Friday, May 28, 2010

ကကြီး မှ အ အဇ္ဈတ္တ ကြေးမုံ

က ခ ဂ ဃ င

ကတမ်းခုန်တမ်း ကစားကြတဲ့အရွယ်တုန်းက ကျွဲမ ကျွဲမ ကျွဲမ အသားညို ဆိုတဲ့ သီချင်းလေးနဲ့ ကခဲ့ဖူးတယ်...ကဗျာမဆန်တတ်သူ၊ ခပ်မှိန်မှိန် ကြယ်ကလေး တလုံးလောက်များ လောကကို အလင်းပေး အလှဆောင်နိုင်ရင်ပဲ ကျေနပ်ပြီ။ ချစ်ရတဲ့သူတွေ တကယ်ပဲ များ ခဲ့တယ်။ ချစ်ခြင်းတရားနဲ့ ပတ်သက်ရင် ဂဃနဏ သိတယ်လို့ စိတ်ကြီးဝင်နေခဲ့သေးတာ။ ဒိုင်းကနဲ အသည်းကွဲတော့မှ ငါ အချစ်ကို ဘယ်မှာ သိသေးလို့တုန်း၊ ဒါမှမဟုတ် သိတ်သိလွန်းနေပြီ ဆိုပြီး ကွဲတဲ့အသည်း ပြန်ကောက်ဆက်ရင်း ရီခဲ့ရသေးတယ်။ ငယ်ငယ်တုန်း ကတော့ ငါ တကော ကောခဲ့တာပေါ့။ ငါ ဆိုတာကို လိုက်ရှာနေမိ သေးတာ။ ဒကာမက ကိုယ်တော်ကို တရားပြ လျှောက်တင်တဲ့ နိဗ္ဗာန် လိုချင်ရင် ငါ့ မကြိုက်နဲ့ပေါ့ ဘုရား ဆိုတာလေးကို နားလည် နှစ်ခြိုက်လာတဲ့ အခါမှာတော့ ငါ့ ကို လွှတ်ချ ပစ်လိုက်ဖို့ ကြိုးစားခဲ့တယ် ဒီနေ့ အထိပဲ....။

စ ဆ ဇ ဈ ည

စည်းဝိုင်းထဲမှာမို့ လုံခြုံစေတယ်လို့ ထင်နေတာလား၊ လွတ်မသွားအောင် စည်းချထားတာ များလား ...စဉ်းစားဖို့ပါလေ။ ဆန္ဒတွေဆိုတာ ကတော့ ဘာမှ လက်တွေ့မလုပ်နိုင်ရင် ဆောင်းတွင်းအိပ်မက် တခုမျှသာပါပဲ...။ ဇရာ...အင်း ကြားဖူးသလိုလိုပဲ...မသိချင်ယောင် ဆောင် နေမှ။ ဈေးနှုန်းတွေကို ဘယ်တော့မှ မမှတ်မိတတ်ဘူး၊ အို...ကိုယ်လုပ်တတ်တာ ဘာမှ မရှိဘူး၊ လိုအပ်ရင် ဝယ်သာဝယ်၊ အပ်တချောင်း က အစ ကိုယ်တိုင်လုပ်ရင် ဒီထက် တောင် ကုန်အုံးမှာ...။ သွားနေတဲ့ တွေကို ဖမ်းဆုတ်ထားလိုက်ချင်တယ်...အိပ်ရေးမဝလို့...:D

ဋ ဌ ဍ ဎ ဏ ဠ

စကားမစပ် ပြောပြရအုံးမယ်။ သံလျင်းချိတ်၊ ၀မ်းဘဲ၊ ရင်ကောက် ဆိုတဲ့ ရုပ်ခပ်ဆိုးဆိုး ညီအကို သုံးယောက် ရှိသတဲ့။ သူတို့ဟာ သိတ်လှတဲ့ သူတို့ရဲ့ ညီမလေး ရေမှုတ်ကို မိတဆိုးလေးမို့ အချစ်ပိုကြပြန်သတဲ့။ သူတို့ မောင်နှမ လေးယောက်ရဲ့ ချစ်ကြင်နာပုံကို အဖေလုပ်သူ ဦးကြီး တွေ့မြင်ရတဲ့အ ခါ "အမယ်မင်း မယ်ကြီးရဲ့ ထကြည့်ပါအုံးတော့လား" လို့ ပူဆွေး တသ မိသတဲ့ကွယ်....မောင်နှမလေးများလည်း မိဘမရှိတဲ့အခါ အမွေကိစ္စနဲ့ အချင်းမများကြပဲ တည့်တည့်ရှူရှူ နေထိုင်ကြဖို့ သိတ်လို အပ်တာပေါ့.......
ကိုင်း ပုံပြင်လေးကတော့ ဒါပါပဲကွယ်...:))

တ ထ ဒ ဓ န

တောင်ပေါ်မြို့လေးတမြို့မှာ အေးအေးချမ်းချမ်း ဘဝကို အခြေချချင်တယ်။ ဖြစ်နိုင်ရင်တော့ အနားမှာ ချစ်သောသူများနဲ့ အတူတကွပေါ့။ အဖိုးအိုရဲ့ သားတွေကို ထင်းစည်း ချိုးခိုင်းတဲ့ စည်းလုံးညီညွတ်ခြင်းရဲ့ ပြယုဂ်...ခုထိ အမှတ်ရတုန်းပဲ...။ ဟုတ်တယ် လောကဓံကို ရင် ဆိုင်ဖို့ အတူတူ ဒွန်တွဲလို့ ဘာကိုမှ မမှုချင်တော့ဘူး။ သဘာဝ ရေမြေတောတောင် အလှတွေ၊ ပေါ့ထရိတ်တွေ နဲ့ အမှတ်တရစာလေး တွေ ပါဝင်တဲ့ ဓါတ်ပုံစာအုပ်လေး တအုပ် လုပ်ခွင့်ရမယ် ဆို လုပ်ခဲ့ချင်သေးတယ်။ မသေခင် အချိန်လေး ရသလောက်မှာ လေ ။ နွံနစ်ခဲ့ ဖူးပေါင်းများ လှပေါ့...အချစ်နွံ၊ ဘဝနွံ၊ သံသရာနွံ တွေတဲ့လား...မပြီးနိုင်၊ မစီးနိုင်တဲ့ အဆုံးမသတ်နိုင်မှုတွေ မောတယ်။

ပ ဖ ဗ ဘ မ

ပန်းချီကားတွေကို မက်စက်စွာ ချစ်တယ်။ ပရဟိတ လုပ်ငန်း တွေမှာ စိတ်ရော ကိုယ်ပါ ပါဝင် လုပ်ဆောင်မယ်...ဖောင်ဒေးရှင်းလေး တခု...အတိအကျ ပြောရရင် ချစ်ကြည်အေး ဖောင်ဒေးရှင်း ဆိုတာလေး...အသက်သွင်းခဲ့ချင်တယ် (ကြီးကြီးကျယ်ကျယ်နော်...ဖြစ်ချင် တာကို ပြောပါတယ်)။ လူတွေဟာ ဘာကြောင့် ဗဟိန္ဓလို့ ခေါ်တဲ့ အပေါ်ယံ အပြင်ပန်းကို ကြည့်ပြီး တန်ဘိုး ဖြတ်ချင်ကြတာပါလိမ့်။ ဘဝကြီးက ဘက်လိုက်မှုကင်းတယ်။ ဘဝထဲက လူတွေကသာ ဘဝကို ခြယ်လှယ်တယ်။ ဟိုး မိုးကုပ်စက်ဝိုင်းထိ ပျံသန်းသွား နိုင်တဲ့ အင်အားနဲ့ အတောင်ပံတစုံ လူတိုင်းကိုယ်စီ ရစေ ချင်တယ်။ လုံ့လ၊ ဝိရီယ၊ လမ်းကြောင်းရွေးချယ်မှု နဲ့ ဆုံးဖြတ်ချက်တွေက ရေရှည်မှာ တန်းတခု သတ်မှတ်ပေးလိမ့်မယ်။ ဒါပါပဲ...။

