Friday, November 19, 2010

အမှောင်ထဲမှာ

အိပ်ခန်းအတွက် ခန်းဆီးဆိုရင် ပါးပါးလွင့်လွင့်တွေကို မတပ်ဘဲ အလင်းပိတ်အောင် ထူတဲ့ ခပ်လေးလေး ခပ်အိအိတွေကိုမှ ကျမက ရွေးချယ်လေ့ရှိတယ်။ ခု လက်ရှိ အခန်းထဲမှာ ကြက်သွေးရင့်ရင့်နဲ့ အဝါဖျော့ဖျော့ ခပ်ယှက်ယှက် နွယ်ငင်ထားတဲ့ ခန်းဆီး ထူအိအိ တစုံကို တပ်ဆင်ထားတယ်။

အအိပ်ခက်သူပီပီ အဲ့သည်ညက တော်တော်နဲ့ အိပ်မရနိုင်ခဲ့ဘူး။ ဒါကလည်း ဖြစ်နေကျမို့ ကျမအတွက် ထူးလှတယ် မဟုတ်ပါဘူး။ မီးပိတ်ထားတာရယ်၊ ခန်းဆီးထူထူတွေရယ်ကြောင့် အိပ်ခန်းထဲမှာ အလင်းစလေး တစက်တလေတောင်မှ ကျ မနေခဲ့ဘူး။ ဒါဟာလည်း ခါတိုင်းညတွေလိုပဲ နဲနဲမှ ထူးခြားတဲ့ ည မဟုတ်ခဲ့တာ။ အိပ်ခန်းထဲ မီးရောင်လဲ့လဲ့ ရှိနေရင် အိပ်မပျော်တတ်တဲ့ ကျမအတွက်တော့ သည်လို အနေဟာ ကျမ အကြိုက်ပါပဲ။ ပြောရမယ်ဆိုရင် အိပ်မပျော်သေးတာက လွဲလို့ အရာအားလုံးဟာ ကျမ စိတ်တိုင်းကျ ရှိနေခဲ့တာ။

မနက်ဖြန် အလုပ်သွားရမယ်။ ကျမ အိပ်ရမယ် အိပ်ပျော်မှ ဖြစ်မယ်။ အဲသည် အိပ်ပျော်မှ ဖြစ်မယ် ဆိုတာကြီးက လူအပေါ် ဖိအားအဖြစ် ပြောင်းသွားတယ်။ အိပ်စမ်း လို့ ဆိုလေ အိပ်မပျော်လေ။ ထွက်လေ ဝင်လေမှတ်။ စိတ်ကို နှာသီးဖျားမှာ တင်ထား။ ဟုတ်ပြီ မှန်မှန်လေး အသက်ရှု...။ မှတ်... ထွက်လေ ဝင်လေမှတ်။ မျက်တောင်တွေ လေးလာတာကို သိနေတယ်...သိနေတယ်။ ကျမ အိပ်တော့မှာ။ မကြာခင် အိပ်ပျော်တော့မှာ အိပ်လိုက်...အိပ်လိုက်တော့။ ဟင့်အင်း မအိပ်ချင်သေးပါဘူး...မအိပ်သေးဘူး... မှိတ်ထားတဲ့ မျက်လုံးတွေ ဖျတ်ကနဲ ပြန်ပွင့်သွားတယ်။

မျက်လုံးဖွင့်ထားလိုက်တယ်။ သည်လောက်တောင် မအိပ်ချင်တာ အိပ်ဖို့ မကြိုးစားချင်တော့ဘူး။

အဲသည်ခဏ မျက်လုံးရဲ့ရှေ့မှာ ကျမ မြင်လိုက်ရတာက ထူပိန်းပိန်း အမှောင်ထုကြီး။ ရုတ်တရက် ကျမ အံ့သြသလိုလို၊ အားငယ်သလိုလို။ ကြိုးစားပြီး မြင်အောင် ထပ်ကြည့်တယ်။ အမဲရောင် နံရံ အချပ်လိုက်ကြီး ကျမရှေ့မှာ ဆီးကာထားသလို ခံစားလိုက်ရတယ်။ အသက်ရှုကြပ်လိုက်တာ။ တွင်းနက်ကြီးထဲ ကျနေသလို...ခန္ဓာကိုယ်တခုလုံး လေးလံလို့ လှုပ်မရ၊ ချွေးစေးတွေနဲ့ အာခေါင်တွေ ခြောက်သွေ့။ ကြောက်စရာ အမှောင်ထုကြီးထဲ ကျမ လုံးလုံးလျားလျား ထိုးကျသွားခဲ့ရတဲ့ ည...။

