Sunday, October 17, 2010

အဖေ-၃ (အပြီး)

ကျမ မငိုမိခဲ့ပါ။ ဖုန်းထဲကနေ ကြားနေရတဲ့ အမေ့ စကားသံဆီကို အာရုံ ပို့ထားရင်း အမေ့ စကားတလုံးချင်းစီကိုပဲ နားစိုက်ထောင်ခဲ့မိတယ်။ နောက်တနေ့မနက် ရုံးမှာ ခွင့်စာတင်၊ အလုပ်တွေ လက်လွှဲပေးနေချိန်ထိ စိတ်နဲ့ကိုယ် မကပ်တာ တခုကလွဲလို့ ခါတိုင်းလိုပဲ လုပ်ကိုင်နေမိခဲ့တယ်။ ခဏအကြာ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ ကျမလက်ထဲ စာအိတ်အဖြူလေး တအိတ် လာထည့်ပေးချိန်မှာတော့ လူတကိုယ်လုံး ကျူံ့ဝင်သွားသလို သေးငယ်စွာ ခံစားမိခဲ့တော့တယ်။ ဒါက ထုံးစံပါပဲ။ ရုံးမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မိသားစုဝင်တွေ ဆုံးပါးသွားတဲ့အခါ ကူငွေ သဘောမျိုး စုပြီး ထည့်ဝင်ပေးကမ်းကြတာမျိုးပါ။ ရုံးက မပြန်ခင် သူဋ္ဌေး ကျမ အနားလာပြီး နှစ်သိမ့် အားပေးချိန်မှာတော့ သူ့ပုခုံးပေါ် ကျမ မျက်ရည်တွေ မထိန်းနိုင်အောင် ကျခဲ့မိပါတော့တယ်။ ငိုချင်သူကိုမှ လာပြီး လက်တို့ခဲ့လေခြင်းရယ်....။

လေဆိပ်ရောက်တော့ အဒေါ် ၂ယောက် (အဖေ့ညီမ၂ယောက်) နဲ့ အမေ လာကြိုကြတယ်။ ကျမကို ဖက်ရင်း "သမီး အဖေ မရှိတော့ဘူး သမီးအဖေ ဆုံးပြီ သမီးရဲ့" ဆိုပြီး ငိုကြတော့ ကျမကပဲ "မငိုပါနဲ့ ဒေါ်ကြီးရာ တနေ့ လူတိုင်း ဒီလမ်းကို သွားကြရမှာပဲ ဖေကြီးက နဲနဲစောတာ တခုပဲ"...။ ကျမ ပြင်ဆင်မထားခဲ့ပါ။ မမျှော်လင့်ပဲ နှုတ်က သူ့အလိုလို ထွက်သွားတဲ့ စကားတွေပါပဲ။ အဖေ ဆုံးတော့ အသက် ၅၀၊ နေမယ်ဆို နောက်ထပ် အနှစ် ၂၀-၃၀ နေလို့ ရသေးတဲ့ အရွယ်။ အို...တကယ်ဆို သေခြင်းတရားမှာ အသက် ကြီးငယ်၊ အရွယ် သုံးပါး ရှိတာမှ မဟုတ်ဘဲလေ။

"သင်္ဘောကနေ သူ ဆုံးပြီ ဆိုတဲ့ ကြေးနန်း ဝင် ဝင်လာချင်း ဧဂျင့်က အိမ်ကို လာ အကြောင်းကြားတယ်"

"အဲဒီနေ့ မတိုင်ခင်ညက ခါတိုင်းလိုပဲ သင်္ဘောပေါ်မှာ ပါတီပွဲ လုပ်ကြတာ၊ သူက မသောက်တော့ သူ့ အခန်းပြန်ပြီး စောစော အိပ်ရာဝင်ခဲ့တာ"

"နောက်တနေ့ မနက် သူ့ဂျူတီချိန် ပေါ်မလာတော့မှ သူ့အခန်းတံခါးကို သော့ပိုနဲ့ ဖွင့်ဝင်တော့ သူက အထဲမှာ ဆုံးနေခဲ့ပြီ"

အိမ်လာသူတွေတိုင်း မေးကြတဲ့ ဘယ်လိုများ ဖြစ်တာလဲ ဆိုတဲ့ မေးခွန်းကို ဖြေနေခဲ့တဲ့ အမေ့ စကားသံတွေပါ...

အဖေ အရက်ပြတ်တာ ကျမ မောင် အငယ်ဆုံးလေး မွေးကတည်းကပါပဲ။ မသောက်တော့ဘူး ဆိုပြီး တုံးတိ ဖြတ်ချခဲ့တာ။ ဒါပေမဲ့ အဖေဟာ ဆေးလိပ်တွေ ပိုသောက်ဖြစ်တာ၊ ပိုပိန်လာတာ ကျမ သတိထားခဲ့မိတယ်။ အဲဒီ ဆေးလိပ်ကပဲ အဖေ့ကို သတ်ခဲ့တာများလား...ကျမ ချဉ်ချဉ်တူးတူး တွေးမိခဲ့ပါရဲ့...။

"ခုထိတော့ ဘာ့ကြောင့်ဆိုတာ မသိရသေးဘူး၊ ဖြစ်တာက အမေရိကား စိန့်ဂျွန်း အိုင်းလန်းနားမှာ ဆိုတော့ သင်္ဘောကို နီးရာ ကမ်းကပ်ပြီး ဆရာဝန် ဆေးစစ်ချက် ယူရမှာ"

"သူ ပြောသွားသား...ဒီတခေါက် နောက်ဆုံးပဲကွာ ပြီးရင်တော့ နားတော့မယ် တဲ့လေ..."

