Thursday, October 14, 2010

အဖေ-၂

ပြောပြရဦးမယ်...အိမ်ကို ဧည့်သည်လာရင် မောင်နှမတွေ တယောက်ချင်း ဒါက အကြီးမ၊ ဒါက အလတ်မ၊ ဒါက အကြီးကောင်၊ ဒါက နို့ညှာ၊ အထွေးဆုံး၊ အငယ်ကောင် ဆိုပြီး မောင်နှမ ၆ယောက်ကို ဗုံစီသလို ချပြလေ့ရှိတယ်။ အကြီးမက ဖအေတူနော် ဆိုရင်ပဲ ကျမက ကျန်တဲ့မောင်နှမတွေဖက် မျက်နှာလှည့်ပြီး တွေ့လား ဆိုတဲ့ ပုံစံနဲ့ ပြုံးဖြီးဖြီး ညစ်ကျယ်ကျယ် လုပ်ပြတတ်သေးတာ။ နဖူးမှာ မွေးကတည်းက ခြင်္သေ့ရုပ်ပဲ ကပ်ပါလာသလိုလို....။

ကျမ လေးတန်းနှစ်မှာ အဖေက ကဗျာရေးနည်း စ သင်ပေးတယ်။ လေးလုံးစပ်၊ ၄ ၃ ၂ ကာရံယူ စပ်နည်း၊ ရစ်သမ်နဲ့ ချိတ်ပြီး စပ်နည်း အဲဒါလေး သင်ပေးတယ်။ သားအဖနှစ်ယောက် တပိုဒ်စီ ချရေးထားတဲ့ ကဗျာ အပိုင်းအစလေးတွေဟာ သတင်းစာရဲ့ ဘေးအနားသား အဖြူရောင်ပေါ်မှာ အပြည့်ပေါ့။ အဲဒါ ကျမအတွက် စာရေးခြင်း ဝါသနာ ရင်ထဲ ရောက်လာတဲ့ အစပျိုးခြင်းပါပဲ။ တက္ကသိုလ်ရောက်တော့ ကဗျာ အတိုအစလေးတွေ ရေးပြီး ယောင်္ကျားလေး သူငယ်ချင်းတွေကို တပုဒ် ၅ကျပ်နဲ့ ရောင်းစားတယ်။ ဒီကောင်တွေက သူတို့ရည်းစားစာထဲ ထည့်ရေးကြတာ။ အလုပ်ကို ဖြစ်လို့ပဲ...။ ဒါပေမဲ့ ကျမ ငယ်ငယ်က ဖြစ်ချင်ခဲ့တာက လေယာဉ်မယ်၊ အဆိုတော်၊ အင်ဂျင်နီယာ...။ အဲဒါတွေ တခုမှ မဖြစ်ခဲ့ဘူး။

ကျမတို့ ညီအမကို ငယ်ငယ်ကတည်းက အဖေက အက သင်ပေးတယ်။ ဂိုးဂိုး ချားချား ခြေအကွက် ဘယ်လိုရွှေ့ရတယ်ဆိုတာက စပြီး သင်ပေးပါတယ်။ ကျမတို့လက်ကို ကိုင်ဆွဲပြီး သီချင်းသံနဲ့အတူ ခြေရှေ့တိုး နောက်ငင် အကွက်ရွှေ့ ကနေကြတဲ့ သားအဖတွေကို အမေနဲ့ အဖွားကဖြင့် အတော်ကို မျက်စေ့နောက်ခဲ့တာပေါ့။

အဖေက အပြင်စာတွေ ဖတ်တာ မကြိုက်ဘူး။ ကျမ ဖတ်ခဲ့ရတဲ့ စာအုပ်တွေက အဖေ ဝယ်ထားတဲ့ စာအုပ်တွေ၊ အနာဂါမ် ဆရာသက်ကြီးတို့ ၊ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများတို့ အဲသလို စာအုပ်တွေပဲ။ ဖတ်ရင်းနဲ့ စိတ်ဝင်စားလာပြီး အဖေ့ကို မေးတော့မှ တရားမှတ်နည်း သင်ပေးခဲ့တယ်။ ဘာသာရေးနဲ့ ထဲထဲဝင်ဝင် ရင်းနှီးစေခဲ့တဲ့ အဖေ့ကျေးဇူးကို ကျမ ဘယ်လိုမှ မမေ့နိုင်ဘူး။

ပြီးတော့ ည ညဆို မောင်နှမတွေ ဘုရားစင်ရှေ့မှာ ဘုရားရှိခိုး ဝတ်ရွတ်ရတယ်။ ဘုရားရှိခိုး၊ မေတ္တာပို့၊ မေတ္တာသုတ်နဲ့ မင်္ဂလသုတ်တွေ ရွတ်ကြရတယ်။ ပြီးခဲ့တဲ့ အခေါက် ကျမ အိမ်ပြန်တော့ တူ တူမလေးတွေ ညည ဝတ်ရွတ်တာကြည့်ပြီး ပီတိ ဖြစ်ခဲ့ရသေးတယ်။ အဲ...ကျမ ဝင်မရွတ်ခဲ့ပါဘူး။ လူကြီးဖြစ်သွားပြီလေ...:)

