Tuesday, September 28, 2010

နှလုံးသား အာဟာရ ပြည့်ဝခဲ့သောနေ့

သတင်းကြားသိပြီးကတည်းက လနှင့်ချီ၍ မျှော်လင့်ခဲ့ရသော စင်္ကာပူနိုင်ငံ ဒုတိယအကြိမ် စာပေဟောပြောပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။ တနင်္ဂနွေနေ့အစား စနေညလုံးပေါက် နားထောင်ရသော် ကောင်းပေစွဟု တွေးမိရ၏။ ခုံနံပါတ်များ မပါဘဲ ဦးရာလူ စံနစ်ကြောင့် နေရာကောင်းရရန် နေ့လည် ၂နာရီ စမည့်ပွဲကို တနာရီမထိုးမီကပင် ရောက်နှင့် တန်းစီခဲ့ရသည်။ တကယ်တမ်း ခန်းမဖွင့်၍ အထဲဝင်ကြသော် အတူတန်းစီထားသော ဘလော့ဂ်ဂါ မောင်နှမများအားလုံး တနေရာစီဖြစ်လျက် တကွဲစီသာ ထိုင်ကြရတော့သည်။

နိမိတ်ကြီး ၃ပါးဟု ဆရာပြောသော နောက်ခံကယ်ရီကေးချား


ကျမ ရသောနေရာမှာ ဘယ်အစွန်တန်းမို့ ဝင်လာသမျှသော သူတို့အား ပြက်ပြက်ထင်ထင် မြင်ရလေ၏။ သို့သော် ဘလော့ဂ်ဂါများ နဖူး၌ စာမရေးထားရကား ဘယ်သူတွေ ဘယ်ဝါတွေမှန်း မသိပါချေ။ လူကသာ ထိုင်နေသည် မျက်စိကဖြင့် ကျီးကန်းနှင့် တောင်းမှောက် စပ်ကျထားသလို လည်ပင်း ဆုံလည်တပ်၍ လိုက်ကြည့်မိပါလေတော့သည်။ လည်ပင်းညောင်းရကောင်းမှန်း မသိအောင် အပျော်လွန်နေသည်ကိုး...။

၂နာရီခွဲခန့်မှာ ပွဲစပါသည်။ ပထမဦးဆုံး ဟောပြောမည့်သူ ဆရာလယ်တွင်းသား စောချစ် တက်လာသော် လှေကားပေါ်အတက်မှာပင် ဆရာ ကျန်းမာရေး ကောင်းပုံမရဟု ထင်သည်။ ဆရာကိုယ်တိုင်ကလည်း အရင်က ပွဲတပွဲတွင် လေကုန်သွား၍ ဆက်မဟောနိုင်ဖြစ်ဖူးကြောင်း ပြောလေရာ ဆရာ လေဆက်မပြတ်ဘဲ ပြီးသည်ဟု ဆက်ဟောနိုင်ပါစေကြောင်း အသာကြိတ် ဆုတောင်းမိရသည်။

ဆရာ တရုတ်ပြည်ရောက်ခိုက် တာဝန်ရှိသူမှ လူစုပေး၍ စာပေဟောပြောခဲ့ကြောင်း၊ ၁၄ယောက် တိတိ နားထောင်သူ တရုတ်လူမျိုးများကို အလွတ်မပေးဘဲ ဟောခဲ့ကြောင်း၊ ဟောပုံမှာ ဆရာက မြန်မာလိုဟော၍ တယောက်က အင်္ဂလိပ်လို ပြန်ပေးသည်။ ထိုအင်္ဂလိပ်ဘာသာမှ နောက်တယောက်က တရုတ်လို ဘာသာပြန်ပေးခြင်းဖြစ်ရာ ဆရာပြောသော ဟာသကို နောက် ၇မိနစ်ခန့်ကြာမှ ရယ်သံကြားရသည် ဟူ၏။ ဘယ်လောက် အူကြောင်ကြောင် နိုင်လိမ့်မလဲ တွေးကြည့်ကြပါကုန်။

ယခုမူ ဆရာကပြောလိုက်၊ ထောင်ကျော်သော ပရိတ်သတ်က တအုံးအုံးရယ်လိုက်ကြဖြစ်ရာ ဆရာမှ လွန်စွာ ဝမ်းသာအားရ ပီတိဖြစ်ရသည် ဆို၏။ ဆရာဟောပြောသည့် အကြောင်းမှာ ဘဝမှ စာ၊ စာမှ ဘဝ ဟူ၍ ဖြစ်သည်။ ဘဝထဲတွင် တော်သော၊ ဖြတ်ထိုးဉာဏ်ကောင်းသော လက်ဖက်ရည်ဆိုင်မှ စားပွဲထိုး ကလေးများဆီမှ ကြားသိရခြင်းများ၊ လှတောသား စကားကြွယ်ပုံများအကြောင်း...စသည်တို့ကို စာအုပ်အဖြစ် ဖန်တီးခဲ့ဖူးကြောင်း၊ ဤသည်မှာ ဆရာပြောချင်သော ဘဝထဲက စာများပင် ဖြစ်သည်။

တောဗိသိက်နဲ့ မြို့ဗိသိက်ဆရာ နှစ်ယောက် ဗိသိက်ပြိုင်ကြရာမှာ ကိုယ်တတ်စွမ်းတဲ့ ပညာလေးတွေ အသီးသီး ထုတ်ပြကြရင်း နောက်ဆုံးတွင် တဦးနဲ့ တဦး အပြန်အလှန် ရိုသေလေးစားသွားကြပုံ၊ အပြိုင်အဆိုင်ရယ်လို့ သဘောမထားဘဲ တယောက် အရည်အချင်းကို အခြားတယောက်က အသိအမှတ် ပြုလိုက်ကြပုံတွေနဲ့ အဆုံးသတ်သွားလေသည်။ ဤသည်ကို သိမြင်လိုက်သော ဗိသိက် ဆိုင်းဆရာမှ လွန်စွာ နှစ်သက်သဘောကျလျက် ပညာကြွယ်ရုံသာမက စိတ်အလှနှင့်ပါ ပြည့်စုံသော ဗိသိက်ဆရာနှစ်ယောက် အကြောင်းအား စာစီ၍ သဘင်မဂ္ဂဇင်း ပို့လေသည်။ ဆရာလယ်တွင်းသား ဖတ်မိပြီး များစွာ နှစ်ခြိုက်ကာ စာညွှန်းအဖြစ် လူအများ သိစေ ဖတ်စေရန် ထပ်မံ ရေးသားကာ သဘင်မဂ္ဂဇင်းသို့ပင် ထပ်မံ၍ ပေးပို့ခဲ့လေသည်။ ဤသည်မှာလည်း ဘဝထဲမှ စာမွန်အကြောင်းပါပင်။

ဆရာလယ်တွင်းသား စောချစ်မှ ဟောပြောစဉ်


တဖန် ဆရာကိုယ်တိုင် စာအုပ်တအုပ်၏ ဇာတ်ကောင် လွှမ်းမိုးမှုကြောင့် ၁၀တန်းစာမေးပွဲ မဖြေဘဲ ၆နှစ်ကြာ နေခဲ့ကြောင်း၊ ထို့နောက် ဆရာပီမိုးနင်း၏ စာများ ကျေးဇူးကြောင့် အသိအလင်းတိုးကာ လမ်းကြောင်းမှန်ပေါ် ပြန်တက်ခဲ့ရကြောင်းတို့ကို တသောသော ရယ်နေရအောင် ဟာသကလေးများနှော၍ ပြောသည်မှာ အလွန် နားထောင်ကောင်းလှသည်။ ဤသည်မှာကား စာထဲမှ ဘဝအတွက် ကောင်းရာယူတတ်ကြဖို့ ရည်ညွှန်းခြင်း ဖြစ်လေသည်။

၁၀တန်းအောင်သော် ၅တန်းကျောင်းသားအရွယ်၌ ဆရာမ နိမိတ်ဖတ်ခဲ့သော မင်းကြီးလာရင် စာရေးဆရာ ဖြစ်မယ်ဆိုသည့်စကား အသည်းထဲစွဲကာ မြန်မာစာ ဘာသာ ယူခဲ့သည်။ ထိုမှစ၍ စာရေးဆရာ ဖြစ်သည့်တိုင် ကြိုးစားခဲ့ရကြောင်းများ ပြောကြားခဲ့လေသည်။ ဆရာပေးချင်သော မက်ဆေ့ခ်ျမှာ မဖြစ်နိုင်တာ မရှိ၊ ဘဝ၌ အောင်မြင်မှု တံခါးများ ပွင့်စေရန် အကြိမ်များစွာ ဇွဲနှင့် ခေါက်ရမည်။ ဘဝထဲမှ စာယူရေး၍ ရသလို၊ စာထဲမှလည်း ကောင်းရာယူ၍ ဘဝတက်လမ်း အတွက် လက်တွေ့ အသုံးချတတ်ရန် ဖြစ်လေသည်။

ဆရာ လယ်တွင်းသား စောချစ်


မနေ့က ဝယ်ခဲ့တဲ့ ဆရာ့ စာအုပ် ၂အုပ်၊ ကံကောင်းလို့ ဒီ၂အုပ်က ဒစ်စပလေး ပြထားတဲ့ စာအုပ်တွေ၊ ကျမ နောက်ဆုံးလူ အဖြစ် ဝယ်ခွင့် ရခဲ့တာ...


