Sunday, September 19, 2010

မြန်မာ အိမ်ဖော်

"နင့်ကို ငါ မေးစရာ ရှိတယ်၊ ငါ မြန်မာmaid လိုချင်လို့၊ ဒါပေမဲ့ မြန်မာmaid တွေက English စကားပြော မရဘူး လို့ ဧဂျင့်က ပြောတယ်။ နင် ဘယ်လိုထင်လဲဟင်...?"

ကျမ ရုံး ပန်ထရီထဲမှာ သောက်ရေဗူးထဲ ရေဖြည့်နေတုန်း လုပ်ဖော်ကိုင်ဖက် တရုပ်မလေးတယောက် မေးလာတာပါ။ သူက ကိုယ်ဝန် ရင့်မာကြီးနဲ့မို့ မွေးဖွားပြီးတဲ့အခါ အကူ လိုအပ်မှာ သေချာပါပဲ။

"ဖိလစ်ပီနိုတွေ၊ အင်ဒိုနီးရှားတွေထက်စာရင် မြန်မာတွေက ရုပ်ရည် သန့်ပြန့်တယ်။ ပြီးတော့ ကလေးအတွက်လည်း ယုံကြည် စိတ်ချရတယ်။ ဒါပေမဲ့ ကွန်မြူနကိတ်လုပ်ဖို့နဲ့ ဟောက်စ်ကိပင်း အတွက်တော့ ဘယ်လိုနေမယ် မသိဘူး"

"တချို့တွေက ဘွဲ့ရ ပညာတတ်တွေဆို..."

သူ့ဧဂျင့် ပြောပြလို့ သူသိရသလောက် ကျမကို ပြန်မေးနေတာပါ။

သူ သိချင်တာတွေမေး၊ ကျမလည်း သိသမျှ ပြန်ဖြေ...။ ၁၀မိနစ်လောက်ပဲ ကြာမယ်ထင်ပါရဲ့။ ဒါပေမဲ့ အဲဒီ အကြောင်းအရာတွေက တနေ့လုံး ကျမနဲ့ အတူ ရှိနေခဲ့ကြတယ်။ အလုပ် လုပ်ရင်းနဲ့ပဲ တွေးနေမိပြန်တယ်။

ကျမ သိခဲ့ဖူးတဲ့ မြန်မာအိမ်ဖော် ညီမလေးတွေကို ပြန် သတိရမိပါတယ်။ တနေ့ တနေ့ မနက်၆နာရီက စလို့ ညမိုးချုပ် အိမ်သားတွေ အိပ်တဲ့အချိန် ၁၁ နာရီလောက်မှ နေ့တိုင်း အိပ်ရတယ်။ တလမှာ တရက်ပဲ နားခွင့်ရတယ်။ ဒီရောက်ဖို့အတွက် ပွဲစားဆီက ငွေကြိုယူခဲ့ပြီး ပထမ ၇လ လစာအကုန် ပြန်ဆပ်ဖို့ပါပဲ။ ဒါပေမဲ့ အလုပ်မဝင်ခင် ဖြေရတဲ့ စာမေးပွဲ ၂ခါ ကျတာနဲ့ စားရိတ်တွေ တက်ပြီး တနှစ်လုံးလုံး ပွဲစားကို အကြွေးထိုးဆပ်ရတော့တာ။ တနှစ်မ ပြည့်ခင်လေးတင် အိမ်ရှင်နဲ့ အဆင်မပြေတာနဲ့ လူလဲပြီး နောက်တအိမ် ထပ်ပို့ ခံရပြန်တယ်။ ဒါနဲ့ပဲ လုံးချာလိုက်ပြီး ဘယ်အိမ်မှာမှ အဆင်မပြေဘဲ ပြည်တော်ပြန်ရပါလေရော။

နောက်တယောက်ကျတော့ ခင်ပွန်းဖြစ်သူ လေဖြတ်ထားလို့ အလုပ်မလုပ်နိုင်၊ ဒီတော့ ခင်ပွန်းနဲ့ သားလေး တယောက်ကို ယောက္ခမအိမ်ထားခဲ့ပြီး သူက အိမ်ဖော် အလုပ်နဲ့ ငွေထွက်ရှာတာ။ အရင်းအနှီးလေးရမှ ရွာပြန်၊ အိုးမကွာ အိမ်မကွာ ဈေးရောင်းစားမယ် ပေါ့လေ။ လခ တလ SGD$၃၄၀၊ နားရက်မရှိ၊ ဒါပေမဲ့ သဘောကောင်းပြီး လူလူချင်း စာနာတတ်တဲ့ မြန်မာအိမ်ရှင်နဲ့ မို့လို့ ကံကောင်းတယ် ခေါ်ရမှာ။ လခ တလမှ မရသေးဘူး ပထမ ၇လစာ ပွဲစားကို ပေးရတာ။ ပွဲစားက လေယာဉ်လက်မှတ် နဲ့ လိုအပ်သမျှတွေ ကျခံထားရတာလေ။

တချို့ကျတော့လည်း မြန်မာတွေ ခုလို နိုင်ငံရပ်ခြားမှာ အိမ်ဖော်လာလုပ်နေကြတာကို ကိုယ့်လူမျိုး ဂုဏ်ဖျက်တယ် ထင်ကြတယ်။ အမျိုးချစ်တဲ့စိတ် အခြေခံကြောင့်လို့ ကျမ နားလည်မိပါတယ်။ ကျမတို့ အားလုံးက ဘယ်ဖြစ်စေချင်ကြပါ့မလဲလေ။ ကိုယ့်မြန်မာတွေ အားလုံးကို ရာထူးရာခံနဲ့ လစာကောင်းကောင်းနဲ့ပဲ မြင်ချင်ကြတာပဲပေါ့။ ကျမအမြင်အရတော့ ပြည်တွင်းမှာနေပြီး သူဋ္ဌေးတွေရဲ့ အမြှောင်မယား၊ စပွန်ဆာထိုင်စားသူများထက် စာရင်တော့ ခုလို ရိုးသားစွာ လုပ်ကိုင်ရှာဖွေ စားသောက်နေတဲ့ မိန်းကလေးတွေကို ပို လေးစားမိတယ်။ သို့သော် မမြင်မသိနိုင်တဲ့ အကြောင်းတရားတွေ ရှိနိုင်တာမို့ အမြှောင်မယား၊ စပွန်ဆာထိုင်စားသူများကိုလည်း မကောင်း မဆိုချင်ပါဘူး။ ဘဝမှာ အားလုံးဟာ ကျရာ နေထိုင် လုပ်ကိုင် စားသောက်နေကြရတာ။ သူ့အကြောင်းတရားနဲ့သူပါပဲ။

အင်္ဂလိပ် စကားပြောကျတော့လည်း ဘယ်သူမဆို လာလာချင်းတော့ အိုးနင်းခွက်နင်း ဖြစ်တတ်ကြတာပဲ။ ကိုယ့်နိုင်ငံရဲ့ ရုံးသုံးစကားက ဗမာစကားကိုး။ ဒီတော့ ပြောရ ဆိုရတာ အစပိုင်းတော့ ခက်ခဲမှာပဲ။ အိမ်မှု သန့်ရှင်းရေးမှာလည်း ဖိလစ်ပီနိုတွေ၊ အင်ဒိုတွေလို well trained မဟုတ်ပြန်ဘူး။ သောက်ရေဖန်ခွက်ကို နှုတ်ခမ်းက အုပ်ကိုင်ရင် ဒီကလူတွေက မကြိုက်ကြဘူး။ မီးဖိုချောင် နံရံတွေက အစ တိုက်ချွတ်ဆေးကြောနေမှ သူတို့က ကြိုက်တာ။ ကလေးငယ် ရှိတဲ့အိမ်ဆို ပိုဆိုးသေး။ လက်ကို ပိုးသတ်ဆေးနဲ့ ဆေးပြီးမှ ကလေး ကိုင်တာတို့၊ ကလေး နို့တိုက်ပစ္စည်းတွေ ပေါင်းတာတို့ဆိုတာ ကျမတို့ မြန်မာတွေ သိတ် လုပ်လေ့ မရှိကြတာမျိုးတွေ။

