Tuesday, October 12, 2010

အဖေ

ကျမ ငယ်ငယ်လေးကတည်းက အဖိုးအဖွားတွေက ညည်း အဖေနဲ့ အမေ ဘယ်သူ့ပိုချစ်လဲ မေးတိုင်း "ဖေကြီးကို ပိုချစ်တယ်" လို့ ဖြေတတ်တယ်။ အဲလိုဖြေတိုင်း အဖွားက စိတ်မထင်ရင် မထင်သလို "မအေ မွေးရတာ အတော် ဝမ်းရည်စပ်တဲ့ ဟာမကလေး" ရယ်လို့ ကျမခေါင်းကို လက်ညှိုးနဲ့ တွန်းထိုး ထိုးရင်း ပြောလေ့ရှိတယ်။ ဒါပေမဲ့ အဖွားကလည်း မေးမြဲ၊ ကျမကလည်း မပြောင်းမလဲ "ဖေကြီးကို ပိုချစ်တယ်" လို့ ဖြေခဲ့မြဲပါပဲ။

အဖေက ၇တန်းထိပဲ အတန်းကျောင်း တက်ခဲ့ပေမဲ့ အင်္ဂလိပ်စာအုပ်တွေကို ဒေါင်းဒေါင်းပြေး ဖတ်နိုင်တယ်။ ပြီးတော့ အဖေတို့ အတန်းတူ သူငယ်ချင်းတွေက လူငယ်ပီပီ စွန့်စားချင်ကြတယ်။ မိဘလက်ငုတ်လက်ရင်း စီးပွားရေးကို သားသမီးက ဆက်ခံ ဆိုတာကြီးကို မနှစ်သက်ခဲ့ကြဘူး။ ဒါနဲ့ပဲ အဲဒီတုန်းက ခေတ်စားဖို့ ဝေးလို့ ဘာမှန်းတောင် မသိကြသေးတဲ့ နိုင်ငံခြား သဘောင်္သား ဆိုတဲ့ အလုပ်ကို အဖေတို့ သူငယ်ချင်း ၃ယောက်သား မိဘတွေ မသိအောင် လျှောက်လွှာ တင်ခဲ့ကြတယ်။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် ရှိခဲ့ရာက အဖေနဲ့ အမေ အိမ်ထောင်ရက်သားကျလို့ ကျမ အခါလည် သမီးအရွယ် ရောက်မှ သင်္ဘောသား အလုပ်ခေါ်စာ ကျခဲ့ပါလေရော။ သူငယ်ချင်း ၃ယောက်ထဲမှာ အဖေတယောက်ပဲ အလုပ်ခေါ်စာ ရခဲ့တာ ဖြစ်ပြန်၊ ဝါသနာကလည်း ရှိရင်းစွဲ ဖြစ်ပြန်ဆိုတော့ ဇနီးနဲ့ သမီးကို မိဘတွေနဲ့ စိတ်ချလက်ချ ထားခဲ့ပြီး နိုင်ငံရပ်ခြား သဘောင်္ကြီးပေါ် လိုက်ပါ အလုပ် လုပ်ခဲ့လေတယ်။

ကျမမှာ အဖေကို မမှတ်မိခင်ကတည်းက ခွဲခဲ့ရတာ။ သင်္ဘော တခေါက်ထွက်သွားရင် တနှစ်ကနေ နှစ်နှစ်အထိ ကြာတတ်ပြီး အိမ်ပြန်ရောက်တဲ့အခါ ၆လလောက်ပဲ မိသားစုနဲ့ အတူနေ၊ ပြီးတော့ သင်္ဘောပေါ် ပြန်တက် ဒီလိုနဲ့ပဲ ကျမရဲ့ ငယ်ဘဝတွေမှာ အဖေနဲ့ အတူနေရချိန် သိတ်နည်းခဲ့တယ်။ ဒါ့ကြောင့်ပဲ ထင်ပါရဲ့...အနားမှာရှိပြီး ဆူတတ်၊ ရိုက်တတ်တဲ့ အမေထက် အဝေးမှာနေပြီး လက်သာတဲ့ အဖေ့ကို ကျမ ပိုခင်တွယ်ခဲ့တယ်။