ဆရာ ကျန်းမာရေးကောင်း၍ နောက်တကြိမ် ထပ်မံ လာရောက် ဟောပြောနိုင်ပါစေ...:)


Monday, September 27, 2010

ရေသောက်တတ်ရဲ့လား

ဖော်ဝပ်မေးလ်က ရတာလေးပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဆေးဖို့၊ သွေးဖိအား ကျစေဖို့ တနေ့ကို ရေ ၇လီတာကျော်သောက်တဲ့ အသက် ၂၆နှစ်အရွယ် ထိုင်ဝမ် အမျိုးသမီး တယောက် အမြင်အာရုံ ပျက်စီးသွားရတဲ့ သတင်းပါ။ နိုဝင်ဘာ ၂၀၀၇ ကတည်းက သတင်းပေမဲ့ ကျမ မသိလိုက်သလို တခြား မသိသေးတဲ့ သူတွေအတွက်ပါ မျှဝေချင်လို့ တင်လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် အလွန်အကျွံလုပ်ရင် ဆိုးကျိုး ဖြစ်စေနိုင်တာကို သတိပြုစေချင်ပါတယ်....


Correct timing to drink water, will maximize its effectiveness on the Human body.

Two (02) glass of water - After waking up - Helps activate internal organs

One (01) glasses of water - 30 minutes before meal - Help digestion

One (01) glass of water - Before taking a bath - Helps lower blood pressure

One (01) glass of water - Before sleep - To avoid stroke or heart attack

ရေကို ဘယ်လို နည်းလမ်းမှန်မှန် သောက်သင့်သလဲ...

ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေ တနေ့တာအတွက် စတင် မောင်းနှင်ဖို့ မနက် အိပ်ရာထမှာ ရေ နှစ်ဖန်ခွက် သောက်ပါ။

အစာ ချေဖျက်လွယ်စေဖို့ မစားခင် နာရီဝက်အလိုမှာ ရေ တစ်ဖန်ခွက် သောက်ပါ။

သွေးဖိအား ကျစေဖို့ အထူးသဖြင့် အပြင်က ပူပူလောင်လောင် ပြန်လာသူများ ရေမချိုးခင် ရေ တစ်ဖန်ခွက် အရင် သောက်ပြီးမှ ချိုးပါ။

လေဖြတ်ခြင်းနဲ့ နှလုံးရောဂါမှ ကာကွယ်နိုင်ဖို့ ညအိပ်ရာ မဝင်ခင် ရေ တစ်ဖန်ခွက် သောက်ပြီးမှ အိပ်ပါ။



အရင်က မဆင်မခြင် စားသောက်မိခဲ့ဖူးတယ်။ ခုတော့ ကျန်းမာစွာ နေထိုင်စားသောက်တတ်ဖို့ သိတ်အရေးကြီးတာ ပို ပိုသိလာတယ်။ ဒါ့ကြောင့် ချစ်သူ ခင်သူ မိတ်ဆွေတွေရော၊ ဘယ်သူမဆိုပါလေ... သတ္တဝါတွေအားလုံးကို အစာလည်းဆေး၊ ဆေးလည်း အစာ ဆိုသလို မိမိကိုယ်ကို စောင့်ရှောက် တတ်ကြစေချင်တယ်၊ အနာရောဂါ ကင်းကြစေချင်တယ်။ ဝဋ်နာ၊ ကံနာက လွဲလို့ပေါ့လေ....


Saturday, September 25, 2010

ခါးပတ်

ခါးပတ်ကို ကြေးခေတ်ကတည်းက အမျိုးသားတွေ စတင်သုံးစွဲခဲ့ပြီး ၁၉ရာစုနှောင်းပိုင်းကနေ ပထမကမ္ဘာစစ်ကြီးဖြစ်ချိန် အထိ ယူနီဖောင်းတွေနဲ့ တွဲဖက်ဝတ်တာပဲ များခဲ့သတဲ့။ စစ်ဘက်နဲ့ အရာရှိ အရာခံတွေရဲ့ ခါးမှာ ဘောင်းဘီ လျှောမကျအောင် ကြပ်ကြပ် ဆွဲဝတ်လေ့ရှိတယ် ဆိုတော့ အဲဒီတုန်းက ဘောင်းဘီရှည်တွေက ကြယ်သီးများ မပါလို့များလား တွေးမိတယ်။

၁၉၉၀ နှစ်လယ်လောက် ကျတော့ ဘောင်းဘီတွေကို ခါးနဲ့ အတိ မဟုတ်တော့ဘဲ အောက်လျော ချက်-ပြုတ် ဝတ်ဆင်ပုံ ခေတ်စားလာခဲ့တယ်။ တင်ပါး အပေါ်ပိုင်းတင်မက အတွင်းခံပါ ပေါ်အောင် ဝတ်ကြတာမျိုးပေါ့။ တကယ်တော့ အဲဒီစတိုင်က ထောင်ထဲက အကျဉ်းသားတွေကို ခါးပတ် ပေးမဝတ်လို့ သူတို့ ဘောင်းဘီတွေ အောက်လျှောကျရာက စတိုင်တမျိုးအနေနဲ့ စခဲ့တာ။ အကျဉ်းသားတွေဟာ ခါးပတ်ကို အသုံးပြုပြီး သေကြောင်း ကြံစည်တတ်ကြလို့ ခါးပတ် ပေးမဝတ်တာပါပဲ။

ခုခေတ်မှာတော့ ဘောင်းဘီ လျှောကျမှာ စိုးလို့ မဟုတ်တော့ဘဲ မလျှောမှာကိုတောင် စိုးနေပြီး ခါးပတ်ကို အလှဆင် ဖက်ရှင်တခုအနေနဲ့ ဝတ်ဆင်လာကြပြီ ဖြစ်တယ်။ အများအားဖြင့် လူငယ်တွေ အကြား ဂွကျသော ဖက်ရှင် အဖြစ် ခေတ်စားတယ်။ ဒီတော့ ခါးပတ်ရဲ့ မူလ ရည်ရွယ်ချက်နဲ့တော့ ဝေးသွားတယ် ဆိုရမှာ။

အမျိုးသားတွေအတွက်ကတော့ အကြမ်းဖျင်း နှစ်မျိုးနှစ်စားပဲ ခွဲလို့ရပါတယ်။ စတိုင်ဘောင်းဘီနဲ့ တွဲဝတ်ရတဲ့ အပြားသေး ခါးပတ်လေးတွေနဲ့ ဂျင်းန်ဘောင်းဘီနဲ့ တွဲဝတ်ရတဲ့ အပြားခပ်ကြီးကြီး ခါးပတ်တွေပါပဲ။ အဲဒီထဲမှာမှ အပြင်းစား သတ္တုသမားတွေ၊ ရက်ပါတွေ (ထုတ်ပိုးသူတွေ:) ဝတ်ဆင်တဲ့ ခါးပတ်ကျပြန်တော့ အရိုးခေါင်းပုံ ခါးပတ်ခေါင်းတွေ၊ ဘဲဥပုံ ခါးပတ်ခေါင်းတွေနဲ့ ဒီဇိုင်း အလန်းတွေပါ။ မည်သို့ပင် ဆိုစေပေါ့လေ သူတို့က ခါးပေါ်နဲ့ ဂွကျကျ ဘောင်းဘီတွေအတွက်တော့ ခါးဆစ်ရိုးပေါ် တင်ဝတ်ရတာမျိုးပဲ ရှိနိုင်တာမို့ ပျင်းစရာပါ။

ကျမတို့ အမျိုးသမီးတွေက ရင်အောက်မှာ၊ ခါးမှာ၊ ခါးဆစ်ရိုးပေါ်မှာ၊ တင်ပါးပေါ်မှာ အဲသလို ဝတ်ဆင်နိုင်ပြီး ဒီဇိုင်းတွေကလည်း အမိုက်စားတွေမို့ ပို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခါးပတ် ပတ်တယ်ဆိုတာက ပိန်လွန်းရင်လည်း ကျူရိုးလေး ပိတ်ဖြူ ပိတ်နီ စီးထားသလိုလို၊ ဝလွန်းတော့လည်း ဆန်အိတ်ကို အလယ်ကနေ ဂုံနီအိတ်ကြိုးနဲ့ စီးထားသလိုလိုမို့ မပိန်လွန်း မဝလွန်း ဖြစ်မှ ကြည့်လို့ လှတာပါ။

ကြည့်ပါ...ခါးပတ်ဝတ်ပြထားပုံလေးတွေ...အရုပ်မော်ဒယ်တွေပါ မချစ်ကြည်အေး အဲဒီထဲမှာ မပါပါဘူး...



