Saturday, December 18, 2010

ထွေရာလေးပါး-၂

ထွေရာတစ်ပါး

လာမဲ့နှစ် ၂၀၁၁ ဧပြီလ ၂၉မှာ စုလျားရစ်ပတ် လက်ထပ်ကြတော့မဲ့ Prince William မင်းသား ဝီလီယန်နဲ့ သူ့ရဲ့ ချစ်သူ Kate Middleton ကိတ်တို့ရဲ့ မင်္ဂလာပွဲအကြောင်း သိပြီးကြမှာပါ။ ကျမအနေနဲ့ကတော့ အဲဒီမင်္ဂလာပွဲထက် မင်္ဂလာပွဲပြီးတဲ့နောက် နန်းတွင်းအရေးတွေ၊ အတိအကျ ပြောရရင် ကိတ်ရဲ့ နန်းတော်ထဲက အခန်းကဏ္ဍတွေကို ပို စိတ်ဝင်စားမိတယ်။ အမှန်ဆို ကိုယ့်အလုပ် မဟုတ်ပေဘူး။ သို့သော်လည်း မီဒီယာတွေရဲ့ Kate Middleton - the next Diana? ဆိုတဲ့ ဆောင်းပါးကြောင့် စိတ်ထဲ အတော်လေး တွေးစရာ ဖြစ်သွားတယ်။


အဲသလို သူမကလေးဟာ ဒုတိယ ဒိုင်ယာနာများ ဖြစ်လေမလား ဆိုတဲ့ မီဒီယာတွေရဲ့ စကားဦးသန်းမှုဟာ ဘယ်လောက်များ တာသွားလေမလဲ။ သူမရဲ့ နန်းတွင်းသူ ဘဝကို ဘယ်လိုတွေများ ရိုက်ခတ်လာနိုင်မလဲလို့ မစဉ်းစားဘဲ မနေနိုင် ဖြစ်ရတယ်။ သာမန် အရပ်သူဘဝကနေ တော်ဝင်မိသားစုထဲ ရောက်ခဲ့ရတဲ့ ဒိုင်ယာနာ၊ ကျမတို့လို အနီးကပ်သူငယ်ချင်း ရယ်လို့ ယုံယုံကြည်ကြည် ရင်ဖွင့်စရာ တဦးတလေမှ အနားမှာ မရှိခဲ့တဲ့ ဒိုင်ယာနာ၊ သူမအတွက်တော့ နံရံတိုင်းမှာ နားမျက်စိတွေ အပြည့်တပ်ဆင်ထားသလို မလုံမခြုံ ခံစားခဲ့ရရှာတဲ့ ဒိုင်ယာနာ၊ တော်ဝင်မိသားစုတွေအလယ် ထီးသုံးနန်းသုံးတွေနဲ့ အသားကျအောင် ကြိုးစားရင်း၊ လင်သားဖြစ်သူ ချားလ်စ်ရဲ့ အချစ်ဟောင်းနဲ့ ပြန်ပေါင်းထုပ်နေတဲ့ သတင်းတွေ နားနဲ့ အပြည့် ကြားနာရင်း၊ လူမှုရေးလုပ်ငန်းတွေမှာ စိတ်နှစ် လုပ်ဆောင်ရင်း ပြည်သူရှေ့ အပြုံးမပျက် ထွက်ရပ်ပြနေခဲ့သူ၊ သားတော်နှစ်ပါးကို ရင်နဲ့လွယ်မွေးပြီး တသားမွေး တသွေးလှ ဒိုင်ယာနာ ဖက်ရှင်ရယ်လို့ တခေတ် ဖြစ်စေခဲ့သူ...။

