Monday, November 8, 2010

ပုံရိပ်ဟောင်းများ....

ကျောင်းသားဘဝဆိုတာ အားလုံး သိကြတဲ့အတိုင်း အများစုက အပူအပင်မဲ့ ကျောင်းတက်ခဲ့ကြရတာပါ။ ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း အကြား ပြေးလွှား စာကျက် စားသောက် နောက်ပြောင်ကြရင်း တနှစ်ပြီး တနှစ် ကုန်ခဲ့ကြတာ။ ရည်မှန်းချက် ကြီးမားသူ မဟုတ်တဲ့ ကျမအတွက်တော့ စာမေးပွဲနီးမှ စာကုန်းကျက်ပြီး အများနည်းတူ စာမေးပွဲ အောင်ခဲ့တာပါ။ ဒီနေရာမှာ ကျမ မိဘများကို အလွန် ကျေးဇူးတင်မိတာက ကျမကို ပညာရေးနဲ့ ပတ်သက်ရင် ဖိအားပေးလေ့ မရှိတာပါပဲ။

ငယ်ငယ်ကတည်းက အမေက "ဟဲ့ နင် စာမကျက်ဘူးလား ဟိုဘက်အိမ်က ကလေးတွေများ စာအော်ကျက်နေလိုက်ကြတာ" ဆိုရင် စာဖတ်ဖို့ကိုင်ထားတဲ့ စာအုပ်တောင် ဘေးချပြီး အဲဒီ့တနေ့လုံး စာမကျက်တော့တာ။ ခုမှ အဲဒီတုန်းက ကျမကို ပြောမရလို့ အမေ အတော် စိတ်ဆင်းရဲခဲ့မှာ လို့ တွေးမိတယ်။ နောက်တော့ အမေက ကျမကို စာလုပ်ဖို့ ဘယ်တော့မှ မပြောတော့ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်တတ်မှန်း၊ သူများနဲ့ ယှဉ်ပြောရင် မကြိုက်မှန်း အမေ သိသွားလို့ပဲ ဖြစ်မယ်။ ဒါက ကျမရဲ့ ငယ်ဘဝထဲက ပုံရိပ် တပိုင်းတစပေါ့။ ဪ...ဘလော့်ဂါဖြစ်လာမဲ့ ကလေးများ ငယ်ကတည်းက တယ်ခေါင်းမာတာ....

ကျမ တက်ခဲ့ရတဲ့ ကျောင်းကြီးက အီကိုလို့ ခေါ်ကြတဲ့ စီးပွားရေးတက္ကသိုလ်မှာပါ။ မှတ်မိသေးတယ်။ ပထမနှစ်မှာ ဆက်ရှင် ၆ခု ရှိတဲ့အထဲ ကျမက ဆက်ရှင် ၅ မှာ တက်ရပါတယ်။ ဆက်ရှင် ဝမ်းတို့ တူးတို့က ကျောင်းသူတွေလို ဆေးကျောင်းပြုတ်၊ စက်မှုပြုတ် မဟုတ်ပဲ နောက်ဆုံးနား မရောက်ခင်လေးတင် ကပ်ပြီးဝင်ခဲ့ကြတဲ့ ဆက်ရှင်တူ ကျောင်းသူတွေ အချင်းချင်း အပွေးမြင် အပင်သိခဲ့ကြပါရဲ့။ ကျမတို့ ၈ယောက်အုပ်စုကြီးဟာ အတန်းလစ်လည်း အတူတူ၊ အတန်းတက်လည်း အတူတူ၊ စာမေးပွဲနီးလို့ စာတွေလိုက်ကူးလည်း အတူတူ ဖြစ်ခဲ့ကြပါတယ်။

နောက်တန်းက ဆရာ-ဆရာမများပါ...


ကျမတို့အုပ်စုက ခပ်ပျော်ပျော်တွေ ဖြစ်တဲ့အပြင် အစအနောက်လည်း သန်ကြတော့ အီကိုမှာ ရှားပါးမျိုးနွယ်ဖြစ်လေတဲ့ မဟာပုရိသတွေ ခမျာ ကျမတို့ ကျောင်းသူတွေရဲ့ ဒဏ်ကို အတော်လေး ခံစားကြရရှာပါတယ်။ ကျောင်းသားတယောက်ထဲများ ရှေ့က ဖြတ်မသွားနဲ့ ဘေညာ ဘေညာ ဘေညာဘေး ဆိုပြီး ဝိုင်းအော်လို့ ကျောင်းသားခမျာ ပုဆိုးတွေဘာတွေ တုတ်ပြီး ခလုတ် မတိုက်ရုံတမယ် ဖြစ်ရရှာတာ။ ပိုက်ဆံကို ကြိုးနဲ့ အသာချည်ပြီး အခန်းဝ ကော်ရစ်ဒါမှာ ချထား။ မလှမ်းမကမ်းက ကြည့်ပြီး ကုန်းကောက်တော့မှ အတန်းထဲကနေ တယောက်က ကြိုးနဲ့ ပြန်ဆွဲတာမျိုး၊ နောက်မှာ အမြီးတပ်လိုက်တာမျိုး သကောင့်သားတွေ စုံအောင် ခံရရှာပါတယ်။

တချို့ ခပ်ပျော့ပျော့ ကျောင်းသားတွေကိုဆို "နင် ငါတို့ရှေ့မှာ အိညှောင့် အိညှောင့်လာလုပ်မနေနဲ့ ရည်းစားစာ လိုက်ပေးလိုက်မယ် ဘာမှတ်နေလဲ" လို့ ငေါက်တတ်သေးတာပါ။ အဲသလို ကျမတို့ကျောင်းမှာ ရေများရေနိုင် မီးများမီးနိုင် ဆိုသလို မဟာပုရိသတွေခမျာ အားနွဲ့သူတွေ အဖြစ် ရောက်ကြရတော့တာ။