တချို့လည်း ခါးပတ်ခေါင်း စုဆောင်းတာ ဝါသနာပါသတဲ့။ လူတိုင်း လူတိုင်းမှာ ကော်လက်ရှင်လေးတခုခု သို့မဟုတ် တခုထက်ပိုတဲ့ ကော်လက်ရှင်လေးတွေ ရှိနိုင်ကြတာကိုး။ ကျမလည်း ခါးပတ် နဲ့ နာရီလေးတွေ ဝယ်စုတတ်ပါတယ်။ ဈေးကြီးတာ၊ ဈေးပေါတာက တကဏ္ဍ၊ ကိုယ်ကြိုက်တာ ကိုယ်ဝယ်တာက တကဏ္ဍပဲမို့ ၉ကျပ်တန်က စလို့ ၉၀တန်ထိ ကြိုက်ရင် ဝယ်လိုက်တာပါပဲ။

ကျမ ဝယ်ထားတဲ့ ခါးပတ်လေးတွေ...




ခါးပတ်ပေါ်က အပေါက်လေးတွေ တဖြေးဖြေး ရှေ့တိုးတိုးလာရင် သတိကြီးကြီးသာ ထားပေရော့။ ခုတော့ ခါးပတ်တွေကို ဒီလိုမျိုး သိမ်းထားရတော့တယ်...အကြောင်းကြောင်းတွေကြောင့်၊ တရုတ်အားကိုး ပုဆိန်ရိုးတွေကြောင့် လို့ပဲ ဆိုပါတော့...




ရဲသွားတိုင်ရင် ကောင်းမလားတောင် စဉ်းစားနေရတယ်။ တခြားတော့ ဟုတ်ရိုးလား... မချစ်ကြည်အေး တယောက် ခါးပျောက်နေလို့ပါ....:)



Wednesday, September 22, 2010

ချစ်သောသူများနှင့် တဘဝတာ

ကျမတို့ သတင်းစာ ဖတ်ကြတဲ့အခါ မဖြစ်မနေ ဖတ်ဖြစ်တဲ့ ကော်လံက မင်္ဂလာဆောင်၊ မွေးနေ့ နဲ့ သေနေ့ကြော်ငြာလို့ ခေါ်နိုင်တဲ့ နာရေးကြော်ငြာတွေပဲ ဖြစ်တယ်။ သားဖွားဆေးရုံမှာ မွေးလာလိုက်ကြတာတွေကလည်းများ၊ တနေ့တနေ့ သေနေကြတာတွေက အများသားရယ်။ နေစမ်းပါအုံး...သတင်းစာထဲတွေ့တဲ့ နာရေးကြော်ငြာတိုင်းအတွက် ရှင်တို့ ငိုကြသလား...။ ဘယ် ငိုလိမ့်မလဲနော်။ သူစိမ်းတွေဆိုတဲ့ အသိနဲ့ မျက်ရည်ဘယ်ထွက်ပါ့မလဲ။ ဖြစ်မှ ဖြစ်ရလေရယ်လို့ စုတ်သပ်မိရုံ၊ သနားဂရုဏာ သက်မိကြရုံပေါ့...။

တကယ်လို့များ ချစ်ရတဲ့ အသိမိတ်ဆွေထဲက တယောက်ယောက် နာမည်များ နာရေးကြော်ငြာထဲ ဖတ်မိလို့ကတော့ စိတ်မကောင်း ဖြစ်ကြရပြီ။ ဝမ်းနည်းကြရပြီ။ ဆွေမျိုးအရင်းကြီး ဖြစ်နေရင်ဖြင့် ပိုတောင် ဆိုးဦးမယ်။ အပူလုံးက ရင်ဝထိ တက်ဆောင့်ပြီး မြေပေါ်မှာပဲ လူးလှိမ့်နေမလား၊ ရင်ဘတ်စည်တီးလို့ ငိုချင်းပဲ ချနေမလား။ နဲနဲချစ်မိရင် နဲနဲပူလောင်ပြီး များများချစ်မိရင် များများ ပူလောင် စေပြီပေါ့။

ဆေးရုံ ဆေးခန်းတွေလည်း ရောက်ဖူးကြမယ် ထင်ပါရဲ့။ ဖြတ်သွား ဖြတ်လာ တွေ့ရတဲ့ ရောဂါသည်တွေအတွက် ဖြစ်ရလေရယ်လို့ သနားမိကြရုံ။ ချစ်သူ ခင်သူတွေ အတွက်များဆိုရင်ဖြင့် ဓါးရှ ဒဏ်ရာလေးကအစ ကျမတို့မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ရင်တွေပူလောင်လို့။ ခပ်ကြီးကြီး ရောဂါများ ဖြစ်ရင်တော့လား ဘုရားရှိခိုး ဆုတောင်းပေးရ၊ ဗေဒင်တွေမေး၊ ယတြာတွေချေနဲ့ အရူးမီးဝိုင်းသလို ပူတတ်ကြရဲ့ မဟုတ်လား။

လမ်းပေါ်မှာဖြင့် အနှေးယာဉ်တွေ၊ အမြန်ယာဉ်တွေလည်း ပေါပါ့။ တခြားသူတွေအတွက်တော့ သတ္တဝါတွေ ဘေးရန်ကင်းရှင်းကြပါစေလောက်နဲ့ ပြီးသွားနိုင်ပေမဲ့ ကိုယ့်အိမ်သူ အိမ်သားတွေကိုဆို ဖြေးဖြေးမောင်းနော်၊ ကျော်မတက်နဲ့၊ ပြိုင်မမောင်းနဲ့၊ မောင်းရင်း ဖုန်းပြောမနေနဲ့ စသဖြင့် ပူပူပင်ပင် စုံစုံလင်လင် မှာတတ်ကြသေးတာ။ ချစ်တဲ့သူတွေအတွက် ပူတတ်ကြပုံတွေလေ။

ကမ္ဘာတလွှား အငတ်ဘေးတွေ ကြုံနေကြတာမှ အများကြီးရယ်၊ ချစ်သူ ဝမ်းဟာမှာကိုဖြင့် အပူဆုံးပဲ မဟုတ်လား။ ချစ်ရတဲ့သူတွေကိုဖြင့် နေမကောင်းမှာလည်း ပူရ၊ စားပြီးလို့ အစာမကြေမှာလည်း ပူရ၊ မှက် ခြင် ကိုက်မှာလည်းပူရ၊ လမ်းသွားရင်း ခလုတ်တိုက်မှာ၊ ချော်လဲမှာကိုလည်း ပူရ၊ ကြိုမမြင်နိုင်တဲ့ အန္တာရာယ်တွေ အတွက်လည်း တွေးပူရ၊ ည အိပ်မပျော်မှာကိုလည်း ပူရနဲ့...အို ချစ်ခင်စွဲလန်းမှု ဒီဂရီအလိုက် ပူပန်ကြရတာ။ ကျန်သူများ အတွက်တော့ ဒီလောက် ပူလောင် ခံစားကြလိမ့်မယ် မဟုတ်ဘူး။ ပူပင်ကြေကွဲ ခံစားလိုက်ကြမှဖြင့် ချစ်ရတဲ့ သူတို့တတွေ အတွက်ချည်းပဲ မဟုတ်လား။

ပြီးခဲ့တဲ့ သောကြာနေ့က အိမ်ကဖုန်းလာလို့ ပြန်ခေါ်တော့ အမေရယ်။ ညီမ အလတ်မ အူအတက်ရောင်လို့ ဆေးရုံမှာ ဗိုက်ခွဲရသတဲ့။ အမေက သားအမိချင်းပေမဲ့ အားနာတတ်တယ်။ ပိုက်ဆံ အကြောင်း လုံးဝ မဟဘူး။ ခွဲပြီးပြီ စိတ်မပူပါနဲ့တဲ့။ ကျမကတော့ အမအကြီးပီပီ မောင်နှမတွေ အားလုံးအပေါ် တူတူပေမဲ့ စီးပွားရေး မပြေလည်ပဲ မအေအိမ် အတူလာနေတဲ့ ညီမ မိသားစုမို့ သူ့အပေါ် သနားရတာက ပိုတယ်။ ဒါနဲ့ နောက်တရက် ပိုက်ဆံ ချက်ချင်းပို့၊ နောက်တရက်ကျ ငွေရ မရ ဖုန်းဆက်ရင်း အခြေအနေ မေးကြည့်မိတယ်။