အပေါ်ယံ ရွှေမှုန်ကြဲထားသလောက် သူမရဲ့ အတွင်းစိတ်နှလုံး ဘယ်လောက်များ ကြေကွဲခဲ့ရရှာပါလိမ့်။ အရပ်သူ ဒိုင်ယာနာနဲ့ တော်ဝင်သူ ဒိုင်ယာနာရဲ့ ဘဝနှစ်ခုကို စိတ်၏ ချမ်းသာမှု ဆိုတဲ့ ပေတံနဲ့ ချိန်ထိုး တိုင်းထွာ ကြည့်မိတယ်။ ဘယ်လိုပဲ တွေးတွေး နောက်ဆုံးမှာ မလှမပ ဇာတ်သိမ်းခဲ့ရတဲ့အထိ သူမအပေါ် မီဒီယာတွေရဲ့ ရက်စက်မှုက ကြီးမားလွန်းလှချည်ရဲ့လို့သာ ကျမက မြင်မိတယ်။

ဒီတော့ ကိတ်အပေါ် စာနာစိတ်တွေနဲ့ သနားမိပြန်တယ်။ နေစမ်းပါစေ။ သူမ ကြိုက်သလိုနေပါစေ။ သူမ ကြိုက်တဲ့လမ်း လျှောက်စမ်းပါစေ။ သူမ လွတ်လပ်စွာ ပျံသန်းစမ်းပါစေ။ ဒိုင်ယာနာ လျှောက်ခဲ့တဲ့ လမ်းအတိုင်း လျှောက်မှာလားဆိုတဲ့ မျက်လုံးတွေရဲ့ အကြည့်တွေ အောက်မှာ သူမ မွန်းကြပ်နေမှာ စိုးမိပါတယ်။ ဒိုင်ယာနာဆိုတဲ့ လောင်းရိပ်အောက်မှာ သူမရဲ့ ရှင်သန်မှုတွေကို ဘောင်ခတ်ပစ်လိုက်ကြမှာ စိုးမိပါတယ်။ ကျမသာ ကိတ် နေရာမှာ ဆိုရင်တော့ မီဒီယာတွေ အားလုံးကို SHUT UP ! လို့ ပြောမိမယ် ထင်ပါရဲ့...။

Ref: http://tvnz.co.nz/world-news/kate-middleton-next-diana-3901552

ထွေရာနှစ်ပါး


ခု မြင်ကြရတာက ကျမတို့ ရုံး ဂိုထောင်-Warehouse ဘေးနားမှာ ချိတ်ဆွဲထားတာတွေပါ။ ရုံးလူဦးရေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်သူတွေ ဖြစ်ကြတယ်။ သူတို့ ဆေးလိပ်သောက်နေကျ ဂိုထောင်ဘေးမှာ ဒီဆိုင်းဘုတ်နဲ့ မီးခြစ်အကြီးကြီးကို တက်ညီလက်ညီ ချိတ်ဆွဲထားကြလေတယ်။ လူညီ ဤကျွဲလို့ ခေါ်ကြတော့ကာ သူတို့ ဆိုင်းဘုတ်နဲ့ သူတို့ ဟုတ်နေကြပါတော့တယ်။

သူတို့ ခန္ဓာကိုယ်ထဲမှာ နှလုံးရောဂါဖြစ်စေနိုင်တဲ့၊ လေဖြတ်စေနိုင်တဲ့၊ အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ နီကိုတင်းဓါတ်တွေ၊ ကာဗွန်မိုနောက်ဆိုက်တွေ၊ တား-Tar လို့ခေါ်တဲ့ မဲမဲပျစ်ပျစ် ကတ္တရာလို အစေးတွေ ဘယ်လောက်တောင် ထုထည် ဖွဲ့နေမှာပါလိမ့်။

ဆေးလိပ်သောက်တာဟာ ပိုက်ဆံတွေမီးရှို့ပစ်နေသလို ဖြစ်တဲ့အပြင် ကိုယ့်သေတွင်းကိုယ် တနေ့ တလက်မ တူးနေတာနဲ့ တူတူပဲလို့ ကျမ မြင်ပါတယ်။ လူအများစုက အရက်သောက်မှသာ သေနိုင်တယ်ထင်ပြီး ဆေးလိပ်သောက်တာကျတော့ စတိုင်တခု လိုလို လက်ခံထားကြပြန်ပါတယ်။