ယ ရ လ ဝ သ ဟ အ

ယုံကြည်မှု ဆိုတာ ရှိကောင်းပါတယ် မျက်စိမှိတ်မထားဘူး ဆိုရင်ပေါ့။ လူမှုဆက်ဆံရေးရော စီးပွားရေးမှာပါ သူ အရေးပါတယ်။ ရွာ...ကမ္ဘာ့ရွာရယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ခေတ်မှာ အမေရှိတဲ့ရွာ...မြေရှိ၊ ရေရှိ၊ ရွှေရှိတဲ့ရွာ...အဲဒီရွာကို ကျမ လွမ်းတယ်။ တခါတခါတော့ လေးလံမှုတွေကို လွှတ်ချခဲ့ပြီး လေတံခွန်လေး တစင်းလို ပေါ့ပါးပျံသန်းနေချင်မိတယ်။ လူရယ်လို့ ဖြစ်တည်မှု တခု ရလာကတည်းက ဝေဒနာနဲ့ စခဲ့ကြတာလေ...၊ သမုဒယ တဲ့ သံယောဇဉ်တဲ့ ကဲ များလှလွန်းတဲ့ နှောင်ကြိုးတွေ...တကယ်ပဲ လေးလံလှပါရဲ့...။

ဟန်မဆောင်တတ်မှု၊ ပွင့်လင်းမှုတွေကြောင့် ထော်လန့်ကန့်လန့် ဖြစ်တတ်သေး တယ်...။ ကျမများ မှားသလား...၊ အဲဒီအတွက် မှားနေရင်တောင် မှ မှားတဲ့ဘက်မှာ ရဲရဲရပ်ရင်း မှားတဲ့ဒဏ်ကို လူးလိမ့်ခံစားပစ်လိုက် မယ်။ ဘယ်တော့မှ မှန်ချင်ယောင်မဆောင်ဘူး။ စိတ်ပြေ လွယ်ပြီး အာဃာတ မထားတတ်ဘူး။

ဒါ ကကြီးကနေ အ အထိ ကျမရဲ့ အဇ္ဈတ္တ မှန်တချပ် ဆိုပါတော့...။

သူငယ်ချင်း သက်ဝေရဲ့ တက်ဂ်ပါ...ဒီတခါတော့ တိတ်တိတ်လေး လက်ကုတ်စရာမလိုပဲ လာတက်ဂ်ထားလို့ ဝမ်းသာရပါတယ်။ တက်ဂ်ပို့စ်တွေဟာ အတက်ဂ်ခံရတဲ့ လူတွေအားလုံး ခေါင်းစဉ်တခုအောက်မှာ အမြင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဝိုင်းရေးကြတာမို့ ပျော်စရာပါ။ သူ့အမြင်၊ ကိုယ့်အမြင်၊ သူ့အတွေး၊ ကိုယ့်အတွေး ဖလှယ်ပြီး ဖတ်ကြရတာမို့ ကျမကတော့ တက်ဂ်ပို့စ်တွေ ရေးရတာ စိတ်ဝင်စားသူပါ။ ဒါ့ကြောင့် တက်ဂ်လာသမျှ တက်ကြွစွာ ရေးလေ့ ရှိပါတယ်...။

ဒီပိုစ့်ကို မောင်လေး ကိုဇော် နဲ့ အကိုလေး ကိုအောင်သာငယ်ကို ဆက်တက်ဂ်ချင်ပါတယ်။ ရေးပေးကြပါအုံးနော်....။


Wednesday, May 26, 2010

ကျမ၊ အိမ်ကလူကြီး နှင့် ကမ္ဘာ့ဖလား ၂၀၁၀

ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး နီးလာပြန်ပါပြီ။ ၄နှစ်မှတခါ ကြည့်ရှုရသည့်​ပွဲ‌​ဖြစ်ရာ တကမ္ဘာလုံး လှုပ်လှုပ်ရွရွနှင့် ဘောပွဲ ရူးသွပ်သူများရော၊ ဘောသမားအား ရူးသွပ်သူများပါ ယခုကပင် ကြိုတင် စိတ်လှုပ်ရှားနှင့်နေကြပြီ။ ကျမ၏ စိတ်အစဉ် တို့သည် ပြီးခဲ့သော ကမ္ဘာ့ဖလား ဘောလုံးပွဲသို့ ပြန်လည် ရောက်ရှိသွားသော် တိတ်တိတ်လေး ကြိတ်၍ ပြုံးမိရချေ၏။ ​‌

ဥရောပ ဖလားပွဲဖြစ်စေ၊ ကမ္ဘာ့ဖလားပွဲဖြစ်စေ အခါများစွာတို့၌ ကျမအိမ်က လူကြီးသည် ချစ်မိတ်ဆွေ အပေါင်းအသင်းများအား အိမ်သို့ဖိတ်ခေါ်ကာ အတူတကွ အားပေးကြည့်ရှုလေ့ရှိလေသည်။ ကျမမှာလည်း အပေါင်းအသင်းမက်သူ ဖြစ်ရကား သူ့သူငယ်ချင်းများ အားလုံး နှင့်ရင်းနှီးကာ ဝိုင်းထဲဝင် အမြည်းစားနေကျပင်။ သူတို့က ဘောပွဲကြည့်၊ ကျမက ဘောသမား ကြည့်နှင့် အံကိုက်ပင်။

ထိုသို့ အားကစားစိတ်ဓါတ်အပြည့်နှင့် အားပေးခဲ့သော ကျမမှာ ထိုနှစ်တွင်မူ ကမ္ဘာ့ဖလား ပွဲချိန်နှင့် တိုက်ဆိုင်စွာ တရားရိပ်သာဝင်ရန် စာရင်းပေးပြီး ဖြစ်နေခဲ့လေသည်။ ဤတွင် လိုအပ်သည်များ၊ စိတ်ပူမိသည်များအား မဆုံးနိုင်သော မှာတမ်းများ ချွေထားခဲ့ကာ သံယောဇဉ် နှောင်ကြိုးကို ဒုံးကနဲ ဖြတ်၍ ၁၀ရက် စခန်းသို့ ဝင်ရောက်သွားခဲ့ပါသည်။

ရိပ်သာမှ ကျမ ပြန်လာသော် အိမ်ကလူကြီးကို စောင်ခြုံလေးထဲ ကွေးကွေးလေး အဖျားတက်ကာ ပူခြစ်နေသော ကိုယ်နှင့် တွေ့ရလေ၏။ ရုတ်တရက် စိတ်မ ကောင်းဖြစ်မိကာ သူ့နဖူးပေါ် လက်အသာတင်ရင်း ဖြစ်ပုံကို မေးမြန်းလေသည်။ ဇာတ်ရည်လည်သော် မိတ်ဆွေများက ညလယ်ချိန် ပြန်အိပ်သော်လည်း သူ့မှာ တပင်တိုင်မင်းသားကြီး လုပ်၍ မိုးအလင်း ကပြ အသုံးတော်ခံလေသည်ကို သိရလေ၏။ မနက်လင်းသော်မှ မနား၊ ရုံးသို့သာတန်း၍ သွားလေသည်ဟူလို...

