Saturday, October 2, 2010

နှလုံးသား အာဟာရ ပြည့်ဝခဲ့သောနေ့-၂

ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ အလှည့်မှာ ဆရာက စင်ပေါ်ရောက်ရောက်ချင်းပဲ ထူးခြားတယ်ဗျာ မီးစက်သံကြားမနေရတော့ တခုခုလိုနေသလို တမျိုးကြီးပဲလို့ ဆိုပါတယ်။ ဆရာက ခပ်သောသောပြောပေမဲ့ ကျမစိတ်ထဲ ခပ်မောမောလေး ခံစားခဲ့ရပါရဲ့။ ဆရာပြောခဲ့တဲ့ ကြယ်ကလေးများ အကြောင်းကတော့ ကျမရင်ထဲ အထိဆုံးပါပဲ။ ဓူဝံကြယ်၊ သောကြာကြယ်၊ မာသာထရီဇာကြယ်၊ ဗိုလ်ချုပ်အောင်ဆန်းကြယ် စသဖြင့် လောကကို အလင်းပေးခဲ့၊ အလင်းပေးဆဲ ကြယ်တွေ အများကြီး ရှိကြပါတယ်။ ဒါဆိုရင် လောကကို အလင်းပေး အလှဆင်ခဲ့တဲ့ နာမည်မရှိကြတဲ့ ကြယ်ကလေးတွေ ဘယ်လောက်များတောင် ရှိနေလိမ့်မလဲ.... လူမသိ သူမသိလင်းပြီး ကြွေသွားရှာတဲ့ ကြယ်ကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ တဲ့...။ ဟုတ်တယ် ဆရာ...လင်းခဲ့၊ လင်းဆဲ၊ လင်းဦးမဲ့ ကြယ်ကလေးတွေ ကျမတို့ ဆရာတို့ ဝန်းကျင်မှာ...အများကြီးမှ အများကြီးပါပဲ ဆရာရေ။


ဆရာဟောပြောမဲ့ အကြောင်းအရာက သုတစာပေနဲ့ ရသစာပေ ဆိုတဲ့ခေါင်းစဉ်ပါ။ သုတကတော့ ဦးနှောက်ထဲ တိုက်ရိုက်သွားပြီး ရသကျတော့ ရင်ဘတ်ထဲ အရင်ရောက်ပြီးမှ ခေါင်းထဲသွားတဲ့ စာပေအမျိုးအစား ဖြစ်တယ်လို့ ဆရာက ဆိုတယ်။

ဆရာဟောခဲ့တဲ့ ရသစာပေတပုဒ် အကြောင်း ပြောပြချင်ပါတယ်။ လူနှစ်ယောက်ဟာ နွားမကြီးတကောင်ကို နေမဝင်မီ သတ်ဖို့အတွက် နွားသတ်ကုန်းရှိရာ ဆွဲခေါ်လာကြပါတယ်။ အဲဒီနွားမကြီးရဲ့ မလှမ်းမကမ်းမှာ နွားငယ်ကလေးလည်း ဆော့ရင်းလိုက်ပါလို့ပေါ့...။ ဒီလိုနဲ့ လာလိုက်ကြတာ နွားသတ်ကုန်းရောက်ဖို့ လယ်တကွက်စာ အကွာအဝေးအလိုလည်း ရောက်ရော နွားမကြီးဟာ အန္တာရာယ်ကို ရိပ်မိသွားတော့တယ်။ လယ်ကွင်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေထဲမှာ မျိုးနွယ်တူတွေရဲ့ သွေးညှီနံ့ကို သူ ရခဲ့ပြီ။ သေဘေးနဲ့တွေ့တော့မယ်လို့ သိတဲ့ နွားမကြီးဟာ ရှေ့ကို တလှမ်းမှ ဆက်မသွားဘဲ ပေကပ် ရပ်နေတော့တယ်။

