Saturday, January 29, 2011

ဥ အာ ကြာ

မိတ်ဆွေ....
တနေ့တနေ့ ဆီပြန် ချည်ရည် အရွက်ကြော် တွေနဲ့ပဲ လုံးလည်လိုက်နေသလား...
မီးဖိုချောင်ထဲမှာ ချွေးတလုံးလုံးနဲ့ ခုတ်ရ ထစ်ရ သားငါးအသီးအရွက်တွေနဲ့ နပမ်းလုံး နေသလား...
အချိန် ဆင်းရဲလို့ ဟင်းချက်ချိန် မရှိ ဖြစ်နေသလား...
ခု ပြောပြမယ့် ဥ အာ ကြာ ကလေးနဲ့ ဆို အားလုံး အဆင်ပြေ သွားရမှာပေါ့....

ဤသည်ကား ချစ်ကြည်အေး၏ "ဥ အာ ကြာ" အညွှန်းတည်း...။

အဟမ်း...အတည် ပြောပါမယ်။
"ခုတလော အမ ဟင်းချက်နည်းလည်း မရေးဖူး တင်ပေးပါဦး၊ ဘာချက်ချက်ပါ" ဆိုလာတဲ့ ညီမငယ်လေးအတွက် "မြန် ကောင်း သက်သာ-ဥ အာ ကြာ" လို့ အမည်ရတဲ့ ဟင်းကလေးတခွက် ချက်ပြလိုက်ရပါတယ်။

ဟင်းချက်ချိန်ကလည်း မြန်၊ စားလို့ကလည်း ကောင်း၊ စရိတ် အကုန်အကျလည်း သက်သာတဲ့ ဒီဟင်းကို ဟင်းချက် ပျင်းတဲ့ အချိန်၊ ရေခဲသေတ္တာထဲမှာ သားငါး အဆင်သင့် မရှိတဲ့ အချိန်တွေမှာ ချက်ဖြစ်ပါတယ်။ ထမင်းနဲ့ တွဲစားလို့လည်း ရပါတယ်။ ထမင်းချက်ရမှာ ပျင်းရင်လည်း သူ့ချည်းပဲ စားလို့ ရပါတယ်။ အဲ...သူ့ကို ချက်ရမှာလည်း ပျင်းလှချည်ရဲ့ ဆိုလာရင်ဖြင့် အကြံတခု ပေးလိုက်ပါရစေ။ မိတ်ဆွေ...စားဖို့ပါ ပျင်းလိုက်ပါ။

အဓိက ပါဝင်တဲ့ အမျိုးအမည်တွေက ကြက်ဥ၊ အာလူး နဲ့ ပဲကြာဇံ တို့ပဲ ဖြစ်ပါတယ်။


 အာလူးကို ပုံမှာ ပြထားသလို သေးသေးလေးတွေ တုံးလိုက်ပါ။ ပြီးရင် ဆားနဲနဲနယ်ထားပါ။ ပဲကြာဇံကို ရေစိမ်ထားပါ။


ဒယ်အိုးထဲ ဆီနဲနဲထည့်ပြီး အရောင်လှအောင် ဆီထဲကို ဆနွင်းမှုန့်လေး နဲနဲ ထည့်ပါ။ ပြီးရင် အာလူးအတုံးလေးတွေ ထည့်ကြော်ပါ။ အာလူးလေးတွေ ရွှေဝါရောင် သန်းလာရင် ဆယ်ပြီး ဘေးဖယ်ထားပါ။ ဆီအကျန်နဲ့ ဒယ်အိုးထဲကို ပဲကြာဇံထည့်ပါ။ ပဲကြာဇံ အိအိထွေးထွေးလေး ဖြစ်အောင် ရေလေးနဲနဲ တောက်ပြီး မွှေပေးပါ။ ပဲကြာဇံထဲကို အချိုအငံ အရသာရှိအောင် ဆား၊ အချိုမှုန့် နဲနဲ ထည့်ပါ။ ပဲကြာဇံ အိအိထွေးထွေးလေး ဖြစ်လာပြီဆိုမှ ခုနက ဖယ်ထားတဲ့ အာလူးကြော် အတုံးလေးတွေ ရောထည့်ပေးပါ။ နောက်ဆုံးကျမှ ကြက်ဥတလုံး ဖောက်ထည့်ပြီး ရောသမမွှေလိုက်ရင် ဥအာကြာကို ရပါပြီ။


ကဲ မမြန်လား...."မြန် ကောင်း သက်သာ-ဥ အာ ကြာ" တဲ့ ချက်ကြည့်ကြပါဦးနော်...


Wednesday, January 26, 2011

သမားရိုးကျ မော်ဒန်ကဗျာ


တနေ့....
အားအားရှိတာနဲ့ မော်ဒန်ကဗျာဆိုတာတွေ လျှောက်ဖတ်ကြည့်မိတယ်

မျက်လုံးအသေ
ရင်ဘတ်အသေ
ကြယ်အသေ
အိပ်မက်အသေ
နာရီအသေ
ကောင်းကင်အသေ
နှလုံးသားအသေ
ရင်ခုန်သံအသေ
ဟား.....များလိုက်တဲ့ အသေတွေ....

Pause....

အဲဒီ ခဏတာ
ငါ့မျက်နှာမှာတောင်
အပြုံးသေတခု
မြေမြှုတ်သင်္ဂြိုလ်မှု    ပြုလိုက်ရသေးတယ်....




Sunday, January 23, 2011

ချစ်သူတို့ရဲ့ တိမ်ပြာပြာနေ့တနေ့

မိုးအောက်မြေပြင်တလွှားမှာ ရှိကြတဲ့ ချစ်သူတွေအတွက် တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးဟာဖြင့် အင်မတန်မှ စိတ်ကူးယဉ်မင်္ဂလာပွဲ ဆင်နွှဲလို့ကောင်းတဲ့ နေ့လေးတနေ့ပါပဲ။ အဲဒီ စိတ်ကူးတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်သွားကြပြီဖြစ်တဲ့ ချစ်စရာ စုံတွဲလေးတတွဲရဲ့ မင်္ဂလာပွဲကို ကျမ ဒီနေ့ တက်ရောက်ခွင့် ရခဲ့တာကြောင့် ရင်ထဲကို အပျော်တွေ ကူးစက်စေခဲ့တဲ့ အဲဒီ မင်္ဂလာပွဲလေးအကြောင်း ပြန်လည်မျှဝေချင်ပါတယ်။

ဒါက တက်ရောက်လာသူတိုင်းအတွက် စားပွဲတင် လက်ဆောင်ပါ...


ခမ်းမထဲက တက်ရောက်ကြသူတွေ....


အပြုံးတွေ အပျော်တွေနဲ့ ချစ်ကြသူ နှစ်ယောက်...


မိဘဆွေမျိုးတွေနဲ့ အတူတူ.... 


ဒါက မင်္ဂလာမောင်နှံ တည်ခင်းဧည့်ခံတဲ့ နေ့လည်စာ...









အားလုံးစားသောက်ပြီးကြတဲ့အခါ ညစာများ ကျွေးဦးမလားလို့ စောင့်ကြသေးတယ်။ အမ်စီလုပ်တဲ့ အမျိုးသားက မင်္ဂလာမောင်နှံ တည်ခင်းဧည့်ခံတဲ့ ဒင်နာလို့ချည်းပဲ ပြော ပြောနေတာကြောင့် ကိုယ်တွေက မျှော်လင့်မိတယ်လေ။ ဘာမှ ထပ် မလာတော့တာ သေချာသွားမှ ပြန်ဖို့ ပြင်ရတယ်။ ဒါတောင် ချက်ချင်းမထနိုင်သေးဘူး။ လူက ထနိုင်ပေမဲ့ ဗိုက်က မထနိုင်ဘူး ဖြစ်တယ်။

ခုလို သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ကြရတာ လောကဓမ္မတာပဲ မဟုတ်ပါလား။ ချစ်ကြသူတွေချင်းမို့လည်း ပိုပြီး ပျော်စရာ ကြည်နူးစရာ ကောင်းနေသေးတော့တာ။ "မောင်လေးTZAနှင့် ညီမငယ် ဖြူ"တို့ ရာသက်ပန် ချစ်ကြင်မြတ်နိုးစွာ ပေါင်းဖက်ကြ၍ သားသား မီးမီးလေးများ ဘောလုံးတသင်းစာ ထွန်းကားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အို...ဘာဖြစ်တုန်းနော် ကိုယ်က ယောင်္ကျားလေးရှင်ဘက်ကပဲဟာ....:)

ပုံတွေ တင်ခွင့်ပေးခဲ့သော မောင်ငယ် TZA အား ကျေးဇူးတင်စွာဖြင့်...


