Wednesday, March 31, 2010

ဘာလီ ခရီးစဉ်-၂

မနေ့က ပထမနေ့ နေ့လည်စာ စားပြီးတဲ့အထိ ရောက်သွားပြီ ဆိုတော့ ဒီနေ့ တက္ကစီ နဲ့ ဈေးဝယ်တဲ့ အကြောင်းလေး ရေးမယ်။ နေ့လည်စာစားတဲ့ ဆိုင်က ပိုင်ရှင်အမျိုးသမီးက သဘောကောင်းပြီး ကျမ တို့နဲ့ စကားလေး ဘာလေး လာပြောတော့ ကျမတို့လည်း အကြီးဆုံးကုန်တိုက် ဂယ်လာရီယာကို သွားချင်လို့ ဒီကနေသွားရင် တက္ကစီခ ဘယ်လောက် ကျမလဲ မေးရင်း အကူအညီတောင်း ဖြစ်သွား တယ်။ ဒါနဲ့ သူက တက္ကစီ တစီးတား၊ ဘယ်ကိုပို့ပေးလိုက်ပါ ဘာညာပေါ့။ ရူးပြား ၃၀,၀၀၀ ကျမယ်တဲ့ ရတယ်လေ သွားကြမယ် ဆိုပြီး သိုင်းကျူးခဲ့ပါတယ်။

တက္ကစီသမားက စကားလုံးဝ မပြောဘူး ခပ်တည်တည် ပဲ။ မီးပွိုင့်ရောက်တော့ နောက်ဘက် ယူတန်း(U turn) ကွေ့ချလိုက်ပြီး ကုန်တိုက် ကြီးတခုရှေ့ရပ်ပေးတယ် ရောက်ပြီ ဆင်းတော့ တဲ့...။ ကျမက တက္ကစီပေါ်ကနေ မဆင်းသေးပဲ လှမ်းကြည့်လိုက်တော့ ကုန်တိုက်နာမည် က ခရစ်စနာတဲ့။ ဒါနဲ့ ကျမက ငါတို့သွားချင်တာ ဒါမဟုတ်ဘူးလို့ဆိုတော့ သူက ငြင်းတယ် ဒါပဲ ဒါပဲ ဆင်းတော့တဲ့...စူပုပ်ပုပ်နဲ့ ဆိုတယ်။

အဲဒါကို ကျမရဲ့ လူကြီး Mr.Nice Guy က "ဆင်းလိုက်ပါချစ်ရယ် ကိုကိုတို့က ဘယ်ဈေးမှာ ဝယ်ဝယ်ရတာပဲဟာ" တဲ့။ သူက အဲလိုပဲ အမြဲတမ်း ရွှေပြည်အေးတရား ဟောတတ်တာ...သူ့တော့ အမေရိကန် နဲ့ အာဖဂန်ကြား ပို့ပစ်လိုက်ချင်တော့တယ်။

အဲဒါ ဒီကုန်တိုက်ပေါ့.....



ကုန်တိုက်ထဲ ဝင်ဝင်ချင်း အရောင်းသမားတယောက်ကို ချက်ချင်းမေးတော့ ကျမထင်တဲ့ အတိုင်းပဲ ကားသမား လူလည်ကျသွားတာ။ ကြည့်စမ်း...စလုံးကလူကို...လူတောင်မှ ရိုးရိုးလူ မှုတ်ဘူး ဘလော်ဂါကို...လူလည်ကျသွားတာ၊ ခုတော့ ဒီလူ ပိုစ့်ဖြစ်သွားရော...။

ပန်းချီကား ၃ကား ဝယ်တယ်၊ တီရှပ် အထည် ၂၀ ဝယ်တယ်။





ဈေးဝယ်ပြီး ပြန်ထွက်လာတော့ ကုန်တိုက်ရှေ့မှာ တက္ကစီတစီး အဆင်သင့် တွေ့တာနဲ့ ငှားဖို့မေးကြည့်တော့ ကားသမားက သူ မုန့်လေး စားချင်လို့ ခဏစောင့်နိုင်မလားတဲ့၊ ကြည့်ရတာ ခုန ငနဲထက်တော့ ပိုပြီး မွန်မွန်ရည်ရည်ရှိတယ်။ ရပါတယ် စားပါဆိုပြီး ကျမတို့ သူ့စောင့်ရင်း ခုနက တက္ကစီအကြောင်း ကွန်ပလိန်း တက်မိတယ်။ သူက ရယ်ရင်း ဘာလီမှာ တက္ကစီ ကုမ္ပဏီ ၅ခုထက်မနဲ ရှိတဲ့ အနက် ဘလူးဘာ့ဒ် (Blue Bird) က စိတ်အချရဆုံးဆိုတဲ့ အကြောင်းပြောပြတယ်။
ဪ...သူကလည်း ကိုငှက်ပြာကိုး...ပြောပေမပေါ့။ ဒီရောက်မှ အင်တာနက်ထဲ ပြန်ရှာမိတော့ သူပြောတာ ဟုတ်သား...။ တခါတည်း ကြော်ငြာလိုက်မယ်..."ဘာလီသွားရင် တက္ကစီဆို ငှက်ပြာမှ စီးနော်"

ဒါက ကားသမား စားတဲ့ နေ့လည်ခင်း သရေစာ...Bakso လို့ခေါ်တယ်။ သူတို့ဆီမှာတော့ မနက်၊ နေ့လည် အဲဒါမျိုး အတော် စားကြတာ တွေ့မိတယ်၊ ပဲကြာဇံ၊ ပဲပြား၊ အာလူး၊ အမဲသားလုံး တွေထည့်၊ အမဲသားပြုတ်ရည်နဲ့ ကြာညို့၊ အချဉ်ရည်ထည့်ပြီး စားတယ်။ တပွဲကို ရူပြား ၁၀,၀၀၀...



ဒါကတော့ Bonus ပေါ့လေ...

ဒီနေ့ ညစာချက်စားဖြစ်လို့၊ ငါးကြင်းကို ချဉ်စော်ကားသီးနဲ့ အချဉ်ဆီပြန်လေးချက်၊ ခရမ်းသီးနှပ်၊ ဟင်းနုနွယ်ကြော်၊ ငါးပိလိမ္မာချက် နဲ့ ဘူးသီးပြုတ် တို့စရာ... ချဉ်စော်ကားသီး မမြင်ဘူးသူများ အတွက် အထုပ်နဲ့ ပန်းကန်လေးထဲမှာလည်း ထည့်ပြထားသေးတယ်...။





ပို့စ်နဲ့တော့ မဆိုင်ဘူးပေါ့လေ...ဟိုဘလော်ဂါ Bonus ထည့်ပေးတတ်တာကို အားကျလို့....။ သူလေ...ခုတလော သူ့ကိုယ်သူ သေကြောင်းကြံဖို့ ကြိုးစားနေသူ၊ ခုထိလည်း သေဖို့ နည်းလမ်းကောင်း မတွေ့သေးချင်ယောင် ဆောင်နေတဲ့သူ...

TZA ပြောပါတယ်....
ခိခိ...ပါတော်မူ သွားရှာပေါ့...။

Tuesday, March 30, 2010

ဘာလီခရီးစဉ်-၁

ဘယ်လိုစရေးရမလဲ...အင်း...မြန်မာလိုပဲ ရေးလိုက်ပါမယ်လေ...ဟိုနာမည်ကျော် ဆရာကြီး တယောက်လို ဆရာကြီးဦး X X X နိုင်ငံခြားမှ ပြန်ရောက်ပါပြီ မိတ်ဟောင်း၊ မိတ်သစ်၊ မိတ်တပတ်နွမ်းများ ပြန်လည် ဆက်သွယ်နိုင်ကြပါပြီခင်ဗျား လို့ စလိုက်ရင် ကောင်းမလား
လို့ အူတူတူတွေးမိသေး...ဟင်း ဟင်း...(ပါးစပ်ကို ညာလက်ဝါးလေးနှင့် အသာအုပ်၍ မပွင့်တပွင့် ဂျပန်စတိုင်လေး ရယ်၏)

၂၇ ရက်နေ့က သွားပြီးတော့ ၂၈ ရက်နေ့ မနက်ကနေ အရင် စလိုက်ပါမယ်။
ဒီပုံက ဟိုတယ်မှာ ကမ်းခြေဗြူး ဘက်လှည့်ပြီး မနက်စာ စားခဲ့တဲ့နေရာ။


အဲဒီကနေ ကမ်းခြေကို မခို့တရို့လေး ခုလို ချောင်းကြည့်လို့ရတယ်...။


မနက်စာ...စိတ်ဝင်စားဖို့ မကောင်းဘူး ၊ ပြီးတော့ ကမ်းခြေသွားဖို့ စိတ်စောနေလို့ ဗိုက်ထဲကို ပန်းကန်လိုက် မောင်းသွင်းပစ်လိုက်တယ်...ဓါတ်ပုံ မရိုက်လိုက်ရဘူးပေါ့...ကိစ္စမရှိပါ...နောက်နေ့တွေလည်း အတူတူပဲ မိနု(Menu) မပြောင်းပါ...နောက်တရက်မှ ကြည့်ကြပါကုန်....


ဆယ်ကျော်သက် လူရွယ်ကလေးများ အလွန် တက်ကြွတဲ့ ဘာလီ...


ဗူးသီး နဲ့ ဖရုံသီး လမ်းလျောက်လို့လာ....
(ဗူးလေးရာ ဖရုံဆင့် ဆိုတာ ဒါမျိုးများလား...)


အဲသလိုနဲ့ ညနေကို ရောက်သွားရော...ကြားထဲက အချိန်တွေလား...ဟင်း ဟင်း ဟိုတယ်မှာ အဝတ်အစား ပြန်လဲတယ်
ဆပါး (SPA) သွား၊ နေ့လည်စာ စားပေါ့...SPA သွားတဲ့ ပုံတွေ မရိုက်ခဲ့ရဘူး
တယောက်ကို ရူပြား ၃၀၀,၀၀၀ ပဲကျတယ် SPA က Couple Package ကို ယူလိုက်တာ...၁၀ရာခိုင်နှုန်းထပ်လျှော့တယ်....၃နာရီကြာ တယ် အရမ်းတန်လို့ ဘာလီသွားမဲ့သူတွေကို သွားဖြစ်အောင်သွားဖို့ ညွှန်းချင်ပါတယ်...စလုံးမှာ ဒီဈေးနဲ့ မရလို့ပါ စလုံးနဲ့ ဘယ်လောက် ကျလဲ သိချင်ရင် ၆၄၀၀ နဲ့ စားကြည့်ပေါ့...
ဂျာဂူစီထဲ ဆင်းဆင်းချင်း ၂ယောက်သား တိုင်ပင်မထားပဲ ပြောဖြစ်တာက
"ဟေ့ ချူချူးမပေါက်ကြေး" :)


SPA ပြီးတော့ အတော်ကို ဆာကြပြီ...နေ့လည်စာကို အင်ဒိုစာ စစ်စစ် ဆိုင်ကလေးမှာ စားခဲ့တယ် ကျမက အသားနဲ့ ချိုချဉ်စပ်ကလေး...သူက ကြက်ထမင်းကြော်၊ အင်ဒိုဘီယာ၊ ကြက်ဥအောမလက် Seafoods နဲ့ ချဉ်စပ်ကြော်ကလေး...စားကောင်းသား...ကျမက ဘာမှန်းမသိတဲ့ ဖျော်ရည်မှာသောက်တယ်



တဝက်လောက်သောက်ပြီး ရီတီတီနဲ့ ဟိုလူကြီး နှစ်ကိုယ်ခွဲ မဖြစ်ခင် ရပ်တန်းကရပ် ပစ်လိုက်တယ်၊ ထင်တော့ထင်သား...စသောက်ကတည်းက ခါးတားတားနဲ့လို့...။
ဟိုလူကြီးလက်ချက်နေမှာ တော်ပါသေး အဖေ့ ကျေးဇူးကြောင့် အယ်လကိုဟော
ရောထားရင် သိနေတာ...။ ဟင်းဟင်း...ဒါမျိုး မရဘူး... ဖြဲသီး ဖျော်ရည်တခွက်
ထပ်မှာသောက် လိုက်တယ်....


နေ့လည်စာက ရူပြား ၁၇၀၅၀၀ ကျတယ်...ဒါလေးများ....ဟား...ဟား...

စားပြီးတော့ ရှော့ပင် သွားတာ တက်ကစီသမား တပတ်ရိုက်...ခံခဲ့ရတယ်...ရှက်လို့ ဘယ်သူ့ကမှပြောဝံ့ဘူး...ဘလော့ပေါ်ပဲတင်မယ် စိတ်ကူးတယ် တိုးတိုးတိတ်တိတ်ပေါ့...

ခုတော့....ကျမရဲ့ တမတ်တန် ကင်မလာလေးနဲ့ပဲ ဘာလီရဲ့ တိမ်တွေကို အမိအရ ဖမ်းဆုတ် ရိုက်ခတ်ပစ်ခဲ့တယ်...


တိမ်တွေဟာ ခုတမျိုး ခုတမျိုးနဲ့ အတော် မျက်နှာများတယ်...


တမတ်တန် ကင်မလာ အစွမ်းကြောင့် တိမ်တွေဟာ ပြားတားတား...ခွင့်လွှတ်ပါ တိမ်တွေရယ်...


အပြောင်းအလဲ မြန်လွန်းတာ...ဆိုးလိုက်တဲ့တိမ်...





ဗိုလ်ပဲ...မတ်ပဲ....ကုလားပဲ...ပဲစဉ်းငုံ...ပဲနီလေး...ပဲဝါလေး....ဘာပဲ ညာပဲ...ပဲ...ပဲ...


