာရမရှိဘူးပေါ့ ။ မနက်စာများကြီးလုပ်ထားပေးပြီး အကုန်စားခိုင်းရတယ်။ ထချက်ပေးတော့လည်း အတင်းမထနဲ့ ပြောတာ ။ဒါမယ့်ကိုယ်က လုပ်ပေးရတာပေါ့လူကြီးကိုး။ ဟင်းမချက်နဲ့ ပြန်လာမှ ချက်မယ်ပြောလည်း ကျနော်တို့ မရောက်ခင် ခိုးချက်တာပဲ ။ပြန်ရောက်တော့ ဟင်းတွေအသင့်နဲ့ သွားလေးဖြီးရယ်နေတာ ။
ကျနော့် မားသားကတော့ မလာဘူး စလုံးကိုပျင်းလို့ တဲ့ ။ ဒူးလည်းမကောင်းလို့ လေ။ဒီတခါပြန်မှအတင်းတော့ ထပ်ခေါ်အုံးမယ် ။

မိုးယံ said...

အို အမေ့

Anonymous said...

မချစ်ကြည်ရေ။ အမေကို ပြုစုလုပ်ကျွေးတာတွေ ဖတ်ရတာသာဓုခေါ်ပါတယ်။
တရားထိုင်တာ မချစ်ကြည် ပြောသလိုပဲ ဘုရားစင်ရှေ့မှာ ထိုင်တာထက် ရိပ်သာမှာ ထိုင်တာက ပိုထိရောက်ပါတယ်။ အထူးသဖြင့် စစချင်းမှာပေါ့။ ကျွန်မကိုယ်တိုင်လဲ အလုပ်က ခွင့်မရလို့ ရိပ်သာမဝင်နိုင်ဘဲ အချိန်ရသလို ကိုယ့်အခန်းထဲ ကိုယ့်ဟာကိုယ် အားထုတ်တာ လက်တွေ့ကျတော့ ခရီးမတွင်ဘူး။ နည်းပြနဲ့ တခြားဘောလုံးသမားတွေနဲ့ ကျကျနန ကွင်းထဲဆင်းကန်တာ မလုပ်ဘဲ ဘောလုံးကန်နည်းစာအုပ်ဖတ်ပြီး ကိုယ့်ဟာကိုယ် ကန်နေတဲ့ ဘောလုံးသမားလို ဖြစ်နေတယ်။
ရိပ်သာ ခုနစ်ရက် ၁၀ ရက်လောက် ဝင်တော့မှ အာရုံကို တတ်နိုင်သမျှ တစ်နေရာတည်းမှာ စုနေအောင် ဘယ်လိုကြိုးစားရတယ်၊ စိတ်ပြန့်လွင့်လာရင် ပြန့်လွင့်တာကို ဘယ်လို လိုက်မှတ်ရတယ်၊ သမာဓိ ရချင်ဇောနဲ့ ဣရိယာပုဒ် တစ်ခုထဲ မရွှေ့မပြောင်း ဒဏ်ခံနေစရာ မလိုဘဲ ဘယ်လို မလျော့မတင်း အားထုတ်ရတယ် တိုတာတွေ နားလည်လာတာပါ။

တရားထိုင်တာက လောကီရေးမှာလဲ အများကြီး အကျိုးရှိပါတယ်။ စာကျက်ရ လွယ်လာတာ၊ စိတ်တိုစိတ်ဆတ်တာတွေကို ထိန်းနိုင်လာတာ၊ ကျန်းမာရေး ပိုကောင်းလာတာ၊ အရာရာကို မှန်မှန်ကန်ကန် မျှမျှတတ မြင်တတ်လာတာ၊ ပိုက်ဆံတို့ အချိန်တို့ကို အကျိုးမဲ့ ဖြုန်းတီးမိတာ နည်းတာတွေ လက်တွေ့ပါပဲ။