ပြောရင်းက ဝမ်နည်းပြီး အမေ ငိုပြန်ပါတော့တယ်။

"ပြီးတော့ ပြောတတ်သေးတယ် ငါ မရှိလည်း အားမငယ်ပါနဲ့ မင့် သားတွေ သမီးတွေက မင်းကို လုပ်ကျွေးမှာပါကွာ တဲ့"

"သူ့ စကားတွေက တမျိုး ဆန်းနေတယ်လို့တော့ ထင်သား ဒါပေမဲ့ အဲဒီလို ဖြစ်မယ်ဆိုတာတော့ ဘယ်ထင်မိခဲ့ပါ့မလဲ"

အဖေဟာ သူ သေမှာကို ကြိုများ သိနေခဲ့သလား...။ အဖေက မာနလည်း ကြီးသေးတယ်။ "သားသမီးလုပ်စာ စားဖို့ ဘယ်တော့မှ မမျှော်လင့်ပါဘူးကွာ" လို့ ပြောလေ့ရှိသလို တကယ်လည်း ကျမတို့မောင်နှမတွေ အဖေ့ကို လုပ်ကျွေးခွင့် မရခဲ့ဘူး။ အဖေ နောက်ဆုံးတခေါက် သင်္ဘောမတက်ခင် ၃လလောက်က ကျမကို ဖုန်းထဲမှာ "အဖေတို့ အထက်မြန်မာပြည် ဘုရားဖူး သွားချင်တယ် သမီးကြီးရယ်" လို့ ဆိုရှာတယ်။ အဖေနဲ့အမေအတွက် ဘုရားဖူးစားရိတ် ဝမ်းသာအားရ ပို့လှူပေးခဲ့တော့ သူ့မှာ ဖုန်းထဲကနေ သာဓု ခေါ်ရှာခဲ့သေးတာ။ "အဖေ့သမီးကြီး မိဘတွေ သွားချင်တဲ့ ဘုရားဖူး ခရီးစားရိတ်ကို သည်လို ပေးလှူရတဲ့ အကျိုးကြောင့်"...အစချီလို့ ဆုတွေ ပေးမဆုံး ရှိခဲ့တာ။

"အသက်အာမခံထားတဲ့ လျော်ကြေး ဘယ်လောက်ရလဲ..." တဲ့

မိတ်ဆွေ အန်ကယ်ကြီး တယောက်ရဲ့ မေးခွန်းပါ။ ကျမတို့ သားအမိ နှစ်ယောက်လုံး မဖြေနိုင်ခဲ့တဲ့ မေးခွန်းလည်း ဖြစ်လေတယ်။

"သဘောင်္ကုမ္ပဏီကို မေးကြည့်ပါလား ခုဟာက သင်္ဘောပေါ်မှာ ဖြစ်သွားခဲ့တာ မဟုတ်လား"

ကျမတို့ သားအမိနှစ်ယောက်လုံး နားမလည်တဲ့ ကိစ္စမို့ ဧဂျင့်က အန်တီကြီးနဲ့ တွေ့မှပဲ မေးတော့မယ် ရယ်လို့ စိတ်ပိုင်းဖြတ်ထား ခဲ့ကြတယ်။ တကယ်လည်း နောက်တရက်မှာ ဧဂျင့်နဲ့ တွေ့ဖို့ အကြောင်းဖန်လာတယ်။

သင်္ဘောက အဖေ့ အလောင်း ပြန်သယ်မလား ဆိုတဲ့ ကြေးနန်းလာတော့ အမေက ကျမကို ဆုံးဖြတ်စေပါတယ်။ ခုတောင် လာသမျှလူတွေ မေးသမျှမေးခွန်းတွေ ဖြေရင်း၊ နှစ်သိမ့်အားပေးစကားတွေ ကြားရင်း တအိအိ ငိုနေတာ။ အဖေ့ အလောင်းမြင်ရင် ပိုဆိုးတော့မှာ၊ ဒါကြီးကိုပဲ တကြည့်ကြည့်နဲ့ တမြေ့မြေ့ ခံစားနေကြဦးတော့မှာ။ ပြန်မသယ်ဖို့ ကျမ ဆုံးဖြတ်လိုက်ပါတယ်။ အဖေ ဟိုမှာ ခေါင်းချဖို့ ဖြစ်ခဲ့တာလေ ဟိုမှာပဲ ငြိမ်းချမ်းစွာ နေပါစေတော့။ အဲဒီအတွက် ဇနီးဖြစ်သူက အလောင်းပြန်မယူဖို့ သဘောတူကြောင်း လက်မှတ်သွားထိုးရင်း မေးစရာ ရှိတာလေးတွေလည်း မေးဖို့ အမေနဲ့ကျမ ဧဂျင့်ရုံးကို သွားခဲ့ကြပါတယ်။

လက်မှတ်ထိုးအပြီးမှာ ကျမ သိချင်တဲ့ မေးခွန်းကို မေးခဲ့ပါတယ်။

"သင်္ဘောပေါ်မှာ ဆုံးသွားတဲ့အတွက် အဖေ့ရဲ့ အသက်အာမခံကြေးကို ကျမတို့ ကျန်ရစ်သူ မိသားစု အနေနဲ့ ခံစားခွင့် ရှိပါသလား အန်တီ"

"သင်္ဘောပေါ်မှာ ဖြစ်တယ် ဆိုပေမဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရပြီး ဆုံးသွားတာမှ မဟုတ်တာ၊ နောက်ပြီး ဆုံးသွားတဲ့ အချိန်က သူ့ဂျူတီချိန်လည်း မဟုတ်ဘူး။ ဂျူတီအော့ဖ်အချိန်ဖြစ်နေတော့ လျော်ကြေးမရနိုင်ပါဘူး"

"ဟုတ်ကဲ့ အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရပြီး ဆုံးသွားတာ မဟုတ်တာကိုတော့ လက်ခံပါတယ် အန်တီ၊ ဒါပေမဲ့ ကျမ နားလည်ထားသလောက်ကတော့ သင်္ဘောသားတယောက်ဟာ သင်္ဘောပေါ် ရောက်တာနဲ့ ၂၄နာရီ အွန်ဂျူတီပဲ မဟုတ်လား၊ အဖေ့ ဂျူတီမဟုတ်တဲ့ အချိန်မှာ ဥပမာ သင်္ဘောမီးလောင်တယ် ဆိုပါတော့ ငါ့ဂျူတီချိန် မဟုတ်ဘူးဆိုပြီး မဆိုင်သလို ဘယ်နေပါ့မလဲ အဖေလည်း ပါဝင် ငြိမ်းသတ်မှာပဲလေ"