ညီမက အူအတက် ခွဲထုတ်ပြီးပေမဲ့ ရင်တလှပ်လှပ်နဲ့ အသက်ရှုလို့မကောင်းဘူးတဲ့လေ။ သူ့ကို ထုံဆေးပေးပြီး အခွဲမှာ သူက နာလို့ အားကနဲ နာတယ် နာတယ် အော်မှ မေ့ဆေး ချက်ချင်း ထပ်ထိုးပေးပြီး ဆက်ခွဲသတဲ့။ ကျမတော့ နားမလည်ပါဘူး။ အမြန်သွင်းလိုက်ရတဲ့ မေ့ဆေး အရှိန်ကြောင့်ပဲ နှလုံးထိလေသလား။ ဘာ့ကြောင့်လဲ ဆိုတာ ကျမ မပြောတတ်ပေမဲ့ အစိမ်းလိုက်ကြီး ခွဲသလို ဖြစ်သွားတော့ သူ့ခမျာ ဘယ်လောက် နာရှာမလဲ။ တဝဲလည်လည် အတွေးတွေနဲ့ ကျမမှာ စိတ်မကောင်း ဖြစ်လိုက်ရတာ။ ဒါလည်းပဲ ချစ်သောသူ တယောက်ဖြစ်နေတဲ့ အတွက် မဟုတ်လား။

မိသားစုဝင်တွေ အတွက် မပြောနဲ့။ တလောလေးဆီက ကိုကြီးကျောက် အသည်း စီအေ ဖြစ်လို့ ခွဲရမယ် ဆိုတဲ့ သတင်းကြောင့် ကျမတို့ ဘလော့ဂ်ရေးဖော်တွေအားလုံး စိတ်မကောင်း ဖြစ်ကြ၊ မေတ္တာပို့ ဆုတောင်းပေးကြနဲ့ ချစ်ခင်သူ တယောက်အတွက် ပူပန်ခဲ့ကြသေးတာ မဟုတ်လား။ တယောက်နဲ့ တယောက် မမြင်ဘူးကြပဲ စာတွေက တဆင့် ခင်မင်ကြ၊ မောင်နှမတွေလို ရင်းနှီးနောက်ပြောင်ကြနဲ့ပဲ ချစ်သောသူတွေ စာရင်း တိုးပွားလာလေတာ။

လူ ဆိုတာ အိုတတ်တဲ့ အမျိုး၊ နာတတ်တဲ့ အမျိုး၊ သေတတ်တဲ့ အမျိုးပဲရယ်လို့ တရားတော်နဲ့ ဖြေတွေးတာက တခြားလူတွေ အတွက်တော့ ဟုတ်နေတာပဲ။ အသိမိတ်ဆွေတွေရဲ့ အသုဘပို့များသွားရင် ကျန်ရစ်သူတွေကို တရားဟော ပြောပြတာမှ ဓမ္မကထိက ရှုံးလောက်ရဲ့။ တရားနဲ့ ဖြေဖို့ဆိုတာ ငါ့အမျိုးကျတော့ ဖြေမရနိုင်ဘူး ဖြစ်ပြန်တယ်။ ငါ့ အမျိုးကိုး...။ ငါ ချစ်တဲ့သူကိုး...။ ချစ်ခင် ရင်းနှီးမှုနဲ့ ပူပင်သောက ဆိုတာ တိုက်ရိုက် အချိုးကျလေတော့ ပိုပြီး ချစ်ခင်စွဲလန်းလေ၊ ပိုပြီးတော့ သောက ရောက်လေလေပဲပေါ့။

လူရယ်လို့ ဖြစ်လာခဲ့ပြီး ရတဲ့ဘဝ ခဏတာလေးမှာ ဆွေရယ် မျိုးရယ်၊ ချစ်သူ ခင်သူရယ်လို့ ရှိလာခဲ့ကြတဲ့ ကျမတို့ အားလုံး သံသရာက လွတ်ရာလွတ်ကြောင်း ရုန်းမထွက်နိုင်သေးသမျှတော့ သမုဒယရဲ့ ချည်နှောင်မှုတွေထဲ ခါးစည်းတုတ်နှောင် ခံနေကြရဦးတော့မှာ ပါပဲလေ....။



Sunday, September 19, 2010

မြန်မာ အိမ်ဖော်

"နင့်ကို ငါ မေးစရာ ရှိတယ်၊ ငါ မြန်မာmaid လိုချင်လို့၊ ဒါပေမဲ့ မြန်မာmaid တွေက English စကားပြော မရဘူး လို့ ဧဂျင့်က ပြောတယ်။ နင် ဘယ်လိုထင်လဲဟင်...?"

ကျမ ရုံး ပန်ထရီထဲမှာ သောက်ရေဗူးထဲ ရေဖြည့်နေတုန်း လုပ်ဖော်ကိုင်ဖက် တရုပ်မလေးတယောက် မေးလာတာပါ။ သူက ကိုယ်ဝန် ရင့်မာကြီးနဲ့မို့ မွေးဖွားပြီးတဲ့အခါ အကူ လိုအပ်မှာ သေချာပါပဲ။

"ဖိလစ်ပီနိုတွေ၊ အင်ဒိုနီးရှားတွေထက်စာရင် မြန်မာတွေက ရုပ်ရည် သန့်ပြန့်တယ်။ ပြီးတော့ ကလေးအတွက်လည်း ယုံကြည် စိတ်ချရတယ်။ ဒါပေမဲ့ ကွန်မြူနကိတ်လုပ်ဖို့နဲ့ ဟောက်စ်ကိပင်း အတွက်တော့ ဘယ်လိုနေမယ် မသိဘူး"

"တချို့တွေက ဘွဲ့ရ ပညာတတ်တွေဆို..."

သူ့ဧဂျင့် ပြောပြလို့ သူသိရသလောက် ကျမကို ပြန်မေးနေတာပါ။

သူ သိချင်တာတွေမေး၊ ကျမလည်း သိသမျှ ပြန်ဖြေ...။ ၁၀မိနစ်လောက်ပဲ ကြာမယ်ထင်ပါရဲ့။ ဒါပေမဲ့ အဲဒီ အကြောင်းအရာတွေက တနေ့လုံး ကျမနဲ့ အတူ ရှိနေခဲ့ကြတယ်။ အလုပ် လုပ်ရင်းနဲ့ပဲ တွေးနေမိပြန်တယ်။

ကျမ သိခဲ့ဖူးတဲ့ မြန်မာအိမ်ဖော် ညီမလေးတွေကို ပြန် သတိရမိပါတယ်။ တနေ့ တနေ့ မနက်၆နာရီက စလို့ ညမိုးချုပ် အိမ်သားတွေ အိပ်တဲ့အချိန် ၁၁ နာရီလောက်မှ နေ့တိုင်း အိပ်ရတယ်။ တလမှာ တရက်ပဲ နားခွင့်ရတယ်။ ဒီရောက်ဖို့အတွက် ပွဲစားဆီက ငွေကြိုယူခဲ့ပြီး ပထမ ၇လ လစာအကုန် ပြန်ဆပ်ဖို့ပါပဲ။ ဒါပေမဲ့ အလုပ်မဝင်ခင် ဖြေရတဲ့ စာမေးပွဲ ၂ခါ ကျတာနဲ့ စားရိတ်တွေ တက်ပြီး တနှစ်လုံးလုံး ပွဲစားကို အကြွေးထိုးဆပ်ရတော့တာ။ တနှစ်မ ပြည့်ခင်လေးတင် အိမ်ရှင်နဲ့ အဆင်မပြေတာနဲ့ လူလဲပြီး နောက်တအိမ် ထပ်ပို့ ခံရပြန်တယ်။ ဒါနဲ့ပဲ လုံးချာလိုက်ပြီး ဘယ်အိမ်မှာမှ အဆင်မပြေဘဲ ပြည်တော်ပြန်ရပါလေရော။

နောက်တယောက်ကျတော့ ခင်ပွန်းဖြစ်သူ လေဖြတ်ထားလို့ အလုပ်မလုပ်နိုင်၊ ဒီတော့ ခင်ပွန်းနဲ့ သားလေး တယောက်ကို ယောက္ခမအိမ်ထားခဲ့ပြီး သူက အိမ်ဖော် အလုပ်နဲ့ ငွေထွက်ရှာတာ။ အရင်းအနှီးလေးရမှ ရွာပြန်၊ အိုးမကွာ အိမ်မကွာ ဈေးရောင်းစားမယ် ပေါ့လေ။ လခ တလ SGD$၃၄၀၊ နားရက်မရှိ၊ ဒါပေမဲ့ သဘောကောင်းပြီး လူလူချင်း စာနာတတ်တဲ့ မြန်မာအိမ်ရှင်နဲ့ မို့လို့ ကံကောင်းတယ် ခေါ်ရမှာ။ လခ တလမှ မရသေးဘူး ပထမ ၇လစာ ပွဲစားကို ပေးရတာ။ ပွဲစားက လေယာဉ်လက်မှတ် နဲ့ လိုအပ်သမျှတွေ ကျခံထားရတာလေ။