ပထမနှစ်မှာ ကျမတို့ အတန်းထဲက ကောင်လေးချောချောတယောက်ကို ကျမတို့ဘာသာ ကင်း ပေးထားပါတယ်။ တကယ်လည်း မောင်မယ်သစ်လွင်နေ့မှာ ပါးစပ်နဲ့ ကင်းရွေးကြရော တခြားဆက်ရှင်က တယောက် ရသွားလေတော့ သူ့ခမျာ အလိုလိုနေရင်း ရာထူးလျောပြီး ကင်းပြုတ် ဖြစ်သွားပါတော့တယ်။ ဘာပဲဖြစ်ဖြစ် တနေ့ တနေ့ အတန်းထဲရှိတဲ့ ကင်းပြုတ်ကိုပဲ အိပ်ချင်ပြေ ကြည့်ခဲ့ကြရတာ။ ကျမတို့ရဲ့ မဟာကျေးဇူးရှင် အိပ်ချင်ပြေလေးပေါ့...

အတန်းထဲမှာ နောက်ထပ် အိပ်ချင်ပြေတယောက် ရှိပါသေးတယ်။ သူကတော့ နယ်ကျောင်းသား တယောက်ပါ။ သူ့ရဲ့ ဖက်ရှင်ကို ပြောပြပါဦးမယ်။ အဲဒီတုန်းက ခေတ်စားခဲ့တဲ့ အိတုန်၊ အိရှန်၊ လှိုင်းကြီး အစတွေကို ရှပ်လက်ရှည် ချုပ်ဝတ်ပြီး အောက်က ရခိုင် ပုဆိုး၊ ပိုးလိုလို ခပ်ပြောင်ပြောင် ပုဆိုးတွေနဲ့ တွဲဝတ်လေ့ရှိပါတယ်။ အပေါ်က အဝါနုဆို ပုဆိုးက အဝါရင့်၊ အပေါ်က ဗေဒါနုဆို အောက်က ဗေဒါရင့် ဆိုတော့ကာ သူ့ကို ကျမတို့ အုပ်စုက နတ်ကတော် လို့ နာမည်ပြောင် ပေးထားပါတယ်။ တနေ့ တနေ့ သူ ဘာအရောင်များ ဝမ်းဆက် ဝတ်လာလေမလဲ စောင့်ကြည့် ရယ်ကြရတာ အမောပါပဲ။

သူ့ရဲ့ပုံကို အနီးစပ်ဆုံး ပြောရရင် ဝမ်း ၆ခါလောက် လျှောထားတဲ့ မင်းသား သျှားညိုကို မျက်မှန်သာ ဖြုတ်ကြည့်လိုက်ကြပါ။ သူ့မှာ ငွေသွားကြီး တချောင်းကလည်းရှိ၊ မိဘတွေကလည်း သနပ်ခါးခြံပိုင်ရှင်မို့ ကျမတို့ အချင်းချင်း စိတ်ကူးမလွဲကြဖို့ ပြောရင်း သူ့နောက်ကွယ်မှာ သူ့ကို ဘော်လီဘော ပုတ်သလို တယောက်ဆီကနေ တယောက် ပုတ်ထုတ်တတ်ကြပါတယ်။ ဒီလိုနဲ့ ပထမ စာသင်နှစ်ဝက်ပြီးလို့ ဒုတိယ စာသင်နှစ် အစမှာ မမျှော်လင့်ထားတဲ့ အဖြစ်တခု ဖြစ်ခဲ့ပါတော့တယ်။

အတန်းပြီးလို့ ထွက်လာတဲ့ ကျမတို့ အုပ်စုနောက်ကို သူ နောက်ကနေ အပြေးလိုက်လာပါတယ်။ ပြီးတော့ ကျမ နာမည်ကို ခေါ်ရင်း သူ့လက်ထဲက ကြွပ်ကြွပ်အိတ်နဲ့ ထည့်လာတဲ့ သနပ်ခါးတုံးတွေကို ကျမလက်ထဲ အတင်းထည့်ပါတော့တယ်။ အားလုံး တအံ့တဩနဲ့ ကြောင်အအ ဖြစ်နေချိန်မှာ ကျမ ခပ်သွက်သွက် လျှောက်ရင်း ရှေ့က နားနေခန်းထဲ စွပ်ကနဲ ဝင်ပြေးခဲ့မိတော့တယ်။ အမျိုးသမီး နားနေခန်းမို့ သူ ဝင်လိုက်လာလို့ မရဘဲ အခန်းရှေ့မှာ တောင့်တောင့်ကြီး ရပ်စောင့်နေခဲ့တာ စာသင်ချိန် တချိန် လွတ်တဲ့ အထိပါပဲ။ ကျမ ကောင်းကောင်းကြီး ဝဋ်လည်တာပါ။ ကျမ အလှည့်ကျတော့ အဲသလို ကြောက်ဒူးတုန်ခဲ့မိတာ။ ကျမ သူငယ်ချင်းတွေကတော့ အဲဒီ့အတွက် ကျမကို ဟားတိုက်မဆုံးပေါ့။ နောက်ပိုင်းတော့ သူ့ခမျာ အဝေးကနေပဲ ခေါ်တောတထောင်အားနဲ့ လှမ်း လှမ်း ကြည့်ရုံပဲ တတ်နိုင်ပါတော့တယ်။