"အေးလေ အန်တီ ကုမ္ပဏီကို မေးကြည့်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် အန်တီ"

"အေးကွယ် အန်တီတို့က ကျန်ရစ်သူ မိသားစုနဲ့ ကုမ္ပဏီကြား တတ်နိုင်သလောက် အဆင်ပြေအောင် လုပ်ပေးပါမယ်။ အန်တီတို့ ဒီသင်္ဘောကုမ္ပဏီကမှ သေဆုံးသူကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးသေးတာ၊ တချို့ဆို သင်္ဘောပေါ် လူသေတာနဲ့ ရေထဲပစ်ချခဲ့ပြီး ငါးစာလိပ်စာ အဖြစ်ထားခဲ့တော့တာ"

"အဲဒါမျိုးကတော့ ရက်စက်လွန်းပါတယ် အန်တီ၊ ကျမအဖေကိုများ အဲသလို ရေထဲ ပစ်ချခဲ့ရင် ဘယ်အထိပဲ တက်ရ တက်ရ အဲဒီ သင်္ဘောကုမ္ပဏီကို ကျမ တရားစွဲမိမှာပဲ"

ကျမ မခံစားနိုင်လွန်းလို့ စိတ်က လွတ်ကနဲ ဖြစ်ပြီး နှုတ်ကပါ ပက်ကနဲ ပြန်ပြောမိပါတော့တယ်။ အမေကတော့ ဘာမှ ဝင်မပြောဘဲ မျက်ရည်သာ အသံတိတ် ကျနေခဲ့ပါတယ်။

"လျော်ကြေးကိစ္စ မေးရတာကိုလည်း ငွေမက်လွန်းလို့ လို့ မထင်ပါနဲ့ အန်တီ၊ ရသင့်ရထိုက်တယ် ထင်လို့ ပြောမိတာပါ။ အဖေတို့ လစာထဲက လတိုင်း အသက်အာမခံကြေး ဖြတ်ခံရတာ မဟုတ်လား၊ ခုနေမှာ လျော်ကြေးဒေါ်လာတသန်း နဲ့ ကျမအဖေ အသက် လဲကြကြေးဆို ကျမအဖေ အသက် ပြန်ရှင်ဖို့ကိုပဲ ကျမရွေးမိမှာပါ"

တကယ်ပါ။ လျော်ကြေးကိစ္စ မေးတုန်းက ရသင့်ရထိုက်တယ် ထင်တဲ့ လောဘစိတ်နဲ့ မေးခဲ့မိပေမဲ့ ကျမအဖေ အသက်လောက် ဘယ်ဟာကများ ပိုပြီး တန်ဘိုးရှိပါ့မလဲနော်။

အိမ်ပြန်ရောက်တော့ ခေါင်းရင်းခန်းက အဖေ့ ဓါတ်ပုံလေးကို ကျမ ငေးကြည့်နေခဲ့မိတယ်။ အဲဒီပုံက အဖေ အသက် ၄၅ လောက်မှာ ရိုက်ထားတဲ့ လိုင်စင်ပုံလေးကို အဖေဆုံးပြီ ဆိုတော့မှ ပုံကြီးချဲ့ မှန်ဘောင်သွင်းထားတာ။ ဓါတ်ပုံလေးရဲ့ ရှေ့မှာ ထမင်းပွဲ၊ လဘက်ရည် နဲ့ ဆေးလိပ်တလိပ် ချထားတယ်။ ကိုယ်တိုင်က ဒါမျိုးတွေ လက်မခံပေမဲ့ အမေ စိတ်အနှောင့်အယှက် ဖြစ်မှာ စိုးတာကြောင့် လုပ်ရိုးလုပ်စဉ် ယုံကြည်မှု တခုလို့သာ သဘောပိုက်ပြီး ကျမ ဘာမှ မပြောခဲ့ပါဘူး။

အဲဒီ ရက်တွေမှာ အမေနဲ့ မောင်လေး ညီမလေးတွေရဲ့ မျက်နှာပဲ အရိပ်တကြည့်ကြည့် နေခဲ့ရင်း ကျမကိုယ်တိုင် ရင်ထဲမှာ ဆို့နင့်တင်းကြပ်မှုတွေနဲ့ မျက်ရည်တွေကို ပိတ်နှောင် ထားခဲ့မိပါရဲ့။ ကျမ ငိုခဲ့ရင် အမေနဲ့ ကျန်တဲ့ သူတို့လေးတွေ အားငယ်ကြရှာမယ်။ ဒါကြောင့် ကျမ မငိုဘူးရယ်လို့ တင်းထားခဲ့တယ်။ အမေ့မျက်နှာမှာ ကျမအပေါ် သမီးကြီး ဆိုတဲ့ အားကိုးမှုကို အထင်းသား တွေ့နေခဲ့ရတာကလည်း ကျမကို မျက်ရည်မကျမိစေဖို့ အကြိမ်ကြိမ် သတိပေးသလို ဖြစ်နေခဲ့တာလေ။

