Tuesday, September 28, 2010

နှလုံးသား အာဟာရ ပြည့်ဝခဲ့သောနေ့

သတင်းကြားသိပြီးကတည်းက လနှင့်ချီ၍ မျှော်လင့်ခဲ့ရသော စင်္ကာပူနိုင်ငံ ဒုတိယအကြိမ် စာပေဟောပြောပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။ တနင်္ဂနွေနေ့အစား စနေညလုံးပေါက် နားထောင်ရသော် ကောင်းပေစွဟု တွေးမိရ၏။ ခုံနံပါတ်များ မပါဘဲ ဦးရာလူ စံနစ်ကြောင့် နေရာကောင်းရရန် နေ့လည် ၂နာရီ စမည့်ပွဲကို တနာရီမထိုးမီကပင် ရောက်နှင့် တန်းစီခဲ့ရသည်။ တကယ်တမ်း ခန်းမဖွင့်၍ အထဲဝင်ကြသော် အတူတန်းစီထားသော ဘလော့ဂ်ဂါ မောင်နှမများအားလုံး တနေရာစီဖြစ်လျက် တကွဲစီသာ ထိုင်ကြရတော့သည်။

နိမိတ်ကြီး ၃ပါးဟု ဆရာပြောသော နောက်ခံကယ်ရီကေးချား


ကျမ ရသောနေရာမှာ ဘယ်အစွန်တန်းမို့ ဝင်လာသမျှသော သူတို့အား ပြက်ပြက်ထင်ထင် မြင်ရလေ၏။ သို့သော် ဘလော့ဂ်ဂါများ နဖူး၌ စာမရေးထားရကား ဘယ်သူတွေ ဘယ်ဝါတွေမှန်း မသိပါချေ။ လူကသာ ထိုင်နေသည် မျက်စိကဖြင့် ကျီးကန်းနှင့် တောင်းမှောက် စပ်ကျထားသလို လည်ပင်း ဆုံလည်တပ်၍ လိုက်ကြည့်မိပါလေတော့သည်။ လည်ပင်းညောင်းရကောင်းမှန်း မသိအောင် အပျော်လွန်နေသည်ကိုး...။

၂နာရီခွဲခန့်မှာ ပွဲစပါသည်။ ပထမဦးဆုံး ဟောပြောမည့်သူ ဆရာလယ်တွင်းသား စောချစ် တက်လာသော် လှေကားပေါ်အတက်မှာပင် ဆရာ ကျန်းမာရေး ကောင်းပုံမရဟု ထင်သည်။ ဆရာကိုယ်တိုင်ကလည်း အရင်က ပွဲတပွဲတွင် လေကုန်သွား၍ ဆက်မဟောနိုင်ဖြစ်ဖူးကြောင်း ပြောလေရာ ဆရာ လေဆက်မပြတ်ဘဲ ပြီးသည်ဟု ဆက်ဟောနိုင်ပါစေကြောင်း အသာကြိတ် ဆုတောင်းမိရသည်။

ဆရာ တရုတ်ပြည်ရောက်ခိုက် တာဝန်ရှိသူမှ လူစုပေး၍ စာပေဟောပြောခဲ့ကြောင်း၊ ၁၄ယောက် တိတိ နားထောင်သူ တရုတ်လူမျိုးများကို အလွတ်မပေးဘဲ ဟောခဲ့ကြောင်း၊ ဟောပုံမှာ ဆရာက မြန်မာလိုဟော၍ တယောက်က အင်္ဂလိပ်လို ပြန်ပေးသည်။ ထိုအင်္ဂလိပ်ဘာသာမှ နောက်တယောက်က တရုတ်လို ဘာသာပြန်ပေးခြင်းဖြစ်ရာ ဆရာပြောသော ဟာသကို နောက် ၇မိနစ်ခန့်ကြာမှ ရယ်သံကြားရသည် ဟူ၏။ ဘယ်လောက် အူကြောင်ကြောင် နိုင်လိမ့်မလဲ တွေးကြည့်ကြပါကုန်။

