Wednesday, October 27, 2010

ငါ့လေပြေ

ဘယ်ရောက်နေလဲ ငါ့လေပြေရေ
မင်း ဝင်လာဖို့အတွက် ငါ့ ပြူတင်းတံခါးတွေ ဖွင့်လှစ်လို့ ထားခဲ့ပေါ့....

မင်း သတိရတဲ့အခါ
မင့် အတောင်ပံတွေ ဖြန့်ကျက်လို့ ငါ့ရင်ခွင် အရောက်
မွှေနှောက်တိုက်ခတ် ရိုင်းစိုင်းကြမ်းတမ်း ဖြတ်သန်းပစ်လိုက်စမ်းပါ...

အရှေ့မှ အနောက် အနောက်မှ အရှေ့
ဝေ့ဝေ့ ဝိုက်ဝိုက် ညင်သာ ရွေ့ဆင်း
ငါ့နားထဲမတော့ ရွှေနားတော်သွင်း သီချင်းတပုဒ်လို ညှင်းသွဲ့....

မြောက်ဖက်မှလာ တောင်ဘက်ပြေးလွှား
ကစားခုန်လှူပ် သရုပ်သကန်
ဖောက်ပြန်တလွဲ မေ့လည်းမေ့တတ်
နေရာ အရပ်ရပ် ဘယ်ရောက်ရောက်ပြေး...ဝေး၍ ဝေးရာ...

မင်းမရှိတဲ့အခါ
လေပြေအတု ဖန်ဆင်း မင်းနဲ့တူတာ တခုက
သူလည်း ကြာလာတော့ လူကို ပူလာစေတာပါပဲ
ဒါပေမဲ့ သူက မင်းလိုတော့ နှလုံးသား မရှိဘူးပေါ့....

လူတွေရဲ့ ပါးစပ်ဖျား ရေပန်းစားနေတဲ့ မင်းသတင်း....
လေညှင်း လေပွေ မြောက်ပြန်လေ တဲ့
လေရူး လေရိုင်း လေမုန်တိုင်း တဲ့
လေနု လေအေး လေချိုသွေး တဲ့
နာမည် အမျိုးမျိုးနဲ့ မင်းမှာ
မျက်နှာဖုံး အဆင်းအရောင်စုံစွာ...

ပြန်လာခဲ့ပါတော့ ငါ့လေပြေရယ်
ဒီတခါ မင်းအိမ်ပြန်အလာ
မင်း ဘယ်မှ မပြေးနိုင်အောင်
မင်းခါးကိုငါ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လို့ထားလိုက်တော့မှာ....


Sunday, October 24, 2010

သီတင်းကျွတ်ကျွတ် မကျွတ်ကျွတ်

ကျမမှာ ငယ်သူငယ်ချင်း အပျိုကြီး ၈ ယောက် တိတိ ရှိပါသည်။ သူတို့သည်....
၁) ရုပ်ဆင်း အင်္ဂါ ပြေပြစ်၏
၂) ဘွဲ့ရ ပညာတတ်များဖြစ်ကြ၍ တချို့မှာ ဘွဲ့၏ ဟိုဘက်ကြီးများတောင် လွန်လိုက်ကြသေး၏
၃) စိတ်နေ စိတ်ထား ကောင်းသူများ ဖြစ်ကြ၏
၎) ရိုးသားအေးဆေး၍ အပေါင်းအသင်း ဆန့်၏
၅) မိန်းမ ပီသ ချက်တတ် ပြုတ်တတ်ကြ၏
သို့သော် ဤမျှ ပြည့်စုံနေပါလျက် အဘယ့်ကြောင့် တကိုယ်တည်း အပျိုကြီးများ ဖြစ်နေကြရပါသနည်း (မေးခွန်း)
၆) ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ကြ၏ (အရပ်ရှည်အောင် ကုလားမ ခြေထောက်ပေါ် တက်ရပ်နေသူများ မပါဝင်ပါ) (ဝါ) ကိုယ့်လုပ်စာ ကိုယ်ရှာစားနိုင်ကြသူများ ဖြစ်ကြ၏

မှန်၏ ဤတွင် အဖြေထွက်ပါသည်။
အဖြေမှာ ကိုယ့်လုပ်စာ ကိုယ်ရှာစားနိုင်မှတော့ ဘဇာကြောင့် အလုပ်ရှုပ်ခံ၍ ယောင်္ကျားယူရမည်လဲ ဖြစ်ပါသည်။

သို့သော် အဖြေ မထွက်သေးပါ။ ဤသို့ဆိုလျှင် ယောင်္ကျားယူထားသူများမှာ ကိုယ့်လုပ်စာမှ ကိုယ်ရှာ မစားနိုင်သူများတည်းဟု တနည်း ကောက်ချက်ချရမည် ဖြစ်လေရာ ဤအဖြေကို ကျမ အပြင်းအထန် ကန့်ကွက်ပါသည်။

တချို့မှာ အသည်းချင်း၊ အဆုတ်ချင်း၊ ကလီဇာချင်း အကုန် ဖလှယ်ပြီးကြကာမှ နဖူးစာ မင်ရေကြဲ၍ လွဲခဲ့ကြရသူများ ဖြစ်လေရာ မိန်းမသားပီပီ အပေါ်ယံ မာကြော အေးခဲယောင် ပြလျက် သီတင်းကျွတ် ဗြောက်ဖောက်သံကြားတိုင်း လူကွယ်ရာ နှပ်တရှုံ့ရှုံ့နှင့် မျက်ရည်ကျ နေနိုင်ပေသေးသည်။

တချို့မှာကား "အပျိုကြီး ဖြစ်နေတာ မဟုတ်ဘူး၊ အပျိုကြီး လုပ်နေတာ၊ တယောက်ထဲ နေရတာ စိတ်ချမ်းသာစရာ ကောင်းလွန်းလို့၊ ယောင်္ကျား မလိုချင်လို့ကို ကြေကြေနပ်နပ် အပျိုကြီး လုပ်နေတာဟေ့" ဟု ခပ်တင်းတင်း ကြွေးကြော်ကြသူများ ဖြစ်ကြပေသည်။

သူငယ်ချင်း လူပျိုကြီးတယောက် ရှိသည်။ သူ့ အဆိုကတော့ ရှင်းပြတ်သည်။ တကိုယ်တည်း လွတ်လွတ်လပ်လပ် နေရသည်ကို အရသာတွေ့သည်။ သူများ သားသမီးကို တသက်စာ တာဝန်မယူလို၊ ယူက တယောက်တည်းပဲရမည်။ အိမ်-ထောင် မကျချင်။ ထိုအကြောင်းများကြောင့် ခုထိ လူပျိုကြီး လုပ်စားနေလေသည်။ကျမကတော့ သူ့အား သတ္တိမရှိသူ၊ တာဝန်မယူလိုသူ၊ အတ္တကြီးသူ စသည့် စကားလုံးကြီးများနှင့် ပစ်ပေါက်ချေမှုန်းတတ်သည်။ သို့သော် သူကတော့ ပန်းနှင့် အပေါက်ခံရသူလို ခပ်ပြုံးပြုံးပင်။

မိတ်ဆွေ လူပျိုကြီးတယောက် ရှိပါသေးသည်။ ကွန်ဒိုမှာ တယောက်တည်း တခန်းငှား၍ နေသူဖြစ်၏။ ကျမမှာ လှပ ပြာလဲ့သော ကွန်ဒို ရေကူးကန်ကို ကြည့်၍ "ဘယ်အချိန် ရေဆင်းကူးလေ့ ရှိသလဲ" မေးမိရာ ထိုလူပျိုကြီးသည် "အချိန်ရယ်လည်း တိတိကျကျ သတ်မှတ် မထားပေါင်ဗျာ တရုတ်မလေးတွေ ရေကူးနေတာတွေ့ရင် ကိုယ်လည်း ဆင်းကူးလိုက်တာပဲ" ဟု ဆို၏။ ကောင်းလေစွ။ သူသည် နွားနို့ သောက်ချင်တာနဲ့ နို့စားနွားမကြီး တကောင်လုံး မွေးစရာ မလို၊ လက်လီ ဝယ်သောက်မည် ဆိုသူတည်း။

ယခုကဲ့သို့ ဝါလကင်းလွတ် သီတင်းကျွတ်၍ မင်္ဂလာဆောင် ဖိတ်စာများ ဟိုမှာသည်မှာ ပလူပျံနေချိန်တွင် အဖိတ်ကြားခံရသူ အပျိုကြီး၊ လူပျိုကြီးများမှာ လက်ဖွဲ့ငွေ အထွက်ချည်း ရှိပြီး အဝင်မရှိရကား အရင်းရှုံးသော အလုပ်များကို မျှော်လင့်ချက်မဲ့စွာ လုပ်ဆောင်နေကြရသူများသာ ဖြစ်လေသည်။

အိမ်ထောင်ပြုကြပါလား၊ အားမကျဘူးလား တိုက်တွန်းချင်ပါသော်လည်း အတင်းတိုက်၊ အတင်းတွန်း၍ မဖြစ်ပြန်။ အိမ်ထောင်ရေး ဆိုသည်မှာ လျက်ဆားလည်ရောင်းသလို ကြုံတုန်းဝယ်ထားကြနော် အစာကြေတယ် လေလည်တယ် ရင်ချောင်တယ် ဟူ၍လည်း အတင်းထိုးရောင်းရန် လုံးလုံး မဖြစ်နိုင်ပါပေ။ ထို့အပြင် အပျိုကြီး၊ လူပျိုကြီးများမှာ တခြား သူလို ငါလို လူများနှင့်မတူ၊ မိမိတို့သည် ဗြဟ္မာပြည်မှ အရှင်လတ်လတ်ပဲ ကျလာသလိုလို သွေးကြီးတတ်ကြပြန်သည်။

သူတို့၏ ဒစ်ရှင်နရီထဲတွင် သီတင်းကျွတ်ဆိုသည်မှာ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရားရှင် ကြွအလာ လူ နတ် ဗြဟ္မာအပေါင်းတို့သည် ရွှေ၊ငွေ၊ပတ္တမြား စောင်းတန်းကြီးများနှင့် ကြိုကြ၊ လူကြီးမိဘများအား ကန်တော့ကြ၊ ကလေးများ မီးပုံးတွန်းကြ၊ ဗြောက်ဖောက်ကြသော လ ဟူ၍သာ အဓိပ္ပါယ် ဖွင့်ဆိုကြကုန်၏။ သူတို့ရှေ့တွင် သီတင်းကျွတ် နှင့် အာဝါဟ ဝိဝါဟ နဲနဲလေးမျှ သွား၍ မဆက်စပ်မိပါစေနှင့်။

တဖန် အပျိုကြီးများအား ချစ်စနိုး ကျီစယ်လိုစိတ်ဖြင့် "သီတင်းကျွတ်ပြီနော်"ဟုများ သွားမစလိုက်နှင့် "ကျွတ်တော့ ဘာဖြစ်တုန်း" ဟု ဂွတိုက်ခံရနိုင်လေသည်။ ထိုထက်ပို၍ စိတ်မြန် လက်သွက်သော အပျိုကြီးများနှင့် တွေ့လျှင်မူ သင့်ခေါင်း၌ အနည်းဆုံး ဘု တဘုပင် ထွက်သွားနိုင်ကြောင်း ကောင်းစွာ သတိချပ်ပါလေ။


အားလုံးအတွက် ပျော်ရွှင်စရာ သီတင်းကျွတ် ပွဲတော်လ ဖြစ်ကြပါစေရှင် :)

Thursday, October 21, 2010

မိုးရွာချိန် အတွေး

သွပ်မိုးအိမ်ခေါင်ပေါ် မိုးရေစက်တွေ တဗျောင်းဗျောင်း ကျသံ အဆက်မပြတ် ကြားနေရသည်။ ထိုမှ တဆင့် တံစက်မြိတ်ကို ကျော်လွန်၍ မြေကြီးထဲ စိမ့်ဝင်သွားသော မိုးရေဖွေးဖွေးတို့ကို သူ လိုက်ငေးကြည့်နေမိပြန်သည်။ ကြည့်ရင်းကပဲ သူ အားမရနိုင်တော့ပြန်။ အခန်းတံခါးကို ဂျက်ထိုး ပိတ်လိုက်ပြီး ကုလားထိုင်တလုံးကို ပြူတင်းပေါက်အနားထိ ဆွဲယူရွှေ့ကာ အခန်းပြူတင်းပေါက် တံခါးနှစ်ချပ်လုံး ဖွင့်ချလိုက်သည်။ ပြူတင်းပေါက်ဘောင်ပေါ် တံတောင်ဆစ် နှစ်ဖက်လုံး တင်၍ ထပ်ထားသော လက်ဖမိုး နှစ်ခုပေါ် ပါးအပ်ကာ မျက်နှာပေါ် လာရောက် ထိမှန်သော မိုးရေစက်များကို တခုတ်တရ မက်မောစွာ ခံစား လိုက်မိတော့သည်။ သူ သည်လို မခံစားရသည်မှာ ကြာခဲ့လေပြီ။