ဘွဲ့ရ ပညာတတ်တွေက အိမ်ဖော် လာလုပ်သလား တဲ့...။ တခါတခါ တွေးမိတာလေး အားမနာတမ်း ပြောရရင် ၈၈ နောက်ပိုင်းမှာ တနှစ် ၂တန်းနှုန်းနဲ့ အတန်းတင်ပေးလိုက်ပြီး ဘွဲ့လက်မှတ် ဆိုတဲ့ စက္ကူလိပ်လေးကိုင်၊ နာမည်နောက် ဘွဲ့တခု တပ်နိုင်ရုံနဲ့ ဘွဲ့ရပညာတတ်လို့ ပညတ်ခံကြရတော့တာ။ "ပြည်တွင်းမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိတယ်ဟေ့" ဆိုတဲ့ ဟိုလူကြီးရဲ့ စကား နားယောင်ပြီး ဘွဲ့ရပညာတတ် လယ်စိုက်စားပဲ ပြည်တွင်းမှာ လုပ်ကြမလား။ အဲလို လုပ်ရင်ရော ရခဲ့တဲ့ ဘွဲ့တခုဆိုတာက လွဲလို့ မျက်နှာသိ မရှိ၊ အဆက်အသွယ် မရှိ၊ ငွေကြေးရင်းနှီးစရာလည်း မရှိတဲ့ ဘဝတွေမှာ ထမင်းနပ်မှန်အောင် စားရဖို့ အာမခံချက် ရှိပါရဲ့လား။ အိုမင်း မစွမ်းတဲ့ မိဘတွေကို တလှည့်ပြန်လုပ်ကျွေးဖို့ဆိုတာ အသာထား၊ ကိုယ့် ဝမ်းတလုံး ဝအောင်တောင်မှ လုံလောက် ရဲ့လား။

ရတာလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲရင် ကိုယ့်ပြည်တွင်းမှာ နေလို့ဖြစ်ပါတယ်ကွာ လို့ ပြောချင်ရင်လည်း ပြောလိုက်ပါဦး။ တကယ်တမ်း ပြည်တွင်းမှာ ကျန်နေတဲ့ သူတွေက သက်ကြီးရွယ်အို နဲ့ ကလေးတွေ၊ လက်ရှိ လူမှုစီးပွားရေးစံနစ်နဲ့ အံဝင်ခွင်ကျ နေသူတွေ၊ ထွက်ဖို့ အခြေအနေ မပေးသေးတဲ့ သူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေဆီက ပြန်ပို့စာ ထိုင်စားနေသူတွေ ဒီလိုလူတွေပဲ ရှိမှာပါပဲ။

လူရယ်လို့ ဖြစ်လာရင် လူလိုသူလို စားဝတ်နေရေးလေးတော့ ရှိချင်ကြတာပဲ။ အခြေခံ စားဝတ်နေရေးလေး ပြည့်စုံအောင် တက်ရှိသူ တက်နဲ့၊ ရွက်ရှိသူက ရွက်နဲ့၊ ဘာမှမရှိတဲ့သူက လက်နဲ့ ဒီလိုပဲ လုံးပမ်း လှော်ခတ်နေကြရတာ။ ခေါင်မိုးကမှ မလုံတော့ မိုးဒဏ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတာပေါ့။

အိမ်ဖော် မိန်းကလေးတွေရဲ့ ဘဝ လုံခြုံဖို့၊ စာနာတတ်တဲ့ အိမ်ရှင်နဲ့ တွေ့ဖို့၊ အရင်းအနှီးလေး တခု စုမိပြီး ပြည်တော်ပြန် မျက်နှာပန်းလှစေဖို့ပဲ ဆုတောင်းပေးနိုင်ပါတော့တယ်။



49 comments:

Ko Paw said...

မြန်မာပြည်တွင်းမှာ ဖားရိုက်စား၊ ငါးနှိုက်စား၊ ကန်စွန်းရွက်၊ မှို စတာတွေကို နှုတ်စား။ ငတ်မသေပါဘူးဆိုတဲ့ စကားမျိုးလည်း နာဂစ်အပြီးမှာ ကြားလိုက်ရပါသေးသဗျ။

“ဖိလစ်ပီနိုတွေ၊ အင်ဒိုနီးရှားတွေထက်စာရင် မြန်မာတွေက ရုပ်ရည် သန့်ပြန့်တယ်။”.... ဆိုတာဖတ်ရတော့ ကျနော့်မိတ်ဆွေ အင်ဂျင်နီယာမကြီး တစ်ယောက်ကို သတိရမိတယ်။ သူ့ကို ဥပဓိရုပ်ကိုကြည့်ပြီး Maid ထင်လို့ အိမ်နီးချင်းတရုတ်အဖွားကြီးတွေက အင်္ကျီဟောင်းကလေးတွေ ပေးတတ်လွန်လွန်းလို့တဲ့။ ကိုယ့်ကိုတော့ လူတွေက ရုပ်ကြည့်ပြီး သန်းကြွယ်သူဋ္ဌေးထင်နေမလားမသိ....း-)

ဧပရယ်လ်ပူး@ပူးတေ said...

မမချစ်ရေ ပူးတေ ရုံးက စလုံးတယောက်လဲ သိပ်ကြီးကျယ်တယ်။ မြန်မာမိတ်တွေက ဈေးကွက်မှာ ဈေးအပေါဆုံးတဲ့ ဒါမျိုးလာပြောတာ။ သိပ်မခံချင်ဘူး။ သူ့မိတ်က ဖိလစ်ပင်းနိုးတဲ့။ ဈေးအကြီးဆုံးဆိုပဲ။

ကိုပေါ ပြောတာလေးရီချင်တာ... သန်းကြွယ်သူဌေးတဲ့။ ဟားဟား

သက်ဝေ said...

ဟုတ်တယ်... ရုံးမှာလဲ မြန်မာ Maid တွေအကြောင်း ပြောကြတယ်...
စကားမတတ်တာကလွဲလို့ အလုပ် အကိုင်ရော အစစ အရာရာ စိတ်ချရလို့ ကြိုက်တယ်လို့ လဲ ပြောကြတယ်... ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုး Maid တွေအကြောင်း ကြားရတော့ စိတ်ထဲ မခံချိမခံသာနဲ့ တမျိုးပေါ့လေ...

pandora said...

ဟုတ်ပါတယ်.. ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကလည်း လာမေးသေးတယ်။ မြန်မာ maid တွေက ရိုးသားတယ် အကျင့်စာရိတ္တကောင်းတယ်လို့ ကြားလို့ အလုပ်ခန့်ချင်တယ်။ ဒါပေမယ့် အင်္ဂလိပ်လို ပြောတာ အခက်အခဲရှိတယ်လို့ ကြားတယ် တဲ့။ ရောက်လာမှတော့လည်း သူတို့ကို အဆင်ပြေစေချင်ပါတယ်။ ရိုးတာကို တုံးတယ် အတယ်ဆိုပြီး အနှိမ်ခံရမှာကိုပဲ စိုးမိပါတယ်။

ဝေလင်း said...

စိတ်တော့မကောင်းဘူး...
စိတ်လည်းမကောင်းဘူး..
ဒါပေမယ့် ဘာတတ်နိုင်မှာတဲ့လဲ..

Anonymous said...

မလေးရှားကနေ maid လုပ်ဖို့ စာမေးပွဲလာဖြေတဲ့ မိန်းကလေးကတာ့ တက္ကသိုလ်ဆက်တက်ဖို့ပိုက်ဆံစုဖို့ပါတဲ့၊ မလေးရှားက အဲဒီတစ်ယောက်ပဲ တွေ့ဖူးတယ်။

မြန်မာထဲလဲ အိန္ဒိယဖက်ကို ငယ်ငယ်ထဲကရောက်နေတဲ့ တက္ကသိုလ်ဒုတိယနှစ်တက်မယ့် မိန်းကလေးတစ်ယောက် ကျောင်းစရိတ်အတွက်ဆိုပြီးလာတာ တွေ့ဖူးတယ်။ သူက မြန်မာလိုပြောတာကို နည်းနည်းပဲ နားလည်ပြီး လုံးဝ ပြန်မပြောတတ်ဘူး၊ အင်္ဂလိပ်လိုတော့ မွှတ်နေတယ်။

နာဂစ်မှာ ရှိသမျှ အိမ်စီးပွားရေး အကုန်ပါသွားလို့ အဖေအမေကို အရင်းအနှီးပြန်ရှာပေးချင်လို့ ဆိုတဲ့ ရုပ်ရည် သန့်သန့် ဖြူဖြူစင်စင်လေးတွေနဲ့ အသက်၂၀ ကျော် ဘွဲ့ရ မိန်းကလေး ၂ ယောက် ကိုတွေ့ရတာလည်း စိတ်မကောင်းစရာပါပဲ..။

Anonymous said...

ရွာပြင်ထွက်ပြီးလည်း maid မလုပ်စေချင်ဘူး ရွာထဲမှာလည်း maid မလုပ်စေချင်ဘူး တဖက်က ကြည့်ပြန်တော့လည်း second lady လုပ်ရတာထက်စာရင်ဒီလိုလေး လုပ်နေကြလို့ အဆင်ပြေနေ တော်သေးလို့အောက်မေ့ရတယ် ရွှေပြည်မှာလည်း ထူးပါဘူး အမချစ်ရာ ဗမာအချင်းချင်းလည်း ခေါ်ထားနိုင်တဲ့သူရှားတော့ တခြားလူမျိုးခြားတွေကဘဲ ခေါ်ကြတယ် လုံးဝစိတ်မကောင်းဘူး အပြင်မှာကတော့ အပြင်မှာမို့ ဖြေသာသေးထင်တယ် စကားလည်း ပေါက်ပါရဲ့ နားလည်းလည်ပါရဲ့နဲ့ အနှိမ်ခံ အဖိခံနေရာတာတွေ မမြင်ချင်လဲ မြင်နေရတာ ပိုစိတ်ဆင်းရဲတယ်ဗျာ

ခင်မင်စွာဖြင့်
seesein

Anonymous said...