Friday, January 21, 2011

အရွက်


ဘယ်သူ တဦးတလေမှ ခေါင်းထက်မှာ မပန်ကြတဲ့အပြင်
လေအဝှေ့ ရာသီအပြောင်း    ရွက်ဟောင်းတွေ ကြွေအကျ    မြေခရပြန်သေးတယ်...

သူ့ရဲ့ သဘော သဘာဝ
ပန်းကလေးတွေ    ပိုလှဖို့    ဝန်းရံရင်းအနား
ကိုင်းအဖျား   ပင်စည်ထက်    ခက်လက်ဝေဖြာရင်း
အဆင်းလှပ    အပွင့်ကလေးတွေ    တပါးသူဆွတ်ခူးတာ ငေးရင်း...
သူဟာ...
နီးလျက်နဲ့ ဝေးနေရ....။


ကဗျာအတွက် ပုံ အသုံးပြုခွင့်ပေးခဲ့သော သူငယ်ချင်း သက်ဝေ အား ကျေးဇူးတင် ချစ်ခင်စွာ...:)


Wednesday, January 19, 2011

သူတို့ သားအမိနှင့် ကျမ

အမေ သေမှတော့ ကျမ မငိုချင်ဘူး။ ဒါကြောင့် အမေ ရှိနေတုန်းမှာ အမေစိတ်ချမ်းသာစေဖို့ပဲ ကျမ ကြိုးစားတယ်။

အမေ ဒီတခေါက် ကျမဆီ လာလည်တဲ့အခါ သူ စိတ်ချမ်းသာစေဖို့ အတတ်နိုင်ဆုံး ဂရုစိုက်မယ်လို့  ကြိုတင် စဉ်းစား ဆုံးဖြတ်ထားခဲ့တယ်။  အရင် အခေါက်တွေတုန်းက စိတ်ထဲ ရှိသလောက် အမေ့ကို ကျမ မပြုစုနိုင်ခဲ့ဘူး။ ကျမတို့ လင်မယားမှာ အလုပ်တဘက်နဲ့ ခွင့်ကလည်း မရတာမို့ ပိတ်ရက်လောက်ပဲ အမေနဲ့အတူ အိမ်မှာ ရှိနေပေးနိုင်ခဲ့တယ်။

ဒီတခေါက်တော့ ကျမလည်း ခွင့်ရက် လက်ကျန်တွေရှိနေသေးတယ်၊ အိမ်ကလူကြီးကလည်း ပရောဂျက်တခုပြီးလို့ နောက်ပရောဂျက်တခုမှာ အလုပ်မဝင်ခင် နားနေတဲ့ ကြားကာလ ဖြစ်တာမို့ အချိန်ကောင်းပဲလို့ ယူဆပြီး အမေ့ကို ကျမတို့ဆီ အလည်ခေါ်ဖြစ်ခဲ့တယ်။ အမေ သိတ်ဖူးချင်တဲ့ မြဘုရားဖူးဖို့ ဘန်ကောက်ကို ပို့ရင်း ချင်းမိုင်ဖက်ကိုပါ အလည်သွားကြဖို့ စီစဉ်ထားခဲ့တယ်။ အမေ သိတ်ပျော်မှာပဲ လို့ ကျမ ကြိုတွေးထားခဲ့သေးတယ်။

တကယ်တမ်းကျတော့ ခရီးတလျှောက် အမေ ပင်ပန်းနေခဲ့တာ များတယ်။ ချင်းမိုင် နှစ်ည၊ ဘန်ကောက် နှစ်ည သွားခဲ့ကြတာဖြစ်ပြီး ချင်းမိုင်မှာ တနေ့ ခရီးစဉ်တခုနဲ့ ဘန်ကောက် နေ့ဝက် ခရီးစဉ်တခုမှာ ကားမူးတတ်တဲ့ အမေ ပင်ပန်းနေရှာခဲ့တယ်။ အမေက ထမင်းပဲ မက်မက်စက်စက် စားသူ ဖြစ်တော့ ခပ်တောင့်တောင့် ဆိုင်ထမင်းတွေနဲ့ ဘယ်လိုမှ အဆင်မပြေလှဘူး။ ဆန်ပြုတ်မှာပေးပြန်တော့ ဆန်ကို အကြေပြုတ်ထားတာမျိုး မရဘဲ ထမင်းခပ်တောင့်တောင့်ကိုပဲ စွပ်ပြုတ်ရည်ထဲ ထည့်ပြီးလာချတာမို့ သူ စားဖို့ အဆင်မပြေပြန်ပါဘူး။

တချို့ဆိုင်တွေမှာတော့ ထမင်း အိအိထွေးထွေး ပူပူနွေးနွေး အဆင်ပြေပြေရတဲ့အခါ သူ ဝမ်းသာအားရ စားရှာပါရဲ့။ ပြီးပြန်တော့ အစာမကြေဘဲ ရင်တောင့်နေတာမျိုး ဖြစ်ပြန်ပါတယ်။ တချို့ နေရာတွေကို သူ မလိုက်နိုင်တော့လို့ ဟိုတယ်ကိုပဲ ပြန်ပို့ပေးဖို့ အရေးဆိုလာတဲ့အခါ ကားကြပ် ကားများတဲ့ ဘန်ကောက် တလမ်းမောင်း ဟိုင်းဝေးပေါ်မှာ ကားမောင်းသူရော၊ ကျမတို့ရော ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့ရတယ်။ အမတယောက် ပါလာတဲ့ ဆေးလေးတိုက် ချော့မော့ပြီး ဆက်ခေါ်သွားခဲ့ကြတယ်။ ခရီးစဉ်ကိုလည်း မူလအစီအစဉ်အတိုင်း မသွားတော့ဘဲ ချုံ့ပြီး စီစဉ်ခဲ့တယ်။ အဲသလို တချို့နေရာတွေ မသွားဘဲ ဖျက်ခဲ့ပေမဲ့ ငွေအပြည့် ပေးချေခဲ့တာမို့ ကားသမားကတော့ ကြေနပ်မယ် ထင်ပါရဲ့။ 

အဖေ မဆုံးခင် မိသားစုလိုက် မြဘုရားဖူးဖို့ စီစဉ်ခဲ့ဖူးတယ်။ ဒါကြောင့်ပဲ ဖြစ်မယ်။ မြဘုရား ဖူးအပြီးမှာတော့ အမေ မျက်ရည်ကျရှာတယ်။ အဖေ့ကို သတိရတဲ့စိတ်ရယ်၊ ဝမ်းသာလွန်းတာရယ်ကြောင့် ဖြစ်မယ်။ ကျမလည်း အဖေ့ကို လွမ်းတဲ့စိတ်နဲ့ မျက်ရည်ဝဲခဲ့ရတယ်။