ငယ်ငယ်တုန်းကတော့ မိုးရွာလျင် အိမ်ရှေ့မှာ မိုးရေထွက်ချိုးရတာကပင် သူတို့ကလေးများအတွက် ပျော်စရာ။ နွေတုန်းက ပူလောင် အိုက်စပ်ပြီး မိတ်ဖုတွေ ထွက်ခဲ့သမျှ မိုးရေလေးထိမှ မိတ်ပျောက်မည် မဟုတ်လား။ ဘလောဂ့်ဂါ ဖြစ်လာမည့် ကလေးဆိုတော့လည်း ငယ်တုန်းကတည်းက မိတ်ပေါသည်ဟု ဆိုရပေမည်။ မောင်နှမတွေ၊ အိမ်နီးချင်း သူငယ်ချင်းတွေနှင့် မိုးရွာထဲ ဘောလုံးကန်၊ ဂွေလှိမ့်၊ စိမ်ပြေးတမ်း ကစားခဲ့ကြသည်မှာ ဘယ်လောက်ကြာကြာ ဘယ်တော့မှ ဖျားနာသည် မရှိပါပေ။

တံစက်မြိတ်အောက်မှာ ဝါးရေတံလျောက်လေး ခံ၊ ပြီးမှ အဲဒီကနေ တိုင်ကီထဲ ရေဆင်းစေရသည်။ အရွယ်လေးရလာတော့ အဲဒီ တိုင်ကီထဲကရေကိုပဲ ခွက်နဲ့ ခပ်ချိုးခဲ့ရသည်။ အမေက သမီး လူကြီးဖြစ်ပြီနော် ဟုဆိုကာ ဘောင်းဘီတိုနှင့် မိုးရွာထဲ အပြင် ထွက်ဆော့ခွင့် မပေးတော့။ သို့သော် သူ မိုးကို အိမ်ထဲမှ ငေးမျှော်ရင်းနှင့်ပင် အချစ်မပြယ်ခဲ့ပါ။

တခါ ငိုတတ်တဲ့မိုးကို သူ တွေ့ခဲ့ဖူးသည်။ ထီးကိုင်ပျင်းတဲ့ သူ့ကို နောက်ကနေ ထီးလိုက်ဆောင်းပေးတတ်သော မိုး ဆိုတဲ့ ကောင်ကလေး။ ထီးအောက်က ပြေးထွက်ပြီး မိုးရေထဲ သူ လျောက်တဲ့အခါ မိုးက ချာလီထီးကြီး ချိုင်းကြားညှပ်ကာ ပေတေတတ်သော သူနှင့်အတူ ဘေးမှ လိုက်လျောက်ခဲ့လေသည်။ နောက်တနေ့ မိုး ဖျားတော့ အညှာအတာ ကင်းမဲ့စွာပင် သူ လှောင်ရယ်ခဲ့သေးသည်။ မေးစေ့အောက် ထိရုံသာ ရှည်သော သူ့ဆံပင်တွေ ခဏနှင့် ခြောက်သွေ့ချိန်မှာ ထူအုပ် ရှည်လျားသော မိုးဆံပင်တွေက အချိန် အတော်ကြာ စိုရွှဲနေဦးမှာ သေချာသည်လေ။

သူ အိမ်ထောင်ကျပြီ ဆိုတော့ အဲဒီ မိုးက အိမ်ကိုသွားပြီး သူ့မိသားစု ရှေ့မှာ သူ ရက်စက်ကြောင်းတွေ ပြောပြောပြီး ထစ်ချုန်းမိုး ရွာခဲ့သည် ဆို၏။ သူ့ ညီမလေး ပြန်ပြောစကား အကြားမှာ သူ ရယ်ခဲ့မိသေးသည်။ သူသည် မိုးနှင့် ပတ်သက်လျင် ထိုကဲ့သို့ အသည်းနှလုံး မရှိသူသာ ဖြစ်လေသည်။ အဲဒီ အရွယ်က သူ့မှာ မိုးနှင့် ပတ်သက်၍ ခံစားနိုင်စရာ များများစားစား မရှိခဲ့ပါ။

မိုးရွာ ရေကြီးသော အဖြစ်အပျက်တို့သည် ရွာမှာတင်မဟုတ်၊ စလုံးလို ခေတ်မီတိုးတက်သော ကျွန်းမြို့ပင်လျှင် ကြုံတွေ့နေရသည်။ စပ်ခဲ့ဖူးသော ပျော်ရွှင်စရာ မိုးကဗျာဟု အမည်ပေးထားသော ပျော်စရာ ကဗျာလေးတပုဒ် အလျဉ်းသင့်၍ တင်ဦးမည်။

ချစ်တဲ့ သူငယ်လေ...
ရေးဖော်ရောင်းရင်း သူငယ်ချင်းတို့ရေ....

ဝဿန်ကာလ မိုးကျပြီဆိုလျင်
ထီးအိုထီးဆွေး ထုတ်လို့သာ ဟန်ပြင်
စင်္ကာပူတခွင် ရေဖွေးဖွေးငယ်နှင့်လေး....။

ဂျိုးဂြိမ့်ရယ်မှ တညံညံ
မိုးခြိမ်းသံ ဆူညံပွက်ကယ်ကြောင့်
နှမလေး မောင့်ရင်ခွင်
ခိုဝင်ကာ ပြေးချင်ပေါ့လေး....။

စိတ်ကူးရယ်တဲ့မှ တယဉ်ယဉ်
မိုးရွာရင် အိမ်မှာ နှပ်ချင်လို့
ကော်ဖီပူနွေးရယ်နဲ့ စာအုပ်မို့ ဖတ်စရာ
ကျော နှင့် အိပ်ယာ ကပ်သည်နှင့်လေး....။

လေပြင်းငယ်တဲ့မှ ကြမ်းကြမ်း
Traffic Jam တလျှောက် ကားတန်းရှည် နှောင့်သမို့
နောက်ကျလို့ ရုံးအရောက်
မန်နေဂျာ ဆူဟောက်သည်နှင့်လေး....။

ရုံးအသွား မိုးမိသည်ကိုဖြင့် စိတ်အနှောင့်အယှက် ဖြစ်ချင်သေးသလိုလိုပင်။ ဖိနပ်အကောင်းလေးများ ဝတ်မိသည့်နေ့ မိုးရွာပါက ဖိနပ်လေးချွတ်ကာ လက်မှကိုင်သွားချင်တော့သည်။ ဖိနပ်ဆိုလို့ တခါက ဖိနပ်ကြောင့် သူအတော် ရှက်ခဲ့ရဖူးသည်။ တကယ်တော့ ဖိနပ်တခုထဲ မဟုတ်ပါ။ မိုးနှင့် ပေါင်းမိ၍သာ ဖြစ်လေသည်။ အဲသည်နေ့က အင်္ကျီအစိမ်းရောင် နှင့် စကပ်အနက်ရောင်၊ ခုံမြင့် ကတ္တီပါဖိနပ် ကျောက်စိမ်းရောင်နှင့် အတော်ကို လန်းခဲ့သည့်အပြင် ဖိနပ် လာ လာကြည့်ကြသော ရုံးမှ အမျိုးသမီးများအား စားပွဲခုံအောက်မှ ခြေထောက်ကလေးနှစ်ချောင်း ခဏခဏ ထုတ်ပြနေရချိန်လည်း ဖြစ်သည်။

ထိုနေ့က နေ့ခင်းကတည်းက မိုး စွေနေသည်မှာ ရုံးဆင်းမှ တိတ်လေသည်။ သို့နှင့် ညနေ ရုံးအဆင်း ကွန်ကရစ်လမ်းလေးပေါ် ကော့ကော့ ကော့ကော့နှင့် သွားရာ ရုံးကားဆီမရောက်မီ ဗိုင်းကနဲ ချော်လဲခဲ့တော့သည်။ ထီးစကပ်လို ဖားဖားကြီးမဟုတ်ဘဲ တိုက်စကပ် အကြပ်မို့သာ တော်ပါသေးသည်။ ဘေးဘယ်ညာ လက်မောင်းရင်းမှ ဆွဲကိုင်ကာ ထူပေးခဲ့သူများကိုလည်း ကျေးဇူးစကား မဆိုမိ၊ ကိုယ်တိုင်လည်း ရုံးကားပေါ် ဘယ်လိုရောက်သွားမှန်း မသိအောင် လူတကိုယ်လုံး ထူပူနေခဲ့သည်။ မိုးနှင့် ဖိနပ်ကိုပဲ စိတ်နာရမည်လား၊ နမော်နမဲ့နိုင်လှသော ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမည်လား မဆိုနိုင်။ ခု ပြန်တွေးသော် ရယ်ချင်ပက်ကျိ ပြုံးမိရသည်။

အလုပ်ချိန် ရွာသောမိုးကို အလုပ်ပိတ်ရက်သို့သာ ရွှေ့လိုက်ချင်သည်။ အိပ်ရာပေါ် စောင်ထူထူခြုံကာ စန္ဒရားလှထွဋ်၏ တိမ်တမန်နှင့် ကွေးချင်သည်။ ဝမ်းလျားမှောက်၍ ပူလာသော် တစောင်း၊ တစောင်းပြောင်း၍ နွေးလာသော် ပန်လန်လက် ပက်လက်ကယ်လန်လို့ အမျိုးမျိုးသော လျောင်းစက်နည်းနှင့် လျောင်းစက်မည်။ ပျင်းရိခြင်း ၆ပါး၌ မိုးရွာသည်ကို တပါးအနေနှင့် တိုးစေချင်လှသည်။

ရုံး၌ အလုပ် မယ်မယ်ရရ မရှိသောနေ့များမှာ မိုးရွာပြီဆိုလျှင်မူ နဂိုကမှ ထွက်ချင်ချင် စိတ်တို့သည် ခြေထောက် ဘီးတပ်ကာ ဖေ့စ်ဘုတ်ပေါ် ရောက်၏။ ဘလော့ဂ်ပေါ် ရောက်၏။ လိုင်းပေါ်တက်၏။ ရပ်ကွက်ထဲမှ လူများကို ဟိုင်း လုပ်၏။ အများသူငါ စတေးတပ်စ်၌ မိုးရွာနေတယ် ပျင်းတယ် အိပ်ငိုက်တယ် အိမ်ပြန်ချင်တယ် ဝါး...အစရှိသည်တို့ကို ဖတ်ရသည် ရှိသော် ဝမ်းသာအားရစွာ ဝင်ရောက်ပူးပေါင်း၏။ ချိုကုပ်ရှိရာ ချိုကုပ်လာ ဆိုထားသည် မဟုတ်ပါလား။

လေရော မိုးရော ကြမ်းလာသည်။ သူ့ မျက်နှာပေါ် အေးစိမ့်သော မိုးစက်တို့ ခုန်ပေါက် ကျဆင်းလာပြန်သည်။ ဟင့်အင်း သူ ပြူတင်းတံခါးကို ထမပိတ်ချင်ပါ။ သည်လိုလေး ခဏ နေချင်သေးသည်။

"ဟာ...မိန်းမ သွားပြီကွာ ကိုယ့်အင်္ကျီတွေ လျှော်လှမ်းထားခဲ့တာ မိုးရွှဲကုန်ပြီဟေ့..."

"အင်...အမ် ဘာလဲ မိုးရွာနေလား ဘယ်တုန်းက အိမ်ပြန်ရောက်တုန်း"

အဆီအငေါ်မတဲ့စွာ စကားလုံးတို့ ခုန်ထွက်သွားသည်။ မိုးရွာချိန်အတွေး တွေးရင်း အတွေးထဲ သူ မျောပါသွားခဲ့သည်။ သူ ရယ်မိပြန်သည်။ တကယ်ဆို မိုးရွာလျှင် သူ တွေးမနေအားပါ။ လှမ်းထားသော အဝတ်တွေ ရုတ်ရမည်။ အိမ်ပြူတင်း တံခါးတွေ ပိတ်ရမည်။ အိမ်ရှေ့ ဖိနပ်စင် မိုးမပက်စေရန် နေရာ ရွှေ့ရမည်။ ရွာမှာလိုတော့ ရေခံစရာ မလိုပါ။ သူ လက်တွေ့ ဘဝထဲ ရောက်ခဲ့ပြီ ဖြစ်သည်။





သူငယ်ချင်း သက်ဝေရဲ့ တက်ဂ်ပိုစ့်လေးပါ။ မိုးရွာရင် မတွေးတတ်တဲ့ ကျမအတွက်တော့ အတော်လေး အကြပ်တွေ့စေခဲ့တဲ့ ပိုစ့်ပါပဲ။ သူငယ်ချင်း ကျေနပ်မယ် ထင်ပါတယ်နော်....