ပြောချင်တာက တခြားနိုင်ငံက ဖ၊ အ၊ ကုလား maid တွေက သူတို့နိုင်ငံမှာထဲက maid လုပ်ဖို့ပဲ ဆိုတဲ့လူတွေ၊ ကုလားတွေဆို အင်္ဂလိပ်လို မပြောနဲ့ ကုလားစာတောင် မရေးတတ်တဲ့လူ လဲပါတယ်။ အင်္ဂလိပ်လို မေးတဲ့ entry test ဘယ်လိုဖြေမလဲ မေးတော့ multiple choice မေးခွန်းကို အဖြေမှန် ခဲခြစ်ပြီး ရွေးရတာမို့ သူ ရမ်းတုတ်ပြီး ဖြေမှာပါတဲ့...။ သူတို့ ကံကောင်းတာက ကုလားအိမ်ဖော်ကို ကုလားအိမ်ကပဲခေါ်တာဆိုတော့ ဘာသာစကားအခက်အခဲ လုံးဝ မရှိတာပဲ ။

မြန်မာတွေက ဘွဲ့ရတွေ၊ အနည်းဆုံး ၁၀ တန်းအောင်တွေ၊ အင်္ဂလိပ်လိုမပြောတတ်တာနဲ့၊ ရောက်စမှာ နားမလည်တာနဲ့၊ ကိုယ့်နိုင်ငံမှာထဲက ဘာပဲဖြစ်ဖြစ် မတရားတာကိုလည်း ခေါင်းငုံ့ခံတတ်တဲ့ အကျင့်စရိုက်လေးတွေ ကိုယ်စီနဲ့ တကယ်သနားဖို့ကောင်းတယ်။

sosegado said...

မြန်မာပါ တစ်နှစ်ကျော် နှစ်နှစ်လောက်လုပ်သက်ရှိသွားရင် ပြေသွားသလားမမေးနဲ့၊ လူတောင်ထပ်ခေါ်လိုက်သေး၊
စလုံးမှာလုပ်ရတာ ‘ယ’ ထက်စာရင်ပိုကောင်းပါတယ်၊ မယုံရင်‘ယ’ညဈေးမှာ သွားအနှိပ်ခံကြည့် ပြောပြကြမယ် သူတို့ဇာတ်ကြောင်း၊
PR EP SPASS ပဲဖြစ်ဖြစ် Con WORKER ပဲဖြစ်ဖြစ် MAID ပဲဖြစ်ဖြစ် ပိုက်ဆံရအောင် အလုပ်လာလုပ်တဲ့သူတွေပါ၊
PR EP SPASS တွေကိုင်ထားပြီး ဂျုးချစ်တို့ ဘုတ်ကွေး နဲ့ နိုက်ကလပ်တွေဆီရောက်နေတဲ့ သူတွေထက်တော့ သာတယ်၊

Anonymous said...

ုဘုတ်ကီး လို့အသံထွက်ပေးပါလားရှင်။

Anonymous said...

Dear Ma Ma Chit Kyi,

Now I am one of the house maid from Europe. My salary is 1200 Euro net per month more over for single room, food, travel expenses and getting full human rights also 8 hrs per day, Public holidays, Saturday, Sunday are off and one month holidays per year excluding many types of leave also Free Social Security, Free School (10% student + 90% government support although not their citizen) and Free Lawyer. They are always respect each other, very gentle, very kind understanding even house maid, waiter, cleaner and highest level all are same. Last 4 year I lived in Singapore studied as ACCA courses and worked as Dish Washer in fact held as student pass for worked. Singaporean people are always look down on lower level staff as a result I hated singaporean chinese. Where is the democracy and human rights in Singapore?

ဆွေလေးမွန် said...

ခေါင်မိုးကမှ မလုံတော့ မိုးဒဏ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတာပေါ့။

အဲလိုပါပဲ.. တစ်ခါတစ်ခါ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေပါ စွန့်လွတ်လိုက်ရတယ်။
ဒါပေမယ့် အစကတော့ လူလာဖြစ်တဲ့ ကံကို အပြစ်တင်တယ်.
နောက် အပြင်ကိုရောက်လာတော့ လူ့အခွင့်အရေးဆိုတာကြီးကိုသိလာတော့
အဲဒီ ခေါင်မိုးကို အပြစ်တင်ရမှန်းသိလာတယ်။

စားဝတ်နေရေး ဆိုတာကို နပ်မမှန် အသက်ဆက်ရုံ လည်ပတ်ပေးထားတဲ့
အဲဒီ .. ယန္တယား ဆိုတာကြီးကို မုန်းတယ်..


:) :)
ဟီး ရေးရင် ရေးရင် ပေါက်ကွဲသွားတယ် အစ်မ..

Anonymous said...

တခါတခါ တွေးမိတာလေး အားမနာတမ်း ပြောရရင် ၈၈ နောက်ပိုင်းမှာ တနှစ် ၂တန်းနှုန်းနဲ့ အတန်းတင်ပေးလိုက်ပြီး ဘွဲ့လက်မှတ် ဆိုတဲ့ စက္ကူလိပ်လေးကိုင်၊ နာမည်နောက် ဘွဲ့တခု တပ်နိုင်ရုံနဲ့ ဘွဲ့ရပညာတတ်လို့ ပညတ်ခံကြရတော့တာ။..

ဆိုတော့ ၈၈ အထိမြန်မာနိုင်ငံက အဆင့်မီပညာတတ်တွေမွေးထုတ်ခဲ့တယ်လို့ ဆိုလိုချင်တယ်လို့ ယူဆပါတယ်။ တွေးမိတာက ၈၈ရှေ့မှာ သူတို့ရထားတဲ့ဘွဲ့ တွေနဲ့ အခု ဘာအလုပ်တွေလုပ်နေကြပါသလဲ။ ၈၈မတိုင်ခင် ဘွဲ့ ရထားတဲ့ MSc ဘွဲ့ ရတွေ ဘန်ကောက်မှာ Taxiမောင်းစား တာ၊ ရိုးရိုးဘွဲ့ ရတွေလဲ စလုံးမလေးမှာ General workers လုပ်နေတာတွေတွေ့ ဖူးလို့ ပါ။ ဒီပို့ စ်ဖတ်ပီးတော့ ဘယ်လိုဘွဲ့ မျိုး က၈၈ရှေ့ မှာပညာတတ်အစစ်လို့ ခေါ်နိုင်လဲ ၊ပညာတကယ်တတ်ခဲ့သလဲ နဲ့ မြန်မာ့ပညာရေး နှစ်ကာလတွေကို တွေးမိလို့ ပါခင်ဗျာ။
ဘလော့ဂ် ပရိသတ်တစ်ဦး

ရွှေရတုမှတ်တမ်း said...

အင်း....အာရှသားများကတော့ လူကိုလူလို့ မမြင်တတ်တာ အကျင့်ပါနေပြီထင်ပါရဲ့..မယ်ချစ်ရေ..၊ ဒီမှာတော့ maid က တနာရီ ၂၀ , ၂၅ လောက်ရတယ်၊ baby sitter က သတ်သတ် ၊ house keepingကသတ်သတ် တယောက်ထဲ အုပ်စုံမလုပ်ရဘူး..ကိုကြီးကျောက် စလုံးမှာနေတုန်းက ဖား သူငယ်ချင်းက သူ့မိန်းမ စလုံးကို maid လာလုပ်မယ်တဲ့၊ ဟိုမှာ အထက်တန်းပြ ဆရာမပေမဲ့ တလမှ $ ၉၀ လောက်ပဲရသတဲ့၊ စလုံးမှာmaid လုပ်ရင် ၃၀၀ လောက်ရတာတဲ့၊ ကိုကြီးကျောက်တော့ ဗမာပြည် ဆရာမတွေ လစာကို မပြောတော့ပါဘူး..ကိုကြီးကျောက်နှမ ဆရာမ ကတော့ သူ့လစာတခါထုတ်ရင် ကျောင်းက ကလေးတွေ ဆန်ပြုတ်တိုက်တာနဲ့ ကုန်ရောတဲ့

ရွှေရတုမှတ်တမ်း said...

ဪ...အပေါ်က အမည်မသိရေ..ဗမာပြည်ပညာရေး..စပြီးပျက်လာတာ ဦးနေဝင်းက ၁၉၆၄ မှာ စနစ်သစ်ပညာရေး စချိန်က စတာပဲ၊ ကျနော်တို့ ခေတ်မှာ ပညာရေးစနစ် ပျက်သုန်းစပြုပေမဲ့ ဆရာကောင်းသမားကောင်းတွေ ကျန်သေးတော့ ( ကျနော်တို့လက်ထက်မှာ တက္ကသိုလ် ကျူရှင်မရှိဘူး) အပြည့်မရတောင် ၅၀% တော့ ရတယ် ဈ ဘန်ကောက်က ABBC ကျောင်းမှာ ဗမာဆရာတွေဟာ ၁၉၈၈ မတိုင်မီက ဘွဲ့ရသူတွေပါ

ချိုကျ said...