နှစ်ပတ် ဆိုတဲ့ အချိန်ဟာ မြန်လွန်းတယ်။ ကျမ အလုပ်ဝင်ဖို့ ပြန်ရတော့မယ်။ အမေ့ကို အားမငယ်ဖို့ အကြောင်း၊ ကျောင်းတက်နေဆဲ အငယ်နှစ်ယောက် တာဝန်နဲ့ အိမ်တာဝန်ကို ကျမ ယူနိုင်တဲ့ အကြောင်းတွေ အထပ်ထပ် ပြောပြီး ကျမ လိုချင်တာလေး ၂ခု အမေ့ဆီက တောင်းခဲ့တယ်။ အဲဒါက ခေါင်းရင်းခန်းထဲက အသုဘရှုထားတဲ့ အဖေ့ဓါတ်ပုံရယ်၊ အပိုင်း၁ တုန်းက တင်ခဲ့တဲ့ သင်္ဘောပေါ်မှာ ရိုက်ထားတဲ့ အဖေ့ပုံရယ်ပါ။


ကျမ အခန်းလေးထဲ ပြန်ရောက်မှ လူတကိုယ်လုံး နှုံးချိနေပြီး အရုပ်ကြိုးပြတ် ဘုန်းဘုန်းလဲမတတ် ခံစားရတော့တယ်။ အရင်ဆုံး အခန်းထဲက နာရီချိတ်ထားတဲ့ သံချိတ်မှာ အဖေ့ပုံ ပြောင်းချိတ်လိုက်တယ်။ အဖေ့ကို မော့ကြည့်ရင်း ကျမ တယောက်ထဲ အသံတိတ် စကားတွေ ပြောနေမိခဲ့တယ်။ အဖေ ကျမကို စိတ်ချ လက်ချ ယုံယုံကြည်ကြည် ထားသွားခဲ့ပြီပေါ့၊ အရင်ကတော့ အဖေပဲ ညည်းဟာ အင်္ဂါသမီးပေမဲ့ ခွေးခြင်္သေ့မ ငပျော့မ လို့ ဆိုခဲ့တာ...။ အဲဒီ ငပျော့မကို အဖေ မိသားစုတာဝန် ပခုံးပြောင်းပေးခဲ့တာ မစောလွန်းဘူးလား အဖေရယ်၊ အဖေ စိတ်ချ လက်ချ သွားပါတော့လေ။ အဖေ့လို မိသားစုအပေါ် တာဝန်ကျေအောင် ကြိုးစားပါ့မယ်။ ကျမ ဒါကိုပဲ ထပ်ခါတလဲလဲ ရေရွတ်နေမိတယ်။ ပြီးတော့ ထိန်းထားခဲ့သမျှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျအောင် တယောက်ထဲ ငိုနေမိခဲ့တယ်။

အဲဒီနေ့က စလို့ အိပ်ရာဝင်တိုင်း အဖေ့ကို အိပ်မက် မက်ပါရစေလို့ ဆုတောင်းပြီးမှ အိပ်ခဲ့တယ်။ ဒါပေမဲ့ နှစ်ပေါက်တဲ့ အထိ ကျမ အဖေ့ကို အိပ်မက် မမက်ခဲ့ဘူး။ ကျမ အိမ်ထောင်ကျပြီးမှ တညမှာ အဖေ့ကို အိပ်မက်ထဲမှာ တွေ့ခဲ့ရတယ်။ အဖေဟာ ၃၅-၄၀ အရွယ်၊ ရှပ်လက်တို ကွမ်းရိုးစင်းလေးနဲ့ သူဝတ်နေကျ မရမ်းစေ့ရောင် ပုဆိုး အကွက်စိပ်လေး ဝတ်လို့ ကျမကို စကားတွေ ပြောနေလိုက်တာများ။ သူပဲ ဘယ်တုန်းကမှ မသေခဲ့ သလိုလို။ စိတ်အလှုပ်အရှား ကြီးလွန်းလို့ တကယ်များလားတောင် ထင်မိတယ်။ ဖျတ်ကနဲ အိပ်မက်က လန့်နိုးမှ အဖေ ငါ့ အိပ်မက်ထဲ တကယ် လာခဲ့တာဆိုပြီး ငိုမိပြန်ပါတယ်။ တဘက်လှည့် အိပ်နေတဲ့ ခင်ပွန်းသည်ရဲ့ ကျောပြင်ကို မျက်နှာအပ်ရင်း ငိုမိလေတော့တာ။ ရုတ်တရက် အိပ်ရာက အနှိုးခံရသူလို နိုးလာတဲ့ ခင်ပွန်းသည်ကို ပြောပြတော့ သူက ဂရုဏာသက်စွာ ကျမ ဆံပင်တွေကို သပ်ပေးရင်း ရေအေးအေး တခွက် တိုက်ခဲ့တယ်။

အဖေ့ကို အိပ်မက် မက်တိုင်း၊ အဖေ့အကြောင်း ပြောမိတိုင်း ဒီနေ့အထိ ကျမ မျက်ရည်ကျရဆဲပါပဲ။

သားသမီးတိုင်းဟာ အဖေတွေကို သူရဲကောင်း တယောက်အဖြစ်၊ စံပြယောင်္ကျားတယောက် အဖြစ် သတ်မှတ်လေ့ ရှိကြတယ်။

ကျမတို့ အတွက်လည်း အဖေဟာ သူရဲကောင်း တယောက် ဖြစ်ခဲ့ပါတယ်။ အဖေ့ဆီက ကျမတို့ ကြိုက်နှစ်သက်စွာ အတုယူရမဲ့ အရာတွေ ရှိခဲ့သလို၊ ကျမတို့ မကြိုက်တဲ့ အကျင့်ဆိုးတွေလည်း ရှိခဲ့တာပါ။ အဖေ ဆိုတာလည်း လူပဲကိုး။ လူရယ်လို့ ဖြစ်လာကြကတည်းက ကောင်းဆိုး ဒွန်တွဲလျက် ရှိနေခဲ့ကြတာ မဟုတ်လား။ အဲဒီ အကောင်းအဆိုးတွေကို ချစ်ခြင်းနဲ့ရော မေတ္တာနဲ့ပါ ကျော်ဖြတ် ကြည့်မြင်တတ်ကြဖို့ပဲ လိုပါတယ်။ ။ ဘာပဲဖြစ်ဖြစ် အဖေတိုင်းဟာ သားသမီးတိုင်းအတွက် သူရဲကောင်းတွေ ဖြစ်ခဲ့ကြ၊ ဖြစ်ကြဆဲ၊ ဖြစ်နေကြဦးမှာပါပဲလေ...





