Thursday, December 30, 2010

အလှည့်


တွမ်တိအီလဲဗန်းက  လက်တကမ်းအကွာမှာ...
ဖလန်းဖလန်းမထနိုင်တော့တဲ့ တူးဇီးရိုးတန်းကြီးက သူ့ဖျာကို သူ လိတ်နေပြီ...

နိမ့်မြင့်တက်ကျ တရားရ ဟန်
ဘဝတပါး  သူ ထွက်မသွားခင်...
တွမ်တိအီလဲဗန်းဘက် ကြည့်ငေး ပြောသွားသေးရဲ့....
ဒီတနှစ်တော့ မင်း...လန်းလိုက်ဦးပေါ့ကွာ....တဲ့...။





လာလည် စာဖတ် မန့်ကြသူများ၊ ရေးဖော်များ၊ ခုနှစ်ရက်သားသမီးများအတွက် ကောင်းသောနှစ်၊ ပျော်ရွှင်ဖွယ် နှစ်သစ်၊ စာ ပိုရေး ပိုဖတ်နိုင်သောနှစ်၊ ပိုက်ပိုက်စုနိုင်သောနှစ်၊ ကျန်းမာသောနှစ်၊ အချစ်ရေး၊ စီးပွားရေး အဆင်ပြေသောနှစ်....အို....အားလုံးပဲ ဆန္ဒရှိသလိုဖြစ်သော နှစ်သစ်မင်္ဂလာ ဖြစ်ကြပါစေရှင်.....

ဒီနှစ်အတွက်တော့ တို့ ဘလော့မရေးတော့ဘူး....နောက်နှစ်မှ တွေ့ကြမယ် စီးယူ နိတ်စ်စရီးယား:)

Image Source:http://media.photobucket.com/

Monday, December 27, 2010

ချိုသောနှင်း...


သူငယ်ချင်း...
နှင်းတွေက ခါးသတဲ့...
ငါ ကြားဖူးခဲ့သမျှ....အမှားကြီးမှား...။

ဒီဇင်ဘာမှာ....
နှင်းရဲ့ အငွေ့ နှင်းရဲ့ အတွေ့
နှင်းရဲ့ နရီ နှင်းရဲ့ ပန်းချီ
နှင်းရဲ့ ခြေဆင်း နှင်းရဲ့ သီချင်းတွေက
နှင်းခြွေချလို့ သေတဲ့အပင်တွေတောင်
အတိတ်မေ့ချင်အောင် လှပ....။

ဒီဇင်ဘာမှာ....
နှင်းတွေဟာ ခြေရာမချန်
ပဲ့တင်သံ မကြားစေရဘဲ
တိုးတိုး ဖွဖွ...
ကိုယ်တို့အနား ကြွေအကျ...။

အေးလွန်းလှတယ်ကွယ်...
ခဲကျဉ်နေတဲ့ ကိုယ့်လက်တွေ
သူ့လက်ဖဝါးထဲ ထိုးသွင်း...၊

သူ့ပုခုံးပေါ် သိုင်းယှက် ကိုယ့်လက်တွေ
တိုးဖက် ခပ်တင်းတင်း
ရယ်ရင်း...အရှက်ပြေ
ဆိုးလွန်းတဲ့ နှင်းတွေလေ...၊

သူ့အနားတိုးကပ် ပါးအပ် ပြောခဲ့ဖူး...။

အဲ့ဒီ နှင်းတွေကြောင့်...တဲ့
ကားဘီးတွေ နှင်းတောမြုတ်...
နှုတ်ခမ်းတွေလည်း ကွဲ...
အသည်းတွေလည်း အက်
လမ်းမထက် ဆီးနှင်းပိတ်...သိတ် စိတ်ညစ်တယ်...

နှင်းတွေကို ကျိန်ဆဲကြ...
နှင်းတွေကို ပြစ်တင်ကြ...
နှင်းတွေကို မုန်းတီးကြ...။

သူငယ်ချင်း...
လက်ထဲမှာ နှင်းတွေ ဆုပ်ထားရင်း
သူတို့ မသိအောင်.....တိတ်တိတ်လေး ခိုးပြုံး
ငါ...
နှင်းတွေကို ချစ်တုန်းပဲ...။



Image Source: http://www.bigfoto.com/


Friday, December 24, 2010

အောချတ် သံသရာ

အသက်လေး နဲနဲရလာတော့ နားရက်ဆို အိမ်မှာပဲ နေချင်တယ်။ အေးအေးဆေးဆေး နားချင်တယ်။ အိမ်မှာပဲ ကွန်ပြူတာနဲ့ မျက်နှာ တပ်ထားချင်တယ်။ လူတွေကလည်း အဲဒီ့နေ့လေးတွေကျမှ မွေးနေ့၊ အိမ်တက်၊ မင်္ဂလာဆောင်နဲ့ သဒ္ဓါဆွမ်းကျွေးခြင်းဆိုတဲ့ အမှုတွေ ပြုကြတယ်။ အဲလိုနေ့လေးတွေကျမှ မိတ်ဆွေတွေ အချင်းချင်းလည်း တွေ့ဆုံကြရတာ ဆိုတော့ကာ စနေ၊ တနင်္ဂနွေဆို အိမ်မှာ မနေနိုင်ဘူး လမ်းပေါ်မှာ ရှိနေတာ များတယ်။ ဟိုကဖိတ်တာ သွားစားလိုက်၊ ဒီကဖိတ်တာ သွားစားလိုက်ပေါ့။ ဘယ်အလှုမှ အဖိတ်မခံရလို့ စားစရာအိမ်မရှိတဲ့ နေ့မျိုးမှာတော့ နှစ်ယောက်သား မတိုင်ပင်ရဘဲ အပြင်ထွက် စားကြဖို့ သဘောတူကြရတယ်။

၁၀နှစ်ကျော် အတူနေလာကြပြီးတဲ့အခါ တယောက်မျက်နှာ တယောက် ဆိုတာထက် အပြင်မှာ တခြား စိတ်ဝင်စားစရာတွေ အများကြီး ရှိနေပါလားဆိုတာ ပိုသဘောပေါက်လာတယ်။ နဲနဲတောင် နောက်ကျနေသလား မသိ...။

ဒီလိုနဲ့ ပလာဇာစင်ဂါပူရ လို့ခေါ်တဲ့ ရှော့ပင်းမောကြီးထဲက ဆိုင်လေးတဆိုင်မှာ နေ့လည်စာ သွားစားခဲ့ကြတယ်။ စားသောက်ပြီးတော့ အချိန်က နေ့လည် ၂နာရီသာသာပဲ ရှိသေးတယ်။ အပြင်မို့ ထွက်မိပြီဆို တော်တော်နဲ့ အိမ်မပြန်ချင်တဲ့ ခြေထောက်တွေကြောင့်၊ လက်ထဲမှာ ပါလာတဲ့ ကင်မရာကြီးကြောင့် အောချတ်ဖက် လှည့်ကြဖို့ ဖြစ်လာတယ်။ ခရစ်စမတ်အတွက် မီးအလှဆင်ထားတာတွေ ရိုက်မယ် စိတ်ကူးနဲ့ပေါ့လေ။ ဒါပေမဲ့ အချိန်က နေ့လည်ခင်းကြီးမို့ အောချတ်ရဲ့ အလှအပကို မခံစားနိုင်ဘူး ဖြစ်တယ်။ ကြည့်လေ...ခရစ်စမတ်ပွဲတော်အကြို အလှဆင်ထားတဲ့ မီးတွေကို နေ့ခင်းကြောင်တောင် ကြည့်ရတာဟာ နှုတ်ခမ်းမွှေးမပါတဲ့ ကုလားကို တွေ့ရသလို ပြောင်ချော်ချော် နိုင်လှတယ်။ မပြည့်စုံဘူး။ ပါဖက် မဖြစ်ဘူးပေါ့...။





ဒါနဲ့ပဲ ဟိုသွား ဒီသွား ဟိုကြည့် ဒီကြည့်နဲ့ အမှောင်ကို စောင့်ရတယ်။ အောချတ်ရဲ့ အလှဟာ အမှောင်လာလို့ မီးတွေထွန်းညှိမှပဲ ရုပ်လုံးကြွ လှပလန်းဆတ်လာတယ်။ 
လက်ရှိ Scott Road-စကော့လမ်း ဖြစ်လာမဲ့ နေရာမှာ အရင်က Dr Junရဲ့ ဥယျာဉ်နဲ့ စိုက်ခင်းတွေရှိခဲ့တယ်။ Dr Jun ဆိုတာက အောချတ်လမ်းမကြီး ဆိုတဲ့ အမည်ရွေးချယ်မှုကို အတည်ပြုပေးခဲ့ရသူပါ။ အောချတ်ဆိုတာကို nutmeg (အသီးတမျိုးပါပဲ), pepper နဲ့ gambier ဆိုတဲ့ ပန်းကလေးတွေဆီကနေ ရလာတာ။ ၁၈၃၀မှာကတည်းက လမ်းပေါက်နေပေမဲ့ ၁၈၃၆ခုနှစ် George Colemanရဲ့မြေပုံမှာတောင် အောချတ်လမ်းမလို့ အမည် မတွင်ခဲ့သေးဘူး။

