Monday, November 29, 2010

အမည်သညာ ခေါ်စရာကား

ကျမ ငယ်ငယ်က အတန်းထဲမှာ အတန်းပိုင်ဆရာမ နာမည်ခေါ်ရင် ထူးရမှာ အင်မတန် ရှက်ခဲ့ဖူးတယ်။ မြေးဦးဖြစ်တဲ့ ကျမကို အဖေဘက်က အဖိုးက နာမည်ပေးခဲ့တယ်။ အမြော်အမြင်ကြီးရှာတဲ့ ကျမအဖိုးက အဖေအမေ နာမည်အပြင် ကျမကိုထိန်းရတဲ့ အဒေါ်အပျိုကြီးနာမည်ပါ ထည့်လို့ မှည့်ခေါ်စေခဲ့တာ။ ဒီတော့ အဒေါ်အပျိုကြီးမှာ သဘောကျ ကြေနပ်စွာ မညည်းမငြူ ထိန်းလေတော့သတည်းပေါ့။ ပြောခဲ့သလိုပဲ အဖိုးက အဖေရယ်၊ အမေရယ်၊ အဒေါ်ရယ်ဆီက လှတယ်လို့ သူ ထင်တဲ့ နာမည်တလုံးစီယူပြီး ကျမကို နာမည်ပေးခဲ့တာ။ တလုံးချင်းကြည့်ရင် လှသလိုလိုနဲ့ သုံးလုံးပေါင်းလိုက်တဲ့အခါ အင်မတန်မှ ဂွကျကျ ထောင့်တောင့်တောင့် နာမည်ဖြစ်သွားတော့တယ်။

"မော်တော်နာမည်လိုလို၊ တောထမင်းဆိုင်နာမည်လိုလိုနဲ့ မော်တော်ပေါ်က တောထမင်းဆိုင် ဖြစ်နေတာကိုး" လို့ အိမ်ကလူကြီး ပြောလေ့ရှိတယ်။ လူစုံပြီဆို အဲသလို ကျမနာမည်ကို ဟာသ လုပ်လေ့ရှိတယ်။ ကျမ ခွင့်လွှတ်ပါတယ်။ အချစ်ကိုး...။

နာမည်နဲ့သာ ယောင်္ကျားတင်တောင်းရမဲ့ခေတ်ဆို ကျမ အပျိုကြီး ဖြစ်လောက်တယ်။ တကယ်...။ အဖိုးတို့ခေတ်တုန်းကတော့ နာမည်သုံးလုံးဆိုရင်ပဲ ဂေါ်လီဖြစ်ပြီ၊ အတော်မိုက်သွားပြီ ထင်ကြတဲ့ခေတ်ပေကိုး။ အဖိုးအဖွားနာမည်တွေ မထည့်တာဘဲ တော်သေးရဲ့ ဆိုရမယ်။ အဖေဘက်က အဖိုးအဖွားနာမည်က မောင်စံပွင့် + မမြရှင်၊ အမေဘက်က အဖိုးအဖွားနာမည်က မောင်အောင်ဒင် + မခင်မြိုင်။ ဆိုတော့ကာ မြပွင့်ဒင်မြိုင်တို့၊ စံရှင်အောင်ခင်တို့ ဘာတို့ ဖြစ်မသွားတာဘဲ တော်လှ...။

ကျမ အရွယ်လေးရလာတော့ နာမည်ပြောင်းပေးဖို့ အဖွားကို တိတ်တိတ်လေး အပူကပ်တယ်။ အဲဒီမှာ အဖွားက ကျိုးနေတဲ့ သူ့ရှေ့သွားလေးတွေကြားက လေသံတရှီးရှီးထွက်အောင် ချစ်စဖွယ် ရယ်ရင်း အဖိုးရဲ့ နာမည်ပေးပုံ ရာဇဝင် ဘုတ်အုပ်ကြီးကို ပြန်လည် လှန်လှောလေတော့တယ်။

အဖိုး လဘက်ရည်ဆိုင် ဖွင့်ထားစဉ်ကပေါ့။ အဖိုးက လူမှန်၊ စိတ်စေတနာကောင်းသူ ဖြစ်တာမို့ ဆိုင်က အလုပ်သမားကြီးငယ် အားလုံးက ချစ်ကြောက်ရိုသေကြတယ်။ တခါတော့ ဆိုင်က အလုပ်သမားလေးရဲ့ မိန်းမ မီးဖွားတော့ အဖိုးကို နာမည်ပေးခိုင်းသတဲ့။ သမီးမိန်းကလေး စနေသမီးလေး...။ အဖိုးက ခဏပဲ စဉ်းစားပြီး "တိမ်လွှာစိုး" လို့ နာမည်ပေးသတဲ့။ ဘာပြောကောင်းမလဲ အဲဒီခေတ် အနေအထားနဲ့ ဆန်းလှတဲ့နာမည် ဖြစ်တာမို့ သိတ်သဘောကျ သွားကြတာပေါ့။ နာမည်ရသွားတဲ့ အဖိုးကို နောက်အလုပ်သမား တယောက်ရဲ့ မိန်းမ သားဦးယောင်္ကျားလေးမွေးတဲ့အခါ နာမည်ပေးခိုင်းကြပြန်တယ်။ တနင်္ဂနွေသားလေးမို့ နေ့သင့်နံသင့် "အာကာကျော်" ဆိုပြီး ပေးလိုက်ပြန်သတဲ့။

၁၉၆၂ခု ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ တက်လာခဲ့ပြီးတဲ့နောက် မြင်းပွဲတွေ ပိတ်လိုက်ရတဲ့အခါ အဖိုးမှာ ရှိတဲ့ ပြိုင်မြင်း ၂ကောင်ကို ရောင်းဖို့ ဖြစ်လာခဲ့တော့တယ်။ တနေ့ အဖိုးရဲ့ လဘက်ရည်ဆိုင်မှာ အဖိုးသူငယ်ချင်း မြင်းသမားတွေ စုပြီး မြင်းအလွမ်းသယ်ကြသတဲ့။

"ခင်ဗျားသမီး တိမ်လွှာစိုး ဘယ်လိုလဲ အရောင်းထွက်သွားပြီလားဗျ..."

"ကျုပ်သား အာကာကျော်ကိုတော့ မန္တလေးက မြင်းလှည်းဆရာ ဝယ်သွားသဗျာ၊ ကျုပ်သားလေး ပင်ပန်းရှာရော့မယ်..."

ဒီတော့မှ အဖိုးပေးခဲ့တဲ့ နာမည်တွေက မြင်းထီးမြင်းမ နာမည်တွေ ဖြစ်နေမှန်း သိသွားပြီး ရယ်ကြရသတဲ့။

ကျမကို မွေးတဲ့အချိန်မှာတော့ အဖိုးက အဂ္ဂိရတ်ခေါ်တဲ့ ဖိုထိုးတဲ့ ဝါသနာအသစ်နဲ့ အသားကျနေချိန် ဖြစ်တယ်။ အဖွားကတော့ တယ်မကြိုက်ချင်ဘူး။ "အဲ့ဒီဟာကြီး အသံမြည်ပုံကိုက ရှိထည့် ရှိထည့်နဲ့ ရှိသမျှထည့်နေရတာလည်း များလှပြီ" လို့ မျက်စောင်းတထိုးထိုးနဲ့ အဖွားက ညည်းဖူးခဲ့သတဲ့။ "ညည်းအဖိုး ညည်းနာမည်ကို မပြဒါးတို့၊ မဓါတ်လုံးတို့ မပေးခဲ့တာဘဲ ကျေးဇူးတင်" လို့ အဖွားပြောခဲ့တော့ ကျမမှာ ရယ်ခဲ့ရပါသေးရဲ့။ နောက်တော့လည်း တဖြည်းဖြည်း နာမည်ပြောင်းဖို့ ခပ်မေ့မေ့ ဖြစ်လာခဲ့လိုက်တာ ကျမ တက္ကသိုလ်တက်တဲ့အထိပါပဲ။

တက္ကသိုလ်တက်တော့ နာမည်အကြောင်း အမှတ်ရစေဖို့ ဖန်လာပြန်တယ်။ ကျမရဲ့ သူငယ်ချင်းမလေး ဖြူဖြူသွယ်သွယ် ငါးရံ့ကိုယ်လုံးလေးနဲ့ တရုတ်မလေး၊ သူ့နာမည်က မအုန်းခင်တဲ့။ အင်္ဂလိပ်လို အတိုကောက်က အိုကေ ဆိုတော့ အဲဒါကိုပဲ ယောင်္ကျားလေးတွေက အိုကေ အိုကေနဲ့ စနောက်ခဲ့တာ။ သူ့ခမျာ အနောက်ခံရတိုင်း ပါးလေးတွေ ရဲလို့ မနေတတ်အောင် ရှက်ရှာတယ်။ သူ့မိဘတွေနှယ် ဒီလောက် ချစ်စရာ သမီးကလေးကိုများ လူနောက်ချင်စရာ နာမည် ပေးခဲ့ရတယ်လို့။ သူ့အမတွေ နာမည်က မအုန်းစိန်၊ မအုန်းတင် တဲ့လေ။ သူ့အမေ ကိုယ်ဝန်ကြီးနဲ့ အုန်းပွင့်စိန်၊ အုန်းလက်စိန် ဇာတ်ပွဲများ သွားကြည့်လေသလား မဆိုနိုင်ဘူး။

ဒီလိုပဲပေါ့လေ...ကလေးတယောက်ရဲ့ နာမည်ဟာ မိဘဘိုးဘွားတွေ အကြိုက်ရွေးလို့ ပေးခဲ့ကြတာကိုး။ ကိုယ့်နာမည် ကိုယ်ပေးပြီး မွေးလာတဲ့ ကလေးရယ်လို့များ ကြားဖူးကြလို့လား။

ဦးသုမောင် အနုပညာနာမည်ကို အုပ်စိုး လို့ ရွေးချယ်ခဲ့တော့ အဖေသာဓုက "မင်းနှယ် အုပ်စိုးဆိုတော့ အိုးစုပ်လို့ လူသရော်စရာ ဖြစ်နေတယ်ကွ" လို့ ပြောဖူးခဲ့တယ်။ ကဗ္ဓောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဆိုရင် ဟွန်ဆန်ရတ် ဆိုတဲ့ နာမည်ကို သုံးခဲ့ဖူးတယ်။ ဆန်ရတ်ရဲ့ အဓိပ္ပါယ်က ဘဝအလုပ်တွေအားလုံး ပြီးမြောက်အောင်မြင်စေသူရယ်လို့ ဆိုပေမဲ့ သူ့အတွက် အကျိုးမပေးဘဲ အဲဒီနာမည်သုံးစဉ်ကာလမှာ ဒဏ်ရာတွေ ခဏခဏရစေတယ်လို့ ဆိုခဲ့ဖူးတယ်။ ထက်ထက်မိုးဦးကျပြန်တော့ မှုန်ရွှေရည်ဆိုတဲ့ နာမည်နဲ့ အောင်မြင်မှုမရခဲ့ဘဲ ထက်ထက်မိုးဦးနဲ့ကျမှ နာမည်ကျော်သွားခဲ့တော့တာ။