အုပ်စုထဲမှာမှ ကျမက ဟိုစပ်စပ် ဒီစပ်စပ် အလုပ်ဆုံး၊ ဘယ်နေရာမှလည်း မထူးချွန်ဆုံးပါပဲ။ ကျောင်းအနုပညာအသင်းမှာ သီချင်းဆိုမလား၊ နံရံကပ် စာစောင်မှာ ပန်းချီဆွဲမလား (အမှန်ကတော့ တကြောင်းဆွဲ ကာတွန်းလောက်ရယ်ပါ)၊ ကဗျာရေးမလား စုံတကာစိနေအောင်ပါပဲ။

ကဗျာဆိုလို့ ဘရုတ်ကျဖူးတဲ့ အဖြစ်တခုကို သတိရမိသေးတယ်။ အတန်းထဲမှာ အင်မတန် အေးတဲ့ စာဂျပိုးကျောင်းသား တယောက် ရှိတယ်။ အသားဖြူဖြူ၊ ပိန်ကိုင်းကိုင်း၊ ကော်ကိုင်းမျက်မှန် အနက်နဲ့ပါ။ ဖြစ်ချင်တော့ စာသင်ချိန်တခုမှာ သူ့ခုံနောက်က ကျမတို့အုပ်စု ဝင်ထိုင်ဖြစ်ပါတယ်။ စာသင်ချိန်ပြီးလို့ ဆရာမ အခန်းထဲကအထွက်မှာ ဘောလ်ပန်ကို တမင် သူ့ခုံအောက်ကျအောင် ကျမ လွှတ်ချ လိုက်ပါတယ်။ ပြီးမှ သူ့ကို ကောက်ခိုင်းတယ်။ ချက်ချင်းပဲ ကျမ ကဗျာတိုလေး တပုဒ် ကောက်စပ်လိုက်တယ်။ အဲဒီကဗျာကို သူငယ်ချင်း တယောက်က အသံနေ အသံထားနဲ့ သူကြားတယ်ဆိုရုံ ဖတ်ပြပါတယ်။

ဘောလ်ပန်လေး ကောက်ပေးပါလား
အားတင်းပြီး လှမ်းအပြော
လှည့်ကြည့်ပြီး ကောက်အပေး
ရင်ထဲမှာ နွေးကနဲ
ကျေးဇူး ဆိုတဲ့ စကားလေး နှစ်လုံး
သုံးနေကျပေမဲ့ ပြောမထွက်ခဲ့ပါလားကွယ်....

နောက်ဆုံး "ကွယ်" ဆိုတာကို သူက "ကွယ်...ဟယ် ဟယ်" ဆိုပြီး ကွန့်ပြီး ဖတ်ပြတာပါ။ ကျမတို့က အေးလွန်းတဲ့ ကျောင်းသားမို့ စ ချင်ရုံပါ။ ဒါပေမဲ့ ကျမတို့အုပ်စုကို တွေ့တိုင်း သူ့မှာ မျက်နှာတခုလုံး ရဲနေအောင် ရှက်နေရှာတော့တယ်။ နောက်ပိုင်းတော့ ၈၈ အရေးအခင်း အပြီးမှာ ကျောင်းမပြီးခင် သူ နိုင်ငံခြား ထွက်သွားတယ် ကြားပါတယ်။ ကျမတို့ ပယောဂတော့ ဟုတ်ဟန် မတူပါဘူးလေ....:)

ကျောင်းမှာ အပျော်ဆုံးက ပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာပါ။ ကျမက ရန်ကုန်သူမို့ အဆောင် မရပေမဲ့ ကျောင်းအနုပညာသင်းရဲ့ သင်္ကြန်ဖြေဖျော်ပွဲတွေမှာ ကျောင်းကအဆောင်တွေမှာ Camp ဝင်ပြီး သွားနေရပါတယ်။ နှင်းဆီတို့ ဂန္တမာတို့ မှာပေါ့။ အဲဒီတုန်းက ဂစ်တာတီးတဲ့ အကိုကြီးတွေက ဗိုလ်ပြား၊ ဗိုလ်ရွဲနဲ့ အော်ဂင်က ကိုမိုက်လို့ ကျမတို့ ခေါ်ခဲ့တဲ့ ခု ဒါရိုက်တာ မိုက်တီးပါ။ အဆောင်ရှေ့မှာ ည ည ဂစ်တာ လာတီးတဲ့ အထဲမှာ တချို့ အဆိုတော်တွေလည်း ပါ ပါတယ်။ အခန်းမီးတွေ ပိတ်လိုက် ဖွင့်လိုက် လုပ်ပြကြ၊ လဘက်တွေ ဇီးပေါင်းထုပ်တွေ ပို့ပေးကြနဲ့ တကယ်ပဲ အဆောင်နေ ကျောင်းသူဘဝကို ခတ္တ ခံစားရရှိစေတဲ့ ရက်တွေမို့ သိတ်ပျော်ခဲ့ရပါတယ်။