ဟုတ်ပ အမချစ်ရယ် အဲဒီအမိုးကတော့ ပြောင်းမိုးမှဖြစ်မှာ။ အင်း ဒါပေမယ့် ဒိုးဒိုးဒက်ဒက်တွေနဲ့ ထိုးနှက်တတ်ကြလေတော့ ဖိုးဖိုးလက်ထက်ကိုပဲ ပြန်ပြန်လွမ်းနေရပေါ့။

ခင်တဲ့(ချိုကျ)

ဝက်ဝံလေး said...

အယ် သမီးတို့သူငယ်ချင်းကတော့ ဘာတဲ့ အော်ပယ် ဆိုလား အင်္ဂလိပ်လို စာလုံးပေါင်းတော့မသိဘူးရယ် အိမ်ဖော်ပါပဲ ဒါပေမယ့် သူက Europe က ဂျာမဏီကလေ ကောလိပ်မှာ အင်္ဂလိပ်စာ လာတက်ရင်း နဲ့ အိမ်ဖော်လာလုပ်တာ ကျောင်းကို ကားနဲ့လာတယ်နော် ကားက မာစီးဒီး ဟိဟိ လန်ထွက်နေတာပဲ အိမ်ဖော်က တနင်္ဂနွေနေ့ တရက်ပေးနားတယ် ကလပ်တွေဘာတွေသွားတယ် တနေ့လုံးလဲ အိမ်အလုပ်လုပ်စရာမလိုဘူးနော် မိုက်တယ် တနေ့ ၈ နာရီဆိုလားပဲ

အင်း မသိတော့ပါဘူး မချစ်ရယ် .....

ချစ်ကြည်အေး said...

အမည်မသိရေ ကျမက ကိုယ်သိမီလိုက်တဲ့ ပညာရေး ခါးကျိုးမှုတခုကို မြင်သာအောင် ရွေးထုတ်ပြလိုက်တာပါ။ Termsတခုအပြည့်တက်ရတဲ့ ပညာသင်နှစ်မှာတောင် ကျမတို့ ကျောင်းသားတွေ အပြည့်မရခဲ့တာ။ ဆိုလိုချင်တာက အလွတ်ကျက်ဖြေ၊ တွေးခေါ်မှုနဲ့ပတ်သက်လို့ ဘာမှ လွတ်လပ်မှုမရှိဘဲ ဘောင်ခတ်ထားခံရတဲ့ သင်ကြားရေး စံနစ်ကြီးထဲမှာ ခေါက်ရိုးကျိုးနေခဲ့ကြရတာ။ အဲဒီလိုဆိုလိုက်လို့ ၈၈ရှေ့ပိုင်းကဖြင့် ကွာလီဖိုင်း ဖြစ်လှချည်ရဲ့လို့ မဆိုလိုပါ။ အမဲ မဟုတ်ရင် အဖြူပဲလို့ ပုံသေ မသတ်မှတ်စေချင်ပါ။ အနီ အဝါ အပြာ တခြားအရောင်တွေ ဖြစ်နိုင်ပါသေးတယ်လေ။ စလုံးမှာ အသက်၄၀နှင့်အထက် လူဦးရေ၏ ၂၀ရာနှုန်းသည် ဆီးချိုရောဂါ ခံစားနေရသူများဖြစ်သည် လို့ ဆိုတာဟာ ကျန်တဲ့ ၈၀ ရာနှုန်းက ကျန်းမာကြတယ်လို့ မဆိုလိုပါ။ တခြားရောဂါဆိုးတွေ ရှိသေးတာပဲ။ အဲဒီအတိုင်းပါပဲ၊ ဒီထက်ပြောရရင် ကိုယ်ပေါင် ကိုယ်လှန်ထောင်းသလိုပဲ ဖြစ်တော့မယ်။ တော်လှန်ရေး ကောင်စီ နောက်ပိုင်း အနှစ် ၅၀နီးပါးပေါ့။ အပေါ်မှာလည်း ကိုကြီးကျောက် ဖြေပေးသွားသလိုပါပဲ၊ ကျမတို့ ဆရာကောင်းတွေဆီက နဲနဲဖြစ်ဖြစ် ရလိုက်သေးတာ။ ကော်မန့်အတွက် ကျေးဇူးပါ။ ဝင်ဖြေပေးခဲ့တဲ့ ကိုကြီးကျောက်ကိုလည်း ကျေးဇူးပါနော်...

ဇွန်မိုးစက် said...
This comment has been removed by the author.
ဇွန်မိုးစက် said...

လွန်ခဲ့တဲ့ ၄နှစ်လောက်က ဇွန်အလုပ်တစ်ခုမှာ ယာယီဝင်လုပ်နေတုန်း customer တစ်ယောက်က ဇွန့်ကို မြန်မာမှန်းသိသွားတော့ လာမေးတယ်။ မြန်မာအိမ်ဖော်လိုချင်လို့တဲ့။ မြန်မာတွေက ယဉ်ကျေးရိုးသားလို့တဲ့။ အဲဒီ့အချိန်က အဲလိုအမေးခံရတာ သိပ်စိတ်ဆိုးပြီး ငါတို့မြန်မာတွေက အိမ်ဖော်အလုပ်မလုပ်ကြဘူး။ ဘွဲ့ရပညာတတ်အနေနဲ့ပဲ ဒီနိုင်ငံမှာ လာအလုပ်လုပ်ကြတာလို့ ပြန်ပြောလိုက်တာ။ အဲဒီ့နောက်ပိုင်း ကိုယ်မသိသေးတဲ့ myanmar house-mate story တွေ အများကြီး ကြားလာရတာပဲ။ တွေးမိရင်တော့ စိတ်မကောင်းဘူးအစ်မ။ သူတို့လေးတွေဘ၀ လုံခြုံအဆင်ပြေမှုရပြီး အိမ်ရှင်ကောင်းနဲ့တွေ့စေဖို့ အစ်မလိုပဲ ဆုတောင်းမိပါတယ်။

Anonymous said...

နိုင်ငံရေး အခြေအနေကြောင့် အတန်းကျော်၊ ၇ ရက်တတန်း။နှစ်ပတ်တတန်း နဲ့အောင်ခဲ့တာတွေကိုပြန်ပြောရင်တချို့က။အဆင်ပြေနေသူတချို့ကမကြိုက်ကျတာကိုတွေ့ဖူးတယ်။ငါတို့လည်းမပြောဖူး။မင်းတို့လည်းမပြောနဲ့ဆိုတာမျိုးလိုပဲ။ ဘယ်သူကမှနိမ့်ကျတဲ့အလုပ်နဲ့အသက်မမွေးချင်ကြပါဘူး။ “ကံ”တရားလို့ပဲစကားခံပြီးဆက်ပြောရရင် နည်းနည်းရခဲ့တာထက်၊များများရခဲ့တာ၊ဆရာကောင်းကျန်သေးတာတွေထက် အခုနေအဆင်ပြေနေသူတွေက ခေတ်ကောင်း။အချိန်ကောင်း၊အခွင့်အလမ်းကောင်းကိုမီလိုက်တာလို့ပြောရင်ပိုမှန်မယ်။ဝိဇ္ဖာသိပ္ပံဘွဲ့တခုကိုတက္ကသိုလ်တခုထဲကတူတူရခဲ့ပြီးပင်ပင်ပန်းပန်းနဲ့နိမ့်ကျစွာလုပ်နေရတဲ့သူ၊သက်တောင့်သက်သာလုပ်နေရတဲ့သူတွေနိုင်ငံနေရာတော်တော်များများမှာရှိပါတယ်

ချစ်ကြည်အေး said...

Europeက ညီမလေးရေ အခွင့်အရေး အပြည့်အဝရတာ ကံကောင်းတာပေါ့။ စလုံးမှာလည်း အဖြူတွေအိမ်မှာ အလုပ်လုပ်ကြသူ တွေတော့ အခွင့်အရေး ပိုရတယ် ကြားဖူးတယ်။ ဘာအလုပ်ပဲဖြစ်ဖြစ် စေတနာနဲ့ ကြိုးစားမှုရှိရင် ဘဝတက်လမ်း ရှိပါတယ် ညီမရေ။ ကော်မန့်အတွက် ကျေးဇူးပါ:)

မောင်လေး said...