Meritus Mandarin Hotel နဲ့ Ngee Ann City နေရာဟာလည်း တချိန်က graveyardတွေ ဖြစ်ခဲ့တယ်။ ၁၈၄၆ခုနှစ် ဝန်းကျင်လောက်ကပေါ့။ ၁၉၆၀မှာတော့ တဖြည်းဖြည်းချင်း လူနေအိမ်ခြေတွေ၊ ဘန်ဂလိုတွေရှိလာခဲ့တယ်။ ပြီးတော့ Dhoby Ghaut MRT Station ဟာလည်း တချိန်က Jewish cemetery ဖြစ်ခဲ့ပြီး ၁၉၈၄ခုနှစ်ကျမှ ဖြိုချဖျက်ဆီးခဲ့တာ။ ကျမတို့ရွာမှာ သုဿန်ရွှေ့သလိုနေမှာပေါ့။ အဲဒီကနေမှ တဖြည်းဖြည်း စည်ပင်လာခဲ့ပြီး ခု မြင်ရတဲ့ အောချတ်လမ်းမကြီးရဲ့ ခမ်းနားမှုကြီး ဝင်ရောက်နေရာယူလာခဲ့တာ။

ခုတော့လည်း အောချတ်ဟာ စလုံးရောက်ရင် မလျှောက်မဖြစ် လျှောက်ရမဲ့လမ်းမကြီးတခုအဖြစ် ထည်ထည်ဝါဝါ ရှိခဲ့ပြီ။ ဘယ်သူကများ အောချတ်လမ်းမကြီးရဲ့ ရာဇဝင်ကို ခုလို သုဿန်တစပြင်၊ သချိုင်းမြေအဖြစ် တွေးမိကြမှာလဲနော်။ ဘုရားဟောတရားအရ ဆိုရင်တော့ ခြေချရာ နေရာတိုင်းဟာ သတ္တဝါတွေရဲ့ သချိုင်းဖြစ်တယ် လို့ ဆိုတယ်။ အဲသည်လောက်အောင်ပဲ သံသရာကြီးက ရှည်လျားလှတယ်။

ကျမတို့ သိတဲ့ အောချတ်ရဲ့ ပွဲတော်ညတွေကတော့ တနှစ်နဲ့ တနှစ် မတူအောင်၊ တနှစ်ထက် တနှစ် ပိုမို ဆန်းပြားသည်ထက် ဆန်းပြားအောင် တန်ဆာဆင်ထားလေတဲ့ အောချတ်ရဲ့ မျက်နှာစာတွေသာ ဖြစ်တယ်။ သေချာတာက မနှစ်က အောချတ်ကို ဒီနှစ် ပြန်မရနိုင်သလို၊ ဒီနှစ် အောချတ်ကိုလည်း နောက်နှစ်မှာ ပြန်မရနိုင်ခြင်းပါပဲ။ မျက်စေ့အောက်မှာ တွေ့နေရတဲ့ ရေရှင် စီးဆင်းနေသလိုမျိုး...ရေတွေကတော့ ရေတွေပဲ။ ဒါပေမဲ့ ရှေ့ရေတွေကို နောက်ရေတွေက အစားထိုး စီးဆင်းနေကြတာမျိုး။ အောချတ်ရဲ့ သံသရာဟာလည်း ဒီလိုပါပဲလေ....။

စာကြွင်းစာကျန် :
ဒီနေ့ ရုံးသွားရတာ ပျော်တယ်။ လက်ဆောင်တွေ ရတယ်။ ဘယ်သူမှ အလုပ်ရယ်လို့ မယ်မယ်ရရ မလုပ်ကြဘူး။ မန်နေဂျာကြီးလည်း ပျော်နေတယ်။ သူက ခရစ်ယာန် ဘာသာဝင်လေ။ ခဏနေတော့ မန်နေဂျာကြီးနား သွားမေးတယ်။ မရိုးနိုင်တဲ့ မေးခွန်းပါ။ ဒီနေ့ X'mas eve နေ့ဝက် ရုံးဆင်းမလားဟင် လို့။ ဟိုးနေ့ကလည်း မေးပြီးသား။ ဒါပေမဲ့ သူ ဒီနေ့ စိတ်များ ပြောင်းသွားမလား ဆိုတဲ့ မျှော်လင့်ချက် လက်ကျန်လေးနဲ့ သွားမေးတာ။ နိုး နိုး Full working dayတဲ့...။ ကွာ...သူ စိတ် သိတ်ခိုင်တယ်။ ဒါနဲ့ပဲ ခွင့် နေ့ဝက် ကောက်တင်ပြီး အိမ်ပြန်လာခဲ့တယ်။ ဘာ တတ်နိုင်သေးလဲ...ခု ဒီပိုစ့်ကို အိမ်ကနေ ရေးတင်ပလိုက်တယ်....:)

အားလုံးပဲ ပျော်ရွှင်စရာ X'mas ပွဲတော်ညများ၊ ပျော်ရွှင်စရာ ပိတ်ရက်ရှည်များ ဖြစ်ကြပါစေရှင်....။

Ref.:http://en.wikipedia.org/wiki/


Tuesday, December 21, 2010

IC ည


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက တီးဝိုင်း သွားကြည့်ဖြစ်တယ်။  တီးဝိုင်းနာမည်က One Tea မဟုတ်ပါဘူး။  One Tea က one of the sponsors ပါ။   တကယ်တီးမဲ့ တီးဝိုင်းနာမည်က IC လို့ ချစ်စနိုး ခေါ်ကြတဲ့ Iron Cross ပါ။ အဲဒီ One Tea ဆိုတဲ့ စာလုံး အကြီးကြီးအပေါ်နားလေးမှာ Iron cross ဆိုတာလေး ခပ်မှိန်မှိန် ရေးထိုးထားပါတယ်။ သေချာကြည့်ပါ။ မြင်ရပါလိမ့်မယ်။

လက်မှတ်အရတော့ ပွဲချိန် ညနေ ၆နာရီက ၁၀နာရီပါ။ တကယ်စတော့ ၆ခွဲနေပါပြီ။ တပုဒ် ၅ မိနစ်နှုန်းနဲ့ ဆိုရင်တောင် သီချင်း အပုဒ်ပေါင်း ၆ပုဒ်စာ ကြီးများတောင် အချိန်လွန်သွားပါပြီ။ ပွဲစစချင်း IC ရဲ့ အဖွင့်တီးလုံးတွေဟာ ကျမအတွက်တော့ ဘယ်တော့မှ နားထောင်လို့ မရိုးနိုင်အောင်ပါပဲ။ IC ရဲ့ ထုံးစံအတိုင်း တဦးချင်းစီရဲ့ သူတို့တီးခတ်တဲ့ တူရိယာအပေါ် ကျွမ်းကျင်မှုနဲ့ ဆန်းသစ်တီထွင်နိုင်မှုတွေကြောင့် သူတို့ရဲ့ မြူးဇစ်တွေဟာ အမြဲ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ 

အစီအစဉ်အရ ပထမဦးဆုံး လင်းလင်း၊ ပြီးတော့ အာဇာနည် တယောက် ၃ပုဒ်စီ ဆိုသွားကြပါတယ်။ လင်းလင်းကိုတော့ တေးရေးဆရာအဖြစ် သိထားရာက ကိုလေးဖြူရဲ့ ဘီအိုဘီမှာ သီချင်း ဝင်ကြောင်းပေးတာလေး နားထောင်ခဲ့ဖူးတယ်။ ကိုလေးဖြူရဲ့ "ခဏလေးများ"ဟာ သူ့လက်ရာ ဆိုတာ မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်။ သီချင်းအချိုလေးတွေနဲ့ ပိုလိုက်ဖက်မယ် လို့ မြင်မိတယ်။ အာဇာနည်ကတော့ စည်းတဖက်ခြားနဲ့ စဖွင့်ပြီး ထုံးစံအတိုင်း အဆိုအားကောင်းကောင်းနဲ့ သီဆိုသွားခဲ့တယ်။

