Monday, December 13, 2010

His.tori

စားသောက်ဆိုင်လေး တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ His.tori လို့ ခေါ်ပါတယ်။ သိကြတဲ့အတိုင်းပဲ အစားအသောက်ဆို လက်မနှေးတဲ့ ကျမက သူငယ်ချင်း ကိုစိုင်းရဲ့ စားသောက်ဆိုင်လေးဖွင့်ပြီဆိုတာ ကြားကတည်းက မြည်းစမ်းချင်နေမိသူပါ။ လာမြည်းစမ်းကြည့်ဖို့ ဖိတ်တာနဲ့ နှစ်ခါမပြောရဘူး လိပ်စာမေး၊ လာရမဲ့ အချိန်မေး ပြီးတာနဲ့ အဲဒီနေ့က ကြားရက်ဖြစ်တာမို့ ရုံးအသွား ကင်မရာကြီးပါ တခါတည်း လွယ်ပြီး သွားခဲ့တော့တာ။

His.tori ရဲ့ အစားအသောက် အရသာတွေက ဘယ်ဆိုင်နဲ့မှမတူ တမူထူးနေတယ်။ နိုင်ငံရပ်ခြားအစားအစာပေမဲ့ ကျမတို့ မြန်မာပါးစပ်နဲ့ အစပ်အဟပ် တည့်လွန်းလှတယ်။ ဂျပန်စာလိုလို ကိုရီးယားစာလိုလို၊ ဂျပန်အရက်ရသလို၊ ကိုရီးယား ဆိုဂျူးလည်းရတယ်။ ဒါတွေ မသောက်တတ်ဘူးဆိုလည်း ရေပဲ မှာသောက်ကြည့်ပါ။ တခါမှ မသောက်ဖူးတဲ့ မွှေးပျံ့တဲ့ ရနံ့ သင်းသင်းလေးနဲ့ ရေကို မြည်းစမ်းရပါလိမ့်မယ်။ ကျမတော့ အနံ့လေး မွှေးရင်း ရေချည်း နှစ်ခွက်သောက်ခဲ့တယ်:)

His.tori က EZ50 လို့ခေါ်တဲ့ အဲဒီ Building မှာပါ...လိပ်စာကတော့ 20 Tanjong Pagar Road ဖြစ်ပါတယ်...


ကင်မ်ချီထမင်းကြော်...စားကြည့်လိုက်တာနဲ့တင် အရမ်း သဘောကျမိတယ်။ စားခဲ့ဖူးတဲ့ ကိုရီးယားဆိုင်တွေလို အချဉ် မစူးဘူး။ အရသာက ပြေပြေလေးနဲ့ စားကောင်းလှတယ်။ မေးကြည့်မိတော့မှ His.tori ရဲ့ အစားအသောက်တွေကို ဖန်တီးသူဟာ ဂျပန်က နာမည်ကြီး စားသောက်ဆိုင်မှာ ၁၀စုနှစ်ကျော် စားဖိုမှူးလုပ်ခဲ့ဖူးသူတယောက်လို့ ဆိုတယ်။ သူ့ရဲ့ စမ်းသပ်တီထွင်မှုရယ်၊ အစုရှယ်ယာဝင်တွေရဲ့ အကြံဉာဏ်တွေရယ် ပေါင်းစပ်ပြီး အာရှသားတွေ ခံတွင်းတွေ့အောင် အစားအစာတွေကို ပြင်ဆင်ဖန်တီးထားတာ ဖြစ်တယ်။ ဒီတော့  His.tori ရဲ့ အရသာတွေဟာ ဂျပန်စာ၊ ကိုရီးယားစာတွေကနေ မြစ်ဖျားခံလာတဲ့ ဆန်းသစ်မှုတွေပဲ ဖြစ်တယ်။

အတွေ့အကြုံများလှတဲ့ စားဖိုမှူးက အချိုမှုန့်တွေ၊ ဆားတွေ လုံးဝ မသုံးပဲ သစ်သီးတွေကနေ သဘာဝအတိုင်း အချိုအငန် အရသာကို ရယူချက်ပြုတ်ထားပါသတဲ့။ ဒီတော့ ကျန်းမာရေးအတွက်လည်း သင့်လှပါပေတယ်။ အို....အစားအသောက်များဆို ကျမကတော့ ဘာမဆို သင့်တော်တယ် ထင်တာချည်းပါပဲ:) ကျမတို့ အုပ်စုကတော့ ကောက်ရိုးမလောက် မြက်မလောက် အုပ်စုမို့ မှာစားသမျှ တက်တက်ပြောင် စားပြီးမှ နောက်ဆုံး အချိုပွဲအတွက် ဗိုက်မဆန့်တော့တာမို့ အချိုပွဲ မစားခဲ့ကြရပါဘူး။ နောက်တခေါက်ပေါ့ကွာ လို့ တေးထားခဲ့ကြပါတယ်။ 