ပဲတွေက အမျိုးစုံ အတော်များသကိုး


လာ့ဂိတ်ရှ်တွေကိုတောင် ရေမချိုးပေးရသေးဘူး ဒီတိုင်း တုံးလုံး...ပိုစ့်တင်ချင်လွန်းလို့ ပင်ပန်းနေတဲ့ကြားကနေ ရေးတင်ပစ်လိုက်တယ်...
ပိုစ့်ရှည်သွားမစိုးလို့ ဒီနေရာမှာပဲ ကတ်ကျေးကိုက်လိုက် ပါရစေ...




ဓါတ်ပုံကြည့်ချင်တယ်လို့ ပိတ်သတ်ထဲကနေ စာလေးတစောင် ကိုယ့်ဘာသာ ပစ်တင်ပြီး ကိုယ့်ဘာသာ ကိုယ့်ပုံကို တင်လိုက်ပါတယ်...ဒါ ရေမချိုးရသေးပါဘူး...ဟင်း ဟင်း ဟင်း....:) ည အိပ်ပျော်အောင် အိပ်ကြပါ...

Saturday, March 27, 2010

ကြိုနှင့်တော့ ဘာလီရေ....

ပြီးခဲ့တဲ့ နာတတ်စ် ထရယ်ဗယ်ဖဲ (Natas Travel Fair) မှာ ဘာလီကို သွားဖို့ တန်တာနဲ့ လက်မှတ် ဝယ်ဖြစ်ခဲ့တယ် ။ ဖရီး အန် အီးဇီး(Free and Eazy) ပါ။ ခု အဲဒီ ခရီးသွားဖို့ ပစ္စည်းတွေကောက်ထည့်ရင်း ပိုစ့်တပုဒ် ကောက်ရေးလိုက် တယ်။ ယူသွားဖို့ ပစ္စည်းတွေက သိတ်မများလှပေမဲ့ ကမ်းခြေကို သွားမှာ ဖြစ်တဲ့ အတွက် ဦးထုတ်၊ ဖလစ်ဖလောပ့် (Flip Flop)၊ ဆန်းန်ဘလောက် (Sun Block) နဲ့ နေကာမျက်မှန်တွေက မပါမဖြစ် ယူသွားရမှာတွေ၊ အရေးကြီးတဲ့ လေယာဉ် လက်မှတ်၊ ဟိုတယ်ရီဇာ့ဗေးရှင်း၊ ပတ်စ်ပို့တွေလည်း လွယ်သွားမဲ့ ကျောပိုးအိတ် ထဲ ထည့်ပြီးသား။ အဲ အစာကြေဆေး ဆင်တုန်းမနွယ် မေ့တော့ မလို့...အပီ ဝါးဒီးဆွဲမှာ ဆိုတော့ကာ စားသမျှ အစာကြေဖို့ လိုသမို့ လား...၊ ဒီအချိန်မှာ ဝိတ်အကြောင်း ခေါင်းထဲက ခဏ ထုတ်ထားတယ်...။ ပြီးတော့ ရှမ်းဆေး အဖြေကျော်...သိတ်ကောင်းတဲ့ ဆေး...ဘာဖြစ်ဖြစ် ဒါသောက် ...ပျောက်ပဲ။ ခေါင်းကိုက်တတ်လို့ ပနဒေါ တကဒ်လည်း ပါသေး။ တော်လောက်ပါပြီလေ ဆေးက ဒီလောက်ပါပဲ...။

နားကလော်ဖို့ ကော်တွန်ဘတ်ဒ်လေး တွေလည်းယူသွားအုံးမှ...ရေထဲဆင်းပြီးရင် နားယားတတ်တယ် မဟုတ်လား...။ ရေကူးဖို့က သူ့အတွက် ရေကူးဘောင်းဘီ ထည့်ပြီးသား။ ကျမ အတွက်ရေထဲ ဆင်းဖို့ရော.....? စဉ်းစားရင်း လွန်ခဲ့တဲ့ ၃နှစ်လောက်က ထိုင်းမှာ ဝယ်ခဲ့တဲ့ တူးပိစ်လေး သတိတရ နဲ့ ဘီရိုထဲကို ဖွပြီး ရှာထုပ်လိုက်သေးတယ်။ လားလား...တူးပိစ်လေးက လှတုန်းပဲ...ဝလာတာက ကိုယ်...။ မဖြစ်သေးပါဘူးလေ...ကမ်းခြေလာသူ အပေါင်း ဝက်သား ပြတ်ရော့လဟယ် ဆိုသလိုများ ဖြစ်နေမလား...အသာလေး ပြန်သိမ်း ထားလိုက်တယ်...ရာဇဝင်ထဲမှာ...အဲ ဘီရိုထဲမှာပဲ တူးပိစ်ကို ထားရစ်ခဲ့...ခဲ့...ခဲ့...။

အိမ်ကလူကြီးကတော့ ဒီနေ့ အလုပ်နေ့ဝက် သွားရသေးတယ်။ အို ... သူက ကျမထက် ပိုတက်ကြွသေး....လိန်ပျံတွေကို သူချစ်တယ် လိန်ပျံကွင်းကို သူချစ်တယ်၊ သွားဖို့ တကြွကြွ ဖြစ်နေတာများ ...မြင်စမ်းစေချင်တယ်။ သူနဲ့ လိန်ပျံကွင်းနဲ့ ချစ်ကျွမ်းတဝင် ဖြစ်နေခဲ့တာ များ ကြာလှပေါ့။ ပြောရမယ်ဆို ကျမနဲ့ အိမ်ထောင် မကျခင် ကတည်းကတဲ့...သူ့ အချစ်ဦး ဆိုပါတော့။ အေးလေ ဒီတခေါက် လိန်ပျံကွင်း ရောက်ရင် သူတို့ကို ပေးစားခဲ့လိုက်ပါ့မယ်...ပြန်ပေါင်းထုပ်ကြပါစေတော့....အဲသလို ကျမက သဘောထား ကြီးပါတယ်။

ဘာလီမှာ တရက်ခရီးတွေ အများကြီးရှိတယ်။ စိတ်ဝင်စားစရာ နေရာတွေ ချည်းပဲမို့ သွားဖြစ်အောင် သွားအုံးမှာ။ ဘာလီရဲ့ မိုးလေဝသ အခြေအနေ ဖတ်ကြည့်တော့ ဒီစနေ-တနင်္ဂနွေ ခြောက်သွေ့မှာ တဲ့လေ တော်ပါသေး။ ဖတ်မိသမျှ ဘာလီ အကြောင်းတွေက စိတ်ဝင်စား စရာတွေချည်းပဲ။ ဘာလီရဲ့ သမိုင်းကြောင်းကို နဲနဲလေး ပြောပြချင်တယ်...သူ့ရဲ့နောက်ခံက အရောင်အ သွေး စုံလွန်းတာမို့လို့...။

ဘီစီ ၂၅၀၀ လောက်က တရုတ်လူမျိုးတွေ ဘာလီမှာ စတင် အခြေချခဲ့ကြပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ အင်မတန်ရိုးရှင်းတဲ့ ဘဝတွေနဲ့ စခဲ့ကြသတဲ့။ နောက်တော့ ဘာလီယဉ်ကျေးမှု ရယ်လို့ ပေါ်ထွန်းလာ ပြီး တရုတ်လူမျိုး တွေကပဲ ရေသွင်းစိုက်ပျိုးရေး နည်းနာတွေ တွေ့ရှိ သုံးစွဲခဲ့ကြ ပြန်တယ်။ အေဒီ ၁၀၁၀ရောက်တော့ ဘာလီရဲ့ အိမ်ရှေ့မင်းသား Airlangha ဟာ အရှေ့ ဂျာဗားကို သိမ်းပိုက် အောင်မြင်ပြီး ဘာလီနဲ့ ပေါင်းစည်း၊ ပြီးတော့ ဘာလီကို သူ့ညီအကိုတော် Anak Wungsu ကို ပေးသနားလို့ မင်းလုပ် အုပ်ချုပ်စေခဲ့တယ်။ အဲဒါဟာ သူတို့ သမိုင်းမှာတော့ သိတ်အရေးပါတဲ့ ရွှေ့ကွက်လေး တခုပဲလို့ ကျမ မြင်မိတယ်။ အဲဒါကြောင့်လည်း အဲဒီပေါင်းစည်း မှုဟာ ဘာလီ နဲ့ ဂျာဗား အကြား နိုင်ငံရေးရာ၊ ဂီတနဲ့ အနုပညာလက်ရာတွေ ကူးလူးဖလှယ်ဖို့ ဖြစ်လာခဲ့တာ။ အခုတိုင် ပြောနေ ကြားနေကြရတဲ့ ဂျာဗား ဘာသာစကား ကာဝိုင် (Kawai) ဆိုတာ အဲဒီအချိန်မှာ ပေါ်လာပြီ။

ယဉ်ကျေးမှုတွေ ဖလှယ်လို့ ကုန်သွယ်ရေးတွေ တိုးတက် စည်ပင်လာတဲ့ ဖွံ့ဖြိုးဆဲဒေသတခုကို အုပ်ချုပ်ချင်၊ လိုချင်သူတွေ ရှိလာတဲ့ အလျောက် ဟင်ဒူ ဂျာဗားဗိုလ်ချုပ်ကြီး Gajah Mada က ၁၃၄၃ မှာ ဘာလီကို သိမ်းပိုက်ခဲ့တော့ တယ် ။ အေးလေ ဗိုလ်ချုပ်ကြီးဆိုတော့ လည်း မျက်စိကျရာ အပိုင်းကို အလွယ်တကူ သိမ်းနိုင်ပေမပေါ့... ။ အဲဒါဟာလည်း ဘာလီမှာ ဟင်ဒီတွေရဲ့ အိန္ဒိယ အငွေ့အသက်တွေ ကျန်နေခဲ့မှုရဲ့ အကြောင်းရင်းတခုပဲ ဖြစ်တယ်။

ဘာလီ အသိမ်းခံရသလိုပဲ တဖက်မှာလည်း ဂျာဗား ထဲကို ၁၆ ရာစု နှစ်မှာ အစ္စလာမ်တွေ အရှေ့ စူမတ်တြားဘက်ကနေ ပြန့်နှံ့ ဝင်ရောက်ခဲ့ပြန် တယ်။ ဒီတော့ ဘာလီဘုရင် ရဲ့ လက်အောက်မှာ တပေါင်းတည်းဖြစ်နေတဲ့ ဂျာဗား နဲ့ ဘာလီဟာ ဟင်ဒီတွေ၊ အစ္စလာမ်တွေ ဝင်ရောက်လာပြီး တဲ့နောက်မှာ လူမျိုး၊ ဘာသာ ကွဲပေါ် မူတည်လို့ ယဉ်ကျေးမှု၊ ဘာသာစ ကား၊ ဂီတနဲ့ အနုပညာတွေဟာ တဖြည်းဖြည်းနဲ့ အရောင်တွေ စုံလာတယ်။ တခါ ၁၅၉၇ မှာ ဒတ်ခ်ျလူမျိုးတွေ ဂျာဗားကျွန်းပေါ် ရောက်လာခဲ့ပြီး ဥရောပ ယဉ်ကျေးမှုတွေ စိမ့်ဝင်ခဲ့ ပြန်သေးတယ်။

ဒီတော့ အဲသလို အရောင်တွေ စုံလင်၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ရက်ယှယ်နေတဲ့ သမိုင်းနောက်ခံတွေနဲ့ ဘာလီကို ကျမ စိတ်ဝင်စားစွာ ရွေးချယ်ခဲ့တာ...ကျမမမှားပါဘူးနော်...
အဲ...နာတတ်စ် (Natas) ရဲ့ ပရိုမိုးရှင်း စွဲဆောင်မှု ကောင်းတာလည်း ပါသပေါ့လေ...​‌

အားလုံးလည်း အဆင်သင့်သလောက် ဖြစ်နေပါပြီ...ဒီစနေ သွားပြီး အင်္ဂါနေ့ ပြန်လာပါမယ်...အဲဒီတော့မှ အတွေ့အကြုံတွေ ဖောက်သည်ချပါအုံးမယ်...
ပျော်ရွှင်ကြပါစေနော်...(ကျမတို့ နှစ်ယောက် ကိုပြောပါတယ်....:))

သူငယ်ချင်းတွေ၊ ဘလော့ဂ်ရေးဖော်တွေ၊ စာဖတ်သူတွေ အားလုံးအတွက်လည်း ဆုအကြီးကြီး တောင်းပေးခဲ့ပါတယ် နော်...အစစ အဆင်ပြေပါစေ...ကျမ်းမာပျော်ရွှင်စွာ ဘလော့ဂင်းနိုင်၊ ဖတ်နိုင်ကြပါစေ လို့ ဆုတောင်းရင်း " အင်ဒိုနီးရှား ပိုလာဘာလီကျွန်းလေးဝယ် သူနဲ့လည်း တွေ့လို့ ချစ်ကြိုးသွယ်" ဆိုတဲ့ အန်တီ ဖြူသီရဲ့ သီချင်းလေး ဆိုပြရင်း အဆုံးသတ်လိုက် ပါတယ်....(ဟင် ဘာမှလည်းဆိုင် ဘူး:::))



အမှန်ကတော့ ကျမက လက်ပ်တော့လေး သယ်သွားချင်တာ...တနေ့လည်ပြီးတိုင်း ပို့စ်တပုဒ် တင်ချင်လို့...အိမ်ကလူကြီးရဲ့ ဘာ....ဆိုတဲ့ အသံကြီးအောက်မှာ...ဟမ် သူများက ဘာများပြောမိလို့လဲ... လို့ ..မျက်လုံးလေး ကလယ် ကလယ် နဲ့ ရူးချင်ယောင်ဆောင်လိုက်ရတယ်...အို...မြန်မာပြည်သူပဲ ရူးချင်ယောင်ဆောင်တာ ခက်မှတ်လို့....

Thursday, March 25, 2010

ပျော်စရာမွေးနေ့ ကိုယ့်အတွက်....