ဝိုင်ဝိုင်း စဆိုလို့ ၃ပုဒ်မြောက်ကျမှ ထင်ပါရဲ့ ဘေစ့်သမား ကိုခင်မောင်သန့် စင်ရှေ့ထွက်တီးပါတယ်။ ဘေစ့်ဂစ်တာ တခုခု loose ဖြစ်နေတာ ပြင်ဆင်ရင်း စင်ဘေးထွက်ပြီး ထိန်းတီးနေခဲ့တာပါ။ ကျမအမြင် ပြောရရင်  ဝိုင်ဝိုင်းဆိုတာကို အရင်ပွဲတွေလောက် အားမရခဲ့တာ အမှန်ပါ။ သူ့အလှည့် ၅ပုဒ်ကို ပရိသတ်တွေ အတော် သည်းခံ နားထောင်ခဲ့ကြရပုံပေါ်ပါတယ်။


လာပါပြီ။ မျိုးကြီး အလှည့်ပါ။ နောက်ကလူတွေ အကုန်နီးပါး မတ်တတ်ရပ် ခုန်ပေါက်ကုန်ကြတယ်။ အင်္ကျီတွေ လေထဲ ပစ်မြှောက် ကုန်ကြတယ်။ ခုမှပဲ စင်ပေါ် စင်အောက် တသားတည်း ဖြစ်သွားခဲ့တော့တာ။ ဆေးပါ ဆေးပါ...နဲ့ အသားကုန် လွှတ်အော်ကြ၊ လက်တွေ အပေါ်မြှောက်ကြ၊ ခုန်ကြ ကကြနဲ့ မျိုးကြီးရဲ့ စန်းဟာ လူငယ်ထုအကြား ကြောက်ခမန်းလိလိပါပဲ။ နောက်တော့ ကိုအငဲ...။ နောက်...ကိုလေးဖြူ...။ ဆက်တိုက်ပါပဲ... လူငယ်တွေရဲ့ အာရုံဟာ သူတို့ရဲ့ ဖန်တီးမှုတွေထဲ အင်နဲ့ အားနဲ့ အရှိန်အဟုန်နဲ့ စီးမျော လိုက်ပါလို့...။ ရော့ခ်တစ္ဆေတွေရဲ့ ဖမ်းစားမှုအောက် ကောက်ကောက်လိုက်ပါလို့...။

နောက်ဆုံးတန်းက ကြည့်ရတဲ့ အရသာကို ကျမ သိတ်ကြိုက်ပါတယ်။ ဘောလုံးပွဲ ပွဲကြည့်စင်လို လှေကားထစ်တွေပေါ်ကမို့လို့ စတိတ်ခ်ျ တခုလုံးကို စီးမိုး မြင်နေရတာရယ်၊ ရှေ့ကလူတွေရဲ့ စည်းချက်အလိုက် ခုန် ခုန် ခုန်နေတဲ့ ခေါင်းလေးတွေဟာ လှိုင်းလုံးကလေးတွေ အတက်အကျလို မြင်နိုင်တာရယ်၊ နောက်ကမို့လို့ မတ်တတ်ရပ်ချင်လည်းရပ်၊ ကချင်ရင်လည်းက အပီကဲလို့ ရတာတွေရယ်ကြောင့် ပွဲတခုလုံးရဲ့ အငွေ့အသက်ကို အပြည့်အဝ ခံစားရနိုင်တာမို့ပါ။

ကိုလေးဖြူရဲ့ ပထမဆုံးသီချင်း အမဲလိုက်အကမှာတော့ အားလုံး စိတ်တွေ လွှတ်ပေးလိုက်ကြတယ် ထင်ရဲ့။ မတ်တတ်ရပ် ခုန်ကြ၊ ကကြပြန်ပါရော။  ပထမပိုင်းအပြီးမှာ ဒုတိယပိုင်းအစ လင်းလင်းရဲ့ အလှည့် ပြန်ရောက်ပါတယ်။ အားနာလိုက်တာ လင်းလင်းရေ... ဒါပေမဲ့ ဗိုက်ဆာလှပြီ။ ညစာစားခွင့်ပြုဦးလို့ စိတ်ထဲက ပြော၊ အပြေးအလွှား အမြန်သွားစား။ စားပြီး ပြန်ရောက်တော့ ဝိုင်ဝိုင်း အလှည့် တဝက်ကျိုးနေပြီ။ နောက်တခါ မျိုးကြီး...ဓါတ်ပြားဟောင်း၊ ကိုအငဲ...နွံ၊ ကိုလေးဖြူ...ခရီးဆုံးထိ...။ အကြိုက်ဆုံး သီချင်းတွေ အတွက် ကျေးဇူးတင်တယ်။


ပွဲသိမ်းတော့ ည ၁၀နာရီခွဲပြီ။ ကျမအပါအဝင် ပရိသတ်က အိမ်မပြန်ချင်ကြသေးဘူး။ ဆိုတဲ့သူတွေလည်း ဆိုလို့ မဝကြသေးဘူး။ တကယ်ဆို သူတို့အတွက် သွေးပူလေ့ကျင့်ခန်းလောက်ပဲ ရှိသေးတာ။ ဒီကြားထဲ ခန်းမရဲ့ တာဝန် ရှိသူတွေက ၁၀နာရီကျော်တာနဲ့ ပွဲသိမ်းဖို့ လာလာပြောနေကြတော့ ကြည့်ရတာ အရသာ ပျက်သွားတယ်။ သူတို့ကလည်း တာဝန်အရ လုပ်ကြရတာလေ။ စီစဉ်သူက ညနေ၆နာရီကနေ ည ၁၀နာရီထိပဲ ငှားခပေးထားတာကိုး။ ဒါနဲ့ပဲ အီလည်လည်နဲ့ အိမ်ပြန်ခဲ့ကြရတော့တယ်။ 

ဖြစ်နိုင်ရင် ညနေ ၅နာရီ စပြီး အလယ်မှာ နားချိန် နာရီဝက်လောက် ရှိသင့်တယ်။ ဒါမှမဟုတ် နေ့လည် ၁နာရီက ညနေ ၆နာရီ လုပ်ရင်လည်း အဆင်ပြေနိုင်တယ်။ ဒုတိယပိုင်းမှာ ဆိုချင်တဲ့ သီချင်းတွေ ဝအောင် ဆိုနိုင်ဖို့ သီချင်းပုဒ်ရေနဲ့ ကြာမြင့်ချိန် မိနစ် တွက်ချက်ထားသင့်တယ်။ အခက်အခဲတွေကတော့ ရှိမှာပါပဲ။ စီစဉ်သူအနေနဲ့ ဒါလေးတွေကအစ ကြိုတင် တွက်ဆ စီစဉ်ထားမယ်ဆိုရင် ကြည့်ရတာ ပိုအဆင်ပြေတဲ့ ပွဲလေးတပွဲ ဖြစ်လာနိုင်မှာပါ။



Saturday, December 18, 2010

ထွေရာလေးပါး-၂

ထွေရာတစ်ပါး

လာမဲ့နှစ် ၂၀၁၁ ဧပြီလ ၂၉မှာ စုလျားရစ်ပတ် လက်ထပ်ကြတော့မဲ့ Prince William မင်းသား ဝီလီယန်နဲ့ သူ့ရဲ့ ချစ်သူ Kate Middleton ကိတ်တို့ရဲ့ မင်္ဂလာပွဲအကြောင်း သိပြီးကြမှာပါ။ ကျမအနေနဲ့ကတော့ အဲဒီမင်္ဂလာပွဲထက် မင်္ဂလာပွဲပြီးတဲ့နောက် နန်းတွင်းအရေးတွေ၊ အတိအကျ ပြောရရင် ကိတ်ရဲ့ နန်းတော်ထဲက အခန်းကဏ္ဍတွေကို ပို စိတ်ဝင်စားမိတယ်။ အမှန်ဆို ကိုယ့်အလုပ် မဟုတ်ပေဘူး။ သို့သော်လည်း မီဒီယာတွေရဲ့ Kate Middleton - the next Diana? ဆိုတဲ့ ဆောင်းပါးကြောင့် စိတ်ထဲ အတော်လေး တွေးစရာ ဖြစ်သွားတယ်။