စာကြွင်း:အမေ့ဆီ ဖုန်းဆက်တော့ ကုမ္ပဏီက အသက်အာမခံကြေးရယ်လို့ မဟုတ်ဘဲ ဂရုဏာကြေး ဒေါ်လာ ၅၀၀၀ ပေးသတဲ့။ နောက်တော့ အမေက အဲဒီ ပိုက်ဆံတွေနဲ့ ရပ်ကွက်ထဲက ရဟန်းဘောင် ဝင်ချင်တဲ့ လူကြီး လူငယ်တွေကို မွန်ပြည်နယ် ဘီးလင်းတောင်ပေါ်က ဆရာတော်ကျောင်းမှာ သင်္ကန်းစည်းပေးရင်း အကုန် လှူပစ်ခဲ့ပါတယ်။ အဖေ့အတွက် ရည်စူးပြီး ယတိပြတ် လှူဒါန်းခဲ့ပါသတဲ့။

36 comments:

Anonymous said...

Ma Ma Chit Kyi

I cry after reading this post..

SYN

Ko Paw said...

ကျနော့်အဖေဆုံးတုန်းက မငိုခဲ့ဘူး။ အဖေက ၈၀ ကျော်အထိ နေခဲ့ရတယ်။ လေလည်း ဖြတ်ထားတာဆိုတော့ ဒါမျိုးကြုံတွေ့ရမယ်ဆိုတာ မျှော်လင့်ပြီးသား ဖြစ်နေတာကိုး။

ဒါထက်... မချစ်ကြည်အေးအဖေက တော်တော်ချောတယ်ဗျ။

Sint said...

Sad!

သက်ဝေ said...

မျက်ရည်မကျအောင် ကြိုးစားဖတ်သွားပါတယ်...
ရင်ထဲမှာတော့ အပူမီးတွေနဲ့ လောက်မြိုက်နေပြီး
မျက်ရည်တွေလဲ ရပ်လို့မရအောင် ကျနေတယ်...
ကိုယ်တိုင် မကြုံရသေးပေမယ့် ဘဝမှာ အကြောက်ဆုံးလို့ ခေါ်ရမယ့် အဖြစ်အပျက်တခုပါပဲ...။

စုလတ် said...

စု ရင်မဆိုင်ရဲဆုံးအရာဟာ စုဘဝရဲ့ သူရဲကောင်း၂ယောက်(ပါးနဲ့မား)ကို ဆုံးရှုံးသွားမှာကိုပဲ ချစ်ချစ်ရယ်...

ဇွန်မိုးစက် said...

အစ်မရေ... ခုမှ တပေါင်းတည်း လာဖတ်ဖြစ်တယ်။ အစ်မအဖေ စိတ်ချလက်ချ ထားသွားနိုင်လောက်အောင်ကို အစ်မက အစ်မကြီးပီသခဲ့တယ်ဆိုတာ ဇွန် သိနေတယ်။

ဒါနဲ့ အစ်မက အင်္ဂါသမီးကိုး။း)

rose of sharon said...

သူငယ်ချင်းရေ... မျက်ရည်တွေကျမလာအောင် ကိုယ့်စိတ်ကိုထိန်းရင်း အပြီးအထိ ဖတ်သွားပါတယ်....

Kay said...

အေးအေးဆေးဆေး တွေးတွေးဆဆ ဖတ်သွား တယ်...မ...
ဘ၀ တွေ က.. ဘ၀ တွေနဲ့.. ပေါင်း..ဘ၀ တွေ ဖြစ်တည်.. ဘ၀ တွေ က..ခံစား..နာကျင်..

ချော said...

ညီမမှာ အဖေရော အမေရော ရှိသေးတာ ကံကောင်းတယ်လို့ ပြောရမယ်နော်။
ဒါပေမဲ့လေ အဖေ၊အမေ မရှိတော့ရင်ဆိုတဲ့အတွေးက အတွေးထဲမှာတောင် ပူလောင်မိတယ်.. ညအိပ်ချိန်များ တွေးမိရင် အိပ်ရာကတောင် ထထိုင်မိတယ်.
တစ်နေ့ ကြုံရမယ်ဆိုတာ သိပေမဲ့ မကြုံချင်ဘူး။ အဲဒီနေ့ကို မရောက်ချင်ဘူး။ ဖြစ်နိုင်ရင် မိဘတွေထက် ကိုယ်က အရင် ခွဲခွာသွားချင်မိတယ်.. အစ်မအဖေ ဆုံးတဲ့အချိန် အစ်မရဲ့ခံစားချက်ကို နားလည် ခံစားမိပါတယ်..

blackroze said...

မကြီး..မျက်ရည်တွေနဲ့ဖတ်သွားပါတယ်..
ညီမအဖေဆိုညီမတို့ငယ်ငယ်လေးထဲကထားသွားခဲ့တာပါ..

SHWE ZIN U said...

ညီမ ချစ်ကြည်အေး ရေ

စိတ်မကောင်းစွာနဲ့ ဖတ်သွားရင်း ညီမ ဖေဖေ ပြောတဲ့ စကားလေး သတိရသွားတယ် အင်္ဂါသမီး ခွေးခြင်္သေမ လေ

ချစ်ကြည်အေး က ခြင်္သေ့ အစစ်ပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

TURN-ON-IDEAS said...

အစ်မချစ် ခံစားခဲ့ရတာတွေကို ရင်ဘတ်ကြီးနဲ့အပြည့် ခံစားလိုက်ရတယ်...