ဘယ်လောက်ပဲ နားဖားကြိုးကို ဆွဲဆွဲ သူဟာ ရှေ့ကို နဲနဲမှ မတိုးတော့ဘူး။ ဒါနဲ့ နားဖားကြိုးကို အရှေ့ကို ပြန်လှန်ပြီး ဆွဲလေတော့တယ်။ ဘယ်လောက်များ နာလိုက်မလဲနော်။ နွားမကြီးရဲ့ အဖြစ်ကို နားမလည်တဲ့ နွားကလေးကတော့ ပြေးဆော့ကစား မပျက်ဘူးပေါ့။ တဖြေးဖြေးနဲ့ နေဝင်ခါလည်း နီးပြီ ဆိုတော့ လူနှစ်ယောက်ဟာ အချိန်ကို မဆိုင်းချင်တော့ နားဖားကြိုးကိုသာ ရှေ့ကနေ တအား လှန်ပြီး ဆွဲကြတော့တယ်။ နှာနုကို လှန်ချိုးသလိုဆိုတော့ နာလွန်းလှပေမဲ့ သေရမှာကို ကြောက်တဲ့ နွားမဟာ ခြေစုံကန် ရပ်မြဲပဲပေါ့။ နောက်ဆုံးတော့ ရှေ့က နှစ်ယောက်အားနဲ့ ဆွဲတာ ဖြစ်လေတော့ နွားမကြီးရဲ့ နှာခေါင်းအုံကြီး တခုလုံး နားဖားကြိုးနဲ့အတူ ပြုတ်ထွက်ပါသွားတော့တယ်။ နွားမကြီးဟာ မနာနိုင်ဘူး လွတ်ပြီ ဆိုတဲ့ အသိနဲ့ တခါတည်း နောက်ကြောင်း ပြန်လှည့်ပြေးလေတော့တယ်။ နားဖားကြိုးလည်း မရှိတော့တဲ့အခါ နွားမကြီးကို အဖမ်းခက်ပေမဲ့ နွားငယ်ကလေးကိုတော့ အလွယ်တကူ ဖမ်းယူသွားကြလေရဲ့။

အတန်ငယ်ဝေးမှ သားကလေး နောက်မှာ ပါမလာခဲ့တာ သိသွားတဲ့ နွားမကြီးဟာ နောက်ကို ပြန်လှည့်ပြီး သားပျောက်ကို ရှာလေတယ်။ ဝေးဝေးရှာမနေရပါဘူး မိခင် နွားမကြီးပျောက်လို့ တဘဲဘဲ အော်နေတဲ့ သားကလေးရဲ့ အသံဟာ နွားသတ်ကုန်းဆီက ဆိုတာ သိရှိသွားတော့တယ်။ ဒါနဲ့ပဲ နွားမကြီးဟာ သားဇောနဲ့ နွားသတ်ကုန်းရှိရာ သားကလေးအနား အရောက်မှာ နွားသတ်သမားတွေက လွယ်လင့်တကူ ဖမ်းယူလိုက်နိုင်ခဲ့တယ်။ အဆုံးသတ်စာကြောင်းက နေမင်းကြီးသည်ကား ငုပ်လျိုးပျောက်ကွယ် သွားခဲ့ချေပြီ....ရယ်လို့ ဆုံးထားသတဲ့။ ထိထိခိုက်ခိုက် ခံစားခဲ့ရပါတယ်။ သိတ်လှတဲ့ မိဘမေတ္တာဖွဲ့လေးပါ ဆရာ။

ဆရာပြောခဲ့တဲ့ သတ္တိအကြောင်းကတော့ လိုအပ်တဲ့အချိန်မှာ အများအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်ကျိုးစွန့်ရဲသူကိုသာ တကယ် သတ္တိရှိတဲ့သူလို့ ခေါ်ဆိုနိုင်ပြီး အကျိုးမဲ့ မိုက်ရူးရဲတာမျိုးဟာ သတ္တိမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

နောက် အကြောင်းအရာ တခုကတော့ တောင်ဆိတ်တွေ အကြောင်းပါ။ အကျဉ်းချုပ်လေး ပြောပြချင်ပါသေးတယ်။

တောင်ဆိတ်ဖမ်းသူ လူစုဟာ တောင်ဆိတ်အုပ် တအုပ်ကို တောင်တတောင်ပေါ် မောင်းနှင် တက်ရောက်စေခဲ့ပါတယ်။ ပြီးမှ ပြေးစရာလမ်းမရှိတော့တဲ့ တောင်ဆိတ်တွေကို တက်ဖမ်းကြဖို့ပါ။ တောင်ထိပ်ပေါ်မှာ ပြေးလမ်းပိတ်မိနေတဲ့ တောင်ဆိတ်တွေထဲမှာ ခေါင်းဆောင်ဖြစ်လေဟန်ရှိတဲ့ ခပ်ကြီးကြီး တောင်ဆိတ်တကောင်ဟာ တဖက်မှာ ရှိတဲ့ တောင်ထွတ်ကို လှမ်းမျှော်ကြည့်လိုက်ပါတယ်။ တောင်ထိပ်ချင်း အကွာအဝေးဟာ ၁၀မီတာလောက်ရှိတာမို့ တောင်ဆိတ်တကောင် ခုန်နိုင်တဲ့ အဝေးဆုံး အကွာအဝေး ၆မီတာကို များစွာ ကျော်လွန်နေပြန်ပါတယ်။