အဲသလို သူမကလေးဟာ ဒုတိယ ဒိုင်ယာနာများ ဖြစ်လေမလား ဆိုတဲ့ မီဒီယာတွေရဲ့ စကားဦးသန်းမှုဟာ ဘယ်လောက်များ တာသွားလေမလဲ။ သူမရဲ့ နန်းတွင်းသူ ဘဝကို ဘယ်လိုတွေများ ရိုက်ခတ်လာနိုင်မလဲလို့ မစဉ်းစားဘဲ မနေနိုင် ဖြစ်ရတယ်။ သာမန် အရပ်သူဘဝကနေ တော်ဝင်မိသားစုထဲ ရောက်ခဲ့ရတဲ့ ဒိုင်ယာနာ၊ ကျမတို့လို အနီးကပ်သူငယ်ချင်း ရယ်လို့ ယုံယုံကြည်ကြည် ရင်ဖွင့်စရာ တဦးတလေမှ အနားမှာ မရှိခဲ့တဲ့ ဒိုင်ယာနာ၊ သူမအတွက်တော့ နံရံတိုင်းမှာ နားမျက်စိတွေ အပြည့်တပ်ဆင်ထားသလို မလုံမခြုံ ခံစားခဲ့ရရှာတဲ့ ဒိုင်ယာနာ၊ တော်ဝင်မိသားစုတွေအလယ် ထီးသုံးနန်းသုံးတွေနဲ့ အသားကျအောင် ကြိုးစားရင်း၊ လင်သားဖြစ်သူ ချားလ်စ်ရဲ့ အချစ်ဟောင်းနဲ့ ပြန်ပေါင်းထုပ်နေတဲ့ သတင်းတွေ နားနဲ့ အပြည့် ကြားနာရင်း၊ လူမှုရေးလုပ်ငန်းတွေမှာ စိတ်နှစ် လုပ်ဆောင်ရင်း ပြည်သူရှေ့ အပြုံးမပျက် ထွက်ရပ်ပြနေခဲ့သူ၊ သားတော်နှစ်ပါးကို ရင်နဲ့လွယ်မွေးပြီး တသားမွေး တသွေးလှ ဒိုင်ယာနာ ဖက်ရှင်ရယ်လို့ တခေတ် ဖြစ်စေခဲ့သူ...။

အပေါ်ယံ ရွှေမှုန်ကြဲထားသလောက် သူမရဲ့ အတွင်းစိတ်နှလုံး ဘယ်လောက်များ ကြေကွဲခဲ့ရရှာပါလိမ့်။ အရပ်သူ ဒိုင်ယာနာနဲ့ တော်ဝင်သူ ဒိုင်ယာနာရဲ့ ဘဝနှစ်ခုကို စိတ်၏ ချမ်းသာမှု ဆိုတဲ့ ပေတံနဲ့ ချိန်ထိုး တိုင်းထွာ ကြည့်မိတယ်။ ဘယ်လိုပဲ တွေးတွေး နောက်ဆုံးမှာ မလှမပ ဇာတ်သိမ်းခဲ့ရတဲ့အထိ သူမအပေါ် မီဒီယာတွေရဲ့ ရက်စက်မှုက ကြီးမားလွန်းလှချည်ရဲ့လို့သာ ကျမက မြင်မိတယ်။

ဒီတော့ ကိတ်အပေါ် စာနာစိတ်တွေနဲ့ သနားမိပြန်တယ်။ နေစမ်းပါစေ။ သူမ ကြိုက်သလိုနေပါစေ။ သူမ ကြိုက်တဲ့လမ်း လျှောက်စမ်းပါစေ။ သူမ လွတ်လပ်စွာ ပျံသန်းစမ်းပါစေ။ ဒိုင်ယာနာ လျှောက်ခဲ့တဲ့ လမ်းအတိုင်း လျှောက်မှာလားဆိုတဲ့ မျက်လုံးတွေရဲ့ အကြည့်တွေ အောက်မှာ သူမ မွန်းကြပ်နေမှာ စိုးမိပါတယ်။ ဒိုင်ယာနာဆိုတဲ့ လောင်းရိပ်အောက်မှာ သူမရဲ့ ရှင်သန်မှုတွေကို ဘောင်ခတ်ပစ်လိုက်ကြမှာ စိုးမိပါတယ်။ ကျမသာ ကိတ် နေရာမှာ ဆိုရင်တော့ မီဒီယာတွေ အားလုံးကို SHUT UP ! လို့ ပြောမိမယ် ထင်ပါရဲ့...။

Ref: http://tvnz.co.nz/world-news/kate-middleton-next-diana-3901552

ထွေရာနှစ်ပါး


ခု မြင်ကြရတာက ကျမတို့ ရုံး ဂိုထောင်-Warehouse ဘေးနားမှာ ချိတ်ဆွဲထားတာတွေပါ။ ရုံးလူဦးရေရဲ့ ၆၀-၇၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်သူတွေ ဖြစ်ကြတယ်။ သူတို့ ဆေးလိပ်သောက်နေကျ ဂိုထောင်ဘေးမှာ ဒီဆိုင်းဘုတ်နဲ့ မီးခြစ်အကြီးကြီးကို တက်ညီလက်ညီ ချိတ်ဆွဲထားကြလေတယ်။ လူညီ ဤကျွဲလို့ ခေါ်ကြတော့ကာ သူတို့ ဆိုင်းဘုတ်နဲ့ သူတို့ ဟုတ်နေကြပါတော့တယ်။

သူတို့ ခန္ဓာကိုယ်ထဲမှာ နှလုံးရောဂါဖြစ်စေနိုင်တဲ့၊ လေဖြတ်စေနိုင်တဲ့၊ အဆုတ်ကင်ဆာဖြစ်စေနိုင်တဲ့ နီကိုတင်းဓါတ်တွေ၊ ကာဗွန်မိုနောက်ဆိုက်တွေ၊ တား-Tar လို့ခေါ်တဲ့ မဲမဲပျစ်ပျစ် ကတ္တရာလို အစေးတွေ ဘယ်လောက်တောင် ထုထည် ဖွဲ့နေမှာပါလိမ့်။

ဆေးလိပ်သောက်တာဟာ ပိုက်ဆံတွေမီးရှို့ပစ်နေသလို ဖြစ်တဲ့အပြင် ကိုယ့်သေတွင်းကိုယ် တနေ့ တလက်မ တူးနေတာနဲ့ တူတူပဲလို့ ကျမ မြင်ပါတယ်။ လူအများစုက အရက်သောက်မှသာ သေနိုင်တယ်ထင်ပြီး ဆေးလိပ်သောက်တာကျတော့ စတိုင်တခု လိုလို လက်ခံထားကြပြန်ပါတယ်။

စလုံးမှာက ဆေးလိပ်နဲ့ အရက်သေစာတွေကို ပုံမှန်ထက် ဈေးမြှင့်တင်ထားပါတယ်။ ဒါတောင်မှ ဆေးလိပ်သောက်သုံးသူတွေ လျော့မသွားဘဲ တနေ့ထက် တနေ့ ပို ပိုများပြားလာပါတယ်။ ဆေးလိပ် အလိပ် ၂၀ဝင် တဗူးကို စင်္ကာပူ ၁၁ဒေါ်လာနဲ့အထက် တံဆိပ်ပေါ် မူတည်ပြီး ဈေးနှုန်းကွဲပြားသွားပါတယ်။ ကျမကတော့ တဗူးကို ဈေးနှုန်း ဒေါ်လာ ၅၀လောက်နဲ့ ရောင်းစေဖို့ ဆုတောင်းမိပါတယ်။ (ဆေးလိပ်သောက်သူများ ကျမ အကြံသိရင် ချောင်းရိုက်ချင်မှာ သေချာပါရဲ့) ဒါမှ စီးပွားပျက်မဲ့အရေးကြောင့် ဆေးလိပ် လျှော့ကြ ဖြတ်ကြမယ် ထင်တာပါပဲ။ စီးပွားအပျက်ခံပြီး တနေ့ တလက်မတူးနေတာကို နှေးလှချည်ရဲ့ ထင်ပြီး သောက်နေကြဦးမယ် ဆိုရင်တော့လည်း ကိုယ့်ဒေါသနဲ့ကိုယ် လို့ပဲ ပြောရတော့မှာပါပဲ။

ထွေရာသုံးပါး

စင်္ကာပူနိုင်ငံသား ခံယူကြမလား၊ စင်္ကာပူမှာ အိမ်ဝယ်သင့်သလား၊ စင်္ကာပူမှာ ကားဝယ်စီးသင့်သလား၊ တခြားနိုင်ငံ တခုခု ဆက်ကူးသင့်သလား၊ အသက်ကြီးရင် ရွာမှာပဲ ပြန်ပြီး အခြေချသင့်သလား...အဲဒီမေးခွန်းတွေ ကြုံဖူးကြမယ်။ ကိုယ်တိုင်လည်း စဉ်းစားခန်း ဝင်ဖူးကြမယ်။ လုပ်သင့်တယ် မလုပ်သင့်ဘူး၊ ပြန်သင့်တယ် မပြန်သင့်ဘူး...အဖြေတွေဟာ ကွဲလွဲနေမှာပဲ၊ ကွဲကို ကွဲလွဲရမယ်။ ပြောနေတဲ့ သူတွေက ကိုယ်တိုင်သော်၎င်း၊ ပတ်ဝန်းကျင် အတွေ့အကြုံအရသော်၎င်း ကိုးကားပြီး စေတနာနဲ့ အကြံပေးတဲ့ သဘော ပြောဆိုကြတယ်။ ယေဘူယျအားဖြင့်တော့ သူ့အဖြေနဲ့သူ၊ သူ့အကြောင်းပြချက်တွေနဲ့သူ ခိုင်လုံ မှန်ကန်မှု ရှိနေကြတာပါပဲ။