အဖေပြန်လာတဲ့အခါ အဖေ့ပေါင်ပေါ် တက်ထိုင်ပြီး အဖေ ဖွင့်ပြတဲ့ သေတ္တာကို ကြည့်ရတာကိုက အရသာ။ ကျမတို့ မောင်နှမတွေ အတွက် ချောကလက်၊ ကျမတို့ ညီအမတွေ အတွက် ဂါဝန် လှလှလေးတွေ၊ ကျောင်းသုံးပစ္စည်း ဆန်းဆန်းပြားပြား လေးတွေ အမျိုးစုံအောင် အဖေက ဝယ်လာတတ်တာကိုး...။

ကျမ မွေးနေ့တွေမှာ ကျမတို့နဲ့အတူ အဖေရှိနေစေဖို့ မျှော်လင့်ခဲ့ရတာလည်း အမောပါပဲ။ အဖေက အချက်အပြုတ် ဝါသနာ ပါတယ်။ ကျမမွေးနေ့တွေမှာ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကြေးအိုး၊ ကော်ရည်၊ ဆီချက် နဲ့ ဝက်သားထုတ်ထိုး စသဖြင့် လုပ်ပေးလေ့ရှိတယ်။ လမ်းထဲက သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ကျွေး၊ အိမ်နီးချင်းတွေကိုလည်း ချိုင့်နဲ့ပို့ ဆိုတော့ ကျမဖြင့် မွေးနေ့မှာ အဖေရှိရင် သိတ်ပျော်တာ။ အဖေက ကျမကို အချစ်ဆုံးလို့ အမေက ပြောတာပဲ။ သမီး အကြီးဆုံးဖြစ်တဲ့အပြင် အဖေနဲ့ကျမက ရုပ်ချင်းလည်း ဆင်တယ်ဆိုတော့ ဒါကိုပဲ ကျမက တကြွကြွဖြစ်နေခဲ့တာ။ အဖေတူသမီး ကြီးပွားဦးမယ် ဆိုပြီး မာန်တက်နေခဲ့တယ် ဆိုရမှာပေါ့။


မှတ်မိသမျှတွေထဲမှာ အဖေနဲ့ကျမ လေဟာပြင်ဈေးသွားကြပြီဆို အဖေက ကော်ရည်သောက်၊ ကျမက ဆီချက်စား ပြီးရင် အချိုပွဲအဖြစ် အဖေက ဖာလူဒါ၊ ကျမက ကူးလ်ဖီးစားပြီး ဗိုက်ကားမှ သားအဖနှစ်ယောက် ပြန်ခဲ့ကြတာ။ အဖေနဲ့ အပြင်သွားရင် အစား၊ အမေနဲ့ အပြင်သွားရင် အဝတ် ငယ်ငယ်က အဲသလို မှတ်မိထားခဲ့တယ်။

ကလေးပီပီ ကျောင်းကအပြန် လမ်းမှာ ခဲတံတိုလေးတချောင်း ကောက်ရလို့ ယူလာခဲ့ဖူးတယ်။ အဖေသိတော့ "ချက်ချင်း သွားပြန်ထား ဘယ်နေရာက ကောက်ခဲ့သလဲ ခု ချက်ချင်း သွားထားချေ" လို့ ဆူပြော ပြောခံရတော့ ကျမက အဖေ့သမီးပီပီ ပက်ကနဲ "သမီး မကောက်လည်း သူများတွေ ကောက်မှာပဲဟာ" လို့ အထွန့်တက်သေးတာ။ အဖေ့ ကြောက်လို့သာ သွားပြန်ထားရတယ် စိတ်ထဲ တယ် မကျေနပ်လှဘူးပေါ့။ အရွယ်လေး ရလာမှ ဘာကိုမဆို အလကား လိုချင်စိတ် မရှိရအောင် သင်ပေးခဲ့တဲ့ အဖေ့ စေတနာကို နားလည်မိခဲ့ရတာ။