စလုံးမှာက ဆေးလိပ်နဲ့ အရက်သေစာတွေကို ပုံမှန်ထက် ဈေးမြှင့်တင်ထားပါတယ်။ ဒါတောင်မှ ဆေးလိပ်သောက်သုံးသူတွေ လျော့မသွားဘဲ တနေ့ထက် တနေ့ ပို ပိုများပြားလာပါတယ်။ ဆေးလိပ် အလိပ် ၂၀ဝင် တဗူးကို စင်္ကာပူ ၁၁ဒေါ်လာနဲ့အထက် တံဆိပ်ပေါ် မူတည်ပြီး ဈေးနှုန်းကွဲပြားသွားပါတယ်။ ကျမကတော့ တဗူးကို ဈေးနှုန်း ဒေါ်လာ ၅၀လောက်နဲ့ ရောင်းစေဖို့ ဆုတောင်းမိပါတယ်။ (ဆေးလိပ်သောက်သူများ ကျမ အကြံသိရင် ချောင်းရိုက်ချင်မှာ သေချာပါရဲ့) ဒါမှ စီးပွားပျက်မဲ့အရေးကြောင့် ဆေးလိပ် လျှော့ကြ ဖြတ်ကြမယ် ထင်တာပါပဲ။ စီးပွားအပျက်ခံပြီး တနေ့ တလက်မတူးနေတာကို နှေးလှချည်ရဲ့ ထင်ပြီး သောက်နေကြဦးမယ် ဆိုရင်တော့လည်း ကိုယ့်ဒေါသနဲ့ကိုယ် လို့ပဲ ပြောရတော့မှာပါပဲ။

ထွေရာသုံးပါး

စင်္ကာပူနိုင်ငံသား ခံယူကြမလား၊ စင်္ကာပူမှာ အိမ်ဝယ်သင့်သလား၊ စင်္ကာပူမှာ ကားဝယ်စီးသင့်သလား၊ တခြားနိုင်ငံ တခုခု ဆက်ကူးသင့်သလား၊ အသက်ကြီးရင် ရွာမှာပဲ ပြန်ပြီး အခြေချသင့်သလား...အဲဒီမေးခွန်းတွေ ကြုံဖူးကြမယ်။ ကိုယ်တိုင်လည်း စဉ်းစားခန်း ဝင်ဖူးကြမယ်။ လုပ်သင့်တယ် မလုပ်သင့်ဘူး၊ ပြန်သင့်တယ် မပြန်သင့်ဘူး...အဖြေတွေဟာ ကွဲလွဲနေမှာပဲ၊ ကွဲကို ကွဲလွဲရမယ်။ ပြောနေတဲ့ သူတွေက ကိုယ်တိုင်သော်၎င်း၊ ပတ်ဝန်းကျင် အတွေ့အကြုံအရသော်၎င်း ကိုးကားပြီး စေတနာနဲ့ အကြံပေးတဲ့ သဘော ပြောဆိုကြတယ်။ ယေဘူယျအားဖြင့်တော့ သူ့အဖြေနဲ့သူ၊ သူ့အကြောင်းပြချက်တွေနဲ့သူ ခိုင်လုံ မှန်ကန်မှု ရှိနေကြတာပါပဲ။

လူတဦးတယောက်ချင်းစီမှာ မတူညီနိုင်တဲ့ ကိုယ်ပိုင် အခြေအနေတွေ ရှိနေတာမို့ ဆုံးဖြတ်ချက်ချရာမှာလည်း ကွဲပြားသွားမှာပါပဲ။ ဓါတုဗေဒ ညီမျှခြင်းတခုက ဒြပ်စင်တွေလို ဗေလင်စီညှိပြီး ညီမျှခြင်းချကြည့်ဖို့ မကြိုးစားပါနဲ့။ ဘယ်တော့မှ မရပါဘူး။ လူတွေဟာ လူတွေ ဖြစ်နေလို့ပါပဲ။ အင်မတန် ရှင်းပါတယ်။