ကျမမှာ မီးပုံပေါ်လည်း ယမ်းကျ၊ ယမ်းပုံပေါ်လည်း မီးကျကာ တဟုန်းဟုန်းထ လေရာ ၁၀ရက် ရိပ်သာဝင်ခဲ့သည့် ကုသိုလ်လေးမှာ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် ဘဲစားဘဲချေ ဖြစ်သွားလေတော့သည်။ လူကြီးရင့်မာကြီးဖြစ်လျက်နှင့် ကိုယ့်ကျန်းမာရေးကိုမှ မစောင့်ရှောက်နိုင် အောင် ဖြစ်စရာလား၊ မိန်းမ မရှိတာနဲ့ ဒီလောက် အအိပ်ပျက်ခံပြီး ဘောပွဲ ကြည့်ရသလားဟု တဖျစ်ဖျစ် မြည်တွန်လေ၏။

ဤမျှနှင့် မပြီးသေး၊ ကမ္ဘာ့ဖလားပွဲလွန်သော် နောင် ဘယ်ဘောပွဲမှ မကြည့်ရလေအောင် စတားဟပ် (Starhub)ကို ဖုန်းခေါ်ကာ ကေဗယ်တီဗီ (Cable TV)လိုင်းအား ဖြတ်ချခဲ့လေသည်။ ထိုအခါ အနှီအိမ်ကလူကြီးသည် မျက်နှာလေး ဇီးရွက်လောက်နှင့် သနားစဖွယ် ရှိရှာလေသည်။ စိတ်ထဲ၌မူ အမဇုံတောနက်မှ မိန်းမကြမ်းကြီးများ သူ့ရှေ့ရောက်နေရော့ လားဟု တွေးကောင်းတွေးနေပေလိမ့်မည်။ သူဘာကမှ မတတ်နိုင်ပါ။ အကြောင်းမူ ထိုကွန်ထရက်များ၊ ဖုန်းလိုင်းများသည် ကျမနာမည်နှင့် ဖြစ်သောကြောင့်တည်း။

ပြီးခဲ့သော ဥရောပဖလားပွဲများ ပြစဉ်ကမူ ညကြီးတရေးနိုးထ၍ အိမ်မှလမ်းလျောက်ကာ ဘောလုံးပွဲများပြသသော ၂၄နာရီ ဘီယာဆိုင်များသို့ နေပူမိုးရွာ မရှောင် သွားရောက် ကြည့်ရှုရှာလေ၏။ ဤသည်မှာ နူးညံ့လှသော ကျမ၏ နှလုံးသားအား ပြင်းထန်စွာ ကိုင်အလှုပ် ခံရသကဲ့သို့ ရှိခဲ့ချေ၏။ သူ့အား သနားလှပေစွ...။

ဒီနှစ်လည်း လာပြန်ပါပြီ။ စင်တယ် (Singtel) မှ မီယိုပလန် (MIO Plan) ရှိပြီး သူများအတွက် အထူးဈေးနှုန်း S$ ၇၀.၆၂ နှင့် ၆၄ပွဲ-တလစာ ပရိုမီုးရှင်း ပေး၍ ဆွဲဆောင်ပြန်လေသည်။ အိမ်ကလူကြီးသည် လွန်လေပြီးသော ကမ္ဘာ့ဖလားပွဲ က အဖြစ်ကို မေ့လေဟန်နှင့် ဘယ်လိုလဲဟု ဆိုလေ၏။ ကျမလည်း သူ့ သနားလှ၍ ကြည့်ပါစေတော့လေဟု မီးစိမ်းပြ လိုက်ရာ အမေလုပ်သူက ဖိုးလမင်းထံမှ ထမင်းဆီဆမ်း ရွှေလင်ဗန်းနှင့် တောင်းကျွေးသည်ကို စားရသော ကလေးငယ်ပမာ မျက်နှာကြီးဝင်းထိန်၍ သွားလေသည်။

ကျမ မရှိသောနှစ်ကမူ သူတယောက်တည်းဖျား၍ ယခုနှစ်တွင်ကား နှစ်ယောက် လုံးဖျားကြသော် မခက်ပေလော။ ကမ္ဘာ့ဖလားပွဲပြီးသည်မှ ၈လ-၉လခန့် ကြာသော် နိုင်ငံအနှံ့မှ မွေးဖွားနှုန်းကျဆင်းသော သတင်းတို့သည်လည်း ကြားရပေလိမ့်အုံးမည်။ ဘောပွဲကား အမျိုးသားတို့ အပေါ် ဤမျှ ဩဇာသက်ရောက်၍လော...အမျိုးသမီးထု ညံ့ဖျင်း၍လော...စဉ်းစားစရာပေ။

မည်သို့ပင်ဆိုစေ ဘောပွဲ ကြည့်ရှုအားပေးကြမည့် အရပ်ဆယ်မျက်နှာမှ ပုပုကွကွ နုနုရွရွ သူတော်ကောင်းအပေါင်းတို့သည် ကမ္ဘာ့ဖလားပွဲကာလအတွင်း ဖျားနာ ခြင်းမှ ကင်းဝေးကြပါစေ၊ အမ်စီ (ဆေးခွင့်)ယူလွန်း၍ ရုံးမှ မန်နေဂျာ၏ အထု အထောင်းမှ ကင်းလွတ်ကြပါစေ၊ လင်မယား ခိုက်ရန်ဖြစ်ပွားခြင်းမှ ကင်းရှင်းကြပါစေ ဟု ကျမ ဆုတောင်းမေတ္တာ ပို့သလိုက် ရပါသည်...။


Monday, May 24, 2010

Self Portrait A to Z

ဒီ A to Z တက်ဂ်ပိုစ့်လေးတွေ သူများတွေ ရေးနေတာတွေ့တော့ ရေးချင်တာ...ချစ်စရာလေးမို့လို့၊ ခက်တာက ကိုယ့်လည်း ဘယ်သူ ကမှ လာမတက်ဂ်...ဖြစ်ချင်တော့ ပန်ပန်က သက်ဝေကို တက်ဂ်ထားတာတွေ့တော့ ပျော်သွားတယ်...ဒါနဲ့ သက်ဝေကို တိတ်တိတ်လေး သွားပြီး ပြောထားတယ်...ဟိတ် နင်ရေးပြီးရင် ငါ့ကို တက်ဂ်လိုက် လို့...။ သူငယ်ချင်းခမျာ ဘယ်သူ့ကိုမှ ဆက်တက်ဂ်ဖို့ စိတ်ကူးမရှိပေမဲ့ ကိုယ့်တယောက်တည်းကို ထီးထီးကြီး ကွက်ပြီး တက်ဂ်ထားရှာတယ်..ဒီကလည်း မယ်ရေးချင် ဆိုတော့ကာ...။ ကျေးဇူး သူငယ်ချင်းလေး သ ဖော် သက်ဝေရေ...။


Alarm clock which I hate waking up with on weekdays and Accounts Executive that's what I am.

Buying times... that's the same old bad habit of mine that keeps me behind.

Commuters... yes we are, in this long Samsara...I am just one of the commoners in the circle.

Doubter ... I am definitely not.

Economical...I am used to buy things within my comfort zone without costing me a fortune.

Focus...cant miss it , everything will be blur blur blur if you don't.