တချို့ကျတော့လည်း မြန်မာတွေ ခုလို နိုင်ငံရပ်ခြားမှာ အိမ်ဖော်လာလုပ်နေကြတာကို ကိုယ့်လူမျိုး ဂုဏ်ဖျက်တယ် ထင်ကြတယ်။ အမျိုးချစ်တဲ့စိတ် အခြေခံကြောင့်လို့ ကျမ နားလည်မိပါတယ်။ ကျမတို့ အားလုံးက ဘယ်ဖြစ်စေချင်ကြပါ့မလဲလေ။ ကိုယ့်မြန်မာတွေ အားလုံးကို ရာထူးရာခံနဲ့ လစာကောင်းကောင်းနဲ့ပဲ မြင်ချင်ကြတာပဲပေါ့။ ကျမအမြင်အရတော့ ပြည်တွင်းမှာနေပြီး သူဋ္ဌေးတွေရဲ့ အမြှောင်မယား၊ စပွန်ဆာထိုင်စားသူများထက် စာရင်တော့ ခုလို ရိုးသားစွာ လုပ်ကိုင်ရှာဖွေ စားသောက်နေတဲ့ မိန်းကလေးတွေကို ပို လေးစားမိတယ်။ သို့သော် မမြင်မသိနိုင်တဲ့ အကြောင်းတရားတွေ ရှိနိုင်တာမို့ အမြှောင်မယား၊ စပွန်ဆာထိုင်စားသူများကိုလည်း မကောင်း မဆိုချင်ပါဘူး။ ဘဝမှာ အားလုံးဟာ ကျရာ နေထိုင် လုပ်ကိုင် စားသောက်နေကြရတာ။ သူ့အကြောင်းတရားနဲ့သူပါပဲ။

အင်္ဂလိပ် စကားပြောကျတော့လည်း ဘယ်သူမဆို လာလာချင်းတော့ အိုးနင်းခွက်နင်း ဖြစ်တတ်ကြတာပဲ။ ကိုယ့်နိုင်ငံရဲ့ ရုံးသုံးစကားက ဗမာစကားကိုး။ ဒီတော့ ပြောရ ဆိုရတာ အစပိုင်းတော့ ခက်ခဲမှာပဲ။ အိမ်မှု သန့်ရှင်းရေးမှာလည်း ဖိလစ်ပီနိုတွေ၊ အင်ဒိုတွေလို well trained မဟုတ်ပြန်ဘူး။ သောက်ရေဖန်ခွက်ကို နှုတ်ခမ်းက အုပ်ကိုင်ရင် ဒီကလူတွေက မကြိုက်ကြဘူး။ မီးဖိုချောင် နံရံတွေက အစ တိုက်ချွတ်ဆေးကြောနေမှ သူတို့က ကြိုက်တာ။ ကလေးငယ် ရှိတဲ့အိမ်ဆို ပိုဆိုးသေး။ လက်ကို ပိုးသတ်ဆေးနဲ့ ဆေးပြီးမှ ကလေး ကိုင်တာတို့၊ ကလေး နို့တိုက်ပစ္စည်းတွေ ပေါင်းတာတို့ဆိုတာ ကျမတို့ မြန်မာတွေ သိတ် လုပ်လေ့ မရှိကြတာမျိုးတွေ။

ဘွဲ့ရ ပညာတတ်တွေက အိမ်ဖော် လာလုပ်သလား တဲ့...။ တခါတခါ တွေးမိတာလေး အားမနာတမ်း ပြောရရင် ၈၈ နောက်ပိုင်းမှာ တနှစ် ၂တန်းနှုန်းနဲ့ အတန်းတင်ပေးလိုက်ပြီး ဘွဲ့လက်မှတ် ဆိုတဲ့ စက္ကူလိပ်လေးကိုင်၊ နာမည်နောက် ဘွဲ့တခု တပ်နိုင်ရုံနဲ့ ဘွဲ့ရပညာတတ်လို့ ပညတ်ခံကြရတော့တာ။ "ပြည်တွင်းမှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိတယ်ဟေ့" ဆိုတဲ့ ဟိုလူကြီးရဲ့ စကား နားယောင်ပြီး ဘွဲ့ရပညာတတ် လယ်စိုက်စားပဲ ပြည်တွင်းမှာ လုပ်ကြမလား။ အဲလို လုပ်ရင်ရော ရခဲ့တဲ့ ဘွဲ့တခုဆိုတာက လွဲလို့ မျက်နှာသိ မရှိ၊ အဆက်အသွယ် မရှိ၊ ငွေကြေးရင်းနှီးစရာလည်း မရှိတဲ့ ဘဝတွေမှာ ထမင်းနပ်မှန်အောင် စားရဖို့ အာမခံချက် ရှိပါရဲ့လား။ အိုမင်း မစွမ်းတဲ့ မိဘတွေကို တလှည့်ပြန်လုပ်ကျွေးဖို့ဆိုတာ အသာထား၊ ကိုယ့် ဝမ်းတလုံး ဝအောင်တောင်မှ လုံလောက် ရဲ့လား။

ရတာလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲရင် ကိုယ့်ပြည်တွင်းမှာ နေလို့ဖြစ်ပါတယ်ကွာ လို့ ပြောချင်ရင်လည်း ပြောလိုက်ပါဦး။ တကယ်တမ်း ပြည်တွင်းမှာ ကျန်နေတဲ့ သူတွေက သက်ကြီးရွယ်အို နဲ့ ကလေးတွေ၊ လက်ရှိ လူမှုစီးပွားရေးစံနစ်နဲ့ အံဝင်ခွင်ကျ နေသူတွေ၊ ထွက်ဖို့ အခြေအနေ မပေးသေးတဲ့ သူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေဆီက ပြန်ပို့စာ ထိုင်စားနေသူတွေ ဒီလိုလူတွေပဲ ရှိမှာပါပဲ။

လူရယ်လို့ ဖြစ်လာရင် လူလိုသူလို စားဝတ်နေရေးလေးတော့ ရှိချင်ကြတာပဲ။ အခြေခံ စားဝတ်နေရေးလေး ပြည့်စုံအောင် တက်ရှိသူ တက်နဲ့၊ ရွက်ရှိသူက ရွက်နဲ့၊ ဘာမှမရှိတဲ့သူက လက်နဲ့ ဒီလိုပဲ လုံးပမ်း လှော်ခတ်နေကြရတာ။ ခေါင်မိုးကမှ မလုံတော့ မိုးဒဏ်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတာပေါ့။

အိမ်ဖော် မိန်းကလေးတွေရဲ့ ဘဝ လုံခြုံဖို့၊ စာနာတတ်တဲ့ အိမ်ရှင်နဲ့ တွေ့ဖို့၊ အရင်းအနှီးလေး တခု စုမိပြီး ပြည်တော်ပြန် မျက်နှာပန်းလှစေဖို့ပဲ ဆုတောင်းပေးနိုင်ပါတော့တယ်။



Tuesday, September 14, 2010

ဧည့်သည် လုပ်စားခြင်း

တနင်္ဂနွေ တညနေမှာ အိမ်လည် စားရဖို့ အကြောင်းဖန်လာတယ်။ သူများအိမ်တွေ လိုက် စား၊ ကိုယ့်ဖာသာလည်း စလုံးကျွန်း အနှံ့ လိုက်စား၊ စားပြီးရင်း စားနေတဲ့ ဘလော့ဂ်ဂါ မောင်ငယ်လေး တယောက် အိမ်မှာပေါ့။ သူ့ ဘလောဂ့်မှာ အစားအသောက်ပုံတွေ မစားရအညှော်ခံ ကြည့်နေရတာ သွားပြောမိတာလေးကို...။ သူက စိတ်ကြီးတယ်။ ဒါမျိုး အပြောမခံဘူး..."အမ ကျနော့်အိမ် လာစားလှဲ့" တဲ့...။ ဒါနဲ့ ကျမရယ်၊ ညီမငယ် ၂ယောက်ရယ် ဘူကစ်ဂွန်းဘတ် တောင်ကြီးတွေ ရှိတဲ့နားက သူ့အိမ်မှာ ဧည့်သည်လုပ်ဖို့ ချီတက်သွားခဲ့ကြတယ်။

သူက အင်မတန် သိုသိုသိပ်သိပ် နေတတ်သူ။ သူ ဘလော့ဂ်ဂါမှန်း လူသိ နတ်ကြား အဖြစ်မခံဘူး...:P


ဧည့်ခန်းထဲရောက်တာနဲ့ ပြုံးချိုနေတဲ့ အန်တီဒေါ်ဒေါ်က ဆီးကြိုလို့.... (ချစ်စရာ ကောင်းလိုက်တာ)

ဒါက Welcome Drink


ပထမဦးဆုံး မြည်းစမ်းခွင့်ရတာက အန်ကယ်ဦးလေးရဲ့ ပိန်းဥထမင်း။ စားကောင်းတယ် စိမ့်စိမ့်လေး...