ငယ်တုန်းကတော့ အဖေက ကိုယ့်ကို အလိုလိုက်တုန်းခဏပဲ အဖေ့ကို ချစ်နေပြီး တခါခါ မုန်းမိပြန်တယ်။ အဖေ နဲ့ အမေ စကားများကြလို့ နောက်တနေ့ အမေ့မျက်နှာမှာ အညိုအမည်းစွဲနေတာ တွေ့ရရင်၊ အမေ့ နှုတ်ခမ်းထောင့်စွန်းလေး ကွဲနေတာတွေ့ရရင် အဖေ့ကို မုန်းတယ်။ "နာလားဟင် မေကြီး" လို့ အမေ့ နှုတ်ခမ်းကို လက်ညှိုးလေးနဲ့ မရွံ့မရဲ တို့ရင်း မေးမိခဲ့တယ်။ အမေ့ကို သနားတဲ့ အဆနဲ့ ထပ်တူ အဖေ့ကို မုန်းမိတယ်။ အဲဒီလို အချိန်တွေဆို ကျမကသာ အဖေ ခေါ်ရင်လည်း မသွား၊ အဖေ ဘာကျွေးကျွေး မစားဘဲ အဖေ့ကို စိတ်ကောက်နေပေမဲ့ နှစ်ရက်လောက် ကြာတဲ့အခါ "အကိုရေ" "ညီမလေးရေ" နဲ့ သူတို့နှစ်ယောက် ပြန်ချစ်သွားကြလေတယ်။

မနက် မနက်ဆို အဖေက နိုးတာနဲ့ ခြင်ထောင်ထဲက မထွက်သေးဘဲ ညီမရေ လို့ အရင် ခေါ်လေ့ရှိတယ်။ အဲဒီခေါ်သံဟာ အမေ့အတွက်တော့ ကြိမ်စကြာပဲ။ အဖေ့နား အပြေးကလေး သွားပြီး အိပ်ရာဘေး စားပွဲပေါ်က မတ်ခွက်ထဲကရေကို အဖေ့ကို တိုက်ရတယ်။ အဖေ အိမ်မှာ ရှိနေချိန်ဆို အဲဒါက အမေ့အတွက် နေ့စဉ် ဝတ္တရားပဲ။ "အဖေ့နှယ် ကိုယ့်ဘာသာ ယူသောက်ပါတော့လား အိပ်ရာဘေးလေးတင် ဟာကို" လို့ အမေ့ကို သနားစိတ်နဲ့ အဖေ့အပေါ် မကျေမနပ် ဖြစ်ခဲ့ဖူးတယ်။ ကျမ မတွေးမိတာက လင်သားအပေါ် ပြုစုခွင့်ရတဲ့ အမေ့ရဲ့ ကျေနပ် ကြည်နူးမှု၊ ပြီးတော့ အမျိုးသားတိုင်းရဲ့ ဇနီးသည်အပေါ် မိခင်လို အားကိုးတွယ်တာမှု၊ ချွဲနွဲ့လိုမှုတွေကိုပါပဲ။

အိမ်မှာ ကျမတို့ မောင်နှမတွေကို ရိုက်ရင် အဖေက ကြိမ်လုံးနဲ့ ရိုက်လေ့ရှိပြီး အမေက တွေ့ရာနဲ့ ကောက်ဆော်တတ်တယ်။ မောင်နှမတွေထဲ ဘယ်သူ အရိုက်ခံရဆုံးလဲ မေးကြည့်...ကျမပဲပေါ့။ အဖွားက ကျမအတွက် ထုံးဆနွင်း အင်ဒုံနဲ့ ထည့်ဖျော်ထားရတဲ့ အထိ ကျမ ငယ်ငယ်က ဆိုးသတဲ့။ အဖေ့ကြိမ်လုံးကိုတော့ ကျမက ဘယ်တော့မှ မကြောက်ဘူး။ အဖေ့ကို မရယ် ရယ်အောင် စ နောက်ပြီး တအိမ်လုံး ပတ်ပြေးတော့တာ။ နောက်ဆုံး အဖေက ရယ်ရယ်မောမောနဲ့ ကြိမ်လုံးကို နံရံမှာ ပြန်ချိတ်ပြီး ပက်လက်ကုလားထိုင်ပေါ် ထိုင်ချမှ ကျမလည်း အပြေးရပ်တော့တာ။