ဒီတော့ သူများ ပြောတာတွေ နားစွင့်ပါ။ ကိုယ်တိုင်လည်း လေ့လာပါ။ ရသလောက် အချက်အလက် အားနည်း အားသာချက်တွေ စုပြီးမှ ကိုယ့် အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ပါ။ အသေအချာ ဆုံးဖြတ်ပြီးမှ ရွေးချယ်ခဲ့တဲ့ လမ်းမှာတောင် အမှားတွေ လွဲချော်မှုတွေ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ အရေးကြီးတာက ဘာလာလာ အကောင်းဆုံး ဖြစ်အောင် ရင်ဆိုင် လုပ်ဆောင်ဖို့ စိတ်ဓါတ်ခွန်အား ရှိကြဖို့ပါ...။

ထွေရာလေးပါး

ငယ်ငယ်က သင်ခဲ့ဖူးတယ်။ အားလုံးလည်း ကြားဖူးကြမယ်။ ရိုးရှင်းတဲ့ စကားစုလေး တခု။ လဲနေသူ ထူပေးပါ...တဲ့။ ဒါပဲ။ ကျမ ဆက်တွေး ဖြစ်ခဲ့တယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လဲကျနေသူတွေကို ထူပေးရတာ လွယ်တယ်။ မြင်သာ ထင်သာ ရှိတယ်။ ဒါဆိုရင် စိတ်ပိုင်းဆိုင်ရာအရ လဲကျနေသူတွေကိုရော ထူမ ပေးဖို့ မလိုအပ်ဘူးလား။

ကျမတို့ လုပ်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ တယောက်အားနဲ့ ဖြစ်စေ၊ စုပေါင်းအားနဲ့ ဖြစ်စေ လဲနေသူတွေကို ထူပေးနိုင်ကြပါတယ်။ ကျမတို့ လက်တွေ့ လုပ်လည်း လုပ်ဆောင်ခဲ့ကြ ပြီးသားပါ။ နာဂစ်မှာ၊ ရေဘေး လေဘေးတွေမှာ၊ သောက်ရေရှားပါးတဲ့ အခိုက်အတန့်မှာ၊ အိတ်ခ်ျအိုင်ဗီ ရောဂါ ခံစားနေရသူတွေဆီမှာ၊ အိုမင်းမစွမ်းကြသူတွေဆီမှာ၊ သေတာတောင် သေစားရိတ် မရှိတဲ့သူတွေဆီမှာ၊ မိဘမဲ့ ကလေးတွေဆီမှာ ကျမတို့ရဲ့ ထူမနိုင်စွမ်းတွေနဲ့ ဖေးကူ ထူမ ခဲ့ကြဖူးပါတယ်။

အားငယ်သူ အားပေးပါ။ ဆာလောင်မွတ်သိပ်နေသူကို ကိုယ့်ထဲက မျှဝေပေးပါ။ ဒုက္ခတွေ့သူကို ကူညီပါ။ အဲသလို စကားလုံးတွေ ကွဲလွဲပြီး ဦးတည်ချက်တူတာမျိုးတွေ အများကြီး ပြောနေဖို့ မလိုဘူး။ လဲနေသူ ထူပေးပါ...ဒါပဲ။ ဒီတခွန်းနဲ့တင် ကိစ္စပြတ်တယ်။ ကိုယ်ရော စိတ်ပါ လဲနေသူတွေကို တတ်စွမ်းသမျှ ထူပေးပါ။ ကိုယ်မထူနိုင်ရင်နေ ထူနေသူတွေကို မနှောင့်ယှက်နဲ့ မကူညီချင် အေးဆေး ထိုင်နေပါ။ ဘာရယ်မဟုတ် ခုတလော စိတ်ထဲမှာ လဲနေသူ ထူပေးပါ ဆိုတာနဲ့ ပတ်သက်ပြီး လဲနေသူတွေ၊ ထူပေးနေသူတွေ နဲ့ နှောင့်ယှက်နေသူတွေအကြောင်း တွေးနေမိလို့ပါ....။