ယခုမူ ဆရာကပြောလိုက်၊ ထောင်ကျော်သော ပရိတ်သတ်က တအုံးအုံးရယ်လိုက်ကြဖြစ်ရာ ဆရာမှ လွန်စွာ ဝမ်းသာအားရ ပီတိဖြစ်ရသည် ဆို၏။ ဆရာဟောပြောသည့် အကြောင်းမှာ ဘဝမှ စာ၊ စာမှ ဘဝ ဟူ၍ ဖြစ်သည်။ ဘဝထဲတွင် တော်သော၊ ဖြတ်ထိုးဉာဏ်ကောင်းသော လက်ဖက်ရည်ဆိုင်မှ စားပွဲထိုး ကလေးများဆီမှ ကြားသိရခြင်းများ၊ လှတောသား စကားကြွယ်ပုံများအကြောင်း...စသည်တို့ကို စာအုပ်အဖြစ် ဖန်တီးခဲ့ဖူးကြောင်း၊ ဤသည်မှာ ဆရာပြောချင်သော ဘဝထဲက စာများပင် ဖြစ်သည်။

တောဗိသိက်နဲ့ မြို့ဗိသိက်ဆရာ နှစ်ယောက် ဗိသိက်ပြိုင်ကြရာမှာ ကိုယ်တတ်စွမ်းတဲ့ ပညာလေးတွေ အသီးသီး ထုတ်ပြကြရင်း နောက်ဆုံးတွင် တဦးနဲ့ တဦး အပြန်အလှန် ရိုသေလေးစားသွားကြပုံ၊ အပြိုင်အဆိုင်ရယ်လို့ သဘောမထားဘဲ တယောက် အရည်အချင်းကို အခြားတယောက်က အသိအမှတ် ပြုလိုက်ကြပုံတွေနဲ့ အဆုံးသတ်သွားလေသည်။ ဤသည်ကို သိမြင်လိုက်သော ဗိသိက် ဆိုင်းဆရာမှ လွန်စွာ နှစ်သက်သဘောကျလျက် ပညာကြွယ်ရုံသာမက စိတ်အလှနှင့်ပါ ပြည့်စုံသော ဗိသိက်ဆရာနှစ်ယောက် အကြောင်းအား စာစီ၍ သဘင်မဂ္ဂဇင်း ပို့လေသည်။ ဆရာလယ်တွင်းသား ဖတ်မိပြီး များစွာ နှစ်ခြိုက်ကာ စာညွှန်းအဖြစ် လူအများ သိစေ ဖတ်စေရန် ထပ်မံ ရေးသားကာ သဘင်မဂ္ဂဇင်းသို့ပင် ထပ်မံ၍ ပေးပို့ခဲ့လေသည်။ ဤသည်မှာလည်း ဘဝထဲမှ စာမွန်အကြောင်းပါပင်။

ဆရာလယ်တွင်းသား စောချစ်မှ ဟောပြောစဉ်


တဖန် ဆရာကိုယ်တိုင် စာအုပ်တအုပ်၏ ဇာတ်ကောင် လွှမ်းမိုးမှုကြောင့် ၁၀တန်းစာမေးပွဲ မဖြေဘဲ ၆နှစ်ကြာ နေခဲ့ကြောင်း၊ ထို့နောက် ဆရာပီမိုးနင်း၏ စာများ ကျေးဇူးကြောင့် အသိအလင်းတိုးကာ လမ်းကြောင်းမှန်ပေါ် ပြန်တက်ခဲ့ရကြောင်းတို့ကို တသောသော ရယ်နေရအောင် ဟာသကလေးများနှော၍ ပြောသည်မှာ အလွန် နားထောင်ကောင်းလှသည်။ ဤသည်မှာကား စာထဲမှ ဘဝအတွက် ကောင်းရာယူတတ်ကြဖို့ ရည်ညွှန်းခြင်း ဖြစ်လေသည်။

၁၀တန်းအောင်သော် ၅တန်းကျောင်းသားအရွယ်၌ ဆရာမ နိမိတ်ဖတ်ခဲ့သော မင်းကြီးလာရင် စာရေးဆရာ ဖြစ်မယ်ဆိုသည့်စကား အသည်းထဲစွဲကာ မြန်မာစာ ဘာသာ ယူခဲ့သည်။ ထိုမှစ၍ စာရေးဆရာ ဖြစ်သည့်တိုင် ကြိုးစားခဲ့ရကြောင်းများ ပြောကြားခဲ့လေသည်။ ဆရာပေးချင်သော မက်ဆေ့ခ်ျမှာ မဖြစ်နိုင်တာ မရှိ၊ ဘဝ၌ အောင်မြင်မှု တံခါးများ ပွင့်စေရန် အကြိမ်များစွာ ဇွဲနှင့် ခေါက်ရမည်။ ဘဝထဲမှ စာယူရေး၍ ရသလို၊ စာထဲမှလည်း ကောင်းရာယူ၍ ဘဝတက်လမ်း အတွက် လက်တွေ့ အသုံးချတတ်ရန် ဖြစ်လေသည်။