တောင်၂ခုအကြား အောက်ခြေမှာ ချောင်းငယ်တခု ရှိနေပါတယ်။ တောင်ဆိတ်ထဲက အကြီးအကဲဟာ တောင်ဆိတ်တွေကို တစုံတခုပြောလေဟန် တွေ့လိုက်ကြရတာမို့ တောင်ဆိတ်ဖမ်းသူတွေဟာ ဘာများပါလိမ့်ရယ်လို့ စိတ်ဝင်တစား စောင့်ကြည့်နေမိကြလေရဲ့။ ခဏအကြာမှာ တောင်ဆိတ်တွေဟာ အုပ်စုနှစ်စု ကွဲသွားသတဲ့။ တစုက တောင်ဆိတ်အိုကြီးတွေဖြစ်ပြီး ကျန်တစုက မျိုးဆက်သစ် တောင်ဆိတ်ငယ်တွေ ဖြစ်တာကို တွေ့ကြရတယ်။

စောင့်ကြည့်နေကြတုန်းမှာပဲ မျိုးဆက်ဟောင်း တောင်ဆိတ်အိုကြီး တကောင်ဟာ တခြားတောင်ထွတ်ကို လှမ်းအခုန်၊ စက္ကန့်မခြားပဲ မျိုးဆက်သစ် အုပ်စုက တောင်ဆိတ်တကောင်ဟာ ရှေ့က ခုန်သွားတဲ့ တောင်ဆိတ်အိုကြီးရဲ့ ကျောပေါ်ကတဆင့် တခြားတောင်ထိပ်ပေါ်အရောက် ခုန်ကူးသွားတာကို အံ့ဩစွာ တွေ့လိုက်ကြရသတဲ့။ တောင်ဆိတ်ငယ်လေးလည်း တဖက် တောင်ထိပ်ပေါ် အရောက်၊ တောင်ဆိတ်အိုကြီးလည်း ရေထဲအကျပေါ့။ အဲသလိုပဲ မျိုးဆက်ဟောင်း တောင်ဆိတ်အိုကြီး တကောင်နဲ့ မျိုးဆက်သစ် တောင်ဆိတ်ငယ်တကောင် တစုံစီ တစုံစီ ရှေ့ကအတိုင်း ခုန်သွားလိုက်ကြတာ၊ နောက်ဆုံးမှာ မျိုးဆက်သစ်တောင်ဆိတ်ငယ်တွေ အားလုံး တခြား တောင်ထိပ်ပေါ်အရောက် လွတ်မြောက်သွားကြပြီး၊ မျိုးဆက်ဟောင်း တောင်ဆိတ်အိုကြီးတွေလည်း ချောင်းထဲကျလို့ရယ်....။ မျိုးဆက်သစ်တွေ တာဝန် လက်ဆင့်ကမ်း ယူနိုင်ဖို့ မျိုးဆက်ဟောင်းတွေ အစတေး ခံခဲ့တာလေ။ နားထောင်နေရင်း ကြက်သီးတောင် ထမိပါရဲ့။


ဆရာ ရေးစပ်ခဲ့တဲ့ အချစ်ကဗျာတွေ အများကြီးရှိတဲ့ထဲက ရတနာတို့၊ နွယ်တို့ ပါတဲ့ ကဗျာလေးတွေဆို အတော် အောင်မြင်ခဲ့တာ။ နွယ်တို့ ရတနာတို့ ဆိုတာက ကျနော့်ကို အချစ်ကဗျာတွေ ရေးဖြစ်အောင် ခံစားမှုတွေ မွေးဖွားပေးခဲ့သူတွေဗျာ ခု ကျနော်ယူထားတဲ့ မိန်းမနာမည်ကျတော့ တင်တင်အေးတဲ့ဗျ ဆိုလေတော့ ကျမတို့မှာ ရယ်မောကြရသေးတယ်။
ဆရာရွတ်ခဲ့တဲ့ ကဗျာတွေ...ကျမ အမှတ်မမှားဘူး ဆိုရင် ၄ပုဒ်ထင်ပါရဲ့။ ဆရာရဲ့ ဌာန်နဲ့ မာန်နဲ့ ရင်ထဲကလာတဲ့ အသံနဲ့ ရွတ်ပြသွားခဲ့တာ ရင်ထဲ စိမ့်နေအောင် စီးဆင်းသွားသလိုပါ။

ကျမ အကြိုက်ဆုံး ကဗျာလေးပါ.... "ငှက်တို့၏တေး" တဲ့...

မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...

တစ်နေ့ နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
ငှက်ဆိုတာကတော့ ပျံရင်းသေ...

ကဆုန်စိုင်းသလိုပ
မုန်းတိုင်းက ရှေ့မှာမွှေ
တောမီးတွေက ရှေ့မှာဝိုင်း...

ခြင်္သေ့က မြက်မစား
ကျားက ကြွက်မချောင်း
ဖွတ်တွေက မိကျောင်းလို မနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်းပါလို့
ပျံရင်းသေ ခရီးဆက်မယ် တဲ့
အဲဒါ...
အဲဒါ....
ငှက်တို့ရဲ့ သမိုင်း........

ဆရာ ကဗျာရွတ်ခဲ့တာလေးကို ဂျစ်တူးရဲ့ ဘလော့ဂ်မှာ ဗီဒီယိုဖိုင် တင်ပေးထားပါတယ်...
ဒီလင့်ခ်နဲ့
ဒီလင့်ခ်တွေမှာပါ။

သောကခြေရာ ကဗျာစာအုပ် မရတော့တာနဲ့ အမှတ်တရ ဒီ ၂အုပ်ပဲ ဝယ်လာခဲ့ပါတယ်...




22 comments:

ဇွန်မိုးစက် said...

အစ်မရေ... ဆရာပြောသွားတာလေးကို ပထမတစ်ခေါက်နားထောင်ခဲ့ပြီး၊ ခုအစ်မရေးတော့ နောက်တစ်ခေါက် ပြန်ဖတ်သွားတယ်။ ရင်ထဲမှာ ထိထိခိုက်ခိုက် နက်နက်နဲနဲပါပဲ။ ကဗျာလေးပြန်တင်ပေးလို့ ကျေးဇူးပါ အစ်မ။

မိုးယံ said...

ငှက်တို့ သမိုင်းကို ရင်ဘတ်နဲ့ဖတ်

မချစ်ကြည်အား ကျေးဇူး အထူးတင်

မောင်မျိုး said...

ငှက်တို့ရဲ့ သမိုင်းကိုဖတ်ပြီးတော့ ကိုယ်လည်း အသိုက်ထဲကငှက်တစ်ကောင်ဖြစ်သွားတယ် ။

Anonymous said...

အစ်မချစ်ကြည်အေး..
comment မရေးဖူးပေမယ့် တစ်ခုလောက် ပြောပြပါရစေ။
နွားမကြီးနဲ့ နွားသားလေးဇာတ်လမ်းမှာ ဆရာက - အနောက်ဘက်ကို မျှော်ကြည့်လိုက်တော့ နေလုံးဟာ ဝင်သွားခဲ့ပါပြီ - လို့ ပြောသွားတာပါ..
စာပေဟောပြောပွဲ အတွေ့အကြုံတွေ အမှတ်တရအနေနဲ့ ပြန်ဝေမျှတာ ကျေးဇူးတင်ပါတယ်။

ရွှန်းမီ

ကိုအောင်(ပျူနိုင်ငံ) said...

အတွေ့အကြုံတွေ မျှဝေပေးတာ ကျေးဇူးပါ အမ။

ကိုကိုမောင်(ပန်းရနံ့) said...

နှလုံးသား အာဟာရပြည့်ဝတဲနေ့ ဖြစ်သင့်ပါတယ်။ ဒီလောက် ရသပြည့်ဝတဲ့ မေတ္တာဘွဲ့တွေကို သိရှိခွင့်ရလိုက်လို့။ အမက တင်ပြရေးသားတာကောင်း ဆရာကလဲ အဟောကောင်း အပြောကောင်းဆိုတော့ စာဖတ်သူ နားထောင်သူတွေအတွက် တကယ်ကို ရသအပြည့်အ၀ ရရှိစေပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြန်လည်မျှဝေပေးတဲ့သူတွေကို ကျေးဇူးအထူးပါ
ယူကျူကနေလည်း ရှာဖွေ နားထောင်ပါဦးမယ်
စိတ်ခွန်အားပေးတဲ့ စာပေဟောပြောပွဲက အကြောင်းအရာလေးတွေကတော့
နှလုံးသားကို အဟာရ တစ်ခွက် တိုက်ကျွေးသလို နေမှာပါဘဲနော်..

Anonymous said...

ကျွန်တော်လည်း စားသုံးသွားတယ်အစ်မရေ.....