***ဖတ်ကြည့်ချင်ရင် ထွေရာလေးပါး ၁

ချစ်ကြည်အေးတယောက် တို့တာဝန် အရေးသုံးပါးနဲ့ ပေါ်လစီကားတွေ ချကျွေးနေပြီလို့ တွေးပြီး ပြုံးမိသွားလား....၊ ခုတလော အဲဒါတွေ တွေးဖြစ်နေလို့ ချရေးကြည့်ဖြစ်သွားတယ်...:)


21 comments:

  1. ခုတော့ ကွန်မန့်ရေးခဲ့ရမှာတောင် ပျင်းနေတယ်ဗျာ။

    ReplyDelete
  2. ချစ်ချစ်ရဲ့ ထွေရာလေးပါးက တွေးစရာအများကြီးပေးတယ် ။ မီဒီယာ ... သတင်းခေတ်ကြီးထဲမှာ မီဒီယာတွေကို SHUT UP ! လို့ ပြောဖို့ တွေးတောင်မကြည့်နဲ့ ချစ်ချစ်ရေ it is totally impossible ပါ ။ ဒါပေမဲ့ ညီမလေးလဲ တခါတခါ မီဒီယာတွေရဲ့ အဓိပ္ပါယ်မဲ့ စိတ်ဝင်စားမှုတွေကိုတော့ မုန်းတယ် ။
    ဆေးလိပ်... ချစ်ချစ်နဲ့ ညီမလေးနဲ့ အမြင်တူတယ် ။ ဆေးလိပ်သောက်သူတွေက မလိုအပ်ဘဲ ကိုယ့်သေတွင်းကိုယ် ဝယ်ယူနေတဲ့သူတွေ ။ သူတို့ကြိုက်လို့ သူတို့ သောက်တာ ပြသာနာမဟုတ်ဘူး မသောက်တဲ့သူပါ ဒုက္ခပေးတဲ့မို့ သိပ်မုန်းတယ် ။
    နိုင်ငံသား.... ဒါကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ် သူ့ခံယူချက်နဲ့သူပေါ့လေ ။ ဒါပေမဲ့ ဘယ်နိုင်ငံသားပဲခံခံ ကိုယ့်တာဝန်ကိုတော့ ကျေဖို့လိုတယ် လို့ထင်မိတယ် ။ စိတ်ဓါတ်ခွန်အားတွေကတော့ သေချာရှိနေဖို့လိုအပ်တယ် ချစ်ချစ်ရေ.. ပြောင်းလဲနေတဲ့ အကြောင်းတရားတွေကို လက်ခံနိုင်ဖို့ပေါ့ ။
    လဲနေသူတွေကို ထူပေးတာ မင်္ဂလာတပါးပါ ။ လူသားဆန်စွာ ကိုယ်တတ်နိုင်သလောက် ဝိုင်းထူကြတာပေါ့ ချစ်ချစ်ရယ် ။ နှောက်ယှက်နေသူတွေကတော့ သူတို့အကုသိုလ်နဲ့ သူတို့သွားပါလိမ့်မယ် ... သူတို့ကို မေ့ထားလိုက်ကြရအောင် ... ။

    ReplyDelete
  3. ဂိုထောင်က ကြေညာကမိုက်တယ်၊ Smoking manager ကတော့ သတိထားဘို့လိုတယ် အချောင်ဒဏ်ရိုက်ခံနေရဦးမယ်။

    ReplyDelete
  4. တီတီကြည့်သြဝါဒများကို ခံယူနာကြားသွားပါကြောင်း....

    ReplyDelete
  5. အမရေးတဲ့ ပို့စ်ကိုဖတ်ပြီး ဒိုင်ယာနာ မင်းသမီးကို ပြန်သတိရသွားတယ်.....
    တော်ဝင်မင်းသမီးတပါးလိုနေရပေမဲ့ ကိုယ်ပိုင်အခွင့်အရေးတွေဆုံးရှုံးရတဲ့ ဘဝမျိုးတော့ မလိုချင်ပါဘူး...။
    ညီမငယ်ငယ်က ဒိုင်ယာနာမင်းသမီးရဲ့ပုံစံကို အရမ်းကြိုက်ခဲ့ရတာ..