ကျမ အပျိုပေါက်အရွယ်မှာ သူငယ်ချင်းရဲ့ ဦးလေး ဆိုတဲ့ လူပျိုကြီးရဲ့ ရည်းစားစာ ပေးခြင်းကို ခံရတယ်။ တရားခံက လူပျိုကြီးရဲ့တူမ ကျမ သူငယ်ချင်းပေါ့။ စာတစောင်ကို မုန့်ဘိုး ၂ကျပ်ရလို့ သူ့ ဦးလေးစာ ယူလာပြီး ကျမကိုပေးသတဲ့ ။ အတော်ချစ်ဖို့ ကောင်းတဲ့ သူငယ်ချင်းပါပဲ။ ကျမက အိမ်ရောက်တော့ အဖေ့ရှေ့ အော် ဖတ်ပြတယ်။ အဖေက အမေ့ကို မေးငေါ့ပြရင်း "မင့်သမီး သူကြိုက်တဲ့ဟာ တွေ့ရင် တို့တောင် သိလိုက်မယ် မထင်ပါဘူးကွာ" ဆိုပြီး တဟားဟား အော်ရယ်တယ်။ အဲဒါ အတော် မှန်တာ။ ကျမ ရည်းစားရတော့ အဖေတို့ လုံးဝ မသိလိုက်ကြဘူး...။

တနေ့ အရွယ်ရောက်လာတဲ့ သမီး အပျို နှစ်ယောက်ကို အဖေက သူ့ရှေ့ ခေါ်တယ်။ သစ်သီးဖျော်ရည် တိုက်တယ်။ အရသာ သေချာ မှတ်ထားဖို့ ပြောသေးတယ်။ ပြီးတော့ ဒရိုင်းဂျင်လေး နဲနဲရောတယ်။ ထပ်တိုက်တယ်။ ဘာကွာလဲ မေးတယ်။ ကျမတို့ ညီအမတွေက တွေးတွေးဆဆနဲ့ သက်တက်တက်လေးတို့ ခါးတားတားလေးတို့ ပြောကြတာပေါ့။ နောက် တခွက် ထပ်တိုက်တယ်။ ဘာတွေ ရောထားမှန်း မသိပါဘူး။ အဲဒီနေ့ညက သားအဖတတွေ ရီဝေဝေနဲ့ ရယ်ရလွန်းလို့ အူမြူးမဆုံးပေါ့။ အဖေ့ ရည်ရွယ်ချက်က သမီးတွေ အရက်ညာအတိုက် မခံရအောင် တဲ့လေ...။

အဖေရဲ့ အကျင့်က အိမ်မှာနေလည်း အအားကို မနေဘူး။ အိမ်ရှေ့က မြက်တွေ ခုတ်မယ်။ ခြံထဲက သရက်ပင်အောက် ခုံတန်းလေးကို သံ ပြန်ရိုက်မယ်။ ဘုရား မျက်နှာတော် ရောင်တော်ဖွင့်မယ်။ အုတ်ရေကန် ဘေးပတ်ပတ်လည်က အမှိုက်တွေ ရှင်းမယ်။ တခုခုတော့ လုပ်နေရမှ အဖေက ကျေနပ်တယ်။

အဖေက ရယ်လည်း ရယ်ရတယ်။ ကျမတို့ ညီအမ မီးဖိုချောင် ဝင်ချက်တဲ့နေ့ဆို ဟင်းထဲပဲ ဆားမပါ သလိုလို။ ပုဇွန် နှုတ်ခမ်းမွှေး စင်အောင် မညှပ်ပဲ ချက်သလိုလို သူ့မှာ ဘာမှန်းမသိ တခုခု လိုနေတော့တာ။ အမေနဲ့ ကျမတို့ ညီအမတတွေ တိုင်ပင်ပြီး ကျမတို့လက်ရာကို "ဒါ အမေချက်တာ" ဆိုရင်ဖြင့် သူ့မှာ ခေါင်းကို မဖော်နိုင်အောင် စားတယ်။ ညနေစာ ထမင်းဝိုင်းတွေဆို သားသမီးတွေ အားလုံးနဲ့ လက်စုံစားရမှ အဖေက ဝမ်းဝသလိုပဲ။ အကြီးမ အိမ်ပြန်ရောက်ပြီလား၊ ဟိုအငယ်ကောင် ရောနဲ့ တယောက်ချင်း မေးတော့တာ။ မိသားစု သံယောဇဉ် အင်မတန်ကြီးရှာတဲ့ အဖေ...။

တနေ့မှာ အဖေနဲ့အမေက အိုမင်းလို့၊ ကျမတို့ မောင်နှမတွေ တလှည့် ပြန်လုပ်ကျွေးကြမယ်။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ အဖေအမေ သက်တမ်းစေ့တဲ့ထိ အတူနေကြဖို့ မျှော်လင့်ခဲ့ကြတာ။ တကယ်ပဲ ရိုးစင်းစွာ တွေးထားမိခဲ့တယ်။ ဒါပေမဲ့ အစိုးမရတဲ့ သေခြင်းတရားက သူ့အလုပ် သူလုပ်တော့တာ။