ခရီးက ပြန်လာအပြီးမှာတော့ အမေ အိုသွားပြီ၊ အမေ အသက်ကြီးသွားပြီ ဆိုတာကို ကျမ နားလည် လက်ခံခဲ့ရတော့တယ်။ ဘယ်လောက်ပဲ အရွယ်တင်တယ်ပြောပြော ကျန်းမာရေးမှာတော့ သိသိသာသာ ကျဆင်းလာခဲ့ပြီ။ ကိုယ် သွားစေချင်သလို သူက မသွားနိုင်၊ ကိုယ် စားစေချင်သလိုလည်း သူက မစားနိုင် ဖြစ်ခဲ့ပြီပဲလေ။

မနက်-ည ဘုရားရှိခိုး၊ ဘုရား ဝေယျာဝစ္စလုပ် ပြီးတာနဲ့ တနေ့ခင်းလုံး မီးပူတိုက်လိုက်၊ ပျင်းလာရင် အိမ်ကလူကြီး ဖွင့်ပေးတဲ့ တရုတ်ကား နဲ့ ကိုရီးယား ဒရမ်မာတွေ ကြည့်လိုက်နဲ့မို့ "အမေတော့ ဒီကပြန်ရင် တရုတ်စကားပြော နဲ့ ကိုရီးယား စကားပြော မာစတာ ဖြစ်လောက်ပြီ ခုတောင် ချောင်းဆိုးတာနဲ့ ရယ်တာနဲ့ တတ်နေပြီ" လို့ အိမ်ကလူကြီးက ပြောလို့ ရယ်ရသေးတယ်။

အမေ့မှာ သနားလည်း သနားစရာ လုပ်စရာကလည်း မရှိ။  ဂက်စ်မီးဖိုလည်း မကိုင်ရဲတာမို့ ဘာမှ မချက် မနွှေးနိုင်ဘူး။ ကျမ ရှိရင်တော့ ဂက်စ်မီးဖိုကို လက်နဲ့ အသာလေး ခပ်ဝေးဝေးက  မရဲတရဲ လှမ်းပြီး ဖွင့်သေးတယ်။ ကျမ မရှိလို့ကတော့ သူတို့ သားအမိနှစ်ယောက် ဟင်းကို အအေးအတိုင်း စားကြတယ်။ ကျမ ရုံးသွားရင် အမေနဲ့ သူ့သားမက် နှစ်ယောက်ပဲ အိမ်မှာ ကျန်ခဲ့တော့ သူတို့ နှစ်ယောက်ထဲ မနက်စာ နေ့လည်စာတွေကို ဖြစ်သလို စားကြပြီး ညနေ ကျမ ရုံးကပြန်လာမှ ညစာ ချက်ပြုတ် ကျွေးရပါတယ်။

အအိပ်မက်တဲ့ ကျမက ရုံးကားမီအောင်တောင် အပြေးအလွှားသွားရသူမို့ အမေ့ မနက်စာကို အိမ်ကလူကြီး လက်ထဲ ဝကွက် အပ်ထားလိုက်ရတာ။ တနေ့ တနေ့ မနက်စာ ဘာစားလဲ မေးမိတော့ Old Chang Kee က Curry Puff တဲ့၊ ပြီးတော့ ပေါက်စီ နဲ့ ကော်ဖီတဲ့။ မေးတိုင်း ဒါပဲ ဖြေနေတော့တာနဲ့ အိမ်ကလူကြီး မေးကြည့်မှ ကျမက အမေ ဒါတွေ ကြိုက်တယ် ပြောထားဖူးလို့ သူက ဒါတွေပဲ ဝယ်ကျွေးနေတာတဲ့လေ။ လိုက်လည်းလိုက်တဲ့ သားအမိ။

ကျမတို့ ငယ်ငယ်က သားသမီးတွေ ကျောင်းထမင်းဘူး အတွက် အစောကြီး အိပ်ရာထ ချက်ပြုတ်နေတတ်တဲ့ အမေ့ကို ကျမ ပြန်မြင်မိတယ်။ အမေ တယောက်ထဲက သားသမီးတွေ အားလုံးအတွက် အဆင်ပြေအောင် လုပ်ပေးခဲ့ပေမဲ့ အမေတယောက်ထဲအတွက် ကျမ ပြန်မလုပ်ပေးနိုင်ပါလား ကျမ တွေးမိပြီး စိတ်မကောင်းပေမဲ့ အိပ်ရာထ နောက်ကျတတ်တဲ့ ကျမ အကျင့်ကိုဖြင့် ပြင်မရနိုင်သေးပါဘူး။

ညစာ အတူစားကြပြီဆို ကျမက အမေနဲ့ အိမ်ကလူကြီး ပန်းကန်ထဲ ဟင်းဦး ထည့်ပေးပြီး ကိုယ့်ဖာသာ စားတော့တာ။ အမေက အသံတိတ် မျက်ရိပ်ပြတယ်။ သူ့သားမက် ပန်းကန်ထဲ ဟင်းလျော့နေလို့ ထပ်ထည့်ပေးဖို့ပေါ့လေ။  "အမေ့ သားမက်ကို လာမဖျက်ဆီးနဲ့နော် အမေတို့ ခေတ်ကလို မဟုတ်ဘူး ဒီမှာ နှစ်ယောက်လုံး အလုပ် ထွက်လုပ်ရတာ သူ့ဖာသာ သူ ထည့်စားလိမ့်မပေါ့" လို့ ကျမက အသံထွက် ပြန်ပြောတယ်။ အမှန်က ခါတိုင်းဆို ထည့်ပေးပါတယ် အမေ သူ့သားမက်ကို အဖြစ်သည်းနေလို့သာ ကျမက ရယ်ချင်ပက်ကျိနဲ့ တမင် ပြောချလိုက်တာ။

ထမင်းစားပြီးပြန်တော့လည်း တမျိုးတဘာသာ။ သူ့သားမက်ကို အချိုပွဲ အသီးအနှံ ခွဲကျွေးဖို့ ပြောလာပြန်ပါရော။ အားလုံးပြီးလို့ ကျမ ကွန်ပြူတာရှေ့ ထိုင်မယ် လုပ်တဲ့ အခါကျပြန်တော့ "သမီးရယ် အလုပ်ထဲလည်း တနေ့လုံး ကွန်ပြူတာကြီးရှေ့ ထိုင်ခဲ့ရတာ မဟုတ်လား ကိုယ့်ယောင်္ကျားနဲ့ စကားလေး ဘာလေးပြော၊ သူလိုတာလေး လုပ်ပေးလေ" တဲ့။ မခက်ဘူးလား။ ကျမမှာ ဘလော့ဂ်ရေးနေတာလည်း အမေ့ မပြောရဲပြန်တော့ ဒုက္ခပေါ့။

ဟိုလူကြီးကလည်း အခွင့်သာတုန်း ပြောတတ်လိုက်ပုံက အမေ....အမေ့သမီး ကျနော့်စကား နားမထောင်ဘူး အမေ၊ မနက် မနက်ဆို အမေ့သမီးကို အိပ်ရာက အမြဲပဲ နှိုးရတယ်၊ အမေ့ သမီး အင်္ကျီတွေလည်း ဘီရိုထဲ လုံးထွေးထည့်ထားတယ် အမေ...၊ အမေ့သမီး အရမ်းခေါင်းမာတယ် အမေ သိလား၊ အမေ.....၊ အမေ......နဲ့ မပြီးနိုင် မစီးနိုင် အတိုင်အတော ထူနေတော့တာ။ သူတို့ နှစ်ယောက် တပါတီထောင်ပြီး ကျမကို ဝိုင်း နှိပ်ကွပ်နေတော့တာ၊ ကျမက အလိုလို အပြင်ထရံဖြစ်ပြီး သူ့သားမက်ကို အတွင်းထရံလို ကာထားတော့တာ။ မခက်ဘူးလား။ ဒါတောင် အဖေ မရှိတော့လို့ အဖေများရှိရင် သူတို့သုံးယောက်နဲ့ ကျမတယောက်ထဲ ဖြစ်ရဦးမှာ။