မောင်ဘကြိုင်

ချစ်ကြည်အေး said...

ညီမ ရွှန်းမီရေ ကျေးဇူးတင်ပါတယ်၊ အမက စကားလုံးအတိအကျတွေကို မမှတ်မိဘူး ညီမလေး၊ အကြောင်းအရာရဲ့ အာဘော်ကိုသာ ခြုံငုံ ဖော်ပြခြင်းဖြစ်ပါတယ် ညီမရေ.... :)

ညီမလေး said...

ရှဲ့ရှဲ့ ချစ်ချစ်း)

Shinlay said...

မျှဝေပေးတာကျေးဇူးတင်ပါတယ်။

rose of sharon said...

ကျေးဇူးသူငယ်ချင်းရေ... မသွားလိုက်ရပေမဲ့ ကြားလိုက်ရသလိုဖြစ်အောင် ပြန်ဝေငှပေးလို့ :)

Ingjin said...

ဒုတိယမ္ပိပြန်နားထောင်လိုက်ရသလိုပါပဲ။ အခုလို အမှတ်တရ ပိုစ့်လေးအဖြစ်ရေးထားလိုက်တော့ ဘယ်အချိန်မဆို ပြန်ဖတ်ဖို့ အခွင့်အရေးရသွားတယ်။ ကျေးဇူးပဲ မမချစ်ချစ်....း)

Anonymous said...

အမချစ်ကို ဒါတွေ အားကိုးနေရတာ
စာပေဟောပြောပွဲနားမထောင်ရတာ ကြာပေါ့
အခုတော့ စာတွေဖတ်သွားပြီ
ကျေးဇူးတင်ပြီးရင်း တင်ရင်းပေါ

ခင်မင်တဲ့
seesein

blackroze said...

ကျေးဇူးအများကြီးတင်ပါတယ်..မကြီးချစ်ရေ..
ညီမလဲဆရာမောင်စိန်ဝင်းရဲ့ကဗျာတွေဆိုအရမ်းကြိုက်တယ်..

ဂျစ်တူး ( မုံရွာ ) said...

ဆရာကတော် - - !
ဘာဖြစ်လို့အလှူကိုမလာတာလဲဟင်-
ဂျစ်တူးကိုတွေ့ ချင်တယ်ဆို-ညီမလေးပြောတယ်။
သူသေသေခြာခြာဖိတ်ခဲ့တယ်တဲ့
လာမယ်လို့လည်းပြောပါတယ်တဲ့ 
ဓါတ်ပုံတွေပေးရအုံးမယ်လို့လည်းပြောပါတယ်။
အလှူရက်နဲ့ မို့ နဲနဲအလုပ်များနေလို့ပါနော်-သူပို့ပါလိမ့်မယ်-

ကိုချစ်ဖေ said...

မချစ်ကြည်ရေ ကျေးဇူးပါပဲဗျာ

မြသွေးနီ said...

မချစ်ရေ...
ပြန်လည်မျှဝေပေးတာကျေးဇူးတင်လိုက်တာ။
စာပေဟောပြောပွဲငတ်နေတာကြပီလေ..။
တောင်ဆိတ်အကြောင်းက တဆင့်ကြားရတာတောင် ကြက်သီးထမိတယ်။
ဆရာ့ရဲ့ "ငှက်တို့၏တေး" ကဗျာက မြသွေးအလွန်နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ပါ။

မေငြိမ်း said...

ဖတ်ရတာ.. အလွမ်းပြေလိုက်တာ.. ဆရာ မောင်စိန်ဝင်းပုံ အမှတ်တရ ကူးယူထားချင်ပါတယ်။ ရမလားဟင်..။ အစ်ကိုနဲ့ မတွေ့ရတာ ကြာလို့ပါ..။

Talkii said...

ပြန် share ပေးတာ ကျေးဇူးပါဗျ။

Anonymous said...

ဝါကျလေးရိုးလွန်းလို့ မှတ်မိနေတာကို ပြောပြတာပါ။
စိတ်မရှိပါနဲ့ အစ်မချစ်ကြည်အေး။

ရွှန်းမီ

သဒ္ဓါလှိုင်း said...

နှလုံးသားအာဟာရ ပြည့်ဝသွားပါတယ်အမချစ်..။
အမချစ်စာအုပ်နှစ်အုပ်ကိုတော့ မျက်နှာဖုံးလေးပဲ ကြည့်သွားခဲ့ရတာပေါ့နော်.။

ချစ်တဲ့
သဒ္ဓါ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်