ကျမ အသက် ၂၀ကျော်မှ ကျမတို့မိသားစု အဖွားအိမ်က ခွဲထွက်လို့ ပေ ၄၀X၆၀ ခြံကလေးဝယ်၊ အိမ်ကလေး ဆောက်လို့ အိုးအိမ် သပ်သပ်ခွဲနေကြရတယ်။ အဖေတို့ခေတ်က သင်္ဘောသားဆို အခွန်စာရွက်နဲ့ ကားသွင်းခွင့် ရှိတယ်။ ကားလည်း ခဏခဏ သွင်းခဲ့ဖူးတယ်။ ဒါပေမဲ့ ကျမတို့ မောင်နှမတတွေ တခါမှ ကိုယ်ပိုင်ကားရယ်လို့ မစီးခဲ့ရဘူး။ အဖေ သင်္ဘောသွားတုန်း ယူသုံးထားမျှ အတိုးအရင်းတွေ အဖေ ပြန်လာတာနဲ့ ကားရောင်းပြီး ထိုးဆပ်၊ ကျန်တာလေး ထိုင်စား ဒီလိုပဲ လုံးချာလိုက်နေခဲ့ရတာ။





ရေးရင်းနဲ့ ရှည်သွားလို့ ၂ပိုင်းခွဲလိုက်ရပါတယ်...နောက်နေ့ လာဖတ်ပါဦးနော်...:)

31 comments:

TURN-ON-IDEAS said...

လွမ်းစရာလေးပါလား အစ်မချစ်...
ကျနော်ကတော့ မေကြီးကို ပိုချစ်တယ်...
ဖတ်ကောင်းကောင်းနဲ့ အရှိန်တက်နေတုန်း ရပ်လိုက်ရတာ... အင့် ခနဲပဲ... :P

Anonymous said...

ဖေကြီးကို ပိုချစ်တယ် တူတယ်ဗျာ
မျှော်နေမယ်
ခင်တဲ့
seesein

ကိုကိုမောင်(ပန်းရနံ့) said...

အဖေချစ်သမီး၊ အဖေတူသမီး၊ ကြီးပွါးမှာ သေချာပါတယ်။ ဖတ်လို့ကောင်းတုန်း ရပ်ပစ်ရက်တယ်။ မြန်မြန်တင်နော် အမ။ အမေ့အကြောင်းလေးပါ ထည့်ရေးပေးဦး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အမေချစ်သားလေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

second post မြန်မြန်တင်နော် အမ။ :)

T T Sweet said...

အကြည်ရဲ့ ဘ၀ တစ်စိတ်တစ်ဒေသ ကို ဖတ်သွားပါတယ်။ တို့အရပ်မှာတော့ သင်္ဘောသားအိမ်ဆို သူဌေးအိမ်ပဲ။
ငယ်ငယ်ကတော်တော်ဆိုးပုံရတယ်နော် မထင်ရဘူး။ ဒုတိယပိုင်းမျှော်နေပါတယ်...

မိုးယံ said...

ဟွန် မချစ်ကြည် ။။။။။။။။။။။။ ဖတ်ရင်း တန်းလန်းကြီးကို။ ဟွန့် ဟွန့်

Anonymous said...

အမလဲ အဖေ့သမီး။

အမခင်မင်းဇော်

blackroze said...

စိတ်ချအမ...အဖေနဲ့ပတ်သက်တာရေးလို့ကတော့
ဘယ်နှစ်ပိုင်းဘဲခွဲခွဲ..စောင့်ပြီးတော့ကိုဖတ်မှာ..
လာဖတ်မယ်မကြီးချစ်..

မေငြိမ်း said...

အင်း တူပြန်ပီ။ အမကတော့ အဖေဆုံးတာ ၉နှစ်ကျော်ပြီ။ ဒီနေ့ထိ အဖေ့ကို သတိမရတဲ့ နေ့ တနေ့မှ မရှိသေး။ ခုထိ အဖေ့အကြောင်း အဆုံးထိအောင် မငိုဘဲ မပြောနိုင်သေးးး။ အဖေသာ ရှိရင်ဆိုတာကို ခုထိ တသတုန်း။ ဆက်ရေးနော်.. ဖတ်ဖို့ စောင့်နေမယ်။

ရွှေရတုမှတ်တမ်း said...

ချက်ချင်းဆက် တင်နော်..ဖတ်ရတာ အားမရဘူး

Heartmuseum said...