ဆရာ လယ်တွင်းသား စောချစ်


မနေ့က ဝယ်ခဲ့တဲ့ ဆရာ့ စာအုပ် ၂အုပ်၊ ကံကောင်းလို့ ဒီ၂အုပ်က ဒစ်စပလေး ပြထားတဲ့ စာအုပ်တွေ၊ ကျမ နောက်ဆုံးလူ အဖြစ် ဝယ်ခွင့် ရခဲ့တာ...


ဆရာ ကျန်းမာရေးကောင်း၍ နောက်တကြိမ် ထပ်မံ လာရောက် ဟောပြောနိုင်ပါစေ...:)


24 comments:

  1. တို့လည်း ဘယ်စွန်မှာပဲ ရှေ့နားတော့ မနီးဘူး။

    ReplyDelete
  2. ဆက်ရန် ရှိသေးလား အစ်မ စောင့်ဖတ်နေမယ်


    မောင်မျိုး

    ReplyDelete
  3. ဟွန့် များတို့ကတော့ အားကျနေရုံပဲ တတ်နိုင်တယ်။ သူတို့တွေ ရှယ်တော့မှ ပဲ ဖရီးကစ်ဖို့ ချောင်းနေတယ်။

    ReplyDelete
  4. မသွားလိုက်ရလို့ လေ။ တစ်ယောက်တည်း အကြောင်းရေးထားတော့ ဆက်ဦးမယ်ပေါ့။ဖတ်ချင်တယ်။စောင့်မယ် နော်။

    green fingers

    ReplyDelete
  5. သွားလိုက်ရဘူးခင်ဗျ...။ဆက်ရေးပေးပါဦးနော်...။

    ReplyDelete
  6. တယောက်စီ ခွဲရေးမယ်ပေါ့...
    မိုက်တယ်...
    ဆက်ရန်တွေ မျှော်နေမယ်...း))

    ReplyDelete
  7. မသွားဖြစ်လိုက်ဘူး၊
    စောင့်မျှော်နေမယ်နော်၊

    အပြုံးပန်း

    ReplyDelete
  8. စင်္ကာပူက တရားပွဲတွေမှာ စတိတ်ရှိုးတွေ၊ စာပေဟောပြောပွဲတွေလောက် ဘာလို့ လူမစည်ကြတာလဲ။
    အဖြေ။ ။ မအားကြလို့ ပါ၊

    ReplyDelete
  9. အားကျ၊ ကျေးဇူးတင် စွာ ဖတ်သွားပါတယ်။
    ဆရာ မောင်စိန်ဝင်းပါလား..
    ဆက်များရေးဦးမလား မသိ...

    စောင့်မျှော်လျှက်..
    မလေး

    ReplyDelete
  10. အစ်မကို အဲဒီစာပေဟောပြောပွဲမှာ တွေ့တယ်လို့ သတင်းပေးသူ တစ်ယောက်ရှိတယ်..
    ဘယ်သူလဲ သိချင်လား
    နှစ်ကိုယ်ကြားပြောပြမယ်.. :)
    ဆရာ လယ်တွင်းသားစောချစ်ရဲ့ “ မဖြစ်နိုင်တာ မရှိ၊ ဘဝ၌ အောင်မြင်မှု တံခါးများ ပွင့်စေရန် အကြိမ်များစွာ ဇွဲနှင့် ခေါက်ရမည်။ ဘဝထဲမှ စာယူရေး၍ ရသလို၊ စာထဲမှလည်း ကောင်းရာယူ၍ ဘဝတက်လမ်း အတွက် လက်တွေ့ အသုံးချတတ်ရန် ဖြစ်လေသည်။” ဆိုတဲ့စကား သိပ်သဘောကျတယ်.. စိတ်ဓာတ်ကျချိန်ဆို ဒီစကားလုံးလေးနဲ့ အားတင်းရမယ်..
    ကျေးဇူးပါ အစ်မချစ်