ကျမ စလုံးမှာ အလုပ်ရပြီး တနှစ်အကြာ ၁၉၉၈ မှာပေါ့။ ကျမတို့ အိမ်နဲ့ မျက်စောင်းထိုး ဖုန်းအိမ်ကို အမေနဲ့ စကားပြောဖို့ ဖုန်းခေါ်ဖြစ်တယ်။ အဲဒီအိမ်မှာ တရုတ်လင်မယား အဖိုးကြီးနဲ့ အဖွားကြီးပဲ နေတယ်။ အဖွားကြီးက ဖုန်းလာကိုင်တယ်။ ကျမက အမေ့ ခေါ်ပေးပါ ဆိုတာကို သူက "ဟဲ့ ကောင်မလေး နင့်အဖေ သေပြီ" လို့ ပြန်ဖြေတယ်။ ကျမ လက်မခံချင်ဘူး အမေ့ခေါ်ပေးပါ ဆိုတာပဲ ထပ်ပြောမိတယ်။ ခဏနေ အမေ ဖုန်းလာဖြေတော့ ငိုသံနဲ့ "သမီး အဖေ ဆုံးပြီ"တဲ့...။ သေချာပြီ....ကျမ အသက် ဝအောင် ရှူသွင်းရင်း အမေ ပြောနေတာတွေ နားထောင်နေခဲ့မိတယ်။




ရေးစရာတွေ ရှိနေသေးလို့ သည်းခံဖတ်ပေးကြပါဦးနော်၊ မမန့်ခဲ့ပါနဲ့ ဖတ်သာ ဖတ်သွားပါ။ နောက်တပိုင်း အပြီး ရေးတင်ပါမယ်ရှင်....:)

11 comments:

Thettant said...

အမ ဖတ်ပြီး စိတ်မကောင်းဘူး။ :(

TURN-ON-IDEAS said...

အစ်မချစ်..
စိတ်မကောင်းစရာနဲ့ အဆုံးသတ်ပေးခဲ့တယ်...
ငိုတောင် ငိုချင်သွားတယ်...
ကျနော်လဲ အဖေမရှိတော့ဘူး...
ဒါကြောင့် သက်ရှိထင်ရှားရှိနေသေးတဲ့ အမေကို အစွမ်းကုန် ဂရုစိုက်နေမိတာ....
အမေကြီးအကြောင်းလည်း အဆင်ပြေရင် ရေးပါအုံး...

မိုးယံ said...

မန့်မှာပဲ။ အစ်မ အဖေကို လေးစားတယ်။ ကဗျာရေးနည်းလေး ပြန်သင်ပေးပါလား။ သမီးတွေကို အရက်လိမ်ပြီး အတိုက်မခံ ရအောင် သင်ခန်းစာပေးတာလေး မိုက်တယ်။ ရှောင်မရတဲ့ လောကဓံ တရားတွေကိုတော့ သည်းခံ (တရားနဲ့ဖြေပါ) အစ်မရယ်။


ငြိမ်းချမ်းပါစေ

ချိုကျ said...

comment...........ဆက်ရန်......နောက်တစ်ပုဒ်အတွက် :) ခွိ

ခင်တဲ့ (ချိုကျ )

ဂျစ်တူး ( မုံရွာ ) said...

မမန်ပါနဲ့ဆိုပေမဲ့  မန်ခဲ့ပါတယ်-
ဆက်ရေးပါနော်-မလေးရှားရောက်နေပေမဲ့ စာကလေးတော့ဖတ်ပါရစေဗျာ-

မောင်မိုး said...

ပထမပိုင်းက မန့်မရခဲ့ဘူး....အခုကျတော့ စိတ်မကောင်းစရာနဲ့ လာတိုးနေတယ်..။ ဖေချစ်သမီး ဒီထက်မက အောင်မြင်ကြီးပွားပါစေဗျာ...။

ကိုချစ်ဖေ said...

မန့်မှာပဲဗျာ နောက်အပိုင်းကိုလဲ စောင့်နေပါတယ်.အဖေအကြောင်းကို သမီးတွေ ရေးတိုင်းပေါ်လွင်တယ်ဗျာ..

Anonymous said...

မမန့်ခဲ့ဖူးဗျား)

နောက်တပိုင်းကိုမျှော်နေမယ် အဲ တစ်ကိုပြေးဖတ်အုံးမယ်ဗျို့

မောင်ဘကြိုင်

အင်ကြင်းသန့် said...

မမန့်နဲ့ဆိုလို့ ဂျင်းက လုံးဝမမန့်ခဲ့တော့ဘူးနော်။ ဂျင်းက အဲလိုပြောစကားနားထောင်တာနော်.....။

blackroze said...

အမ..
အဆုံးသတ်လေးဖတ်ပြီး
အသက်ပြင်းပြင်းရှုသွားတယ်
နောက်တပိုင်းစောင့်နေတယ်မကြီးချစ်

မြသွေးနီ said...

အပိုင်း(၃)ကို အခုပဲသွားမယ်..။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်