ညနေပဲ အွန်လိုင်းမှာသယ်ရင်းတစ်ယောက်နဲ့စကားပြောဖြစ်တယ်။သူက မန်းလေးက အီကိုဘွဲ့ရ ခုရန်ကုန်မှာ ခရီးသွားကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေ
တယ်။လခ ဘယ်လောက်ထင်လဲ အစ်မ..။လေးသောင်းတဲ့ခင်ဗျ..။အဆောင်ခ
က နှစ်သောင်းတဲ့။ဘယ်လိုလောက်အောင်သုံးလဲဆိုတော့ အိမ်ကပို့ပေးတယ်
တဲ့ ။ဟာဟ..။ဒီတော့ ကျွန်တော်တို့ဘွဲ့ရလူငယ်တွေ ရရာအလုပ်နဲ့ ပြည်ပရောက်
ကုန်တာ ဘာမှမထူးဆန်းပါဘူး။ဘယ်သူမှလဲ မိတ်အနေနဲ့မလာချင်ဘူး။ကြားတဲ့
့မြန်မာတွေလဲ မခံချင်ဘူး။ဒါပေမယ့် ကျွန်တော်တို့ကရော ဘာများတတ်နိုင်မလဲ။
ဘာသာတောင် မနဲရုန်းနေရတာရယ်...။

Anonymous said...

Dear Ma Ma Chit kyi,

Thanks for your kind reply, Yes Ma Ma, I always try to help with very willing, always receiving with smile whatever they ask. They love very much on to me. Next year I will studying again for my professional in fact I would like to work professional fields.

I always come and visit your blog but I never leave comment. This article is coincided my profession.

Thanks Ma Ma

ကိုချစ်ဖေ said...

မချစ်ကြည်ရေ.စလုံးက အိမ်ဖေါ်မလေးတွေက အခက်အခဲကြားထဲက တလ သုံးရာကျော်ရပါသေးတယ် ထိုင်းက အိမ်ဖေါ်မလေးတွေထက်စာရင်အများကြီးတော်သေး
ပါရဲ့ပဲတွေးနေမိတယ်
ထိုင်းမှာအိမ်ရှင်ဆိုးဆိုးနဲ့တွေ့တာက ကိုယ့်နိုင်ငံထဲက တောင်ယာလုပ်နေရင်း စစ်ပြေးနေရတာထက်တော့တော်သေးဆိုပြီးလုပ်နေကြ၇တာပါပဲ ဘာပဲဖြစ်ဖြစ် ဖြစ်လေရာဘ၀မှာ တ၀မ်းတခါးအတွက်ရုန်းကန်ကြရတာ ကျနော်တို့မြန်မာတွေက ပိုပြီးတော့ တနှစ်ထက်တနှစ် ရုန်းကန်လာကြရတယ်ဗျာ ပြောရရင်လဲ ဒေါသထွက်တယ်ဗျာ.တကယ်

မောင်မျိုး said...

ဒီမှာကတော့ ပညာတတ်တွေမဟုတ်ပေမယ့် အိမ်အလုပ်သမတွေကတော့ များတယ် အများဆုံးကထိုင် ကရင်တိုင်းရင်သူတွေပေါ့ အဖြစ်သနစ်ပေါင်းစုံနဲ့ စရိုက်တွေလည်း စုံလို့ပေါ့ ပြောချင်တာတွေလည်း အများကြီးပါ ။ကျနော်တို့နိုင်ငံဟာလည်း ဘလော့တစ်ခုမှာဖတ်လိုက်ရတဲ့ ရွှေဖိနပ်စီးခွင့်မရတဲ့ စင်ဒရဲလားလေးလိုပါပဲဗျာ ကြာလေလေ ရင်လေးစရာတွေကြီးပါပဲ ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်တိုင်းပြည်မှာ maid လုပ်တာကို ဘယ်သူကမှ အထူးတလည်မပြောကြပေမဲ့
သူများတိုင်းပြည်မှာ ကိုယ့်လူမျိုးတွေ maid လုပ်နေတာကို ကြည့်ဖို့ ကြားရမြင်ရဖို့ စိတ်မပျော်တာ အမျိုးချစ်စိတ်လို့ပြောရမလား
ကိုယ့်လူမျိုးဂုဏ်သိက္ခာကျမှာ ကြောက်လို့လို့ပြောရမလား
မပြောတတ်တော့ပါဘူး။
ကိုယ့်နိုင်ငံမှာ မပြေလည်လို့ သူများဆီမှာ ခုလို အောက်ခြေသိမ်းအလုပ်တွေ လုပ်နေရသူတွေကို စာနာမိပါတယ်.. သူတို့မှာလဲ ရွေးချယ်စရာမရှိလို့ ဒီလမ်းကို ရွေးကြရတာဖြစ်မယ် လို့မြင်မိပါတယ်။

Anonymous said...

PR EP SPASS တွေကိုင်ထားပြီး ဂျုးချစ်တို့ ဘုတ်ကွေး နဲ့ နိုက်ကလပ်တွေဆီရောက်နေတဲ့ သူတွေထက်တော့ သာတယ်၊

Is it problem for you? they can earn a lot, they can send back money to parents, some can stay with parents in sg. Don't say non sense here.

Sorry Mama chitkyi,

Anonymous said...

အန်တီချစ်ကြည်အေးေ၇ ....