Glutton...the word that describes me so perfectly ...:D

Husband...yeah he makes me feel like a woman, in another word :
Husband = အိမ်ကလူကြီး

I...Don't even have an i phone and I love Irrawaddy, the beauty, the heart of our country.

Jokes and Jokers...We all need some laughter and clowns in our life, don't we?

Kick-Start...Doesn't matter how you fall just need to know faster way to kick-start so don't u sit there still ?

Lines...women hate to have the most...like fine lines...laughing lines...arrrr, so do I...

Mandatory...Why do we have to fill them up un-necessarily and repeatedly, it's a total nuisance.

Nature...Yes, I love nature...please take me away from the hustles and bustles of this commercial world.

Optimum...Everyone could achieve with practise and learning manners or whatever possible way just don't give up.

Positive...Be positive but not in your medical report of course...:D

Quote of the day...Don't do it today if can be finished up by tomorrow...that's my rule...ya...relax lah...!

Randomly...I do things randomly so that people won't trace me easily...ha ha...:P

Soliloquy...Yes I am sometimes, especially when writing short story for my blog...to see whether smooth or hiccup...poor me...:(

Travelling...Love to travel and still finding the job that get paid while travelling...Oops !

Uhm Tae Woong...Korean actor whom I secretly admired but who cares !

Vote...I am changing my uniform...please do vote for me ...hee hee :D

World Cup...What a fever...yeah coming on its way...GOAL !!!!! Ohh...excuse me! who says crazy about the ball but handsome footballers....that's right !

X=cross...You will have when u do a mistake, can't have too many in life though still trying...

Yawning...Please don't deny...all of us bloggers yawn at work due to lack of sleep...C'mon don't be shy...me too ya....yeah, not taxable for sure.

Zipper...Hey ! check your zipper...! Gotcha !!!

ကျမကို စာရင်းကိုင် ကျွမ်းကျင်သူ လို့ အလုပ်ထဲမှာ ရာထူးပေးထားတယ်...အလုပ်ဆင်းရက်တွေဆို နိုးစက်နာရီနဲ့ အိပ်ရာထရတာ သိတ်မုန်းဖို့ ကောင်းတာပဲ...။ ကျမရဲ့ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးကြောင့် နောက်မှာ ကျန်နေခဲ့တတ်ပြန်တယ်...ကျမတို့ အားလုံးဟာ သံသရာ ခရီးသွားတွေပဲ မဟုတ်လား၊ အဲဒီ လည်ပတ်မှုထဲက သာမာန် အမျိုးသမီး တယောက်ပါရှင်။

သံသယရယ်လို့ မထားတတ်သူပါ။ ဈေးသိတ်မကြီးတဲ့ အသက်ရှုချောင်စေမဲ့ ပစ္စည်းတွေပဲ ဝယ်လေ့ရှိတယ်။ ဘယ်အရာမဆို မတိကျရင် ချိန်မှတ် လွဲတတ်တယ်လေ...

စကားမစပ် ကျမက အစားပုပ်မ ဆိုတဲ့ နာမ်စားနဲ့တော့ ကွက်တိပဲရှင့်...။ အမျိုးသမီးတယောက်ရယ်လို့ ကိုယ့်ဘာသာ ခံစားမိစေတာက သူ့ကြောင့် ဆိုပါတော့...ကျမရဲ့ အိမ်ကလူကြီးပေါ့...။

အိုင်ဖုန်း တလုံးတောင်မှ ကျမ မပိုင်ပေမဲ့ ကြီးမြတ်လှပပြီး တိုင်းပြည်ရဲ့ နှလုံးသား ဧရာဝတီ ကိုတော့ အားလုံးနည်းတူ ကျမ ပိုင်သလို ချစ်လည်း ချစ်တယ်။

ဘဝမှာ ရယ်မောစရာတွေ နဲ့ ရယ်မောအောင်လုပ်နိုင်စွမ်းသူတွေ လိုအပ်တယ် လို့ ကျမ ယူဆတယ် ဘဝ အမောတွေ ပြေစေဖို့ပေါ့ မဟုတ်ဘူးလား...ဘယ်လိုပဲ ကျဆုံးပါစေ အမြန်ဆုံး ပြန်လည် ခြေလှမ်းစရင် ရှေ့ရောက်နိုင်ပါသေးတယ်...လဲကျနေရာမှာပဲ ဆက်ထိုင်မနေဘူး ဆိုရင်ပေါ့...

ကျမတို့ အမျိုးသမီးတွေအားလုံး မျက်နှာမှာ အရေးအကြောင်းတွေ ရှိလာမှာ အမုန်းဆုံးပဲ ဖြစ်မယ်၊ ခေါင်းကိုက်စေတဲ့ အကြိမ်ကြိမ် မဖြည့်မဖြစ်၊ မလုပ်မဖြစ်တွေကို မလိုအပ်ရင် မလုပ်ချင်ဘူး။ သဘာဝ ရေမြေ တောတောင်ကို ချစ်သူမို့ တခါတလေတော့လည်း ဆူညံပွက်နေတဲ့ မြို့ပြကနေ ကျမကို ခေါ်ထုတ်သွားစမ်းပါလို့ သူ့ကို ပြောချင်လှတယ်။

လက်မလျော့တတ်ဘူး ဆိုရင်တော့ ကြိုးစား လေ့ကျင့်သူတိုင်း အမြင့်ဆုံး အောင်မြင်မှုကို ရနိုင်တာပေါ့၊ အပေါင်းဘက်က ဖြစ်တည်မှုကို ကြည့်တတ်ဖို့လည်း လိုလိမ့်မယ်၊ ဒါပေမဲ့ ဆေးစစ်ချက် အဖြေလွှာတွေမှာတော့ ရောဂါတွေ အပေါင်းပြနေရင် ခက်ရချည့်။

သိတ်မြန်ဆန်လွန်းလို့ လက်ပန်းကျတဲ့ အခါများမတော့ မနက်ဖြန် ပြီးနိုင်ရင်ရသော အလုပ်ကို ယနေ့ ကြိုမလုပ်ပါနှင့် ဤကား ကျမ၏ အလိုတည်းလို့ သက်သက်သာသာ ပြောချင်စိတ် ပေါက်မိတယ်...

ကျမ ဘာတွေလုပ်နေတယ် ဆိုတာကို လူတွေ မှန်းမရစေချင်ဘူး ဒါကြောင့် ပုံမှန်လုပ်နေကျ ဆိုတဲ့ လမ်းကြောင်းကြီးအတိုင်း သွားလေ့ မရှိဘူး။ ရီစရာတခုက ကျမ တခါတလေ တယောက်တည်း စကားပြောနေတတ်တယ်၊ အထူးသဖြင့် ကျမ ဘလော့ဂ်မှာ ဇာတ်လမ်းတို လေးတွေ ရေးတဲ့အခါ ဇာတ်ကောင်ရဲ့စကားတွေ၊ စာသားတွေ နှုတ်က တရွရွ ရွတ်မိနေ တတ်တယ်။ အဲဒါ စာချောအောင်၊ စလုံးစခု ဖြစ်မနေအောင်လို့ပါ...သနားစရာ ကျမ ဘဝပါလားနော်...။

နောက်ပြီး ကျမက ခရီးသွားရတာကို ချစ်တယ်၊ ကမ္ဘာအနှံ့ ခရီးသွားရင်း လခတွေလည်း ဘဏ်ထဲ ဝင်နေမဲ့ အလုပ်မျိုး ရချင်သေးတယ်...။ ရှာနေတုန်းပေါ့...။ ကိုရီးယားမင်းသား Uhm Tae Woong ကို သူမသိအောင် တိတ်တိတ်လေး ခိုက်နေသေးတာ...အို ဘယ်သူ ဂရု စိုက်တာ မှတ်လို့...။

ကျမ ခေတ်နဲ့အမီ ယူနီဖောင်းလဲပြီး ရွေးကောက်ပွဲဝင်ရရင် ကောင်းမလားနော်...ပြောထားမယ် ကျမကို မဲပေးကြပါရှင်...