Sunday, October 17, 2010

အဖေ-၃ (အပြီး)

ကျမ မငိုမိခဲ့ပါ။ ဖုန်းထဲကနေ ကြားနေရတဲ့ အမေ့ စကားသံဆီကို အာရုံ ပို့ထားရင်း အမေ့ စကားတလုံးချင်းစီကိုပဲ နားစိုက်ထောင်ခဲ့မိတယ်။ နောက်တနေ့မနက် ရုံးမှာ ခွင့်စာတင်၊ အလုပ်တွေ လက်လွှဲပေးနေချိန်ထိ စိတ်နဲ့ကိုယ် မကပ်တာ တခုကလွဲလို့ ခါတိုင်းလိုပဲ လုပ်ကိုင်နေမိခဲ့တယ်။ ခဏအကြာ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ ကျမလက်ထဲ စာအိတ်အဖြူလေး တအိတ် လာထည့်ပေးချိန်မှာတော့ လူတကိုယ်လုံး ကျူံ့ဝင်သွားသလို သေးငယ်စွာ ခံစားမိခဲ့တော့တယ်။ ဒါက ထုံးစံပါပဲ။ ရုံးမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မိသားစုဝင်တွေ ဆုံးပါးသွားတဲ့အခါ ကူငွေ သဘောမျိုး စုပြီး ထည့်ဝင်ပေးကမ်းကြတာမျိုးပါ။ ရုံးက မပြန်ခင် သူဋ္ဌေး ကျမ အနားလာပြီး နှစ်သိမ့် အားပေးချိန်မှာတော့ သူ့ပုခုံးပေါ် ကျမ မျက်ရည်တွေ မထိန်းနိုင်အောင် ကျခဲ့မိပါတော့တယ်။ ငိုချင်သူကိုမှ လာပြီး လက်တို့ခဲ့လေခြင်းရယ်....။

လေဆိပ်ရောက်တော့ အဒေါ် ၂ယောက် (အဖေ့ညီမ၂ယောက်) နဲ့ အမေ လာကြိုကြတယ်။ ကျမကို ဖက်ရင်း "သမီး အဖေ မရှိတော့ဘူး သမီးအဖေ ဆုံးပြီ သမီးရဲ့" ဆိုပြီး ငိုကြတော့ ကျမကပဲ "မငိုပါနဲ့ ဒေါ်ကြီးရာ တနေ့ လူတိုင်း ဒီလမ်းကို သွားကြရမှာပဲ ဖေကြီးက နဲနဲစောတာ တခုပဲ"...။ ကျမ ပြင်ဆင်မထားခဲ့ပါ။ မမျှော်လင့်ပဲ နှုတ်က သူ့အလိုလို ထွက်သွားတဲ့ စကားတွေပါပဲ။ အဖေ ဆုံးတော့ အသက် ၅၀၊ နေမယ်ဆို နောက်ထပ် အနှစ် ၂၀-၃၀ နေလို့ ရသေးတဲ့ အရွယ်။ အို...တကယ်ဆို သေခြင်းတရားမှာ အသက် ကြီးငယ်၊ အရွယ် သုံးပါး ရှိတာမှ မဟုတ်ဘဲလေ။

"သင်္ဘောကနေ သူ ဆုံးပြီ ဆိုတဲ့ ကြေးနန်း ဝင် ဝင်လာချင်း ဧဂျင့်က အိမ်ကို လာ အကြောင်းကြားတယ်"

"အဲဒီနေ့ မတိုင်ခင်ညက ခါတိုင်းလိုပဲ သင်္ဘောပေါ်မှာ ပါတီပွဲ လုပ်ကြတာ၊ သူက မသောက်တော့ သူ့ အခန်းပြန်ပြီး စောစော အိပ်ရာဝင်ခဲ့တာ"

"နောက်တနေ့ မနက် သူ့ဂျူတီချိန် ပေါ်မလာတော့မှ သူ့အခန်းတံခါးကို သော့ပိုနဲ့ ဖွင့်ဝင်တော့ သူက အထဲမှာ ဆုံးနေခဲ့ပြီ"

အိမ်လာသူတွေတိုင်း မေးကြတဲ့ ဘယ်လိုများ ဖြစ်တာလဲ ဆိုတဲ့ မေးခွန်းကို ဖြေနေခဲ့တဲ့ အမေ့ စကားသံတွေပါ...

အဖေ အရက်ပြတ်တာ ကျမ မောင် အငယ်ဆုံးလေး မွေးကတည်းကပါပဲ။ မသောက်တော့ဘူး ဆိုပြီး တုံးတိ ဖြတ်ချခဲ့တာ။ ဒါပေမဲ့ အဖေဟာ ဆေးလိပ်တွေ ပိုသောက်ဖြစ်တာ၊ ပိုပိန်လာတာ ကျမ သတိထားခဲ့မိတယ်။ အဲဒီ ဆေးလိပ်ကပဲ အဖေ့ကို သတ်ခဲ့တာများလား...ကျမ ချဉ်ချဉ်တူးတူး တွေးမိခဲ့ပါရဲ့...။

"ခုထိတော့ ဘာ့ကြောင့်ဆိုတာ မသိရသေးဘူး၊ ဖြစ်တာက အမေရိကား စိန့်ဂျွန်း အိုင်းလန်းနားမှာ ဆိုတော့ သင်္ဘောကို နီးရာ ကမ်းကပ်ပြီး ဆရာဝန် ဆေးစစ်ချက် ယူရမှာ"

"သူ ပြောသွားသား...ဒီတခေါက် နောက်ဆုံးပဲကွာ ပြီးရင်တော့ နားတော့မယ် တဲ့လေ..."

ပြောရင်းက ဝမ်နည်းပြီး အမေ ငိုပြန်ပါတော့တယ်။

"ပြီးတော့ ပြောတတ်သေးတယ် ငါ မရှိလည်း အားမငယ်ပါနဲ့ မင့် သားတွေ သမီးတွေက မင်းကို လုပ်ကျွေးမှာပါကွာ တဲ့"

"သူ့ စကားတွေက တမျိုး ဆန်းနေတယ်လို့တော့ ထင်သား ဒါပေမဲ့ အဲဒီလို ဖြစ်မယ်ဆိုတာတော့ ဘယ်ထင်မိခဲ့ပါ့မလဲ"

အဖေဟာ သူ သေမှာကို ကြိုများ သိနေခဲ့သလား...။ အဖေက မာနလည်း ကြီးသေးတယ်။ "သားသမီးလုပ်စာ စားဖို့ ဘယ်တော့မှ မမျှော်လင့်ပါဘူးကွာ" လို့ ပြောလေ့ရှိသလို တကယ်လည်း ကျမတို့မောင်နှမတွေ အဖေ့ကို လုပ်ကျွေးခွင့် မရခဲ့ဘူး။ အဖေ နောက်ဆုံးတခေါက် သင်္ဘောမတက်ခင် ၃လလောက်က ကျမကို ဖုန်းထဲမှာ "အဖေတို့ အထက်မြန်မာပြည် ဘုရားဖူး သွားချင်တယ် သမီးကြီးရယ်" လို့ ဆိုရှာတယ်။ အဖေနဲ့အမေအတွက် ဘုရားဖူးစားရိတ် ဝမ်းသာအားရ ပို့လှူပေးခဲ့တော့ သူ့မှာ ဖုန်းထဲကနေ သာဓု ခေါ်ရှာခဲ့သေးတာ။ "အဖေ့သမီးကြီး မိဘတွေ သွားချင်တဲ့ ဘုရားဖူး ခရီးစားရိတ်ကို သည်လို ပေးလှူရတဲ့ အကျိုးကြောင့်"...အစချီလို့ ဆုတွေ ပေးမဆုံး ရှိခဲ့တာ။

"အသက်အာမခံထားတဲ့ လျော်ကြေး ဘယ်လောက်ရလဲ..." တဲ့

မိတ်ဆွေ အန်ကယ်ကြီး တယောက်ရဲ့ မေးခွန်းပါ။ ကျမတို့ သားအမိ နှစ်ယောက်လုံး မဖြေနိုင်ခဲ့တဲ့ မေးခွန်းလည်း ဖြစ်လေတယ်။

"သဘောင်္ကုမ္ပဏီကို မေးကြည့်ပါလား ခုဟာက သင်္ဘောပေါ်မှာ ဖြစ်သွားခဲ့တာ မဟုတ်လား"

ကျမတို့ သားအမိနှစ်ယောက်လုံး နားမလည်တဲ့ ကိစ္စမို့ ဧဂျင့်က အန်တီကြီးနဲ့ တွေ့မှပဲ မေးတော့မယ် ရယ်လို့ စိတ်ပိုင်းဖြတ်ထား ခဲ့ကြတယ်။ တကယ်လည်း နောက်တရက်မှာ ဧဂျင့်နဲ့ တွေ့ဖို့ အကြောင်းဖန်လာတယ်။

သင်္ဘောက အဖေ့ အလောင်း ပြန်သယ်မလား ဆိုတဲ့ ကြေးနန်းလာတော့ အမေက ကျမကို ဆုံးဖြတ်စေပါတယ်။ ခုတောင် လာသမျှလူတွေ မေးသမျှမေးခွန်းတွေ ဖြေရင်း၊ နှစ်သိမ့်အားပေးစကားတွေ ကြားရင်း တအိအိ ငိုနေတာ။ အဖေ့ အလောင်းမြင်ရင် ပိုဆိုးတော့မှာ၊ ဒါကြီးကိုပဲ တကြည့်ကြည့်နဲ့ တမြေ့မြေ့ ခံစားနေကြဦးတော့မှာ။ ပြန်မသယ်ဖို့ ကျမ ဆုံးဖြတ်လိုက်ပါတယ်။ အဖေ ဟိုမှာ ခေါင်းချဖို့ ဖြစ်ခဲ့တာလေ ဟိုမှာပဲ ငြိမ်းချမ်းစွာ နေပါစေတော့။ အဲဒီအတွက် ဇနီးဖြစ်သူက အလောင်းပြန်မယူဖို့ သဘောတူကြောင်း လက်မှတ်သွားထိုးရင်း မေးစရာ ရှိတာလေးတွေလည်း မေးဖို့ အမေနဲ့ကျမ ဧဂျင့်ရုံးကို သွားခဲ့ကြပါတယ်။

လက်မှတ်ထိုးအပြီးမှာ ကျမ သိချင်တဲ့ မေးခွန်းကို မေးခဲ့ပါတယ်။

"သင်္ဘောပေါ်မှာ ဆုံးသွားတဲ့အတွက် အဖေ့ရဲ့ အသက်အာမခံကြေးကို ကျမတို့ ကျန်ရစ်သူ မိသားစု အနေနဲ့ ခံစားခွင့် ရှိပါသလား အန်တီ"

"သင်္ဘောပေါ်မှာ ဖြစ်တယ် ဆိုပေမဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရပြီး ဆုံးသွားတာမှ မဟုတ်တာ၊ နောက်ပြီး ဆုံးသွားတဲ့ အချိန်က သူ့ဂျူတီချိန်လည်း မဟုတ်ဘူး။ ဂျူတီအော့ဖ်အချိန်ဖြစ်နေတော့ လျော်ကြေးမရနိုင်ပါဘူး"

"ဟုတ်ကဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရပြီး ဆုံးသွားတာ မဟုတ်တာကိုတော့ လက်ခံပါတယ် အန်တီ၊ ဒါပေမဲ့ ကျမ နားလည်ထားသလောက်ကတော့ သင်္ဘောသားတယောက်ဟာ သင်္ဘောပေါ် ရောက်တာနဲ့ ၂၄နာရီ အွန်ဂျူတီပဲ မဟုတ်လား၊ အဖေ့ ဂျူတီမဟုတ်တဲ့ အချိန်မှာ ဥပမာ သင်္ဘောမီးလောင်တယ် ဆိုပါတော့ ငါ့ဂျူတီချိန် မဟုတ်ဘူးဆိုပြီး မဆိုင်သလို ဘယ်နေပါ့မလဲ အဖေလည်း ပါဝင် ငြိမ်းသတ်မှာပဲလေ"

"အေးလေ အန်တီ ကုမ္ပဏီကို မေးကြည့်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် အန်တီ"

"အေးကွယ် အန်တီတို့က ကျန်ရစ်သူ မိသားစုနဲ့ ကုမ္ပဏီကြား တတ်နိုင်သလောက် အဆင်ပြေအောင် လုပ်ပေးပါမယ်။ အန်တီတို့ ဒီသင်္ဘောကုမ္ပဏီကမှ သေဆုံးသူကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးသေးတာ၊ တချို့ဆို သင်္ဘောပေါ် လူသေတာနဲ့ ရေထဲပစ်ချခဲ့ပြီး ငါးစာလိပ်စာ အဖြစ်ထားခဲ့တော့တာ"

"အဲဒါမျိုးကတော့ ရက်စက်လွန်းပါတယ် အန်တီ၊ ကျမအဖေကိုများ အဲသလို ရေထဲ ပစ်ချခဲ့ရင် ဘယ်အထိပဲ တက်ရ တက်ရ အဲဒီ သင်္ဘောကုမ္ပဏီကို ကျမ တရားစွဲမိမှာပဲ"

ကျမ မခံစားနိုင်လွန်းလို့ စိတ်က လွတ်ကနဲ ဖြစ်ပြီး နှုတ်ကပါ ပက်ကနဲ ပြန်ပြောမိပါတော့တယ်။ အမေကတော့ ဘာမှ ဝင်မပြောဘဲ မျက်ရည်သာ အသံတိတ် ကျနေခဲ့ပါတယ်။