လူတဦးတယောက်ချင်းစီမှာ မတူညီနိုင်တဲ့ ကိုယ်ပိုင် အခြေအနေတွေ ရှိနေတာမို့ ဆုံးဖြတ်ချက်ချရာမှာလည်း ကွဲပြားသွားမှာပါပဲ။ ဓါတုဗေဒ ညီမျှခြင်းတခုက ဒြပ်စင်တွေလို ဗေလင်စီညှိပြီး ညီမျှခြင်းချကြည့်ဖို့ မကြိုးစားပါနဲ့။ ဘယ်တော့မှ မရပါဘူး။ လူတွေဟာ လူတွေ ဖြစ်နေလို့ပါပဲ။ အင်မတန် ရှင်းပါတယ်။

ဒီတော့ သူများ ပြောတာတွေ နားစွင့်ပါ။ ကိုယ်တိုင်လည်း လေ့လာပါ။ ရသလောက် အချက်အလက် အားနည်း အားသာချက်တွေ စုပြီးမှ ကိုယ့် အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ပါ။ အသေအချာ ဆုံးဖြတ်ပြီးမှ ရွေးချယ်ခဲ့တဲ့ လမ်းမှာတောင် အမှားတွေ လွဲချော်မှုတွေ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ အရေးကြီးတာက ဘာလာလာ အကောင်းဆုံး ဖြစ်အောင် ရင်ဆိုင် လုပ်ဆောင်ဖို့ စိတ်ဓါတ်ခွန်အား ရှိကြဖို့ပါ...။

ထွေရာလေးပါး

ငယ်ငယ်က သင်ခဲ့ဖူးတယ်။ အားလုံးလည်း ကြားဖူးကြမယ်။ ရိုးရှင်းတဲ့ စကားစုလေး တခု။ လဲနေသူ ထူပေးပါ...တဲ့။ ဒါပဲ။ ကျမ ဆက်တွေး ဖြစ်ခဲ့တယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လဲကျနေသူတွေကို ထူပေးရတာ လွယ်တယ်။ မြင်သာ ထင်သာ ရှိတယ်။ ဒါဆိုရင် စိတ်ပိုင်းဆိုင်ရာအရ လဲကျနေသူတွေကိုရော ထူမ ပေးဖို့ မလိုအပ်ဘူးလား။

ကျမတို့ လုပ်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ တယောက်အားနဲ့ ဖြစ်စေ၊ စုပေါင်းအားနဲ့ ဖြစ်စေ လဲနေသူတွေကို ထူပေးနိုင်ကြပါတယ်။ ကျမတို့ လက်တွေ့ လုပ်လည်း လုပ်ဆောင်ခဲ့ကြ ပြီးသားပါ။ နာဂစ်မှာ၊ ရေဘေး လေဘေးတွေမှာ၊ သောက်ရေရှားပါးတဲ့ အခိုက်အတန့်မှာ၊ အိတ်ခ်ျအိုင်ဗီ ရောဂါ ခံစားနေရသူတွေဆီမှာ၊ အိုမင်းမစွမ်းကြသူတွေဆီမှာ၊ သေတာတောင် သေစားရိတ် မရှိတဲ့သူတွေဆီမှာ၊ မိဘမဲ့ ကလေးတွေဆီမှာ ကျမတို့ရဲ့ ထူမနိုင်စွမ်းတွေနဲ့ ဖေးကူ ထူမ ခဲ့ကြဖူးပါတယ်။

အားငယ်သူ အားပေးပါ။ ဆာလောင်မွတ်သိပ်နေသူကို ကိုယ့်ထဲက မျှဝေပေးပါ။ ဒုက္ခတွေ့သူကို ကူညီပါ။ အဲသလို စကားလုံးတွေ ကွဲလွဲပြီး ဦးတည်ချက်တူတာမျိုးတွေ အများကြီး ပြောနေဖို့ မလိုဘူး။ လဲနေသူ ထူပေးပါ...ဒါပဲ။ ဒီတခွန်းနဲ့တင် ကိစ္စပြတ်တယ်။ ကိုယ်ရော စိတ်ပါ လဲနေသူတွေကို တတ်စွမ်းသမျှ ထူပေးပါ။ ကိုယ်မထူနိုင်ရင်နေ ထူနေသူတွေကို မနှောင့်ယှက်နဲ့ မကူညီချင် အေးဆေး ထိုင်နေပါ။ ဘာရယ်မဟုတ် ခုတလော စိတ်ထဲမှာ လဲနေသူ ထူပေးပါ ဆိုတာနဲ့ ပတ်သက်ပြီး လဲနေသူတွေ၊ ထူပေးနေသူတွေ နဲ့ နှောင့်ယှက်နေသူတွေအကြောင်း တွေးနေမိလို့ပါ....။



***ဖတ်ကြည့်ချင်ရင် ထွေရာလေးပါး ၁

ချစ်ကြည်အေးတယောက် တို့တာဝန် အရေးသုံးပါးနဲ့ ပေါ်လစီကားတွေ ချကျွေးနေပြီလို့ တွေးပြီး ပြုံးမိသွားလား....၊ ခုတလော အဲဒါတွေ တွေးဖြစ်နေလို့ ချရေးကြည့်ဖြစ်သွားတယ်...:)


Monday, December 13, 2010

His.tori

စားသောက်ဆိုင်လေး တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ His.tori လို့ ခေါ်ပါတယ်။ သိကြတဲ့အတိုင်းပဲ အစားအသောက်ဆို လက်မနှေးတဲ့ ကျမက သူငယ်ချင်း ကိုစိုင်းရဲ့ စားသောက်ဆိုင်လေးဖွင့်ပြီဆိုတာ ကြားကတည်းက မြည်းစမ်းချင်နေမိသူပါ။ လာမြည်းစမ်းကြည့်ဖို့ ဖိတ်တာနဲ့ နှစ်ခါမပြောရဘူး လိပ်စာမေး၊ လာရမဲ့ အချိန်မေး ပြီးတာနဲ့ အဲဒီနေ့က ကြားရက်ဖြစ်တာမို့ ရုံးအသွား ကင်မရာကြီးပါ တခါတည်း လွယ်ပြီး သွားခဲ့တော့တာ။

His.tori ရဲ့ အစားအသောက် အရသာတွေက ဘယ်ဆိုင်နဲ့မှမတူ တမူထူးနေတယ်။ နိုင်ငံရပ်ခြားအစားအစာပေမဲ့ ကျမတို့ မြန်မာပါးစပ်နဲ့ အစပ်အဟပ် တည့်လွန်းလှတယ်။ ဂျပန်စာလိုလို ကိုရီးယားစာလိုလို၊ ဂျပန်အရက်ရသလို၊ ကိုရီးယား ဆိုဂျူးလည်းရတယ်။ ဒါတွေ မသောက်တတ်ဘူးဆိုလည်း ရေပဲ မှာသောက်ကြည့်ပါ။ တခါမှ မသောက်ဖူးတဲ့ မွှေးပျံ့တဲ့ ရနံ့ သင်းသင်းလေးနဲ့ ရေကို မြည်းစမ်းရပါလိမ့်မယ်။ ကျမတော့ အနံ့လေး မွှေးရင်း ရေချည်း နှစ်ခွက်သောက်ခဲ့တယ်:)

His.tori က EZ50 လို့ခေါ်တဲ့ အဲဒီ Building မှာပါ...လိပ်စာကတော့ 20 Tanjong Pagar Road ဖြစ်ပါတယ်...