အချဉ်နဲ့ တွဲစားတာ...မိုက်မှမိုက်...


တကယ်ပါ တကယ်ပါ သူ ကျမအိမ်မှာ ဧည့်သည် လာလုပ်တုန်းက လက်သံပြောင်ပြောင်နဲ့ တီးသွားတာကို ပြန်လက်စားချေခြင်း လုံးဝမဟုတ်ပါ။ စားကောင်းလွန်းလို့ ပန်းကန်လေးခမျာ ဝတ်လစ်စလစ် ဖြစ်သွားရှာတာ...:P


ဒါတင်ပဲလား ဆိုတော့ ဘယ်ဟုတ်ဦးမလဲ၊ မြီးရှည် စားဖို့ ကျန်သေးတယ်။ ဗိုက် တလုံးထဲ ရှိတာ နာသကွာ...ကတောက် !!


မြီးရှည် အရည်ပါ။ အရသာ ပြေပြေလေးနဲ့ စားကောင်းတယ်...
ဂေါ်ဖီ၊ ပဲပင်ပေါက်၊ နံနံ နဲ့ အချဉ်လေးတွေ ထည့်အပြီး၊ မြီးရှည်တို့ ရှိအပ်သော အင်္ဂါရပ်နဲ့ ပြည့်စုံသွားရှာတဲ့ မြီးရှည်ပေါ့...


စားပြီးတော့ ဗိုက်လေးနေသေးလို့ ခဏ ထိုင်ရသေး၊ ပြီးမှ ဧည့်ခန်းထဲ ပြန်ရွှေ့ တီဗီကြည့်ကြ၊ စကားပြောကြ၊ သူတို့ သားအမိ စ နောက် စကားပြောနေတာလေးတွေ တပြုံးပြုံးနဲ့ နားထောင်ရ...
ပါးစပ်ကလည်း မူရကူး-ကုလားပဲချောင်းကြော် ဝါးရသေးတာ...မအားရဘူး ဆိုပါတော့:)


အချိန်ကို ကြည့်လိုက်တော့ ည ၈ခွဲကျော်နေပြီ။ ဒါနဲ့ပဲ အိမ်သားတွေကို နှုတ်ဆက်၊ နောက်တခါ လာပါအုံးမဲ့အကြောင်းလေး စကား စ ထားခဲ့ပြီး ပြန်ခဲ့ကြတော့တယ်။ အပြန်လမ်းတလျောက်မှာတော့ အိမ်သားတွေရဲ့ နွေးထွေးမှုက ရင်ထဲထိ ကြည်ကြည်နူးနူးလေး လိုက်ပါခဲ့တော့တာ။

မြီးရှည်ချက်ကျွေးတဲ့ ညီမ ၂ယောက်၊ ပိန်းဥထမင်းချက်ကျွေးတဲ့ အန်ကယ်ဦးလေး၊ ချစ်စရာကောင်းလွန်းတဲ့ အန်တီဒေါ်ဒေါ်၊ ချစ်စရာ ဖော်ရွေတဲ့ ညီမငယ်လေး နဲ့ မောင်ငယ်ဘလောဂ့်ဂါ ငယ်နာမည် မောင်အာလူးလေးကိုလည်း ကျေးဇူးတင်ကြောင်း ဒီပိုစ့်လေးနဲ့ ချစ်ခင်စွာ ပြောလိုက်ပါရစေ...





P.S:အန်ကယ်ဦးလေးဆီက ပိန်းဥထမင်းချက်နည်း မေးခဲ့ပါတယ်။ ကျမ အရင် ချက်စားကြည့်ပြီး အဆင်ပြေ ဖြစ်ထွန်းခဲ့ရင် တင်ပေးပါမယ်

Sunday, September 12, 2010

မက်လုံးများ

ဘဝမှာ တခါမှ ထီမထိုးဖူးသူများ ရှိကောင်းရှိနိုင်ပေမဲ့ တော်တော် နည်းပါလိမ့်မယ်။ ထီထိုးတယ် ဆိုတဲ့သူများကိုလည်း ဘာ့ကြောင့် ထီထိုးရသလဲလို့ မေးကြည့်ပါ။ အဖြေတွေက ဝါကျတခုစီအနေနဲ့ ကွဲလွဲကောင်း ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမဲ့ တခုတည်းသော သေချာတဲ့ အကြောင်းတရားက ထီပေါက်ရင် ဆိုတဲ့ မက်လုံးကြောင့်ပါပဲ။

လူဆိုတာမျိုးကလည်း ကိုယ် ပုံမှန်ရနေတာထက် ပို မလိုချင်သူရယ်လို့ မရှိသလောက် ရှားပေတာ။ မညှာမတာပြောရမယ် ဆိုရင်တော့ လောဘ အခြေခံသူများကိုး။ ကိလေသာကင်းစင်ပြီးသား သူတော်စင်များကလွဲရင် လောဘနဲသူ နဲ့ များသူရယ်လို့သာ ရှိကြမှာပါ။ ဒီတော့ စီးပွားရေးလောကထဲမှာ လူတွေကို မက်လုံးပေးပြီး ငွေရှာတဲ့ နည်းဟာ အထိရောက်ဆုံး ဖြစ်လာခဲ့တော့တယ်။

တရားဝင် ခွင့်ပြုထားတဲ့ အစိုးရထီတွေ၊ ကာဆီနိုတွေ၊ ဘောပွဲလောင်းတာတွေမှာ ဆတိုးရမဲ့ငွေတွေဟာ ထိုးသားတွေအတွက် မက်လုံးတွေပါပဲ။ တလောကလေးတင် စလုံး-စန်တိုစာက ကာဆီနို RWS-Resort World Sentosa မှာ ၃ရက်ထဲနဲ့ ၂၆ မီလီယန် ရှုံးသွားတဲ့ လုပ်ငန်းရှင်တဦးရဲ့ ဖြစ်ရပ်ဟာ မီဒီယာတွေအတွက် ခေါင်းကြီးပိုင်း သတင်းတပုဒ် ဖြစ်ခဲ့သလို ထိုးသားတွေအတွက် သင်ခန်းစာတခုလည်း ဖြစ်ခဲ့ပြန်တယ်။ ထိုးသားတွေအတွက် သင်ခန်းစာတခုက ကိုယ့်လစ်မစ် ကိုယ် သိဖို့ပါပဲ။ မထိုးပဲ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သို့သော် ဝါသနာအရ လောင်းကစားသူများ အတွက်တော့ Self control က အရေးကြီးဆုံးပါပဲ။ လောင်းကစားဆိုတာ ထိုးသားဖက်က နိုင်ခြေ အလွန့်အလွန်နည်းတဲ့ ကစားနည်းတမျိုး ဖြစ်တယ်။ ဒါကိုမှ မမြင်ရတဲ့ ကံပေါ်ပုံအပ်ပြီး လောင်းကြေး ထပ်ရဲတာမျိုးကတော့ မိုက်ရူးရဲ ဆန်လွန်းလှတယ်

စီးပွားရေးလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ယူရတဲ့ သူဟာ မက်လုံးတွေကို တမျိုးပြီး တမျိုး မရိုးရအောင် ဈေးကွက်ထဲ ချပေးရင်း စားသုံးသူကို ဆွဲဆောင်ဖို့ အမြဲ ကြိုးပမ်းနေရသူ ဖြစ်တယ်။ မရိုးနိုင်တဲ့ မက်လုံးတွေကြားမှာ ကျမတို့ ဘယ်နှစ်ကြိမ်များ အငိုက်မိဖူးကြပါသလဲ။ မက်လုံးတွေဟာ ဘယ်လိုမှ မရိပ်မိနိုင်အောင် သိမ်မွေ့နေတတ်သေးတယ်။ လောင်းကစားဝိုင်းမှာလို သိသိသာသာကြီး မဟုတ်ပဲနဲ့လေ။ တခု ဝယ်ရင် နောက်တခု အလကားရမယ် ဆိုတဲ့ မက်လုံးအောက်မှာ ကျမတို့ မျောပါရင်း တကယ် မလိုအပ်တဲ့ အပိုပစ္စည်းတွေ ဘယ်နှစ်ခါများ ဝယ်ယူ သယ်ဆောင်လာခဲ့ကြဖူးပြီလဲ