အမိဝမ်းမှ ကျွတ်ကတည်းက တနှစ်ပြည့်တိုင်း ပြည့်တိုင်း မိုင်တိုင်လေးတတိုင် မှန်မှန် စိုက်ထူခဲ့မည် ဆိုလျှင် ယနေ့ အလားတူ မိုင်တိုင် တတိုင်ကို စိုက်ထူရမှာ ဖြစ်ပေသည်။ ထိုမိုင်တိုင်ကလေးများသည် တခုနှင့်တခု အကွာအဝေးချင်း တူညီကြသော်လည်း တချို့မှာ ဝေဝေဝါးဝါး၊ တချို့မှာ ယခုတိုင် သစ်လွင်ဆဲ၊ တချို့မှာမူ ကျိုးပဲ့ကြေလွင့်လျှက်ပင် ရှိနေကြပေပြီ။

ဘလား ဘလား ဘလား ဘလား ဘလား ဘလား ဘလား ဘလား
X X X x X X X X x X X X x X X X x.............

တကယ်ဆိုရင် မွေးနေ့ပို့စ်ကို အဲသလို ခန့်ငြားထည်ဝါစွာ တွေးပြီး ရေးပစ်လိုက်ချင်တာပါ။
သို့ပါသော်လည်းပေါ့လေ......

ရှေ့စိတ်ကို နောက်စိတ်က အစားထိုးရင်း ချက်ချင်းငြင်းဆန်ပြီး အဲသလို ခန့်ခန့် ထည်ထည် မရေးချင်ဘူး....ဖြစ်သွားတယ်...ပြီးတော့ Happy Birthday 2 ME လို့ ကောက်ခါငင်ခါ အဲသလို အော်ဆိုဖြစ်သွားတယ်....။ စိတ်ထဲမှာ ဆိုတာ ပြောပါတယ်...။
စိတ်ကား....ဆန်းကြယ်လှပေစွ....အပြောင်းအလဲ မြန်လှပေစွ.....

သိသားပဲ....တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ကြွက်စီကြွက်စီ တနည်းနဲ့ မွေးနေ့မှာ ဘာကမှ မကျွေးတော့ဘူးလားလို့ ....တီးတိုး တီးတိုး သဖန်းပိုး အတွေးထဲမှာ ထိုးနေကြတယ် မဟုတ်လား....?

လာမယ်လေ...ကျွေးရမှာပေါ့၊ ခက်တာက ပုံတွေတင်ပြီး မကျွေးချင်ဘူး...
တကယ်ပါ အပီကျွေးချင်ပါတယ် အိမ်ကိုသာ လာခဲ့ကြပါ...

အဲ ခေတ်မီအောင်တော့ Terms and Conditions လေး ထားလိုက်ချင်ပါတယ်
ဘာရယ်မဟုတ်ပါဘူး လူရိုသေ ရှင်ရိုသေပေါ့....

နှစ်ခုထဲ...နှစ်ခုထဲ...အဲဒါလေး အိုခေတယ်ဆိုရင် ရပါပြီ...



နံပါတ်တစ် ) လက်ဆောင်မပါ ရှက်စရာ......တဲ့

နံပါတ်နှစ် ) လက်ဆောင်ဖိုးနဲ အရှက်ကွဲ......တဲ့

ကိုင်း အဲသဟာလေး သဘောတူရင် ရပါပြီ...အားလုံးကို ဖိတ်ပါတယ်.....
ဆက်ဆက် လာခဲ့ကြနော်....


ပုံ / အိမ်ကစောင့်နေသူ

Tuesday, March 23, 2010

လူ-အမဲလိုက်ခြင်း....

သူမဟာ ယောင်္ကျားများစွာကို ညှို့ငင်ဖြားယောင်းရင်း ပစ္စည်းတွေ ခိုးခဲ့သူပါ လို့ နဲနဲကလေးမှ ထင်ရက်စရာ မရှိအောင်ကို ညံ့သက်သိမ်မွေ့ လွန်းနေတယ်။ ပျော့ပြောင်းတိုးရှတဲ့ အသံ၊ ဖြူစင်တဲ့ အသားအရည်၊ မေးစေ့အောက်ထိရုံ ဆံပင်၊ လှပတဲ့မျက်လုံးဝိုင်းတွေမှာ ပလတ်စတစ်မျက်မှန် လေးထောင့်ပုံ အနက်ရောင် တပ်ထားတဲ့ သူဟာ နူးညံ့စွာပြုံးရင်း ယဉ်ကျေးသိမ်မွေ့စွာနဲ့ ရုံးတော်ကို ဒီလို လျှောက်ထားခဲ့တယ်။

"လေးစားအပ်ပါသော လူကြီးမင်းရှင့် ကျမအပေါ် သနားငဲ့ညှာသောအားဖြင့် သက်ညှာစွာ ပြစ်ဒဏ်ပေးရန် လျှောက်ထားအပ်ပါတယ်၊ ကျမရဲ့သားကလေးဟာ ၃နှစ်အရွယ်ပဲ ရှိသေးတာမို့ သူ့အတွက် ကျမ ရှိနေဖို့ လိုအပ်ပါတယ်ရှင်" လို့ ဆိုသတဲ့။

အစိုးရရှေ့နေ ဒီပီပီ လူး (DPP Loo) ကတော့ သူမဟာ သနားစရာ သက်ညှာစရာ အမျိုးသမီးတယောက် မဟုတ်ဖူးလို့ အခိုင်အမာ ဆိုပါတယ်။



သူမရဲ့ အသက်က ၄၄ နှစ်၊ အလုပ်အကိုင်ကိုတော့ သူက ကြုံသလို ပြောတတ်တယ်။ အလွတ်တန်း ဒီဇိုင်းနာ ဖြစ်လိုက်၊ မလေးရှားကနေ စလုံးမှာ အလုပ် လာလုပ်တဲ့ ဇိမ်မယ် ဖြစ်လိုက်ပဲ။ ဂျူရောင်း နဲ့ ဘဒုတ် (Jurong and Bedok) ကြားက ဟော့ကာစန်တာတွေ၊ ကာဖီဆိုင်တွေမှာ သူရဲ့ သားကောင်ကို ရှာလေ့ရှိတယ်။ သူက သားကောင်ဖမ်းရာမှာ အင်မတန် ကျွမ်းကျင်လိမ္မာတယ်။ အလွန် ပိရိပါးနပ်တယ်။ အသက် ၄၀ ကျော် ကနေ ၆၀-၇၀ တွေ၊ အငြိမ်းစား အဘိုးကြီးတွေ၊ ရိုးလက်စ်နာရီပတ်လို့ စတိုင်ထွားနေတဲ့ ဘူဒါးကြီးတွေ အဲဒါ သူမရဲ့ အမဲပဲ။ သားကောင်ကိုမချဉ်းကပ်မီ သားကောင်ရဲ့ အလေ့၊ သားကောင်ရဲ့ အခြေအနေ နဲ့ လမ်းကြောင်းကို အကဲခတ်သေးတာ။ ပြီးမှ ပိုင်ပြီဆိုမှ အပီ ဝင်ဖမ်းလေ့ရှိတယ်။

တကယ်တော့ သူမက သူမရဲ့ အသက်မွေး ဝမ်းကျောင်း လူ-အမဲလိုက်တဲ့ အလုပ်မှာ နှစ်ပေါင်းများစွာ ကျင်လည် ကျွမ်းကျင်ပြီးသား။ သူမရဲ့ အခြေအနေကိုက အဲသလိုလုပ်မှ ဝမ်းဝ ခါးလှရမဲ့ အနေအထား၊ လူမွဲစာရင်းဝင် (Bankruptcy) ခင်ပွန်းနဲ့ ၃နှစ်သားအရွယ် သားငယ်တို့ရဲ့တာဝန်တွေနဲ့မို့ သူမ မှန်တယ် ဒါကို လုပ်ကိုလုပ်ရမယ် အဲသလို ယုံကြည်ထားတာ ။ ၉၄၊ ၉၆၊ ၉၉ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ ခိုးမှုနဲ့ ထောင်နန်းစံခဲ့ပြီးသား၊ ဒါပေမဲ့ သူမက အမှတ်မရှိစွာ၊ သူမလုပ်နေတာတွေဟာ မမှားဘူးလို့ မိုက်မဲစွာ ယုံကြည်ရင်း တိုးမိုက်ခဲ့တာ...သူမရဲ့ လုပ်ပုံကိုင်ပုံတွေ ပိုမိုကျွမ်းကျင်အောင်၊ ပိရိချောမွေ့အောင် အားထုတ်ရင်းနဲ့ ခုဆို ပိုလို့တောင် လက်စွမ်းထက် နေခဲ့ပြန်တာလေ...။ အိမ်စရိတ်တွေအပြင် သူမရဲ့ အလုပ်နဲ့ လိုက်လျောညီထွေစွာ သူမ လှပနေဖို့ လိုအပ်တဲ့အတွက် ဇရာကိုအံတုဖို့ ဘိုတောက်စ် ထရိမန့် (Botox Treatment) ယူတယ်။ ဟုတ်တယ် သူမ လှနေဖို့ လိုတယ် အို....လှဖို့ ဆိုတာထက် ဆွဲဆောင်မှုရှိနေဖို့ တကယ်ပဲ လိုအပ်တယ်။ စရိတ်ကလား...လွယ်ပါတယ် သားကောင်တွေ ရှိနေသ၍ သူမက မပူသေးဘူး။

သေချာပြီဆိုတာနဲ့ သူမက သားကောင်ကို ချဉ်းကပ်တယ်။ လူရှင်းတဲ့ ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း အီစီကလီ ဘာညာ၊ လိင်မှုကိစ္စတွေ နဲ့ ကတိတွေပေးရင်း အစာချကျွေးတယ်။ နဲနဲလေးကြာလာရင် ဘူဒါးကြီးတွေရဲ့ ကော်ဖီခွက်ကို ယူသောက်မယ်။ အဲဒီလူကြီးတွေကလည်းပဲ သူမရဲ့ နှုတ်ခမ်းနီကလေး စွန်းပေသွားတဲ့ ခွက်နှုတ်ခမ်းလေးကို တမက်တမော ထိသောက်ရင်း ၁၀ မိနစ် အကြာမှာ ဒေါင်းတော့တာပဲ။ ဒီတော့မှ သူမက တစချင်း ဖြုတ်တော့တာ။ လုပ်နည်းလုပ်ဟန်က ဒီလို...။ ဘူဒါးကြီးတွေရဲ့ ကော်ဖီခွက် ယူသောက်ရင်း သူမ ပါးစပ်ထဲ အသင့်ငုံထားတဲ့ အိပ်ဆေးကို ကော်ဖီခွက်ထဲ လျောကနဲ ထည့်လိုက်သတဲ့။


ထူးဆန်း ကျွမ်းကျင်ပါပေ့...သူမကရော အဲဒီ အိပ်ဆေးကို ယဉ်ပါးနေပြီတဲ့လား...။ သူမ ပါးစပ်ထဲ ဘယ်လိုနေရာမှာများ ဖွက်ငုံထားပါလိမ့်...။

အဲသလို အမှည့်ချွေနည်းနဲ့ လူ-အမဲလိုက်နေခဲ့တာ ကြာခဲ့ပေါ့။ သူမက လမ်းကြောင်းကို ပုံမှန်မထားဘူး၊ ကျဘမ်းရွေးတယ်၊ ခြေရာခံလို့ရနိုင်မယ် ထင်သမျှ သတိကြီးစွာနဲ့ ရှောင်တယ်၊ ဘယ်လိုပဲ အရှောင် ကောင်းကောင်း ခုတော့ သူမ မိသွားခဲ့ပါပြီ။ ဆေးခန်းမှာ အိပ်ဆေးသွားအဝယ်၊ သူမရဲ့ အမဲကောင်ဟောင်း တယောက်က မှတ်မိသွားပြီး တိုင်ရာက ဖမ်းခံလိုက်ရတာပါ။ သူမရဲ့ အမှူကို ဧပြီ ၇ ရက်နေ့ စစ်ဖို့ ချိန်းထားပါတယ်...။

ကဲ...ကျမ တွေးမိတာလေး ပြောပါရစေအုံး။ ဒီအမှုမှာ တရားခံက အမျိုးသမီးဖြစ်ပြီး အမျိုးသားတွေက တရားလို ဖြစ်တယ်။

တကယ်လို့များ အမျိုးသားက တရားခံဖြစ်ပြီး အမျိုးသမီးတွေကသာ တရားလို ဖြစ်ခဲ့ရင်....။

ပစ္စည်းယူရုံနဲ့ ပြီးပါ့မလား... ငွေကိုယူသည်၊ လူကိုပါယူသည် ဆိုတဲ့အထိ၊ နောက်ဆုံး အသက်ဘေးတောင် ချမ်းသာရာ ရချင်မှ ရမှာပါ...။ ဒီနေရာမှာ တရားခံက အမျိုးသမီး ဖြစ်နေလို့သာ...။

အင်း....အမျိုးသား၊ အမျိုးသမီးရယ်လို့ အားသာချက်၊ အားနည်းချက်တွေ ရှိကို ရှိနေတဲ့ သဘာဝတရားကြီးကို ခဏတော့ မုန်းမိပါရဲ့...။

***သူမ လုပ်ရပ်ကို အားပေးထောက်ခံတာ မဟုတ်ပါဘူး...မကောင်းမှုလုပ်သူချင်း အတူတူ ကျား-မ ကွဲပြားမှုရဲ့ အားနဲ-အားသာချက် သက်ရောက်မှုကိုသာ ဆိုလိုချင်တာပါ...

Ref:the new paper dated 18 Mar10

Monday, March 22, 2010

ပလာတာ နဲ့ ပဲပြုတ်


တချို့သော ရုံးအားရက် မနက်ခင်းတွေမှာ.....
သူက "ပလာတာ နဲ့ ပဲပြုတ် ရရင် စားချင်တယ် အချစ်" လို့ ပြောတတ်သေးတယ်....