အစ်မအမေကို ကျွန်မလို အိမ်ကဘုရားစင်ရှေ့မှာ ကိုယ့်ဟာကိုယ် ထိုင်ရတာ ခရီးမတွင် ဖြစ်နေမှာစိုးလို့ ရိပ်သာဝင်ဖို့ကောင်းကြောင်း မနေနိုင်မထိုင်နိုင် အကြံပေးသွားတာပါ။ ကျွန်မလဲ ရုန်းရုန်းကန်ကန် လှုပ်လှုပ်ရှားရှား သာမန်လူ တစ်ယောက်ပါပဲ။ တရားအကြောင်း ဝင်ပြောသွားလို့ အရမ်းရင့်ကျက်နားလည်နေပြီ မထင်စေလိုပါ။

Ko Boyz said...

လုံးထွေးထည့်တာကတော့ သေချာတယ်.... ဟားဟားဟား...

rose of sharon said...

ကိုယ့်လူက သူ့ဘက်တော်သားဖြစ်သွားတာပေါ့.. ဟုတ်လား ( သူတို့သားအမိနှင့်ကျမ) ဆိုလို့ :)

TURN-ON-IDEAS said...

အစ်မချစ်ရေ...
အမေ့အနားမှာရှိနေတုန်း အမေနဲ့စကားတွအများကြီးပြောပါ၊ ခြေဆုပ်လက်နယ်လေးနဲ့ အမေ့အနားမှာပဲ ကပ်နေပါ...
ကျနော်လဲ အမေ့ကို လွမ်းတယ်...

su su said...

မချစ်‌ရေ...ဖတ်ပြီး‌တော့အ‌မေ့ကိုလွမ်းလိုက်တာ...မချစ်အ‌မေလိုဘဲတို့အ
‌မေလဲကားမူးတတ်လို့..အပြင်သွားရင်သိပ်ပင်ပန်းရှာတာ..ကိုယ်ကဟိုဟိုဒီဒီ
ဘုရားဖူး လိုက်ပို့ချင်‌ပေမဲ့ အ‌မေပင်ပန်း‌နေတာကြည်ြ့ပီးအနီးအနားဘဲပို့ရ
‌တော့တယ်..။အ‌မေ့ကိုနိုင်ငြံခား‌ရောက်ဖူး‌အောင်လာပါလားဆို‌တော့..‌လေယာဉ်‌ပေါ်မှာတင် သေသွားလိမ့်မယ်သမီး‌ရေတဲ့..ဘာဘဲ‌ပြော‌ပြောမချစ်ကကံ‌ကောင်းတာ‌ပေါ့..အမေ့ကို‌ခေါ်ပြီးပြုစုခွင့်ရလို့‌လေ...။

Anonymous said...

အိတ်ကလေးက လှတယ်နော်။ လူကြီးနဲ့ လည်းလိုက်တယ်။
ဝယ်တတ်လိုက်တာ။ ဘယ်လောက်လောက်ရှိသလဲဟင် 200 ကျော်လောက်ရှိလားဟင်။
ကျွန်မ က အမေ့အတွက်ဝယ်ရင် မရွေးတတ်တော့ လူငယ်လို ဖြစ်နေရော။

Margaret Joe said...

ကျမလည်း..၀င်ပြောမယ်နော်
အမေကိုစိတ်ကူးထဲမှာ..ခဏခဏသေကြည့်ပြီး..ခံစားကြည့်မိတယ်
အတတ်နိုင်ဆုံး..ဖြည့်စည်းပေးခဲ့ပေမယ့်..ရာနှူန်းပြည့်မဟုတ်တာတော့.
သေချာတယ်..မလေးရှားကိုခေါ်လည်တုန်းကလည်း..အမရေးခဲ့တဲ့အတိုင်း
ကျမနဲ့တပုံစံတည်းမို့..စိတ်ထိခိုက်ရင်းနဲ့ဘဲေ၇းလိုက်ရပါတယ်
ကံကောင်းတာက..အမေကခုချိန်ထိအသက်ရှင်နေတုန်းပါဘဲ

သဒ္ဓါလှိုင်း said...