သမီး ရင်ဖွင့်တယ်လို့ပဲ သဘောထားတာပေးပါ ။ သမီးအမြဲ တမ်းအန်တီဘလောခ်ကို ဖတ်နေသူပါ ။ ကွန်မန့်တွေစာတွေ တစ်ခါမှ မရေးဖူးပါဘူး ။ ဒီနေ့တော့ တိုက်ဆိုင်တယ်ပဲ ပြောရမလားမသိဘူး။ သမီးတို့ နဲ့ မတွေ့ တာကြာပြီဖြစ်တဲ့ မေမေ့ မောင် ၂ယောက်နဲ့ ညီမ တစ်ယောက် အိမ်ကိုလာလည်ပါတယ် ။ပြောမယ်ဆိုရင်သူတို့တွေကေ၇ှးဘွဲ့ရတွေပါ အ၈င်္လိပ်ကျောင်းကိုတတ်ခဲ့ရသူပီပီ အင်္ဂလိပ်စာအုပ်စာပေတွေမှာလဲ ကျွမ်းကျင်သူတွေပါ ။ သူတို့ ခေတ်မှာ သူတို့ ဟာ ပညာတတ်သူရဲကောင်းပတ်ဝန်ကျင်က အထင်ကြီးလေးစားမှုကို ခံရသူတွေပါ ။ သူတို့ အနေနဲ့ သမီးတို့ ခေတ် သမီးတို့ ပညာရေးစနစ်ကို မနှစ်မြို့ နိုင်ဘူးဆိုတာ ကို သမီးနားလည်ပါတယ် သူတို့ နဲ့အရမ်းကို ကွာခြားခဲ့ပါတယ် ။ သမီးတို့မှာ ကလည်းဒီပညာရေးစနစ်ကြီးကို မနှစ်သက်လို့ မတတ်ဘူးဆိုလဲ သမီးတို့ ဘ၀ အနာဂတ်ပဲ နစ်နာမှာပါ ။ သမီးတို့ မှာ ရွှေးချယ်စရာ များများမရှိပါဘူးအန်တီ ။ ဒါပေမယ့် ဘယ်လို စနစ်မျိုးပဲ သမီးတို့ ခေတ်မှာ ရှိ၇ှိ အလွတ်ကျတ် မှတ်ရေးဖြေတဲ့ခေတ်မှာပဲ သမီးတို့ တာဝန်ကျေအောင်ကြိုးစားခဲ့ပါတယ် ။ သမီး က ၂၀၀၅ မှ ဆယ်တန်းအောင်သူပါ လေးဘာသာဂုဏ်ထူးပါပါတယ်သိပ္ပံ တွဲနဲ့ ပါ ။ သမီးတို့ ခေတ်ကြီး ဘယ်လောက်ပဲ ဆိုးဆိုးပါ ခေတ်ဆိုးကြီးရဲ့ အရိပ်မည်းတစ်ခုအောက်မှာ သမီးအကောင်းဆုံးကြိုးစားခဲ့ပါတယ် ။ သမီးဘဘ တွေပြောတဲ့ ၈၈နောက်ပိုင်းပညာရေးစနစ်က စုတ်ပြတ်နေတာပဲ ဆိုပြီး ဘဘရဲ့ ပညာရေးစနစ်ကို မကျေနပ်တာလား အစိုးရကို ပဲ မကျေနပ်တာလား မသိတဲ့ ညည်းတွားသံအောက်မှာ သမီးတို့ ခေတ်ကလေးတွေ က အဆစ်ပါမြဲပါ ။ သမီးတို့ ဂုဏ်ထူးဘယ်နှစ်ဘာသာပဲ ထွက်ထွက် ငါတို့ ခေတ်က လေးတန်းလောက်တောင် အထင်မကြီးဘူးဆိုတဲ့ စကားသံမျိုးကို သမီး အမြဲ လိုလို ဘဘအရွယ်ရှေးပညာတတ်လို့ ဆိုသူလူကြီးများဆီက မကြာခဏကြားနေရတယ်အန်တီ။ သမီး ဆယ်တန်းတုန်းက ကျောင်းကို မနက် ၉နာ၇ီကနေ ၃နာရီအထိတတ်ရပါတယ် ။ ကျောင်းမှာ ဆရာမ တွေက သက်ဆိုင်၇ာ ဘာသာရပ်တွေကို ဖိဖိစီးစီးမသင်ကြပါဘူး ။သမီးတို့မှာ ခုံနံပါတ်ရရေးအတွက် နဲ့ GPA အတွက် သမီးတို့ မှာ ကျောင်းပုံမှန်တတ်ပေးရပါတယ် ။ တစ်ဘက်မှာတော့ဘာသာစုံကျူရှင်ယူရပါတယ် ။ ကျူရှင်ကို မနက် ၇နာ၇ီကနေ ၈နာ၇ီထိ မနက်ပိုင်း တစ်ခါ ။ညနေ ငါးနာရီကနေ ၈နာ၇ီထိ ညနေပိုင်းမှာ ဘာသာရပ်တစ်ချို့ နဲ့ စနေ တနင်္ဂနွေလို ရက်တွေမှာ သမီးတို့ တစ်နေကုန်တတ်ရပါတယ် ။ ကျုရှင်က အပြန်ဆိုလဲ သမီးတို့ မှာရေမိုးချိုး အိမ်မှာ အမေ ခိုင်းတာလေး နည်းနည်းကူပြီးတာနဲ့ ညနေ ၇နာရီကနေ ည၁၂နာ၇ီ ထိ စာကျက်ပါတယ် အန်တီတို့ ပြောသလိုပါပဲ အလွတ်ကျက်မှတ်ပါတယ် သချာင်္တွက် ပုံဆွဲပေါ့ ။မနက်ကို လေးနာရီထပြီး မနက် ၆နာ၇ီထိ စာကျက်ခဲ့ရပါတယ်။အဲဒီလို သမီးတို့ ကျက်မှတ်ခဲ့ရတာတွေက သမီးတို့ လုပ်ယူခဲ့တာ မဟုတ်ပါဘူးအန်တီ သမီးတို့က စာကို Memorizeမလုပ်ချင်ပါဘူး Study ပဲ လုပ်ချင်ပါတယ် ဒါပေမယ့် သမီးတို့ ခေတ်က သမီးတို့ကို ခွင့်မပြုပါဘူး အန်တီ။
သမီးတို့ေ၇ှ့က ပညာတတ်ခဲ့တဲ့ သမီးတို့ ဘဘ(ဦးလေးနဲ့ အဘိုး) တွေရဲ့ ပညာရေးစနစ်နဲ့ ညည်းညူသံတွေကြားတိုင်း သမီးတို့ အဆစ်ပါခဲ့ရတယ်အန်တီ တကယ်ကိုပါပဲ ကြာလာတော့ သမီးမှာ စိတ်ထဲမှာ ဒဏ်ရာ တစ်ခုလို တောင်ဖြစ်နေပါပြီ။ သူတို့ အထင်မကြီးတဲ့ ပညာရေးစနစ်မှာ သမီးတို့ ကြီးပြင်းခဲ့တာ မှန်ပါတယ် ။ သူတို့ မကြိုက်တဲ့စနစ်အောက်မှာ သမီးတို့ ကြီးပြင်းခဲ့ရတာ မှန်ပါတယ် သူတို့ စကားလုံးတွေ အထင်မကြီးမှုတွေ က ပညာရေးစနစ်ကိုလားသမီးတို့ ခေတ်လူငယ်တွေကိုလားလို့ သမီး စိတ်ထဲ မှာမကြာခဏမေးနေမိတယ်။သူတို့ ညည်းညူသံတွေက စနစ်ကိုလားလူကိုလားလို့ သမီးမေးတဲ့အခါ ၂ခုလုံးပဲ လို့ ရံဖန်ရံခါ ဖြေသံကြားရပေမယ့် သမီးဘိုးဘိုးကတော့ စိတ်မကောင်းတဲ့မျက်နှာနဲ့ ပဲ မျက်နှာလွှဲသွားပါတယ်။ အန်တီ ၈၈နောက်ပိုင်းမှ ပညာတတ်ဖြစ်လာတဲ့ သမီးတို့ မှာ အပြစ်ရှိလားအန်တီ ။ သမီးတို့ တာဝန်ကို သမီးတို့ အကောင်းဆုံးဖြစ်အောင် သင်ယူခဲ့ပါတယ်အန်တီ။ သမီးတို့ မှာ မူလတန်းကနေ အထက်တန်းထိ လွတ်လပ်စွာ ကစားခဲ့ရတဲ့ အချိန်တွေက ရှားပါးခဲ့ပါတယ် အန်တီ။ ကျောင်းက စာကြည်တိုက်ဆိုတာကလဲ ဖုံ တတ်ပြီး သော့ခတ်ထားတာနဲ့ ပဲ ကြုံခဲ့ရပါတယ်။ ကစားစရာပစ္စည်းဆိုတာလည်းသာမန်လူတန်းစားတွေအနေနဲ့ ဖောဖောသီသီဝယ်မဆော့နိုင်ပါဘူး ။ စာအုပ်စာပေလူ့မိတ်ဆွေလို့ ပြောနေကြပေမယ့် စာအုပ်တစ်အုပ်ကို ၀ယ်ဖတ်ဖို့ သမီး တစ်လ လုံးမုန့်မစားပဲ စုတာတောင် စာအုပ်တစ်အုပ်ဖိုးမပြည့်ချင်ပါဘူး။မိဘတွေ အနေနဲ့လည်း စားဝတ်နေရေး ပညာရေး ကျူရှင်အရေး စတာတွေ ကြားမှာ နလန်မထူနိုင်ပါဘူး ။ အန်တီ သမီး ရင်ဖွင့်သံက အန်တီကို စိတ်အနှောက်ယှက်ဖြစ်သွားတယ်ဆိုရင်သမီးတောင်းပန်ပါတယ် ။ သမီးရင်ထဲမှာ ဒဏ်ရာ တစ်ခုလို ကိန်းအောင်းနေခဲ့တဲ့အ၇ာတွေကို ဖြစ်နိုင်ရင် သမီးအဖိုးသမီး ဘဘ တွေရှေ့မှ သမီးပြောပစ်လိုက်ချင်ပါတယ် ။ အဲဒီလို လွတ်လွပ်စွာပြောခဲ့ရင် လည်း"လူကြီးမိဘတွေမရိုသေဘူး"ဆိုတဲ့ ကြိမ်းမောင်းသံပဲ ထွက်လာမှာမို့ သမီး အန်တီစာမျက်နှာမှာ ဖွင့်ဟလိုက်ပါတယ်အန်တီ
ဘယ်လိုခေတ်မျိုးမှာပဲ ကြီးပြင်းခဲ့ကြီးပျင်းခဲ့ ကိုယ့်တာဝန်ကိုယ်ကျေနေတဲ့ လူတိုင်းကို သမီးလေးစားနေမှာပါ
MM

Anonymous said...

ကိုယ်လဲ ဗမာပြည် ၈၈နောက်ပိုင်းမှဘွဲ့ရပါပဲ။ ကျူရှင်တောင်နေဖူး ဘူး။ တောကမို့။
ခုထိတော့ကျောင်းသားဘ၀နဲ့ပဲနိုင်ငံတော်တော်ရောက်ပြီးပါပြီ။
တခါမှ မျက်နှာငယ်ဖူးပေါင်။ ပြီးခဲ့တဲ့အပါတ်ကပဲအော်စီက ဆယ်မီနာလာလုပ်ပေးပါလို့ဖိတ်ခံရပါရော။
ဘလော့ဂ်တွေဖတ်မှပဲ သိမ်ငယ်လိုက်ရကောင်းမလား စဉ်းစားရမလို ဖြစ်နေပြီ။
လူပေါ်မူတည်တယ်။ရွေးချယ်မှုပေါ်မူတည်တယ်။ ကိုယ့်ကိုထားလိုက်ပါဦး။
အတန်းဖော်တစ်ယောက်က အိုးတိုက်ပန်းကန်ဆေးနေတယ်။
တစ်ယောက်က အင်ဂျင်နီယာအဖြစ်နဲ့ အွန်လိုင်းမှာဘွဲ့လွန်တက်နေတယ်။
ဘာပြောကြမလဲ။

ခိုင်နုငယ် said...

အိမ်ဖော် မိန်းကလေးတွေရဲ့ ဘဝ လုံခြုံဖို့၊ စာနာတတ်တဲ့ အိမ်ရှင်နဲ့ တွေ့ဖို့၊ အရင်းအနှီးလေး တခု စုမိပြီး ပြည်တော်ပြန် မျက်နှာပန်းလှစေဖို့ပဲ ဆုတောင်းပေးနိုင်ပါတော့တယ်။
အမရေ ..ထပ်တူထပ်မျှဆုတောင်းပေးနေမိတယ်။
ဒီမလေးမှာတော့ ၆လစာ အေးဂျင့်က ဖြတ်ယူတယ်။
ကြားထဲအလုပ် ဘယ်နှစ်ခုပြောင်းပြောင်း ၆လတော့ လစာမရဘူးပေါ့။
၆လပြည့်ပြီးရင် နောက်ပိုင်းလစာသူတို့ရတယ်။ နေထိုင်ခွင့်ဘာအခွန်မှမဆောင်ရဘူးပေါ့။ အေးဂျင့်ကဆောင်ပေးတယ်။ လစာတော့ general worker ထက်နည်းတယ်ပေါ့။

Anonymous said...