ကြက်သွန်နီ ကြော်တာ များသွားလို့ မဖယ်တော့ပဲ အကုန်လုံး ထည့်ပစ်လိုက်တယ် အချစ်အတွက် စေတနာတွေပေါ့....


ဒီလို ပုံပိစိကွေးထဲမှာတော့ ကြက်သွန်နီကြော် အလိမ်အခွေ ကြွပ်ရွရွလေးတွေက အူယားစရာ.....
အို အေ...ချစ်စရာကလေးတွေပါပဲ....


အဲဒါ အချစ်များနှင့် ကြွပ်ရွ...အဲ လှပ နေသော တခုသော နံနက်ခင်းကလေး ဆီတုန်းကပေါ့ ကွယ်....


P.S : ကော်ဖီပါသေးတယ် မရိုက်ဖြစ်လိုက်ဖူး...ဖြည့်ကြည့်လိုက်ကြပါကုန်....
ညှင်း ညှင်း...(ဟယ်...ဒါ မိတင်ဇာအေး လေသံကြီးတော့......)




Sunday, March 21, 2010

အသိတရား ရဲ့ အရောင်...

ဒီပိုစ့်က ဘလာဂေါ် လမ်းမတော် မောင်မိုးရဲ့ တက်ဂ်ပိုစ့်ပါ။ အသိတရား တဲ့...။ တော်ပါသေးရဲ့ ရေးပဲရေးခိုင်းလို့ ပြောများ ပြောခိုင်းရင် ပါးစပ်နဲ့ မဆန့်လောက်ဘူး အတော် အဟန့်ကြီးတဲ့ စကားလုံးပါ။ ဘာပဲ ဖြစ်ဖြစ် ကျမ သိတဲ့၊ ကျမနဲ့ မျက်နှာချင်းဆိုင် နဖူးရော၊ ဒူးရော တွေ့ခဲ့ဖူးတဲ့ အသိတရားဆိုတဲ့ ကောင်ကို ဒီလို ဂုတ်ကဆွဲလို့ ရေးချပြလိုက်မိပါတယ်...။

လူတိုင်းမှာ ရှိသင့်တဲ့ အသိတရား ကိုယ်စီ ရှိကြပါတယ်။ ငယ်ရင်လည်း ငယ်တဲ့ အလျောက်၊ လူလတ်ပိုင်းမှာလည်း လူလတ် ပိုင်း၊ လူကြီးပိုင်းမှာလည်း လူကြီးပိုင်း အလျောက်ပေါ့...။ အဲဒီကောင်ကို ပေတံတခုနဲ့သာ တိုင်းတာလို့ ရမယ် ဆိုရင် အဲဒီ ပေတံ အတို အရှည်ဟာ အသက်အရွယ်၊ အတွေ့အကြုံ၊ ပညာရည် ပြည့်ဝမှု၊ အတွေးအခေါ် ရင့်ကျက်မှုတွေအပေါ် မူတည်လို့ ကွဲပြားသွားကြမှာပါ။ ဒါပေမဲ့ အဲဒါတွေ တခုချင်းစီနဲ့ အသိတရားဟာ တိုက်ရိုက် အချိုးကျ မနေပါဘူး။

ဒီကောင့် ရဲ့ အလုပ်ကတော့ ရှင်းပါတယ်။ သိပေးနေတာပါပဲ။ ဘာတွေများ သိပေးနေလဲ ဆိုတော့ အမှား အမှန် တွေကို သိပေး၊ ခွဲခြမ်း စိတ်ဖြာပေးနေပါတယ်။ နဲနဲလေး ရှေ့ကို ထပ်တွေး ကြည့်ကြရအောင်ပါ။ ဒီတော့ အဲသလို အမှန် အမှား ခွဲခြမ်းစိတ်ဖြာ ပေးနိုင်စွမ်း တဲ့ အသိတရား ရှိသူတွေဟာ အမှားကင်းကြရောတဲ့လား...။ နိုး...နိုး...နိုး.....အသိတရားရှိသူတွေ အမှားတွေ လုပ်နေကြတာမှ တပုံကြီးပါပဲ။ သူတို့ဟာ ကမ္ဘာက သိရလောက်အောင် ကြော်ကြားတဲ့၊ တကယ်လည်း အသိကြီးတဲ့ သူတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ဘဝမှာ အမှားတွေ၊ ခရောစ့်တွေ၊ ဒဏ်ရာတွေမှ အများကြီးပါ။

ကြားဖူးကြပါလိမ့်မယ် တချို့ "သိသိကြီးနဲ့ကွာ...တောက်" ဆိုတာမျိုး၊ သိရက်နဲ့ သတိလက်လွတ် ဖြစ်သွားတဲ့အခါ "ဒီတခါ ငါတော့ မှားပြီ" ဆိုတာမျိုး။ ဦးနှောက်ကြီးကြီးရှိသူတွေ၊ သိတ်သိလှပါတယ် ဆိုသူတွေ သူတို့မှာ အမှားအမှန် ခွဲခြားသိနိုင်ပေမဲ့ သတိမမူ ဂူဝင်တိုက် ဆိုသလို (အေးလေ မမြင်မှတော့ ဝင်တိုက်ပြီပေါ့) လက်မတင်လေး၊ လက်တလုံးခြားလေး သိသိကြီးနဲ့ပဲ အမှားတွေ ကျူးလွန်နေ မိတတ်ကြပါတယ်။ အဲဒီနောက်တော့ နွံတခုလို ကျွံ ကျွံ ဝင်နေတတ်တဲ့ အမှားတွေထဲမှာ လှုပ်လေ မြုတ်လေ ဘယ်လိုမှ ရုန်းထွက်မရ ဖြစ်နေတတ် ကြပြန်ပါတယ်။

ဒီကောင့်ရဲ့ ပင်ကိုယ်က အဖြူရောင်ပါ။ ဒါပေမဲ့ ဒီကောင်က တကောင်တည်းဆိုရင် တော့ အလုပ်မဖြစ်လှပေဘူး။ ဒါပေမဲ့ အဲဒီ အသိ တရား ဆိုတဲ့ကောင်ရဲ့ နောက်မှာ သတိလေးကပ်လိုက်မယ် ဆိုရင်တော့ ဥာဏ်ဖြစ်ပြီး ရောင်စဉ် အသွယ်သွယ် လှပစွာ ကွန့်မြူးနိုင်တော့ မှာပါ။ တခါတခါ သတိလေး တချက် မဲ့တာနဲ့ သတိ ကင်းလွတ်သွားတဲ့ အချိန်မှာ အဲဒီ့ကောင်က အမဲရောင် လုံးလုံး ဖြစ်သွားတတ်သေး တယ်။ အမဲရောင် ဆိုမှတော့ သိကြတဲ့ အတိုင်း ပေါ့...ဘာကိုမှ မမြင်နိုင်တဲ့ စုံလုံးကန်းပေါ့၊ စုံလုံးကန်းရဲ့ ထုံးစံအတိုင်း ဦးတည်ရာ မဲ့၊ ဦးတည်ရာ မဲ့ တော့ မှားတဲ့ဘက် ရောက်နိုင်ဖို့ ရာခိုင်နှုန်း ၁၀၀ ဖြစ်တော့တာပါပဲ။ ဒါကြောင့် ရှိရင်းစွဲ အသိတရားကို သတိလေးနဲ့ ဘောင်ချိန်တတ်ဖို့ သိတ် အရေးကြီးပါတယ်။

ဒါကြောင့် အသိရဲ့နောက်မှာ သတိဆိုတဲ့ အကွပ်လေး လိုတဲ့အကြောင်း ဖြည့်စွက် ပြောလိုခြင်းပါ။ အသိ နဲ့ သတိ ကြီးစွာထားရက် နဲ့ မှားတတ်တဲ့ အမှားမျိုးတွေ ကျပြန်တော့ တခါမှားရင် ကလေးဆိုးကလေးတယောက် ဆိုးသလို လူတွေက ခွင့်လွှတ်ဖို့ စဉ်းစားကောင်း စဉ်းစားကြပါလိမ့်မယ်။ နှစ်ခါ...အင်း ထားပါတော့...သုံးခါ...အဲ...သုံးခါ နဲ့ သုံးခါ အထက် ဆိုရင်တော့ လူမိုက် ဖြစ်သွားပါပြီ။ လူလိမ္မာတွေ ကတော့ အသိနောက် သတိလေးကပ်လို့ မကောင်းဘူးဆိုရင်ပဲ ပါးနပ်စွာ ရှောင်ရှားသွားလေ့ ရှိကြပါတယ်။

ဒီတော့ လှပတဲ့ ရောင်စဉ်တွေပဲ ယူမလား၊ အမဲရောင်ကိုပဲ စုံလုံးကန်းစွာ နှစ်သက်မလား၊ ရွေးချယ်မှုက မိမိကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါ တယ်။ ကိုယ်ဖြစ် ကိုယ်ခံ ဆိုပေမဲ့ လူဆိုတာ အသိုက်အဝန်းနဲ့ နေကြတာ ဖြစ်လေတော့ ရလာမဲ့ အကျိုးဆက်တွေက မိမိရဲ့ ပတ်ဝန်းကျင်၊ ချစ်သူ ခင်သူများ အားလုံးကိုပါ အဖျားရော အရင်းပါ ခတ်သွားနိုင်တယ် ဆိုတာ ခေါင်းထဲထည့်ထားရမှာပါ။ အသိတရား၊ သတိ၊ စဉ်းစား ချင့်ချိန်မှု၊ ဆုံးဖြတ်ချက်တွေ အားလုံးရဲ့ အနောက်မှာ ရလာဒ် အကျိုးဆက်က မလွဲမသွေ ရှိလာမှာပါ။ အဲဒီအခါကျရင်သာ ရင်ဆိုင်နိုင်ဖို့၊ လက်ခံနိုင်ဖို့ ပြင်ဆင်ထားရမှာ။


ဤပိုစ့်အား တက်ဂ်သူ၏ မူလပို့စ်ကို ငဲ့ညှာ၍ သန့်သန့်ကြီး၊ ခန့်ခန့်ကြီး နှင့် အတည်ပေါက် ရေးပေးလိုက်သည်။
ချစ်ကြည်အေး ရေးတာ လုံးဝ လုံးဝ မဟုတ်ပါ။

ပုံ
သန့်သန့်ကြီး
ခန့်ခန့်ကြီး နှင့်
အတည်ပေါက်


Tuesday, March 16, 2010

ကောင်းနေသေးသော အဟောင်းများ...

ဒီနေ့မနက် ရုံးအသွားလမ်းမှာ တယောက်တည်း ပြုံးစိ ပြုံးစိနဲ့ ၊ တခုခုကို သတိရနေပြီး
မျက်နှာပိုးသတ်လို့ မရနိုင် ဖြစ်နေတာ။ သိချင်နေပြီ မဟုတ်လား ပြောပြမယ်လေ...ဒီလို...

တရက် ကျမ ရုံးအသွား Old Chang Kee မှာ မနက်စာ ဝင်ဝယ်ပြီး ဖစ်ရှ်ဘောလ် တုတ်
ထိုးတချောင်း လက်ကကိုင်စားလာတယ်။ အဲဒီမှာ အနောက်က သုတ်သုတ် သုတ်သုတ်
နဲ့ လူတယောက်ဟာ ကျမ ညာဘက် ပုခုံးစွန်းကို ပွတ်တိုက်၊ ကျမရှေ့ ကျော်တက်ပြီး
လျှောက်သွားရော၊ ဆောလည်း မဆောရီးသွားဘူး၊ ကျမလည်းပါးစပ်မှာ ပေကျံသွားတဲ့
အချဉ်ကို တစ်ရှုးနဲ့သုတ်ရင်း ဒီလူ့နှယ် သူ့မိန်းမ မီးဖွားလို့များ ဒီလောက် ရေးကြီးသုတ်
ပြာ ဖြစ်နေရသလားလို့ စိတ်ထဲက ဘုတောပစ်လိုက်မိတယ်။

သူ့ကြည့်လိုက်တော့ သူက အမှိုက်ပုံး ၃လုံးရှေ့ ရပ်ပြီး လွယ်ထားတဲ့ အိတ်ထဲက ကြွပ်
ကြွပ်အိတ် တလုံးကိုထုတ်တယ်၊ ပြီးမှ လွှင့်ပစ်စရာတွေကို စက္ကူဆိုရင် စက္ကူ ပစ်ဖို့ ပုံး၊
ပလပ်စတစ်ဆိုရင် ပလပ်စတစ် ပစ်ဖို့ ပုံး၊ Can ကန်ဗူးဆိုရင် ကန်ဗူး ပစ်ဖို့ပုံးထဲကို အ
သေအချာ ခွဲခြားပြီးထည့်နေ တော့တာကိုး။ ဒါနဲ့ပဲ ခုနက စိတ်တိုသွားတာလေး ပျောက်
ပြီး ကိုနိုင်ငံကြီးသားကို စိတ်ထဲက ချီးကျူးမိပြန်တယ်။ ကျမလည်း သူ့နား ခပ်လှမ်းလှမ်း
မှာ ရပ်ရင်း ဖစ်ရှ်ဘောလ်က ဗိုက်ထဲရောက်သွားပြီး ကျန်နေတဲ့ တုတ်ချောင်းကို ပစ်ဖို့
စောင့်နေလိုက်တယ်။

ဒါကို ကိုနိုင်ငံကြီးသားက သတိထားမိပုံနဲ့ ကျမဘက် လှမ်းကြည့်ရင်းသူ့ကိုယ်ကို ဘေး
နဲနဲကပ်ပေးတယ်။ လာပစ်လေ ဆိုတဲ့သဘော။ ပြီးတော့ ကျမဘက် တချက် စိုက်ကြည့်
ပြန်တယ်။

အို.....လူ များ သစ်ပင်မှတ်လို့ စိုက်ကြည့်စရာလား...