ဒီနေ့တော့ ကျမတို့ နှစ်ယောက် အမှတ်တရ လက်ဆောင်လေးနဲ့ အမေ့ကို ကန်တော့ကြတယ်။


ဒီနှစ်တော့ တိုက်ဆိုင်စွာပဲ အမေများနေ့မှာ အမေက ကျမတို့ အနားမှာ။ အမေ ပေးတဲ့ဆုတွေ ခံယူရင်း အမေလည်း ကျန်းမာပါစေလို့ ဆုတောင်းမိတယ်။ တကယ်ဆို ကျမက အမေ့ကို ခုလို ဘုရားစင်ရှေ့မှာပဲ ထိုင်၊ ဘုရား ရှိခိုး၊ တရားအားထုတ်နေတာထက် ရိပ်သာတခုခုမှာ အေးအေးဆေးဆေး ရက်ရှည် တရားအားထုတ် နေစေချင်တာပါ။ ဒါပေမဲ့ အမေ့ကြည့်ရတာ ဟိုသားအတွက်ပူရ၊ ဟိုသမီးအတွက်ပူရ၊ မြေးတွေ စိတ်မချရနဲ့ သမုဒယချည်နှောင်မှုတွေထဲ ရုန်းမထွက်နိုင်သေးပုံပါပဲ။ 

အမေတွေဟာ ဒီလိုပဲ ထင်ပါရဲ့။ ကျမကဖြင့် ခုတခေါက်လည်းပဲ စိတ်ဆုံးဖြတ်ထားသလို အမေ့ကို စိတ်ရှိလက်ရှိ မပြုစုနိုင်ပြန်ပါဘူး။ ဒီလိုပဲ ရေတွေဟာ အမြဲ စုန်နေတော့မယ် ထင်ပါရဲ့လေ....


Monday, January 17, 2011

ပုံစံခွက်

တခြားလူမျိုးတွေတော့ မပြောတတ်ဘူး။ ကျမတို့ မြန်မာလူမျိုးတွေကဖြင့် အင်မတန်မှ ပုံစံခွက်ထဲက မထွက်ကြတဲ့ လူမျိုး။ ရုပ်ရှင်တွေထဲမှာပဲ ကြည့်၊ ရှပ်အဖြူနဲ့ ကချင်ပုဆိုးကွက်စိပ်လေးနဲ့ ရုပ်ရည်လေး သနားကမားဆိုရင် ဒါ မင်းသား။ လူကြမ်းတွေရဲ့ ဖော်မြူလာကျပြန်တော့ ခေါင်းတုံးနဲ့၊ နှုတ်ခမ်းမွှေးနဲ့၊ ဘေထုတ်ထဲက ကုတ်အင်္ကျီနဲ့ ဒါဆို လူကြမ်းပဲ။ ဘယ့်နှယ် လူကြီးလူကောင်းပုံ၊ ဘုရားဒကာပုံနဲ့ လူဆိုး လူညစ်တွေများ မတွေ့ဖူးကြဘူးလား၊ ကျမ အပြင်မှာ တွေ့ဖူးတဲ့ လူကြမ်းမင်းသားကြီးဆို  ဘုရားတရား အလွန်ကိုင်းရှိုင်း ရည်မွန်သူ၊ ဆိုလိုတာက အပေါ်ယံကြည့်ပြီး ဇာတ်ရုပ်ချတတ်ကြတဲ့ ကျမတို့ မြန်မာ့ရုပ်ရှင်ရဲ့ ပုံစံခွက်။ အဲဒီပုံစံခွက်ကြီးဟာ ရိုးအီလွန်းလှပြီ။

နှုတ်ခမ်းရဲရဲဆိုး၊ ဆံပင်ကို ခွေနေအောင် ကောက်၊ မိတ်ကပ် ခပ်ထူထူနဲ့ ခေတ်ရှေ့ပြေးနေတဲ့ ဝတ်စားဆင်ယင်မှုနဲ့ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းကလေးတယောက်။ သူဟာ အသက်မွေးဝမ်းကြောင်းအနေနဲ့ရော မိဘတွေကို လုပ်ကျွေးဖို့ပါ သီချင်းဆိုရုံသာ ဆိုတဲ့ မိန်းကလေး တယောက် ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီပုတ်ထဲက ဒီပဲဆိုတဲ့ ဝါးလုံးရှည်နဲ့ သိမ်းရမ်းတတ်တဲ့ ပုံစံခွက်ထဲက အမြင်ကြောင့် သူကလေး ဘဝမှာ နစ်နာစရာတွေ အဓိက နာမည်ပေါ့ ရှိလာနိုင်တယ်။ တချို့ ကော်လာကတုံးနဲ့ တိုက်ပုံနဲ့ လူကြီး လူကောင်းပုံဖမ်းပြီး အမျိုးသမီးလေးတွေကို ယုံအောင်ပြောပြီး ဖျက်ဆီးပစ်နေတာတွေလည်း ရှိပါရဲ့။ ကျမ ဆိုလိုတာက အပေါ်ယံကြည့်ပြီး တန်ဘိုးဖြတ်လေ့ရှိကြတဲ့ ပုံစံခွက်ကြီးကို စွန့်ထားခဲ့သင့်ပါပြီ။

ပညာရေးမှာလည်းကြည့်ပါ။ အမှတ်အမြင့်ဆုံး ဆေးကျောင်းရမှ ဂုဏ်ရှိတယ် အနဲဆုံး စက်မှုတက္ကသိုလ် ခုတော့ နည်းပညာပေါ့လေ ရောက်မှ လူကြားထဲ ပြောကောင်းတယ် ထင်ကြတာ။ အဓိက မိဘတွေရဲ့ သားသမီး ပညာရေးအပေါ် ဖိအားပေး ချုပ်ချယ်မှု။ ငါ့တုန်းက ပညာမသင်ခဲ့ရလို့ သားသမီးတွေကျရင် ပညာတတ်ကြီး ဖြစ်စေချင်တယ် ဆိုတဲ့ ဆန္ဒအထိ နားလည်လို့ ရသေးတယ်။ ငါ ဆရာဝန် မဖြစ်ခဲ့လို့ ငါ့သားသမီးအလှည့်ကျရင် ဆရာဝန် ဖြစ်စေရမယ် ဆိုတာမျိုးကတော့ သားသမီး ပခုံးပေါ် ဝန်ထုပ်ဝန်ပိုး တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ သားသမီးဆိုတာ မိဘတွေရဲ့ အတ္တကို အရောင်တင်ပေးဖို့ တာဝန်ရှိသူတွေလား စဉ်းစားကြစေချင်တယ်။

မိဘဆိုတာ ကိုယ့်သားသမီးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အကဲခတ်နိုင်ကြသူတွေပါ။ သူများကလေး တခါသင်ရုံနဲ့ရလို့ ကိုယ့်ကလေးက သုံး-လေးခါသင်မှ ရတယ်ဆိုရင် ကိုယ့်ကလေးရဲ့ မှတ်ဉာဏ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို နားလည်လက်ခံသင့်တယ်။ အဲသလိုမှ မဟုတ်ဘဲ ကလေးကို မရ ရကောင်းလားဆိုပြီး ဆူပူကြိမ်းမောင်း ရိုက်နှက်နေမယ် ဆိုရင် ဒီကလေးဟာ စာသင်ကျောင်းနဲ့ ပိုပြီး ဝေးကွာသွားနိုင်ပါတယ်။ အဲဒါတွေဟာ မိဘတွေရဲ့ ငါ့ကလေးဟာ သူများကလေးထက် တော်ရမယ်လို့ အရိုးစွဲနေတဲ့ အတ္တပုံစံခွက်ကြောင့်ပါပဲ။