ကျမ သိတယ်။ ကျမ အမြင်အာရုံတွေ ကောင်းနေသေးတယ်။ ဒါပေမဲ့ ကျမ မမြင်ရဘူး။ ကျမ အကြားအာရုံတွေ ကောင်းနေသေးတယ်။ ဒါပေမဲ့ ကျမ မကြားရဘူး။ ကျမ အော်ဟစ်လိုက်ချင်တယ်။ ဒါပေမဲ့ အသံသာရှိပြီး စကားလုံးတွေ ဆွံ့အ နေပြန်တယ်။ ဒါဟာ အမှောင်ထုရဲ့ မုန်းတီးစရာကောင်းတဲ့ အင်္ဂါရပ်တွေ။ ကျမ ဘာလုပ်ရမလဲ။ ကျမ စွမ်းနိုင်သေးတာ သေချာတယ်။ သည်ညကို ကျော်လွန်ဖို့တော့ ခံနိုင်ရည် မွေးရမယ်။ မနက်ဖြန် အာရုံလာရင် ရောင်နီအလင်းတန်းတွေကို မျှော်လင့်နိုင်သေးတယ်။

ခုတော့ ဘာပဲဖြစ်ဖြစ် ကျမ တွေးနေနိုင်သေးတယ်။ အတွေးစတို့ လွတ်လပ်စွာ ပျံသန်းနေနိုင်သေးတယ်။ အမှောင်ထုဟာ စိတ်တွေ၊ အတွေးစတွေကိုတော့ဖြင့် ချုပ်ကိုင်ဖို့ မစွမ်းနိုင်ပါဘူးလေ။

ကျမ အတွေးစတွေဟာ မမြင်နိုင်၊ မကြားနိုင်၊ အသံမပြုနိုင်သူတွေရဲ့ ဘဝတွေထဲ ကိုယ်ချင်းစာတရားများနဲ့ ဖြတ်သန်း ကြည့်မိပြန်တယ်။

သူတို့ ဘယ်တော့မှများ အလင်းရောင်ကို မြင်တွေ့ခွင့် ရကြမလဲ။ သူတို့ရဲ့ အမြင်၊ သူတို့ရဲ့အတွေး၊ သူတို့ရဲ့ အသံတွေ....။ ကျမ မျှော်လင့်တဲ့ မနက်ဖြန်လို သူတို့တွေရဲ့ မနက်ဖြန်ကရော....။ ကျမ ရင်ထဲ စိမ့်ကနဲ နာကျင်သွားခဲ့တယ်။ သဘာဝတရားအရ အမှောင်ရဲ့ ဆန့်ကျင်ဘက် အလင်းဆိုတာ ရှိတယ်။ မမြဲတဲ့ သဘောအရ အမှောင်ဟာ သူ့အတွက် အချိန်တချိန် ကျော်ဖြတ်ပြီး အလင်းကို အလှည့်ပေးရလိမ့်ဦးမယ်။

အမှောင်ထဲမှာပဲ မြင်နေရတဲ့ အမှောင်ထုကြီးကို ကျမ ပြုံးကြည့်နေလိုက်တယ်။



20 comments:

ညီမလေး said...

မကြာသောကာလမှာ....
အဲ့ဒီမကြာသော ကာလ အမြန်ဆုံး ရောက်ပါစေ ...

ရွှေရတုမှတ်တမ်း said...

မီးပျက်နေသလား..

ကြည်ကြည် said...

မမရေ
ညဘက်မှာခန်းဆီး ထုထူကို ကြိုက်တယ် နေ့ဘက်ကြတော့ ပါးပါးလွှာလွှာနဲ့ အပြင်ကအလင်းကို မြင်ရမယ့် ခန်းဆီးကို သဘောကျပြန်ရော

ညီမလည်းအဲ့လို ခံစားဘူးတယ။် မှောင်နေအောင် လုပ်ထားပြီး အမှောင်ထုထဲံမှာ ဘာမှ မမြင်ရတဲ့အခါ အလင်းဆိုတာမမြင်ဘုးတဲ့သူတွေ ဆိုတာ အမြဲ ဒီလိုများလား ဆိုပြီး တအားတုန်လှုပ်သွားဘူုးတယ်။

Anonymous said...

Ma Chit Kyi, you are great, I like all your posts so much integrity. Please keep it up

အင်္ဂါဟူး said...

ဧကန္တတော့ ညမာပီထဲမှာ လမ်းလျှောက်ထွက်တာများလား

ဂြီ။

မှောင်ရင်မအိပ်တတ်သူ

ဝက်ဝံလေး said...

များလဲ မှောင်ရင် မအိပ်တတ်ဘူး မီးခပ်ဖျော့ဖျော့လေး ဖွင့်ထားရတာ ဟိဟိ

ကျောက်ဟေမီကို ပြောသလို မီးများ ပျက်နေသလား မချစ် ဟိဟိ

Moe Cho Thinn said...

“မမြင်နိုင်၊ မကြားနိုင်၊ အသံမပြုနိုင်သူတွေရဲ့ ဘဝတွေထဲ ကိုယ်ချင်းစာတရားများနဲ့ ဖြတ်သန်း ကြည့်မိပြန်တယ်”

ဒီလို ကိုယ်ချင်းစာတရားများ လူများများမှာ များများရှိဖို့ လိုတယ် မမရေ..
များစေချင်လွန်းလို့ “များ”တွေ များများ ထပ်ပြောလိုက်တယ်။

Anonymous said...