ဘဏ်မှာ စာရင်းသေ ငွေအပ်သူတွေ၊ ယူနစ်ထရပ်စ်လို့ ခေါ်တဲ့ ဝယ်ထားရင် သေချာပေါက် အမြတ် ပြန်ရမယ် ဆိုတဲ့ ယူနစ် ဝယ်တာမျိုးတွေ၊ ကွန်မိုဒတီခေါ်တဲ့ ပဲ၊ ပြောင်း၊ ကော်ဖီ စတာတွေမှာ ရင်းနှီး မြှုတ်နှံထားတာတွေ၊ ပေပါဂိုလ်း-Paper gold၊ ပေပါဆေးလ်ဗား-Paper silver ဝယ်ထားတာတွေ...ဒါတွေ အကုန်လုံးဟာ ဘဏ်က မက်လုံးပေးထားတာတွေအပေါ် ယုံကြည်စွာ နှစ်တို နှစ်ရှည် မြှုတ်နှံထားခြင်းတွေပဲ ဖြစ်တယ်။ သူ့မှာ စွန့်စားရခြင်း-Risk တွေလည်း ရှိနေတယ်။ Return အနေနဲ့ အမြတ်များများ လိုချင်ရင် Risk ပိုမြင့်ပြီး Riskမရှိတဲ့ ဟာကျပြန်တော့ Return အမြတ်နဲမယ်။ ဒါပါပဲ...ကြီးပွားလိုစိတ်ရှိသူတွေဟာ အနဲနဲ့အများတော့ Risk-takers ဖြစ်ရဲသူများပါပဲ။

ကလေးငယ်တွေကျပြန်တော့ ကလေးတွေ မက်လောက်တဲ့ ကစားစရာ ပစ္စည်းလေးတွေကို စားသုံးကုန်နဲ့အတူ တွဲရောင်း တတ်ကြပြန်တယ်။ Mc.Donald လို Fast foods ဆိုင်မျိုးတွေမှာပေါ့။ ကျမ မှတ်မိနေသေးတယ်။ သိမ်ကြီးဈေး အပေါ်ထပ် စားသောက်ဆိုင်တွေ ဖွင့်စတုန်းက သီချင်းဆို ဖျော်ဖြေတဲ့ အမျိုးသမီးငယ်လေးတွေ နဲ့ တတိယအရွယ် အန်ကယ်ကြီးတွေအကြား ပန်းကုံးယဉ်ကျေးမှုတွေ ခေတ်စားချိန်ပေါ့။ ကုက္ကိုင်းက ဂျွိုင်းစားတော်ဆက်ရဲ့ တီဗီကြော်ငြာမှာ ကိုကို နေ့တိုင်းလာနော် မောင်မောင် နေ့တိုင်းလာနော် ဆိုတဲ့ သီချင်းလေ...။ ဘယ်ပြောကောင်းမလဲ အားလုံးသော အန်ကယ်ကြီးတွေဟာ ကိုကို မောင်မောင်တွေဖြစ်လို့၊ ကောင်မလေးတွေ ခေါ်သလို နေ့တိုင်းသွားရဖို့ဟာ သမိုင်းပေး တာဝန်ကြီး တရပ်အနေနဲ့ အိမ်က အဖွားကြီးကို ခေါက်ထားခဲ့ကြတော့တာ။ အသက်အရွယ်လိုက် မျှားထားတဲ့ မက်လုံးအမျိုးမျိုး အောက်မှာ ကျမတို့ အိတ်ကပ်တွေ ပြားချပ်ခဲ့ရတာ များလှပေါ့။

မက်လုံးတိုင်း မကောင်းဘူးလို့ ကျမ မဆိုလိုပါဘူး။ အများအားဖြင့် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ Service providers အချင်းချင်း အပြိုင်အဆိုင် ဈေးကွက်လုကြရင်း စားသုံးသူတွေအတွက် ပေးကြတဲ့ မက်လုံးတွေဟာ ပိုပြီး သက်သာတဲ့ ဈေးနှုန်းတွေ၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ဖြစ်နေပြန်တယ်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလိုပါပဲ။

သေချာတာကတော့ ကျမတို့အားလုံးဟာ ဘဝမှာ မက်လုံးတွေနဲ့ နေသားတကျ ဖြစ်နေကြတယ် ဆိုတာပါပဲ။ ငါးမျှားချိတ်ကို ကြိုမြင်ရင် ရှောင်နိုင်တိမ်းနိုင်မှာ ဖြစ်သလို တချို့သော မက်လုံးလေးတွေကိုလည်း မြင်တတ်အောင် ကြည့်ပြီး ရှောင်သင့်တာကို ရှောင်နိုင်ကြမယ်ဆိုရင် ဘဝနဲ့ လောင်းကြေးထပ်တဲ့ အမှားမျိုးတွေ မှားဖို့ရာ မဖြစ်နိုင်တော့ဘူးပေါ့။ မက်လုံးတွေကတော့ ရှိနေမှာပါပဲ။ ဒီနေ့အတွက် အသက်ရှင်နေခြင်းဆိုတာ ပို၍ကောင်းသော မနက်ဖြန် ဆိုတဲ့ မက်လုံးကြောင့်ပဲ မဟုတ်ပါလား...။



Wednesday, September 8, 2010

ကြက်ဥ + ကုလားဟင်း

ဒီဟင်းက ကြက်ဥရယ်၊ အသီးအစုံရယ်၊ ဟင်းအရည်လေးလည်းပါတော့ အောလ်အင်ဝမ်းဟင်း လို့တောင် တင်စားလိုက်ချင်တယ်။ ဒါက အမွှမ်းသက်သက်ပါ။ တကယ်တော့ အသားဟင်း ဆီပြန်တခွက်၊ အရွက်ကြော် တခွက်၊ အရည်တခွက် လုပ်မနေအားတဲ့ အခါ (တော်တော်များများ)မှာ ချက်လေ့ရှိတဲ့ ဟင်းလို့ ပြောရရင် ပိုမှန်မယ်။

ဒါပေမဲ့နော် ကြက်ဥ ကုလားဟင်းဆိုလို့ ပေါ့သေးသေး မမှတ်လိုက်ပါနဲ့။ ကြက်ဥဆိုတာ ပေါ်တုန်းလေး စားရတဲ့ ရာသီစာမို့ ခုလို တခုတ်တရ ချက်ကျွေးတယ် မှတ်ပါ:P

ပုံ ၁. ဟင်းမချက်ရသေးခင် အသီးများ နုစဉ် လှစဉ် ဘဝတုန်းကပေါ့....


ပုံ ၂. ကုလားဟင်းဆိုတာ တခါတုန်းက အသီးတွေပါပဲ....


ပုံ ၃. ♫ ခုတော့ ရှောသွားပြီ ခုတော့ ရှောသွားပြီ...ကြက်ဥ ကုလားဟင်း ဖြစ်သွားပြီ...♫♫
ကြည့်ပါ...အဲသလို ပေါ့ပေါ့ပါးပါး သီချင်းဆိုရင်း ဟင်းလေးတခွက် ကျက်သွားပါပြီ...:P



မချက်ခင် လှီးချွတ်ပြင်ဆင်ရမှာတွေ....

1) ကြက်ဥ အရင် ပြုတ်ထားပါ။ ကျမက ၄လုံးချက်ပါတယ်။ တယောက် ၂လုံးစီ ဝေပုံကျပေါ့...
ကြက်ဥပြုတ် အခွံခွာပြီး ထက်ခြမ်း ခြမ်းရင်ခြမ်း၊ တချို့ကတော့ အနှစ်ထွက်မှာ စိုးလို့ အလုံးလိုက်ကိုပဲ ပတ်တ်လည်မှာ ဓါးရာလေးတွေနဲ့ မွှန်းကြပါတယ်။ ကြက်ဥထဲ အရသာ ဝင်အောင်ပါ။ ကျမကတော့ ထက်ခြမ်းခွဲပြီး ငံပြာရည်လေး နဲနဲ ဖြန်းထားပါတယ်။ ဆား နဲနဲဖြူးလဲ ရပါတယ်။

2)ကြက်သွန်နီ ကြက်သွန်ဖြူ ထောင်းလိုကထောင်း၊ ကြိတ်လိုကကြိတ်၊ ဘလန်ဒါနဲ့ မွှေလိုကမွှေ...အရေးကြီးတာ တစစီ ကြေသွားဖို့...

3) အာလူး အခွံခွာ အတုံးတုံး ဆားလေးနဲ့ ၁၅မိနစ်လောက် နယ်ထားပြီးမှ ရေပြန်ဆေးထားပါ...

4) ခရမ်းချဉ်သီး ၂လုံး ခပ်ကြေကြေ ဖျစ်ထားပါ....

5) ခရမ်းသီး၊ မုန်လာဥနီ၊ ပဲသီး၊ ရုံးပတီသီးတွေ လှီးထားပါ...နိုးရူးလ်ပါ...အတုံး၊ အချောင်း၊ အဝိုင်း၊ လေးထောင့် ကြိုက်သလို တုံးနိုင်ပါတယ်....