ဒါနဲ့ပဲ Paper, Plastic, Can ဆိုတဲ့ အမှိုက်ပုံး ၃ပုံးထဲက တပုံးပုံးထဲကို နံကြားထောက်
ရွေးရင်း နိုင်ငံကြီးသမီး ပီသစွာ ပြီးပြီးရော ပစ်ခဲ့လိုက်တယ်။ ဟုတ်တယ်လေ...ဖစ်ရှ်
ဘောလ် တုတ်ချောင်းပစ်ရန်လို့ ဘယ်ပုံးမှာမှ ရေးမထားဘူး...။

ရုံးရောက်တော့မှ နောက်ခုံက ကောင်မလေး ပြောပြလို့ ကျမ ဂျင်းန်ဘောင်းဘီ အသစ်
ကြီး စတစ်ကာ မခွာပဲ ဝတ်လာမိတာကိုး...ဂျင်းန်ဘောင်းဘီရဲ့ အရှေ့ပေါင်ပေါ်မှာ
W-28, L-32 လို့ ကပ်ထားတဲ့ ဒေါင်လိုက် စတစ်ကာလေး မြင်ဖူးကြမှာပေါ့။
ကိုနိုင်ငံကြီးသား.....စိုက်ကြည့်တာ ဒါကြောင့်ကိုး...ရှက်ထှာ...


တကယ်တော့ ပြောချင်တဲ့ အကြောင်းက ခုမှရောက်တာ၊ ရီဆိုင်ကယ်တို့၊ အဟောင်းကို
တနေရာရာမှာ ပြန်သုံးတာတို့ အဲဒါမျိုးတွေက ခေတ်စားနေတာ ကြာလှပေါ့။
သီချင်းဟောင်းတွေ ပြန်ဆို၊ ဇာတ်ကား အဟောင်းတွေ ပြန်ရိုက်၊ လဗိုက်စ် ကတောင်
ဂျင်းန်အဟောင်းတွေ နဲ့ သူ့ဆိုင်က အသစ်နဲ့ လဲရင် အသစ်အတွက် ၅၀ လျှော့ပေးတာ
တို့၊ တချို့ လျှပ်စစ်ပစ္စည်းတွေ ဆိုလည်း ထရိတ်အင် လုပ်လို့ရတာမျိုးတွေ...စုံလို့ပေါ့။

ဒါဟာ တကယ်ကိုကောင်းတဲ့ အလေ့အကျင့်ပါ ကမ္ဘာမြေကြီးကို ထိန်းသိမ်းရာ ရောက်
တယ်လေ...လိုအပ်နေသေးတဲ့၊ အသုံးတည့်နေသေးတဲ့ အဟောင်းတွေကို စွန့်မပစ်သင့်
သေးဘူး၊

ကျမ စာရေးနေတုန်း အိမ်ကလူကြီးက စာရွက်ပိုင်းလေးတခု လာပြတယ်။ စင်တယ်လ်
Road Show မှာ ဖုန်းအဟောင်းတွေ ဈေးကောင်းပေးပြီး အသစ်နဲ့လဲလို့ရတဲ့ အကြောင်း
ပါ။

ဒါတင်ပဲဆိုရင် ပြဿနာ မဟုတ်သေးဘူး။ သူက ပြောသေးတာ၊ဖုန်းတွေကျတော့ ဟောင်း
သွားရင် ထရိတ်အင် လုပ်လို့ရတယ်နော် တဲ့...ကြည့် ဒါက...။ ကျမ မျက်နှာကို ကြည့်
သေးတာ...ဘာသဘောတုန်း..။ ထရိတ်အင် လုပ်လို့ရရင် ကျမကိုပါ လဲတော့မယ့် ပုံ
လိုလို...အေးလေ...စိတ်လျှော့လိုက်ပါတယ်။ ကျမ ဒီလောက် နှိပ်စက်တာ၊ ဆိုးတာ
သူ့ခမျာ သည်းခံရှာတာ။

နောက်ဆုံးတော့ ထရိတ်အင် အော့ပ်ရှင် မရှိတော့တဲ့ အခါ.......

ကားလောကမှာ ကားသမားစကားနဲ့ ပြောရရင် ကားအသစ်လည်း မဝယ်နိုင်၊ လဲလို့လည်း
မရတဲ့နောက် ရှိတဲ့ ကားအဟောင်းကြီးပဲ ဆေးမှုတ်တန်မှုတ်၊ ဘော်ဒီလေး ဘာလေး ထု
သင့်တာထုပြီး ဖြစ်အောင် သုံးနေရတော့တာပါပဲကွာ တဲ့။ သူ ဒါတွေ အတုယူသင့်တယ်...

ကိုင်း...လောကမှာ သုံးတတ်၊ မြင်တတ်ရင် ကောင်းနေသေးတဲ့ အဟောင်းတွေမှ အများကြီး...


Sunday, March 14, 2010

ကျမ ရင်ထဲက အတွေးစများ...

အတွေး...တဲ့......
စကားလေး နှစ်လုံးထဲပေမဲ့ အတော်ကို ခရီးရောက်နိုင်တဲ့ သတ္တိတွေ ကိန်းဝပ် နေလေရဲ့။

ဟိုးလွန်ခဲ့တဲ့ ရက်သတ္တပတ်ကို ပြန်သွားမှာလား၊ ဟိုးငယ်ငယ် ကလေးတုန်းက အကြောင်းလေးတွေဆီကိုလား ဒါမှမဟုတ် မျှော်လင့် ချက်တွေနဲ့ ရက်ဖွဲ့ထားတဲ့ အနာဂတ်တွေ ဆီကိုလား....။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျမလည်း တခါတလေ စိတ်ယာဉ်ကြီး စီးလို့ အတွေး ကွန်ယက်တွေ ပြန့်ကျဲနေ တတ်တယ်။ အဲဒီအခါမှာ ရုတ်တရက် အတွေးတခု ဖမ်းဆုတ်မိ ပြန်တယ်။ လူတွေရဲ့စိတ်ဟာ အမြဲတမ်း ပြီးခဲ့တဲ့ အတိတ် နဲ့ မရောက်သေး တဲ့ အနာဂတ်တွေ ဆီမှာပဲ တဝဲဝဲ ရှိနေတတ်ပြီး လက်ရှိ ပစ္စုပ္ပန်ပေါ်မှာ တထပ်တည်း သိနေဖို့တော့ သတိ နဲ့ လုံ့လ မပြုတတ် ကြဘူး ဆို တာပါပဲ။

ပြီးခဲ့တဲ့ တနင်္လာနေ့မနက်ပိုင်းက အော်စကာ ကြည့်ရင်း တွေးမိတာက အမျိုးသားတွေရဲ့ အတ္တ (Ego) ပါ။ အလွန်အင်မတန် နာမည်ကြီး ခဲ့တဲ့ အာဗာတာရဲ့ ဖန်တီးရှင် ဂျိမ်းစ်ကင် မရွန် နဲ့ သူ့ဇနီးဟောင်း ကက်သရင်း ဘစ်ဂယ်လို Kathryn Bigelow (Hurt Locker) တို့ရဲ့ ထိပ်တိုက် ယှဉ်ပြိုင်မှု၊ သူ့ဇနီးဟောင်းရဲ့ အောင်မြင်မှုအပေါ် သူရဲ့ ဂုဏ်ယူ မှု၊ ဝမ်းမြောက်မှု ရာခိုင်နှုန်းကို ကျမ စမ်းစစ်နေမိတယ်။ ဂျိမ်းစ် မပြောနဲ့ ကျမတို့ တောင်မှ အာဗာတာ မရလို့ စိတ်ထဲ ဝမ်းပန်းတနဲ ခံစားရတာ၊ သူက ၁၃ နှစ်ကြာ အောင် ဖန်တီး မွေးဖွားခဲ့ရသူလေ...။

ပြီးတော့ ဘစ်ဂယ်လိုက ဇနီးဟောင်း၊ သူတို့ ဘာကြောင့် ကွဲသွားခဲ့ ကြတာ ကျမ မသိ ပေမဲ့ ဇနီးဟောင်း ဆိုကတည်းက ရှင်းပါတယ် သဘောချင်း မတိုက်ဆိုင်ကြလို့သာ ကတ္တီပါ လမ်းခွဲ ကွဲခဲ့ကြတာ မဟုတ်လား။ သူ့ရင်ထဲ ဘယ်လိုများ ရှိမှာပါလိမ့်၊ ဇနီးဟောင်း အပေါ် တကယ်ပဲ မုဒိတာ ပွားနိုင်ရဲ့လား...ကျမအလုပ်တော့ မဟုတ်ဘူး ပေါ့လေ...တွေးမိတာလေး သက်သက်ပါ။ ဘယ်လိုပဲ ဆိုစေ ဆုကြေငြာ လိုက်တဲ့အခါ ဂျိမ်းစ်မျက်နှာပေါ်က လှစ်ကနဲ ဖြတ်ပြေးသွား တဲ့ ယောင်္ကျား မာန နဲ့ လူပုံအလယ် ဝန်ခံလိုက်ရတဲ့ အရှုံးကို ကျမ တွေ့မိ လိုက်သလိုပါ...။ ဒီကြားထဲ ဘားမား ဗီဂျေ ကလည်း နော်မနိတ် အဆင့်နဲ့တင် ကျေနပ်ခဲ့ရတော့....။ အဲဒီနေ့က ရင်ထဲ တခုခု လိုနေသလို အထာမကျ ဖြစ်နေခဲ့ရတာ...။

တဆက်တည်းမှာပဲ ဂျိမ်းစ်ရဲ့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ တိုင်တဲနစ် ရုပ်ရှင်အကြောင်း တွေးမိပြန်တယ်။ အဲဒီရုပ်ရှင်ကို ကျမ ရွာအပြန် သမတရုံမှာ တင်နေတုန်း ကြည့်ခဲ့ရတာ၊ ကျမ မမှားဘူး ဆိုရင်တော့ ၁၉၉၈ လို့ထင်ပါတယ်။ ကျမရဲ့ မီးတောက်အဟောင်းကြီး နဲ့ သွား ကြည့်တာ ပါ။ ညနေဘက် အိမ်ကို သူလာခေါ်တော့ ကျမ ညီမ ၂ယောက်ရှိနေချိန်မို့ သူတို့ကိုပါ ခေါ်သွား ခဲ့တာပါ။ အမေကတော့ ညီအမ တတွေ အတူတူသွားတာမို့ စိတ်ချလက်ချ ထည့်လိုက်ပါ တယ်။ သူက ကားမောင်းရင်း နောက်ခန်းက ညီမ ၂ယောက်ကို အရှုပ် မလေး ၂ယောက် ဆိုတော့ အငယ်မတွေကလည်း မခေပါဘူး သမီးတို့ပါလို့ မကြီး အပြင်ထွက်ရတာ များ လို့ ကျေးဇူးရှင် လေသံ ဖမ်းချလိုက်ကြ လို့ ရယ်ရသေးတယ်။

ရုပ်ရှင်လက်မှတ်က မှောင်ခိုက ဈေးကြီးပေး ဝယ်ကြည့်ရတယ်။ ဟင့်အင်း သူပေးတာမို့လို့ ဘယ်လောက်လည်း မေးမကြည့် ပါဘူး။ ဒါမျိုးဆို ကျမက ပြတ်တယ် လုံးဝ မမေးဘူး။ ရုပ်ရှင်ပြီးတော့ YKKO မှာ ကြေးအိုး သွားသောက်ခဲ့ကြ သေးတယ်။ အဲဒါကတော့ ကျမ တိုက်တာပါ။ တပွဲဘယ်လောက်လဲ မှတ်မ ထားမိဘူး။ အဲဒါ ကျမရဲ့ အားနည်းချက် တခုပဲ။ ဘာဝယ်ဝယ် တော်ရုံ ဈေး ကွာနေလို့ကတော့ ဝယ်လိုက်တာပဲ ဈေးနှုန်းတွေကိုလည်း မမှတ်မိတတ်ဘူး။

သူက သူနဲ့ လက်ထပ်ပြီးရင် ကျမကို နိုင်ငံရပ်ခြားမှာ အလုပ်မလုပ်ရဘူးတဲ့၊ သူပဲ ရှာကျွေး မယ်ပေါ့...၊ အဲလို ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်ကြောင့် ကျမတို့ လမ်းခွဲခဲ့ကြတယ်။ ကျမ အိမ်ထောင် ကျပြီး တနှစ်အကြာ သူ စလုံးကို အလုပ်ကိစ္စတခုနဲ့ ဝင်လာသေး တယ်။ တိုက်ဆိုင်စွာပဲ သူဖုန်းခေါ်တော့ ကျမတို့ လင်မယားက ပင်နီစူလာ မှာ၊ ရီစရာ ပြောပြအုံးမယ်။ ကျမတို့ လက်ထပ်ပြီး ကတည်းက ဖုန်း နံပါတ် Sim card ချင်း ထုတ်လဲပြီးကိုင်ကြတော့ ကျမ ဆီကိုခေါ်တဲ့ ရည်းစားဟောင်း ဖုန်းတွေက ကျမ အမျိုးသားဆီ အကုန်ရောက် တာပဲ။ တချို့က ကျမ လက်ထပ်လိုက်မှန်း မသိကြသေး ဘူးလေ...။ ကျမတို့ လက်ထပ်ပြီးတော့ သူရော ကျမရော ရည်းစားဟောင်းတွေ ရဲ့ စာတွေ၊ ဓါတ်ပုံတွေ စုပြီး မီးပုံပွဲလုပ် မီးရှို့ပြစ်လိုက်ကြတာ၊ ကျမက ပိုများတယ်ဆိုတာ ပြောနေဖို့များ မလိုတော့ပါဘူးနော်။ အဲဒါ သူ ဖုန်းဆက်တော့ အမျိုးသားဆီ တန်းရောက်သွားရော၊ အမျိုးသားက သူ့ကို သိနေတော့ ကျမလက်ထဲ ဖုန်းထည့် ပေးရှာပါတယ်။ သူက ကျမကို လှမ်းတွေ့လိုက်ကြောင်း ၊ သာကြောင်း မာကြောင်း ပါပဲ။