ကျမအတွက်တော့ နာမည်တွေဟာ အတော် စိတ်ဝင်စားစရာ ကောင်းနေတာ အမှန်ပါ။ ကိုငှက် နာမည်ကြီးလာတော့ အင်တာဗျူးတခုမှာ ဘာ့ကြောင့် ထူးအိမ်သင်ဆိုတဲ့ နာမည်ကို ရွေးချယ်ဖြစ်တာလဲ မေးတော့ " ကျော်မြင့်လွင် ဆိုရင် ဘယ်သူတွေက စိတ်ဝင်စားမှာလဲဗျာ" လို့ ဖြေခဲ့ဖူးတာ သတိရမိတယ်။ ကိုယ်တိုင်ရဲ့ ပင်ကိုယ် အရည်အသွေး အဓိကကျတယ်ဆိုတာ ကျမ လက်ခံပါတယ်။ သို့သော်လည်း နာမည်တလုံးရဲ့ အခန်းကဏ္ဍဟာ သူ့နေရာနဲ့သူ ရှိနေတယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ပါပဲ။

နာမည်ဆိုတာ နာမ်စားသက်သက် ခေါ်ဝေါ်သုံးစွဲဖို့ပါ။ ပညတ်သက်သက်ပါ။ အပေါ်ယံ အကာပါ။ အားလုံးကို ကျမ လက်ခံပါတယ်။ ဒါပေမဲ့ ကျမတို့ လောကီသားတွေ အတွက်တော့ အပူတွေ၊ ဖိအားတွေ များလှတဲ့ ဘဝကြီးထဲမှာ ဒီနာမည်လေးတလုံးကြောင့် ကိုယ့်ဘဝလေး အေးချမ်းမယ်၊ ပြောင်းလဲတိုးတက်မယ် ဆိုတာတွေကို ယုံချင်မိတတ်ကြပါတယ်။ လောကီအမြင်နဲ့ပဲ ကြည့်မိတတ်ကြပြန်ပါတယ်။ ဒီနာမည်လေး ပြောင်းပြီးရင် အားလုံး ကောင်းပြီ ဆိုတဲ့ စိတ်ရဲ့ လှည့်ဖျားမှုအောက်မှာ ခဏကလေးပဲ ဖြစ်ဖြစ် ယုံကြည်ရင်း ရှေ့ဆက်ဖို့ ခွန်အားတွေ အသစ် ဖြစ်လာကြပြန်တယ်။

စကားလေး စပ်မိတုန်း တဆက်တည်းပဲ ပြောပြပါမယ်။ လိုင်းပေါ်မှာ တချို့ မိတ်ဆွေတွေ မေးလေ့ရှိတယ်။ ချစ်ကြည်အေး လို့ ဘာကြောင့် ရွေးတာလဲတဲ့။ "မော်တော်ပေါ်က တောထမင်းဆိုင် နာမည်သာဆို ဘယ်သူကများ စိတ်ဝင်စားမလဲရှင်" လို့ ကိုငှက် ဖြေသလိုပဲ ပြန်ဖြေလိုက်ချင်တော့တယ်...။



Wednesday, November 24, 2010

အမေအိုရဲ့ အိမ်အပြန်

စကားလုံးများစွာထက်
သားလက်မောင်းက တက်တူး
အမေ ကြည်နူးစေ....
သားမျက်နှာပေါ်က အပြုံးများ
အမေ့အတွက် ခွန်အား...တဲ့.....

နုနွဲ့သိမ်မွေ့ ဖွဖွညင်သာ
တိုးတိုး ညှင်းညှင်း...
မျက်လုံးလေးတွေချင်း နှီးနှော...
ပြောကြခဲ့....။

အဖေ့ရဲ့ သမီး၊ အဘိုးရဲ့မြေး
ရဲရဲနီစွေး သွေးတွေကမှတဆင့်
မြင်ခွင့်ရခဲ့ကြပေါ့
ခမ်းနားလှပနေတော့မဲ့.....ရာဇဝင် အသစ်ကို....။

အမေအို....
ငိုရလွန်းလို့ ထုံနေတဲ့
မျက်ဝန်းတွေနဲ့ ပီတိမျက်ရည်တွေကြားက
အားတင်းပြီး မြင်အောင်ကြည့်...
ဒီ သားအမိကို.....

အမေအို....
ပေါက်ကနဲ ကျလာတဲ့
မျက်ရည်တွေနဲ့ ဝေဝါး
အမှောင်ထဲက....
စစ်မြေပြင်က....
သူမရဲ့ သားတွေ...

သေသလား...
ရှင်သလား...
ကွဲပြားမသိ နေ့ရှိသ၍
တမြေ့မြေ့လွမ်း တသသကျွမ်းရင်း
တလှမ်းချင်း....အိမ်အပြန်....။


***ကမ္ဘာပေါ်က အမေနှင့်သားများ အတွက်...





Friday, November 19, 2010

အမှောင်ထဲမှာ

အိပ်ခန်းအတွက် ခန်းဆီးဆိုရင် ပါးပါးလွင့်လွင့်တွေကို မတပ်ဘဲ အလင်းပိတ်အောင် ထူတဲ့ ခပ်လေးလေး ခပ်အိအိတွေကိုမှ ကျမက ရွေးချယ်လေ့ရှိတယ်။ ခု လက်ရှိ အခန်းထဲမှာ ကြက်သွေးရင့်ရင့်နဲ့ အဝါဖျော့ဖျော့ ခပ်ယှက်ယှက် နွယ်ငင်ထားတဲ့ ခန်းဆီး ထူအိအိ တစုံကို တပ်ဆင်ထားတယ်။

အအိပ်ခက်သူပီပီ အဲ့သည်ညက တော်တော်နဲ့ အိပ်မရနိုင်ခဲ့ဘူး။ ဒါကလည်း ဖြစ်နေကျမို့ ကျမအတွက် ထူးလှတယ် မဟုတ်ပါဘူး။ မီးပိတ်ထားတာရယ်၊ ခန်းဆီးထူထူတွေရယ်ကြောင့် အိပ်ခန်းထဲမှာ အလင်းစလေး တစက်တလေတောင်မှ ကျ မနေခဲ့ဘူး။ ဒါဟာလည်း ခါတိုင်းညတွေလိုပဲ နဲနဲမှ ထူးခြားတဲ့ ည မဟုတ်ခဲ့တာ။ အိပ်ခန်းထဲ မီးရောင်လဲ့လဲ့ ရှိနေရင် အိပ်မပျော်တတ်တဲ့ ကျမအတွက်တော့ သည်လို အနေဟာ ကျမ အကြိုက်ပါပဲ။ ပြောရမယ်ဆိုရင် အိပ်မပျော်သေးတာက လွဲလို့ အရာအားလုံးဟာ ကျမ စိတ်တိုင်းကျ ရှိနေခဲ့တာ။

မနက်ဖြန် အလုပ်သွားရမယ်။ ကျမ အိပ်ရမယ် အိပ်ပျော်မှ ဖြစ်မယ်။ အဲသည် အိပ်ပျော်မှ ဖြစ်မယ် ဆိုတာကြီးက လူအပေါ် ဖိအားအဖြစ် ပြောင်းသွားတယ်။ အိပ်စမ်း လို့ ဆိုလေ အိပ်မပျော်လေ။ ထွက်လေ ဝင်လေမှတ်။ စိတ်ကို နှာသီးဖျားမှာ တင်ထား။ ဟုတ်ပြီ မှန်မှန်လေး အသက်ရှု...။ မှတ်... ထွက်လေ ဝင်လေမှတ်။ မျက်တောင်တွေ လေးလာတာကို သိနေတယ်...သိနေတယ်။ ကျမ အိပ်တော့မှာ။ မကြာခင် အိပ်ပျော်တော့မှာ အိပ်လိုက်...အိပ်လိုက်တော့။ ဟင့်အင်း မအိပ်ချင်သေးပါဘူး...မအိပ်သေးဘူး... မှိတ်ထားတဲ့ မျက်လုံးတွေ ဖျတ်ကနဲ ပြန်ပွင့်သွားတယ်။

မျက်လုံးဖွင့်ထားလိုက်တယ်။ သည်လောက်တောင် မအိပ်ချင်တာ အိပ်ဖို့ မကြိုးစားချင်တော့ဘူး။

အဲသည်ခဏ မျက်လုံးရဲ့ရှေ့မှာ ကျမ မြင်လိုက်ရတာက ထူပိန်းပိန်း အမှောင်ထုကြီး။ ရုတ်တရက် ကျမ အံ့သြသလိုလို၊ အားငယ်သလိုလို။ ကြိုးစားပြီး မြင်အောင် ထပ်ကြည့်တယ်။ အမဲရောင် နံရံ အချပ်လိုက်ကြီး ကျမရှေ့မှာ ဆီးကာထားသလို ခံစားလိုက်ရတယ်။ အသက်ရှုကြပ်လိုက်တာ။ တွင်းနက်ကြီးထဲ ကျနေသလို...ခန္ဓာကိုယ်တခုလုံး လေးလံလို့ လှုပ်မရ၊ ချွေးစေးတွေနဲ့ အာခေါင်တွေ ခြောက်သွေ့။ ကြောက်စရာ အမှောင်ထုကြီးထဲ ကျမ လုံးလုံးလျားလျား ထိုးကျသွားခဲ့ရတဲ့ ည...။

ကျမ သိတယ်။ ကျမ အမြင်အာရုံတွေ ကောင်းနေသေးတယ်။ ဒါပေမဲ့ ကျမ မမြင်ရဘူး။ ကျမ အကြားအာရုံတွေ ကောင်းနေသေးတယ်။ ဒါပေမဲ့ ကျမ မကြားရဘူး။ ကျမ အော်ဟစ်လိုက်ချင်တယ်။ ဒါပေမဲ့ အသံသာရှိပြီး စကားလုံးတွေ ဆွံ့အ နေပြန်တယ်။ ဒါဟာ အမှောင်ထုရဲ့ မုန်းတီးစရာကောင်းတဲ့ အင်္ဂါရပ်တွေ။ ကျမ ဘာလုပ်ရမလဲ။ ကျမ စွမ်းနိုင်သေးတာ သေချာတယ်။ သည်ညကို ကျော်လွန်ဖို့တော့ ခံနိုင်ရည် မွေးရမယ်။ မနက်ဖြန် အာရုံလာရင် ရောင်နီအလင်းတန်းတွေကို မျှော်လင့်နိုင်သေးတယ်။