နှစ်စပိုင်းတွေမှာ ဆေးက၊ စက်မှုက ကျောင်းသားတွေ လာပိုးတာကို ဘဝင်လေဟပ်နေတဲ့ အီကိုမမတွေဟာ နောက်အတန်းတွေ ကြီးလာတဲ့အခါ ဟိုမောင်တွေမှာ စာတွေနဲ့ နပန်းလုံးပြီး မြာဘက် မလှည့်နိုင်ဖြစ်၊ ဒီမှာလည်း ကျောင်းပြီးခါနီးမို့ အသည်းအသန် ကြင်လျာတော် ရှာကြရင်း နောက်ဆုံးတော့ အီကိုမမတွေခမျာ ကိုယ့်ခြံထဲကကြက် ကိုယ် ရိုက်စားရတဲ့ ဘဝ ရောက်ရရှာတာ "တို့ အီကို ကျောင်းသားတွေကတော့ အဲဒီအချိန် မျက်နှာပွင့်ချိန်ပေါ့ကွာ" လို့ ကျမတို့ အီကို ကျောင်းသူတွေကို သနားဟန်နဲ့ ပြောကြလေတယ်။ မည်သို့ပင်ဖြစ်စေပေါ့လေ ကျမတို့ အီကိုကျောင်းသူတွေရဲ့ လက်သုံးစကားက ရွာနားကမြက် ရွာနွားမစားပါပဲ။ နဲနဲမှ မလျှော့ပါဘူး။

ဘယ်ကျောင်းသားကပဲ လာကြိုက်ကြိုက် ကျမတို့ အုပ်စုက ဝိုင်းပြီး နှိပ်စက်ကြတဲ့ဒဏ် မခံနိုင်ဘဲ ပြေးကြရတာ။ ဒုတိယနှစ်ပြီးတဲ့အထိ ဘယ်သူမှ ရည်းစား မထားကြပဲ လှည့်ပတ်ပြီး ဘရုတ်ကျနေခဲ့ကြတာ။ တတိယနှစ်စမှာတော့ သူငယ်ချင်းမတယောက်ရဲ့ လျို့ဝှက် အချစ်ရေးကြီးထဲမှာ ကျမတို့ ပူးပေါင်း ပါဝင်ခဲ့ကြရတယ်။ သူ့ ချစ်သူ အကိုကြီးက ဘွဲ့မရဘဲ ကျောင်းထွက်ပြီး သူတို့ ဆန်ပွဲရုံမှာ အလုပ် ဝင်လုပ်နေတာ။ ဒီတော့ မိဘများက သမီးနဲ့ သဘောမတူနိုင်ဘူးပေါ့လေ။ ကျမတို့က သူငယ်ချင်းကို အိမ်က ခေါ်ထုတ်ပေးခဲ့ကြရ ဖူးတယ်။ အဲဒီတုန်းက လူကြီးတွေကို မုန်းလိုက်တာလေ။ ပကာသနမက်၊ ဂုဏ်ဓနမက်...ဒါတွေ ဘာလုပ်ဖို့လဲပေါ့...အရေးကြီးတာက အချစ် အချစ် အချစ် မဟုတ်လားပေါ့လေ...ခုနေ တွေးမိတော့ ရယ်ချင်စရာ။ (ခုတော့ ကျမ သူငယ်ချင်းမက သူ့ချစ်သူနဲ့ အိမ်ထောင်ကျပြီးလို့ ကလေး ၂ယောက်ရ၊ ဘဝမှာ နေပျော်စွာ ရှိနေပါရဲ့)

ကျောင်းတုန်းကပုံတွေ ကျမမှာ များများစားစား မရှိပါဘူး၊ ဒီပုံတွေတောင် ရုံးကလူတွေကို တကယ် ဘွဲ့ရခဲ့တာလို့ ပြချင်လို့ ရွာအပြန် အိမ်က ယူလာတာပါ။ နို့မို့ဆို ကိုယ့်ဘွဲ့လက်မှတ် နွမ်းဖတ်ဖတ်လေးကို အတုလို့ ထင်တတ်ကြလွန်းလို့....:)




တတိယနှစ်မှာ ဘာသာရပ်တွေခွဲတော့ ကျမတို့အုပ်စုလည်း ကွဲသွားခဲ့ကြတယ်။ အတန်းအားချိန် တူတိုင်း အရင်လို ပြန်တွေ့ဖြစ်ကြပေမဲ့ ကျမက သူငယ်ချင်း အသစ်တွေ ထပ်ရခဲ့ပြန်တယ်။ ကျမက တကျောင်းလုံးနဲ့ ပေါင်းတဲ့သူမို့လေ။ နောက်ပိုင်း ၈၈ အရေးအခင်းနဲ့ ကျောင်း ၃နှစ်ပိတ်၊ ပြန်ဖွင့်တော့လည်း ကျောင်းမှာ အရင်လို သင်္ကြန် ဖြေဖျော်ပွဲတွေ မလုပ်ကြတော့တဲ့အပြင် ကျောင်းဝင်းထဲ လက်နက်ကိုင်ထားသူတွေ စောင့်ကြပ်နေတာတွေ့ရင်ပဲ ရင်ထဲ ဝမ်းနည်းသလိုလို၊ ပျောက်ဆုံးသွားတဲ့ လွတ်လပ်မှုတွေအတွက် စိတ်ထဲ မပျော်ခဲ့ကြတော့ဘူး။ ဒီလိုနဲ့ပဲ ၄နှစ်တာ ကျောင်းပြီးလို့ သူငယ်ချင်းတွေလည်း တနေရာစီ ကွဲခဲ့ကြရတာ။ တချို့ သူငယ်ချင်းတွေက ကျောင်းမှာပဲ စာပြန်သင်နေကြတုန်းပါပဲ။ ဒါပေမဲ့ ကျောင်းထဲကို သွားမတွေ့ဘူး။ ကျမ မခံစားနိုင်လို့ပါ။