ကင်မ်ချီထမင်းကြော်...စားကြည့်လိုက်တာနဲ့တင် အရမ်း သဘောကျမိတယ်။ စားခဲ့ဖူးတဲ့ ကိုရီးယားဆိုင်တွေလို အချဉ် မစူးဘူး။ အရသာက ပြေပြေလေးနဲ့ စားကောင်းလှတယ်။ မေးကြည့်မိတော့မှ His.tori ရဲ့ အစားအသောက်တွေကို ဖန်တီးသူဟာ ဂျပန်က နာမည်ကြီး စားသောက်ဆိုင်မှာ ၁၀စုနှစ်ကျော် စားဖိုမှူးလုပ်ခဲ့ဖူးသူတယောက်လို့ ဆိုတယ်။ သူ့ရဲ့ စမ်းသပ်တီထွင်မှုရယ်၊ အစုရှယ်ယာဝင်တွေရဲ့ အကြံဉာဏ်တွေရယ် ပေါင်းစပ်ပြီး အာရှသားတွေ ခံတွင်းတွေ့အောင် အစားအစာတွေကို ပြင်ဆင်ဖန်တီးထားတာ ဖြစ်တယ်။ ဒီတော့  His.tori ရဲ့ အရသာတွေဟာ ဂျပန်စာ၊ ကိုရီးယားစာတွေကနေ မြစ်ဖျားခံလာတဲ့ ဆန်းသစ်မှုတွေပဲ ဖြစ်တယ်။

အတွေ့အကြုံများလှတဲ့ စားဖိုမှူးက အချိုမှုန့်တွေ၊ ဆားတွေ လုံးဝ မသုံးပဲ သစ်သီးတွေကနေ သဘာဝအတိုင်း အချိုအငန် အရသာကို ရယူချက်ပြုတ်ထားပါသတဲ့။ ဒီတော့ ကျန်းမာရေးအတွက်လည်း သင့်လှပါပေတယ်။ အို....အစားအသောက်များဆို ကျမကတော့ ဘာမဆို သင့်တော်တယ် ထင်တာချည်းပါပဲ:) ကျမတို့ အုပ်စုကတော့ ကောက်ရိုးမလောက် မြက်မလောက် အုပ်စုမို့ မှာစားသမျှ တက်တက်ပြောင် စားပြီးမှ နောက်ဆုံး အချိုပွဲအတွက် ဗိုက်မဆန့်တော့တာမို့ အချိုပွဲ မစားခဲ့ကြရပါဘူး။ နောက်တခေါက်ပေါ့ကွာ လို့ တေးထားခဲ့ကြပါတယ်။ 









သွားတိုက်ဆေး ကြော်ငြာတဲ့ လူရွှင်တော်ကြီး ၄ယောက် မဟုတ်ပါ...His.tori ရဲ့ အစုရှယ်ယာဝင် ၂ယောက်နဲ့ ကျန်၂ယောက်က အိမ်အပြန် အစားအသောက်တွေ ဗိုက်တလုံးနဲ့ အပြည့် သယ်သွားကြတဲ့ Satisfied Customer ကြီး ၂ယောက်ပါ...

ကျမတို့ ပြန်ခါနီးတော့ ဆိုင် ပိတ်ခါနီးနေပါပြီ...ဒါတောင် တချို့က ရွက်လွှင့်ကောင်းတုန်း၊ တချို့က ကျောက်ချ ကောင်းတုန်းပါပဲ....


ဆိုင်အပြင်မှာ စားပွဲခုံရရင်တော့ အကောင်းဆုံးပဲ။ ဗိုက်လည်း အစာကျွေး၊ မျက်စေ့လည်း အစာကျွေးရင်းပေါ့...ဘေးက Pubက ကောင်မလေးတွေ တော်တော်လန်းတယ်...


စားသမျှတွေ အကုန် ဓါတ်ပုံ မရိုက်ခဲ့ရဘူး။ ဓါတ်ပုံရိုက်မယ်ကြံတိုင်း ဗိုက်ထဲ ရောက်သွားပြီးသား ဖြစ်ဖြစ်နေလို့...

ပြောဦးမယ်။ ဘာကြောင့် His.tori မှာ သွားစားသင့်သလဲ....
၁) GST, Service Charge လုံးဝ ပေးစရာမလို
၂) ဆိုင်နေရာ အကွက်အကွင်း မြို့လယ်ကျခြင်း
၃) မြန်မာလို့ ဆိုလိုက်တာနဲ့ ဒစ်စကောင့် ပေးပြီးသား 

အရေးကြီးဆုံး နောက်ဆုံးတချက်က ၄) အရသာ ကောင်းမွန်ခြင်း တွေကြောင့်ပါပဲ...
ကဲ...လက်တို့လိုက်ပြီနော်....His.tori တဲ့....

Menu ဖတ်ချင်ရင်...
http://www.facebook.com/home.php?#!/pages/Histori/150940058282377

Thursday, December 9, 2010

နှောင်ထုံးအပြေ


အပေါ်ယံ အမြင်လှဖို့ သက်သက်နဲ့တော့
ငါ့စာမျက်နှာတွေကို ဆေးခြယ်မနေချင်ဘူး...။

ချစ်လွန်းလို့ပါ ဆိုတဲ့ ကြိုးချိုချိုတွေနဲ့ ရစ်ပတ် အထပ်ထပ်...
(ငါက) ကိုယ့်ကြိုးကိုယ် ဖြတ်ခဲ့တဲ့ လိုင်စင်ရ ကကြိုးရုပ်...
ကြိုးစတွေ မရှုပ်ခင်....၊

အစားခံရမယ်ဆိုရင်တောင် နောက်ဆုံးမှ လက်နက်ချမဲ့ ငါက...ဘုရင်မ ဖြစ်ချင်သူ
နယ်ရုပ်ကလေးတွေလို မင်း ရွှေ့ချင်တိုင်း ရွှေ့မရတာ
ငါ့အပြစ်မှ မဟုတ်တာ...၊

အပြစ်ရှာလိုသူအတွက် ထွက်ပေါက်မဲ့ မွန်းကြပ်မှုတွေကြား
ညခါးခါးတွေ အဖျားတက်...
တလမ်းမောင်း အချစ်လက်နဲ့ တဖက်မြင် မင်းအကျင့်
ရက်လွန်နေတဲ့ အချစ်တွေက လူကို လောင်မြိုက်စေတယ်...။

အရှုံးပေးရဖန်များလာတဲ့အခါ...
ချစ်တာက တခြား မာနက သပ်သပ်
ဓါးစာခံ နှလုံးသား အပိုင်းပိုင်းစုတ်ပြတ်ရင်း
ငိုချင်းနဲ့ မိုးအလင်း ပွဲချီတွေ များလှပေါ့...။

အပေါ်ယံ အမြင်လှဖို့ သက်သက်
ငါ့စာမျက်နှာတွေကို ဆေးခြယ်မနေချင်တော့ဘူး...။





ဘောင်ခတ်သူ သက်ဝေ
ပုံဆွဲသူ ချစ်ကြည်အေး

Tuesday, December 7, 2010

အရွှေ့အပြောင်း

ဟောစာတမ်းအရ ဒီနှစ်ထဲမှာ အရွှေ့အပြောင်း ရှိသတဲ့။ အိမ် သို့မဟုတ် အလုပ် အရွှေ့အပြောင်း ရှိမယ်လို့ ဟောထားတာ။ အိမ်ကတော့ ဘယ်လိုမှ ပြောင်းဖို့ မဖြစ်နိုင်ဆိုတော့ အလုပ်များ ပြောင်းဖြစ်မလား တွေးခဲ့မိတာ။ ဘယ်ဟုတ်လို့လဲ ရုံးနေရာ ပြောင်းတာ ဖြစ်နေတယ်။ ဒါလည်း အရွှေ့အပြောင်းပဲမို့ ဟောစာတမ်း မှန်တယ် ဆိုရမယ်။

သောကြာနေ့ ရုံးပြောင်းဖို့ ဗုဒ္ဓဟူး-ကြာသပတေးမှာ ကိုယ့်အလုပ်စားပွဲက ပစ္စည်းတွေ ကိုယ်စီ သိမ်းကြရတယ်။ အိမ်ပြောင်းတာနဲ့ ဘာကွာလဲဆိုတော့ကာ အိမ်ပြောင်းရင် ကိုယ်တယောက်ထဲ တအိမ်လုံးစာ ဒိုင်ခံ သိမ်းရပြီး ရုံးကျတော့ ကိုယ့်စားပွဲတခုစာလေးပဲ သိမ်းရတယ်။ မျက်စေ့အောက် အမြင်မတော်တာတွေ တွေ့ရင်တော့ ဝိုင်းကူသိမ်းဆည်း သယ်မ ပေးရတာပေါ့။ နေမှ မနေတတ်ပဲ။ ကိုယ်က မြန်မာကိုး။ ပြောင်းပြီးလို့ အထုပ်တွေ နေရာပြန်ချတဲ့ အခါမှာတော့ ကွာသွားပြီ။ အိမ်မှာဆို အသုံးလိုတဲ့ အထုပ်လေးလောက်ပဲ ဖွင့်ပြီး ကျန်တာတွေ နောက်မှ အေးဆေးလုပ်လို့ ရတယ်။ ရုံးမှာတော့ ဒီလိုမရတော့ဘူး။ နဂါးအမြီး အရှေ့ဘက်လှည့်မှတို့၊ နဂါးခေါင်း မြောက်ဘက် စောင်းမှတို့ အိမ်မှာလို အထုပ်ဖြည်ဖို့ အချိန်ကို စောင့်နေလို့ မရဘူး။ အများနဲ့မို့ ၂ရက်အပြီးဆို ၂ရက်အတွင်း ပြီးအောင် လုပ်ပေတော့ပဲ။

