Wednesday, November 24, 2010

အမေအိုရဲ့ အိမ်အပြန်

စကားလုံးများစွာထက်
သားလက်မောင်းက တက်တူး
အမေ ကြည်နူးစေ....
သားမျက်နှာပေါ်က အပြုံးများ
အမေ့အတွက် ခွန်အား...တဲ့.....

နုနွဲ့သိမ်မွေ့ ဖွဖွညင်သာ
တိုးတိုး ညှင်းညှင်း...
မျက်လုံးလေးတွေချင်း နှီးနှော...
ပြောကြခဲ့....။

အဖေ့ရဲ့ သမီး၊ အဘိုးရဲ့မြေး
ရဲရဲနီစွေး သွေးတွေကမှတဆင့်
မြင်ခွင့်ရခဲ့ကြပေါ့
ခမ်းနားလှပနေတော့မဲ့.....ရာဇဝင် အသစ်ကို....။

အမေအို....
ငိုရလွန်းလို့ ထုံနေတဲ့
မျက်ဝန်းတွေနဲ့ ပီတိမျက်ရည်တွေကြားက
အားတင်းပြီး မြင်အောင်ကြည့်...
ဒီ သားအမိကို.....

အမေအို....
ပေါက်ကနဲ ကျလာတဲ့
မျက်ရည်တွေနဲ့ ဝေဝါး
အမှောင်ထဲက....
စစ်မြေပြင်က....
သူမရဲ့ သားတွေ...

သေသလား...
ရှင်သလား...
ကွဲပြားမသိ နေ့ရှိသ၍
တမြေ့မြေ့လွမ်း တသသကျွမ်းရင်း
တလှမ်းချင်း....အိမ်အပြန်....။


***ကမ္ဘာပေါ်က အမေနှင့်သားများ အတွက်...





26 comments:

  1. အမေနဲ့သား..
    ဆုံတွေ့ခန်းလေးက တကယ့်ကို ရင်ထဲကို ဆိုနစ်လိုက်၊ ကြည်နှုးလိုက်နဲ့ .. ခံစားမှုတွေ စုံနေတာပါပဲ..

    အခုလည်း မမချစ်ရဲ့ ကဗျာလေးနဲ့ မျောပါသွားတယ်။

    ReplyDelete
  2. ဝေးကွာနေရတဲ့ သားအမိမေတ္တာကိုတွေ့ရတော့ ၀မ်းနည်းမိတယ်.။
    ထပ်ထပ်ပြီး မဝေးကွာကြပါစေနဲ့......
    ချစ်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  3. အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာက အမြဲရင်ဖွင့်ထားပေမဲ့ လစ်ဟာနေဆဲ နွေးထွေးတဲ့ ရင်ခွင်တွေအတွက် ...
    ငါတို့တွေ ဘာလုပ်ကြမလဲ ...

    ReplyDelete
  4. ကဗျာလေး လာဖတ်တယ်...အမချစ်
    ထိထိခိုက်ခိုက်ပါပဲ... ခံစားမှုက ပူနွေးနေဆဲဆိုတော့...
    ကမ္ဘာပေါ်မှာ မဆုံတွေ့နိုင်သေးတဲ့ သားအမိတွေအတွက် ဆုတောင်းပေးလိုက်တယ်။

    (ဇွန့်အစ်ကိုဝမ်းကွဲနဲ့ သူ့အမေဆို အကြောင်းကြောင့် တစ်နိုင်ငံစီဝေးပြီး မတွေ့ရတာ ၁၇နှစ်တောင် ရှိသွားပြီ)

    ReplyDelete
  5. မိခင်မေတ္တာက အကြီးမားဆုံးတဲ့။ သားတွေကို ပစ်ပြီး နိုင်ငံနဲ့ လူမျိုး အတွက် ပေးဆပ်ရဲတဲ့ သတ္တိဟာ နည်းနည်းနောနော မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သားနဲ့ ပြန်ဆုံခွင့် ရတဲ့ အမေ့အတွက် ဝမ်းသာမိပါတယ်။