တနှစ် ရွာအပြန်မှာ သူငယ်ချင်းမ တယောက်နဲ့ ချိန်းရင်း သူ့အိမ် သွားလည်ဖြစ်ပါတယ်။ သူက ရုံးမှာ အတူ အလုပ်လုပ်ဖော် အမျိုးသားတဦးနဲ့ အိမ်ထောင်ကျပြီး ချစ်စဖွယ် သမီးကလေးတယောက် ရနေပါပြီ။ မမျှော်လင့်ပဲ သူက ကျမ ကျောင်းတုန်းက ပေါက်ကရ စပ်ထားတဲ့ ကဗျာ အတိုအစလေးတွေ စတက်ပလာနဲ့ စုချုပ်ထားပြီး တခုတ်တရ သိမ်းထားရှာတာ ကျမကို ထုတ်ပြပါတယ်။ ကျမ ပြောမပြတတ်အောင် ခံစားလိုက်ရတယ်။ ကျမကတော့ ရေးပြီး သံယောဇဉ် မထားတတ်သူပီပီ ဟိုပစ် ဒီပစ် ပစ်ထားခဲ့မိတာပါ။ လူငယ်ပီပီ အဲဒီတုန်းက အချစ်ကဗျာလေးတွေပဲ အစပ်များခဲ့တာ၊ သူ့ကိုလည်း နင့် အမျိုးသားကို သွားမပြနဲ့နော်လို့ ရှက်ရှက်နဲ့ မှာခဲ့ရပါသေးတယ်။

ရပ်ကွက်ထဲမှာသာ မိန်းကလေးတွေ ဘရုတ်ကျပြီး ဖလန်း ဖလန်းထနေရင် လူတကာ ပြောချင်စရာ ဖြစ်ပေမဲ့ တက္ကသိုလ်ကျောင်းသူ ဆိုတဲ့ နာမည်လေးအောက်မှာ၊ ကျောင်းကြီးရဲ့အရိပ်အောက်မှာတော့ ကျမတို့ ဘရုတ်ကျသမျှ ချစ်စရာ ဖြူစင်သွားပြန်တယ်။ ကျောင်းကြီးရဲ့ အရိပ်ခိုလို့ ပညာသင်ချိန်တွေမှာ ကျမတို့ ကျောင်းသားကျောင်းသူတွေ ဘယ်လောက်ဆိုးဆိုး ဆရာတွေက မေတ္တာနဲ့ ခွင့်လွှတ်ခဲ့၊ ချစ်ခဲ့ကြတာပါပဲ။ ဒါကြောင့် ဘယ်အချိန် ပြန်တွေးတွေး ကျောင်းနဲ့ပတ်သက်တဲ့ ပုံရိပ်ဟောင်းတွေဟာ နှလုံးအိမ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေကြတုန်း၊ လွမ်းမောစရာကောင်းနေတုန်းပါပဲလေ။


ညီမကေရဲ့ တက်ဂ်ပိုစ့်လေးပါ။ အမှတ်တရ တဂ်လာတဲ့အတွက် ကျေးဇူးပါ ညီမရေ...



28 comments:

Vista said...

ဖတ်လို့ ကောင်းလိုက်ထှာ ....မချစ်ကြည်လည်း အတော်လေးကိုကဲတာကိုးခွိ

ZZZ said...

မချစ်ကြည်အေးရဲ့ ကျောင်းအကြောင်းတွေကိုဖတ်ရင်းနဲ. အရင်က တက်ခဲ့တဲ့ တက္ကသိုလ်အကြောင်းကို ပြန်လွမ်းမိတယ် ၊

ကျောင်သားဘ၀ရဲ့ ပျော်ရွင်ဖွယ်ဖြစ်ရပ်များကို ဘယ်တော့မှ မမေ့နိုင်ပါ ...

Thant said...

ဘွဲ့ဝတ်စုံလေးနဲ့မျက်နှာလေးကြည့်လိုက်တော့ အဲ့လောက်ကဲတယ်ဆိုတာ မထင်ရက်စရာ.....း)))

အဖြူရောင်နတ်သမီး said...

ကျောင်းတုန်းက ဘဝလေးကို လာနားထောင်သွားတယ် မကြီးရေ...
ဘွဲ့ဝတ်စုံလေးနဲ့ အရမ်းကျက်သရေရှိတာပဲ...

Kay said...

အဲဒါနဲ့..အီကိုသူက..နေ့ရွှေ့ ညရွှေ့ရင်း .. ကျောက်တုံးစာ မိသွား တော့တာပေါ့လေ.. ကွိ ကွိ..

ရေးပေးတာ..ကျေးဇူး..မ

ညီမလေး said...

ပျော်စရာကောင်းသော လွမ်းမောစရာ နေ့ရက်တွေကို သတိရတယ် ချစ်ချစ်ရယ် ....

ပီအက်စ်း ချစ်ချစ်လဲ တော်တော်ကဲခဲ့တာပဲးP

ချစ်ကြည်အေး said...

ဘုရား ဘုရား ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေပါရောလား အို....အရှိအတိုင်းပေါ့ တတ်နိုင်ပါဘူး အဲ့တုန်းက ၁၆-၁၇-၁၈ ငယ်တုန်းကိုး...စလိုက် နောက်လိုက်နဲ့ ပျော်တတ်ခဲ့ကြတာပါလေ....:P

ဝေလင်း said...