ပြီးခဲ့တဲ့ ၂နှစ်လောက်ကတော့ ကျမဆီ နောက်တခါ ဖုန်းဆက်သေးတယ် ၊ ကျမ အရင်ရုံးကနေ ဖုန်းနံပါတ် ရသွားတာလေ။ သူမိန်းမ ယူတော့မဲ့အကြောင်း၊ သူ့ကောင်မ လေးက ငယ်ကြောင်း၊ ချောကြောင်း၊ သူ့ကို ချစ်ကြောင်း၊ သူထားရာနေ စေရာသွားမဲ့ မိန်းကလေး ဖြစ်ကြောင်းတွေ ပြောလာပါတယ်။ ဒါနဲ့ ကျမလည်း ထွဋ်ရေ ရှင့်အတွက် ကောင်းတာပေါ့၊ ကျမနဲ့ လွဲခဲ့တာ ဒီလို မိန်းကလေးမျိုး ရဖို့ဖြစ် လာတာပေါ့ လို့ပဲ အေးဆေး ပြောလိုက်နိုင်ပါတယ်။ သူနဲ့ ပြောပြီးမှ သူ့စကားတွေထဲမှာ ယောင်္ကျား တယောက်ရဲ့ အတ္တကို ပြန်ခြေရာ ခံရတယ်။ တကယ်ဆို သူရည်ရွယ် ချိန်ပစ်ခဲ့တာက ကျမရဲ့ မာနကို မဟုတ်လား ဒါပေမဲ့ သူမေ့နေတာက ကျမရဲ့ ဖြစ်တည်မှု၊ လက်ရှိမှာ ကျမက စိတ်ပိုင်းဆိုင်ရာအရ ပြီးပြည့်စုံသော၊ လုံခြုံမှုရှိသော၊ မြတ်နိုး လေးစားဖွယ်၊ ယုံကြည်အားကိုးဖွယ် အမျိုးသားတဦးရဲ့ လက်ထဲ ဘဝတခု လုံး စိတ်ချစွာ အပ်နှံ ပြီးခဲ့ပြီဆိုတာကိုပေါ့...။ ထားပါလေ...ဒါက ယောင်္ကျားတွေရဲ့ အတ္တအကြောင်း တွေးမိ တာကို ရိုးရိုးလေး ချပြတာပါ။

ပြီးခဲ့တဲ့ တပတ်က ရုံးကို ရုံးချုပ်က ဒါရိုက်တာ အဖွဲ့ဝင်တွေ လာကြတယ်။ ၂၀၀၉ နှစ်ချုပ်စာရင်း မီတင်အပြီး ခဏဝင်လာကြတာ။ ကျမ ကိုင်ရတဲ့ ရရန်ရှိ စာရင်းက ရီဇာ့ ကောင်းလို့ လူဖြူ ၃ ယောက် ကျမဆီလာပြီး လက်ဆွဲနှုတ်ဆက် ချီးကျူး စကားပြောနဲ့ ကျမဖြင့် နေမ တတ်၊ ထိုင်မတတ် နဲ့ မျက်နှာတောင်ပူတယ်။ အဲ အိမ်ရောက်တော့မှ ကျမခေါင်းမှာ ဘု ၃ ဘု စမ်းမိ တော့တယ်။ လာနှုတ်ဆက်တာ ၃ယောက်ထဲပေမို့...တော်ပါသေး... ။

ခုတလော ရုံးကနေ အိမ်ပြန်ရောက်ရင် ခါတိုင်းလို ဟပ်ထိုးနေအောင် မဆာပဲ အိနြေ္ဒရ နေတာ၊ ခါတိုင်းဆို သူ့ဆီ ဖုန်းဆက်ပြီး စားနှင့်မယ် ကွာ ဗိုက်ဆာပြီ မစောင့်တော့ဘူး လို့ ပြောနေကျ၊ ခုတော့ ညနေ ၄-၅ နာရီလောက်ဆို ရုံးမှာ မရှိ ရှိတာ ရှာဖွေ စားနေ တာကိုး ဒီတော့ သူ ပြန်လာတဲ့ ၈ နာရီခွဲထိ အိနြေ္ဒ သံပတ် အပြည့်နဲ့ စောင့်နေနိုင်တာ။ သူက အံ့တောင် ဩတယ်။ နေပါစေ ...သွားမပြောကြနဲ့နော် သူ နဲ့ လက်ဆုံစားချင်လွန်းလို့ စောင့်နေရှာတာလို့ပဲ သူ သိနေပစေ...။ အိမ်ထောင်ရေးမှာ အဲသလိုလည်း အချစ်ကို သိအောင် ပြတတ်ရတယ်။ ဒါလည်း အနုပညာ တခု...။

ကျမ ငယ်ငယ်က စာတွေ ဖတ်ဖြစ်ပေမဲ့ များသောအားဖြင့် ဘာသာရေး စာအုပ်တွေပဲ အဖတ် များတယ်။ အဖေ့စာအုပ်တွေ ဆိုပါတော့၊ ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများ၊ အနာဂါမ်ဆရာ သက်ကြီး၊ ဗုဒ္ဓ နှင့် အမေး အဖြေများ၊ မိလိန္ဒပဥှာ တို့ အဲလို စာအုပ်မျိုးတွေ။ အဖေက မဂ္ဂဇင်း တို့ ဝတ္ထုတို့ ဖတ်တာ မကြိုက်ဘူး။ ဒီတော့ ကျမက ဖေချစ် ဆိုတော့ အဖေ့အကြိုက် လိုက်ဖတ်ဖြစ်တာ။ အဲဒါ ကျမ ၈တန်းလောက်မှာ စ ဖတ်တဲ့ စာအုပ်တွေ။ မှတ်မိသလောက်တော့ တခြားစာအုပ် တွေ သိတ်မဖတ်ဖြစ်ဘူး။ ဖတ်ဖြစ်တာ တချို့တော့ ရှိပါရဲ့။ ဒါပေမဲ့ ကျမက ခေါင်းမာသူ၊ လောင်းရိပ်အောက်မှာ မနေလိုသူဖြစ်လေတော့ ဇာတ်ကောင်ရဲ့ လွှမ်းမိုးမှု ဆိုတာမျိုး မရှိခဲ့ဘူး။

ကျမ ငယ်ငယ်က အဆိုတော် ဖြစ်ချင်ခဲ့တယ်၊ လေယာဉ်မယ် ဖြစ်ချင်ခဲ့တယ်။ စာရေးဖို့ လုံးဝ စိတ်မကူးခဲ့မိတာ။ ဒါပေမဲ့ ပထမနှစ် စတက် တော့ ကဗျာတို ကဗျာစလေးတွေ စစပ်တတ်နေပြီ။ ဒါကလည်း အဖေ သင်ပေးခဲ့တာပဲ။ လေးလုံးစပ်ကဗျာ၊ လေးသုံးနှစ် ကာရံယူ စပ်တဲ့ ကဗျာမျိုးလေးတွေ ဆိုပါတော့။ အရက် စမ်းသောက်ခိုင်းခဲ့တာလည်း အဖေပဲ။ အဖေကိုယ်တိုင် အချိုရည်ထဲမှာ စပ်ပြီး တိုက်တာ၊ အဖေ့ ရည်ရွယ်ချက်က သမီးတွေ အညာခံရမှာ စိုးလို့။ ဖျော်ရည်သောက်လို့မှ ဒီလို အရသာဆိုရင် အရက်ထည့် ထားမှန်း သိရအောင်လို့တဲ့။ ကျမ ခဏ ခဏ တွေးမိတဲ့ အတွေးစ တွေထဲမှာ အဖေက အမြဲတမ်း မပါ မဖြစ်ပဲ။

အနာဂတ် အကြောင်းကတော့ သိတ်များများ စားစား မတွေးဖြစ်ဘူး။ တနေ့ ကိုယ့်ရပ် ကိုယ့်ရွာ ပြန်တဲ့အခါ လူနေ မထူထပ်တဲ့၊ သဘာဝ အလှတွေ ရှိနေသေးတဲ့၊လူတွေက ရိုးသားပွင့်လင်းပြီး အစားအသောက်လည်း လတ်ဆတ်တဲ့ တောင်ပေါ် မြို့လေး တမြို့မှာ ဘဝကို ရိုးစင်းအေးချမ်းစွာ ဖြတ်သန်းချင်တယ်။ အနားမှာလည်း စာအုပ်တွေ၊ အပင်တွေ နဲ့ အခမဲ့ စာကြည့်တိုက် ကလေး တနိုင်တပိုင် ပျိုး ထောင်လို့ပေါ့...။ အဲဒီအခါကျရင် အချစ် ဆိုတာထက် အေးမြတဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့၊ အပေးအယူ နားလည်မှုတွေ အပြည့်နဲ့ ထုံမွမ်းထားတဲ့ ကျမ တို့ရဲ့ အိမ်ကလေးဆီ ချစ်သော မောင်နှမတွေ အားလုံးကို လာလည်ကြဖို့ တရင်းတနှီး ဖိတ်ခေါ် ချင်စမ်းပါရဲ့ရှင်....။


ဘဝ အမောတွေ ပြေကြပါစေရှင်...



ညီမ ချောရဲ့ တက်ဂ် ပို့စ်လေးပါ....ချော ညီမရေ...အတွေးတချို့ကို အမိအရ ဖမ်းဆုပ်လို့ ရေးပေးလိုက်ပြီနော်...ကျေနပ်မယ် ထင်ပါရဲ့....
ဘလော့ဂ်ဂါ ပီသစွာ ဆက်ပြီး တက်ဂ် ပါရစေ...ဗစ်စ်တာ ၊ ရီတာ၊ မမကွန်၊ သက်ဝေ၊ တီတီဆွိ၊ မရို့စ်၊ အပေါက်၊ ဝေလင်း၊ မောင်မိုး ခရေတွန် နဲ့ ကိုကြီးကျောက် တို့ကို ဆက်တက်ဂ်လိုက်ပါတယ်...။ ရေးပေးကြပါအုံးနော်...

Thursday, March 11, 2010

ဘလော့ဂ်ဂါ့ယောင်္ကျား ဘဝ...

ပြီးခဲ့တဲ့ ပို့စ်တုန်းက ဟင်းလေးတခွက် ချက် တင်မိပါတယ် အမျိုးတော်ချင်သူတွေ အတော်များများ ထွက်လာလိုက်ကြတာ...၊ ဟင်းချက် ကောင်းမှာပဲလို့ ချီးကျူးသူ တွေကလည်းများ ဆိုတော့ကာ ကျမဖြင့် ဘဝင်လေဟပ် သလိုလိုတောင် ဖြစ်သွားတယ်။ သို့သော်လည်းပေါ့ လေ အဲသလို မဟုတ်တာများ အချီးကျူးခံရရင် လူက နေကို မနေတတ် တာ ။ ဒါနဲ့ပဲ ကိုင်း အထုပ်တော့ ဖြည်ပြအုံးမှ ဖြစ်တော့မယ် ဆိုပြီး ဒီပို့စ်ကို ရေးလိုက်တယ်။ အမျိုးတော်ချင်သူများ၊ လျှောက်လွှာ တင်ထားသူများ ပြန်လည် စဉ်းစားခွင့် ရအောင်ပါ...။

အရင်တုန်းက ကျမ "မချက်ချင်" ဟာ ခုတော့ ဟင်းချက်ဖို့ အမြဲ စိတ်မပါတော့ဘူး။ အို အပြင်မှာ သွားစားတာက ပိုတန်တာ၊ လင်မယား ၂ယောက် စားမှ အအေးနဲ့ ဘာနဲ့ဆို S$ ၁၂ / ၁၃ ဒေါ်လာဆို စားပါလေ့၊ ဟော ပန်းကန်တောင် ဆေးစရာ မလိုဘူး လို့ အားတက်သရော ပြောတတ်ပြီ။ ဒါကိုမှ "ကြက်သား နဲ့ ဗူးသီး အိမ်ချက်လေး စားချင်တာကွ" ဆိုလာရင်တော့...အင်း ရတယ်လေ ဈေးအမြန်သွား ဗူးသီး နဲ့ ကြက်သား ကြက်ရိုး သပြွမ်းဟင်းတခွက် တပတ်စာ ချက်ပေးလိုက်တယ် စားပေရော့ပဲ။ အမယ် စိတ်ပါရင်ဖြင့် ဒေါ်ရွှေမိုး ရယ်ဒီမိတ် ငပိ ထောင်းလေးထဲ သံပုရာသီးလေးတောင် ညှစ်ထည့်ပေး လိုက်သေးတာ။ အဲဒီလို မသိုးဟင်း တပတ်စာ နဲ့ လွှတ်ထားလိုက်တာ သူ့ခမျာ နောက်ထပ် ကြက်သား ဗူးသီး ဆို စိတ်နာသွားရော။ အဲသလို....။

ညဆိုလည်း ညမို့ သူ့မှာ ကောင်းကောင်း မအိပ်ရရှာပါဘူး။ တခါတလေ တနေ့လည်လုံး စဉ်းစား မရတဲ့ ကဗျာ ကာရန် နဲ့ စာလုံးတွေက တရေးနိုးမှ စိတ်ထဲ ဒိုင်းကနဲ ပေါ်လာတော့ ကျမက မေ့တတ်သူ မို့လို့ ဝုန်းကနဲ ချက်ချင်းထရင်း မီးဖွင့်ပြီး စာတရွက်မှာ ကောက်ခြစ်ထား လိုက်ရော၊ ပြီးမှ ပြုံးပြုံး ပြုံးပြုံး နဲ့ ပြန်လှဲအိပ်တာ။ သူက ဘာဖြစ်တာ ပါလိမ့်လို့ မျက်မှောင်ချီ ကြည့်ရင်း အခြေအနေကို သဘော ပေါက် သွားသလိုနဲ့ စောင်ကြီးကို မျက်နှာပေါ်ထိ ဆွဲအုပ်၊ စိတ်ထဲကလည်း ဂေါက်မ၊ ငကြောင် လို့ ကျိန်ဆဲရင်း ပြန်အိပ်သွားပါရော။ အဲသလို....။