အိမ့်တာဝန်ကို လွဲပြောင်း(သို့)ခွဲဝေယူတတ်ကြတဲ့ (တာဝန်ယူတတ်တဲ့) အကြီးဆုံးတွေကို တန်ဖိုးထားတယ်၊ လေးစားတယ်...
(အငယ်ဆုံးပေမဲ့ တကယ်ကို နားလည်ခံစားပေးနိုင်ပါတယ်)

အထူးသဖြင့် မိန်းခလေးဖြစ်တဲ့ အစ်မချစ် အကြီးနေရာက တာဝန်ယူပေးခဲ့တာ လေးစားတယ်ဗျာ...
သိပ်တော့လည်း မလွယ်လှဘူး...
လုပ်ပေးချင်တဲ့ ဆန္ဒကော၊ အရည်အချင်းကော ရှိမှသာ...

Anonymous said...

ကျွန်မ စိတ်ရင်းက တော့ မိဘကကျွန်မထက်အရင် စောစီးစွာ လူ့လောကကို စွန်ခွာသွားတာမျိုးပဲဖြစ်စေချင်တယ်။ ကျွန်မ တို့သားသမီးတွေက အရင်စွန့်ခွာ သွားရင် ကျန်ရစ်ခဲ့တဲ့ ဒုတ်ခ ကို သူတို့ခံစားရမှာစိုးတယ်။ သေသွားတဲ့သူက ဘာမှမသိတော့ပါဘူး။ ကျန်ရစ်ခဲ့တဲ့ ခံစားမှူက သေတာထက်ဆိုးတယ်လို့ထင်တယ်။ ကျွန်မ မိဘကိုချစ်လွန်းလို့ အဲဒီလို ခံစားမှူကို မပေးချင်ရက်ဘူး။ ဒါပေမဲ့ အားလုံး ရွေးချယ်ခွင့်မရှိပါဘူး ကံကြမာ သဘောအတိုင်း သွားကြရတာပါပဲ ။ မြန်မာစာ ရိက်တာ မကျွမ်းကျင်ပါ။ :)

ရွှေရတုမှတ်တမ်း said...

ငါ့နှမရေ...
အကိုကြီးလဲ ၅၀ ကျော်ပြီ..ဒီလိုပါပဲ သေသူကို ရှင်သူက တရင်း..ကိုယ့်အလှည့်ရောက်လာတာပါပဲ...

ကိုကြီးကျောက်

Anonymous said...

အမချစ်ရေ
ဖတ်ရင်းတွေး တွေးရင်းဖတ် ခြင်္သေ့မမအတွက် ဂုဏ်ယူပါတယ်
ခင်မင်တဲ့
seesein

Ingjin said...

အစ်မချစ် ဒီတစ်ခါတော့ ဂျင်းစုတ် တကယ်မျက်ရည်ဝဲပြီးဖတ်သွားတယ်။ ပုံစံသာကွဲမယ် လူတိုင်းတစ်နေ့မှာတော့ ကြံကိုကြုံကြရဦးမှာ။ :(

blackcoffee said...

ဖတ်ပြီးစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီလိုပါပဲ သေတနေ့ မွေးတနေ့ ဆိုတော့ ဘာတတ်နိုင်မှာလဲ။ ကျွန်တော်အစ်မဝမ်းကွဲတစ်ယောက်ဆုံးသွားတုန်းကလဲ ကျွန်တော်တော်တော်ဝမ်းနည်းခဲ့ရတယ်။ဒီလိုပဲတရားနဲ့ ဖြေရတာပေါ့ အစ်မရယ်။

ZZZ said...

မချစ်ကြည်အေးရေ ကျွန်တော် အမရဲ့ အဖေအကြောင်းဖတ်ပြီး တကယ့်ကိုစိတ်မကောင်းပါဖူး ကျွန်တော်အဖေကလည်း လွန်ခဲ့တဲ့ (၇)နှစ်တုန်းက ဆုံးသွားတယ် အဲ့ဒီနေ.က သောကြာနေ. အလုပ်ကပြန်ပြီး အိမ်လည်းရောက်ရော တူမလေးဆီက ဖုံးလာတယ် အဖိုးဆုံးသွားပြီဆိုပြီး ပြောတယ် ၊ အခွန်ကလည်းမဆောင်ရသေး တနင်္ဂနွေနေ.မှာ အသုဘချမယ်ဆိုတော့ ကျွန်တော်အခွန်မဆောင်ပဲ ရန်ကုန်ပြန်မလို. ဒါပေမဲ့ ခွင့်က သိပ်မရ အချိန်မှီရန်ကုန်က ပြန်ထွက်လို.မရင် မိန်းမရဲ့အလုပ်ပျက် ခလေးက ကျောင်းတန်းလန်းနဲ. နောက်ဆုံး ကျွန်တော်လည်း မပြန်ဖြစ်လိုက်ဖူး အမလိုပဲ အဖေကိုမတွေ.လိုက်ရဖူး ၊ အဖေရဲ့ နောက်ဆုံးခရီးကိုလည်း မပို.လိုက်ရဖူး ၊ တစ်ခါတစ်လေ အဖေကိုအိမ်မက်မက်တယ် ၊ထုံးစံအတိုင်းအိမ်မက်ထဲမှာ ငိုရတာပေါ့ဗျာ ၊ စလုံးရောက်ပြီး ၄ နှစ် ရန်ကုန်ကိုမပြန်ဖြစ်ဖူး၊ အမေကမှ အဲ့ဒီ့ (၄)နှစ်အတွင်း စလုံးကိုလာလည်ဖူးတယ် ၊ အဖေကိုဆုံးတဲ့အထိမတွေ.လိုက်ရဖူး ၊ အထူးသဖြင့် နေမကောင်းဖျားနာတဲ့အချိန် ၊ စိတ်အားငယ်နေတဲ့အခါမျိးမှာ အဖေကို အိမ်မက်မက်တယ် သားလေးမွေးလို. ကိုယ်ကိုတိုင်က အဖေဘ၀ကိုရောက်လို. အဖေကိုအရမ်းလွမ်းနေတဲ့အချိန် အဖေဆုံးသွားပြီး မတွေ.လိုက်ရတဲ့ trauma ကတော့ ကျွန်တော့်အတွက် သေရာပါဖြစ်မယ်ထင်ပါတယ်

အမရဲ့ အဖေက ကောင်းရာမွန်ရာဘ၀မှာရှိနေမှာပါ .....

pandora said...