ကမ္ဘာ့ဖလားပွဲကြီး နီးလာပါပေါ့... ဂိုး လို့ အားပါးတရ အော်ဖို့ ပြင်ထားကြပါ တဆိတ်လောက်ရှင် ဘယ်သူကတွေများ ဘောလုံးကို ရူးသွပ်တာပါလိမ့် ကျမ အတွက်တော့ ဘောလုံးသမား ချောချောတွေကို ဆိုရင် ပိုမှန်မယ်ရှင့်...

ဘဝကြီးက မှားတဲ့သူတွေကို ကြက်ခြေခတ်စမြဲလေ...ဟုတ်တယ် ကြက်ခြေခတ်တွေနဲအောင် ကြိုးစားနေတုန်းပါပဲ...

ကျမတို့ ဘလော့ဂ်ရေးသူတွေ အလုပ်ထဲမှာ မသမ်းဖူးတဲ့သူများ ရှိပါ့မလား၊ အိပ်ရေးထဲက ဖဲ့ပြီး ဘလော့ဂ်ဂင်းကြတာ ဆိုတော့ အားလုံးပဲ သမ်းဖူးကြမယ်ထင်ပါရဲ့ မရှက်ပါနဲ့ရှင် ဝန်ခံလိုက် စမ်းပါ အဲဒီအတွက် အခွန်မပေးဆောင်ရပါဘူး...

ဟေး!! ရှင့် ဇစ်ပ်ကို ပြန်ငုံ့ကြည့်လိုက်အုံး....ဟဟ နောက်တာ...:D


Friday, May 21, 2010

အညာ နွားနို့ခဲဟင်း

မှတ်မှတ်ရရ နွားနို့ခဲဟင်းကို ကျမ ပထမဦးဆုံး စားခဲ့ဖူးတာ အထက်မြန်မာပြည် အညာဒေသ လေးတခုဖြစ်တဲ့ မုံရွာအနီးက ရွာလေး တရွာမှာပါ။

အဒေါ်တွေနဲ့အတူ ငယ်ငယ်က သွားခဲ့ဖူး တဲ့ ခရီးတွေထဲမှာတော့ သတိတရ ရှိနေခဲ့ရဆုံး မြို့ငယ်ကလေး ။ သူတို့ဆီမှာ အိမ် ခြံဝိုင်း အကျယ်ကြီး တွေနဲ့....၊ အိမ်ကလေးရဲ့ဘေးတဘက်တချက်မှာ သနပ်ခါးပင်တွေ အတန်း လိုက် စိုက်ထားလိုက်တာများ ပြန်ထွက်လာရင် သနပ်ခါးနံ့တောင် ကိုယ်မှာ စွဲကျန်နေခဲ့သ လိုပါပဲ။

အညာသူ အညာသားတွေပီပီ ဧည့်ဝတ် အင်မတန်ကျေတဲ့ အပြင် အပြန်မှာ သနပ်ခါးတုံးတွေ ခုတ်လို့ အသင့်သွေးလောက်ရုံ အပိုင်းလေး တွေ ဖြတ်ပေးလိုက်သေးတယ်။ နွားနို့ခဲကို ဆီနဲနဲ နဲ့ ခပ်ထပ်ထပ်လေးကြော်လို့ ထည့်ပေးလိုက်သေးတာများ အတော်ကြာကြာကို စားယူ ရပါ တယ်။

နောက်တခု စားခဲ့ရသေးတယ်။ မုန့်စိမ်းပေါင်းကို မြန်မာထန်းလျက်နဲ့ အချိုပေါင်း၊ အထဲမှာ ပဲစေ့ကလေးတွေလည်းပါတယ်။ ပြီးတော့ ကျမတို့ မြို့ပေါ်မှာလို ခပ်ပါးပါး ပြားပြားလေး ရှပ်လှီးတာ မဟုတ်ဘူး၊ ဆပ်ပြာတောင့် ပုံလို အတုံးလိုက် လှီးတာ...အဲဒါကိုမှ အပေါ်က ပဲဆီမွှေးမွှေးလေး ဆမ်းပြီးကျွေးတာ...။ ဒီနေ့ထက်ထိ ဘယ်မုန့်စိမ်းပေါင်းမှ မမီအောင် စားလို့တယ်ကောင်း...

အောက်ပုံက နွားနို့ခဲ...အဝိုင်းချပ်ကြီးတွေကို လေးပိုင်းပြန်လှီးပြီး ဆီခြောက် ခြောက်လေးနဲ့ ပြန်ကြော်ထားတာ...နဲနဲလေး ဖဲ့မြည်းကြည့် တော့ အားပါး မွှေးပြီးစိမ့်နေတာပဲ...


ပြီးမှ ငရုပ်သီးဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးလိတ်ပြီး ဆီပြန်တော့မှ ငရုတ်သီး တောင့်လေး နဲနဲအုပ်ပြီး စားရုံပဲ...


အရမ်းစားကောင်းတယ် နွားနို့ခဲ အစိမ့်ရယ်၊ အအီပြေ ခရမ်းချဉ်သီး အချဉ်လေး ရယ်၊ ငရုတ်သီး အရသာ စပ်စပ် မွှေးမွှေးလေးရယ် ဆိုတော့ ဗိုက်ကို ကားသွား တာပဲပေါ့...

နွားနို့ခဲလား...ဘယ်ကလာ စင်္ကာပူမှာ ဘယ်ရမလဲ တနေ့ကပဲ အမျိုးတွေ လာတာနဲ့ သူတို့နဲ့ အတူ စားစရာထည့်ပေးလိုက်လို့ သွားယူ တာ...တကယ် တကယ်...ထည့်ပေးလိုက်တဲ့ အိတ် အောက်ခြေ ထောင့်နားမှာတောင် ဒီလို ရေးထားသေးတယ်....


သို့....
ချစ်ရပါသော ချွေးမလေး အတွက်
မှ....
ချစ်သော ယောက္မကြီး
ခေတ္တ မန်းလေး...........................တဲ့....:)


Wednesday, May 19, 2010

မိုးခါးရေ...

ကျနော်ငယ်ငယ်က အမေနဲ့ အပြင်လိုက်သွားတိုင်း လမ်းဘေးမှာ တောင်းစားနေ ကြတဲ့ ကလေးတွေကို ပြပြပြီး ကျနော့်ကို ဆုံးမလေ့ ရှိတယ်။

"တွေ့လား သား...ပညာတတ်ကြီးဖြစ်အောင် ကြိုးစားနော်...ပညာမတတ်ရင် သား သူတို့လို လက်ဖြန့် တောင်းစားနေရလိမ့်မယ် သားရဲ့၊ အမေပြောတာ နားလည်လား သားဘဝ အဆင့်အတန်း တိုးတက် မြင့်မားအောင် ပညာက ပို့ဆောင်ပေးလိမ့်မယ် နော် သား" တဲ့...

ကျနော့် အသည်းထဲ ရင်ထဲ စွဲထင်ခဲ့ရတဲ့ အမေ့ရဲ့စကား....ကျနော် ဘယ်တော့မှ မမေ့ဘူး အမေ...။

*****************************

"ကိုရေ...ကို့သားအငယ် ကွန်ပြူတာသင်တန်းကြေးရယ်၊ တရုတ်စာသင်တန်း ကြေးရယ် နောက်တပတ်ကျရင် ပေးရတော့မယ်နော်..."