ပညာဆိုတာ စာသင်ခန်းထဲမှာပဲ ရှိတာ မဟုတ်ပါဘူး။ ကစားခုန်စားလား၊ အနုပညာနဲ့ ပတ်သက်တဲ့ ပန်းချီ၊ ပန်းပု၊ အဆို၊ အကဘက်မှာ ဝါသနာထုံသူလား၊ သိပ္ပံပညာနဲ့ တီထွင်ကြံဆလိုမှုအပေါ် စိတ်ပါဝင်စားသူလား။ ကိုယ့်ကလေးရဲ့ စိတ်ပါဝင်စားမှုကို လေ့လာပြီး သူ့ရဲ့ အားသန်ရာကို မြေတောင်မြှောက်ပေးသင့်ပါတယ်။ သူ့ဉာဏ်ရည်အလျောက် အတန်းထဲမှာ အလယ်အလတ်တန်းစား ဖြစ်ချင် ဖြစ်မယ်၊ နောက်ဆုံးနား ကပ်လိုက်နေသူလည်း ဖြစ်ချင် ဖြစ်မယ်။ မိဘတွေရဲ့ သားသမီးအပေါ် ဖြစ်စေချင်တဲ့ စေတနာကို ကျမ နားလည်ပါတယ်။ ခံစားလို့လည်း ရပါတယ်။ ဒါပေမဲ့ မိဘတွေရဲ့ ဘောင်ခတ်ထားတဲ့ ပုံစံခွက် ပညာရေးကြီးထဲမှာ ကလေးတယောက်ရဲ့ ဘဝအတွက် ရွေးချယ် ရှင်သန်ခွင့်ကို ပုံမသွင်းသင့်ဖူးလို့ ခံစားမိပါတယ်။

ဟိုးတလောဆီက နိုင်ငံရပ်ခြားမှာ မော်ဒယ်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေတဲ့ မြန်မာ မိန်းကလေးတယောက် ရေကူးဝတ်စုံနဲ့ ပုံတွေကြောင့် ခပ်လှုပ်လှုပ် ဖြစ်ခဲ့ကြသေးတယ်။ အမျိုးသားတော်တော်များများရဲ့ ရင့်သီးတဲ့ မှတ်ချက်တွေကိုလည်း စိတ်မချမ်းသာစွာ ဖတ်ခဲ့ရတယ်။ မြန်မာမိန်းကလေးဆိုတာ ဒီလို အရှက်မဲ့ ဝတ်စားရသလား ဝိုင်းလက်ညှိုးထိုးကြတယ်။ စဉ်းစားကြည့်ကြပါ။ မလိုအပ်ဘဲ ရှိသမျှ အသားတွေ နင်းကန်ဖော်ထားရင်တော့ ပြောစရာပေါ့လေ။ ခုတော့ ဟိုက သူ့အလုပ် သူလုပ်နေတာ။ ပြီးတော့ ဓါတ်ပုံရိုက်တဲ့နေရာက ကမ်းခြေမှာ။ ဘယ်သူကများ ကမ်းခြေကို ထိုင်မသိမ်းနဲ့ သွားပါ့မလဲ။ ဘုရားကျောင်းကန်လိုနေရာမျိုးဆို ထားပါတော့။ ခုလို သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအရ၊ အလုပ်သဘောအရ ဝတ်ပြရတဲ့အပေါ် ဝေဖန်ချက်တွေက အတော်ဆိုးပါတယ်။ မဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။

ဒါကလည်း မြန်မာ မိန်းကလေးဆို ဒီလိုဝတ်ရ စားရတယ် ဆိုတဲ့ ပုံစံခွက်ထဲက အမြင်ကြောင့်ပါပဲ။ နဲနဲလေး အလျှော့အတင်းနဲ့ မြင်တတ်ကြဖို့ လိုပါတယ်။ သင်္ကြန်အချိန်မှာ အောက်က ရေကူးဝတ်စုံဝတ်ပြီး အပေါ်က ကုတ်အင်္ကျီအရှည် ထပ်ဝတ်တဲ့ အင်းလျားလမ်းထဲက လူချမ်းသာ မိန်းကလေးများရဲ့ ဝတ်ဆင်ပုံမျိုးကျတော့ ကျမလည်း လက်မခံနိုင်ပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားဆင်ယင် တတ်ခြင်း၊ ဝတ်စားဆင်ယင် သင့်ခြင်း၊ အလုပ်သဘောအရ ဝတ်စားဆင်ယင်ခြင်း ဆိုတာ ရှိပါတယ်။

ကျမတို့ လူအများစု လှေနံဓါးထစ် သတ်မှတ်ထားတဲ့ ပုံစံခွက်တွေထဲက ဖောက်ထွက်ပြီး တွေးသင့် မြင်သင့်တာတွေ အများကြီးပါပဲ။ အဲသလိုမှ မဟုတ်ပဲ ကိုယ် ပုံသေ ဆုတ်ကိုင်ထားတဲ့ ပုံစံခွက်ကြီးထဲက သွေဖီတာနဲ့ ချဟ နှက်ဟ ဆိုရင်ဖြင့် အတော်ကို အရုပ်ဆိုး အကျည့်တန်လှပါတယ်။

မတော်လို့များ ကျီးအမတကောင်မှာ ကျီးအဖြူလေးတကောင် ပေါက်လာတာနဲ့ အနီးအနားက ဗျိုင်းအထီးတွေ တရားခံ ဖြစ်ရတော့မဲ့ အပေါက်မျိုး။ ကျီးကန်းဟေ့ဆိုရင် အမြဲ မဲရမယ်လို့ မယူဆထားစေချင်တာပါ။ 




Saturday, January 15, 2011

ပုလင်းပင်

အင်္ဂလိပ်လိုတော့ Bottle Tree တဲ့။ မြန်မာလို ပြန်ရရင်ဖြင့် ပုလင်းပင် လို့ပဲ သွယ်ကာ ဝိုက်ကာ ကဗျာဆန်ဆန် ခေါ်ဝေါ် လိုက်ကြပါစို့ရဲ့:) အဲဒီ ပုလင်းပင် ရှိတဲ့နေရာကို ဓါတ်ပုံသွားရိုက်ဖြစ်ဖို့ မစ်စတာ ဒီဘီအေရဲ့ အံ့ဩဘနန်း လက်ရာတွေကို ကြည့်ပြီး အင်စပိုင်းယား ဖြစ်ခဲ့ရလို့ လို့ ဆိုရပါမယ်။ တကယ်ဆို ဖားတုလို့ ခရု မခုန်သင့်မှန်းတော့ သိပါရဲ့။ သို့သော်လည်းပေါ့လေ ခုန်ချင်စိတ်တွေက တားမရတာနဲ့ ရုံးပိတ်ရက်တနေ့မှာ မနက်အစောကြီး အိပ်ရာက ထလို့ ပုလင်းပင်ရှိရာ နှစ်ယောက်တွဲသွားပြီး ခုန်ခဲ့ကြပါတော့တယ်။

ဒီနေရာမှာ အမျိုးသမီး ဘလော့ဂါ ကင်မရာဝူးမန်းတွေရဲ့ အားသာချက်က နောက်တော်ပါးမှာ ကင်မရာနဲ့ သုံးချောင်းထောက် သယ်ဖို့အတွက် အမှုတော်ထမ်းကြီး တယောက်လုံးလုံး လိုက်ပါလာခြင်းပါပဲ။ ဘယ့်ဂလောက်များ ကံကောင်းလိုက်ပါလိမ့်နော်။

အဲသလို ကံကောင်းလိုက်တာလို့ ထင်နေတုန်းလေး ဗြုန်းဆို ကံမကောင်းခြင်းက စ ပါတော့တယ်။ မိုးတဖွဲဖွဲ ရွာလာခြင်းပါပဲ။ နဂိုကမှ ဓါတ်ပုံ ရိုက်ရာမှာ မူလတန်း လက်သင်ဘဝက မတက်ရတဲ့အထဲ ရာသီဥတုကပါ ကိုယ့်ဘက်မှာ မရှိလေတော့ ခရုခုန် ခုန်မဲ့ဆဲဆဲကျမှ ဘီးပေါက်သွားသလို တန့်ကနဲ ဖြစ်သွားရပါတယ်။ ဆိုင်သလားတော့ မသိပါဘူး အားငယ်သွားတာများ ပြောပါတယ်။ မိုးအတိတ် ထိုင်စောင့်ကြပေမဲ့ မိုးက တအိအိနဲ့ ရွာနေလိုက်တာများ ကိုရီးယားကားများလို အင်မတန် ပေရှည်ရှည် ဆွဲဆန့်ပြီးကို ရွာပါတယ်။