မချစ်ကြည်အေးရေ

ဖတ်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။ အဖေတွေ အမေတွေအားလုံး ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည် နေနိုင်ကြပါစေ။

မြူးမြူး said...

မမရေ.. မမအဖေအကြောင်းဖတ်ပြီး ကျွန်မဖေဖေကို အရမ်းသတိရသွားတယ်.. ဖေဖေကလဲ သင်္ဘောလိုက်တာပဲ.. ကျန်းမာရေးမကောင်းလို့ အသက်၄၀လောက်မှာ နားလိုက်ရတယ်.. အသက်၅၅နှစ်မှာ ဆုံးသွားတယ်လေ.. ကျွန်မလဲ ဖေဖေကို ကိုယ်တိုင်သင်္ဂြုလ်ခွင့် မရခဲ့ဘူး.. စိတ်တိုင်းကျ လုပ်ကျွေးပြုစုခွင့်လဲ မရခဲ့ပါဘူး.. လာမယ့် ၂၈ရက်နေ့ဆို ဖေဖေဆုံးတာ ၂နှစ်ပြည့်ပြီ..

Thu said...

Feel sad Ma Chit Kyi Aye! as one of the natural route and thanks for illustration the combined patterns of human character.
However, I realize most worry thing is parting of son/daughter before the parents.
As an experience of Grandmother Daw Su when she heard bad news of her eldest son U Ba Win and youngest son Bogyoke Aung san at same time. I felt too sad when reading and do much appreciate her stable mood among worst things.

သို့သော် အမေစုမှာ တကယ် အမှန်ဘဲလား ကွယ်…မလိုတဲ့သူတွေက လုပ်ကြံပြောတာလား… ပွဲချင်းပြီးရောလားကွယ့်.. ဟုမေးပြီး မျက်ရည်များ ၀ိုင်းလာရုံမှ အပ အခြားစိတ်ထိခိုက်မှုများကို မပြချေ။ “မှန်ရင်လဲ ဘ၀ကံအကြောင်းပေါ့ ကွယ်…” ဟု တခွန်းမျှပြောကာ တည်ငြိမ်ဆိတ်ငြိမ်စွာ နေပြီးနောက် အတော်ကြာ စကားမပြောဘဲ ရပ်ဆိုင်းနေလေသည်။ နောက်ဆုံးတွင် ကျွန်ုပ်အား သားနှစ်ဦး၏ အလောင်းကို ကြည့်ရန် ရန်ကုန်အထိလိုက်ပို့ရန် ပြောသည်။

(http://remembranceofburma.blogspot.com/2010/08/blog-post_10.html )

P.Ti said...

အဖေတိုင်းဟာ သားသမီးတိုင်းအတွက် သူရဲကောင်းတွေ ဖြစ်ခဲ့ကြ၊ ဖြစ်ကြဆဲ၊ ဖြစ်နေကြဦးမှာပါပဲလေ... ဆိုတာ သိပ်မှန်တယ်အမ။

ကျွန်တော်တို့လည်း ဘယ်အချိန်ကြုံမယ်ဆိုတာ မသိသေးပါဘူး။ တနေ့နေ့တော့ကြုံရမှာပါ... ကြုံတဲ့အချိန် စိတ်တည်တည်ငြိမ်ငြိမ် နောင်တကင်းကင်းနဲ့ ရင်ဆိုင်နိုင်ဖို့ ကြိုးစားပြင်ဆင်ရဦးမှာ...

မိဘတွေ အသက်ရှိချိန် စိတ်ချမ်းသာစေဖို့ရာ သတိပေးသလိုဖြစ်လို့ ဒီစာကို ရေးတဲ့အမကိုလည်း ကျေးဇူးလည်းတင်မိပါတယ်။

မိုးငွေ့...... said...

ညီမလေးလဲ အမချစ်လိုပဲ ဖေဖေဆုံးတုန်းက မျက်ရည်မကျခဲ့ဘူး...။ နှစ်တွေကြာလာတော့ ဖေဖေ့ကို အိပ်မက်မက်တိုင်း ငိုခဲ့ရတာများတယ်...။ လူတိုင်းအတွက် အဖေဟာ သူရဲကောင်းတစ်ယောက်ပါပဲ အဲဒီစကားသိပ်ကိုမှန်ပါတယ်...။ ညီမလေးအဖေဆုံးတုန်းကဆိုရင် အသက် 39ပဲရှိသေးတာ...။

ခင်တဲ့
မိုးငွေ့

Moe Cho Thinn said...

အခုလို ရုတ်တရက် ခွဲခွာသွားတဲ့အခါ သွားရတဲ့သူကတော့ ဘာဆို ဘာမှကို မခံစားလိုက်ရလို့ ကံကောင်းတယ် ပြောရမှာပေါ့။
ကျန်နေခဲ့ရတဲ့သူကတော့ သိသိချင်းမှာလဲ ဖြေမဆည်နိုင်၊ ကြာလေလေ လဲ တမြေ့မြေ့ ခံစားရလေလေပါပဲ မမရယ်..။ မမ ခံစားမှုကို နားလည် ကိုယ်ချင်းစာမိပါတယ်။
ချိုသင်းတို့ မိသားစုထဲမှာလဲ၊ အမေ၊ မောင်လေး၊ အဖေ ၃ယောက်စလုံး ရုတ်တရက် ဖြစ်သွားကြသူချည်းပါပဲ။ ဒါကြောင့် မိသားစုတွေ ထပ်ခွဲခွာရမှာ ကြောက်လွန်းလို့ ..။ တရား မရှိဘူး ဆိုရမှာပါပဲ။ ကိုယ်က အဝေးမှာ နေတဲ့သူဆိုတော့ ရပ်ဝေးက ဖုန်းလာရင်တောင် လန့်နေမိတာပါ။

သဒ္ဓါလှိုင်း said...