အားလုံး အားလုံး လူ ပေါ်မှာဘဲ မူတည်ပါတယ် ပတ္တမြားမှန် ရင် နွံမနစ် ဘူးပေါ့လေ

မြန်မာမိတ် လုပ်တာ ဒီက အကောင်ကြီးတွေ ရဲ့ ဟိုဟာလုပ်တာထက်စာရင် ပိုကောင်းပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဇွန်မိုးစက် said...

house-maid ကို house-mate လို့ရေးမိသွားလို့ အမှားလာပြင်ရင်း ကော်မန့်အသစ်တွေပါ ဖတ်သွားတယ် အစ်မ။

Anonymous said...

Working as domestic workers is not a thing to be ashamed of.
As long as they earn their living honestly, it is in line with Buddha's teaching (Sama Ar Zi Wa). In fact, they are more noble and admirable than the military generals and state millionaires / billionaires in Burma who have been stealing our national wealth and earning their living on other people's tears, sweat and blood.

As for helping domestic workers, let's focus on solutions rather than problems. There are a number of ways to help them. We can start volunteer programme helping them improve their language proficiency and work effectiveness as well as learn about their legal rights, etc. We all can chip in a few hours of our free time and start this volunteer programme.

Just sharing my two cents worth.

Rgds, Yan Naing Myo

ချစ်ကြည်အေး said...

သမီးငယ် MM ရေ...အန်တီလည်း ၈၈ နောက်ပိုင်းမှ ကျောင်းပြီးခဲ့တာပါ။ ဒီတော့ ၈၈ မတိုင်ခင် နဲ့ ၈၈ နောက်ပိုင်း သိသိသာသာ အဆိုးဘက် ပြောင်းလဲသွားတာကို ကိုယ်တွေ့ သိမီလိုက်ရတဲ့ ဖြစ်ရပ် တခု အဖြစ် ထုတ်ပြခဲ့တာပါ။ ၈၈နောက်ပိုင်း ကလေးတွေရဲ့ ပညာအရည်အချင်းကို နှိမ်ချလိုစိတ်နဲ့ မဟုတ်ပါဘူး။ ကလေးတွေမှာ ဉာဏ်ရည် ရှိသလောက် အပြည့် လုပ်ခွင့် မရခဲ့ကြတဲ့ ပညာရေး စံနစ်တခုကိုသာ သိစေချင်ခဲ့တာ။ ခု အန်တီ ပြောခဲ့တဲ့ အိမ်ဖော် ဖြစ်ရပ်ဟာ အဲဒီ ပညာရေး စံနစ်ကြောင့် တခုထဲလို့ သတ္တုချလို့ မရဘူး။ များစွာသော တခြား Factors တွေ ရှိနေသေးတယ်။ ဒါတွေ အကုန်ရေးပြနေရင်လည်း အန်တီ ပြောချင်တဲ့ ကိစ္စကနေ ဘေးချော်သွား မစိုးလို့ လိုရင်း တိုက်ရိုက် ပြောခဲ့တာ။ သမီးငယ်ရေ အဲဒီ့အတွက်တော့ စိတ်ထဲ ခံစား မနေပါနဲ့ သမီးပြောသလို အကောင်းဆုံး လုပ်ခဲ့ပြီးပြီပဲ။ ကျောင်းစာ အပြင် တခြား လေ့လာစရာတွေ ရှာဖွေလေ့လာရင်း ပို၍ မြင့်မားတိုးတက်အောင် ကြိုးစားဖို့ပဲ ပြောပါရစေ သမီးငယ်....

Yan Naing Myo>>Yes, Totally agree and I am at same perspective with ur points:)Thanks...

T T Sweet said...

ဟိုနေ့က အေးဂျင့်နဲ့ အိမ်ဖော်ငှါးထားတဲ့ အသိကပြောပြတာ။ စလုံးက မြန်မာအိမ်ဖော်လေးတွေက စလုံးတရုတ်အိမ်တွေမှာ မနေချင်ဘူးတဲ့။ စည်းကမ်းအင်မတန်တင်းကြပ်ပြီး ဘာသာစကားအခက်အခဲကြောင့် နေရတာ သိပ်အဆင်မပြေဘူးတဲ့။ မြန်မာအိမ်မှာများနေရမယ်ဆို ရှိခိုးမတတ်ကို ၀မ်းသာအဲလဲဖြစ်ကြသတဲ့။ စိတ်လဲမကောင်းဘူး။ ကိုယ်လဲဘာမှ မလုပ်ပေးနိုင်ဘူးလေ။
ဟိုက စပွန်စာမမတွေထက်တော့ သူတို့လေးတွေ စိတ်ဓာတ်က သာပါတယ်။

blackကော်ဖီ said...

ခေါင်မိုးကမှ မလုံတော့ မိုးဒဏ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်း ရတာပေါ့ အစ်မရယ်။ ဒီလိုပဲ ကိုယ်နည်း ကိုယ့်ဟန်နဲ့ ကိုယ့်ဘဝ ကိုယ်ကျောင်းနေရတဲ့ သူတွေ အများကြီးပါ အစ်မရယ်။ပိုစ့်ကောင်းလေး တစ်ပုဒ်ပါ အစ်မရေ....

Anonymous said...

http://www.thanlwin.com/new/index.php?option=com_content&task=view&id=894&Itemid=220
တို့လဲ ရေးဖူးတယ်၊ သံလွင်မှာ (ဟီး ကြော်ငြာတာ)


ခရေဖြူ

ကိုကိုမောင်(ပန်းရနံ့) said...

စိတ်မကောင်းစရာပါဘဲ အမရေ... ကိုယ့်လူမျိုးကို နိမ့်ကျတဲ့အလုပ်မှာတော့ ဘယ်လုပ်စေချင်ပါ့မလဲ။ ဒါပေမဲ့လဲ ကံတရားပေါ့လေ။ ရိုးသားမှုအခြေခံတဲ့အလုပ်မို့ မရိုးသားတဲ့သူတွေနဲ့ နှိုင်းယှဉ်ရင်တော့ မွန်မြတ်တယ်လို့ပြောရမှာပါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Moe Cho Thinn said...

ကိုအော်ပီကျယ်ရဲ့ ဟောပြောချက်တခုကို သွားသတိရမိတယ်။ ကြမ်းဆွေးနေတာတွေ့ရင် အမိုးမလုံလို့မို့ ခေါင်မိုးကိုသာ မော့ကြည့်မိပါတယ် တဲ့။
အခုလဲ ခေါင်မိုးကို မော့ကြည့်လိုက်တာ အမိုးမှ မိုးမထားဘဲ မမရယ်..

Myue Myue said...

အိမ်ရှင်ကောင်းကောင်းလေးနဲ့တွေ့ပါစေပဲ ဆုတောင်းပေးရမှာပေါ့.. ကိုယ်တိုင်ကလဲကောင်းဖို့လိုပ်ါတယ်.. ဟိုတလောက သတင်းစာထဲမှာ မြန်မာအိမ်ဖော်တယောက် အိမ်ရှင်ရဲ့ခေါင်းလျော်ရည်ဘူးတွေ ရေချိုးဆပ်ပြာဘူးတွေထဲ bleach တွေထည့်ထားတဲ့သတင်း ဖတ်လိုက်ရတယ်.. မျက်ကပ်မှန်စိမ်တဲ့ ဆေးရည်ထဲထိတောင် ထည့်ထားတာတော့ မကောင်းပါဘူး.. သူ့အိမ်ရှင်က တော်တော်ဆိုးလို့ထင်ပါရဲ့..

Anonymous said...