လေးငါးခြောက်တန်းလောက်ကတည်းက မက်ခဲ့တဲ့ တက္ကသိုလ်အိပ်မက် ၁၀တန်းလည်းအောင်ရော ပျက်ကရောပဲ။။ ပြောမလို့သာပြောတာပါလေ..။ ကိုယ်စိတ်ကူးယဉ်ခဲ့တဲ့ တက္ကသိုလ်ဆိုတာ သစ်ပုတ်ပင်နဲ့ အဓိပတိလမ်းနဲ့မဟုတ်လား..။ တောထဲတော့ မြွေပါးကင်းပါးမသွားနိုင်ပါဘူး။ မန္တလေးရတနာပုံတက္ကသိုလ်လိုလည်း ရေတက်လာရင် လှေနဲ့ ကျောင်းတက်ရတာမျိုးဆိုရင် သိပ်တော့မမိုက်သေးဘူး...။ တက်ခွင့်ရမယ်ဆိုရင်တော့ အစ်မတို့ခေတ်က တက္ကသိုလ်တက်ချင်ပါတယ်အစ်မရေ...။ အမှန်အတိုင်းပြောရရင် အစ်မကို မနာလိုဘူးဗျာ...

ရွှေရတုမှတ်တမ်း said...

ဟား...တယ်ဖတ်လို့ကောင်းပါ့..ငယ်ငယ်ကတော့ ပျော်စရာပါပဲ..
မယ်ချစ်တို့ ရွာနားက မြက်ရှောင်ရင်း...ကျောက်တုံးခလုတ်တိုက်မိရှာလေသတည်း....ဤကား စကားချပ်...

Anonymous said...

ဖတ်လို့ ကောင်းတယ်.မချစ်ကြည်ရေ...။
အရင်ကဖတ်ရတဲ့ဝတ္ထုတွေ ရုပ်ရှင်တွေထဲကလိုပဲ..။

ပေါက်

blackroze said...

မကြီးချစ်ရာ...ညီမလည်းငယ်ငယ်ထဲကမက်ခဲ့တဲ့
ရန်ကုန်တက္ကသိုလ်ဆိုတဲ့..အိမ်မက်ကြီးဟာ..
10တန်းလဲအောင်ပြီးရော..ပျောက်သွားတာဘဲလေ..
ညီမတို့ကနေပူဖုန်ထူတဲ့..ဒဂုံမှာတက်ခဲ့ရတာလေ..
ဒါလဲအမှတ်တရလေးတွေရှိခဲ့ပါတယ်..
မကြီးချစ်ရဲ့ပုံရိပ်ဟောင်းလေးတွေဖတ်ရင်းနဲ့မကြီးချစ်တို့
ငယ်ငယ်ကကျောင်းထဲမှာကဲနေတဲ့ပုံလေးတွေပါမျက်စိထဲမြင်ယောင်
ခံစားသွားတယ်အမရေ..

sonata-cantata said...

ဝမ်းဆက်လေးကို ရယ်လိုက်ရတာ ချစ်ကြည်ရယ်
အော်...ရယ်တော့လည်း မရယ်ရက်ပါဘူး

T T Sweet said...

ဟားဟား ... အကြည်တို့လဲ အတော်ဗရုပ်ကျခဲ့တာပဲ။ သူ့ထက်သူ လူစွမ်းကောင်းတွေချည်းပါပဲလားဟရို့။

အီကိုကတော့ မိန်းမလှကျွန်းဆို နာမည်ကြီးပါတယ်ဗျာ။ ဓာတ်ပုံထဲက အီကိုသူလေးတွေကလဲ ချောချောလေးတွေပါပဲ။

ဝက်ဝံလေး said...

တော်တော်ဆိုးခဲ့တာပါ ဒါဆို များ တို့က ဆိုးခွင့်မရတာလား လိမ်မာတာလားတော့မသိဘူး ဟိဟိ ဒါပေမယ့် အဲဒါတွေက ပြန်တွေးရင် ပျော်စရာကြီးနော် ဒါနဲ့ စကားမစပ် ဒီလိုရေးတော့ မချစ် အမျိုးသားကမ စ ဘူးလား နင့်အဆက်ဟောင်းကို သတိရလား ဘာလား ညာလား ဟိဟိ

P.Ti said...

အမတို့ခေတ်က တက္ကသိုလ်က ကျွန်တော်တို့ခေတ်ထက် အများကြီးပိုပျော်ဖို့ကောင်းတယ်။ အကိုကလည်း အီကိုကဆိုတော့ တခါ သူ့အဆောင် ဟန်လင်းမှာ သွားအိပ်ဖူးတယ်။ အမေတို့ပြောဖူးတာရော အကိုတို့နေတာပါကြည့်ပြီး အဆောင်ကျောင်းသားဘ၀ကို အားကျခဲ့တာလေ။ အကိုနဲ့ အမချစ်ကြည်အေးတို့နဲ့တောင် အတန်းသိပ်မကွာလောက်ဘူးထင်တယ်။
အမတို့ရေးတာတွေဖတ်ပြီး ဆက်ရေးချင်သွားပြီး...

အလယ်ကနှစ်ယောက်ထဲက တစ်ယောက်ပါ ... :P

ကိုချစ်ဖေ said...