ကျမရှေ့ဆို သူ့ခမျာ အပြောအဆိုက အစ အတော်လေး ဆင်ခြင်ရရှာတယ်။ သူ ပြောသမျှ ပို့စ် ဖြစ်သွားတတ်လွန်းလို့ မသက်ဝေ တို့ဆို သူပြောတာတွေ အိမ်လာနားထောင်မယ်ချည်း လုပ်နေတာ၊ စဉ်းတော့ စဉ်းစားရမယ်လေ စီးပွားရေး အခြေအနေ အရပေါ့၊ ကုန်ကြမ်းရ မယ် လာနားထောင်ကြ ဆိုပြီး ပါမိနစ် (per minute) နဲ့ ချာ့ခ်ျ (charge) လုပ်ရင် ကောင်းမလားပဲ။ သူကပြောလာတယ် ကျမရှေ့ ယောင်လို့တောင် လေမလည်ရဲဘူးတဲ့ ကဗျာ ဖြစ်သွားမစိုးလို့... အဲသလို....။

တပတ် တပတ် အဝတ်တွေဆိုတာကလည်း များလိုက်တာ။ လျှော်ရတာ စက်နဲ့ပေမဲ့ မီးပူတိုက်တော့ လက်နဲ့ မဟုတ်လား။ မအားလို့ မတိုက်ဖြစ်သေးရင် အဝတ်တွေအကုန် ခေါက်ပြီး သူ့ပုဆိုး တထည်ထဲ ထည့်၊ အထုပ် ထုပ်ပြီး ဘီရိုထဲ ပစ်ထဲ့ထားလိုက်တာပဲ။ ၂ပတ် လောက် ဆက်တိုက် မီးပူမတိုက်ဖြစ်လို့ကတော့ ဘီရိုဖွင့်ရင် သတိသာထား ပေတော့ပဲ။ လူပေါ် ပြိုကျလာတတ်လို့ ။ အဲဒါနဲ့ မဖြစ်သေးပါ ဘူး အပြင်ထုတ်ထားမှပါ၊ တွေ့မှ လုပ်ဖြစ်မှာကိုး ၊ တခါ ဘီရိုထဲက အထုပ်တွေ အပြင်မှာပဲ ချထားပြီး တော်တော်နဲ့ မတိုက်ဖြစ်ပြန်တော့ ဘေးဘီဝဲယာမှာ အထုပ်တွေ ဝိုင်းလို့။ ဒါတောင် ကျမက စာရေးချင် တဲ့ အခါ အဝတ်ထုပ်ကြီးတွေကို ကျော် ကျော် ပြီးကြည့်တတ် တာ "ဘာမှ လုပ်စရာ မရှိရင် ချစ် စာရေးအုံးမယ်နော်" လို့ သူ့ကို မျက်နှာချိုသွေးရင်း အဝတ်ထုပ်ကြီးတွေကို ကျောပေးပြီး လက်ပ်တော့ ထဲ ခေါင်းဝင်တော့မတတ် စာရေးစာဖတ် လုပ်တော့တာ။ အဲသလို....။

အိမ်မှာ အဲသလို အဝတ်တွေ၊ သတင်းစာတွေ၊ စာအုပ် နဲ့ စာရွက် အကြမ်းတွေ ရှုပ်ပွလို့ ဒါကိုပဲ ကျမ မသိချင်ယောင်ဆောင်လို့ စာတွေရေး နေတဲ့ အခါ ဒေါ်ချစ်ကြည် အမှိုက်ပုံထဲများ ထိုင်နေသလား လို့မေးတတ်တယ်။ ကျမကလည်းကျမ၊ ရှက်ရှက် နဲ့ပဲ သူပြောသလို အဓိပ္ပါယ် နဲ့ ကလောင် နာမည်လေးများ ပြောင်းမလားလို့။

ချစ်ကြည်အေး(အလုံ) ဆိုရင် ဘယ့်နှယ်တုန်း...ဒါမှမဟုတ် ချစ်ကြည်အေး (ပုဇွန်တောင်) ဆိုရင်ရော...။ အဲ ခက်တာက အလုံ အမှိုက်ပုံ နဲ့ ပုဇွန်တောင် အမှိုက်ပုံ ဘယ်သင်းက ပိုကြီးမှန်း မသိတာ...။ အဲ ပိုကြီးတဲ့ ကောင်သာ နောက်မှာ တပ်လိုက်ပါတော့လေ....။


ဘဝ အမောတွေ ပြေကြပါစေ...

Tuesday, March 9, 2010

အနားသတ် မျဉ်းတကြောင်း

အရောင်...

အမှောင် ပိန်း ပိန်း
အေးစက် စိမ်းကားနေတဲ့ ညရဲ့ အရောင်မျိုး
လေတိုးသံ တချက်ကလေးတောင်မှ မကြားရ
လမိုက်ည ဆိုရင်တောင် ညရဲ့ အမှောင်ကို မတွေ့ထိ နိုင်လောက်အောင်
မှောင်နေတဲ့ အမှောင်တခု ပဲ တိတိကျကျ ရှိနေတယ်....
နောက်....
အဲဒီ အမှောင်ကို သိတဲ့ အသိစိတ် အားပျော့ပျော့လေး ရှိနေသေးတယ်...။

တောင့်ကနဲ တင်းကနဲ ပူနွေး အေးခဲလိုက်...
လှုပ်ကနဲ ဆတ်ကနဲ မာကြော ပြင်းရှလိုက်...
ကိုယ် တခုလုံး သံတံဆို့ ရှိုသွင်းထားသလို...
အသွေး အသားတွေထဲ လျပ်စီးတွေပဲ ပြက်နေသလိုလို...
နု ရင့် ခက် မာ ဝေဒနာတွေပြ လူးမရ လှိမ့်မရ....
ခန္ဓာ အောက်က သင်ဖြူးဖျာ တချပ်လား....
ခပ်မာမာ ခံစားမှုမျိုး ရှိတာလည်း သိနေနိုင်သေးတယ်.....။

အစ ရှိခဲ့လို့ပဲ အဆုံး ရောက်လာတာလေ...
ဘဝရဲ့ နိဂုံး အဆုံးသတ် မျဉ်းတကြောင်းကို လှလှ ပပ ဆွဲခဲ့ဖို့ ရဲရင့်အုံးမှပေါ့
အတိတ်ကို လွှတ်ချခဲ့ ပြန်လှည့်ဖို့ မစဉ်းစားနဲ့....
ငါ ဘာဖြစ်လို့ ဘယ်များ သွားရမှာပါလိမ့် လို့ အနာဂတ်ကိုလည်း မမျှော်လေနဲ့....
ငါ ဘယ်မှာလဲ အဖြေမရှာနဲ့ ပစ္စုပ္ပါန်တောင်မှ မရေမရာ
တဖြည်းဖြည်းချင်း ကုန်ဆုံးနေတာ.....
ငါ ဘာလဲ ဆိုတာတောင် စဉ်းစားဆုံးဖြတ် သုံးသပ် မနေနဲ့
တကယ်ဆို နံရံပါးပါး တချပ်သာခြား....
ကောင်းကင် နဲ့ တိမ်လို တသားတည်း ရှိနေခဲ့တာ.....။

ခုမှတော့....
သွားရတော့မယ် ဆိုပြီး တုန်လှုပ် ငိုငြီးမနေနဲ့....တုန်လှုပ်တဲ့ စိတ်ကို မှတ်.....
အကုန် ထားခဲ့ရမှာမို့ ဝမ်းနည်းနေသေးရင် ဝမ်းနည်းတာကို မှတ်....
ချစ်သူ ခင်သူတွေကို စိတ်မချ အပူလုံးကြွနေရင် ပူနေတာကို မှတ်....
တကယ်တမ်း သွားရတော့မှာ ကြောက်ရွံ့ နေရင်လည်း ကြောက်နေတာကိုပဲ မှတ်....
အာရုံမှာ ထင်ဟပ်သမျှ အမှတ် သတိ နဲ့ တရစပ် မလွတ်တမ်း....
မပြတ်ဖမ်းဆုတ် အဖြစ် အချုပ် နာမ် ရုပ် ပဲ ရှိတဲ့ ဒီခန္ဓာ....
ဘာ တွေကိုများ တမက် တမော ဖွေရှာနေအုံးမှာလဲ......။

မှတ်ရင်း နဲ့ ပဲသွား သွားရင်း နဲ့ ပဲမှတ်....
စက္ကန့် မလပ် တဖျတ်ဖျတ် ရွေ့ရင်း....
လင်းဖို့ အချိန် တချိန်ဟာ တဖြည်းဖြည်းချင်း ရောက်လာတော့မှာ....
တဖြည်းဖြည်းချင်း ရောက်လာတော့မှာ....

ရောက် လာ တော့ မှာ........။





** နောက် ခန္ဓာ ရရှိအုံးမဲ့ ပုထုဇဉ် တယောက်ရဲ့ နောက်ဆုံး အချိန်ကို မမီမကမ်း ခံစားရေးဖွဲ့ ပါတယ်...

Sunday, March 7, 2010

မိန်းကလေး အချစ်.....

Broken Heart Myspace Comments

ညရေးရေး လကွေးကွေးမှာ....
ခရေ ဖွေးဖွေး ပန်း မွှေးမွှေးမှာ....
ကိုယ်ငွေ့ နွေးနွေး ဆောင်း အေးအေးမှာ....
မျှော်လေတိုင်းဆွေး ဟိုး......ဝေးဝေးမှာ....

ဟင့်အင်း....
ကျမ ရှင့်ကို....
လွမ်းမနေခဲ့ပါဘူး.....။




Image Source :Myniceprofile.com

Friday, March 5, 2010

သူ့အကြိုက် (သို့မဟုတ်) ကျမ ချက် မိ....( အပြီး)

အဲသလိုနဲ့ တနေ့ တနေ့ ချစ်သောသူ အကြိုက် မမောမပန်း ချက်ပြုတ်လာလိုက်တာ ကျမဖြင့် ထန်းပင်ပေါ်က ဆင်းရတယ်လို့ကို မရှိ တော့ဘူး။ ဂျပန်ခေတ် ထန်းတက်လက် မှတ် ရထား သူများလိုပေါ့ရှင်။ အဲ တနေ့တော့ အိမ်မှာ သူ မူးလဲမလို ဖြစ်တာနဲ့ လင်မ ယားနှစ် ယောက်သား အိမ်အောက်ထပ် ဆေးခန်းကို ပြေး၊ သွေးစစ်လိုက်တော့မှ သူ ကိုလက်စထရောတွေ များနေ သတဲ့။ ဆရာဝန်က ဆေး ၃လ သောက်ပြီး သွေးပြန်စစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အိမ်ကိုသာ ပြန်ရောက်ရော ကျမဖြင့် အတွေးတွေနဲ့ ပတ်ချာလည်နေတော့တာ။ သူသာ ခုနေ တခုခု ဖြစ်ရင်တော့ ငါ တရားခံ လို့ စိတ်ထဲ တွေးမိရတာ ကိုး။ တွေးဆို တွေးမိရဖို့ အကြောင်း ကလည်း ခိုင်ခိုင်မာမာ ရှိနေလေရဲ့။ အရင် အိမ်မှာ ကျမတို့နဲ့ အတူနေခဲ့ဖူးတဲ့ အမကြီး တယောက်ရှိတယ်။ သူက အပျိုကြီး၊ကျန်းမာရေး ဝန်ထမ်းပီပီ အစားအသောက် က အစ ဆေးဝါးအဆုံး သိတ်ဂရုစိုက်တယ်။ သူစားတာ ကြည့်လိုက်ရင် ရေလုံပြုတ် လို ဟာမျိုး တွေ ချည့်ပဲ။ ကျမမို့လို့ ဟင်းချက်ပြီဆို ဘေးနားလာပြီး "ယောင်္ကျား ကို အင်စတောလ်မန့် နဲ့ ဖြည်းဖြည်းချင်း သတ်နေတယ်ပေါ့လေ" လို့ ပြောတတ်တာ။

ဒီတော့ ကျမမှာ ဘုရား ဘုရား မှန်များ မှန်နေပြီလား ဆိုပြီး ဝမ်းနည်းလိုက်ရတာ။ အဲဒီ့ တနေ့လုံး ဇီးရွက်လောက် မျက်နှာနဲ့ တချိန်လုံး သူ့ အရိပ်အကဲပဲ ကြည့်နေမိတော့တယ်။ ဟို အပျိုကြီး ပြောခဲ့တဲ့ စကား ခဏခဏ နားထဲ ကြားရင်း စိတ်မသက်မသာ ဖြစ်ရတာ များလေ။ တော်နေကြာ ဇနီးဖြစ်သူ မဆင်မခြင် ချက်ကျွေး၍ ခင်ပွန်း ခမျာ မာလကာသီး စားရခြင်း ဆိုပြီး စာလုံးမဲကြီးနဲ့ မျက်နှာဖုံးမှာ ပါလာလို့ ကမှ မတင့်တယ်။ ခက်လိုက်ထာများ...။
‌​​‌​​‌
မောင်မင်းကြီးသား ကံကြီးပေလို့ ဆေးသောက်ပြီး ၃လ သွေးပြန်အစစ်မှာ သူ့အခြေအနေက ပုံမှန်ထဲ ပြန်ရောက်သွားခဲ့တယ်။ အဲဒီနောက် တော့ ကျမ လည်း အချစ် ကျန်းမာရေး အတွက် ဟင်းချက်ခြင်း အနုပညာသစ် တခု ဆည်းပူး ရပြန်တာပေါ့လေ။ ဝက်သားဝယ်ရင် အဆီ နဲတဲ့ အပိုင်းရွေး ဝယ်တတ် ခဲ့ပြီ။ တပတ်ကို တရက် နှစ်ရက်ပဲ ထမင်းဝိုင်းမှာ ဝက် မျက်နှာမြင်ရမယ်။ ဟင်းထဲကို အရွက်စိမ်း နဲ့ ခရမ်းချဉ် သီး များများ ထည့်ချက်တတ်ပြီ။ ချည်ရည်ဟင်းထက် အဖြူထည်ဟင်းချို၊ အသားပြုတ်ရည်ထဲ ပြောင်းဖူး၊အာလူး နဲ့ မုန်လာဥနီ ထည့် ထားတာမျိုး လေးတွေ အချက်များလာခဲ့ရတယ်။ ကျန်းမာမှ ချမ်းသာမယ်၊ "You are what you eat" ဆိုတဲ့ စကားကို ကျမ လုံးဝဥဿုံ ယုံကြည် သွားခဲ့ရတယ်။