သောကြာနေ့မှာ ရုံးပြောင်းပြီး တနင်္လာနေ့ကျရင် အားလုံး နေရာတကျဖြစ်၊ လုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ်ရမတဲ့။ အုပ်ချုပ်သူတွေများ အကွက်ကျကျ လုပ်ရက်ကြပါပေတယ်။ အဲဒီအတွက် ရလာဒ်က ကျမတို့အားလုံး စနေ-တနင်္ဂနွေ အလုပ်ပြန်ဆင်းပေးကြရတာပါပဲ။ ဟုတ်ကဲ့ ဖရီးပါ။ အခမဲ့ပါ။ အလကား ဆင်းပေးရတာပါ။ စိတ်သိတ်ကြီးတဲ့ တချို့က ပိုက်ဆံမရရင်တောင် နားရက် အစားပြန်ပေးဖို့ တောင်းသံ ကြားရပါတယ်။ ကျမတို့ မန်နေဂျာကြီးကတော့ နှာစေးနေလေရဲ့။ ခုတလော မိုးကလည်းများ၊ အေးကလည်း အေးပေသကိုး...။ ကိုယ်တွေကတော့ မြန်မာပီပီ တခါတလေပဲလေ...ထားလိုက်ပါတယ်။ တွက်လွန်း ချက်လွန်းတယ် အမြင်မခံချင်ဘူး။ ရက်အစား ပြန်တောင်းရမှာ အားနာပါတယ်။ ကိုယ်က မြန်မာလေ။

အဲဒီ စနေမနက်က ရုံးအသစ်ရောက်တော့ ထိုင်ခုံမှာ မထိုင်ခင် နိုင်ငံတော်အလံကို အရင်ဆုံး အလေးပြုလိုက်တယ်။ ကျေးဇူးတော်ကြောင့် ဘေးခုံကတယောက် အမြော်အမြင်ကြီးစွာ ဝယ်လာတဲ့ ပလာတာနဲ့ ပဲနို့ရည်နဲနဲ သောက်ရတယ်။ ကန်တင်းက ရုံးနဲ့ နဲနဲ ဝေးတယ်။ ကမ်းမွန်...ဟက်ဖ်အဟာ့တ်-နှလုံးသားရှိကြစမ်းပါ။ သူတယောက်ထဲလည်း မကုန်နိုင်ပါဘူးလေ။ တကယ်ဆို ကျမကတောင် သူ့ကို စိတ်နာသင့်တာ။ ကျမထိုင်ခုံနေရာကို လိုချင်လို့ လုတဲ့သူတွေထဲ သူလည်းပါတယ်။ ဒါပေမဲ့ ကျမက မုန်းစ ပေရှည် မနေချင်ဘူး။ အာဃာတ မထားဘူး။ ပလာတာ ယူစားပြီး ပြုံးပြလိုက်တယ်။

စားသောက်တဲ့ ကိစ္စပြီးမှ ဘုံးထဲက ပစ္စည်းတွေ ဖောက်ထုတ် နေရာချတယ်။

ကော်နက်ရှင်တွေ၊ ဖုန်းလိုင်းတွေ ပြန်ရတော့ စစ်စရာရှိတာတွေ စစ်၊ အီးမေးလ်စမ်းပို့ကြည့်၊ အိုကေ လိုင်းတွေအားလုံး ပုံမှန် ပြန် အလုပ် လုပ်ပြီ။ နဲနဲတော့ ပျော်သွားတာပေါ့။ လိုင်းပေါ်တက်လို့ ရပြီ။ ပြောခဲ့သလိုပဲ ရုံးပြောင်းတာက အိမ်ပြောင်းသလို အချိန်ကို စောင့်နေလို့ မရဘူး မဟုတ်လား။ ဖေ့စ်ဘုတ်နှင့် ဘလော့ဂ်သည်လည်းပဲ လူကို မစောင့် တဲ့။ ဒီတော့ လိုင်း ပြန်ရရချင်း ဖေ့စ်ဘုတ်နဲ့ ဘလော့ဂ်ကို ဖွင့်ထားလိုက်တယ်။ အနည်းဆုံးတော့ ဘယ်သူတွေ ဘာလုပ်လို့ ဘာတွေရေးနေတယ်၊ ဘယ်သူ ပိုစ့်အသစ်တင်တယ်၊ ဘာစတေးတပ်စ်တွေ တင်ထားတယ် ဆိုတာ မျက်ခြေမပြတ်ဘူးပေါ့။

ရုံးဟောင်းမှာတုန်းက ကျမနေရာက အပွင့်၊ ကော်ပီယာနားမှာဆိုတော့ လူသွားလူလာ မပြတ်ဘူး။ ဒီရုံးသစ်ကျတော့ ကျမထိုင်ခုံက နောက်ဆုံး ထောင့်ဆုံးမှာ...ဓါးပြတိုက်ဖို့ တိုင်ပင်လို့ ရလောက်အောင် ပရိုက်ဗိတ်စီ ရှိတဲ့နေရာ။ ထိုင်ခုံနေရာ ပလန် ထွက်လာကတည်းက ကျမနေရာကို လာလုကြ၊ သူတို့နေရာနဲ့ လဲခိုင်းကြ၊ နောက်ဆုံး မရတဲ့အခါ မျက်စောင်းလေးတော့ ထိုးဖြစ်အောင် ထိုးကြတဲ့ နေရာပေါ့။ ပြောင်းရွှေ့ပြီး ခုလို အခြေကျလို့ အတိအကျကြီး ဒီခုံနေရာမှာ ထိုင်လိုက်ရတော့မှ ဟင်းကနဲ ငါ့ခုံဖြစ်ပြီရယ်လို့ စိတ်ချရတော့တယ်။




ဝေါင်း(Wow) ....Your station is so nice !
ဝေါင်း....Absolute privacy hor !
ဝေါင်း....I like your station ! So cool !

ခြင်္သေ့ကျွန်းမှာ နေကြသူတွေပီပီ တဝေါင်းဝေါင်း လာလုပ်နေကြသေးတယ်။ လူတွေများ ပြောပါတယ်။ နေရာကောင်းလေးများဆို ထိုင်ချင်လိုက်ကြတာ တသက်လုံးပဲ ဖယ်မပေးရတော့ဘူး လိုလို။ ကျမကတော့ တရားနဲ့ပဲ ရှုကြည့်ပါတယ်။ ဒီခုံ ဒီနေရာမှာ ငါ အမြဲ ထိုင်ချင်မှ ထိုင်ရမယ်။ မမြဲတဲ့ သဘောအရ ဟိုးအခန်းထဲက မန်နေဂျာခုံမှာလည်း ထိုင်ချင် ထိုင်ရပေဦးမယ်။

အဲဒီရက်တွေမှာတော့ ပြောင်းရရွှေ့ရ၊ နေရာချရနဲ့ တရုံးလုံး အုတ်အုတ်နဲ့မှ ကြွက်ကြွက်ရယ်။ အလုပ်စားပွဲမှာ ထမင်းစားခွင့် မရှိတာမို့ အောက်ထပ် ထမင်းစားခန်းထဲ သွားစားကြရတယ်။ ထမင်းစားခန်းရောက်ပြန်တော့ မှာထားတဲ့ စားပွဲ ကုလားထိုင်တွေ မရောက်သေးတာမို့ သူလည်း စတန်း၊ ကိုယ်လည်းစတန်း အားလုံး တပျော်တပါးကြီး မတ်တတ်ရပ်စားကြရတယ်။ ဒီကြားထဲ ကော်ဖီဖျော်စက်ထဲမှာ ကော်ဖီစေ့ကုန်နေတာကို ထပ်မဖြည့်ဘဲ စွန့်ဦးတီထွင်ချင်တဲ့ ငနဲသားတယောက်က သရီးအင်ဝမ်း ကော်ဖီမှုန့်တွေထည့်ပြီး ခပ်တည်တည်နဲ့ ဖျော်ချထည့်လိုက်တာ ကော်ဖီဖျော်စက်ကြီး သင်္ခါရ ဖြစ်သွားပါလေရောလား။