    ReplyDelete
  6. မချစ်ကြည်ရေ ... ကိတ်နဲ့ ၀ီလျံကိုကြည့်ရတာ ဒိုင်ယာနဲ့ ချားလ်စ် တို့တုန်းကထက် လွတ်လပ် ပွင့်လင်းပြီး သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရတယ်။ ကိတ်က ပိုရင့်ကျက်ပုံရသလို ၀ီလျံကလဲ ကိတ်ကို ချစ်တယ်လေ။်မီဒီယာတွေကတော့ လုပ်နေအုံးမှာပါပဲ။ သူတို့ကလဲ သူတို့အလုပ်လုပ်တာကိုး။

    ဆေးလိပ်သောက်တဲ့လူတွေကတော့ ဘိလပ်မှာလဲ အများသားပဲ။ ဒါပေမဲ့ အဲလိုဆိုင်းပုဒ်တော့ တွေ့ဖူးဘူး။ :)

    ReplyDelete
  7. လေ့လာသွားပါတယ် :P

    ReplyDelete
  8. ဒိုင်ယာနာရဲ့ ပုံလှလှလေးကို ကြည့်ပြီး သူမကို သတိရပြီး သနားသွားတယ်။ ဒိုင်ယာနာ ဆုံးစဉ်က ကျွန်မ ရန်ကုန်မှာပဲ ရှိသေးတယ်။ သူ့သတင်း ကြားတော့ ကျွန်မတို့ လမ်းထဲမှာ လူတွေ စုတ်တသပ်သပ်နဲ့။ ဘာမဆိုင် ညာမဆိုင် ပိာုးးး အဝေးကြီးက မင်းသမီးတစ်ပါးကို ကျွန်မတို့လည်း ချစ်ကြတယ်နော်။ တစ်ကမ္ဘာလုံးပါပဲ သူမကို ချစ်ကြတာ။ တချို့ကလည်း အင်္ဂလန်ဘုရင်မကြီးနဲ့ ချာလ်း မင်းသား ကိုယ်တိုင် ဒိုင်ယာနာကို သတ်ခိုင်းတာလို့ ဆိုတယ်နော်။ စိတ်ရင်းမနော ဖြူစင်ပြီး အေအိုင်ဒီအက်စ် ဝေဒနာရှင် ကလေးတွေကို ချီပိုးလို့ သူမ သွားရောက် နှစ်သိမ့်တဲ့ ဓါတ်ပုံလေးဆို မျက်စိထဲကကို မထွက်ဘူး။

    ReplyDelete
  9. ဟုတ်တယ်ဗျ...။ဒီကလူတွေ ဆေးလိပ် အတော်သောက်တာကလား...။
    ကျွန်တော်တို့ရုံးမှာ တနေ့ကို ၂ဘူးကုန်တဲ့သူတွေမနဲဘူး...။ဆေးလိပ်သောက်
    တဲ့သူတွေက တကယ်တော့ စိတ်ကျေနပ်မှုတစ်ခုကို လဲလှယ်ယူလိုက်တဲ့
    သဘောပါ..။အဲ့ဒီအရသာက သောက်ဖူးမှသိတာကလား..။ကျွန်တော်လည်း
    သောက်တာပဲ...။ဆေးလိပ်တဘူး၅၀ ဖြစ်တဲ့နေ့ကတော့ အစ်မချစ်ကို ရန်လာ
    တွေ့တဲ့နေ့ပဲ...ဟွန်း....:)

    ReplyDelete
  10. ကိတ်စ် ကို ဒုတိယ ဒိုင်ယာနာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းသွားတယ် အစ်မရေ ။

    မောင်မျိုး

    ReplyDelete
  11. ဝက်ဝံလေးSun Dec 19, 07:51:00 AM GMT+8

    ကိတ်က ရင့်လိုက်တာ ဒိုင်ယာနာလောက်တောင် မနုဘူး
    မြန်မာနိုင်ငံမှာ ပေါ်လစီကားတွေရိုက်ရင် မြေကွက်သော်လည်းကောင်း ဖုံးသော်လည်းကောင်း ရတယ် မချစ် ကော ဘာရဒုံး ခစ်ခစ်