"တခါတခါ တွေးမိတာလေး အားမနာတမ်း ပြောရရင် ၈၈ နောက်ပိုင်းမှာ တနှစ် ၂တန်းနှုန်းနဲ့ အတန်းတင်ပေးလိုက်ပြီး ဘွဲ့လက်မှတ် ဆိုတဲ့ စက္ကူလိပ်လေးကိုင်၊ နာမည်နောက် ဘွဲ့တခု တပ်နိုင်ရုံနဲ့ ဘွဲ့ရပညာတတ်လို့ ပညတ်ခံကြရတော့တာ။"
အစ်မရေးချင်တဲ့သဘောက ၈၈နောက်ပိုင်းလူတွေက ၈၈အရှေ့ပိုင်းကလူတွေလောက်ပညာရေးပိုင်းမှာ အခွင့်အရေးကောင်းကောင်းမရတော့တာကို စေတနာနဲ့ပြောချင်တာလို့နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်ကစေတနာနဲ့ရေးလိုက်ပေမယ့် နားလည်တဲ့သူကလည်း နားလည်ပေမယ့် ညီမတို့လို အခုခေတ်လူငယ်တွေအတွက် ဝေဒနာပိုဖြစ်စေပါတယ်။ ညီမက GTC ကျောင်းကဘွဲ့ရတစ်ယောက်ပါ။ ၈၈အရှေ့ပိုင်းကလူတွေရော၊ YTU တကျောင်းကိုတက်ခွင့်မှီလိုက်သူတွေရော အများစုပြောပြောနေကြစကားလုံးမျိုးကို အစ်မက ထပ်ပြီးသုံးလိုက်သလိုပါပဲ။ ညီမတို့လဲ အခုပိတ်ထားတဲ့ကျောင်းကောင်းကြီးတွေမှာတက်ချင်တာပေါ့၊ ဘယ်သူကရောမြို့ပြင်ထွက်ပြီးတက္ကသိုလ်နဲ့မတူတဲ့ကျောင်းတွေမှာ တက်ချင်ပါ့မလဲ။ ဒီဘက်ခေတ်လူငယ်တွေကလည်း သူ့ခေတ်နဲ့သူ့အခါဖြစ်လာတဲ့ ပညာရေးစနစ်ထဲမှာ ရွေးချယ်စရာမှမရှိတာ။ ဒီခေတ်ပညာရေးစနစ်ကိုမကြိုက်လို့ ကျောင်းမတက်ဘူး၊ ဘွဲ့မယူတော့ဘူးလို့ လုပ်ဖို့လွယ်ပါ့မလား။ တနှစ် ၂တန်းနှုန်းနဲ့ အောင်ပြီး ဘွဲ့လက်မှတ် ဆိုတဲ့ စက္ကူလိပ်လေးကိုင်ထားတဲ့ သူတွေလဲရှိပါတယ်၊ သူတို့အတွက် အထက်တန်းလောက်မှမအောင်၊ သေစာရှင်စာဘွဲ့တစ်ခုလေးတောင်မရတဲ့သူတွေထက်တော့ပြည်တွင်းမှာ နဲနဲတော့ပိုအကျိုးရှိမှာပါ။ ပြီးတော့ YTU ကျောင်းမှာတက်ခွင့်မရပေမယ့် အင်ဂျင်နီယာဖြစ်ချင်လို့၊ အင်ဂျင်နီယာဘွဲ့တစ်ခုရဖို့ ၅နှစ် ၆နှစ်လောက်ကြိုးစားခဲ့ရတာပါ၊ နာမည်နောက်မှာဘွဲ့ရ ပညာတတ်လို့ပညတ်ခံရဖို့အဆင့်ထက်တော့အများကြီးသာပါတယ်အစ်မရယ်။ ဟိုးအရင်ခေတ်က တစ်ချို့သူတွေဆိုရင်ပြောကြတယ် နင်တို့ BE တွေ ME တွေက အရင်က AGTI တွေလောက်မတော်ပါဘူးလို့၊ နင်တို့ခေတ်ပညာရေးကအဆင့်မရှိဘူးလို့၊ လွယ်လွယ်အောင်လာတာတွေလို့ ပတ်ဝန်းကျင်မှာကြားကြားနေရတယ်။ အဲလိုတွေပြောနေလို့ ညီမတို့အစိုးရကပညာရေးစနစ်ကြီးကိုပြန်ပြင်ပေးမှာတဲ့လား၊ အဲလိုတွေပြောနေလို့ အစိုးရကရှက်ပြီးနာနေမှာတဲ့လား။ အဲလိုတွေပြောနေလို့ အောင့်သက်သက်နဲ့ကြိတ်ပြီးဝမ်းနည်းနာကျင်နေရတာကဒီခေတ်လူငယ်တွေပါ။ အစိုးရကိုပညာရေးစနစ်မကောင်းကြောင်းတဘက်လည့်နဲ့ပြောချင်တိုင်း ပြောကြတာတွေက နိုင်ငံရပ်ခြားမှာကျာင်းသွားမတက်နိုင်လို့ ကိုယ့်ရဲ့ပြည်တွင်းမှာပဲ ကြိုးစားသင်ယူနေရတဲ့ လူငယ်တွေရဲ့ပညာရေးကပဲလုံးဝအဆင့်မရှိတော့တဲ့အခြေအနေရောက်နေတယ်။ အဲလိုပြောနေကြတာတွေကြားရတိုင်း ဒီခေတ်ထဲမှာမှမွေးဖွားလာရတဲ့ အားလုံးသောလူငယ်တွေအတွက် တော်တော်လေးဝမ်းနည်းခံစားရပါတယ်။
ဘာပဲဖြစ်ဖြစ် အခုတော်တော်များများ ကိုယ့်နိုင်ငံမှာရခဲ့တဲ့ဘွဲ့လက်မှတ်ဆိုတဲ့စက္ကူလိပ်လေးကိုင်ပြီး သူများနိုင်ငံမှာ ထိုက်သင့်တဲ့လစာနဲ့အလုပ်တော့လုပ်နိုင်နေကြတာပါပဲ။ ညီမလည်း အဲဒီ့စက္ကူလိပ်အရင်းပြုပြီး ပြည်တွင်းမှာရှိတဲ့ မိသားစုကိုလစဉ်ကောင်းကောင်းထောက်ပံ့နိုင်နေပါတယ်။ လူကြီးနဲ့လူငယ်၊ ဟိုဘက်ခေတ်နဲ့ဒီဘက်ခေတ်၊ ကိုယ့်လူမျိုးအချင်းချင်းစာနာ နားလည်နိုင်ကြပါစေ၊

မြသွေးနီ said...

မချစ်ရေ...
ကွန်မန့်တွေတစ်ဝကြီး ဘိတ်ဆုံးကနေ ဖတ်သွားတယ်။
မြသွေးအိမ်က ကလေးတစ်ယောက်အမေ တစ်ခုလပ်ကောင်မလေးကတော့ အခုမလေးရှားက မြန်မာတစ်ယောက်ဖွင့်တဲ့ အလှပြင်ဆိုင်မှာ သန့်ရှင်းရေး လုပ်နေတယ်။ အိမ်ကို လစဉ် ၁သိန်းခွဲထောက်နေနိုင်တယ်။ မိဘ၂ပါးနဲ့ သား၎တန်းကျောင်းသားက ဒီငွေနဲ့အဆင်ပြေနေတယ်။ မြသွေးအတွက် တောင် လူကြုံနဲ့ လက်ဆောင်ပို့လိုက်သေးတယ်။

မြန်မာဆိုတဲ့စိတ်က ကိုယ့်လူမျိုးဆို ဘယ်နေရာရောက်ရောက် အဆင့် မြင့်မြင့်မြင်ချင်မိတဲ့ စိတ်တော့ဖြစ်မိတာပေါ့နော်။ ဘ၀ရပ်တည်မှုအတွက် မြသွေးတို့ အားလုံးအလုပ်လုပ်နေကြရတယ်နော်။ ဒါပေမယ့် သမာအာဇီဝ မကျပေမယ့် မလွှဲရှောင်သာပဲ လုပ်နေရသူများမှာလည်း သူတို့ရဲ့ ဒီအလုပ်ကို လုပ်မိနေရခြင်းရဲ့ မြသွေးတို့ မသိနိုင်တဲ့ ကိုယ်ပိုင်အကြောင်း ရင်းခံလေးတွေ၊ ရှိနေနိုင်သေးတယ် ထင်မိတယ်။ မြသွေးရဲ့ Point of View လေးပါ။

ညီမလေး said...

ဟင်းးးးးးးးးး ဘာမှမပြောတော့တာပဲ ကောင်းပါတယ် ။

pu su said...

hi ma chit,i like your post and want to read more and more.we are buddhism, so we may pray for them to live best.thank you.

linko said...

ကျွန်တော် SHARE ချင်ပါတယ် အမချစ်ခင်ဗျာ။ခွင့်ပြုပါ။
လင်းကို

ချစ်ကြည်အေး said...

လင်းကို>>SHAREပါ, ခွင့်ပြုပါတယ်ရှင် :)

orchidgirl222@gmail.com said...

အိမ်ဖော် ဆိုပေမယ့် ရိုးသားစွာ ရှာဖွေလုပ်ကိုင်ခြင်း၊ သန့်ရှင်းစွာ ရှင်သန်ခြင်းတွေ အတွက် တော့ လေးစားရမှာပါပဲ..။

Anonymous said...

မမချစ်ရေ - ကျွန်မလည်းစလုံးမှာhouse maid သွားလုပ်ခဲ့ဘူးပါတယ်။ရွေးချယ်စရာလမ်းမရှိခဲ့လို့ပါ။ဒါပေမယ့်လုံးဝအဆင်မပြေါဘူး(အေးဂျင်က)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်