    ReplyDelete
  6. အရမ်းဝမ်းသာပါတယ် ..
    မချစ်ကြည်ရေးတာကလည်း ကောင်းထှာ

    ReplyDelete
  7. အမေ မအိုသေးပါဘူး အမချစ်ရယ် သားနဲ့အပြိုင် နုပျိုလန်းဆန်းလှပနေဆဲ အမေပါဗျာ ၀မ်းသာကြည်နူးပျော်ရွှင်မိပါတယ် အမေအများကြီး လုပ်စရာတွေရှိနေသေးတယ်နော် အမေမအိုသေးပါဗျာ။
    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  8. အစ်မချစ်ရည်ရွယ်တဲ့ အမေအိုက အန်တီစုတို့သားအမိကို ဘေးကနေကြည့်ပြီး မျက်ရည်လည်ရတဲ့ အမေအိုပါ အစ်မစည်းစိမ်ရဲ့။ ဟုတ်တယ်နော် အစ်မချစ်။ ကဗျာကို နောက်တခါထပ်ခံစားကြည့်ပါအုံး အစ်မစည်းစိမ် :-))

    ReplyDelete
  9. အင်း---ဆရာကတော်ကလည်းတော်မှတော်ဗျာ-
    သတင်းပေါ်ကချစ်စရာမျက်နှာတွေကိုသွားမြင်မိပါရဲ့ -

    ReplyDelete
  10. ဝက်ဝံလေးWed Nov 24, 06:18:00 PM GMT+8

    သူ့သားထက်တောင် နုနေသလားလို့ မျက်နှာကလဲ အမြဲ အပြုံးပန်းဆင်ထားတာ အမေ မအိုသေးပါဘူး မချစ်

    ကြည်နူးမိတယ် ဓာတ်ပုံတွေကြည့်ပြီးတော့

    ReplyDelete
  11. အမေနဲ့သား
    သနားစရာ၊ ကြည်နူးစရာ၊ ၀မ်းနည်းစရာ မြင်ကွင်းက မျက်စိထဲက မထွက်ပါဘူး
    ဘယ်မိသားစုမှ မကွဲကွာစေချင်ပါဘူး နော်
    ကဗျာလေးဖတ်ပြီး ခံစားရတယ်.. အစ်မရေ..

    ReplyDelete
  12. အားတင်းပြီး မြင်အောင်ကြည့်...
    ဒီ သားအမိကို....
    အပေါ်က anonymous ရေ ကျေးဇူးနော်
    အမေတွေရောကုန်ပါပေါ့ဗျာ
    နောက်တစ်ခေါက်လာဖတ်သွားပြီနော် အမချစ်။
    ခင်မင်တဲ့
    seesein

    ReplyDelete
  13. အဖိုးတန်တဲ့ကဗျာလေးအတွက်ကျေးဇူးတင်ပါတယ်။

    ReplyDelete
  14. မိသားစုတွေ...တကွဲတပြားစီ နေရခြင်းမှ ကင်းဝေးကြပါစေ....

    ReplyDelete
  15. အမေနဲ့ဝေးနေကြတဲ့သူတွေ အမေ့ရင်ခွင်ထဲကို အမြန်ဆုံးခိုဝင်နိုင်ခွင့်ရကြပါစေ....

    ReplyDelete
  16. ကွဲကွာနေတဲ့မိသားစုတွေအမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ကြပါစေ။

    ReplyDelete
  17. ကြည့်ရင်းနဲ့ ကိုယ်တောင် ပီတိဖြစ်ရတယ်။
    ခံစားချက်တွေကို မျိုသိပ်ပြီး နိင်ငံအတွက် အနစ်နာခံ ပေးလို့
    သူမဟာ ကျွန်တော်တို့ရဲ့ မိခင်ပါပဲ။

    ReplyDelete
  18. ၈၈ ကနေ ဒီနေ့ထိ မတွေ့ရသေးတဲ့အမေနဲ့သားတွေ ၊
    မျှော်နေတဲ့ အမေတွေ..
    ပြီးတော့
    မတွေ့နိုင်တော့တဲ့ အမေနဲ့သားတွေ...
    ညီမရေ... ဖတ်ရင်းနဲ့ ထိခိုက်ခံစားမိတယ်..
    အမ ခင်မင်းဇော်

    ReplyDelete
  19. အမေ မအိုသေးပါ

    ခင်တဲ့
    အမရွှေစင်

    ReplyDelete
  20. ရင်ထဲ က အမေ အမြဲနုပျိုနေဆဲ..။

    ReplyDelete
  21. ခက်တာပဲ။ လူတွေက ကဗျာကိုသေချာလဲမဖတ်ပဲနဲ့ အမေမအိုသေးဘူး နုပျိုတယ်ပဲ ထပ်ကာ ထပ်ကာပြောနေကြတယ်။ အမေအိုဆိုတာ ဒို့အားလုံးရဲ့ အမေစုကိုပြောတာမဟုတ်ပါဘူးလို့ ပြောတဲ့သူကပြောတာတောင်။ ကဗျာရေးရတဲ့သူတော့မသိဘူး ကြားကဖတ်တဲ့သူကတောင် ရေးတဲ့သူကို အားနာရတယ်။ ဒီလောက်ကောင်းတဲ့ကဗျာကို။ ဗမာလိုကောင်းကောင်းပဲ နားမလည်တာလား။ မခံစားတတ်ကြတာလား။ စာဖတ်ရှမ်းကြတာလားတော့မသိ။