သွားတိုက်ဆေး ကြော်ငြာတဲ့ လူရွှင်တော်ကြီး ၄ယောက် မဟုတ်ပါ...His.tori ရဲ့ အစုရှယ်ယာဝင် ၂ယောက်နဲ့ ကျန်၂ယောက်က အိမ်အပြန် အစားအသောက်တွေ ဗိုက်တလုံးနဲ့ အပြည့် သယ်သွားကြတဲ့ Satisfied Customer ကြီး ၂ယောက်ပါ...

ကျမတို့ ပြန်ခါနီးတော့ ဆိုင် ပိတ်ခါနီးနေပါပြီ...ဒါတောင် တချို့က ရွက်လွှင့်ကောင်းတုန်း၊ တချို့က ကျောက်ချ ကောင်းတုန်းပါပဲ....


ဆိုင်အပြင်မှာ စားပွဲခုံရရင်တော့ အကောင်းဆုံးပဲ။ ဗိုက်လည်း အစာကျွေး၊ မျက်စေ့လည်း အစာကျွေးရင်းပေါ့...ဘေးက Pubက ကောင်မလေးတွေ တော်တော်လန်းတယ်...


စားသမျှတွေ အကုန် ဓါတ်ပုံ မရိုက်ခဲ့ရဘူး။ ဓါတ်ပုံရိုက်မယ်ကြံတိုင်း ဗိုက်ထဲ ရောက်သွားပြီးသား ဖြစ်ဖြစ်နေလို့...

ပြောဦးမယ်။ ဘာကြောင့် His.tori မှာ သွားစားသင့်သလဲ....
၁) GST, Service Charge လုံးဝ ပေးစရာမလို
၂) ဆိုင်နေရာ အကွက်အကွင်း မြို့လယ်ကျခြင်း
၃) မြန်မာလို့ ဆိုလိုက်တာနဲ့ ဒစ်စကောင့် ပေးပြီးသား 

အရေးကြီးဆုံး နောက်ဆုံးတချက်က ၄) အရသာ ကောင်းမွန်ခြင်း တွေကြောင့်ပါပဲ...
ကဲ...လက်တို့လိုက်ပြီနော်....His.tori တဲ့....

Menu ဖတ်ချင်ရင်...
http://www.facebook.com/home.php?#!/pages/Histori/150940058282377

26 comments:

  1. အစားအသောက်ဆို စိတ်ဝင်စားပြီးသားပဲ.. သွားစားဦးမှာ..း)

    ReplyDelete
  2. ကျေးဇူးအထူးပါ..လာရောက်အားပေးတာရော..စာတွေပုံတွေအတွက်ရော..

    ReplyDelete
  3. ဆိုင်နာမည် လိပ်စာတော့ ဟုတ်ပါပီ ဆိုင် အစုရှယ်ယာဝင်တွေပါဆိုပီး ဓါတ်ပုံပါ ရိုက်ထဲ့ ပြတာတော့ ရက်ရောလွန်းအားကြီးပါတယ်။

    ReplyDelete
  4. စားချင်စရာလေးတွေ။ ကင်မ်ချီ ထမင်းကြော် စားကြည့်ချင်တယ်။ ချင်ကာပူ လာချင်တယ်း(

    ReplyDelete
  5. ကြော်ငြာခ အနေနဲ့ free စားခဲ့ရပုံပေါ်တယ်..

    ReplyDelete
  6. အမက စားသောက်ဆိုင်လည်း ကြော်ငြာသကိုး... လျှော့ဈေးပေးတဲ့ လက်မှတ်လေးပါ တင်လိုက်တာမဟုတ်ဘူး။ တခါတည်းသွားစားရအောင်။ မဟုတ်ရင် လျှော့ဈေးရအောင် ရှယ်ယာရှင် ကိုစိုးလို့ လိုက်ရှာနေရတော့မှာပဲ.. :P

    ReplyDelete
  7. မမချစ် ...His.tori အင်းtori ကတော့ပန်ပန်လိုဆိုကြက်..အင်းကြက်သားပေါ့လေ.