ခုတော့ ဘာပဲဖြစ်ဖြစ် ကျမ တွေးနေနိုင်သေးတယ်။ အတွေးစတို့ လွတ်လပ်စွာ ပျံသန်းနေနိုင်သေးတယ်။ အမှောင်ထုဟာ စိတ်တွေ၊ အတွေးစတွေကိုတော့ဖြင့် ချုပ်ကိုင်ဖို့ မစွမ်းနိုင်ပါဘူးလေ။

ကျမ အတွေးစတွေဟာ မမြင်နိုင်၊ မကြားနိုင်၊ အသံမပြုနိုင်သူတွေရဲ့ ဘဝတွေထဲ ကိုယ်ချင်းစာတရားများနဲ့ ဖြတ်သန်း ကြည့်မိပြန်တယ်။

သူတို့ ဘယ်တော့မှများ အလင်းရောင်ကို မြင်တွေ့ခွင့် ရကြမလဲ။ သူတို့ရဲ့ အမြင်၊ သူတို့ရဲ့အတွေး၊ သူတို့ရဲ့ အသံတွေ....။ ကျမ မျှော်လင့်တဲ့ မနက်ဖြန်လို သူတို့တွေရဲ့ မနက်ဖြန်ကရော....။ ကျမ ရင်ထဲ စိမ့်ကနဲ နာကျင်သွားခဲ့တယ်။ သဘာဝတရားအရ အမှောင်ရဲ့ ဆန့်ကျင်ဘက် အလင်းဆိုတာ ရှိတယ်။ မမြဲတဲ့ သဘောအရ အမှောင်ဟာ သူ့အတွက် အချိန်တချိန် ကျော်ဖြတ်ပြီး အလင်းကို အလှည့်ပေးရလိမ့်ဦးမယ်။

အမှောင်ထဲမှာပဲ မြင်နေရတဲ့ အမှောင်ထုကြီးကို ကျမ ပြုံးကြည့်နေလိုက်တယ်။



Monday, November 15, 2010

The Top Words of 2010

၂၀၁၀အတွက် ရေပန်းအစားဆုံး စကားလုံးတွေကို Global Language Monitorအဖွဲ့က 14Novမှာ ထုတ်ပြန်ခဲ့ပါတယ်။ တချို့ စကားလုံးတွေက ရှိပြီးတာ ကြာနေတဲ့ စကားလုံးတွေပါပဲ။

ဒီနှစ်အတွက် ရေပန်းအစားဆုံး စကားလုံးတွေကို ကမ္ဘာ့ပတ်ဝန်းကျင်နဲ့ သဘာဝ ဘေးအန္တာရာယ်တွေ၊ ကမ္ဘာ့ဖလားပွဲ၊ လက်ရှိ နိုင်ငံရေးလောကမှ အမြီးအမောက်မတည့်တဲ့ အသုံးအနှုန်းတွေ၊ စကားလုံးအဟောင်းတွေအတွက် အသုံးအနှုန်း အသစ်တွေ၊ တိုးတက်ဖွံ့ဖြိုးနေတဲ့ စီးပွားရေးလောကသုံး စကားလုံးတွေထဲကနေ ထောင်ပေါင်းများစွာသော သုံးစွဲသူများမှ နေ့စဉ်သုံးစကားလုံးများအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ စကားလုံးတွေကိုမှ ရွေးချယ်ထားခြင်းပဲ ဖြစ်ပါတယ်။

1.Spillcam
Reflecting the global impact of the months-long oil spill in the Gulf of Mexico

2.Vuvuzela
The noisy South African horns at the World Cup soccer tournament

3.The Narrative
Though used at least since The Narrative of the Life of Frederick Douglass in 1845, ‘The Narrative’ has recently been gaining traction in the political arena, virtually replacing the need for a party’s platform. (Cf. to ‘truthily’.)

4.Refudiate
Conflation of “refute” and “repudiate” (un)officially coined by Sarah Palin.

5.Guido and Guidette

Hey! All things Jersey are hot, capish? (Actually, capisci in standard Italian.)

6.Deficit

A growing and possibly intractable problem for the economies of most of the developed world.

7.Snowmaggedden (and ‘Snowpocalypse’)
Portmanteau words linking ‘snow’ with ‘apocalypse’ and ‘armageddon’, used to describe the record snowfalls in the US East Coast and Northern Europe last winter.

8.3-D

Three-dimensional (as in movies) is buffo box office this year, but 3-D is being used in new ways generally describing ‘robustness’ in products (such as toothpaste).

9.Shellacking
President Obama’s description of the ‘old-fashioned thumpin’ in George W. Bush’s words, that Democrats received in the 2010 US Mid-term elections.

10.Simplexity
The paradox of simplifying complex ideas in order to make them easier to understand, the process of which only adds to their complexity.

“Our top words this year come from an environmental disaster, the World Cup, political malapropisms, new senses to ancient words, a booming economic colossus, and a heroic rescue that captivated the world for days on end. This is fitting for a relentlessly growing global language that is being taken up by thousands of new speakers each and every day,” said Paul JJ Payack, President of The Global Language Monitor. The words are culled from throughout the English-speaking world, which now numbers more than 1.58 billion speakers.

မက္ကဆီကို ပင်လယ်ကွေ့မှာ လပေါင်းများစွာ ဆီယိုဖိတ်မှု ဖြစ်ရပ်ကို မျက်နှာလွှဲပြီး English coastမှာ သားငယ်နဲ့အတူ ရွက်လှေပြိုင်ပွဲ သွားကြည့်နေခဲ့တဲ့ BP ရဲ့ CEO Tony Hayward ကို အမှတ်ရကြဦးမယ်ထင်ပါရဲ့။ ပြီးခဲ့တဲ့ ဂျူလိုင်မှာ သူ ရာထူးက နှုတ်ထွက်ပေးခဲ့ရတာ။ Spillcamက အဲဒီဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး သုံးစွဲခဲ့ကြတဲ့ စကားလုံးပေါ့။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားက Vuvuzela လို့ခေါ်တဲ့ ဆူဆူညံညံ အာဖရိက ခရာမှုတ်သံကိုတော့ အားလုံးပဲ ရင်းနှီးပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ အဲဒီ စကားလုံး ၂လုံးက ၁ နဲ့ ၂ နေရာမှာ ယူထားကြပါတယ်။

ကျန်တဲ့ စကားလုံးတွေထဲမှာ တချို့ရင်းနှီးပြီးသား၊ တချို့လည်း အသစ်တွေ ဖြစ်နေနိုင်ပါတယ်။ ဖတ်ကြည့်ပြီး ဘာ့ကြောင့် လူတွေရဲ့ ပါးစပ်ဖျား ရေပန်းစားခဲ့ရသလဲ ဆိုတာ အဖြေထုတ်ကြည့်ကြပါဦးလေ။

ဒါက ကမ္ဘာနဲ့ချီပြီး ၂၀၁၀အတွက် ရေပန်းစားနေတဲ့ လူပြောအများဆုံး စကားလုံးတွေပါ။ ၂၀၁၀အတွက် ရေပန်းစားနေတဲ့ စကားစုတွေလည်း ရှိပါသေးတယ်။ စိတ်ဝင်စားသူများ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

ခုလောလောဆယ် ကျမတို့ ရွှေပြည်ကြီးမှာ ၂၀၁၀ အတွက် လူတွေရဲ့ ပါးစပ်ဖျား ရေပန်းအစားဆုံး စကားလုံးကရော ဘာများ ဖြစ်နိုင်မလဲ။ ပြီးတော့ ရေပန်းအစားဆုံး ဝါကျကရော...။

ကျမ သေချာပေါက် သိနေပါတယ်။ ၂၀၁၀ အတွက် လူတွေရဲ့ ပါးစပ်ဖျား ရေပန်းအစားဆုံး စကားလုံးက "အမေ" ဖြစ်ပြီး ရေပန်းအစားဆုံး ဝါကျက "အမေ ကျန်းမာပါစေ"ပဲ ဖြစ်မယ် ဆိုတာ....။


Ref:
www.languagemonitor.com/
news.nationalpost.com/2010/11/14/‘spillcam’-‘vuvuzela’-lead-top-words-of-2010/


Friday, November 12, 2010

ဝါစိမ်းနီ ကော်ပြန့်


ခေါင်းစဉ်ကို မြင်လိုက်တာနဲ့ စိတ်ဝင်စားသွားတယ် မဟုတ်လား။ ဒီလိုလေ....ဒီကော်ပြန့်မှာ အထင်ရှားဆုံး အရောင်တွေက ကြက်ဥနှစ် ဝါဝါလေးတွေရယ်၊ ဆလတ်ရွက် နဲ့ ကြက်သွန်မြိတ် စိမ်းစိမ်းလေးတွေရယ်၊ မုန်လာဥနီ နီနီလေးရယ်ပါ...။ အဲဒါလေးတွေ ပေါင်းစပ်လိုက်တော့ ခုလို စားချင်စဖွယ် ဝါစိမ်းနီ ကော်ပြန့်စိမ်းလေး ဖြစ်လာပါရောလား။ (ခေတ်မီချင်တော့ ဇွတ်ကို ဝါစိမ်းနီ လုပ်ပစ်လိုက်တော့တာ...)