ကျွန်တော်ကတော့ မိန်းမနဲ့ စကားများရင် လက်ပါတတ်တဲ့ ယောင်္ကျားတွေကို လွှတ်မုန်းပြီး အထင်သေးသဗျ။ အဲ.... ကျွန်တော့် အဖေလဲ အဲဒီ မကောင်းတဲ့ အကျင့် ရှိတယ်ဗျ။:D ဟီးးးး တမလွန် ရောက်သွားတဲ့ အဖေ့ အတင်း တုတ်မိပြီ။ :P

ဂျစ်တူး ( မုံရွာ ) said...

ဟာဗျာ-

Moe Cho Thinn said...

ဆက်ပါဦး အမ။ တကယ်လဲ အမနဲ့ အမ အဖေ ရုပ်ဆင်တယ်။ ချိုသင်းကတော့ အဖေနဲ့ အမေ ကို တမျိုးစီ ချစ်တာပါပဲ။ အမေ့ကိုတော့ ပိုကပ်တာပေါ့လေ။

sonata-cantata said...

ချစ်ကြည်ရေးးးးး
အင်း
အဖေ... အဖေ...
တို့လည်း တခါ ချရေးကြည့်ဖူးတယ်
သုံးကြောင်းထက် ပိုပြီး ဆက်ရေးမရတော့လို့...
အဖေကို ချစ်တယ် ဆိုတဲ့ သမီးတွေကို အားကျပါတယ်

khet myint myint said...

မိသားစုတွေတိုင်းမှာလည်း ဒီလိုမျိုးလေးတွေ ရှိမှာပဲနော် ။ ငယ်ငယ်ကတော့ ကိုယ့်မိသားစုမှာပဲ ကတောက်ကဆတွေ ဖြစ်နေတယ် ထင်မိခဲ့တာ ။ စောင့်ဖတ်နေပါတယ် ၊ ဒီမှာ လာမဖတ်ဖြစ်ရင်တောင် ဂူဂယ်ဖတ်စာကနေ ဖတ်နေတာပါ ။

သဒ္ဓါလှိုင်း said...

အဖေအကြောင်းလေးဖတ်ပြီးလွမ်းရတာပဲနော်..။
မျှော်နေမယ်အမချစ်ရေ...

Anonymous said...

ချစ်ကြည်အေး ရေ

ဖတ်ရတာ မဝလိုက်တာ အမြန်ဆက်ရေးပေးနော်
ချစ်ကြည်အေး အဖေ က အရင် တုန်းက သဘောင်္သား ကိုး စိတ်ဝင်စားစရာ သိပ်ကောင်းတာဘဲ

ကျေးဇူး
ရွှေစင်ဦး

မိုးငွေ့...... said...

အမချစ်နဲ့ ညီမလေးနဲ့တူတယ် အဖေကိုပိုချစ်တယ်ဆိုတာလေ...လွမ်းစရာလေးဗျာ...
အဆက်လေးဖတ်ဖို့စောင့်နေမယ်...

ခင်တဲ့
မိုးငွေ့

:P said...

မချစ်ကြည်က သဘောင်္သားရဲ့ သမီး ... သဘောင်္မြေး....... ဟီး....

Vista said...

ံဒါ့ပုံ စတိုင်ကတော့ အမိုက်စားပါလား
အဖေတူဆိုတော့ချောတာပေါလေ ..

မြသွေးနီ said...

ဟာ......
ဆန့်တငံ့ငံ့ကြီးဖြစ်ရော...။
နောက်တစ်ပိုင်း ညံညံလုပ်ပါဗျို့..။
ဟောခဲ့မည်..အဖေတူ သမီး မုချကြီးပွားမည်..။:)

လင်းဦး(စိတ်ပညာ) said...

အဲ... ဖတ်ကောင်းကောင်းနဲ့ဖတ်နေတာ... နောက်နေ့မှတဲ့..

ဒုတိယပိုင်းမျှော်ပေါ့

ရွှန်းလဲ့ said...

:) ဖတ်လို့ ကောင်းတယ်....

TZA said...

အမက အဖေတူသမီးပဲ..

ညီမလေး said...