"ဟေ အေး အေး"

"ကိုရေ...အကြီးကောင်ကို ဂိုက်လုပ်ပေးနေတဲ့ ဆရာမလေးကို ဒီလအတွက် ပိုက်ဆံပေးရ အုံးမယ်နော်...ဆရာမလေးမျက်နှာမြင်တိုင်း အားနာစရာတောင် ကောင်းနေပြီ...."

"အေးပါကွာ အေးပါ"

"ကိုရေ...နောက်နှစ်ရက်ဆို ဆန်ဝယ်ရတော့မယ်နော်..."

"ဪ...အေး အေး"

"ကိုရေ...ဒီလကုန် ဟိုဘက်လမ်းထိပ်က မင်္ဂလာဆောင်ဖိတ်ထားတာ လက်ဖွဲ့ဖို့ ပိုက်ဆံချန် ရအုံးမယ်နော်..."

"ဟေ...အေးပါကွာ..."

ဖတ်လက်စ သတင်းစာကို လက်က ချ၍ ဟင်းကနဲ သက်ပြင်းချမိလေသည်။

အသုံးစရိတ်တွေ...အဲဒီ အသုံးစရိတ်တွေကို ဘယ်လို ချူံ့ရပါ့...။ မအားလပ်ဟု အကြောင်းပြ ၍ မင်္ဂလာပွဲ မသွားရင်ရော...၊ ဒါမှမဟုတ် သတင်းရယ်လို့ ဘာမှ မထူးလှသော နေ့စဉ်သတင်း စာကို မယူတော့ပဲ ဖြတ်လိုက်လျင်ရော... ဒါဆို ဒီတလ ငွေပိုနဲနဲ ထွက်လာနိုင်မလား တွေးရင်း ကပင် ကျနော့် စိတ်အစဉ်သည် ငွေကုန်ပေါက်တွေကြား မလူးသာ မလွန့်သာ ရှိနေလေသည်။

******************************

အိမ်ထောင်ရက်သားကျပြီး မြတ်နိုးရသော ဇနီးသည်မှ ချစ်စရာ သားကလေး ၂ ယောက် မွေးဖွား ပေးခဲ့သည်။ အမေ့စကား နားထောင် သော ကျနော်သည် ပညာတတ်ကြီးဖြစ်၍ ရုံးကြီးတရုံး၏ ဌာနတခုဝယ် အရာရှိပေါက်စလည်း ဖြစ်နေပါသေးသည်။

"ဆရာ ဒီတပတ် အတွက်"
"အေး အေး ကျေးဇူးပဲကွာ"

ကျင့်သားရနေသော လက်တို့က အံဆွဲထဲသို့ အထုပ်ကို ရှောကနဲ ထည့်ပြီး ဖြစ်လေသည်။ ကျနော်တို့ ဌာန၏ တပတ်စာ ရှင်းတမ်း၊ အတိ အကျ ပြောရလျင် ဝေစုခွဲတမ်း...။ ကြားပေါက် ဝင်ငွေကောင်းသော ရုံးကြီးဖြစ်သည်ဟု ဟိုစဉ်က ကြားသိခဲ့ဖူးရုံသာ။ အလုပ်ဝင်ကာစ နဖူး တွေ့ ဒူးတွေ့တွင်မူကား ထိုငွေများကို လက်ခံ၍ အိပ်ထဲထည့်စဉ် ကျနော့် မျက်နှာတခုလုံး ပူနွေး သွားခဲ့ဖူးသည်။

ကျနော်မယူလျင် ကျနော့်တယောက်စာဝေစုကို သူတို့ပင် ပို၍ ခွဲဝေယူကြ မည်တကြောင်း၊ ကျနော် ကိုယ်တိုင်လည်း မလွန်ဆန်နိုင်စွာ မက် မောမိသည်က တကြောင်း.....။ ထိုအကြောင်းများ ကြောင့်ပင် လူညီ၍ "ဤ" ကို "ကျွဲ" ဟု ဖတ်သူများထဲတွင် ကျနော်တယောက် လည်း အပါအဝင် ဖြစ်ခဲ့ရလေသည်။

******************************

အမေ့ ဆုံးမဩဝါဒကြောင့် ပညာကို ကြိုးစား သင်ယူခဲ့၍ ပညာတတ်ကြီး တယောက် ဖြစ်ခဲ့ ပါသည်။ စားဝတ်နေရေး အပြေလည်ကြီး မဟုတ်သည့် တိုင် လည်ပတ်နေသေးသည်။ လူပုံအလယ် ပညာတတ် အရာရှိမင်းဟု ပွဲလယ်တင့် နေသေးသည်။ သို့တိုင်အောင် အမေ ပြောခဲ့ဖူးသလို လက်ဖြန့်စရာ မလိုသော ဘဝမှာ ရောက်နေပြီတဲ့လား..ကျနော် မသေချာပေ...

သေချာသည်မှာ ကျနော် ည ည နှစ်ခြိုက်စွာ အိပ်မပျော်နိုင်သေးသည်ပင်...

Tuesday, May 18, 2010

ငှက်တို့နဲ့ တနေ့ခင်း

ဂျူရောင်း ငှက်ဥယျာဉ်ကိုရောက်တော့ နေ့လည် ၁၂ ထိုးတော့မယ်...တဲတဲလေးရယ်။ လက်မှတ်ချက်ချင်းဝယ်...၊ ငှက်စွမ်းရည်ပြပွဲက ၁ နာရီမှ ဆိုတာနဲ့ ၄၅မိနစ်လောက် ဟိုလျှောက် ဒီလျှောက် နဲ့ အချိန်ဖြုန်းရသေးတယ်။ ပင်ဂွင်းတွေ သွားကြည့်ခဲ့သေးတယ်...။ ပိုစ့်တင်ဖို့ မရည်ရွယ်ထားတာမို့ အသေအချာ ဓါတ်ပုံ မရိုက်ခဲ့ရဘူး။

နေ့မွန်းတည့်နေပူပူအောက်မှာ၊ ပြီးတော့ ငှက်တွေကိုလည်း ကိုယ်က စိတ်ဝင်စားတာမှ မဟုတ်တော့ ဓါတ်ပုံရိုက်ချင်စိတ်ကို မရှိတာ...



ဝင်ခနဲ့ အတူ Panorail စီးဖို့ပါ ဝယ်ခဲ့တာမို့ အပူရှောင်ပြီး ရထား ခဏ စီးခဲ့ကြတယ်။ ဒါက စတေရှင်တခုမှာ...



ဒါက Lory Station မှာဆင်းတုန်း ရိုက်ခဲ့တာ....


အဲဒီ Bottle Tree ကတော်တော်လှတယ် ဒါပေမဲ့လည်း နေပူကျဲကျဲထဲမှာ တပင်တည်း...အထီးကျန်လွန်းလှသကွယ်...


ငှက်စွမ်းရည်ပြပွဲနေရာ....


မြန်မာလို ရွက်ဖျင်တဲ အကြီးစားကြီး...သူကတော့ ပိုခေတ်မီတာပေါ့လေ...ပွဲမစသေးတော့ ပျင်းပျင်းနဲ့ မိုးပေါ်ထောင်အပစ်...အဲ...အရိုက်မှာ ခုလို တိမ်တွေနဲ့ ရွက်ဖျင်တဲအစပ်နေရာလေး လှတပတကို သွားရိုက်မိတယ်...သေချာကြည့်...သိတ်ကဗျာဆန်တယ်...
(ကိုယ့်အတွက်တော့ တိမ်တွေကို ဘောင်အတွန့် အတွန့် ခတ်ပြီး ကြည့်ခဲ့တဲ့ တခဏပေါ့...)