"လျော်ကြေးကိစ္စ မေးရတာကိုလည်း ငွေမက်လွန်းလို့ လို့ မထင်ပါနဲ့ အန်တီ၊ ရသင့်ရထိုက်တယ် ထင်လို့ ပြောမိတာပါ။ အဖေတို့ လစာထဲက လတိုင်း အသက်အာမခံကြေး ဖြတ်ခံရတာ မဟုတ်လား၊ ခုနေမှာ လျော်ကြေးဒေါ်လာတသန်း နဲ့ ကျမအဖေ အသက် လဲကြကြေးဆို ကျမအဖေ အသက် ပြန်ရှင်ဖို့ကိုပဲ ကျမရွေးမိမှာပါ"

တကယ်ပါ။ လျော်ကြေးကိစ္စ မေးတုန်းက ရသင့်ရထိုက်တယ် ထင်တဲ့ လောဘစိတ်နဲ့ မေးခဲ့မိပေမဲ့ ကျမအဖေ အသက်လောက် ဘယ်ဟာကများ ပိုပြီး တန်ဘိုးရှိပါ့မလဲနော်။

အိမ်ပြန်ရောက်တော့ ခေါင်းရင်းခန်းက အဖေ့ ဓါတ်ပုံလေးကို ကျမ ငေးကြည့်နေခဲ့မိတယ်။ အဲဒီပုံက အဖေ အသက် ၄၅ လောက်မှာ ရိုက်ထားတဲ့ လိုင်စင်ပုံလေးကို အဖေဆုံးပြီ ဆိုတော့မှ ပုံကြီးချဲ့ မှန်ဘောင်သွင်းထားတာ။ ဓါတ်ပုံလေးရဲ့ ရှေ့မှာ ထမင်းပွဲ၊ လဘက်ရည် နဲ့ ဆေးလိပ်တလိပ် ချထားတယ်။ ကိုယ်တိုင်က ဒါမျိုးတွေ လက်မခံပေမဲ့ အမေ စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးတာကြောင့် လုပ်ရိုးလုပ်စဉ် ယုံကြည်မှု တခုလို့သာ သဘောပိုက်ပြီး ကျမ ဘာမှ မပြောခဲ့ပါဘူး။

အဲဒီ ရက်တွေမှာ အမေနဲ့ မောင်လေး ညီမလေးတွေရဲ့ မျက်နှာပဲ အရိပ်တကြည့်ကြည့် နေခဲ့ရင်း ကျမကိုယ်တိုင် ရင်ထဲမှာ ဆို့နင့်တင်းကြပ်မှုတွေနဲ့ မျက်ရည်တွေကို ပိတ်နှောင် ထားခဲ့မိပါရဲ့။ ကျမ ငိုခဲ့ရင် အမေနဲ့ ကျန်တဲ့ သူတို့လေးတွေ အားငယ်ကြရှာမယ်။ ဒါကြောင့် ကျမ မငိုဘူးရယ်လို့ တင်းထားခဲ့တယ်။ အမေ့မျက်နှာမှာ ကျမအပေါ် သမီးကြီး ဆိုတဲ့ အားကိုးမှုကို အထင်းသား တွေ့နေခဲ့ရတာကလည်း ကျမကို မျက်ရည်မကျမိစေဖို့ အကြိမ်ကြိမ် သတိပေးသလို ဖြစ်နေခဲ့တာလေ။

နှစ်ပတ် ဆိုတဲ့ အချိန်ဟာ မြန်လွန်းတယ်။ ကျမ အလုပ်ဝင်ဖို့ ပြန်ရတော့မယ်။ အမေ့ကို အားမငယ်ဖို့ အကြောင်း၊ ကျောင်းတက်နေဆဲ အငယ်နှစ်ယောက် တာဝန်နဲ့ အိမ်တာဝန်ကို ကျမ ယူနိုင်တဲ့ အကြောင်းတွေ အထပ်ထပ် ပြောပြီး ကျမ လိုချင်တာလေး ၂ခု အမေ့ဆီက တောင်းခဲ့တယ်။ အဲဒါက ခေါင်းရင်းခန်းထဲက အသုဘရှုထားတဲ့ အဖေ့ဓါတ်ပုံရယ်၊ အပိုင်း၁ တုန်းက တင်ခဲ့တဲ့ သင်္ဘောပေါ်မှာ ရိုက်ထားတဲ့ အဖေ့ပုံရယ်ပါ။


ကျမ အခန်းလေးထဲ ပြန်ရောက်မှ လူတကိုယ်လုံး နှုံးချိနေပြီး အရုပ်ကြိုးပြတ် ဘုန်းဘုန်းလဲမတတ် ခံစားရတော့တယ်။ အရင်ဆုံး အခန်းထဲက နာရီချိတ်ထားတဲ့ သံချိတ်မှာ အဖေ့ပုံ ပြောင်းချိတ်လိုက်တယ်။ အဖေ့ကို မော့ကြည့်ရင်း ကျမ တယောက်ထဲ အသံတိတ် စကားတွေ ပြောနေမိခဲ့တယ်။ အဖေ ကျမကို စိတ်ချ လက်ချ ယုံယုံကြည်ကြည် ထားသွားခဲ့ပြီပေါ့၊ အရင်ကတော့ အဖေပဲ ညည်းဟာ အင်္ဂါသမီးပေမဲ့ ခွေးခြင်္သေ့မ ငပျော့မ လို့ ဆိုခဲ့တာ...။ အဲဒီ ငပျော့မကို အဖေ မိသားစုတာဝန် ပခုံးပြောင်းပေးခဲ့တာ မစောလွန်းဘူးလား အဖေရယ်၊ အဖေ စိတ်ချ လက်ချ သွားပါတော့လေ။ အဖေ့လို မိသားစုအပေါ် တာဝန်ကျေအောင် ကြိုးစားပါ့မယ်။ ကျမ ဒါကိုပဲ ထပ်ခါတလဲလဲ ရေရွတ်နေမိတယ်။ ပြီးတော့ ထိန်းထားခဲ့သမျှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျအောင် တယောက်ထဲ ငိုနေမိခဲ့တယ်။

အဲဒီနေ့က စလို့ အိပ်ရာဝင်တိုင်း အဖေ့ကို အိပ်မက် မက်ပါရစေလို့ ဆုတောင်းပြီးမှ အိပ်ခဲ့တယ်။ ဒါပေမဲ့ နှစ်ပေါက်တဲ့ အထိ ကျမ အဖေ့ကို အိပ်မက် မမက်ခဲ့ဘူး။ ကျမ အိမ်ထောင်ကျပြီးမှ တညမှာ အဖေ့ကို အိပ်မက်ထဲမှာ တွေ့ခဲ့ရတယ်။ အဖေဟာ ၃၅-၄၀ အရွယ်၊ ရှပ်လက်တို ကွမ်းရိုးစင်းလေးနဲ့ သူဝတ်နေကျ မရမ်းစေ့ရောင် ပုဆိုး အကွက်စိပ်လေး ဝတ်လို့ ကျမကို စကားတွေ ပြောနေလိုက်တာများ။ သူပဲ ဘယ်တုန်းကမှ မသေခဲ့ သလိုလို။ စိတ်အလှုပ်အရှား ကြီးလွန်းလို့ တကယ်များလားတောင် ထင်မိတယ်။ ဖျတ်ကနဲ အိပ်မက်က လန့်နိုးမှ အဖေ ငါ့ အိပ်မက်ထဲ တကယ် လာခဲ့တာဆိုပြီး ငိုမိပြန်ပါတယ်။ တဘက်လှည့် အိပ်နေတဲ့ ခင်ပွန်းသည်ရဲ့ ကျောပြင်ကို မျက်နှာအပ်ရင်း ငိုမိလေတော့တာ။ ရုတ်တရက် အိပ်ရာက အနှိုးခံရသူလို နိုးလာတဲ့ ခင်ပွန်းသည်ကို ပြောပြတော့ သူက ဂရုဏာသက်စွာ ကျမ ဆံပင်တွေကို သပ်ပေးရင်း ရေအေးအေး တခွက် တိုက်ခဲ့တယ်။

အဖေ့ကို အိပ်မက် မက်တိုင်း၊ အဖေ့အကြောင်း ပြောမိတိုင်း ဒီနေ့အထိ ကျမ မျက်ရည်ကျရဆဲပါပဲ။

သားသမီးတိုင်းဟာ အဖေတွေကို သူရဲကောင်း တယောက်အဖြစ်၊ စံပြယောင်္ကျားတယောက် အဖြစ် သတ်မှတ်လေ့ ရှိကြတယ်။

ကျမတို့ အတွက်လည်း အဖေဟာ သူရဲကောင်း တယောက် ဖြစ်ခဲ့ပါတယ်။ အဖေ့ဆီက ကျမတို့ ကြိုက်နှစ်သက်စွာ အတုယူရမဲ့ အရာတွေ ရှိခဲ့သလို၊ ကျမတို့ မကြိုက်တဲ့ အကျင့်ဆိုးတွေလည်း ရှိခဲ့တာပါ။ အဖေ ဆိုတာလည်း လူပဲကိုး။ လူရယ်လို့ ဖြစ်လာကြကတည်းက ကောင်းဆိုး ဒွန်တွဲလျက် ရှိနေခဲ့ကြတာ မဟုတ်လား။ အဲဒီ အကောင်းအဆိုးတွေကို ချစ်ခြင်းနဲ့ရော မေတ္တာနဲ့ပါ ကျော်ဖြတ် ကြည့်မြင်တတ်ကြဖို့ပဲ လိုပါတယ်။ ။ ဘာပဲဖြစ်ဖြစ် အဖေတိုင်းဟာ သားသမီးတိုင်းအတွက် သူရဲကောင်းတွေ ဖြစ်ခဲ့ကြ၊ ဖြစ်ကြဆဲ၊ ဖြစ်နေကြဦးမှာပါပဲလေ...





စာကြွင်း:အမေ့ဆီ ဖုန်းဆက်တော့ ကုမ္ပဏီက အသက်အာမခံကြေးရယ်လို့ မဟုတ်ဘဲ ဂရုဏာကြေး ဒေါ်လာ ၅၀၀၀ ပေးသတဲ့။ နောက်တော့ အမေက အဲဒီ ပိုက်ဆံတွေနဲ့ ရပ်ကွက်ထဲက ရဟန်းဘောင် ဝင်ချင်တဲ့ လူကြီး လူငယ်တွေကို မွန်ပြည်နယ် ဘီးလင်းတောင်ပေါ်က ဆရာတော်ကျောင်းမှာ သင်္ကန်းစည်းပေးရင်း အကုန် လှူပစ်ခဲ့ပါတယ်။ အဖေ့အတွက် ရည်စူးပြီး ယတိပြတ် လှူဒါန်းခဲ့ပါသတဲ့။

Thursday, October 14, 2010

အဖေ-၂

ပြောပြရဦးမယ်...အိမ်ကို ဧည့်သည်လာရင် မောင်နှမတွေ တယောက်ချင်း ဒါက အကြီးမ၊ ဒါက အလတ်မ၊ ဒါက အကြီးကောင်၊ ဒါက နို့ညှာ၊ အထွေးဆုံး၊ အငယ်ကောင် ဆိုပြီး မောင်နှမ ၆ယောက်ကို ဗုံစီသလို ချပြလေ့ရှိတယ်။ အကြီးမက ဖအေတူနော် ဆိုရင်ပဲ ကျမက ကျန်တဲ့မောင်နှမတွေဖက် မျက်နှာလှည့်ပြီး တွေ့လား ဆိုတဲ့ ပုံစံနဲ့ ပြုံးဖြီးဖြီး ညစ်ကျယ်ကျယ် လုပ်ပြတတ်သေးတာ။ နဖူးမှာ မွေးကတည်းက ခြင်္သေ့ရုပ်ပဲ ကပ်ပါလာသလိုလို....။

ကျမ လေးတန်းနှစ်မှာ အဖေက ကဗျာရေးနည်း စ သင်ပေးတယ်။ လေးလုံးစပ်၊ ၄ ၃ ၂ ကာရံယူ စပ်နည်း၊ ရစ်သမ်နဲ့ ချိတ်ပြီး စပ်နည်း အဲဒါလေး သင်ပေးတယ်။ သားအဖနှစ်ယောက် တပိုဒ်စီ ချရေးထားတဲ့ ကဗျာ အပိုင်းအစလေးတွေဟာ သတင်းစာရဲ့ ဘေးအနားသား အဖြူရောင်ပေါ်မှာ အပြည့်ပေါ့။ အဲဒါ ကျမအတွက် စာရေးခြင်း ဝါသနာ ရင်ထဲ ရောက်လာတဲ့ အစပျိုးခြင်းပါပဲ။ တက္ကသိုလ်ရောက်တော့ ကဗျာ အတိုအစလေးတွေ ရေးပြီး ယောင်္ကျားလေး သူငယ်ချင်းတွေကို တပုဒ် ၅ကျပ်နဲ့ ရောင်းစားတယ်။ ဒီကောင်တွေက သူတို့ရည်းစားစာထဲ ထည့်ရေးကြတာ။ အလုပ်ကို ဖြစ်လို့ပဲ...။ ဒါပေမဲ့ ကျမ ငယ်ငယ်က ဖြစ်ချင်ခဲ့တာက လေယာဉ်မယ်၊ အဆိုတော်၊ အင်ဂျင်နီယာ...။ အဲဒါတွေ တခုမှ မဖြစ်ခဲ့ဘူး။