အရင်တုန်းကတော့ ပါးကို ပိုချစ်တယ်လို့ ထင်ခဲ့ဘူးတယ် ..အမှန်တော့ ပါးနဲ့မားကို မတူတဲ့ အချစ်နဲ့တမျိုးစီ ချစ်တာပါ..ပါးက သိပ်သဘောကောင်းပြီး သမီးတွေကို သိပ်ချစ်တတ်သလို မားကကျ ကိုယ့်သမီးတွေအတွက် အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိ အပြည့်နဲ့ တိတ်တိတ်လေး ချစ်တယ် ။ အဲ့တော့ သမီးတွေကလည်း ၂ယောက်လုံးကို တမျိုးစီချစ်တာပေါ့း)
ချစ်ချစ်ရဲ့ပိုစ့်ကို ဖတ်ရတော့ ပါးရဲ့ ချစ်သမီးလေးတွေရေ ဆိုတဲ့ အသံကို ကြားယောင်မိတယ် ... ပြီးတော့ ပါးအကြောင်း စာစီကြည့်ချင်တဲ့စိတ်ဖြစ်လာမိတယ် ..

Anonymous said...

ကျမအဖေက သမီးတယောက်တည်းမို့ ကျမကို အားလုံးထက်ပိုချစ်ပေမယ့်
ကျမကတော့ အဖေရောအမေရော အတူတူဘဲ ချစ်တယ် ... အဖေကသားသမီးတွေပေါ် မရိုက်တတ်ဘူး.. အမေကဘဲ ရိုက်တာ ..ဒါပေမယ့် သားသမီးတွေ အားလုံးက ငယ်ငယ်တုန်း မသိတတ်သေးတုန်းကတော့ အမေဘယ်လောက်ရိုက်ရိုက် အမေ့ကိုဘဲ ပိုချစ်ခဲ့တာ .. ဒီကိုထွက်မလာခင်လေးက တို့ အဖေက သမီး ဒူရင်းသီးကြိုက်တတ်မှန်းသိလို့ အပြင်ခေါ်သွားပြီး ဒူးရင်းသီးတွေ တ၀ကြီး ၀ယ်ကျွေးခဲ့တယ် .. ဒီမှာ ဒူးရင်းသီးတွေ မရှိဘုးထင်နေခဲ့တာ ဘယ်ဟုတ်ပါ့မလဲ ၁၂ ရာသီလုံး စားချင်တဲ့အချိန် စားလို့ ရနေပါရော .. မိဘမေတ္တာ နဲ့ ပတ်သက်ရင် ဘယ်အချိန်ဘဲ ဖြစ်ဖြစ် ဘယ်သူဘဲ ရေးရေး ခံစားရတာကြိုက်လို့ ဆက်ရေးပါဦး နော် ...

mie nge

blackcoffee said...

စာမဖတ်ရသေးခင်ဓာတ်ပုံကိုအရင်မြင်ကတည်းကအစ်မချစ်နဲ့ ရုပ်ချင်းဆင်မှန်းကျွန်တော်သိတယ်။အစ်မချစ်နဲ့ တော်တော်တူပါလားလို့ ပေါ့။စာဖတ်လိုက်ရတော့ပိုကျိန်းသေသွားတာပေါ့။အဖေတူသမီးကြီးပွားမှာပါလေ။

စုချစ် said...

အစ်မက အစ်မအဖေနဲ့ ရုပ်ချင်းတူတယ်တော့...
အဲသာကြောင့် ကြီးပွားတာ...
း-)
ဒုတိယပိုင်း.... ဒုတိယပိုင်း...
မျှော်နေပါသည်...
း-)

အင်ကြင်းသန့် said...

အင်....အဲသလိုကြီး တိကနဲဖြတ်ချလိုက်ရသလားလို့....

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်တစားဖတ်နေကာမှ ဆက်ရန်ဆိုဘဲ..........
ကော်မန့်ကိုလဲ ဆက်ရန်ဆိုပြီး ချန်ထားဦးမှး)

ချိုကျ said...

အဖေ ကတော့တစ်ခါမှမရိုက်ဖူးဘူးရယ်။ ဒါပေမယ့် ဆူတဲ့အခါ ရိုက်တာထက် ပိုနာတယ်။ အမေကတော့ တစ်ခါနှစ်ခါ၇ိုက်ဖူးတယ် ။ ဒီလောက်ပါပဲ ။ လိမ္မာတာမဟုတ်ပေမယ့် ဘာလို့အရိုက်မခံရလဲတော့ ကျနော်လည်းမသိဘူးရယ်။ အစ်မချစ်က ဖအေတူသမီးပဲနော်။ ဆက်ရေးဦးလေ မြန်မြန် :)

ခင်တဲ့ (ချိုကျ )

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်