မှောင်မဲမှာ မီးမှိတ်လို့ မိုက်မိုက်မဲ တွေးမိတယ် အမချစ်ရေ
သန်းခေါင်ထက် ညဉ့်နက်လို့မရပါဘူးတဲ့
သန်းခေါင်ကျော်ရင် အာရုံအလင်းရောင်ဆိုတာ ရှိစမြဲ မှောင်ချင်သလောက်မှောင် ပြီးရင် လင်းရမှာပေါ့
အမချစ်က မှောင်မှောင်မဲထဲမှာပြုံးလဲ လှနေတာဘဲး)

ခင်မင်တဲ့
seesein

Anonymous said...

Awesome!

မောင်မိုး said...

နေရောင်ခြည်ရဲ့ အလင်းတန်းတွေကို မြင်တွေ့ခွင့်ရဖို့အတွက် အချိန်တွေကြာလွန်းလှတယ်။ အမှောင်ထဲမှာ ဖြုန်းတီးလိုက်ရတဲ့ အချိန်တွေကို နှမြောတယ်။ ဘာဖြစ်ဖြစ်ပါလေ.. တချိန်ချိန်တော့ အလင်းရောင်ကို မြင်တွေ့ခွင့်ရမှာပါ။

Anonymous said...

ကိုယ်ခန္ဓာကို ထိန်းချုပ်လို့ ရပေမဲ့ စိတ်ဆိုတဲ့ အရာကိုတော့ ပိတ်လှောင်ထားလို့ မရနိုင်ပါဘူးအစ်မရေ....
မှောင်မိုက်နေတဲ့ကာလတွေ အမြန်ဆုံးကုန်ဆုံးပြီး လင်းလက်တဲ့ အနာဂတ်ကို လူတိုင်း ရရှိဖို့ ဆုတောင်းမိတာ ကြာပါပြီ။


ညီမချော

T T Sweet said...

အကြည်ရေ ... အမှောင်ထဲက ဘ၀များ အမြန်လွတ်မြောက်ကြစေရန် ဆုတောင်းပေးသွားပါတယ်။

★Craton said...

ကိုယ်တို့ကတော့ အမှောင်ထဲရောအလင်းထဲရော အိပ်တတ်တယ်။
တစ်ယောက်တည်းဖြစ်ဖို့ပဲလိုတယ်။

စကားမစပ်၊ အမှောင်ထဲကလူတွေ မြန်မြန်လင်းပါစေ။

လသာည said...

ကောင်းလိုက်တဲ့အတွေး မမချစ်ရယ်။ သဘာကျလို့ ခဏခဏ ဖတ်မိတယ်။

အမှောင်ဆိုတာ တကယ်တော့ အလင်းကိုခံစားပြီးတော့မှ မှောင်သွားရတဲ့သူ၊ ဒါမှမဟုတ် အမှောင်ကနေ အလင်းထဲကိုရောက်ဖူးသူမှ အမှောင်နဲ့ အလင်းရဲ့တန်ဖိုးကို ပိုသိတာဆိုတော့ တခါမှမလင်းဘူးသူတွေအတွက် အလင်းရဲ့တန်ဖိုးကို သိဖို့ အများကြီး ကြိုးစားပြောပြရဦးမယ် ထင်ပါတယ်။

sosegado said...

မီးကိုရှာဖွေ မတွေ့ရှိမည် ကာလကိုတွေးမိတယ်၊

SHWE ZIN U said...

စိုင်းထီးဆိုင် ကတော့

အမှောင်ထဲမှာ အားလုံးဟာ အတူတူ ပါဘဲတဲ့

ခင်တဲ့
ရွှေစင်ဦး

TURN-ON-IDEAS said...

သိပ်ကောင်းတဲ့ အတွေးလေးပဲ အစ်မချစ်...
အဲဒိ အမှောင်ထုကြီးကို အလင်းစက်တွေစုပေါင်းတိုက်ဖျက်ကြမယ်လေ...
မိတ်ဆွေ - သင့်ကို အမိမြန်မာပြည်က အလိုရှိသည်... :)

သဒ္ဓါလှိုင်း said...

လက်ရှိအမှောင်ထဲရောက်နေပေမဲ့လည်း အလင်းရောင်ကိုမြင်ဖို့
စွမ်းအားတွေရှိနေရင် ရောင်ခြည်အလင်းကိုမလွဲမသွေ မြင်ရ
ရောက်ရမှာပါ..။ အားလုံးလည်း အလင်းရောင်နဲ့ အမြန်ဆုံး
ဆုံတွေ့နိုင်ပါစေအမချစ်..
ချစ်တဲ့
ညီမသဒ္ဓါ

ဂျစ်တူး ( မုံရွာ ) said...

အင်း-----ဆရာကတော်ပြောချင်တဲ့ အကြောင်းအရာကိုနဲနဲတော့ရိပ်မိသလိုပါ
ဘဲဗျာ-

အင်ကြင်းသန့် said...

ဟုတ်တယ်....မနက်ဖြန်မိုးသောက်ရင် ရောင်နီတွေကိုတွေ့ရမယ်....ဒီညအမှောင်ထုကိုကျော်လွှားနိုင်ဖို့ ခံနိုင်ရည်တွေရှိရမယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်