    စားမှာလာရင်သွားစားမှာ

    ReplyDelete
  8. ဆိုင်အပြင်အဆင်၊
    အစားအသောက် အပြင်အဆင်
    ကောင်းတယ်။

    ReplyDelete
  9. စားကြည့်ရတာပလေ။ အစ်မနာမည်ပြောရင် အလကားကျွေးမယ်ထင်လားဟင် ...

    ReplyDelete
  10. အဲ့ဘက်လမ်းကြုံရင် ၀င်သွားလိုက်မယ် အစ်မး)


    မောင်မျိုး

    ReplyDelete
  11. ဈေးအရမ်းကြီးလားဗျ..အစ်မချစ်ရ...။ပြီး အစ်မနာမည်နဲ့ ဘေထားခဲ့လို့ရော
    ရမလားဟင်...:)။

    ReplyDelete
  12. စားချင်ပါတယ်ဗျို့ လာလည်ရင် လိုက်ကျွေးပါဗျို့

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  13. အမချစ်
    နှိပ်စက်တယ်ဗျို့ ညမိုးချုပ်ချုပ်မှ လာလည်မိတာ မှားးးး

    ခင်တဲ့
    seesein

    ReplyDelete
  14. စားသမျှ အကုန်မရိုက်ခဲ့လို့သာပဲ..
    satisfied customer ကြီးတွေမှန်း ရုပ်ကြည့်တာနဲ့သိတယ်..
    အဲ့လိုသာ စာရေးမပြထားရင်လည်း ပထွေး၃ယောက်နဲ့သားလေး..လို့ မှတ်နေမိမှာပဲ.. ကွိကွိ..
    (ဘိုင်ဿဝေး..။ ။ စားချင်လိုက်တာ....ရှလွတ်စ်)

    ReplyDelete
  15. မချစ် ဟီးးး စားချင်ရယ် ရှလွတ်
    ငမ်းသွားတယ် ပလပ်
    ကျွေးဖို့အစီအစဉ်မရှိဘူးလား ဂလု

    ReplyDelete
  16. ကြုံရင် တစ်ခေါက်လောက်တော့ သွားကြည့်လိုက်ဦးမယ် အစ်မချစ်ရေ....

    ReplyDelete
  17. စင်ကြားပူ လာရင် အဲဒီဆိုင်မှာ လိုက်ကျွေးမှာလားး :)

    ReplyDelete
  18. အစားအသောက်တွေကြည့်ပြီး အစ်မဆီ ချက်ခြင်းပြေးလာလည်ချင်မိတယ်
    လာလည်ရင် အဲဒီဆိုင်မှာ ကျွေးမယ်ဆိုတာ ဟုတ်လားဟင်..
    ဆိုင်အပြင်အဆင်ရော အစားအသောက်တွေပါ သဘောကျတယ်..
    ဒီမားကက်တင်း အောင်မြင်တယ်နော်း)

    ReplyDelete
  19. ရောက်ရင်ဆက်ဆက်သွားစားပါ့မယ်။ ကင်မ် ချီ ထမင်းကြော်လေး..စားချင်တယ်။

    ReplyDelete
  20. စ"လုံးကိုလာလည်ရင် အဲဒိဆိုင်မှာလိုက်ကျွေးရမယ်နော် အစ်မချစ်..

    ReplyDelete
  21. အော်.. ဂျက်ကီချန်း ရဲ့တိုက်မှာကိုး။

    ReplyDelete
  22. ဒီလောက်ညွှန်းမှတော့ ..သွားဖြစ်အောင်သွားလိုက်ဦးမယ် ..
    ဘော်ဒါတွေမွေးနေ့ လုပ်ရင် အဲဒီ့မှာလုပ်ခိုင်းရမယ်ဗျ .:)

    ReplyDelete
  23. ကြော်ညာလေး၊ ကိုယ်လူကိုလည်းထည့်ကြော်ညာတွေလား၊းD

    ReplyDelete
  24. ကြော်ငြာကောင်းလို့ စားချင်စိတ်ပေါ်လာပြီ။ :-)

    ReplyDelete
  25. ဒါဆို... နောက်တစ်ခါစားဖို့အလှည့်ကျတဲ့ဆိုင်က... his.tori ပေါ့နော်။ ;)

    ReplyDelete
  26. မမ..
    ရာဇဝင်ထဲမှာ ကိုယ့်ကိုထားရစ်ခဲ့...
    စိတ်ဆိုးဝူး...ဘေလေးသာရှင်းထားပေး..ဟေးဟေးးးးP

    လေးစားချစ်ခင်တဲ့
    ပန်းချီး)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...