အဲ့ဒီနှစ်တွေတုန်းက ဒုန်းမင်းတီးတတ်တဲ့ ပျဉ်းမနားက သူငယ်ချင်းကို ဒုန်မင်း အတင်းယူလာခိုင်း ပြီးတော့ အဆောင်မှာ အဖေတို့ခေတ်က မြန်မာသံ အချစ်သီချင်း တွေကို သေချာတိုက် အင်းလျား ရတနာကော မာလာ သိရိကော နှင်းဆီ အင်ကြင်းပါမကျန် အုပ်စုလိုက် ဒုန်းမင်းနဲ့ တယောက်တပုဒ် သွားသွားဆိုတာ ဂီတာတွေကြားထဲမှာ ဒုန်မင်းနဲ့ ထူးထူးခြားခြား မြန်မာသံဆိုတော့ လက်ဖက်တွေ လိမ္မော်သီးတွေ နေကြာစေ့ပါမကျန် တ၀ပါပဲ မဟုတ်တရုတ် ကိုဘယ်သူက ဘယ်မေဂျာသူ မဘယ်သူအတွက် ဆိုပြီး သီချင်းတွေဆို နောက်ကြ ဂီတာလေးတွေခမျာ မျက်နှာကိုငယ်ရော ဂီတာလဲ တီးတတ်ကြရဲ့သားနဲ့ လေ. ကိုချစ်ဖေကတော့ အသံကလဲမကောင်း အဆိုကလဲ မတတ်ဆိုတော့ ဒုန်မင်းကြီးတထမ်းထမ်းနဲ့ လိုက်အားပေးရတာပေါ့ဗျာ..နှစ်ဆယ်နှစ်နှစ်ကျော်အကြာမှာ ကျနော်တို့ထဲက ၂ ယောက်တောထဲမှာ ကျ တယောက် ထောင်ကျ ပြည်ပြေးဖြစ် တယောက်ရဲ ဖြစ်သွားကြရော မချစ်ကြည်ရေ.

Anonymous said...

ဒီပို့ (စ်) ကိုဖတ်ပြီးကျောင်းကို အ၇မ်းလွမ်းသွားပြီ။ ဒို့ ထက် ငယ်မယ်ထင်ပါတယ်၊ ဒို့ က ၉၆ မှာပြီးတာ။ အေ၇းအခင်းနဲ့ မကြုံခဲ့ဘူး။ သ၇ဖီမှာနေခဲ့ပါတယ်။ ပျော်စ၇ာတကယ်ကောင်းပါတယ်။

စာဖတ်သူတစ်ဦး

toe said...

အားလုံးကို မြင်ဖူးသလိုလိုပဲ.. ၈၈ ဖြစ်တော့ တတိယနှစ်လား..
ဒါဆိုရင် same batch တွေဖြစ်မယ် ထင်တယ်.. ကိုယ့်အဖွဲ့လည်း (၈)ယောက် အုပ်စုပဲ.. Commerce ကို (၄) ယောက်.. Stats ကို (၃)ယောက်.. Eco ကို (၁)ယောက်.. ရောက်သွားကြတယ်.. ဒါပေမဲ့ အခုချိန်ထိ အားလုံး အဆက်အသွယ်မပြတ်ကြပါဘူး.. နိုင်ငံတွေ ခြားနေကြပေမဲ့..

မိုးငွေ့...... said...

အမချစ်က ခုရုပ်နဲ့ ကျောင်းတုန်းကနဲ့ ဘာမှပြောင်းလဲမသွားဘူး ကြည့်ကောင်းတုန်းပဲ....။ ကျောင်းသားဘ၀အမှတ်တရလေးတွေက မေ့မရအောင်ပါပဲ ပျော်စရာလေးနော်........။ အမတို့အီကိုကပိုပျော်ဖို့ကောင်းမယ်...။

ခင်တဲ့
မိုးငွေ့

su su said...

မချစ်ကအီကိုလား....‌ကျောက်ခဲလို့ထင်‌နေတာ...တို့လဲအီကိုဘဲ..
section 5.။၈၇ မှာ ၇၅ကျပ်တန်၊၂၅ကျပ်တန်‌တွေသိမ်း‌တော့တို့‌တွေတတိ
ယနှစ်စာ‌မေးပွဲ၂ဘာသာ‌ဖြေပြီး‌ကျောင်း‌တွေပိတ်လိုက်ပါ‌ရောလား..။မချစ်က
ဘယ်နှစ်ကလဲ..တို့နှစ်ကဆက်ရှင်ကွင်းကမို့မို့ဝင်းတဲ့၊ကင်းနံမယ်မမှတ်မိ‌တော့ဘူး၊အဂ်လိပ်စာအချိန်ဆိုရင်ဆက်ရှင်၆ ကဆရာဦး‌ကျော်စွာသိန်းအတန်းမှာ‌ကျောင်းသူ‌တွေ‌နေရာလြုကတာမှတ်မိတယ်၊
same batch ဆိုရင်ေ တာ့တခန်းထဲတက်ခြဲ့ကမှာဘဲ..အြံ့သစရာဘဲ..
တို့‌တွေအုပ်စုက‌နောက်ဆုံတန်းမှာအမြဲထိုင်ပြီးဗရုတ်ကျတယ်‌လေ..ပဲ
များတဲ့‌ကောင်မ‌လေး‌တွေကိုစကှူ မြှားနဲ့‌နောက်က‌နေပစ်တယ်..
ပီ‌ကေဝါးပြီးပါးစပ်ထဲမှာ‌တောက်ခနဲ‌ဖေါက်တယ်၊အဲ..သူများ‌တွေလန်ြ့ပီး
လှည်ြ့ကည့် ရင်ကိုယ်မဟုတ်သလိုဟြိုကည့်ဒြီကည့်အ‌ကြောင်ရိုက်ကြတယ်၊
အခန်းတိုင်းကကွင်း‌တွေကင်း‌တွေကိုလိုက်ကြည့်တယ်၊အဲလိုကဲခြဲ့ကတာ..
အခုတ‌လော..‌ကျောင်းအ‌ကြောင်း‌ရေးထားတဲ့ပို့စ်‌လေး‌တွေဖတ်ရတာအနှစ်
၂၀ေ လာက်ပြန်ငယ်သွားသလိုခံစားရတယ်....လွမ်းလိုက်တာ.....
လွမ်းလွန်လွန်းလို့...လိမ့်လိမ့်လူးးးးးးးဟူးးးသွားတာဘဲ..။းP

Anonymous said...