ဒါပေမဲ့ ရိုက်ခဲ့ပါတယ်၊ အဲဒီ မိုးဖွဲဖွဲ မှုန်မှိုင်းမှိုင်းကြားက၊ တိမ်တွေ ကျဲပါးနေတဲ့ကြားက ရှိစုမဲ့စု ပညာလေးတွေ ထုတ်သုံးပြီး ရိုက်ခဲ့ပါတယ်။ အဲဒီ ပုလင်းပင်နဲ့ မလှမ်းမကမ်းက Lower Seletar Reservoir Park မှာ သွားရိုက်ခဲ့ပါသေးတယ်။ ကံကောင်းလွန်းစွာပဲ အဲသည်နေရာရောက်တော့ မိုးတိတ်သွားပါတယ်။ ဟော...ကံမကောင်းစွာပဲ ကင်မရာ ဘက်ထရီ ပြားသွားပြန်ပါတယ်။ ယူတတ်ရင် သံဝေဂရစရာပါ။ ရိုလာကိုစတာ စီးရသလို အနိမ့် တခါ၊ အမြင့် တလှည့်၊ ကံကောင်းခြင်း တခါ၊ ကံဆိုးခြင်းတလှည့်....ဪ...ဘွ ဘွ...။

အိမ်ပြန်ရောက်လို့ ပုံတွေ ပြန်ကြည့်တော့ ထင်တဲ့အတိုင်း လိုချင်တဲ့ ပုံကောင်း မထွက်ပါဘူး။ ဒါနဲ့ပဲ အလင်းခန်း နံပါတ်၃ ထဲကနေ နည်းပညာ အကူအညီယူဖို့ ကြိုးစားရပါတော့တယ်။ ခက်တာက နည်းပညာက အားလပ်ပါသော်ငြား လူက လုံးလုံးကလေးမှ မအား ဖြစ်နေတာမို့ ပုံတွေ ပြင်ဖို့ ကြန့်ကြာ သွားလိုက်တာ မနှစ်က ရိုက်ခဲ့တဲ့ပုံကို ဒီနှစ်မှပဲ တင်နိုင်ပါတော့တယ်။ ပုံတွေကြည့်ဖို့ စောင့်မျှော်နေတဲ့ ပိတ်သတ်ကြီးကို တကယ်ပဲ အားနာပါတယ်....:)

အရင်ကတော့ ဓါတ်ပုံတွေကို ကင်မရာက ထွက်တဲ့အတိုင်း သဘာဝအရောင်ကိုပဲ နှစ်သက်တာမို့ ပြင်ဖို့ မကြိုးစားခဲ့မိဘူး။ ခုတော့ ပို့စကတ်လေးတွေလို ဆန်းပြားတဲ့ အရောင်ထွက်လေးတွေနဲ့ ပုံလေးတွေကို သဘောကျ လက်ခံလာမိတာကြောင့် ပြင်ဖို့ စိတ်ပါလက်ပါ ရှိလာသလို ပြင်ပြီးလို့ ထွက်လာတဲ့ အရောင်အသွေးလေးတွေအပေါ် ခံစားတတ်လာပါတယ်။ ကျမနဲ့ အကြိုက်တူရင်ဖြင့် ဒီပုံလေးတွေကို ခံစားနိုင်ကြမှာပါ။


Mr.DBA Photos Link:

ဒီမှာ95 နဲ့ ဒီမှာ94ကို သွားကြည့်ကြပါဦး။ ပုံတွေ သိတ်လှပါတယ်။


Friday, January 14, 2011

၂၀၁၁ ဟောစာတမ်း

နှစ်ဟောင်းတနှစ် ကုန်ဆုံးခါနီးမှာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က အဆင်မပြေတာတွေ၊ အညံ့တွေ ကြုံတွေ့ရတိုင်း ထွက်ခတ် ခတ်တယ်၊ အဖျားခတ်တယ် လို့ ပြောဆိုလေ့ရှိကြတယ်။ တဖက်က အဲသလို ပြောလေ့ရှိကြပြီး တဖက်ကလည်း လာတော့မဲ့ နှစ်သစ်ရောက်ရင်ဖြင့် အကောင်းဘက် ပြောင်းဖို့ မျှော်လင့်တကြီး ရှိနေတတ်ကြပြန်တယ်။ အစစ အရာရာ အားလုံး မကောင်းရင်တောင်မှ ပို၍ကောင်းသော နှစ်သစ်ဖြစ်ဖို့တော့ မျှော်လင့်တတ်ကြတယ်။ အဲသလို မျှော်လင့်ကြရုံနဲ့ နှစ်သစ်ကြီးက အကောင်းတွေ သယ်ဆောင်လာစတမ်းသာဆို ကျမတို့ အားလုံး ထိုင်ပြီး စုပေါင်း မျှော်လင့်ပွဲကြီး လုပ်ကြပါစို့ရဲ့။

အကောင်းတွေ ဖြစ်လာဖို့ ဆိုတာက မိမိရဲ့ လုပ်ရပ် နဲ့ စိတ်ထားတတ်မှုတွေ အပေါ် မူတည်နေတာလေ။ နှစ် တနှစ်၊ လ တလ၊ ရက် တရက် အပေါ်မှာ တည်မီနေတာမှ မဟုတ်ဘဲ။  အဆိုးတွေ လုပ်နေရင်း အကောင်းတွေ ရဖို့ မျှော်လင့်နေတာ တရားပါ့မလား။ နှစ်သစ်ကြီးက ဘယ်လောက်ပဲ အေးချမ်းမှုတွေ သယ်ဆောင်လာလာ မိမိ ကိုယ်တွင်းက လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေနဲ့ ပြည့်နေရင်၊ ဣဿာ မေစ္ဆရိယ မိမိရှိတာ မလှူမတန်း၊ မပေးမကမ်းလိုတဲ့စိတ်၊ မလိုမုန်းထားစိတ်တွေနဲ့ အတွင်းကြိတ် လောင်မြိုက်နေရင် ဘယ်လိုလုပ် အေးချမ်းနိုင်ပါ့မလဲ။ ဒီတော့ မိမိကိုယ်တွင်းက အတွင်းလှိုက်လောင်နေတဲ့ ကိလေသာမီးတွေကိုသာ အရင်ငြိမ်းအောင် အားထုတ်ဖို့ လိုပါတယ်။ ကိုယ်တွင်းမီးတွေသာ ငြိမ်းရင် ဘယ်နှစ် ဘယ်လ ဘယ်ရက်မှာပဲ ဖြစ်ဖြစ် အေးချမ်းနေမှာ မုချပါပဲ။

စကားစပ်မိတုန်း ကျမတို့အတွက် ၂၀၁၁ ဟောစာတမ်းလေးအကြောင်း ပြောပြပါဦးမယ်။ ယုံဖို့ မယုံဖို့ ဆိုတာထက် တခါတလေ စိတ်ထွက်ပေါက် တခုအဖြစ် ကျမ မေးကြည့်လေ့ ရှိပါတယ်။ သူကတော့ ၁၀နှစ်စာ အထူး ဟောစာတမ်းလို့ ဆိုထားပါတယ်။