အမချစ်
ဖတ်ပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်အောင် ခံစားရပါတယ်..။
ဆက်ရေးလို့မရတော့ဘူးးးးးးးးးး

ချစ်တဲ့
ညီမသဒ္ဓါ

Nyo said...

အလှကိုရှာ
ဘယ်မှာမှမတွေ့။
တစ်နေ့ အချိန်တန်တော့
ဆူညံညံ ငိုသံကြားရတယ်
ရထားရွေ့ရွေ့။

ဒေါင်းနွယ်ဆွေ
(နောက်ဆုံးရထား ကဗျာ)

အလှ တွေ့ကြပါစေ

su su said...

မချစ်...ဖတ်ရတာရင်ထဲဆို့နင့်သွားတာဘဲ...ကျမမိဘ‌တွေလဲ ၆၀ ‌ကျော်
ကြပြီ..နယ်မှာဆို‌တော့‌လေ အမြဲစိတ်ပူ‌နေရတာဘဲရန်ကုန်မှာရှိ‌နေတုန်း
ကလဲလာ‌နေဖို့‌ခေါ်တာမရဘူး..တိုက်ခန်းနဲ့‌နေရတာအသက်ရှုကျပ်တယ်
တဲ့..မနက်မိုးမလင်းခင်ကားသံ‌တွေဆူလွန်းလို့တဲ့..တလ‌လောက်ဆြိုပန်တာဘဲ..ခုနိုင်ငံရပ်ခြားမှာ‌နေရ‌တော့ပြိုပီးစိတ်ပူရပြန်တယ်..
ဖုန်းဆက်တိုင်းပူပူပင်ပင်မှာလွန်းလို့ကျမအ‌ဖေကအဖွားကြီး‌ပေါက်စလို့‌နောက်တယ်...လူတိုင်းတ‌နေ့ဒီလမ်းကိုသွားကြရမယ်ဆိုတာသိ‌ပေမဲ့တရားမရနိုင်‌သေးမရင့်ကျက်နိုင်‌သေး‌တော့လဲ..ဒီလိုဘဲစိုးရိမ်ပူပန်
ဝမ်းနည်းမှု‌တွေနဲ့‌ရှေ့ ဆက်‌လျှောက်ရဦးးမှာ‌ပေါ့‌လေ..။

Rita said...

ဒီ post ကို မဖတ်လိုက်မိရင် ကောင်းမှာလို့ စိတ်ထဲ ဖြစ်မိတယ်။

tinhtoo said...

ဘ ဝ တူ အ ကို ကြီး တ ယောက် အ ကြောင်း စိတ် မ ကောင်း စွာ ဖတ် ရ လို့ ပို ပြီး ခံ စား ရ ပါ တယ် ။ သင်္ဘောသားတယောက် ရဲ့ ဘဝ သင်္ဘောသား ဖြစ် ဘူး မှ ဘဲ နား လည် နိုင် မှာ ပါ ။ အ ငှား ခံ စား လို့ မ ရ ပါ ။ ကျ နော့် သင်္ဘောသား မှတ် ပုံ တင် နံ ပါ တ် CDC no. ၈၇၉၅ ပါ။ လေး စား စွာ ဖြင့် တင် ထူး

အုပ်ကြီး said...

သြော် ..
ဘာပဲဖြစ်ဖြစ် အဖေတိုင်းဟာ သားသမီးတိုင်းအတွက် သူရဲကောင်းတွေ ဖြစ်ခဲ့ကြ၊ ဖြစ်ကြဆဲ၊ ဖြစ်နေကြဦးမှာပါပဲလေ...

Crystal said...

ခံစားချက်ချင်း ကြိုးညှိလို့ရတယ်အစ်မရေ၊ ညီမအဖေဆုံးသွားတုန်းက ညီမအသက်(၁၃)ပဲရှိသေးတယ်။ ဘဝဆိုတာ ဒီလိုပါပဲ... :(

ဂျစ်တူး ( မုံရွာ ) said...

အဖေအကြောင်းရေးနေရင်းနဲ့  သူ့ ချစ်ချစ်ကြီးအကြောင်းကို ဆရာကတော်ကကြော်ငြာဝင်သွား
သေးသဗျာ- ပျော်ရွှင်ပါစေခင်ဗျာ

Vista said...

ဖတ်ပီး ငိုချင်တာနဲ့ မမန့် ဖြစ်ဘူး ဒီနေ့ ထပ်ပြန်လာဖတ်ရင်းမှ မန့် လို့ ရတယ် ..ငိုတာတော့ငိုချင်တုန်းပဲ ။

မြသွေးနီ said...

မချစ်ရေ...
စာနာစိတ်နဲ့ဖတ်ရင်းမျက်ရည်ဝဲမိပါတယ်။ အမေ့ကိုလည်း လွမ်းမိတယ်။
အမေမရှိတော့ အဖေ့ကိုတိုးလို့ ပြုစုနေရတယ်...။ ဘာပဲဖြစ်ဖြစ် မိဘတိုင်းဟာ သားသမီးတိုင်းအတွက် သူရဲကောင်းတွေ၊ မှတ်ကျောက်တွေ၊ စံပြတွေ ဖြစ်ခဲ့ကြ၊ ဖြစ်ကြဆဲ၊ ဖြစ်နေကြဦးမှာပါပဲလေ...။

Anonymous said...

မမရေ ငိုလိုက်ပါပြီ...

လေးစားချစ်ခင်တဲ့
ပန်းချီ

စုချစ် said...

အမချစ်ကြည်.... ဖတ်ပြီး စိတ်မကောင်းလို့ စဖတ်ပြီးခါစက ကော်မန့် ရေးမသွားခဲ့ဘူး။ အခုမှ တခါ လာရေးတာ...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်