အမည်ရင်းကတော့ ဗီယက်နာမ် ကော်ပြန့်စိမ်းပါ။ တကယ်ပါ။ အဟုတ်ပါ။ ဗီယက်နာမ်က လာတာပါ။ ဗီယက်နာမ် ကော်ပြန့်စိမ်းကနေ ဝါစိမ်းနီကော်ပြန့်လို့ နာမည်ပြောင်းရုံသာ ပြောင်းသွားတာ။ အထဲမှာ ပါဝင်တဲ့ အဓိက အစာပလာတွေက မပြောင်းဘူး အတူတူပဲရယ်။

ကော်ပြန့်လိတ်ရန်




၁) ဆန်ပြားအချပ်ဝိုင်း-Rice Paper လို့ ခေါ်ပါတယ်။ တချို့သော Super Market တွေမှာ ရတတ်ပါတယ်
၂) ကြက်ရင်ပုံ- ရေနဲနဲနဲ့ ပြုတ်ထားပြီး အသားနွှင်ထားပါ။ အသားဖြစ်ရင် ရပါပြီ ပေါင်လည်းရပါတယ် (အရိုးမပါရ) Seafood စားသူများ ပုဇွန်နဲ့ လုပ်လည်း ရပါတယ် ကျမကတော့ အိမ်မှာ ရှိတာ သုံးလိုက်တာပါပဲ
၃) ဆလတ်ရွက်- မပါမဖြစ်ထည့်ရန်
၎) မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ သခွားသီး ပုံပါအတိုင်း အရွယ်တူ အချောင်းလိုက်လေး လှီး၍ မုန်လာဥနီကို ၁-၂ မိနစ်ခန့် ပြုတ်ပြီး ရေအေးနှင့် ပြန်ဆေးထားပါ
၅) ကြက်ဥပြုတ် ပါးပါးလှီးထားပါ ( ကြက်ဥကို မပြုတ်ဘဲ အပြားလိုက် ခေါက်ကြော်ပြီး ပါးပါးလှီးထည့်လည်း ရပါတယ်)

** ပဲသီးစိမ်းတောင့်(ရေနွေးဖျောရန်)ထည့်လည်း ရပါတယ်။ တချို့ ပဲကြာဇံ ပြုတ်ပြီးသား ထည့်လိတ်တတ်ကြပါတယ်။ ကျမက အဲဒါတွေ မရှိလို့ ထည့်မထားပါဘူး။ ပြီးတော့ ဗီယက်နာမ်တွေ ထည့်စားတတ်တဲ့ ပူစီနံတို့ ပင်စိမ်းတို့လို အရွက်တွေလည်း ကျမ မကြိုက်လို့ ထည့်မထားပါဘူး။ ဒါဆို ဒါပဲ ထည့်ရမယ်လို့ ပုံသေကြီး မှတ်မထားကြပါနဲ့။ မြန်မာပီပီ ပြောင်းရဲ ပြင်ရဲ ကြပါ။ ကိုယ်ကြိုက်တဲ့ အသီး အရွက်တွေကို ရဲရဲကြီးသာ ထည့်လိတ်ပစ်လိုက်စမ်းပါ။

အချဉ်ဖျော်ရန်

သူနဲ့ တွဲဖက် စားဖို့ အချဉ်ဖျော်ပါမယ်။
၁) ရှာလကာရည်-လက်ဖက်ရည် ပန်းကန်လုံး တဝက်သာသာ
၂) သကြား-ထမင်းစားဇွန်းနဲ့ အပြည့် ၂ ဇွန်းစာ (သကြားအချို မတည့်သူတွေ သကြားနေရာမှာ အီကွဲလ်လေး သုံးကြည့်ကြပါ)
၃) ကြက်သွန်ဖြူ အမြွှာကြီး ၂မွှာ ညက်ညက် ထောင်းထားပါ
၎) မြေပဲလှော်ပြီးသား- လေးစိတ်ကွဲထောင်းထားပါ (မကြေပါစေနဲ့)
၅) ဆား နဲနဲ

၁ ကနေ ၅အထိ အကုန်ရောပြီး ရေနွေး နဲနဲ ထပ်ရောပါ။ ဒါဆို အချဉ်အတွက် ရပါပြီ။

**အစပ်ကြိုက်သူများ ငရုတ်သီးအနီတောင့် ပါးပါး လှီးထည့်ပါ

အားလုံး အဆင်သင့် ဖြစ်ရင် ကော်ပြန့် စ လိတ်ပါမယ်။

သူက အင်မတန် နုညံ့တဲ့ ဆန် ပျော့ဖတ်ကလေးမို့ ကြိုတင်လိတ်ထားရင် စားမကောင်းပဲ မာသွားတတ်ပါတယ်။ ကြွေပန်းကန်ပြား ခပ်ပက်ပက်ထဲ ဆန်ပြား အဝိုင်းချပ် တချပ် ထည့်ပါ။ ဆန်ပြား အဝိုင်းချပ်ကို ပျော့ဖတ်ဖြစ်လာတဲ့အထိ ရေလေးနဲ့ နှံ့အောင် ဆွတ်ပေးရပါမယ်။ ပါးပါးလေးမို့ ပျော့ဖတ်ဖြစ်တာ မြန်ပါတယ်။ ပြီးမှ ကြက်အသားလွှာ၊ ဆလတ်ရွက်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ သခွားသီး၊ ကြက်ဥပြုတ် စတဲ့ အစာပလာတွေ ထည့်ပြီး လိတ်ရပါတယ်။

အစာတွေ သိတ်များသွားရင် ပေါက်ထွက်ပြီး လိတ်လို့ အဆင်မပြေတတ်ပါဘူး။ ပြီးတော့ အလိတ်ကြမ်းရင်လည်း ပျော့ဖတ်လေးက နုတဲ့အတွက် အထဲကအစာတွေ ပေါက်ထွက်တတ်ပါတယ်။ ဒီတော့ လိတ်ပါ။ ဖြည်းဖြည်း သက်သာ လိတ်ပါ။ စိတ်ရှည်ရှည်ထား လိတ်ပါ။ စိန်ခြူးကြာညောင်နဲ့ အေးအေးဆေးဆေး ညင်ညင်သာသာလေး လိတ်ပါ :)


လိတ်လို့ပြီးမှ အလယ်ကနေ ဓါးနဲ့ ပိုင်းဖြတ်လိုက်တဲ့အခါ ပုံပါအတိုင်း စားချင်စဖွယ် ဝါစိမ်းနီ ကော်ပြန့်ကလေး ရလာပါလိမ့်မယ်။ သတိပြုရမှာက အချဉ်နဲ့ တို့စားတဲ့အခါ ကော်ပြန့်လိတ် အပွင့်ဖက်လေးထဲကို အချဉ်ဇွန်းကလေးနဲ့ ဆမ်း ဆမ်းပြီး စားမှ အဆင်ပြေနိုင်ပါတယ်။ ဘူးသီးကြော် စားသလို အချဉ်ရေထဲ ဇောက်ထိုး နှစ်ချလိုက်လို့ကတော့ အထဲက အစာတွေ ထွက်ကျလာတတ်တာမို့ စားတတ်ဖို့လည်း လိုသေးတယ်လို့ သတိပေးလိုက်ပါရစေ...။

အဆင်ပြေကြပါစေ....



Wednesday, November 10, 2010

Buffet စားကြသူများ

တနင်္ဂနွေ တရက်မှာ ကျမရဲ့ Ex-colleagueတွေနဲ့ Goodwood Park Hotel မှာချိန်းပြီး High Tea Buffet သွားစားခဲ့ကြတယ်။ Buffet ဆိုတာက အစားအစာတွေကို စားပွဲထိုးမလိုဘဲ စားသုံးသူကိုယ်တိုင် နှစ်သက်ရာ ယူငင်စားသောက်ရတဲ့ စံနစ်ဖြစ်လို့ ဆိုင်ရှင်ဘက်ကလည်း ဝန်ထမ်းခ သက်သာ၊ စားသုံးသူတွေဘက်ကလည်း ဟင်းတမျိုးကို အစမ်း နဲနဲမြည်းစားကြည့်ပြီး မကြိုက်ရင် တခြားဟင်းလျာ ပြောင်းစားလို့ရတဲ့ ဝယ်ယူစားသောက်မှုပုံစံတခု ဖြစ်တယ်။ ဈေးနှုန်းအနေနဲ့လည်း ဘယ်၍ဘယ်မျှဆိုပြီး တခါတည်း သတ်မှတ်ထားတာကြောင့် ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် တိုင်းထွာလို့ ရတဲ့အတွက် Buffet စားရတာကို ကျမ သဘောကျပါတယ်။









အရင်ကတော့ ဘူဖေးဆိုရင် ဆိုင်ဖွင့်စကနေ ဆိုင်သိမ်းလို့ တံခါးပိတ်ချိန်အထိ တရိရိနဲ့ ဗိုက်နှဲ့သွင်းပြီး စားခွင့်ရှိပေမဲ့ ခုဆို ဟိုတယ် တော်တော်များများမှာ 1st Seating နဲ့ 2nd Seating ရယ်လို့ စားချိန်ကို ၂ချိန် ပိုင်းလိုက်တာ တွေ့ရတယ်။ စားပွဲပေါင်း ၅၀ ရှိတဲ့ဆိုင်ဟာ ခုလို ၂ကြိမ် ခွဲလိုက်ခြင်းအားဖြင့် စားပွဲပေါင်း ၁၀၀စာ စားသုံးသူတွေကို လက်ခံစားသုံးနိုင်စေပါတယ်။ ဒါလည်းပဲ ကောင်းတာပါပဲ။ ဆိုင်ဘက်ကကြည့်ရင် ရောင်းနိုင်အား ၂ဆ တိုးလာသလို စားသုံးသူတွေဘက်ကလည်း ဆိုင်ရှေ့မှာ အချိန်ကုန်ခံပြီး တန်းစီ စောင့်နေစရာ မလိုတော့ပါဘူး။

ကျမတို့ 2nd Seatingက နေ့လည်၃နာရီကနေ ညနေ ၅နာရီခွဲထိ အချိန်ရပါတယ်။ တထိုင်စားစာအတွက် အချိန် ၂နာရီကနေ ၂နာရီခွဲအထိ ပေးလေ့ရှိတာမို့ စားပြီး သောက်ပြီး စကားစမြည် ပြောဆိုဖို့ပါ လုံလောက်တဲ့ အချိန် ဖြစ်ပါတယ်။

ဘူဖေးတွေမှာ အရုပ်ဆိုးတာ တခုက မကုန်နိုင် မခမ်းနိုင်ပဲ အကျန်တွေ အများကြီး ထားသွားတတ်ကြတာပါပဲ။ လောဘတကြီးနဲ့ အများကြီးယူပြီးမှ မကုန်နိုင်ဘဲ ထားခဲ့ရတော့ အင်မတန် နှမျောစရာ ကောင်းပါတယ်။ ဘယ်သူမဆို ကိုယ်စားနိုင်တဲ့ ပမာဏကို ကိုယ် သိကြပါတယ်။ စားနိုင်သလောက်ပဲ ချင့်ချိန် ယူသင့်ကြပါတယ်။ ကျမကတော့ အဲဒါတွေ တွေ့ရတိုင်း ကမ္ဘာအနှံ့က အစာရေစာ ငတ်မွတ်ခေါင်းပါးနေကြသူတွေကို မြင် မြင်နေမိတတ်ပါရဲ့။

တချို့ဆိုင်တွေမှာ သတ်မှတ်ထားတဲ့ ပမာဏထက် အများကြီးကျန်နေရင် ပြန်လျော်ပေးရတယ် လို့ ကြားဖူးပါတယ်။ ကျမ အသေအချာ မကြုံဖူးသေးပါဘူး။ အလေအလွင့်ဆိုတာ မရှိရင် အကောင်းဆုံးပဲ မဟုတ်လား။ ကျမတို့ငယ်ငယ်က ထမင်းတစေ့ စားပွဲပေါ်ကျရင် အဖွားက လက်ဆစ်ခေါက်တတ်တာ သတိရမိပါသေးတယ်။

ကုန်အောင် စားနိုင်လို့ ယူတာ အကြောင်း မဟုတ်ပေမဲ့ မကုန်နိုင်ဘဲ တရားလွန်ယူပြီး အကြွင်းအကျန်အဖြစ် ထားရစ်ခဲ့တာကျတော့ လောဘစိတ် အခြေခံကြောင့်လို့ နားလည်မိပါတယ်။ အဲသလို ဘူဖေးဆိုင်တွေမှာ လောဘကြီးသူတွေရဲ့ မကုန်တဲ့ စားကြွင်းစားကျန်တွေ တွေ့ရတိုင်း ကျမ စိတ် မသက်မသာ ဖြစ်ရတယ်။

သေချာပါတယ်...။ တနပ်စာလေးအတွက်မှာတောင် လောဘတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျမတို့ ကမ္ဘာကြီးဟာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်သေးဘူး.....။



Monday, November 8, 2010

ပုံရိပ်ဟောင်းများ....