ဖတ်ပြီး လွမ်းသွားရတယ်အမချစ်.။ အမေမရှိမယ့်အဖြစ်ကို တွေးကြည့်
တာနဲ့တင် ရင်ထဲမှာစူးကနဲအောင့်သွားရတယ်။ အမေရှိတုန်း ပြုစု
လုပ်ကျွေးခွင့်ရဖို့ အဓိကပါနော်။ အမေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်သောသားသမီးများနဲ့ အတူနေနိုင်ပါစေ..
ချစ်တဲ့
ညီမသဒ္ဓါ

ဝက်ဝံလေး said...

ဖတ်ပြီးရယ်ရသေးတယ်
မိဘ တွေ သေချိန်မတန်ဘဲ သားသမီးတွေနားအမြဲရှိနေနိုင်ပါစေလို့ သားသမီးလုပ်စာ စားနိုင်ပါစေလို့ သမီးတော့ ဆုတောင်းတယ် သမီးဆုတောင်းက တဝက်ပဲပြည့်ပါတယ် မချစ်ရယ် ....

သက်ဝေ said...

ကိုယ်တိုင် အသက်တွေကြီးလာတာ သိပ်သတိမထားဖြစ်သလို မိဘတွေကိုလည်း အရင်ကလိုပဲ ထင်မှတ်မိတယ်... ဒါပေမယ့်လည်း တခေါက်နဲ့ တခေါက် မတူတော့တဲ့ သူတို့ရဲ့ အပြောင်းအလဲတွေကို တွေ့ရတော့ သူတို့ရဲ့ အသက်နဲ့ သူတို့ရဲ့ အနေအထားကို လက်မခံချင်လဲ လက်ခံရတယ်... မိဘတွေနဲ့ပတ်သက်လို့ ခံစားရတာတွေ တထပ်တည်းမို့ ဒီပိုစ့်လေးကို တကယ် နှစ်သက်စွာ ခံစားရပါတယ်... ကျေးဇူး သူငယ်ချင်း...

ညီမလေး said...

ချစ်ချစ် ပိုစ့်ကို ဖတ်ရတော့ မားကို ပိုလို့သတိရမိတယ် ။ ခံစားချက်တွေ ထပ်တူကျတယ် ။ အသက်တနှစ်ပိုကြီးလာလေလေ မိဘတွေကို ပိုပိုပြီး ချစ်လာလေ ။ ပြီးတော့ ဂရုတွေ ပိုစိုက်မိလေ....။ မိဘကျေးဇူးကို ခံစားရတဲ့ သမီးဖြစ်ပြီးပြီဆိုတော့ ပြန်လည်ပေးဆပ်ခွင့်ရတဲ့ သမီးဖြစ်အောင် ကြိုးစားဖို့ပဲကျန်တော့တယ် ချစ်ချစ်ရေ... ။

ချစ်ကြည်အေး said...

အိတ်ဈေးမေးသော အမည်မသိ ညီမရေ...အိတ်က လျှော့ဈေးချအပြီး S$၂၁၀ ပါ။ မူရင်းဈေး S$၃၅၀ က ချထားတာမို့ တန်တယ်လို့ ဆိုရပါမယ် ညီမရေ။

သူငယ်ချင်းများ ရေးဖော်များအားလုံး... ကော်မန့်များအတွက် ကျေးဇူး ကျေးဇူး ကျေးဇူးပါ...:)

Anonymous said...

အမချစ်
အမေတွေတင် အသက်ကြီးသွားတာလား
ကိုယ်တွေပါ ပါကုန်ပြီနော
ဘာဘဲဖြစ်ဖြစ် အမေနေ့မှာ အမေနဲ့အတူရှိတယ်ဆိုလို့ အပျော်တွေကူးသွားတယ်
ခင်မင်တဲ့
seesein

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်