ကျမတို့ ညီအမကို ငယ်ငယ်ကတည်းက အဖေက အက သင်ပေးတယ်။ ဂိုးဂိုး ချားချား ခြေအကွက် ဘယ်လိုရွှေ့ရတယ်ဆိုတာက စပြီး သင်ပေးပါတယ်။ ကျမတို့လက်ကို ကိုင်ဆွဲပြီး သီချင်းသံနဲ့အတူ ခြေရှေ့တိုး နောက်ငင် အကွက်ရွှေ့ ကနေကြတဲ့ သားအဖတွေကို အမေနဲ့ အဖွားကဖြင့် အတော်ကို မျက်စေ့နောက်ခဲ့တာပေါ့။

အဖေက အပြင်စာတွေ ဖတ်တာ မကြိုက်ဘူး။ ကျမ ဖတ်ခဲ့ရတဲ့ စာအုပ်တွေက အဖေ ဝယ်ထားတဲ့ စာအုပ်တွေ၊ အနာဂါမ် ဆရာသက်ကြီးတို့ ၊ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများတို့ အဲသလို စာအုပ်တွေပဲ။ ဖတ်ရင်းနဲ့ စိတ်ဝင်စားလာပြီး အဖေ့ကို မေးတော့မှ တရားမှတ်နည်း သင်ပေးခဲ့တယ်။ ဘာသာရေးနဲ့ ထဲထဲဝင်ဝင် ရင်းနှီးစေခဲ့တဲ့ အဖေ့ကျေးဇူးကို ကျမ ဘယ်လိုမှ မမေ့နိုင်ဘူး။

ပြီးတော့ ည ညဆို မောင်နှမတွေ ဘုရားစင်ရှေ့မှာ ဘုရားရှိခိုး ဝတ်ရွတ်ရတယ်။ ဘုရားရှိခိုး၊ မေတ္တာပို့၊ မေတ္တာသုတ်နဲ့ မင်္ဂလသုတ်တွေ ရွတ်ကြရတယ်။ ပြီးခဲ့တဲ့ အခေါက် ကျမ အိမ်ပြန်တော့ တူ တူမလေးတွေ ညည ဝတ်ရွတ်တာကြည့်ပြီး ပီတိ ဖြစ်ခဲ့ရသေးတယ်။ အဲ...ကျမ ဝင်မရွတ်ခဲ့ပါဘူး။ လူကြီးဖြစ်သွားပြီလေ...:)

ကျမ အပျိုပေါက်အရွယ်မှာ သူငယ်ချင်းရဲ့ ဦးလေး ဆိုတဲ့ လူပျိုကြီးရဲ့ ရည်းစားစာ ပေးခြင်းကို ခံရတယ်။ တရားခံက လူပျိုကြီးရဲ့တူမ ကျမ သူငယ်ချင်းပေါ့။ စာတစောင်ကို မုန့်ဘိုး ၂ကျပ်ရလို့ သူ့ ဦးလေးစာ ယူလာပြီး ကျမကိုပေးသတဲ့ ။ အတော်ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်းပါပဲ။ ကျမက အိမ်ရောက်တော့ အဖေ့ရှေ့ အော် ဖတ်ပြတယ်။ အဖေက အမေ့ကို မေးငေါ့ပြရင်း "မင့်သမီး သူကြိုက်တဲ့ဟာ တွေ့ရင် တို့တောင် သိလိုက်မယ် မထင်ပါဘူးကွာ" ဆိုပြီး တဟားဟား အော်ရယ်တယ်။ အဲဒါ အတော် မှန်တာ။ ကျမ ရည်းစားရတော့ အဖေတို့ လုံးဝ မသိလိုက်ကြဘူး...။

တနေ့ အရွယ်ရောက်လာတဲ့ သမီး အပျို နှစ်ယောက်ကို အဖေက သူ့ရှေ့ ခေါ်တယ်။ သစ်သီးဖျော်ရည် တိုက်တယ်။ အရသာ သေချာ မှတ်ထားဖို့ ပြောသေးတယ်။ ပြီးတော့ ဒရိုင်းဂျင်လေး နဲနဲရောတယ်။ ထပ်တိုက်တယ်။ ဘာကွာလဲ မေးတယ်။ ကျမတို့ ညီအမတွေက တွေးတွေးဆဆနဲ့ သက်တက်တက်လေးတို့ ခါးတားတားလေးတို့ ပြောကြတာပေါ့။ နောက် တခွက် ထပ်တိုက်တယ်။ ဘာတွေ ရောထားမှန်း မသိပါဘူး။ အဲဒီနေ့ညက သားအဖတတွေ ရီဝေဝေနဲ့ ရယ်ရလွန်းလို့ အူမြူးမဆုံးပေါ့။ အဖေ့ ရည်ရွယ်ချက်က သမီးတွေ အရက်ညာအတိုက် မခံရအောင် တဲ့လေ...။

အဖေရဲ့ အကျင့်က အိမ်မှာနေလည်း အအားကို မနေဘူး။ အိမ်ရှေ့က မြက်တွေ ခုတ်မယ်။ ခြံထဲက သရက်ပင်အောက် ခုံတန်းလေးကို သံ ပြန်ရိုက်မယ်။ ဘုရား မျက်နှာတော် ရောင်တော်ဖွင့်မယ်။ အုတ်ရေကန် ဘေးပတ်ပတ်လည်က အမှိုက်တွေ ရှင်းမယ်။ တခုခုတော့ လုပ်နေရမှ အဖေက ကျေနပ်တယ်။

အဖေက ရယ်လည်း ရယ်ရတယ်။ ကျမတို့ ညီအမ မီးဖိုချောင် ဝင်ချက်တဲ့နေ့ဆို ဟင်းထဲပဲ ဆားမပါ သလိုလို။ ပုဇွန် နှုတ်ခမ်းမွှေး စင်အောင် မညှပ်ပဲ ချက်သလိုလို သူ့မှာ ဘာမှန်းမသိ တခုခု လိုနေတော့တာ။ အမေနဲ့ ကျမတို့ ညီအမတတွေ တိုင်ပင်ပြီး ကျမတို့လက်ရာကို "ဒါ အမေချက်တာ" ဆိုရင်ဖြင့် သူ့မှာ ခေါင်းကို မဖော်နိုင်အောင် စားတယ်။ ညနေစာ ထမင်းဝိုင်းတွေဆို သားသမီးတွေ အားလုံးနဲ့ လက်စုံစားရမှ အဖေက ဝမ်းဝသလိုပဲ။ အကြီးမ အိမ်ပြန်ရောက်ပြီလား၊ ဟိုအငယ်ကောင် ရောနဲ့ တယောက်ချင်း မေးတော့တာ။ မိသားစု သံယောဇဉ် အင်မတန်ကြီးရှာတဲ့ အဖေ...။

တနေ့မှာ အဖေနဲ့အမေက အိုမင်းလို့၊ ကျမတို့ မောင်နှမတွေ တလှည့် ပြန်လုပ်ကျွေးကြမယ်။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ အဖေအမေ သက်တမ်းစေ့တဲ့ထိ အတူနေကြဖို့ မျှော်လင့်ခဲ့ကြတာ။ တကယ်ပဲ ရိုးစင်းစွာ တွေးထားမိခဲ့တယ်။ ဒါပေမဲ့ အစိုးမရတဲ့ သေခြင်းတရားက သူ့အလုပ် သူလုပ်တော့တာ။

ကျမ စလုံးမှာ အလုပ်ရပြီး တနှစ်အကြာ ၁၉၉၈ မှာပေါ့။ ကျမတို့ အိမ်နဲ့ မျက်စောင်းထိုး ဖုန်းအိမ်ကို အမေနဲ့ စကားပြောဖို့ ဖုန်းခေါ်ဖြစ်တယ်။ အဲဒီအိမ်မှာ တရုတ်လင်မယား အဖိုးကြီးနဲ့ အဖွားကြီးပဲ နေတယ်။ အဖွားကြီးက ဖုန်းလာကိုင်တယ်။ ကျမက အမေ့ ခေါ်ပေးပါ ဆိုတာကို သူက "ဟဲ့ ကောင်မလေး နင့်အဖေ သေပြီ" လို့ ပြန်ဖြေတယ်။ ကျမ လက်မခံချင်ဘူး အမေ့ခေါ်ပေးပါ ဆိုတာပဲ ထပ်ပြောမိတယ်။ ခဏနေ အမေ ဖုန်းလာဖြေတော့ ငိုသံနဲ့ "သမီး အဖေ ဆုံးပြီ"တဲ့...။ သေချာပြီ....ကျမ အသက် ဝအောင် ရှူသွင်းရင်း အမေ ပြောနေတာတွေ နားထောင်နေခဲ့မိတယ်။




ရေးစရာတွေ ရှိနေသေးလို့ သည်းခံဖတ်ပေးကြပါဦးနော်၊ မမန့်ခဲ့ပါနဲ့ ဖတ်သာ ဖတ်သွားပါ။ နောက်တပိုင်း အပြီး ရေးတင်ပါမယ်ရှင်....:)

Tuesday, October 12, 2010

အဖေ

ကျမ ငယ်ငယ်လေးကတည်းက အဖိုးအဖွားတွေက ညည်း အဖေနဲ့ အမေ ဘယ်သူ့ပိုချစ်လဲ မေးတိုင်း "ဖေကြီးကို ပိုချစ်တယ်" လို့ ဖြေတတ်တယ်။ အဲလိုဖြေတိုင်း အဖွားက စိတ်မထင်ရင် မထင်သလို "မအေ မွေးရတာ အတော် ဝမ်းရည်စပ်တဲ့ ဟာမကလေး" ရယ်လို့ ကျမခေါင်းကို လက်ညှိုးနဲ့ တွန်းထိုး ထိုးရင်း ပြောလေ့ရှိတယ်။ ဒါပေမဲ့ အဖွားကလည်း မေးမြဲ၊ ကျမကလည်း မပြောင်းမလဲ "ဖေကြီးကို ပိုချစ်တယ်" လို့ ဖြေခဲ့မြဲပါပဲ။

အဖေက ၇တန်းထိပဲ အတန်းကျောင်း တက်ခဲ့ပေမဲ့ အင်္ဂလိပ်စာအုပ်တွေကို ဒေါင်းဒေါင်းပြေး ဖတ်နိုင်တယ်။ ပြီးတော့ အဖေတို့ အတန်းတူ သူငယ်ချင်းတွေက လူငယ်ပီပီ စွန့်စားချင်ကြတယ်။ မိဘလက်ငုတ်လက်ရင်း စီးပွားရေးကို သားသမီးက ဆက်ခံ ဆိုတာကြီးကို မနှစ်သက်ခဲ့ကြဘူး။ ဒါနဲ့ပဲ အဲဒီတုန်းက ခေတ်စားဖို့ ဝေးလို့ ဘာမှန်းတောင် မသိကြသေးတဲ့ နိုင်ငံခြား သဘောင်္သား ဆိုတဲ့ အလုပ်ကို အဖေတို့ သူငယ်ချင်း ၃ယောက်သား မိဘတွေ မသိအောင် လျှောက်လွှာ တင်ခဲ့ကြတယ်။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ရှိခဲ့ရာက အဖေနဲ့ အမေ အိမ်ထောင်ရက်သားကျလို့ ကျမ အခါလည် သမီးအရွယ် ရောက်မှ သင်္ဘောသား အလုပ်ခေါ်စာ ကျခဲ့ပါလေရော။ သူငယ်ချင်း ၃ယောက်ထဲမှာ အဖေတယောက်ပဲ အလုပ်ခေါ်စာ ရခဲ့တာ ဖြစ်ပြန်၊ ဝါသနာကလည်း ရှိရင်းစွဲ ဖြစ်ပြန်ဆိုတော့ ဇနီးနဲ့ သမီးကို မိဘတွေနဲ့ စိတ်ချလက်ချ ထားခဲ့ပြီး နိုင်ငံရပ်ခြား သဘောင်္ကြီးပေါ် လိုက်ပါ အလုပ် လုပ်ခဲ့လေတယ်။

ကျမမှာ အဖေကို မမှတ်မိခင်ကတည်းက ခွဲခဲ့ရတာ။ သင်္ဘော တခေါက်ထွက်သွားရင် တနှစ်ကနေ နှစ်နှစ်အထိ ကြာတတ်ပြီး အိမ်ပြန်ရောက်တဲ့အခါ ၆လလောက်ပဲ မိသားစုနဲ့ အတူနေ၊ ပြီးတော့ သင်္ဘောပေါ် ပြန်တက် ဒီလိုနဲ့ပဲ ကျမရဲ့ ငယ်ဘဝတွေမှာ အဖေနဲ့ အတူနေရချိန် သိတ်နည်းခဲ့တယ်။ ဒါ့ကြောင့်ပဲ ထင်ပါရဲ့...အနားမှာရှိပြီး ဆူတတ်၊ ရိုက်တတ်တဲ့ အမေထက် အဝေးမှာနေပြီး လက်သာတဲ့ အဖေ့ကို ကျမ ပိုခင်တွယ်ခဲ့တယ်။