၂၀၁၁မှာ အိမ်ထောင်ဖက်နဲ့ မျက်နှာချင်းဆိုင်လို့ မရ ဖြစ်တတ်တယ်တဲ့။ မျက်နှာချင်းဆိုင်တာနဲ့ စကားများရကိန်း ရှိတယ်တဲ့လေ။ စကားမများရအောင် အိမ်ကလူကြီး တွေ့ရင်ပဲ ကျောချင်း ပြေးကပ်ထားရတော့မလိုလို။ ပြီးတော့ ပြောထားသေးတယ်။ လင်မယား ရန်ဖြစ်လေ စီးပွားတက်လေ ဖြစ်မဲ့နှစ်တဲ့။ ဖြစ်ရလေ....စီးပွားတက်အောင်ပဲ အိမ်ဧည့်ခန်းအလယ် လက်ဝှေ့ ကြိုးဝိုင်းဆောက်ပြီး နှစ်ယောက်သား အပီ ဖဲ့ကြရတော့မလိုလို။

ကျန်းမာရေး အညံ့ရှိတယ်။ ဝင်ငွေနဲ့ ထွက်ငွေ မမျှဖြစ်မယ်။ မိသားစုထဲက အကြီးအကဲ ကျန်းမာရေး အလွန်ညံ့မယ်တဲ့။ မှန်လိုက်တာ ဆရာရယ် ကြည့်ပြောနေသလိုပါပဲ လို့သာ ပြောလိုက်ချင်တယ်။ ဒီလောက် ယေဘူယျကျတဲ့ အဟောအပြောတွေက လူတိုင်းလိုလိုအတွက် ပစ်မလွဲ ဖြစ်နေမဲ့ ဟောကိန်းတွေ မဟုတ်လား။  ကျမ ဗေဒင်နဲ့ လက္ခဏာ ပညာရပ်တွေကို စော်ကားနေတာ မဟုတ်ပါဘူး။ လူတွေ...တချို့ ဟောပြော လုပ်စားနေကြတဲ့ လူတွေကိုသာ ပြောချင်တာပါ။ ပညာရှင် အစစ်တွေ ရှိကောင်း ရှိမှာပါ။ သို့သော် အတုနဲ့ အစစ် လွယ်လွယ် ခွဲမရတဲ့ ခေတ်ကြီးမှာ ယုံလွယ်သူတွေအပေါ် လုပ်စားနေကြသူတွေ များလွန်းလို့ သတိထားဖို့ လိုပါတယ်။ အဲသလိုမှ မဟုတ်လို့ကတော့ တန်းစီပြီး ငွေပေး အလိမ်ခံကြဖို့သာ ရှိပါတော့တယ်။

တကယ်တော့ လက္ခဏာ၊ ဗေဒင်ပညာတွေ ဆိုတာက မိမိရဲ့ ကံလမ်းကြောင်းကို စစ်ဆေးပြီး ရှေ့ တွေ့လာမဲ့ အကောင်းအဆိုးတွေကို သတိပေးနိုင်တဲ့ ပညာလို့ ကျမ နားလည်မိပါတယ်။  မိမိရဲ့ ကံလမ်းကြောင်းဆိုတာကလည်း မိမိကိုယ်တိုင် ပြုခဲ့သမျှ အကောင်းအဆိုးတွေရဲ့ အကျိုးပေးပဲ ဖြစ်တာမို့ စာရင်းချုပ်လိုက်တော့ မိမိရဲ့ စိတ်ထား နဲ့ လုပ်ရပ်သာလျှင် ပဓာနကျနေပါတယ်။ 

အားလုံးသော ကျမရဲ့ မိတ်ဆွေများ ၂၀၁၁မှာ လုပ်ရပ်ကောင်းများကို စေတနာကောင်းထား၍ လုပ်ဆောင်ကြပြီး ကောင်းသော အကျိုးပေးများ ရရှိ ခံစားနိုင်ကြပါစေ...


Thursday, January 6, 2011

ကိုပန်းသီး

ရေးပြီးခဲ့တဲ့ အသွင်တူ၏ မတူ၏ ပိုစ့်မှာ သူ့ကို ကိုပန်းသီးလို့ တင်စားခဲ့တယ်။ ပန်းသီးဆိုတာက အမြင်လှသလို အရသာလည်း ရှိတဲ့ အသီး။ သူ့ အမူအကျင့် စိတ်နေစိတ်ထားနဲ့ အတော်လေး ထင်ဟပ်တဲ့ အသီး။ အဲဒီ ကိုပန်းသီးအကြောင်း ခု ပြောပြချင်တယ်။ အားနာတတ်လွန်းတဲ့ အကြောင်း ဆိုပါတော့လေ။

သူနဲ့ ဘုရားပန်း သွားဝယ်ခဲ့ဖူးတယ်။ ကျမ သစ်ခွပန်းဝယ်နေကျဆိုင်က ပန်းတွေသိတ်လတ်ပြီး အနဲဆုံး တပတ်လောက်တော့ အထားခံတယ်။ တနေ့မှာတော့ အဲဒီဆိုင်က ပန်းတွေ မလတ်တာမို့ ပန်းတွေကို ရွေးပြီး စိတ်တိုင်းမကျတာနဲ့ ပြန်ချထားခဲ့တယ်။  အဲဒီဈေးမှာက ဘုရားပန်းဆိုင် နှစ်ဆိုင် မျက်နှာချင်းဆိုင်  ခင်းကျင်းထားလေတော့ မျက်နှာချင်းဆိုင်က ဆိုင်ဆီ ကျမ မျက်လုံးတွေ အလိုလို ရောက်သွားခဲ့တော့တယ်။ သူ ကျမလက်ကို ကုတ်ပြီး မဝယ်ဖို့ တားတယ်။ မျက်စေ့မျက်နှာ ပျက်ချင်ချင်နဲ့ "အားနာစရာကြီးကွာ" လို့ ဆိုသေးတယ်။  ကျမ ဇွတ်ဝယ်ခဲ့တယ်။ ဒီဘက်က ဆိုင်နဲ့ စာ ချုပ်ထားတာမှ မဟုတ်တာဘဲ။ ကြံဖန်အားနာတတ်ပုံများ....ပြောပါတယ်။

အိမ်ကို လတိုင်း ငွေပို့တဲ့အခါ ပန်နီဆူလာမှာ ရင်းနှီးခင်မင်ရတဲ့ မိတ်ဆွေဆိုင် နှစ်ဆိုင် ရှိတယ်။ အားနာတတ်သူကြီးက တလခြားစီ အဲဒီနှစ်ဆိုင်ကနေ ငွေပို့လေ့ရှိတယ်။ လစဉ်ပို့ငွေ မဟုတ်ဘဲ အိမ်က ကြားဖြတ်ကိစ္စ တခုခုအတွက် ငွေလိုတဲ့အခါ ဘယ်ဆိုင်နဲ့ ပို့ရပါ့ လို့....သူပဲ ခေါင်းခြောက်ခံတယ်။ ကျမက "ငွေဈေး ပိုပေးတဲ့ဆီက ပို့ပေါ့" လို့ ပြောမိရင် သူ အတော် ကြေကွဲရှာတယ်။ "ခင်မင်ရင်းနှီးမှု အရေးကြီးတယ် ငွေလေး နဲနဲပါးပါးကွာတာကို စကားလုပ် မပြောစမ်းပါနဲ့" တဲ့...။ ဟော...ကျမဖြင့် နေရင်းထိုင်ရင်း ငွေမျက်နှာကြည့်တတ်တဲ့ လူဆိုးမကြီး ဖြစ်ရောပဲ ။ 

တခါတလေ NTUC မှာ ဈေးဝယ်ပြီး လမ်းရောက်မှ တခုခုမေ့ခဲ့လို့ အနီးအနားက Giant ကို လိုတာ ဝင်ဝယ်ကြတဲ့အခါ သူ ခပ်လှမ်းလှမ်းမှာပဲ နေတယ်။ ဘယ်တော့မှ အနား လိုက်မလာဘူး။ NTUC ကဈေးဝယ်လာတဲ့ ကြွပ်ကြွပ်အိတ်ကြီးတွေကိုင်ပြီး Giantထဲကို ဝင်ရမှာ အားနာစရာကြီးတဲ့....။ ဖြစ်ရလေ...။