    ReplyDelete
  12. ဟုတ်တယ် ခုတလော ကိတ်စ် အကြောင်းတွေ လိုက်ဖတ်ဖြစ်တယ်။ သူတို့ဘ၀တွေက စိတ်ဝင်စားစရာပါ.. The Queen ဆိုတဲ့ ရုပ်ရှင်ကိုကြည့်တော့လည်း ရှုပ်ရှုပ်ထွေးထွေး politics တွေကို လှပ်ပြထားတာ မြင်လိုက်ရတယ်။
    ဒီလိုပို့စ်လေးတွေ မကြာခဏရေးပါ.. လတ်တလော အဖြစ်လေးတွေ :)

    ReplyDelete
  13. i want to drive in SGggggg....should iiiiiii?

    ReplyDelete
  14. ထွေရာ ဘယ်နှစ်ပါးလဲ... ချင်းမိုင်ရုက္ခစိုးကို အားကျလို့ ထင်ရဲ့။း-)

    ဆေးလိပ်သမားမဟုတ်ပေမယ့်လည်း ကြုံတုန်း ဆေးလိပ်သောက်သူတွေဖက်က ရှေ့နေလိုက်ပေးလိုက်ဦးမယ်။ ဆေးလိပ်ကြိုက်သူတွေ သောက်ပါစေဗျာ။ မော်တော်ကား အိပ်ဇောပိုက်က ထွက်တဲ့ အငွေ့တွေ၊ စက်ရုံအလုပ်ရုံ ခေါင်းတိုင်တွေက ထွက်လာတာတွေလောက်တော့ မဆိုးလှသေးဘူးလို့ တွက်ရတာပဲ။ မဟုတ်ရင် လောင်စာဆီသုံး မော်တော်ကားတွေ မစီးရတို့၊ မြေနေရာတွေ ဖြုန်းတီးနေတဲ့ ဂေါက်ကွင်းကြီးတွေကို ပိတ်ပေးပါတို့ စသဖြင့် တောင်းဆိုတာတွေလည်း ပေါ်လာနိုင်ပါသေးတယ်။

    ReplyDelete
  15. ညီမ အထင်တော့ ကိတ်ဟာ ဒိုင်ယာနာလိုအဖြစ်မျိုး ဖြစ်မလာနိုင်ဘူးလို့ ထင်ပါတယ်.. ဘာလို့ဆိုတော့ ၀ီလျှံမင်းသားလေးကလည်း သူ့ကို ချစ်မြတ်နိုးလို့ပါဘဲ.. လူနှစ်ယောက်ကြားမှာ ညီမျှတဲ့ ချစ်ခြင်းမေတ္တာသာ ရှိနေရင် အခက်အခဲတွေကို အောင်မြင်သွားမှာပါ.. ဒိုင်ယာနာတုန်းက အချစ်ရေးမှာ ကံမကောင်းခဲ့ဘူး.. ချာလ်းကလည်း သူ့ကိုမချစ်ခဲ့ဘူးလေ.. ဒီတော့ သူ့ဘ၀ဟာ အထီးကျန်မှုတွေ၊ ကြေကွဲမှုတွေကြောင့် အိမ်ထောင်သည်ဘ၀ဟာလည်း ကစင့်ကလျားဖြစ်ပြီး ခုလို အဖြစ်ဆိုးနဲ့ ကြုံသွားရတာပါ. သူ့အိမ်ထောင်ဘက်ကသာ နွေးနွေးထွေးထွေး မေတ္တာတွေ လျွမ်းခြုံပေးထားခဲ့မယ်ဆိုရင် သူခုလို ကံဆိုးမယ် မထင်ပါဘူး..