အဖေပြန်လာတဲ့အခါ အဖေ့ပေါင်ပေါ် တက်ထိုင်ပြီး အဖေ ဖွင့်ပြတဲ့ သေတ္တာကို ကြည့်ရတာကိုက အရသာ။ ကျမတို့ မောင်နှမတွေ အတွက် ချောကလက်၊ ကျမတို့ ညီအမတွေ အတွက် ဂါဝန် လှလှလေးတွေ၊ ကျောင်းသုံးပစ္စည်း ဆန်းဆန်းပြားပြား လေးတွေ အမျိုးစုံအောင် အဖေက ဝယ်လာတတ်တာကိုး...။

ကျမ မွေးနေ့တွေမှာ ကျမတို့နဲ့အတူ အဖေရှိနေစေဖို့ မျှော်လင့်ခဲ့ရတာလည်း အမောပါပဲ။ အဖေက အချက်အပြုတ် ဝါသနာ ပါတယ်။ ကျမမွေးနေ့တွေမှာ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြေးအိုး၊ ကော်ရည်၊ ဆီချက် နဲ့ ဝက်သားထုတ်ထိုး စသဖြင့် လုပ်ပေးလေ့ရှိတယ်။ လမ်းထဲက သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ကျွေး၊ အိမ်နီးချင်းတွေကိုလည်း ချိုင့်နဲ့ပို့ ဆိုတော့ ကျမဖြင့် မွေးနေ့မှာ အဖေရှိရင် သိတ်ပျော်တာ။ အဖေက ကျမကို အချစ်ဆုံးလို့ အမေက ပြောတာပဲ။ သမီး အကြီးဆုံးဖြစ်တဲ့အပြင် အဖေနဲ့ကျမက ရုပ်ချင်းလည်း ဆင်တယ်ဆိုတော့ ဒါကိုပဲ ကျမက တကြွကြွဖြစ်နေခဲ့တာ။ အဖေတူသမီး ကြီးပွားဦးမယ် ဆိုပြီး မာန်တက်နေခဲ့တယ် ဆိုရမှာပေါ့။


မှတ်မိသမျှတွေထဲမှာ အဖေနဲ့ကျမ လေဟာပြင်ဈေးသွားကြပြီဆို အဖေက ကော်ရည်သောက်၊ ကျမက ဆီချက်စား ပြီးရင် အချိုပွဲအဖြစ် အဖေက ဖာလူဒါ၊ ကျမက ကူးလ်ဖီးစားပြီး ဗိုက်ကားမှ သားအဖနှစ်ယောက် ပြန်ခဲ့ကြတာ။ အဖေနဲ့ အပြင်သွားရင် အစား၊ အမေနဲ့ အပြင်သွားရင် အဝတ် ငယ်ငယ်က အဲသလို မှတ်မိထားခဲ့တယ်။

ကလေးပီပီ ကျောင်းကအပြန် လမ်းမှာ ခဲတံတိုလေးတချောင်း ကောက်ရလို့ ယူလာခဲ့ဖူးတယ်။ အဖေသိတော့ "ချက်ချင်း သွားပြန်ထား ဘယ်နေရာက ကောက်ခဲ့သလဲ ခု ချက်ချင်း သွားထားချေ" လို့ ဆူပြော ပြောခံရတော့ ကျမက အဖေ့သမီးပီပီ ပက်ကနဲ "သမီး မကောက်လည်း သူများတွေ ကောက်မှာပဲဟာ" လို့ အထွန့်တက်သေးတာ။ အဖေ့ ကြောက်လို့သာ သွားပြန်ထားရတယ် စိတ်ထဲ တယ် မကျေနပ်လှဘူးပေါ့။ အရွယ်လေး ရလာမှ ဘာကိုမဆို အလကား လိုချင်စိတ် မရှိရအောင် သင်ပေးခဲ့တဲ့ အဖေ့ စေတနာကို နားလည်မိခဲ့ရတာ။

ငယ်တုန်းကတော့ အဖေက ကိုယ့်ကို အလိုလိုက်တုန်းခဏပဲ အဖေ့ကို ချစ်နေပြီး တခါခါ မုန်းမိပြန်တယ်။ အဖေ နဲ့ အမေ စကားများကြလို့ နောက်တနေ့ အမေ့မျက်နှာမှာ အညိုအမည်းစွဲနေတာ တွေ့ရရင်၊ အမေ့ နှုတ်ခမ်းထောင့်စွန်းလေး ကွဲနေတာတွေ့ရရင် အဖေ့ကို မုန်းတယ်။ "နာလားဟင် မေကြီး" လို့ အမေ့ နှုတ်ခမ်းကို လက်ညှိုးလေးနဲ့ မရွံ့မရဲ တို့ရင်း မေးမိခဲ့တယ်။ အမေ့ကို သနားတဲ့ အဆနဲ့ ထပ်တူ အဖေ့ကို မုန်းမိတယ်။ အဲဒီလို အချိန်တွေဆို ကျမကသာ အဖေ ခေါ်ရင်လည်း မသွား၊ အဖေ ဘာကျွေးကျွေး မစားဘဲ အဖေ့ကို စိတ်ကောက်နေပေမဲ့ နှစ်ရက်လောက် ကြာတဲ့အခါ "အကိုရေ" "ညီမလေးရေ" နဲ့ သူတို့နှစ်ယောက် ပြန်ချစ်သွားကြလေတယ်။

မနက် မနက်ဆို အဖေက နိုးတာနဲ့ ခြင်ထောင်ထဲက မထွက်သေးဘဲ ညီမရေ လို့ အရင် ခေါ်လေ့ရှိတယ်။ အဲဒီခေါ်သံဟာ အမေ့အတွက်တော့ ကြိမ်စကြာပဲ။ အဖေ့နား အပြေးကလေး သွားပြီး အိပ်ရာဘေး စားပွဲပေါ်က မတ်ခွက်ထဲကရေကို အဖေ့ကို တိုက်ရတယ်။ အဖေ အိမ်မှာ ရှိနေချိန်ဆို အဲဒါက အမေ့အတွက် နေ့စဉ် ဝတ္တရားပဲ။ "အဖေ့နှယ် ကိုယ့်ဘာသာ ယူသောက်ပါတော့လား အိပ်ရာဘေးလေးတင် ဟာကို" လို့ အမေ့ကို သနားစိတ်နဲ့ အဖေ့အပေါ် မကျေမနပ် ဖြစ်ခဲ့ဖူးတယ်။ ကျမ မတွေးမိတာက လင်သားအပေါ် ပြုစုခွင့်ရတဲ့ အမေ့ရဲ့ ကျေနပ် ကြည်နူးမှု၊ ပြီးတော့ အမျိုးသားတိုင်းရဲ့ ဇနီးသည်အပေါ် မိခင်လို အားကိုးတွယ်တာမှု၊ ချွဲနွဲ့လိုမှုတွေကိုပါပဲ။

အိမ်မှာ ကျမတို့ မောင်နှမတွေကို ရိုက်ရင် အဖေက ကြိမ်လုံးနဲ့ ရိုက်လေ့ရှိပြီး အမေက တွေ့ရာနဲ့ ကောက်ဆော်တတ်တယ်။ မောင်နှမတွေထဲ ဘယ်သူ အရိုက်ခံရဆုံးလဲ မေးကြည့်...ကျမပဲပေါ့။ အဖွားက ကျမအတွက် ထုံးဆနွင်း အင်ဒုံနဲ့ ထည့်ဖျော်ထားရတဲ့ အထိ ကျမ ငယ်ငယ်က ဆိုးသတဲ့။ အဖေ့ကြိမ်လုံးကိုတော့ ကျမက ဘယ်တော့မှ မကြောက်ဘူး။ အဖေ့ကို မရယ် ရယ်အောင် စ နောက်ပြီး တအိမ်လုံး ပတ်ပြေးတော့တာ။ နောက်ဆုံး အဖေက ရယ်ရယ်မောမောနဲ့ ကြိမ်လုံးကို နံရံမှာ ပြန်ချိတ်ပြီး ပက်လက်ကုလားထိုင်ပေါ် ထိုင်ချမှ ကျမလည်း အပြေးရပ်တော့တာ။

ကျမ အသက် ၂၀ကျော်မှ ကျမတို့မိသားစု အဖွားအိမ်က ခွဲထွက်လို့ ပေ ၄၀X၆၀ ခြံကလေးဝယ်၊ အိမ်ကလေး ဆောက်လို့ အိုးအိမ် သပ်သပ်ခွဲနေကြရတယ်။ အဖေတို့ခေတ်က သင်္ဘောသားဆို အခွန်စာရွက်နဲ့ ကားသွင်းခွင့် ရှိတယ်။ ကားလည်း ခဏခဏ သွင်းခဲ့ဖူးတယ်။ ဒါပေမဲ့ ကျမတို့ မောင်နှမတတွေ တခါမှ ကိုယ်ပိုင်ကားရယ်လို့ မစီးခဲ့ရဘူး။ အဖေ သင်္ဘောသွားတုန်း ယူသုံးထားမျှ အတိုးအရင်းတွေ အဖေ ပြန်လာတာနဲ့ ကားရောင်းပြီး ထိုးဆပ်၊ ကျန်တာလေး ထိုင်စား ဒီလိုပဲ လုံးချာလိုက်နေခဲ့ရတာ။





ရေးရင်းနဲ့ ရှည်သွားလို့ ၂ပိုင်းခွဲလိုက်ရပါတယ်...နောက်နေ့ လာဖတ်ပါဦးနော်...:)

Monday, October 11, 2010

နှလုံးသား အာဟာရ ပြည့်ဝခဲ့သောနေ့-၃

နောက်ဆုံးပိတ် အိတ်နဲ့လွယ်မဲ့ ဆရာအော်ပီကျယ်ရဲ့ အလှည့်ပါ။ ဆရာက ကာတွန်းလေးတွေကို ပရိုဂျက်တာနဲ့ ထိုးပြပြီး ဟောပြောသွားခဲ့တယ်။ ကာတွန်းတွေရော၊ ဆရာ ပြောသွားတာတွေရော အများကြီးပါပဲ။ ဆရာဟောပြောသွားတဲ့ ခေါင်းစဉ်က "ဒို့ မြန်မာတွေ ပျော်ပါစေ" တဲ့။ ခေါင်းစဉ်လေးမှာကိုက မေတ္တာသံ ပါပြီးသား။

ကျမတို့ မြန်မာတွေ ရေလာလည်း ပျော်၊ မီးလာလည်း ပျော် နဲ့ ရနေသမျှလေးနဲ့ ပျော်အောင် နေရှာကြတဲ့ အကြောင်း၊ ရေမီး မမှန်လို့ တချို့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးခဲ့ရင်တောင် ဘယ်သူ့ကိုမှ အပြစ်မမြင်ဘဲ ငါကိုယ်က ညံ့လို့ပါလေ လို့ ဖြေတွေး နေကြရတဲ့ အကြောင်းတွေက စ ပါတယ်။ ရယ်မောရမလိုလိုနဲ့ ရင်မောစရာလေးတွေ ပါပဲ။

ကာတွန်းလေးတွေ အများကြီးထဲကမှ တချို့ကို ရွေးချယ် ပြောပြချင်ပါတယ်။

ပေးတယ်ဆိုတာက ကိုယ့်မှာ ပေးဖို့ ပမာဏ အလုံအလောက် ရှိပါဦးမှ၊ ကိုယ့်မှ ၁၀၀ ရှိတာကို သူများ ၂၀၀ ပေးချင်လို့ ရမတဲ့လား။ အဲဒီသဘောကို ဆရာက ဒီကာတွန်းလေးနဲ့ ပြောခဲ့တယ်...

ပထမ တကွက်မှာ ၂၄နာရီ မီးပေးတော့မယ် ဆိုလို့ အားငယ်သွားရှာတဲ့ ဘက်ထရီအိုးနဲ့ ဖယောင်းတိုင်လေး...
နောက်တကွက်ကျတော့ ဟော အကြံရသွားပြီ ဒီနေရာမှာ လင်းရင် အရင်နေရာမှာ မှောင်ပြီပေါ့ အားမငယ်နဲ့ လာ သွားကြစို့ တဲ့...


ကျမတို့ ရွှေပြည်ကြီးက ဂက်စ်တွေနဲ့ ယိုးဒယားမှာ လင်းထိန်နေတဲ့ လျှပ်စစ်မီးတွေ....။ ကျမတို့မှာ မလောက်ငှပေမဲ့ သူများနိုင်ငံ ရောင်းစားတာကို ကျပြန်တော့...အေးဆေးပါ ကျမတို့ ရွှေပြည်ကြီး နိုင်ငံခြားငွေ တိုးတက် ရရှိဖို့ပဲ ဆိုတဲ့ အတွေးနဲ့ (အဟမ်း)....ဟုတ်ကဲ့ အမှောင်ထဲနေရင်း ကျမတို့ ပျော်ကြပါတယ်...ဟိုဘက်ကမ်းက မီးထိန်ထိန်ကို မုဒိတာ ပွားကြပါတယ်။

နောက်တကွက်ကိုလည်း ကြည့်ပါဦး။ အင်မတန် သနားစရာ ကိုနိုင်ငံခြားသားကြီးပါ။
လျှပ်စစ်မီးနဲ့ ပတ်သက်လာရင် ကျမတို့လောက် ဘယ်နိုင်ငံသားကများ သိနိုင်ပါ့မလဲနော်...