အရင်အလုပ်တခုမှာတုန်းက သူ ရေးနော့ကားသေးလေးတစီး ရထားတယ်။ အလုပ်ရှင်က သဘောကောင်းတယ်။ ကျမတို့ ဇနီးမောင်နှံ ပိတ်ရက်တွေမှာ ဟိုနားဒီနား သွားကြရအောင်လို့် လို့ဆိုတယ်။ အဲဒါကြီးရကတည်းက တနင်္ဂနွေ အိမ်လိုက်ပြောင်းပေးတယ်။ ကားသေးပေမဲ့ နောက်ခန်းက အတော်ဆန့်တာလေ။ သူ့အလုပ်က အလုပ်သမားလေးတွေ ဘယ်သူပြန်ပြန် လေဆိပ် လိုက်ပို့ပေးတယ်။ ကျမလည်းပဲ ပရဟိတ ဝါသနာပါပါတယ်။ လူတွေကို တတ်နိုင်သလောက် ကူလုပ်ပေးချင်တဲ့စိတ် ရှိပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ဖြင့် ဘယ်လိုမှ လိုက်မမီဘူး။

တည သူ ပြောလာတယ်။ ရုံးက အလုပ်သမားလေးတယောက် ပြန်မှာကို လေဆိပ် ပို့ရမယ်။ မနက်ကျရင် နှစ်နာရီ ထရမယ် လေယာဉ် ချက်အင်က မနက် လေးနာရီမို့ တဲ့လေ။ ကျမလည်း မနေနိုင်တာနဲ့ "စောစောစီးစီး အချိန်ကြီးလား" လို့ မေးမိတယ်။ "စောစောစီးစီး အချိန်က တက်စီခ ဈေးကြီးတယ် အလုပ်သမားလေးတွေမို့ ငွေ အစိတ်-သုံးဆယ် သက်သာလည်း သူတို့အတွက် မနဲဘူးပေါ့ကွာ" တဲ့။ "ဟုတ်ပါပြီ ဒါဆိုလည်း တက်စီဘိုး ပေးလိုက်ရောပေါ့" လို့ ကျမက အထွန့်တက်မိပြန်တယ်။ "ဟာ...ဘယ်တူမလဲ...ပြီးပြီးရော ပိုက်ဆံပေးလိုက်တာနဲ့  သူတို့အပေါ် ဂရုတစိုက်နဲ့ အရေးတယူ လိုက်ပို့ပေးတာနဲ့ ခုလိုဆိုတော့ သူတို့ စိတ်ကြည်နူးတာပေါ့ကွာ" တဲ့။ ကဲ...ကျမကပဲ စိတ်ကြည်နူးမှုကို နားမလည်တဲ့  နှလုံးသားမဲ့တဲ့ မိန်းမကြီး ဖြစ်မသွားပြန်ဘူးလား။ ခက်တယ်။

ဘာဖြစ်ဖြစ် သူဟာ မလိုအပ်ဘဲ အားနာတတ်လွန်းတယ်လို့ ကျမက မြင်မိတယ်။ ကျမကတော့ အားနာသင့်မှ နာတယ်။ ဒါကြောင့်လည်း ကျမထက်  သူ့မှာ ချစ်သူခင်သူ ပိုများတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

ရွာပြန်ကြလို့ လူကြုံပါးရင်လဲ ဒီလိုပဲ။ တခါများ လူကြုံပစ္စည်းတွေ များလွန်းလို့ သူ့အဝတ်အစားတွေ၊ ဖိနပ်ကအစ အကုန်လျှော့ထားခဲ့ပြီး ဟိုကျမှ ဝယ်ဝတ်မယ် လုပ်ပြန်တယ်။ လူကြုံပါးလိုက်တဲ့ ဟန်းကယ်ရီဆိုလည်း ဆွဲရလွန်းလို့ လူစင်စစ်က ခရစ်စမတ်သစ်ပင်ဘဝ ရောက်ရတာ အခါခါ။ ဒီလိုပဲ သူ့အနားနေရတာ မနေတတ်ရင် အင်မတန် အကုသိုလ်များတယ်။ သူ စိတ်ထားကောင်းကောင်းနဲ့ ရှေ့က လုပ်သမျှ ကိုယ်က လိုက်နိုင်မှ တန်ကာကျတယ်။ သူက အင်မတန် အားနာတတ်ပြီး သူများအရေးကိစ္စကို ရှေ့တန်း တင်လေ့ရှိသူ၊ မျက်နှာ စိမ်းစိမ်း ကျက်ကျက် ဘယ်သူ့ကို မဆို ကူညီချင်သူ ဖြစ်တယ်။ 

မှတ်မိသေးတယ် တနေ့မှာပေါ့... မနက်စောစော အိပ်ရာထပြီး ဘုန်းကြီးကျောင်း သွားကြဖို့ အရေးဆိုလာလေရဲ့။ တနင်္ဂနွေလိုနေ့မျိုး အစောကြီး အိပ်ရာနှိုးရင် သိတ်စိတ်ဆိုးတတ်တဲ့ ကျမက "အိပ်စမ်းပါရစေဦး အိပ်ရေးဝမှ သွားကြတာပေါ့" ပြောမိတယ်။ သူက စောစောသွားဖို့ပဲ ဇွတ်ပြော၊ ကျမက ဇွတ် ပေကပ်အိပ်နဲ့...။ အတော်လေးကြာတော့ "ဒီနေ့ ဘာနေ့လဲ" ဆိုမှ ရုတ်တရက် "ဟာ...ဒီနေ့ သူ့မွေးနေ့ကိုး"...လို့ သတိရမိသွားတယ်။ ကျမ အရမ်း အားနာသွားခဲ့တယ်။ လင်နဲ့မယားပေမဲ့ သူ့အပေါ် အားနာစိတ်နဲ့  ကိုယ့်ကိုယ်ကိုလည်း ယောင်္ကျားမွေးနေ့မှ မေ့ရက်လေခြင်းရယ်လို့ အင်မတန် မကျေမနပ် ဖြစ်သွားခဲ့ဖူးတယ်။

ဘလော့ဂ်စရေးတဲ့ အချိန်ကစလို့ သူနဲ့ ပတ်သက်တဲ့ အမှတ်တရနေ့လေးတွေကို မမေ့မလျော့ ပိုစ့်လေးတင်ပြီး သူ့အပေါ် ကိုယ့်ရဲ့ ဂရုတစိုက်ရှိမှုကို ပြခဲ့တယ်။ ပိုစ့်တင်ပြီးတဲ့အခါ သူ့မျက်နှာကြီး ကွန်ပြူတာရှေ့ရောက်အောင် အတင်းဆွဲလို့ ဖတ်ခိုင်းတော့တာ။ ဒီတော့လည်း သူ ပြုံးလို့... ကျေနပ်လို့....။ သူက အဲသည်လို ကြေလွယ် အေးလွယ် ပြေငြိမ်းလွယ်သူလည်း ဖြစ်ပြန်တယ်။ ဒီနေ့ အဲဒီ ကိုပန်းသီး...အသက်တနှစ် ပိုကြီးသွားပြန်ပေါ့။ ဒီနေ့ ကိုပန်းသီး မွေးနေ့လေ....။

ဒီပိုစ့်လေးကတော့ ကိုပန်းသီးမွေးနေ့ အမှတ်တရဆိုလည်း ဟုတ်၊ ကျမ ချစ်ကြည်အေး ငါးချဉ်ရောင်းတဲ့ ပိုစ့် ဆိုလည်း ဟုတ်တယ်။ အို...တကယ် တကယ် ကိုယ့်ငါးချဉ်လေးမို့ တကယ်ကို ချဉ်တယ် ချဉ်ပါတယ်ကွယ် ထင်တော့တာ...:)




Image Source :http://www.dreamstime.com/