ထောင့်တွေတိုင်းမှာ အရှိန်ပြင်းတဲ့ လေပန်ကာကြီးတွေ ရှိတယ်...တွေ့လား ဒါပေမဲ့ အသေပူတာပဲ...ဒါတောင် ဒီမှာ မိုးက ခဏခဏ ရွာတာ...


ဒါက လိမ္မော်ရောင်အသွေးနဲ့ ဖလမ်မင်ဂိုတွေ...အနီးကပ်မသွားဘူး...အဝေးက လှမ်းရိုက် ခဲ့တာ...


ဒါလည်း ဖလမ်မင်ဂိုပဲ သူကျတော့ ပန်းရောင်ဖျော့ဖျော့...


Lory တွေ အစာကျွေးတဲ့နေရာ...အထဲဝင်လိုက်သွားပြီးမှ မှားသွားမှန်းသိတယ် ငှက်တွေကို အထဲမှာ ဒီအတိုင်းလွှတ်ထားတာကိုး...


လူတွေရဲ့ ပခုံးပေါ် လိုက် လိုက်နားနေတော့ ဖလန်း ဖလန်းသံ ကြားရင်ပဲ ကိုယ့်မှာ အလိုလို ဇက်ပု ပုသွားတယ်...လျှောက်ရတာ ကျောမလုံလှဘူး...


ဒီတကောင်က မိုက်ဂိုက်နဲ့ လှမ်းရှိုးနေသေးတာ...လက်ထဲက ကင်မလာလေး လွတ်ကျတော့ မလို့ မြန်မြန် ရိုက်ပြီး ရှေ့ဆက်ရွေ့ခဲ့ရတယ်..


အင်း...ဒီတကောင်ကတော့ အတော်သွေးကြီးတယ် အရေးကိုမလုပ်ဘူး...ဘာဖြစ်လဲ ရိုက်တယ်ကွာ...


သနားစရာတော့ ကောင်းသား သူတို့ခမျာ အစာခွက်ကို ခုလို ခြေကလေးတဘက်နဲ့ ကုတ်ဆွဲထားပြီးမှ စားရှာတယ်...


တလျှောက်လုံး အနီ၊ အစိမ်း နဲ့ အဝါတွေချည်းပဲမို့ ရွှေအိုရောင်နဲ့ အနက်စပ်ကြားလေးတွေ တွေ့တော့ရိုက်ချင်တာ...ဘသားချောငှက်တွေက ထွက်မလာကြဘူး...


အောက်ပုံက အင်တာနက်က ရှာတင်လိုက်တာ...ငှက်နှစ်ကောင် ခြင်းလေးတွေထဲကို ဘောလုံးလေးတွေ အပြိုင်ထည့်ကြတာ...


etour-singapore.com/jurong-bird-park

ငှက်တွေက တတ်တာလွန်ရောပဲ...၁ကနေ ၁၀ထိ အင်္ဂလိပ်လိုရော၊ တရုပ်လိုရော ရေပြတာ၊ ငိုတဲ့အသံ၊ ဟဲလိုနှုတ်ဆက်သံ၊ သီချင်းတွေ လည်း ဆိုပြလို့...အဲဒီ့ ခဏတော့ ချစ်စရာ...၊ ဇီးကွက်တွေ၊ ဒီးဒုတ်တွေ အဲသလို ညဥ့်ငှက်တွေကိုတော့ ညအမှောင်ခန်းလို ဖန်တီးထားတဲ့ အထဲမှာ ပြထားတယ်...ငှက်တွေကို ဖလက်ရှ်ပိတ်ပြီးမှ ဓါတ်ပုံရိုက်ခွင့် ပြုပါတယ်...

ဟက်ပီး ဘာဒ့်ဒေး သီချင်းဆိုပြတဲ့ ငှက်ကလေးရဲ့ ဗီဒီယိုကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်

ငှက်တွေကတော့ အမျိုးစုံပဲ ဒါပေမဲ့ ရထားပေါ်ကနေပဲ ကြည့်ရင်းသွားတာမို့ ဓါတ်ပုံရိုက်ခွင့် မသာဘူး၊ ရိုက်ချင်တာက ငှက်ကြီးဝံပို၊ အောက်ချင်းငှက် နဲ့ ပင်ဂွင်းတွေပဲ...၊ အတော်လှမှာ ဒီက ရိုက်ချက်နဲ့ဆို....

ငှက်တွေက ဘယ်လိုပဲ အမျိုးအစားကွဲကွဲ ကိုယ့်မျက်လုံးထဲတော့ တူတူလိုပဲ..... သွားချင်ရာသွား၊ စားချင်ရာစား၊ နားချင်ရာနား နဲ့ သူတို့ မှာ အတောင်ပံတစုံ ရှိနေခြင်းက ပန်းကလေးတွေထက် အားသာတဲ့ အချက်ပဲ...။

စိတ်မဆိုးဘူးဆိုရင်တော့ မောင်တို့ ယောင်္ကျားတွေနဲ့ တူတယ်လို့ ပြောလိုက်ချင်တာ....။ ဒါပေမဲ့လည်းလေ တချို့သော ငှက်တွေကျ ပြန်တော့ အတောင်ပံတွေ ကိုက်ညှပ်ထားခြင်း ခံရတာမို့ ဖလပ် ဖလပ် မလုပ်နိုင် ရှာတော့ပါဘူး...အိမ်ကလူကြီးလို ဆိုပါတော့လေ....:)

Sunday, May 16, 2010

အလှကိုယ်စီ...

ဒီပန်းလေးကို မြင်ဖူးနေကျ ဖြစ်မှာပါ...ဖြူဖြူဖွေးဖွေး ကိုယ်ထည် ဖောင်းဖောင်း လုံးလုံးလေးမှာ ထိပ်က အနီရောင် နဲ့ အနားသတ်ထားပြီး အထဲက ဝတ်ဆံမျှင် အရှည်လေးထွက်နေတာ...နူးညံ့ပေမဲ့ ခပ်စွာစွာ မဟုတ်မခံ ကောင်မလေး တယောက်ကို မြင်မိစေတယ်...


ဒါလေးကတော့ ပိန်ပိန်ကိုင်းကိုင်း ပိုးဟပ်ဖြူလို ကောင်မလေးပေါ့....


ဒီအောက် ၃ပုံကတော့ လူလတ်ပိုင်း ကျက်သရေရှိရှိ တည်ငြိမ်တဲ့ အလှနဲ့ မဟာဆန်သူ မမ လို့ ဆိုလိုက်ချင်တယ်....




ခရမ်းရောင်ပန်းကလေးတွေက အလှသွေးကြွယ်နေတဲ့...အုပ်စုလိုက်နေတတ်တဲ့ ရှက်တက်တက် ကောင်မလေးတွေ....