အသေအချာ စဉ်းစားကြည့်ပြန်တော့ အမျိုးသားတွေ ခင်ပွန်းသည် ဖြစ်လာဖို့ အတွက် သူတို့အမေ ရင်ခွင်ထဲကနေ ကျမတို့က ဆွဲထုတ် ယူထားခဲ့တာ မဟုတ်ပါလား။ အမေတွေရဲ့ လက်ထဲမှာတော့ သူတို့ရဲ့ နေထိုင် စားသောက်ရေးဟာ အင်မတန် လုံခြုံစိတ်ချစွာ ရှိခဲ့ကြ မှာပါ။ အမေတွေဟာ သားကလေးတွေ မျက်နှာကို မှန်လိုလည်း​‌​ အရိပ်ကြည့် နေခဲ့ကြပါ လိမ့်မယ်။

အဲဒီလို အမေတွေ ဆီကနေ လက်ပြောင်းရယူထားတဲ့ ကျမတို့ တတွေဟာ မိခင် မျိုးနွယ်တွေ ဖြစ်တဲ့ အလျောက် မိခင်စိတ် ဆိုတဲ့ မေတ္တာဓါတ်ခံက မွေးရာပါ ကိန်းပြီးသားပဲ မဟုတ်လား။ သားသမီးရှိသူများ ဆိုရင်ဖြင့် ပြောဖွယ် မရှိတော့ပါဘူး။ သားကိုသခင် လင်ကို ဘုရား ဆိုတာ ကျမတို့ မြန်မာ အမျိုးသမီးတွေ ယနေ့ထိ လက်ခံ ကျင့်သုံးနေဆဲပဲလေ။ သားကလေး မျက်နှာ ကြည့်မဝ၊ ခင်ပွန်း မျက်နှာ ကိုလည်း ကြည့်ရနဲ့ သူတို့လေးတွေ ကျန်းမာ ပျော်ရွှင်နေရင်ပဲ ကျမတို့ရဲ့ ကမ္ဘာငယ်လေးဟာ လှပမြဲ၊ စိုပြည်မြဲ ဖြစ်နေရပြန်တာ။

တခါတလေတော့လည်း ကလေး မရှိတဲ့ ကျမ အတွက် သူဟာ သားတယောက် ဖြစ်နေခဲ့ ပြန်ပါရဲ့။ နေကောင်းရဲ့လား၊ ခေါင်းရော ကြည် လား၊နေ့လည်က ရုံးမှာ ထမင်းစား ကောင်းရဲ့လား၊ ဘာဟင်း နဲ့ စားလဲ၊ ဝမ်းရော မှန်လား ? ဒါ သူ အိမ်ပြန်ရောက် တိုင်း တနေ့ တနေ့ မေးဖြစ်နေတဲ့ မေးခွန်းတွေပါ။ သူက ပြန်နောက် တယ်။ ဒီနေ့ အီအီး ဘယ်နှစ်တုံးပါလဲ အပျော့ အမာရော ပြောပြရအုံးမလား တဲ့လေ။
သူ အလုပ်ထဲမှာရော ပျော်ရဲ့လား ဆိုတာလည်း မေးရ သေးတာ။ တကယ်ဆို အိမ်မှာထက် ရုံးမှာ နေရတဲ့ အချိန်က ပိုများလေတော့ အလုပ်ထဲမှာ စိတ်ဖိစီးမှုရှိနေရင် ကျန်းမာရေး ထိခိုက်နိုင်တယ် မဟုတ် လား။ ဒါကြောင့် သူ့ အလုပ်ထဲမှာ သူ့ကို ပျော်နေစေချင်တယ်။

ပြောချင်တာက ကျမတို့တတွေ မိသားစုကို ချစ်တာ ချစ်ကြပါ။ ဒါပေမဲ့ အလိုလိုက်ပြီး ကျန်းမာရေးအတွက် မသင့်လျော်တာတွေ မကျွေးမိ စေဖို့ပါ။ အထူးသဖြင့် Junk Foods နဲ့ Deep Fried တွေ သိပ်မကျွေးကြစေချင်ပါဘူး။ မိသားစုတစုလုံးရဲ့ ကျန်းမာရေး နဲ့ ပျော်ရွှင်မှုဟာ ကျမတို့ အမျိုးသမီးတွေ လက်ထဲမှာ ရှိနေတယ်ဆိုတာကို အမြဲ သတိရနေဖို့ပါပဲ။

ခုတော့ဖြင့် သူဟာ ကျမ လက်ထဲမှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ ရှိနေရှာလေရဲ့။


မိသားစုတိုင်း ကျန်းမာပျော်ရွှင်သော ဘဝလေးများ ပိုင်ဆိုင်နိုင်ကြပါစေ...

Tuesday, March 2, 2010

သူ့အကြိုက် (သို့မဟုတ်) ကျမ ချက် မိ....(အပိုင်း ၁)

ကျမကို သူ စတွေ့ခဲ့တာ ဆရာတော်ကျောင်းမှာ ဆွမ်းကပ်ဖို့ ဝိုင်းကူ ချက်ပြုတ်နေချိန်ပါ။ ကျမကဖြင့် မအားတာမို့ သူ ကြည့်နေ ခဲ့တယ်ဆိုတာ လုံးဝ သတိမထားခဲ့မိဘူး။ အင်္ကျီပွပွ ဝတ်ထားခဲ့လို့ ဘယ်ဘက် လက်နဲ့ နောက်ပြန် အင်္ကျီစတွေကို လုံးပြီး ဆုတ် ကိုင်ထားရင်း ညာဘက်လက်ကလည်း ဟင်းအိုးမွှေနေတဲ့ ကျမကို တွေ့စကတည်းက သူ့ရင်တွေ လှုပ်ကနဲ ဖြစ်သွားခဲ့ရတာ လို့ နောက်တော့ သူ ပြန်ပြောပြ ခဲ့တယ်။

နောက်ရက်တွေမှာလည်း ဘုန်းကြီးကျောင်း လာတိုင်း သတ္တိခဲကြီး သူက ကျမကို ချောင်းကြည့်ပြုံးပြန် အဆင့်က တော်တော်နဲ့ တက်မလာခဲ့ပါဘူး။ လပေါင်း တော်တော်ကြာမှ တဆင့်ခံနဲ့ ကျမ ကို စိတ်ဝင်စားကြောင်း ပြောခဲ့တယ်။ ကျမမှာ နဲနဲမှ ထင်မထား လို့ အံ့ဩလိုက်ရတာ။

သူက အစားကောင်း မက်သူမို့ ငယ်ငယ်လေးတည်းက အိမ်မှာ ထမင်းစားရင် အသားဟင်းပါမှ၊ အသားတောင် ဝက်သားမှ၊ ဝက်မြင်ရင် ခေါင်းကိုက်သူ၊ ခေါင်းက စပြီး ကိုက်လိုက်တာ အမြီးထိပဲ ဆိုပါ တော့။ ချစ်သောသူက အဲဒီလောက် ဝက်သား ကြိုက်တော့ကာ ကျမမှာ ဝက်သားချက်နည်း ပေါင်းစုံကို အရည်ကျို သောက်ရပါ တော့တယ်။


ဝက်သား အချိုချက်လေး ရိုက်ပြီးသား ရှိနေလို့ ဖြည့်တင်ပေးလိုက်တယ်...

သကြားလေး ဆီသပ်၊ မွှေးလာမှ ဂျင်းအချောင်းလေးတွေ ထည့်၊ ဂျင်းနံ့လေးမွှေးတော့မှ အသားထည့်၊ အသားနူးတော့ ကြက်သွန် နီ လေးစိတ်ကွဲ လေးထည့်၊ ချကာနီးမှ ပဲငံပြာရည် အပျစ်လေး အရောင်လှရုံ ထည့်တဲ့ အချိုချက်ဟင်း၊ အဲဒီ ဝက်သား အချိုချက် ကို ပဲပြား၊ မှို၊ မှိုခြောက်ပန်းခြောက်၊ ပဲလိပ် ထည့်ချက်တဲ့ တရုပ်ဟင်းမျိုးလည်း သူ ကြိုက်တယ်။ ဝက်သားကို ကြက်သွန်ဖြူ နီ ငရုတ်သီးနဲ့ ဆီသပ်၊ အသားနူးအိလို့ ချကာနီးမှ မန်ကျည်းသီး မှည့် ပျစ်ပျစ်လေး ဖျော်ထည့်တဲ့ဟင်းလည်း အအီပြေလေးမို့ စား ကောင်းပြန်တာပဲ။

ကြက်သွန်ဖြူ နီ ဂျင်း ထောင်းပြီးသားနဲ့ အသားကို တခါတည်းရောနယ်၊ တနာရီလောက် ထားပြီးမှ သကြားနဲနဲ၊ ပဲငံပြာရည် အကြည်ရည်ထည့်ပြီး လုံးချက်၊ အသားသိတ်မနူးခင် ကြက်သွန်နီကြော် မွမွလေး ကို ခြေပြီးထည့်တဲ့ ဝက်သား အိုးကြီးနှပ် ကလည်း သူ့အကြိုက်ပါပဲ။ ဝက်သားကို အပြား သေးသေးတုံး၊ ကြက်သွန်ဖြူ ဆီသပ်ပြီး အသားနူးတာနဲ့ ကြက်သွန်နီ လေး ထောင့်အတုံး၊ ခရမ်းချဉ်သီး လေးထောင့်အတုံး၊ ပန်းငရုတ်ပွသီး အစိမ်း နဲ့ သီဟိုဋ္ဌ်စေ့ ထည့်ချက်တဲ့ ဝက်ကုန်းဘောင် ဆိုလည်း မြန်လဲမြန် သူလည်းကြိုက်တာမို့ မကြာမကြာ ချက်ဖြစ်တယ်။

ဝက်သားကို အပြားပါးပါးလှီး ၊ မုန်ညှင်းဖူး စိမ်းစိမ်း ကို အဖပ်လိုက် ၃ပိုင်းပိုင်း၊ ဆီ နဲနဲထည့်၊ ခရုဆီလေးနဲ့ ကြော်၊ ချခါနီးမှ ငရုတ်ကောင်းနဲ့ ကြက်သွန် ဖြူ ဒါးပြားရိုက်ပြီးထည့်ချက်ရတဲ့ အရည်စပ်စပ်လေး သောက် စားလို့ရတဲ့ ဟင်းလေးလည်း သူ့အ ကြိုက်ပါပဲ။ ဘာဂူတေး လို့ခေါ်တဲ့ ဝက်နံရိုးဆေးပေါင်း ဟင်း ဆိုရင်တော့ ကျမတို့ ၂ယောက်လုံး အကြိုက်ပေါ့။

သူ့အမေ ကျမ ယောက္ခမကြီးက ပူပန်ရှာတယ် ဟင်းမချက်တတ်တဲ့ မိန်းမနဲ့ ရရင်ဖြင့် သူ့သား ခက်ရချည် ရဲ့ ဆိုပြီး။ သူကတော့ သူ့တွက်ကိန်းနဲ့သူ၊ ကျမက ဘုန်းကြီးကျောင်းမှာ အယောက် သုံး လေးဆယ်စာ ချက်နေတာမို့လို့ သူ မငတ်နိုင်ဘူးလို့ တွေးပြီး သား၊ ယောင်္ကျား တယောက်ကို ကြိုက်ရင် သူ့ရဲ့ အစာအိမ် လမ်းကြောင်းက စဖောက် ရသတဲ့။ အဲဒီ့နည်းနဲ့ ကျမက သူ့ကို စ ပိုးတာ လို့ လူထူပြီ ဆိုရင် သူ အမြဲ ဂုဏ်လုပ် ပြောလေ့ရှိ တယ်။

အိမ်ထောင် ကျကာစ ကဆိုရင် လက်စွမ်းပြလိုက်တာမှ ရုံးကပြန်ရောက်လို့မှ အင်္ကျီ မလဲနိုင်သေးဘူး၊ မီးဖိုချောင် တန်းဝင်တော့ တာ။ ဆီပြန်တခွက်၊ အရွက်ကြော် တမျိုး၊ ဟင်းရည်သောက် တဖုံ၊ အသုတ် တမယ် နဲ့ တနေ့တမျိုး ချက်ကျွေးခဲ့တာ။ သူက လည်း အိမ်ချက်ကို ပိုခုံမင်လာတော့တာပေါ့။


တော်သေပြီ ဒေါ်ဝေကျီ (ကိုဘွိင်းဇ်ဇ်ဇ် နှင့် ကိုဟိုကိုသွား ထံမှ အတုခိုးပါသည်)

ဘဝ အမောတွေ ပြေကြပါစေ...

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...