ကျောင်းသားဘဝဆိုတာ အားလုံး သိကြတဲ့အတိုင်း အများစုက အပူအပင်မဲ့ ကျောင်းတက်ခဲ့ကြရတာပါ။ ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း အကြား ပြေးလွှား စာကျက် စားသောက် နောက်ပြောင်ကြရင်း တနှစ်ပြီး တနှစ် ကုန်ခဲ့ကြတာ။ ရည်မှန်းချက် ကြီးမားသူ မဟုတ်တဲ့ ကျမအတွက်တော့ စာမေးပွဲနီးမှ စာကုန်းကျက်ပြီး အများနည်းတူ စာမေးပွဲ အောင်ခဲ့တာပါ။ ဒီနေရာမှာ ကျမ မိဘများကို အလွန် ကျေးဇူးတင်မိတာက ကျမကို ပညာရေးနဲ့ ပတ်သက်ရင် ဖိအားပေးလေ့ မရှိတာပါပဲ။

ငယ်ငယ်ကတည်းက အမေက "ဟဲ့ နင် စာမကျက်ဘူးလား ဟိုဘက်အိမ်က ကလေးတွေများ စာအော်ကျက်နေလိုက်ကြတာ" ဆိုရင် စာဖတ်ဖို့ကိုင်ထားတဲ့ စာအုပ်တောင် ဘေးချပြီး အဲဒီ့တနေ့လုံး စာမကျက်တော့တာ။ ခုမှ အဲဒီတုန်းက ကျမကို ပြောမရလို့ အမေ အတော် စိတ်ဆင်းရဲခဲ့မှာ လို့ တွေးမိတယ်။ နောက်တော့ အမေက ကျမကို စာလုပ်ဖို့ ဘယ်တော့မှ မပြောတော့ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်တတ်မှန်း၊ သူများနဲ့ ယှဉ်ပြောရင် မကြိုက်မှန်း အမေ သိသွားလို့ပဲ ဖြစ်မယ်။ ဒါက ကျမရဲ့ ငယ်ဘဝထဲက ပုံရိပ် တပိုင်းတစပေါ့။ ဪ...ဘလော့်ဂါဖြစ်လာမဲ့ ကလေးများ ငယ်ကတည်းက တယ်ခေါင်းမာတာ....

ကျမ တက်ခဲ့ရတဲ့ ကျောင်းကြီးက အီကိုလို့ ခေါ်ကြတဲ့ စီးပွားရေးတက္ကသိုလ်မှာပါ။ မှတ်မိသေးတယ်။ ပထမနှစ်မှာ ဆက်ရှင် ၆ခု ရှိတဲ့အထဲ ကျမက ဆက်ရှင် ၅ မှာ တက်ရပါတယ်။ ဆက်ရှင် ဝမ်းတို့ တူးတို့က ကျောင်းသူတွေလို ဆေးကျောင်းပြုတ်၊ စက်မှုပြုတ် မဟုတ်ပဲ နောက်ဆုံးနား မရောက်ခင်လေးတင် ကပ်ပြီးဝင်ခဲ့ကြတဲ့ ဆက်ရှင်တူ ကျောင်းသူတွေ အချင်းချင်း အပွေးမြင် အပင်သိခဲ့ကြပါရဲ့။ ကျမတို့ ၈ယောက်အုပ်စုကြီးဟာ အတန်းလစ်လည်း အတူတူ၊ အတန်းတက်လည်း အတူတူ၊ စာမေးပွဲနီးလို့ စာတွေလိုက်ကူးလည်း အတူတူ ဖြစ်ခဲ့ကြပါတယ်။

နောက်တန်းက ဆရာ-ဆရာမများပါ...


ကျမတို့အုပ်စုက ခပ်ပျော်ပျော်တွေ ဖြစ်တဲ့အပြင် အစအနောက်လည်း သန်ကြတော့ အီကိုမှာ ရှားပါးမျိုးနွယ်ဖြစ်လေတဲ့ မဟာပုရိသတွေ ခမျာ ကျမတို့ ကျောင်းသူတွေရဲ့ ဒဏ်ကို အတော်လေး ခံစားကြရရှာပါတယ်။ ကျောင်းသားတယောက်ထဲများ ရှေ့က ဖြတ်မသွားနဲ့ ဘေညာ ဘေညာ ဘေညာဘေး ဆိုပြီး ဝိုင်းအော်လို့ ကျောင်းသားခမျာ ပုဆိုးတွေဘာတွေ တုတ်ပြီး ခလုတ် မတိုက်ရုံတမယ် ဖြစ်ရရှာတာ။ ပိုက်ဆံကို ကြိုးနဲ့ အသာချည်ပြီး အခန်းဝ ကော်ရစ်ဒါမှာ ချထား။ မလှမ်းမကမ်းက ကြည့်ပြီး ကုန်းကောက်တော့မှ အတန်းထဲကနေ တယောက်က ကြိုးနဲ့ ပြန်ဆွဲတာမျိုး၊ နောက်မှာ အမြီးတပ်လိုက်တာမျိုး သကောင့်သားတွေ စုံအောင် ခံရရှာပါတယ်။

တချို့ ခပ်ပျော့ပျော့ ကျောင်းသားတွေကိုဆို "နင် ငါတို့ရှေ့မှာ အိညှောင့် အိညှောင့်လာလုပ်မနေနဲ့ ရည်းစားစာ လိုက်ပေးလိုက်မယ် ဘာမှတ်နေလဲ" လို့ ငေါက်တတ်သေးတာပါ။ အဲသလို ကျမတို့ကျောင်းမှာ ရေများရေနိုင် မီးများမီးနိုင် ဆိုသလို မဟာပုရိသတွေခမျာ အားနွဲ့သူတွေ အဖြစ် ရောက်ကြရတော့တာ။

ပထမနှစ်မှာ ကျမတို့ အတန်းထဲက ကောင်လေးချောချောတယောက်ကို ကျမတို့ဘာသာ ကင်း ပေးထားပါတယ်။ တကယ်လည်း မောင်မယ်သစ်လွင်နေ့မှာ ပါးစပ်နဲ့ ကင်းရွေးကြရော တခြားဆက်ရှင်က တယောက် ရသွားလေတော့ သူ့ခမျာ အလိုလိုနေရင်း ရာထူးလျောပြီး ကင်းပြုတ် ဖြစ်သွားပါတော့တယ်။ ဘာပဲဖြစ်ဖြစ် တနေ့ တနေ့ အတန်းထဲရှိတဲ့ ကင်းပြုတ်ကိုပဲ အိပ်ချင်ပြေ ကြည့်ခဲ့ကြရတာ။ ကျမတို့ရဲ့ မဟာကျေးဇူးရှင် အိပ်ချင်ပြေလေးပေါ့...

အတန်းထဲမှာ နောက်ထပ် အိပ်ချင်ပြေတယောက် ရှိပါသေးတယ်။ သူကတော့ နယ်ကျောင်းသား တယောက်ပါ။ သူ့ရဲ့ ဖက်ရှင်ကို ပြောပြပါဦးမယ်။ အဲဒီတုန်းက ခေတ်စားခဲ့တဲ့ အိတုန်၊ အိရှန်၊ လှိုင်းကြီး အစတွေကို ရှပ်လက်ရှည် ချုပ်ဝတ်ပြီး အောက်က ရခိုင် ပုဆိုး၊ ပိုးလိုလို ခပ်ပြောင်ပြောင် ပုဆိုးတွေနဲ့ တွဲဝတ်လေ့ရှိပါတယ်။ အပေါ်က အဝါနုဆို ပုဆိုးက အဝါရင့်၊ အပေါ်က ဗေဒါနုဆို အောက်က ဗေဒါရင့် ဆိုတော့ကာ သူ့ကို ကျမတို့ အုပ်စုက နတ်ကတော် လို့ နာမည်ပြောင် ပေးထားပါတယ်။ တနေ့ တနေ့ သူ ဘာအရောင်များ ဝမ်းဆက် ဝတ်လာလေမလဲ စောင့်ကြည့် ရယ်ကြရတာ အမောပါပဲ။

သူ့ရဲ့ပုံကို အနီးစပ်ဆုံး ပြောရရင် ဝမ်း ၆ခါလောက် လျှောထားတဲ့ မင်းသား သျှားညိုကို မျက်မှန်သာ ဖြုတ်ကြည့်လိုက်ကြပါ။ သူ့မှာ ငွေသွားကြီး တချောင်းကလည်းရှိ၊ မိဘတွေကလည်း သနပ်ခါးခြံပိုင်ရှင်မို့ ကျမတို့ အချင်းချင်း စိတ်ကူးမလွဲကြဖို့ ပြောရင်း သူ့နောက်ကွယ်မှာ သူ့ကို ဘော်လီဘော ပုတ်သလို တယောက်ဆီကနေ တယောက် ပုတ်ထုတ်တတ်ကြပါတယ်။ ဒီလိုနဲ့ ပထမ စာသင်နှစ်ဝက်ပြီးလို့ ဒုတိယ စာသင်နှစ် အစမှာ မမျှော်လင့်ထားတဲ့ အဖြစ်တခု ဖြစ်ခဲ့ပါတော့တယ်။