    ReplyDelete
  22. မောင်ကောင်းFri Nov 26, 10:59:00 AM GMT+8

    အမရေ ..အမိအရ မှတ်တမ်းတင်လိုက်တာပါပဲလား.. ကလောင်ထက်နေတယ်ပေါ့ ..ချီးကျူးပါတယ်..

    ReplyDelete
  23. ဟဲ..ဟဲ ဟုတ်ပ အမေခြင်း မှားသွားလို့

    ရွှေစင်ဦး

    ReplyDelete
  24. ဘယ်လိုမှ မနေနိုင်လို့ ၀င်ပြောလိုက်ပါရစေ Fri Nov 26, 06:25:00 AM >>Anonymous
    ဆရာကြီးလိုလို ဘာလိုလို ရေးချင်ရင်လဲ သေချာ နားလည်မှ ရေးစေချင်တယ်.. ကဗျာမှာပါတဲ့
    “စကားလုံးများစွာထက်
    သားလက်မောင်းက တက်တူး
    အမေ ကြည်နူးစေ ” ဆိုတဲ့စာသားကို နားမလည်ဘူးထင်ပါတယ်နော်...
    ဘယ်သူ့ရဲ့လက်မောင်းမှာ ဘာတက်တူးထိုးထားတယ်ဆိုတာ ဗဟုသုတမှရှိပါရဲ့လား .. သတင်းတွေရော ကြည့်ပါရဲ့လား...
    လူတိုင်းက ဖတ်ပြီး နားလည်ကြပေမဲ့ ကိုယ်တစ်ယောက်တည်း နားမလည်ဘဲ ဇွတ်လာရေးနေတယ်.. ဒီကော်မန့်လေး ဖတ်ပြီးရင် သတင်းဓာတ်ပုံတွေလိုက်ရှာကြည့်လိုက်ပါဦးနော်
    ဘယ်သူ့လက်မောင်းမှာ တက်တူးများရှိနေလဲ.. ဘာတက်တူးလဲဆိုတာ
    သေချာရင်ပြန်လာရေးပါ။

    ReplyDelete
  25. သတင်းဖတ်မိပြီး ၀မ်းသာနေတုန်း အစ်မကဗျာလေး ထပ်ဖတ်လိုက်ရတော့ ကြည်နူးသွားမိတယ် အစ်မရေ...

    ReplyDelete
  26.ွှTo: Anonymous Fri Nov 26, 11:31:00 PM SGT
ွှဘယ်လိုမှ မနေနိုင်လို့ ၀င်ပြောလိုက်ပါရစေ Fri Nov 26, 06:25:00 AM >>Anonymous
    ဆရာကြီးလိုလို ဘာလိုလို ရေးချင်ရင်လဲ သေချာ နားလည်မှ ရေးစေချင်တယ်.. ( ဘုရားရေ ဘယ်လိုဖြစ်လို့ တက်တူးဆီရောက်သွားပါလိမ့်) ကွန်မန့်ကိုသေချာဖတ်ကြည့်ပါအုံး။ ဒီကဗျာထဲမှာ အမေနှစ်ယောက်ပါတယ်။ အမေတစ်ယောက်က သားကိုကြည့်ပြီး ကြည်နူးတဲ့အမေ (ဒေါ်စု)၊ နောက်တစ်ယောက်က ဒီသားအမိကို ကြည့်ပြီး မျက်ရည်ကျတဲ့အမေအို... ဒါတွေကို သေချာမဖတ်တဲ့ စာဖတ်သူတွေက ဒေါ်စုကို အစ်မချစ်က အမေအိုလို့ အမည်ပေးထားတယ်ထင်လို့ ဒေါ်စုမအိုသေးပါဘူးပြောနေကြလို့ ပြောထားတာ။ ဘာတွေများမှားလို့ လက်ကတက်တူးဆီရောက်သွားတာပါလိမ့်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...