ကွန်ပြူတာဆိုတာက ဖယောင်းတိုင်နဲ့ ဖွင့်လို့ မရ ရေးချ မရ ဆိုတော့ကာ....


ဒါကတော့ မကောင်းသူပယ် ကောင်းသူကယ် ဆိုတဲ့ သကြားမင်းရဲ့ ဝရဇိန် လက်နက်ကို သံသယဖြစ်စရာပါ။ သကြားမင်း လက်မတဲ့တာကတော့ အထင်အရှားပါပဲ...


အင်း...လူကြီးဆိုတာ အဲသလို အမြော်အမြင် ကြီးကြီးနဲ့ နေတတ်ရတယ်...နေတတ်တော့ သက်သာသပေါ့ လူကြီးပါ ဆိုမှ ကျန်းမာရေးကလည်း မကောင်းဘူး မဟုတ်လား...



သိတ်သိနေရင် အနေမချောင်ဘူးလေ...


ဖြစ်လာတော့မှ ပါးစပ်ထဲ ကောက်ပြင်လိုက်ကြတာပေါ့...။ စည်းမျဉ်းဆိုတာ ခုလို ပြုလွယ် ပြင်လွယ် ရှိရသတဲ့....တို့များက Flexible ဖြစ်လွန်လွန်းလို့...


လက်အောက်ငယ်သား ဆိုတာ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား အဲသလို ပရိယာယ် ကြွယ်ရတယ်၊ အထက်လူကြီး ယုံအောင် ဂျပိုးကို လိပ် ပြောတတ်ရသတဲ့...လူနပ် ချမ်းသာ ခေတ်ကိုး....


တို့ ရွှေပြည်ကြီးဟာ အရှေ့တောင်အာရှမှာ ထိပ်ဆုံးကကွဲ့....ဟိုး..........ရှေး ရှေး တုန်းက ပေါ့ကွယ်...


ဘယ်သူမဆို တိုင်းပြည်အတွက် အုတ်တချပ် သဲတပွင့် ဖြစ်နိုင်ကြပါတယ်။ လူမှန် နေရာမှန် ဖြစ်ဖို့ပဲ လိုတာပါ။ ခုလို ထမင်းဖြူထဲက သဲတပွင့် ဖြစ်ရတာကို ဂုဏ်ယူနေသူတွေ များနေရင်တော့....



ဆရာပြောသွားတဲ့ အထဲက ကျမ အနှစ်သက်ဆုံး ၁၀ ကွက် ရွေးထုတ် ပြခဲ့တာပါ။ ရုပ်ရှင်၊ စာပေ၊ ဂီတ နဲ့ ကာတွန်း အနုပညာရှင်တွေဟာ တကယ်တော့ စကားပြောနေကြသူတွေပါ။ ရင်ထဲ ရှိတာတွေ၊ ခံစားရသမျှ၊ မြင်တွေ့ရသမျှ တွေကို ပြည်သူတွေ အားလုံးရဲ့ကိုယ်စားလှယ် အဖြစ် ထုတ်ဖော် ပြောပြခွင့် ရကြသူတွေပါ။ ရုပ်ရှင်ထဲက တဆင့် ပြောကြတယ်။ စာပေတွေက တဆင့်၊ သီချင်းသံစဉ်တွေက တဆင့်၊ ကာတွန်း ရုပ်ပုံလေးတွေက တဆင့် စကားတွေ ပြောနေခဲ့ကြတယ်။ တိုင်းပြည်ချစ်စိတ်နဲ့ အပြုသဘောဆောင်တဲ့ ပြောကြားမှုတိုင်းအတွက် အနုပညာရှင်တွေကို ကျမ လေးစားမိပါတယ်။

ဆရာအော်ပီကျယ်ရဲ့သား ဘတ်စ်ပေါ်က အဆင်း၊ ပြုတ်ကျလို့ ခြေထောက် နှစ်ဘက်လုံး ဘတ်စ် အကြိတ်ခံရတဲ့ အကြောင်း တော်တော်များများ သိပြီးကြမှာပါ။ စင်္ကာပူ စာပေဟောပြောပွဲ မတိုင်ခင်လေးတင်ကမှ ဖြစ်တာမို့ လာဖြစ်အောင် လာခဲ့တဲ့ ဆရာ့ကို ကျေးဇူးတင် လေးစားမိပါတယ်။ ဆရာက စံနစ်ကိုပဲ လက်ညှိုးထိုး ပြခဲ့ပါတယ်။ ကားမောင်းသူနဲ့ စပါယ်ယာဆိုတာက သူတို့မှာ သတ်မှတ်ထားတဲ့ ခေါက်ရေပြည့်အောင်၊ သတ်မှတ်ထားတဲ့ ဝင်ငွေ စံချိန်မီအောင် တစီးနဲ့ တစီး ခရီးသည် လုတင်ကြရတာ။ ကားတစီး နဲ့ တစီး ဖိုက်ကြရတယ် ဆိုပါတော့လေ။ ဒီတော့ အတက်ခရီးသည်တွေ ခြေ ၂ချောင်းလုံး ကားပေါ် မရောက်ခင်၊ အဆင်းခရီးသည်တွေ ခြေ၂ချောင်းလုံး မြေပေါ် မကျခင် ဆွဲဆရာရေ့ လုပ်တတ်ကြတော့တာ။ ကျမ အမေ ကိုယ်တိုင်လည်း ဒတ်ဆန်းကားပေါ်က ပြုတ်ကျခဲ့ဖူးတယ်ဆိုတော့ ဆရာ့ ခံစားချက်ကို နားလည်နိုင်ပါတယ်...။

ဒီက ဘတ်စ်တွေကတော့ ဘတ်စ်ကပ္ပတိန်လို့ ခေါ်တဲ့ မောင်းသူ တယောက်ထဲပဲ။ အိုမင်းမစွမ်းသူတွေ၊ မသန်မစွမ်းသူတွေ ဆိုရင် ကားဘီး ၄ဘီးလုံး မြေပေါ် ရပ်ထားပြီး မောင်းသူကိုယ်တိုင် ကားပေါ်က ဆင်းပြီး တွဲတင်လေ့ရှိပါတယ်။

ဆရာပြောခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းတွေ ဒီကနေ့အထိ ခေတ်မီနေပုံကို သဘောကျမိတယ်။ ဆရာကြီး ဦးဘဂျမ်းက တိုင်းပြည်အတွက် ပြင်သင့်တာတွေကို အပြုသဘောဆောင်တဲ့ ကာတွန်းတွေ ရေးဆွဲခဲ့တယ်။ ဒါပေမဲ့ မပြင်ကြတဲ့အခါ ဆရာကြီး ကာတွန်းတွေဟာ ဒီနေ့ထိ အကျုံးဝင် ခေတ်မီနေတော့တာပေါ့။ ဆရာကြီးရဲ့ ကာတွန်းတွေ ခေတ်အဆက်ဆက် မီစေချင်တဲ့ စေတနာနဲ့ မပြင်ကြပုံ ရပါတယ်...။

ဆရာ အော်ပီကျယ်


ကျမ ဝယ်ခဲ့တဲ့ ဆရာ့စာအုပ်တွေ...


ကျမ အတွက် ဆရာ့ရဲ့ အမှတ်တရ...


ဆရာပြောခဲ့ ပြခဲ့တဲ့ ကာတွန်းပုံလေးတွေကို ကျမ မှတ်မိသလို ကျမစကားနဲ့ ပြန်ရေးပြထားခြင်းပါ။ ဆရာ့ ဆိုလိုရင်းနဲ့ ကွဲလွဲမှုတွေ ရှိခဲ့ရင် ကျမရဲ့ အဓိပ္ပါယ်ဖွင့်မှု၊ နားလည်မှု အားနည်းလို့သာ ဖြစ်ပါတယ်ရှင်။

စာကြွင်း>>ကျမ ခေါင်းမှာ ဘုတွေနဲ့ပေါ့ ဆရာ...၊ ဆရာတင်ပေးလိုက်တဲ့ ထောင့်ကန်ဘောတွေ ခေါင်းတိုက်သွင်းနေ ခဲ့ရလို့လေ....





ပွဲ စီစဉ်သူတွေဟာ ပွဲမစခင် ၃လလောက်အလို ကတည်းက တနင်္ဂနွေ အပတ်တိုင်း ည ၉နာရီက ၁၂နာရီ အစည်းအဝေး လုပ်ကြရင်း ပွဲအတွက် စီစဉ် ပြင်ဆင်ကြတယ်လို့ သိရပါတယ်။ အဲဒီ့အတွက် အားလုံးကို ကျေးဇူးစကား ဆိုလိုက်ပါရစေ။ နောက် တခေါက်ဆိုရင်တော့ ခုံနေရာအတွက် လက်မှတ်မှာ နံပါတ်တွေ တခါတည်း ထည့်ရိုက်စေချင်ပါတယ်။ ခုံနံပါတ်နဲ့ဆို နောက်ဆုံးခုံတွေ အရောင်းရခက်နိုင်တာ၊ မြန်မာထုံးစံအတိုင်း ခုံနံပါတ် ရပြီးသားမို့ အေးဆေးလာကြသူတွေ စောင့်ရင်း ပွဲချိန် နောက်ကျတာတွေ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ သို့သော် အချိန်ကုန်ခံပြီး နေပူထဲ တန်းစီကြ၊ ခုံနံပါတ် အတိအကျ မရှိတော့ ငြင်းခုန် နေရာဦးကြရတာတွေက ပိုပြီး အိနြေ္ဒမဲ့စေတယ်လို့ ကျမ မြင်မိလို့ပါ။

Saturday, October 9, 2010

ကိုကြီးကျောက် အခြေအနေ

မယ်ချစ်ရေ...
နေကောင်းရဲ့လား..၊ ငါ့နှမတွေ စိတ်မကောင်းဖြစ်မစိုးလို့ အရင်ကတော့ မပြောတော့ဘူးနေတာ၊ ခုတော့ မထူးပါဘူးလေပြောရမှာပေါ့၊ ကိုကြီးကျောက် ကင်ဆာက တော်တော်လွန်နေပြီဆိုတော့ ဆေးရုံက မခွဲနိုင်တော့ဘူးလို့ အရင်အပတ်ကထဲက ပြောလိုက်ပြီးသား၊ ဆရာဝန်က NExavar (sorafenib) ကင်ဆာဆေးနဲ့ ကြိုးစားကြည့်မယ်ပြောတယ်၊ ခုတိုင်းကတော့ ၆လ ကနေ ၉ လ အထိပဲ ခံတော့မယ်၊ ဆေးကြောင့် ဘယ်လောက်ဆွဲဆန့်နိုင်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး၊ ကိုကြီးကျောက်ကတော့ တရားထိုင်၊ ပဋ္ဌာန်းရွတ်၊ ပရီတ်ရွတ်နဲ့ ဘူရားကု ကုနေရင်း ဘာမှမဖြစ်သလို စာတွေရေးနေတာ၊
စလုံးက ဘလော့ အသိုင်းအဝိုင်းလဲပြောလိုက်ပါ၊ ဒီနှစ်ကုန်ရင်တော့ စာရေးနိုင်မယ်မထင်တော့ဘူး..

အကိုကြီး
ကိုကြီးကျောက်


မနေ့ကမှ ခရီးတိုလေးတခုက ပြန်ရောက်ပါတယ်။ အရမ်းပင်ပန်းနေတာနဲ့ စာမရေးနိုင်သေးဘဲ ဒီနေ့ စနေ မနက်မှ ဆရာအော်ပီကျယ် အပိုင်းရေးမယ် စိတ်ကူးထားခဲ့တယ်...

စာမရေးခင် မေးလ် စစ်လိုက်တော့ ကိုကြီးကျောက်ရဲ့စာ အပေါ်ကအတိုင်း ဖတ်လိုက်ရပါတယ်... ကျမ ဘာပြောရမှန်း မသိအောင် ဝမ်းနည်းသွားခဲ့တယ်...
ရေးဖော် မောင်နှမ အားလုံး သိအောင် တင်ပေးလိုက်ပါတယ်....