ဒါ ပန်းမှ မဟုတ်ပဲ အရွက်ကြီးပဲဟာလို့ ဆိုကြမယ် ထင်ပါရဲ့...ဟုတ်တယ် အရွက်ပဲ...တရွက်ထဲမှာကို အရောင်တွေ အနုအရင့်နဲ့ အကန့်လိုက် ရှိနေတာ...လက်တွေ့ ဘဝကလည်း အဲလိုပဲ သူ့အကန့်နဲ့သူ...ကိုယ်နဲ့တူတဲ့ အရွက်မို့ အလှမရှိသော်လည်း ဘဝသမားမို့လို့ ရိုက်ခဲ့တာ...အဟွန်း...:)


ဒါတွေကတော့ ဘာပန်းမှန်းကို မသိဘူး အရောင်တွေ ပုံစံတွေ ဆင်မလိုလိုနဲ့ ကွဲလို့၊ ပန်လို့ရတဲ့ပန်း မဟုတ်သော်လည်း ပန်းအိုးထိုးတဲ့ နေရာတွေမှာ သုံးတာ တွေ့ဖူးတယ်...တခိုင်မှာ 'တပွင့်တည်းပဲ...ဒါပေမဲ့ အပျိုဟိုင်းကြီး' လို့ ဆိုရမလို ရဲရဲတောက် အပျိုကြီးတွေကို သတိ ရသွားစေတယ်...



ဒါကို ကြက်တူရွေးပန်းလို့ ခေါ်ကြတယ် ထင်ပါရဲ့...အရောင်မတူ၊ ပုံစံလည်းကွဲ...တွဲရရွဲပွင့် နေပုံတော့ ဆင်တယ်...အညှာတခိုင်ထဲမှာ အပွင့်တွေများသမို့ ရည်းစားများတတ်တဲ့၊ အီကြာရိုက်တတ်တဲ့ လုံမငယ်လေးတွေနဲ့ မတူလား...


ဒီ အထက် နဲ့ အောက် ၂ ပုံက ရိုက်လာတာ အရောင်နဲနဲမွဲလို့ အမည်မဖော်လိုသူ (ချစ်သက်ဝေ) က အရောင်လေးစိုလာအောင် ပြင်ပေး ထားပါတယ် 10Q နော် သယ်ရင်း:)


ဒီပန်းကိုတော့ ဗုဒ္ဓံသရဏံပန်းလို့ခေါ်တာ ကြားဖူးတယ်၊ တတိယအရွယ် ဘာဝနာပွားလို့ ဘဝရဲ့နောက်ဆုံးအချိန်ကို ရဲရဲရင့်ရင့် ဖြတ်သန်း တော့မဲ့ အဖွားတွေနဲ့ တူတယ်လို့ တင်စားလိုက်ချင်တယ်...အရောင်အသွေးစုံဟာ အလွှာအသီးသီးက အဖွားတွေကို ကိုယ်စားပြုတာပေါ့...





စကားပန်း ကြက်သွေးရောင်...ဘဝကို ဒဏ်ရာဒဏ်ချက်တွေ အများကြီးနဲ့ နာနာကျည်းကျည်း သို့သော်လည်း အရှုံးမပေးပဲ ဖြတ်သန်း ရင်ဆိုင်နေတဲ့ စိတ်ဓါတ်ခွန်အားပြည့်တဲ့ အမျိုးသမီး တွေကို မျက်နှာချင်းဆိုင် တွေ့လိုက်ရ သလိုပဲ...မာကျောအေးစက်နေတယ်...


လူတိုင်းသိကြတဲ့ ယုဇနပန်း...ဒီပန်းလေးကို အတွေ့မှာ တရားသဘောတချက် လက်ခနဲ...၊ အဖူးကလေးတွေ၊ အပွင့်ကလေးတွေ နဲ့ အနွမ်းပွင့်ကလေး...ရောယှက်လို့...ကိုယ့်ကို တရားပြနေသလို...ခံစားလိုက်ရတယ်...


အင်မတန် ရိုးစင်း၊ ဟန်မလုပ်တတ်တဲ့ ကျေးလက်တောရွာက သမီးပျိုလေးတွေရဲ့ အလှနဲ့ ဘဝကို မြင်မိစေတဲ့ ပန်းဝါဝါကလေးတွေ...


တွေ့နေကျ ခေါင်ရမ်းပန်းလို မဟုတ်ပဲ ပွင့်ဖတ် အထပ်ထပ်လေးတွေနဲ့၊ ပွင့်ဖတ် တထပ်တည်း နဲ့ ပြီးတော့ သခွားရောင် ခေါင်ရမ်းပန်းကလေးတွေက....ရဲရင့် ပွင့်လင်းတဲ့ မြို့နေ မိန်းမပျိုရဲ့ အလှ...




ဒါတွေက ဒီနေ့ ရိုက်ခဲ့တာပေါ့...ဘယ်မှာလဲဆိုတော့ ဂျူရောင်း ငှက်ဥယျာဉ်မှာ... ဟယ်...ငှက်ဥယျာဉ်သွားပြီး ငှက်တွေ တကောင်တမြီး မှ ရိုက်မတင်ပဲ ပန်းတွေချည်းပါလားလို့ အထင် မစောပါနဲ့အုံး...လာမှာပါ၊ ရိုက်ခဲ့ပါတယ်...ရသလောက် မိသလောက်ပေါ့...အဲလို ပြောရ ခြင်း က ကိုယ့်မှာ Feather phobia ရှိတယ်လေ...ဒါကြောင့် အဝေးကပဲ ရသလောက် ရိုက်ခဲ့တာ ကို ပြောတာပါ...။

အံမယ် ဒီပန်းပုံတွေ အလွယ်တကူ ရိုက်လာတယ် မထင်ကြပါနဲ့၊ ခက်ခက်ခဲခဲပါ...မုဆိုးဒူးထောက်လို့ တသွယ်၊ မြောင်းဘောင်ပေါ်ရပ်လို့ တနည်း၊ ကားရားခွလို့ တဖုံ၊ ကုန်းကုန်း ကုန်းကုန်းနဲ့ တမျိုး အမျိုးမျိုးသော ကိုယ်နေဟန်ထား နဲ့ စွန့်စွန့်စားစား ရိုက်ခဲ့ရတာပါ။

အတူသွားသူတွေရဲ့ သောက်လက်စ ရေဗူးတွေ၊ ပိုက်ဆံအိတ်တွေနဲ့ စုံစီနဖာ ထည့်ထားတာမို့ ကျောပိုးအိတ်ကလည်း လေးမှလေး...ဒီကြားထဲ တချို့ပန်း တွေက ရှက်ပြီး ဟိုဖက်လှည့်နေ တော့ ဘယ်လက်နဲ့ အကိုင်းကို ကိုယ့်ဘက်ဆွဲ လှည့်ပြီးမှ ညာဘက် ကင်မရာကိုင် လက်နဲ့ ရိုက်ခဲ့ ရတာတွေပါ...။

ဘယ်လိုပုံစံပဲ ဖြစ်ဖြစ်၊ ဘယ်လိုအသွေးအရောင်ပဲ ရှိရှိ၊ ရနံ့ရှိ ရနံ့မဲ့ ဘာကြီးပဲ ဖြစ်နေပါစေ ပန်းမှန်ရင် ပန်းစာရင်းဝင်လို့ သူ့အလှနဲ့သူ ရှိနေကြတာပါပဲ...ကျမတို့ အမျိုးသမီးများလိုပဲပေါ့...

ဒီပိုစ့်လေးနဲ့ အမျိုးသမီးထုကြီးကို ဂုဏ်ပြုရင်း ကမ္ဘာ့ အမျိုးသမီးများနေ့ကို ကြိုဆိုလိုက်ပါတယ်
(ဟမ်...!! ဆိုင်သလားတော့ သိပါဘူး...အို...ဇွတ်ပဲ ဆိုင်လိုက်ကြပါလေ :))