    ReplyDelete
  11. မနှစ်က ဒီဇင်ဘာမှ လုပ်တာ မလား
    အခု စောတယ်နော် ထပ်လုပ်ဖြစ်ရင် ဘလော့မှာပြောပါဦးနော်
    သွားချင်လို့ပါ

    ReplyDelete
  12. အစ်မ စာပေဟောပြောပွဲလေးကို နောက်တကြိမ် ထပ်တက် ဖြစ်ခဲ့ပြီ။ ဒီတခါတော့ စာတွေ့ လေးပေါ့။

    ReplyDelete
  13. ဟုတ်ပ....အတူတူထိုင်ဖို့အရေးကို လနဲ့ချီပြီးလုံးပမ်းခဲ့ပေမယ့် အတူတူမထိုင်လိုက်ရဘူး။ ဆရာ့ပုံကို အခုလို တကူးတက အနီးကပ်သွားရောက်ရိုက်ယူလာခဲ့ပေးတာ ကျေးဇူးပါ မမချစ်။ :)

    ReplyDelete
  14. အမ တခြားဆရာတွေဟောတာ တင်ဦးမယ်မဟုတ်လား မျှော်နေမယ်...

    ReplyDelete
  15. မမချစ်
    လက်မှတ်ဝယ်ထားပြီးမှ မစ္စတာပီမအားတာနဲ့ တယောက်ထဲ အဖော်မရှိလို့ မသွားလိုက်ရဘူး... တခါမှ မသွားဖူးလို့ ဒီတခါသွားမယ်ဆိုပြီး ဝယ်ထားတာလေ... မမချစ်တို့ သွားမယ်မှန်းသိ လိုက်ခဲ့ပါတယ်... ;(

    ReplyDelete
  16. ၃ နာရီလောက်မှ ရောက်လာတယ်။ လွမ်းလိုက်တာ ဆိုတဲ့ စကားလေး သိပ်သဘောကျတယ်။ :)

    ReplyDelete
  17. မချစ်....
    နာမလိုဘူး..။
    ဒီမှာ စာပေဟောပြောပွဲတွေ နားမထောင်ရတာ ကြာပါပေါ့။
    ဟောပြောချက်လေးတွေပါ ဖတ်ရရင် ရှယ်ပဲ..။ :)

    ReplyDelete
  18. အဲလိုပွဲမျိုး တစ်ခါမှ မတက်ဖူးဘူး...
    ဗဟုသုတတွေ ပညာတွေ အတော်ရမှာပဲနော်...
    အခွင့်ကြုံရင် တက်ချင်ပါတယ်...

    ReplyDelete
  19. ရှေ့နှစ်လည်း အတူတူသွားနားထောင်ကြဦးစို့နော်။း)

    ReplyDelete
  20. စာပေဟောပြောပွဲနားထောင်ချင်ပါတယ်၊ တစ်ခါမှ နားမထောင်ဘူးသေးပါဘူး
    ပျော်ရွှင်ပါစေ မချစ်ကြည်အေးရှင့်

    ReplyDelete
  21. မသွားဖြစ်ပေမဲ့ သေချာလာဖတ်သွားပါတယ်။
    ဆက်ရန်ကိုလည်း မျှော်နေပါတယ်။

    ReplyDelete
  22. စာပေဟောပြောပွဲက ဆရာသုံးယောက်ဟောတာလို့
    သိရပါတယ်. အမပြောတဲ့ အထဲမှာ ဆရာတစ်ယောက်
    ပဲ ရှိတာကိုတွေ့ရပါတယ်။ အချိန်ရရင် ကျန်တဲ့ ဆရာတွေ
    ရဲ့ ဟောချက်ပြောချက်တွေကိုလည်း ဖတ်ချင်မိပါတယ်

    ReplyDelete
  23. မကြီးချစ်ရေ....ညီမနေတဲ့နေရာမှာတော့
    အဲလိုပွဲတွေမလုပ်ကြဘူး..စာပေဝါသနာရှင်တွေ
    နည်းတာလည်းပါမယ်ထင်တာဘဲ
    visa မလွယ်တာလည်းပါမယ်ထင်တယ်..
    အဲလိုပွဲတွေနားထောင်ချင်တာ

    ReplyDelete
  24. ၀ယ်ထားသောစာအုပ်များ ခေတ္တခဏပေးငှားပါရန် လာရောက်ခွင့်ပန်ပါကြောင်း...နော်.နော်..မမ..အဟဲ..

    ပန်းချီး)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...