Saturday, October 2, 2010

နှလုံးသား အာဟာရ ပြည့်ဝခဲ့သောနေ့-၂

ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ အလှည့်မှာ ဆရာက စင်ပေါ်ရောက်ရောက်ချင်းပဲ ထူးခြားတယ်ဗျာ မီးစက်သံကြားမနေရတော့ တခုခုလိုနေသလို တမျိုးကြီးပဲလို့ ဆိုပါတယ်။ ဆရာက ခပ်သောသောပြောပေမဲ့ ကျမစိတ်ထဲ ခပ်မောမောလေး ခံစားခဲ့ရပါရဲ့။ ဆရာပြောခဲ့တဲ့ ကြယ်ကလေးများ အကြောင်းကတော့ ကျမရင်ထဲ အထိဆုံးပါပဲ။ ဓူဝံကြယ်၊ သောကြာကြယ်၊ မာသာထရီဇာကြယ်၊ ဗိုလ်ချုပ်အောင်ဆန်းကြယ် စသဖြင့် လောကကို အလင်းပေးခဲ့၊ အလင်းပေးဆဲ ကြယ်တွေ အများကြီး ရှိကြပါတယ်။ ဒါဆိုရင် လောကကို အလင်းပေး အလှဆင်ခဲ့တဲ့ နာမည်မရှိကြတဲ့ ကြယ်ကလေးတွေ ဘယ်လောက်များတောင် ရှိနေလိမ့်မလဲ.... လူမသိ သူမသိလင်းပြီး ကြွေသွားရှာတဲ့ ကြယ်ကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ တဲ့...။ ဟုတ်တယ် ဆရာ...လင်းခဲ့၊ လင်းဆဲ၊ လင်းဦးမဲ့ ကြယ်ကလေးတွေ ကျမတို့ ဆရာတို့ ဝန်းကျင်မှာ...အများကြီးမှ အများကြီးပါပဲ ဆရာရေ။


ဆရာဟောပြောမဲ့ အကြောင်းအရာက သုတစာပေနဲ့ ရသစာပေ ဆိုတဲ့ခေါင်းစဉ်ပါ။ သုတကတော့ ဦးနှောက်ထဲ တိုက်ရိုက်သွားပြီး ရသကျတော့ ရင်ဘတ်ထဲ အရင်ရောက်ပြီးမှ ခေါင်းထဲသွားတဲ့ စာပေအမျိုးအစား ဖြစ်တယ်လို့ ဆရာက ဆိုတယ်။

ဆရာဟောခဲ့တဲ့ ရသစာပေတပုဒ် အကြောင်း ပြောပြချင်ပါတယ်။ လူနှစ်ယောက်ဟာ နွားမကြီးတကောင်ကို နေမဝင်မီ သတ်ဖို့အတွက် နွားသတ်ကုန်းရှိရာ ဆွဲခေါ်လာကြပါတယ်။ အဲဒီနွားမကြီးရဲ့ မလှမ်းမကမ်းမှာ နွားငယ်ကလေးလည်း ဆော့ရင်းလိုက်ပါလို့ပေါ့...။ ဒီလိုနဲ့ လာလိုက်ကြတာ နွားသတ်ကုန်းရောက်ဖို့ လယ်တကွက်စာ အကွာအဝေးအလိုလည်း ရောက်ရော နွားမကြီးဟာ အန္တာရာယ်ကို ရိပ်မိသွားတော့တယ်။ လယ်ကွင်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေထဲမှာ မျိုးနွယ်တူတွေရဲ့ သွေးညှီနံ့ကို သူ ရခဲ့ပြီ။ သေဘေးနဲ့တွေ့တော့မယ်လို့ သိတဲ့ နွားမကြီးဟာ ရှေ့ကို တလှမ်းမှ ဆက်မသွားဘဲ ပေကပ် ရပ်နေတော့တယ်။

ဘယ်လောက်ပဲ နားဖားကြိုးကို ဆွဲဆွဲ သူဟာ ရှေ့ကို နဲနဲမှ မတိုးတော့ဘူး။ ဒါနဲ့ နားဖားကြိုးကို အရှေ့ကို ပြန်လှန်ပြီး ဆွဲလေတော့တယ်။ ဘယ်လောက်များ နာလိုက်မလဲနော်။ နွားမကြီးရဲ့ အဖြစ်ကို နားမလည်တဲ့ နွားကလေးကတော့ ပြေးဆော့ကစား မပျက်ဘူးပေါ့။ တဖြေးဖြေးနဲ့ နေဝင်ခါလည်း နီးပြီ ဆိုတော့ လူနှစ်ယောက်ဟာ အချိန်ကို မဆိုင်းချင်တော့ နားဖားကြိုးကိုသာ ရှေ့ကနေ တအား လှန်ပြီး ဆွဲကြတော့တယ်။ နှာနုကို လှန်ချိုးသလိုဆိုတော့ နာလွန်းလှပေမဲ့ သေရမှာကို ကြောက်တဲ့ နွားမဟာ ခြေစုံကန် ရပ်မြဲပဲပေါ့။ နောက်ဆုံးတော့ ရှေ့က နှစ်ယောက်အားနဲ့ ဆွဲတာ ဖြစ်လေတော့ နွားမကြီးရဲ့ နှာခေါင်းအုံကြီး တခုလုံး နားဖားကြိုးနဲ့အတူ ပြုတ်ထွက်ပါသွားတော့တယ်။ နွားမကြီးဟာ မနာနိုင်ဘူး လွတ်ပြီ ဆိုတဲ့ အသိနဲ့ တခါတည်း နောက်ကြောင်း ပြန်လှည့်ပြေးလေတော့တယ်။ နားဖားကြိုးလည်း မရှိတော့တဲ့အခါ နွားမကြီးကို အဖမ်းခက်ပေမဲ့ နွားငယ်ကလေးကိုတော့ အလွယ်တကူ ဖမ်းယူသွားကြလေရဲ့။

အတန်ငယ်ဝေးမှ သားကလေး နောက်မှာ ပါမလာခဲ့တာ သိသွားတဲ့ နွားမကြီးဟာ နောက်ကို ပြန်လှည့်ပြီး သားပျောက်ကို ရှာလေတယ်။ ဝေးဝေးရှာမနေရပါဘူး မိခင် နွားမကြီးပျောက်လို့ တဘဲဘဲ အော်နေတဲ့ သားကလေးရဲ့ အသံဟာ နွားသတ်ကုန်းဆီက ဆိုတာ သိရှိသွားတော့တယ်။ ဒါနဲ့ပဲ နွားမကြီးဟာ သားဇောနဲ့ နွားသတ်ကုန်းရှိရာ သားကလေးအနား အရောက်မှာ နွားသတ်သမားတွေက လွယ်လင့်တကူ ဖမ်းယူလိုက်နိုင်ခဲ့တယ်။ အဆုံးသတ်စာကြောင်းက နေမင်းကြီးသည်ကား ငုပ်လျိုးပျောက်ကွယ် သွားခဲ့ချေပြီ....ရယ်လို့ ဆုံးထားသတဲ့။ ထိထိခိုက်ခိုက် ခံစားခဲ့ရပါတယ်။ သိတ်လှတဲ့ မိဘမေတ္တာဖွဲ့လေးပါ ဆရာ။

ဆရာပြောခဲ့တဲ့ သတ္တိအကြောင်းကတော့ လိုအပ်တဲ့အချိန်မှာ အများအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်ကျိုးစွန့်ရဲသူကိုသာ တကယ် သတ္တိရှိတဲ့သူလို့ ခေါ်ဆိုနိုင်ပြီး အကျိုးမဲ့ မိုက်ရူးရဲတာမျိုးဟာ သတ္တိမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

နောက် အကြောင်းအရာ တခုကတော့ တောင်ဆိတ်တွေ အကြောင်းပါ။ အကျဉ်းချုပ်လေး ပြောပြချင်ပါသေးတယ်။

တောင်ဆိတ်ဖမ်းသူ လူစုဟာ တောင်ဆိတ်အုပ် တအုပ်ကို တောင်တတောင်ပေါ် မောင်းနှင် တက်ရောက်စေခဲ့ပါတယ်။ ပြီးမှ ပြေးစရာလမ်းမရှိတော့တဲ့ တောင်ဆိတ်တွေကို တက်ဖမ်းကြဖို့ပါ။ တောင်ထိပ်ပေါ်မှာ ပြေးလမ်းပိတ်မိနေတဲ့ တောင်ဆိတ်တွေထဲမှာ ခေါင်းဆောင်ဖြစ်လေဟန်ရှိတဲ့ ခပ်ကြီးကြီး တောင်ဆိတ်တကောင်ဟာ တဖက်မှာ ရှိတဲ့ တောင်ထွတ်ကို လှမ်းမျှော်ကြည့်လိုက်ပါတယ်။ တောင်ထိပ်ချင်း အကွာအဝေးဟာ ၁၀မီတာလောက်ရှိတာမို့ တောင်ဆိတ်တကောင် ခုန်နိုင်တဲ့ အဝေးဆုံး အကွာအဝေး ၆မီတာကို များစွာ ကျော်လွန်နေပြန်ပါတယ်။

တောင်၂ခုအကြား အောက်ခြေမှာ ချောင်းငယ်တခု ရှိနေပါတယ်။ တောင်ဆိတ်ထဲက အကြီးအကဲဟာ တောင်ဆိတ်တွေကို တစုံတခုပြောလေဟန် တွေ့လိုက်ကြရတာမို့ တောင်ဆိတ်ဖမ်းသူတွေဟာ ဘာများပါလိမ့်ရယ်လို့ စိတ်ဝင်တစား စောင့်ကြည့်နေမိကြလေရဲ့။ ခဏအကြာမှာ တောင်ဆိတ်တွေဟာ အုပ်စုနှစ်စု ကွဲသွားသတဲ့။ တစုက တောင်ဆိတ်အိုကြီးတွေဖြစ်ပြီး ကျန်တစုက မျိုးဆက်သစ် တောင်ဆိတ်ငယ်တွေ ဖြစ်တာကို တွေ့ကြရတယ်။

စောင့်ကြည့်နေကြတုန်းမှာပဲ မျိုးဆက်ဟောင်း တောင်ဆိတ်အိုကြီး တကောင်ဟာ တခြားတောင်ထွတ်ကို လှမ်းအခုန်၊ စက္ကန့်မခြားပဲ မျိုးဆက်သစ် အုပ်စုက တောင်ဆိတ်တကောင်ဟာ ရှေ့က ခုန်သွားတဲ့ တောင်ဆိတ်အိုကြီးရဲ့ ကျောပေါ်ကတဆင့် တခြားတောင်ထိပ်ပေါ်အရောက် ခုန်ကူးသွားတာကို အံ့ဩစွာ တွေ့လိုက်ကြရသတဲ့။ တောင်ဆိတ်ငယ်လေးလည်း တဖက် တောင်ထိပ်ပေါ် အရောက်၊ တောင်ဆိတ်အိုကြီးလည်း ရေထဲအကျပေါ့။ အဲသလိုပဲ မျိုးဆက်ဟောင်း တောင်ဆိတ်အိုကြီး တကောင်နဲ့ မျိုးဆက်သစ် တောင်ဆိတ်ငယ်တကောင် တစုံစီ တစုံစီ ရှေ့ကအတိုင်း ခုန်သွားလိုက်ကြတာ၊ နောက်ဆုံးမှာ မျိုးဆက်သစ်တောင်ဆိတ်ငယ်တွေ အားလုံး တခြား တောင်ထိပ်ပေါ်အရောက် လွတ်မြောက်သွားကြပြီး၊ မျိုးဆက်ဟောင်း တောင်ဆိတ်အိုကြီးတွေလည်း ချောင်းထဲကျလို့ရယ်....။ မျိုးဆက်သစ်တွေ တာဝန် လက်ဆင့်ကမ်း ယူနိုင်ဖို့ မျိုးဆက်ဟောင်းတွေ အစတေး ခံခဲ့တာလေ။ နားထောင်နေရင်း ကြက်သီးတောင် ထမိပါရဲ့။


ဆရာ ရေးစပ်ခဲ့တဲ့ အချစ်ကဗျာတွေ အများကြီးရှိတဲ့ထဲက ရတနာတို့၊ နွယ်တို့ ပါတဲ့ ကဗျာလေးတွေဆို အတော် အောင်မြင်ခဲ့တာ။ နွယ်တို့ ရတနာတို့ ဆိုတာက ကျနော့်ကို အချစ်ကဗျာတွေ ရေးဖြစ်အောင် ခံစားမှုတွေ မွေးဖွားပေးခဲ့သူတွေဗျာ ခု ကျနော်ယူထားတဲ့ မိန်းမနာမည်ကျတော့ တင်တင်အေးတဲ့ဗျ ဆိုလေတော့ ကျမတို့မှာ ရယ်မောကြရသေးတယ်။
ဆရာရွတ်ခဲ့တဲ့ ကဗျာတွေ...ကျမ အမှတ်မမှားဘူး ဆိုရင် ၄ပုဒ်ထင်ပါရဲ့။ ဆရာရဲ့ ဌာန်နဲ့ မာန်နဲ့ ရင်ထဲကလာတဲ့ အသံနဲ့ ရွတ်ပြသွားခဲ့တာ ရင်ထဲ စိမ့်နေအောင် စီးဆင်းသွားသလိုပါ။

ကျမ အကြိုက်ဆုံး ကဗျာလေးပါ.... "ငှက်တို့၏တေး" တဲ့...

မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...

တစ်နေ့ နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
ငှက်ဆိုတာကတော့ ပျံရင်းသေ...

ကဆုန်စိုင်းသလိုပ
မုန်းတိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း...

ခြင်္သေ့က မြက်မစား
ကျားက ကြွက်မချောင်း
ဖွတ်တွေက မိကျောင်းလို မနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ် တဲ့
အဲဒါ...
အဲဒါ....
ငှက်တို့ရဲ့ သမိုင်း........

ဆရာ ကဗျာရွတ်ခဲ့တာလေးကို ဂျစ်တူးရဲ့ ဘလော့ဂ်မှာ ဗီဒီယိုဖိုင် တင်ပေးထားပါတယ်...
ဒီလင့်ခ်နဲ့
ဒီလင့်ခ်တွေမှာပါ။

သောကခြေရာ ကဗျာစာအုပ် မရတော့တာနဲ့ အမှတ်တရ ဒီ ၂အုပ်ပဲ ဝယ်လာခဲ့ပါတယ်...