အတန်းပြီးလို့ ထွက်လာတဲ့ ကျမတို့ အုပ်စုနောက်ကို သူ နောက်ကနေ အပြေးလိုက်လာပါတယ်။ ပြီးတော့ ကျမ နာမည်ကို ခေါ်ရင်း သူ့လက်ထဲက ကြွပ်ကြွပ်အိတ်နဲ့ ထည့်လာတဲ့ သနပ်ခါးတုံးတွေကို ကျမလက်ထဲ အတင်းထည့်ပါတော့တယ်။ အားလုံး တအံ့တဩနဲ့ ကြောင်အအ ဖြစ်နေချိန်မှာ ကျမ ခပ်သွက်သွက် လျှောက်ရင်း ရှေ့က နားနေခန်းထဲ စွပ်ကနဲ ဝင်ပြေးခဲ့မိတော့တယ်။ အမျိုးသမီး နားနေခန်းမို့ သူ ဝင်လိုက်လာလို့ မရဘဲ အခန်းရှေ့မှာ တောင့်တောင့်ကြီး ရပ်စောင့်နေခဲ့တာ စာသင်ချိန် တချိန် လွတ်တဲ့ အထိပါပဲ။ ကျမ ကောင်းကောင်းကြီး ဝဋ်လည်တာပါ။ ကျမ အလှည့်ကျတော့ အဲသလို ကြောက်ဒူးတုန်ခဲ့မိတာ။ ကျမ သူငယ်ချင်းတွေကတော့ အဲဒီ့အတွက် ကျမကို ဟားတိုက်မဆုံးပေါ့။ နောက်ပိုင်းတော့ သူ့ခမျာ အဝေးကနေပဲ ခေါ်တောတထောင်အားနဲ့ လှမ်း လှမ်း ကြည့်ရုံပဲ တတ်နိုင်ပါတော့တယ်။

အုပ်စုထဲမှာမှ ကျမက ဟိုစပ်စပ် ဒီစပ်စပ် အလုပ်ဆုံး၊ ဘယ်နေရာမှလည်း မထူးချွန်ဆုံးပါပဲ။ ကျောင်းအနုပညာအသင်းမှာ သီချင်းဆိုမလား၊ နံရံကပ် စာစောင်မှာ ပန်းချီဆွဲမလား (အမှန်ကတော့ တကြောင်းဆွဲ ကာတွန်းလောက်ရယ်ပါ)၊ ကဗျာရေးမလား စုံတကာစိနေအောင်ပါပဲ။

ကဗျာဆိုလို့ ဘရုတ်ကျဖူးတဲ့ အဖြစ်တခုကို သတိရမိသေးတယ်။ အတန်းထဲမှာ အင်မတန် အေးတဲ့ စာဂျပိုးကျောင်းသား တယောက် ရှိတယ်။ အသားဖြူဖြူ၊ ပိန်ကိုင်းကိုင်း၊ ကော်ကိုင်းမျက်မှန် အနက်နဲ့ပါ။ ဖြစ်ချင်တော့ စာသင်ချိန်တခုမှာ သူ့ခုံနောက်က ကျမတို့အုပ်စု ဝင်ထိုင်ဖြစ်ပါတယ်။ စာသင်ချိန်ပြီးလို့ ဆရာမ အခန်းထဲကအထွက်မှာ ဘောလ်ပန်ကို တမင် သူ့ခုံအောက်ကျအောင် ကျမ လွှတ်ချ လိုက်ပါတယ်။ ပြီးမှ သူ့ကို ကောက်ခိုင်းတယ်။ ချက်ချင်းပဲ ကျမ ကဗျာတိုလေး တပုဒ် ကောက်စပ်လိုက်တယ်။ အဲဒီကဗျာကို သူငယ်ချင်း တယောက်က အသံနေ အသံထားနဲ့ သူကြားတယ်ဆိုရုံ ဖတ်ပြပါတယ်။

ဘောလ်ပန်လေး ကောက်ပေးပါလား
အားတင်းပြီး လှမ်းအပြော
လှည့်ကြည့်ပြီး ကောက်အပေး
ရင်ထဲမှာ နွေးကနဲ
ကျေးဇူး ဆိုတဲ့ စကားလေး နှစ်လုံး
သုံးနေကျပေမဲ့ ပြောမထွက်ခဲ့ပါလားကွယ်....

နောက်ဆုံး "ကွယ်" ဆိုတာကို သူက "ကွယ်...ဟယ် ဟယ်" ဆိုပြီး ကွန့်ပြီး ဖတ်ပြတာပါ။ ကျမတို့က အေးလွန်းတဲ့ ကျောင်းသားမို့ စ ချင်ရုံပါ။ ဒါပေမဲ့ ကျမတို့အုပ်စုကို တွေ့တိုင်း သူ့မှာ မျက်နှာတခုလုံး ရဲနေအောင် ရှက်နေရှာတော့တယ်။ နောက်ပိုင်းတော့ ၈၈ အရေးအခင်း အပြီးမှာ ကျောင်းမပြီးခင် သူ နိုင်ငံခြား ထွက်သွားတယ် ကြားပါတယ်။ ကျမတို့ ပယောဂတော့ ဟုတ်ဟန် မတူပါဘူးလေ....:)

ကျောင်းမှာ အပျော်ဆုံးက ပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာပါ။ ကျမက ရန်ကုန်သူမို့ အဆောင် မရပေမဲ့ ကျောင်းအနုပညာသင်းရဲ့ သင်္ကြန်ဖြေဖျော်ပွဲတွေမှာ ကျောင်းကအဆောင်တွေမှာ Camp ဝင်ပြီး သွားနေရပါတယ်။ နှင်းဆီတို့ ဂန္တမာတို့ မှာပေါ့။ အဲဒီတုန်းက ဂစ်တာတီးတဲ့ အကိုကြီးတွေက ဗိုလ်ပြား၊ ဗိုလ်ရွဲနဲ့ အော်ဂင်က ကိုမိုက်လို့ ကျမတို့ ခေါ်ခဲ့တဲ့ ခု ဒါရိုက်တာ မိုက်တီးပါ။ အဆောင်ရှေ့မှာ ည ည ဂစ်တာ လာတီးတဲ့ အထဲမှာ တချို့ အဆိုတော်တွေလည်း ပါ ပါတယ်။ အခန်းမီးတွေ ပိတ်လိုက် ဖွင့်လိုက် လုပ်ပြကြ၊ လဘက်တွေ ဇီးပေါင်းထုပ်တွေ ပို့ပေးကြနဲ့ တကယ်ပဲ အဆောင်နေ ကျောင်းသူဘဝကို ခတ္တ ခံစားရရှိစေတဲ့ ရက်တွေမို့ သိတ်ပျော်ခဲ့ရပါတယ်။

နှစ်စပိုင်းတွေမှာ ဆေးက၊ စက်မှုက ကျောင်းသားတွေ လာပိုးတာကို ဘဝင်လေဟပ်နေတဲ့ အီကိုမမတွေဟာ နောက်အတန်းတွေ ကြီးလာတဲ့အခါ ဟိုမောင်တွေမှာ စာတွေနဲ့ နပန်းလုံးပြီး မြာဘက် မလှည့်နိုင်ဖြစ်၊ ဒီမှာလည်း ကျောင်းပြီးခါနီးမို့ အသည်းအသန် ကြင်လျာတော် ရှာကြရင်း နောက်ဆုံးတော့ အီကိုမမတွေခမျာ ကိုယ့်ခြံထဲကကြက် ကိုယ် ရိုက်စားရတဲ့ ဘဝ ရောက်ရရှာတာ "တို့ အီကို ကျောင်းသားတွေကတော့ အဲဒီအချိန် မျက်နှာပွင့်ချိန်ပေါ့ကွာ" လို့ ကျမတို့ အီကို ကျောင်းသူတွေကို သနားဟန်နဲ့ ပြောကြလေတယ်။ မည်သို့ပင်ဖြစ်စေပေါ့လေ ကျမတို့ အီကိုကျောင်းသူတွေရဲ့ လက်သုံးစကားက ရွာနားကမြက် ရွာနွားမစားပါပဲ။ နဲနဲမှ မလျှော့ပါဘူး။

ဘယ်ကျောင်းသားကပဲ လာကြိုက်ကြိုက် ကျမတို့ အုပ်စုက ဝိုင်းပြီး နှိပ်စက်ကြတဲ့ဒဏ် မခံနိုင်ဘဲ ပြေးကြရတာ။ ဒုတိယနှစ်ပြီးတဲ့အထိ ဘယ်သူမှ ရည်းစား မထားကြပဲ လှည့်ပတ်ပြီး ဘရုတ်ကျနေခဲ့ကြတာ။ တတိယနှစ်စမှာတော့ သူငယ်ချင်းမတယောက်ရဲ့ လျို့ဝှက် အချစ်ရေးကြီးထဲမှာ ကျမတို့ ပူးပေါင်း ပါဝင်ခဲ့ကြရတယ်။ သူ့ ချစ်သူ အကိုကြီးက ဘွဲ့မရဘဲ ကျောင်းထွက်ပြီး သူတို့ ဆန်ပွဲရုံမှာ အလုပ် ဝင်လုပ်နေတာ။ ဒီတော့ မိဘများက သမီးနဲ့ သဘောမတူနိုင်ဘူးပေါ့လေ။ ကျမတို့က သူငယ်ချင်းကို အိမ်က ခေါ်ထုတ်ပေးခဲ့ကြရ ဖူးတယ်။ အဲဒီတုန်းက လူကြီးတွေကို မုန်းလိုက်တာလေ။ ပကာသနမက်၊ ဂုဏ်ဓနမက်...ဒါတွေ ဘာလုပ်ဖို့လဲပေါ့...အရေးကြီးတာက အချစ် အချစ် အချစ် မဟုတ်လားပေါ့လေ...ခုနေ တွေးမိတော့ ရယ်ချင်စရာ။ (ခုတော့ ကျမ သူငယ်ချင်းမက သူ့ချစ်သူနဲ့ အိမ်ထောင်ကျပြီးလို့ ကလေး ၂ယောက်ရ၊ ဘဝမှာ နေပျော်စွာ ရှိနေပါရဲ့)

ကျောင်းတုန်းကပုံတွေ ကျမမှာ များများစားစား မရှိပါဘူး၊ ဒီပုံတွေတောင် ရုံးကလူတွေကို တကယ် ဘွဲ့ရခဲ့တာလို့ ပြချင်လို့ ရွာအပြန် အိမ်က ယူလာတာပါ။ နို့မို့ဆို ကိုယ့်ဘွဲ့လက်မှတ် နွမ်းဖတ်ဖတ်လေးကို အတုလို့ ထင်တတ်ကြလွန်းလို့....:)