အီကို ကတော့ အလန်းတွေ တော်တော်ကို များတယ်။ accounts & audit လဲ တော်တော် နိုင်တော့...:(

နေသွေး(ဘရာဗို) said...

ပုံတွေ စုထားတော့
သတိတရ ထုတ်ကြည့်ဖို့ ကောင်းတာပေါ့ဗျာ

ကိုအောင်(ပျူနိုင်ငံ) said...

အချောအလှတွေပေါတဲ့ အမတို့ အီကိုက လွမ်းစရာပါ ... :P

tin min htet said...

သနပ်ခါးတုံး လိုက်ပေးတဲ့ အခန်းက အသားပဲ။ ဒီလောက်နဲ့ပဲ တခန်းရပ်သွားသလား။ ဂျီဟောသူထဲက ဝေဝေတို့ ကဲသမျှ သူ့ကိုကြိုက်တဲ့သူ ပေါ်လာလို့ ပြေးရတာ သတိရသေးတယ်။

ချစ်ကြည်အေး said...

စာဖတ်သူရေ အမက ၉၃မှာ ဘွဲ့ယူပါတယ်...
တိုးရေ ဟုတ်ပါတယ် ၈၈မှာ တို့တွေက တတိယနှစ် ပထမစာသင်နှစ်ဝက် ရောက်ပါပြီ...
စုရေ တို့ မှတ်မိသလောက်ကတော့ ကွင်းနာမည်က ခင်ယင်းမာ ဆိုလား။ ဟုတ်တယ် ဆရာ ပေါက်စီ အတန်း လုတက်ခဲ့ကြတာလေ။ စုနဲ့ တအုပ်စုထဲများ ဖြစ်နေမလား။ တို့လည်း ရှေ့တန်းက မိန်းကလေးတွေ ဖိနပ်ကို ထီးကောက်နဲ့ ဆွဲယူပြီး ဖွက်ဖူးတယ် ဟားဟား...

ချစ်ကြည်အေး said...

ဗစ်စ်၊ သန့်၊ ညီမလေး၊ ဝက်ဝက်၊ ဆွိ..အဲဒါ ကဲတာမဟုတ်ရ...၊ သောင်းကျန်းသူ စာရင်းဝင်ခဲ့ရုံလေးများ...ဟားဟား :)
ကိုZ၊ နတ်သမီး၊ ပေါက် ကျေးဇူးပါ၊ ကျောင်းသားဘဝလေးကတော့ ဘယ်တော့မှ မမေ့နိုင်စရာပါလေ...
ကေ၊ ကိုကြီးကျောက် အီကိုသူ ကျောက်ခဲမှန်သွားတာ အဟုတ်ပဲ...ဟ ဟ:)
ရိုဇ့်၊ ဝေလင်း အမတို့လည်း နှစ်အနည်းငယ်မျှ မီခဲ့တာပါကွယ်...ကံတဝက် ကောင်းခဲ့တယ်ပေါ့လေ:)
အယ် အယ် သီတာ မရယ်ရက်ဘူးပေါ့ မမြင်လိုက်ရလို့ပါ၊ မြင်ရင် အော်ရယ်မှာ သေချာတယ်...:)
ပီတိ ဆက်ရေးစမ်းဘာာာ လာဖတ်ပါ့မယ်...:)
အကိုချစ်ဖေ ဒုံမင်းလက်သံ အဲလေ အနဲဆုံးတော့ ငါ့လက်ရာ ပါတယ်ကွ လို့ ပြောနိုင်ပြီပေါ့...:)
အမည်မသိ၊ ကိုနေသွေး ကော်မန့်အတွက် ကျေးဇူးပါ :)
ဟုတ်ပ ကိုအောင် ချောလဲချောတယ်၊ ပေါလဲပေါတယ်...ဟိဟိ :P
အမလေး ကိုတင်မင်းထက် ဒီလောက်နဲ့ ရပ်သွားလို့ တော်ပါသေး၊အမ ဝဋ်လည်တာပါဆို....:)
ကော်မန့်များအတွက် စာလာဖတ်သူနဲ့ ရေးဖော် သူငယ်ချင်းများအားလုံးကို ကျေးဇူးပါရှင်းးး :)

ဇွန်မိုးစက် said...

အမရေးတာဖတ်ပြီး ပျော်လိုက်ရတာ။

ပုံ/
စာကြွေးလိုက်ရှင်းနေသူတစ်ဦးး)

su su said...

မချစ်‌ရေ...တို့‌တွေsame batch ဆိုတာ‌သေချာပြီ...မချစ်‌ပြောသလိုဘဲ
ခင်ယင်းမာကဆက်ရှင် ၅ ကွင်း...နှစ်စက‌တော့သူကဆက်ရှင်၆က‌လေ...
ခုံနံပတ်‌တွေပြန်စီ‌တော့မှတို့အခန်းကို‌ရောက်လာတာ..ဘွဲ့ယူတဲ့ပုံမှာ‌ရှေ့ဆုံး
ပုံကမချစ်လားဟင်..ဒုတိယတ‌ယောက်နဲ့..စတုတှထတ‌ယောက်ကို‌တောမှတ်မိသလိုဘဲ....။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်