    ReplyDelete
  16. ဒိုင်ယာနာ ရ.ဲ လူမှု အကျိုးပြုလုပ်ငန်းတွေ အတွက် သူ့ စိတ်ဓါတ် ကို တကယ်လေးစား ပါတယ်။ ဒါပေမဲ့ သူက အိမ်ထောင်ရေး မှာ သိတ်ခြေ မငြိမ်ဘူး လေ။ချာလ်းမင်းသား သူ့ ရည်းစားဟောင်း န.ဲ မဆက်ခင် ကတည်း က တော်တော.် ကို မငြိမ် တာ။ သူ မဆုံးခင် တွဲနေတဲ. ဒိုဒီနဲ. တောင်ကိုယ်ဝန် ရှိနေတာ။သူတို့ ကယူ ဖို.လုပ်နေတာ။ဒိုဒီ က ကုလား လေ။တော်ဝင်မိသားစု အနေနဲ.ရော၊ဗြိတိန်နိုင်ငံ အနေနဲ.ရော ဘယ်လက်ခံနိုင်မှာလဲ။သူတို့ ယူ လိုက်ရင် မင်းသားလေးတွေ န.ဲ ကုလား တွေ အမျိုးတော်စပ်တော. မှာ လေ။ ဒီကုလား က လဲ ဒီ ရည်ရွယ်ချက် နဲ ဘဲ ဟာ။တော်ဝင် မိသားစု က မီဒီယာ တွေကိုအကုန် မကြေငြာ ရင်သာနေ မှာ။အကုန်သိနေတာဘဲ။ ဒီလို ဘယ်အဖြစ်ခံလ.ို ရမလဲ။သတင်းထောက်တွေ နဲ. တေ.ပေးလိုက်တာပေါ့။ ဒိုင်ယာနာ ကောင်း ခ.ဲတာလည်းရှိသလို မလုပ်သင့်တာကို လုပ်ခဲ.တာလည်းအများကြီးရှိခ.ဲတာဘဲ။

    ReplyDelete
  17. ဒိုင်ယာနာကိုပြန်လွမ်းမိတယ်။ သူ့ကိုအရမ်းချစ်တယ်။
    ဆေးလိပ်နံ့ကိုအရမ်းမုန်းတယ်။

    ဂျင်းစုတ်

    ReplyDelete
  18. အမချစ်ရေ... Yahoo မှာ ကိတ်အတွက် နာမည်ကျော် ဒီဇိုင်နာတွေရဲ့ proposed wedding gown တွေကို ကြည့်လိုက်ရသေးလား။
    သူတို့များ မင်္ဂလာဝတ်စုံကို ဒီဇိုင်းဆွဲပေးမယ့်သူက အဆင်သင့်နော်၊ ကြိုက်တာ ရွေးယူရုံပဲ။ ဇွန်က ဂူချီနဲ့ ဗယ်လင်တီနိုရဲ့ ၀တ်စုံကို သဘောကျနေတာ။း)

    ReplyDelete
  19. ဘယ်သူတုန်း ဆေးလိပ် တဗူး ကို ဒေါ်လာ ၅၀ နဲ့ ရောင်းချင်တာ။ :P

    ReplyDelete
  20. အနော်ဆေးလိပ်သောက်တယ်....မကြီးအေးရဲ့....။
    တစ်လိပ်ဒေါ်လာ၅၀တော့ လုပ်နဲ့နော်.......ဟိဟိ

    ခင်မင်ခြင်းအားဖြင့်.....
    ဏီလင်းညို

    ReplyDelete
  21. ခုမှစုပြီး အားလုံးပြန်လာဖတ်ပါတယ်။ အရင်က ပြန်ဖို့ အလုပ်တွေရှုပ်နေလို့။

    ဒိုင်ယာနာ-ကိတ် အကြောင်း ချယ်နယ် 5 က ၂ခါတောင်ရှိပြီပြတာ။ ကိတ်က ဆွဲဆောင်မှုရှိတယ်။ ဒိုင်ယာနာလိုပဲ မီဒီယာတွေက တကောက်ကောက် လိုက်နေတော့မှာပဲ။

    တို့ကတော့ တစ်လိတ်ကို ၅၀ ဖြစ်စေချင်တာ။ အိမ်ကလူပေါ့။ ပြတ်ပြီးတာ သမီးတစ်သက်ကို ပြန်သောက်ချင်နေလို့။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...