တတိယနှစ်မှာ ဘာသာရပ်တွေခွဲတော့ ကျမတို့အုပ်စုလည်း ကွဲသွားခဲ့ကြတယ်။ အတန်းအားချိန် တူတိုင်း အရင်လို ပြန်တွေ့ဖြစ်ကြပေမဲ့ ကျမက သူငယ်ချင်း အသစ်တွေ ထပ်ရခဲ့ပြန်တယ်။ ကျမက တကျောင်းလုံးနဲ့ ပေါင်းတဲ့သူမို့လေ။ နောက်ပိုင်း ၈၈ အရေးအခင်းနဲ့ ကျောင်း ၃နှစ်ပိတ်၊ ပြန်ဖွင့်တော့လည်း ကျောင်းမှာ အရင်လို သင်္ကြန် ဖြေဖျော်ပွဲတွေ မလုပ်ကြတော့တဲ့အပြင် ကျောင်းဝင်းထဲ လက်နက်ကိုင်ထားသူတွေ စောင့်ကြပ်နေတာတွေ့ရင်ပဲ ရင်ထဲ ဝမ်းနည်းသလိုလို၊ ပျောက်ဆုံးသွားတဲ့ လွတ်လပ်မှုတွေအတွက် စိတ်ထဲ မပျော်ခဲ့ကြတော့ဘူး။ ဒီလိုနဲ့ပဲ ၄နှစ်တာ ကျောင်းပြီးလို့ သူငယ်ချင်းတွေလည်း တနေရာစီ ကွဲခဲ့ကြရတာ။ တချို့ သူငယ်ချင်းတွေက ကျောင်းမှာပဲ စာပြန်သင်နေကြတုန်းပါပဲ။ ဒါပေမဲ့ ကျောင်းထဲကို သွားမတွေ့ဘူး။ ကျမ မခံစားနိုင်လို့ပါ။

တနှစ် ရွာအပြန်မှာ သူငယ်ချင်းမ တယောက်နဲ့ ချိန်းရင်း သူ့အိမ် သွားလည်ဖြစ်ပါတယ်။ သူက ရုံးမှာ အတူ အလုပ်လုပ်ဖော် အမျိုးသားတဦးနဲ့ အိမ်ထောင်ကျပြီး ချစ်စဖွယ် သမီးကလေးတယောက် ရနေပါပြီ။ မမျှော်လင့်ပဲ သူက ကျမ ကျောင်းတုန်းက ပေါက်ကရ စပ်ထားတဲ့ ကဗျာ အတိုအစလေးတွေ စတက်ပလာနဲ့ စုချုပ်ထားပြီး တခုတ်တရ သိမ်းထားရှာတာ ကျမကို ထုတ်ပြပါတယ်။ ကျမ ပြောမပြတတ်အောင် ခံစားလိုက်ရတယ်။ ကျမကတော့ ရေးပြီး သံယောဇဉ် မထားတတ်သူပီပီ ဟိုပစ် ဒီပစ် ပစ်ထားခဲ့မိတာပါ။ လူငယ်ပီပီ အဲဒီတုန်းက အချစ်ကဗျာလေးတွေပဲ အစပ်များခဲ့တာ၊ သူ့ကိုလည်း နင့် အမျိုးသားကို သွားမပြနဲ့နော်လို့ ရှက်ရှက်နဲ့ မှာခဲ့ရပါသေးတယ်။

ရပ်ကွက်ထဲမှာသာ မိန်းကလေးတွေ ဘရုတ်ကျပြီး ဖလန်း ဖလန်းထနေရင် လူတကာ ပြောချင်စရာ ဖြစ်ပေမဲ့ တက္ကသိုလ်ကျောင်းသူ ဆိုတဲ့ နာမည်လေးအောက်မှာ၊ ကျောင်းကြီးရဲ့အရိပ်အောက်မှာတော့ ကျမတို့ ဘရုတ်ကျသမျှ ချစ်စရာ ဖြူစင်သွားပြန်တယ်။ ကျောင်းကြီးရဲ့ အရိပ်ခိုလို့ ပညာသင်ချိန်တွေမှာ ကျမတို့ ကျောင်းသားကျောင်းသူတွေ ဘယ်လောက်ဆိုးဆိုး ဆရာတွေက မေတ္တာနဲ့ ခွင့်လွှတ်ခဲ့၊ ချစ်ခဲ့ကြတာပါပဲ။ ဒါကြောင့် ဘယ်အချိန် ပြန်တွေးတွေး ကျောင်းနဲ့ပတ်သက်တဲ့ ပုံရိပ်ဟောင်းတွေဟာ နှလုံးအိမ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေကြတုန်း၊ လွမ်းမောစရာကောင်းနေတုန်းပါပဲလေ။


ညီမကေရဲ့ တက်ဂ်ပိုစ့်လေးပါ။ အမှတ်တရ တဂ်လာတဲ့အတွက် ကျေးဇူးပါ ညီမရေ...



Saturday, November 6, 2010

တနှစ်သား ဘလော့ဂ်

ဒီနေ့ ကျမရဲ့ဘလောဂ့်လေး တနှစ်တိတိ ပြည့်ပါပြီ။ မြန်လိုက်တာ...။ အချိန်တွေဟာ သွား သွားနိုင်လွန်းတယ်။ တနှစ်အတွင်းမှာ ပို့စ်ပေါင်း ၁၆၀ တိတိ ကျမရေးခဲ့တယ်။ ပျော်စရာ ပေါ့ပေါ့ပါးပါးတွေ၊ ဟင်းချက်နည်းလေးတွေ၊ ခံစားရသမျှ လေးလေးပင်ပင်တွေ၊ မျှဝေချင်စရာ သတင်းတွေ၊ ကဗျာလေးတွေ...စုံလို့ပါပဲ။

ကျမက စာဖတ်မနာခဲ့တဲ့သူ၊ စာမရေးတတ်တဲ့သူပါ။ စာရေးတာကို ဝါသနာပါရုံနဲ့ ဒီဘလော့ဂ်လေးကို ရေးခဲ့တာ။ ပြောရမယ်ဆိုရင် ရေးခဲ့သမျှဟာ ကျမ နဲ့ ကျမပတ်ဝန်းကျင်မှာ မြင်တွေ့ ကြားသိနေရတာတွေရဲ့ လာရောက် ရိုက်ခတ်မှုတွေနဲ့ ရေးဖြစ်ခဲ့တာတွေပါ။ ရင်ထဲ ထိခိုက်ခံစားခဲ့ရလို့၊ ရေးချင်လို့၊ ရေးသင့်တယ် ထင်လို့ ရေးမိတာတွေအတွက် ရေးပြီးတိုင်း၊ ပိုစ့်တပုဒ်အဖြစ် တင်ပြီးတိုင်း ရလိုက်တဲ့ စိတ်ကြေနပ်မှုက ဘာနဲ့မှ မလဲနိုင်အောင်ပါပဲ။

အလုပ်တဖက်နဲ့ ဘလော့ဂ်ရေးနေကြတဲ့ တခြားသော ဘလော့ဂ်ဂါများ နည်းတူ ကျမလည်း အချိန် ဆင်းရဲပါတယ်။ အထူးသဖြင့် စိတ်ရော လူပါ ပင်ပန်းလာတဲ့နေ့တွေမှာ စာရေးဖို့ လက်တောင် မမြှောက်ချင်တဲ့ အထိ ဖြစ်ရတယ်။ တခါတလေကျတော့လည်း ဈန်ဝင်ပြီး စာရေးရင်း ညဥ့်နက်သွားလို့ မျက်တွင်းချောင်နဲ့ ရုံးတက်ရတဲ့ နေ့တွေ ရှိခဲ့ပါရဲ့။ ခုဆို ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ ဘာစားစား ဘလော့ဂ်အတွက် ပိုစ့်လေး စဉ်းစားနေတတ်တော့တာ။ ဒီလိုနဲ့ပဲ ကျမရဲ့ ပုံမှန် နေ့စဉ်ဖြတ်သန်းမှုတွေထဲမှာ ဘလော့ဂ်ဟာ တစိတ်တပိုင်း အဖြစ် ပါဝင်ခဲ့တော့တယ်။ ဘလော့ဂ်ရေးသူအားလုံး တူတူပဲ ထင်ပါရဲ့။

အငြင်းပွားချင်စရာ၊ အမြင်မတူနိုင်စရာ တချို့ပိုစ့်တွေအတွက် သိနေရက်နဲ့ မရေး မနေနိုင်လို့ ရေးမိတာတွေလည်း ရှိပါရဲ့။ ကျမ ချစ်တဲ့ မျက်စေ့နဲ့ ကြည့်ပြီး ရေးခဲ့တာတွေချည်းပါ။ ကျမကိုယ်၌က အငြင်းပွားချင်စရာပိုစ့်တွေ မရေးဘူးလို့ စိတ်ဒုံးဒုံး မချနိုင်ခဲ့တာ။ ဒီအတွက် ကြည့်တဲ့ ရှူထောင့် မတူလို့ အမြင်တွေ ကွဲကြတာတွေကို ကြိုဆိုလိုက်ရုံပါပဲ။ စီဘောက်မှာ၊ ကော်မန့်မှာ အသားလွတ် ဝင်ထုသွားတာတွေအတွက် အတော် စိတ်မကောင်း ဖြစ်ခဲ့ရသေးတယ်။ ငိုချင်ခဲ့မိတယ်။ ခုတော့ဖြင့် ကျမ ရယ်နေနိုင်ပါပြီ။ တနှစ်စာ အရေထူခဲ့ပြီကိုး...။

ကျမ ရေးသမျှ လာဖတ်ပေးကြတဲ့ ဘလော့ဂ်ဖတ်သူတွေ၊ ဖတ်ရုံမက ရင်းရင်းနှီးနှီး ချစ်ခင်စွာ မန့်သွားကြတဲ့ ရေးဖော်တွေ၊ မန့်ရုံမက အငြင်းပွားခဲ့ကြ၊ အမြင်မတူလို့ လက်နက်ကြီးနဲ့ ထုသွားခဲ့ကြသူတွေ... အားလုံးကို ခင်မင်စွာ လှိုက်လှဲစွာ ကျေးဇူးတင်ရပါတယ်။ အသက်ဝင်တဲ့ ဘလော့ဂ်လေးတခု အဖြစ် ပိုမို ပီပြင်ခဲ့တဲ့ အတွက်ပါ။

Thank You Myspace Comments


ဘာဖြစ်ဖြစ် ကျမ ပျော်ပါတယ်။ မီးမလာမှပဲ ဘလောဂ့်ရေးတာကို ရပ်ပါတော့မယ်လေ :)



မနှစ်က ဒီလိုအချိန် ၇း၃၈မှာ ကျမရဲ့ ပထမဦးဆုံးပိုစ့်လေးကို ဒီမှာ တင်ခဲ့ပါတယ်...


Tuesday, November 2, 2010

ဖွင့်လိုက်ကြ ပိတ်လိုက်ကြ...

ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုရာမှာ လူပဲကြီးလာလို့ မရဘူး၊ ဦးနှောက် ဖွံ့ဖြိုးဖို့၊ အမှန်အမှား ခွဲခြားနိုင်တဲ့ ပညာဉာဏ် ရှိဖို့ ဆိုတာကလည်း လိုသေးတာ။ နောင်ခါမှာ လူကြီးနေရာ ယူရမဲ့ လူငယ်တွေအတွက် ပညာရေးဟာ အဓိကကျတယ် ဆိုတာ ဘယ်လိုမှ မငြင်းနိုင်တဲ့ အချက်ပဲ။ ဒီတော့ လူငယ်ဆို ဘယ်နိုင်ငံက လူငယ်ပဲ ဖြစ်ဖြစ် ပညာရေးထိခိုက်စေတဲ့ အဖြစ်မျိုး ကြားရရင် စိတ်ထဲ အင်မတန်မှ မကောင်း ဖြစ်ရတယ်။

ပြီးခဲ့တဲ့ ၂၂ အောက်တိုဘာ သတင်းစာထဲမှာ စင်္ကာပူက School of Applied Studies (SAS) လို့ ခေါ်တဲ့ ပရိုက်ဗိတ်ကျောင်းတခု ပိတ်လိုက်ရတဲ့ သတင်း ဖတ်လိုက်မိတယ်။ ပိတ်ရတဲ့ အကြောင်းရင်းက ကျောင်းရဲ့ ငွေရေးကြေးရေး ခက်ခဲမှုကြောင့် ဆက်လက် မလည်ပတ်နိုင်တော့တဲ့ အတွက်လို့ဆိုတယ်။ ဘာကြောင့်ပဲ ပိတ်ပိတ် တကယ်တမ်း နစ်နာကြရတာက ကျောင်းသားတွေပါပဲ။ ကိုယ်တိုင်က နိုင်ငံရပ်ခြားမှာ လာရောက် အလုပ် လုပ်ကိုင်နေရသူမို့ နစ်နာဆုံးရှူံးကြတာချင်း အတူတူ International Students တွေရဲ့ နစ်နာမှုကဖြင့် ပိုကြီးမားလေရဲ့လို့ ခံစားမိပြန်တယ်။ အဲဒီကျောင်းမှာ International Studentsပေါင်း ၈၅ယောက် ရှိပါတယ်။


စင်္ကာပူမှာ ပရိုက်ဗိတ်ကျောင်း ပိတ်လိုက်ရတာ ဒါ ပထမအကြိမ်တော့ မဟုတ်သလို နောက်လည်း ပိတ်ဦးမဲ့ ကျောင်းတွေရှိနိုင်တာမို့ ကျောင်းသားတွေ အနေနဲ့ ကျောင်းရွေးချယ်တဲ့ နေရာမှာ အတော်လေး စေ့စေ့စပ်စပ် စုံစမ်းသင့်ပါတယ်။ ကျောင်းရဲ့ အဆွယ်ကောင်း၊ မက်လုံးကောင်းမှုနဲ့ ကျောင်းပြီးရင် အလုပ်ကောင်းကောင်းရဖို့ မျှော်လင့်ချက်ပေးမှုတွေအပေါ် မျောပြီး ဒီဂရီတခုရ ပြီးရော မတက်လိုက်ကြပါနဲ့။ ကိုယ်တက်မဲ့ကျောင်းရဲ့ ရာဇဝင်၊ အနေအထား၊ သင်မဲ့ ဘာသာရပ်၊ ပို့ချမဲ့ ဆရာတွေအပြင် ကျောင်းကပေးမဲ့ ဒီဂရီဟာ အလုပ်ဈေးကွက်မှာ ဝယ်လိုအား(Demand) ဘယ်လောက်များသလဲ။ ဒါတွေ အရင် လေ့လာဖို့ လိုပါတယ်။

ရှိလို့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ကြားက ခြစ်ခြုတ်စုဆောင်းပြီး ကျောင်းတက်ရတာပဲ ဖြစ်ဖြစ် ကျောင်းတခု ပိတ်ပြီဆို ကျောင်းသားတွေရဲ့ နစ်နာမှုက သိတ်ကြီးမားလှပါတယ်။ အချိန်၊ အရွယ်၊ ငွေကြေးနဲ့ အဆိုးဆုံးက စိတ်ဓါတ်ပိုင်းဆိုင်ရာ ရိုက်ချိုးဖျက်စီး ခံလိုက်ရခြင်းပါပဲ။

ဗီယက်နာမ်ကျောင်းသူလေးတယောက်ရဲ့ ကျောင်းပိတ်လိုက်ရခြင်းအပေါ် ပြောလိုက်တဲ့ သူ့ခံစားချက်လေးဟာ ကျမရင်ကို ထိရှနာကျင်စေခဲ့မိပါရဲ့။ ၂၂နှစ် အရွယ် ဗီယက်နာမ်ကျောင်းသူလေး Thi က "စင်္ကာပူကို ငါ မုန်းတယ်၊ ဒီက ပညာရေး စံနစ်ကိုလည်း ငါ မုန်းတယ်။ ကောင်းမှာပဲ လို့ ထင်ထားခဲ့သမျှ ခုတော့ အလကားပဲ။ ငါ့မိဘတွေဟာ ငါ ဒီမှာ ကျောင်းလာတက်ဖို့ အလုပ်တွေ အရမ်း ကြုံးရုန်းလုပ်ပြီး ငါ့အတွက် ငွေတွေ အများကြီး အကုန်ခံထားရတာ၊ ငါ စိတ်အရမ်း တိုတယ်၊ ဒေါသလည်းထွက်တယ်" လို့ ယူကြုံးမရ ပြောရှာတယ်။ ကျောင်းတက်ဖို့အတွက် စင်္ကာပူငွေ ၃သောင်းကျော် ကျောင်းကို ပေးသွင်းထားရာမှာ ကျောင်းက ငွေ ၇ထောင်ကျော်ပဲ ပြန်အမ်းတယ်လို့ ဆိုတယ်။

သူကလေးရဲ့ ရင်ထဲက ဒဏ်ရာ ဘယ်လောက်များ နက်သွားမလဲ။ ဒီကလေးရဲ့ ရှေ့ဆက် ပညာသင်စားရိတ်ကို သူ့မိဘတွေ ဆက်ထောက်ပံ့ နိုင်ပါဦးမလား။ နောက်တကျောင်း ပြောင်းပါပြီတဲ့ သူ့ရင်ထဲ ဒီကျောင်းကဖြင့် ဘယ်တော့မှ မပိတ်ဘူး ရယ်လို့ စိတ်ချလက်ချ ရှိနိုင်ပါဦးမလား။ ကျမရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့တာပါ။

သူ့ခမျာ အတော် နာနာကျည်းကျည်း ပူလောင်နေတာမို့ ပြောတာဖြစ်မှာ။ တကယ်တော့ ပရိုက်ဗိတ်ကျောင်းတခု ပိတ်ရုံနဲ့ စင်္ကာပူရဲ့ ပညာရေးစံနစ်ကြီးတခုလုံးကို ဝါးလုံးရှည်ကြီးနဲ့ မရမ်းသင့်ပါဘူး။ အစိုးရကျောင်းတွေကတော့ တည်ငြိမ်မှုရှိပြီး တကယ်တော်ရင် တော်သလို ကျောင်းပြီးတဲ့အခါ အလုပ်ရဖို့ အာမခံချက် ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် စလုံးအစိုးရအနေနဲ့ ခုလို ပရိုက်ဗိတ်ကျောင်းတွေ ဖွင့်ကြတာကို ပိုက်ဆံရ ပြီးရောဆိုပြီးတော့ လွယ်လွယ် ခွင့်မပြုသင့်သလို ဘက်အပ်ပ်ပလန် တခုခုတော့ ရှိသင့်တယ်လို့ ယူဆပါတယ်။

၂၃နှစ်ရှိပြီဖြစ်တဲ့ ဆမ် ဆိုတဲ့ကျောင်းသားတယောက် ကျပြန်တော့ ဆမ်-နှစ်ခါနာရတဲ့ အဖြစ်ပါ။ သူက မနှစ်တုန်းက ဂျူလိုင်လမှာ ပိတ်လိုက်ရတဲ့ Brookes Business School ကပါ။ အဲဒီကျောင်းကျတော့ ဒီဂရီ၊ ဒီပလိုမာ အောင်လက်မှတ်အတုတွေ ထုတ်ပေးတာ ဖြစ်နေတာမို့ အပိတ်ခံရတာပါ။ ဒီကျောင်းSAS ရောက်ပြန်တော့ ခုလို တမူကွဲ အဖြစ်မျိုးနဲ့ နောက်တခါ ထပ်ကြုံရပြန်တော့တယ်။ သူမှ စိတ်ဓါတ်မကျရင် ဘယ်သူ ကျတော့မလဲနော်။ Ms Nur-၂၂နှစ်ကတော့ မနှစ်က စက်တင်ဘာမှာ Hospitality Management ဘာသာရပ်နဲ့ စတင် တက်ရောက်ခဲ့ပြီး အောင်လက်မှတ် ထုတ်ဖို့ စောင့်နေသူ ဖြစ်ပါတယ်။ သူ့ရဲ့ အပူကလည်း တဘာသာပါ။ "ငါလည်း ပူနေရတာပဲ ဒီကျောင်းက ခုလို ပိတ်သွားတော့ ငါ့အောင်လက်မှတ်ကို ဘယ်သူက အသိအမှတ် ပြုပါတော့မလဲ" တဲ့လေ။

စလုံးမှာ ခုလို တချို့ ပရိုက်ဗိတ်ကျောင်းတွေ ပိတ်လိုက်ကြရပေမဲ့ ကျောင်းတွေ တခုပြီး တခု ဖွင့်နေကြတာလည်း ရှိပါသေးတယ်။ ကျမတို့ ရွာမှာပေါ့။ ခုလောလောဆယ် ကမ္ဘာမှာ တက္ကသိုလ်ကျောင်းတွေ အများဆုံးပါ ဆိုတဲ့ အိန္ဒိယကို အမီလိုက်တော့မဲ့ပုံပါပဲ။ ဘယ်သူ ပြောနိုင်မှာလဲနော်။ မကြာခင်မှာ နွားထိုးကြီး ယူနီဗာစီတီတို့၊ ဝါးဘလောက်သောက် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့၊ ကွမ်းခြံကုန်း မက်ဒီကယ် ကောလိပ်တို့ ပေါ်မလာဘူး ဆိုတာ...။ အို....အရည်အချင်း နဲ့ အရေအတွက် ခွဲခြားသိရဲ့လား ဘာလား ညာလား လာမပြောနဲ့ နား...။ ဒါ တိုင်းပြည် ပညာရေးကို အားပေးတယ် ခေါ်တယ်။ တို့ကတော့ ဖွင့်မှာပဲ ဖွင့်မှာပဲ ဆိုတာမျိုး။

တရားကျစရာပါပဲလေ...။ ဖွင့်လိုက်ကြ၊ ပိတ်လိုက်ကြ၊ ကျမကတော့ မြေစာပင်ကလေးတွေ ကျန်းမာသန်စွမ်းစေဖို့ပဲ ဆန္ဒပြုမိပါရဲ့.....။




Ref:
news.xin.msn.com/
The New Paper dated 22nd Oct