အဲသလို ကျမတို့ရုံးမှာ Brilliant-ပြောင်ပြောင်မြောက်မြောက်တွေ ရှိတယ်။ နောင်တချိန်မှာ သရီးအင်ဝမ်း ကော်ဖီမှုန့်နဲ့ ထည့်ဖျော်ရတဲ့ ကော်ဖီဖျော်စက်များ ပေါ်လာလို့ကတော့ ကျမတို့ရုံးက ငတိတော့ အောင်မြင်သွားရှာပြီလို့သာ မှတ်ကြပေရော့။


***အရွှေ့လေးပြီးပြန်တော့ အပြောင်းလေးအကြောင်း ပြောချင်ပါသေးတယ်။ ကျမ ဘလောဂ့်လေးကို chitkyiaye.com အဖြစ် ပြောင်းထားပါတယ်။ ချစ်ခင်ရတဲ့ တစုံတယောက်ရဲ့ လက်ဆောင်ပါ။ တစုံ နဲ့ တယောက်ဆိုတော့ ၃ယောက်ဖြစ်ရမယ်လို့ ပြင်ညာရှိပီပီ အတွေးမစောပါနဲ့ဦး။ တယောက်ထဲပါ...သူကလေးက chitkyiaye.com ကို လက်ဆောင်အဖြစ် ချစ်ခင်စွာ ဝယ်ပေးလာတော့ ကျမမှာ နှလုံးသားတွေ ပြုတ်ကျမတတ် ဖြစ်ခဲ့ရပါသေးတယ်။ (ဇာတ်နာအောင် ဒီလိုပဲ ပြောရမှာပေါ့လေ:))

ခုထိတော့ ဘလော့စပေါ့ကနေ ဒေါ့ကွန်းကို ရီဒါရိုက် လုပ်ပေးတာမို့ အသစ်တင်တိုင်း တက်နေပါဦးမယ်။ မတက်တော့တဲ့ တနေ့ကျရင် ကျမလင့်ခ်လေးကို ပြောင်းချိတ်ပေးကြပါနော်။ တကယ်ပါ ဘလော့ဂ်တွေ သွားဖတ်လို့ ကျမလင့်ခ် ချိတ်မထားရင် သိတ်ငိုချင်ပါတယ်။ ဝမ်းနည်းတတ်တဲ့ အမျိုးမို့ပါ။

ရေးဖော် မိတ်ဆွေ သူငယ်ချင်းတွေရဲ့ လင့်ခ်တွေကိုလည်း သတိရသလောက် ပြန်ချိတ်ထားပါတယ်။ လင့်ခ်ချိတ်ဖို့ ကျန်ခဲ့တဲ့ အိမ်ရှင်များ လင့်ခ်ထားခဲ့ပြီး စီဘောက်မှာ တိုးတိုးလေး ပြောသွားကြပါနော်....:)


Sunday, December 5, 2010

ရှမ်းနှစ်သစ်ကူးပွဲ

မနေ့ည-၄ ဒီဇင်ဘာက ရှမ်းနှစ်သစ်ကူးပွဲ ရောက်သွားခဲ့တယ်။ သူငယ်ချင်းရှမ်းတယောက်ရဲ့ ကောင်းမှုနဲ့ ဆိုပါတော့။ ကိုယ့်ထိုင်ခုံ ရောက်ရောက်ချင်းပဲ အဝင်ဝမှာ ဝေပေးတဲ့ ညစာ ထမင်းဗူး ဖွင့်စားတယ်။ ဆာနေတာကိုး။ ရှမ်းဟင်းလေးတွေက စားလို့ အတော် မြိန်ပါတယ်။ စားပြီးမှ ဓါတ်ပုံရိုက်ဖို့ သတိရတယ်။ တောက်တောက်စင်းထားတဲ့ ကြက်သား မုန်ညှင်းချဉ်က တခွက်၊ ငါး ကင်ပွန်းချဉ်က တခွက်၊ နောက်တခွက်ကတော့ ပဲပုတ်နဲ့ ငရုတ်သီးစိမ်း အရသာပဲသိပြီး ဘာဟင်းမှန်း မသိတဲ့ တခွက်ပါ။ စားကောင်းပါတယ် ထမင်းက နဲလို့ မဝတာ တခုပါပဲ:)

မြေတပြန့်ထဲမှာမို့ ဓါတ်ပုံရိုက်ရတာ အဆင်မပြေလှပါဘူး။ ကိုယ် ရိုက်မယ်လုပ်တိုင်း ရှေ့လူခေါင်း ရှောင်ရ၊ မီးခိုးငွေ့တွေ လွှတ်လိုက်၊ မီးရောင်စုံ အပြောင်းအလဲတွေနဲ့မို့ ပုံထွက် မကောင်းလှဘူး။ ကိုယ်က ညံ့တာလည်း ပါမှာပေါ့လေ။ ပိုစ့်တင်ဖို့ရာ ပုံထွက်မကောင်းတာမို့ တော်တော်လေး စိတ်ညစ်သွားရပါတယ်။ ဒါပေမဲ့လည်း ကိုယ်ကြည့်ခဲ့ရသမျှ ပြန်လည်ဝေမျှချင်တာရယ်၊ အမှတ်တရ သိမ်းထားချင်တာရယ်ကြောင့် မျက်စိစုံမှိတ်ပြီး ပိုစ့်တင်လိုက်ရပါတယ်။ မျက်စိစုံဖွင့်ပြီး ဖတ်ကြပါကုန် :)


အမ်စီ ကောင်မလေး၊ သူ့ကို ငရုတ်သီးတောင့် အသေးလေးလို့ ခေါ်ကြသတဲ့။ သေးပေမဲ့ အတော်စပ်တဲ့ သဘော။ အစီအစဉ်တခုနဲ့ တခုအကြား နှောင့်နှေးတာတွေအတွက် သူ့ခမျာ စကားတွေ ရှာကြံ ပြောရရှာတယ်။

အမ်စီ ကောင်ကလေး၊ ဒီရှမ်းကလေးကတော့ စကား ဝဲတဲတဲ ရှက်တက်တက် အမူအရာနဲ့ ချစ်ဖို့ကောင်းသား...


မပါမဖြစ် တိုးနယား...


သိတ်လှတဲ့ ရှမ်းရိုးရာ ဝတ်စုံတွေနဲ့ ဖက်ရှင်အမျိုးမျိုး...











ရှမ်းမလေးတွေ ချောသလောက် ရှမ်းကလေးတွေ အတော် ချစ်ဖို့ကောင်း....




ရှမ်းအမျိုးသမီး အဆိုရှင် နန်းခမ်းနောင့်ပါ။ ကျမ စာလုံးပေါင်း မှားနိုင်ပါတယ်။ သူ့ရဲ့ အသံ၊ သူ့ရဲ့ ဆိုဟန်ကို သဘောကျမိပါတယ်။ အသံပါဝါ အားကောင်းပြီး မုဒ်အပြည့်နဲ့ ရင်ဘတ်နဲ့ ဆိုနိုင်သူမို့ ရှမ်းသီချင်းတွေ ဆိုသွားလို့ ဘာမှ နားမလည်ပေမဲ့ ခံစားလို့ ရခဲ့ပါတယ်။



ဆုန်ဆုန်...





အာရ်ကြီး




ဆုန်သင်းကတော့ ထုံးစံအတိုင်း အားပါးတရပါပဲ။ အာရ်ကြီးလည်းပဲ အတော်ပျော်နေပုံပါ။ ပွဲပြီးတော့ ည ၁၁နာရီ ကျော်နေပါပြီ။ ပွဲလေးက လွတ်လပ်နွေးထွေးစွာနဲ့ ပျော်ဖို့ကောင်းတဲ့ ပွဲလေးတပွဲပါ။ ကျင်းပတဲ့နေရာ ဒီထက်ပိုကောင်းရင်၊ အမ်စီကောင်မလေး စကားတွေ သိတ်မပြောရရင်၊ ညစာထမင်း နဲနဲ ပိုများရင်၊ အရှောင်ကောင်းတဲ့ ကျိုင်းတုံသားနဲ့ တွေ့လိုက်ရရင်တော့ ပိုပြီး ပြည့်စုံတဲ့ ပွဲလေးတပွဲ ဖြစ်မှာပါ။

နိဂုံးချုပ်ရရင်တော့ တောင်ပေါ်ရှမ်း၊ တောင်အောက်ရှမ်း၊ တောင်စကောစကရှမ်း၊ ကျမတို့လို ဟိုရှမ်းဒီရှမ်း...အားလုံးပဲ ပျော်စရာ ရှမ်းနှစ်သစ် မင်္ဂလာ ဖြစ်ကြပါစေရှင်...