6) ဒန့်ဒလွန်သီးကို အခွံနွှာဖို့ အရင်ဆုံး အရှည်လိုက် ဓါးနဲ့ခြစ်ပါ။ အရှည် ၃လက်မခွဲလောက်စီတုံးရင် ဇွန်းနဲ့ ခြစ်ပြီးစားလို့ အတော်ပါပဲ...ဒါပေမဲ့ သဘောပါ တချို့က တိုတို၊ တချို့က ခပ်ရှည်ရှည် တုံးမှ ကြိုက်ကြပါတယ်။ အရပ်ပုသူများ ကိုယ့်အရပ်နဲ့ကိုယ် တိုင်းပြီး တုံးချင်သပဆိုလည်း ရပါတယ်။ ပြေပြေလည်လည်ပေါ့။

7) ငရုတ်သီးတောင့် ၊ နံနံပင် ရေဆေး အသင့်ပြင်ထားပါ...

8) မန်ကျည်းသီး အနှစ်ကို အရည်ဖျော်ထားပါ...

စချက်ပါပြီ...
ဆီနဲနဲပဲ သုံးပါတယ်၊ ဆီ ထမင်းစားဇွန်းနဲ့ ၂ဇွန်းစာရယ်၊ ကြက်သွန်ဖြူနီ ကြိတ်ပြီးသားရယ်၊ ငရုတ်သီး အရာင်တင်မှုန့် ရယ် ငါးပိစိမ်းစား လက်ဖက်ရည်ဇွန်းနဲ့ ၁ဇွန်းစာရယ်၊ ဖျစ်ထားတဲ့ ခရမ်းချဉ်သီးရယ်၊ အာလူးရယ်ကို ချက်မဲ့ ဒယ်အိုးထဲ ထည့်၊ နှံ့အောင်နယ်ပြီး မီးဖိုပေါ် တင်ပါ။ မီးသိတ် မပြင်းပါစေနဲ့။ မကပ်အောင် ဒယ်အိုး လှုပ်ပေးပါ။ မွှေးလာမှ ရေကို အာလူး မြုတ်အောင် ထည့်ပြီး အဖုံးအုပ်ပါ။

**သတိထားရမှာက အာလူး မနူးခင် မန်ကျည်းရည် မထည့်ရပါဘူး။ အာလူးမနူးတော့ပဲ မာဆတ်ဆတ် ဖြစ်နေတတ်ပါတယ်...

အာလူး နူးခါနီးမှာ ဒန့်ဒလွန်သီး၊ မုန်လာဥနီ၊ ခရမ်းသီး၊ ပဲသီးတွေထည့်ပါ။ ရေနဲနဲ ထပ်ထည့် အဖုံးအုပ်ထားပါ။ ခဏပါပဲ နူးတာ သိတ်မြန်ပါတယ်။

ကြက်ဥထည့်ပါ။ မန်ကျည်းရည်ထည့်၊ အချို အငံ လိုတာထည့်ပါ။

ငရုတ်သီး အပွတောင့်ထည့်ပါ။ ဟင်းရည် အနေအထားကို ကြည့်ပြီး ရေလိုသလိုချိန်ထည့်ပါ။ အချဉ်ကြိုက်ရင် မန်ကျည်းရည် ထပ်ထည့်နိုင်ပါတယ်။

ဟင်း ပွက်ပွက်ဆူတာနဲ့ ရုံးပတီသီးထည့်၊ နံနံပင် ထည့်၊ မီးပိတ်ပြီး အဖုံး အုပ်ထားလိုက်ပါ။
၅မိနစ်လောက်ကြာရင် အဖုံးဖွင့် စားနိုင်ပါပြီ။

အသီးတွေ လှီးပြီး ကြက်ဥပြုတ်ပြီးသွားရင် ကျန်တာ ချက်ရတာက သိတ်မြန်ပါတယ်။ ရေးပြနေရတာမှ ကြာပါသေးတယ်။ အစအဆုံး နာရီဝက်လောက် အချိန်ပေးရပါတယ်။

တချို့ကဆို ငါးခြောက်တို့ ကုလားပဲတို့ ထည့်ချက်တတ်ကြပါသေးတယ်။ အဲဒီဟင်းချက်ပြီး ငါးပိရည် မွှေးမွှေးလေးများ ဖျော်လိုက်လို့ကတော့ နှစ်ဇလုံလောက်တော့ အသာလေး ဆွဲပြီးသားပဲ....စိတ်ပါတဲ့တနေ့ ချက်စားကြည့်ကြပါဦးနော်။



Sunday, September 5, 2010

ရွေးချယ်မှုများ

သူ့ကို အရပ်က လူပျိုကြီး ဟု ခေါ်ကြသည်။ သမီးငယ် ၁၀ နှစ်၊ သမီးကြီး ၁၂နှစ် အရွယ်မှာ သူ့ ဇနီး ဆုံးပါးသွားကတည်းက ဒီသမီးနှစ်ယောက် လက်ဆွဲကာ ဘဝခရီးကို ရဲရဲ ဆက်လျောက်ခဲ့သည်။ လုပ်ရည် ကိုင်ရည်လည်း ရှိ၊ အရွယ်လည်း ကောင်း၊ ရုပ်ရည်လည်း ပြေပြစ်၊ အသောက်အစားလည်း ကင်းသော သူ့ကို ပတ်သက်ရာ ပတ်သက်ကြောင်းတွေနှင့် လာ၍ စပ်ဟပ်ကြပါသေးသည်။ သူကတော့ အချစ်နှင့် ပတ်သက်၍ ကောင်းစွာ အလုပ် မလုပ်တော့သော သူ့ နှလုံးသားကို ပိုက်ကာ၊ သမီးလေး နှစ်ယောက် မျက်နှာကို ကြည့်ကာနှင့်ပင် မုဆိုးဖို လူပျိုကြီး လုပ်နေခဲ့တော့သည်။

ခုဆို သမီး နှစ်ယောက်လုံး အရွယ်ရောက်ပြီ။ အိမ်ထောင်ရက်သား ပြုမယ်ဆို ပြုသင့်တဲ့အရွယ်။ သူ့မျက်စေ့ထဲမတော့ ကလေးတွေဟုပင် ထင်နေတုန်း၊ သမီးကညာ အခါမလင့် ဆိုသည်ကလည်း သူ့ရင်ဝကို ဝင် ဝင်ဆောင့် နေသေးသည်။ တနေ့တနေ့ သမီးကလေးများ မသင့်တော်သော လူပေလူတေကလေးများနှင့် တွေ့သွားမလား၊ သူ ဘယ်လိုမှ လက်မခံနိုင်သော လူငယ်ကလေးတွေများ ခေါ်လာပြမလားနှင့် သူ့မှာ အပူလုံး ဆို့နင့်စွာ နေ နေခဲ့ရသည်။

ဒီလိုနှင့် ဖခင် တယောက်၏ လက်ဦးမှုကို ရယူရန် သူကပဲ အကွက် စရွှေ့ခဲ့သည်။ သူ သဘောတွေ့မိသည့် သူ့ ရုံးက အရာရှိငယ်ကလေး မောင်မင်းသန့်ကို ရှာကြံ၍ အိမ်သို့ လွှတ်ကာ တမင် မေ့ထားရစ်ခဲ့သော ဖိုင်တခုကို သွားအယူခိုင်းခဲ့ရာက ဇာတ်လမ်း စ ခဲ့လေသည်။

မောင်မင်းသန့်က တကောင်ကြွက် တမျက်နှာ၊ ကိုယ့်တက်လမ်း ကိုယ်ရှာ၍ ရိုးရိုးကုပ်ကုပ် ကြိုးစား၊ ဘဝကို အေးချမ်းရိုးစင်းစွာ ဖြတ်သန်းနေသူ ပညာတတ် လူငယ်လေး တယောက်။ ဒီကလေးနှင့် ဆိုလျှင် ယောင်နောက် ဆံထုံးပါသွားစရာ မလို၊ သမီး နှစ်ယောက် အရှိ အပြင် သားတယောက်ပါ တိုးလာဦးမည့် အဖြစ်။ ဆိုရသော် ဘယ်ဘက်က လှည့်တွေးတွေး သားရွှေအိုးထမ်းလာသည်ကိုသာ သူ မြင်လေသည်။

တဖြည်းဖြည်းနှင့် မောင်မင်းသန့် နှင့် သမီးကလေး နှစ်ယောက်မှာ မောင်နှမတွေလို တတွဲတွဲ ရှိတတ်လာသည်။ တခါတလေ သုံးယောက်သား စက်ဘီး ထွက်စီးကြ၊ အိမ်မှာပဲ လဘက်သုတ် ရေနွေးကြမ်း နှင့် ဝိုင်းဖွဲ့ စကားပြောကြ၊ ပန်းချီကားတွေ အကြောင်း၊ စာအုပ်တွေ အကြောင်း အပြင် မောင်မင်းသန့် ပြောပြသော နိုင်ငံတကာ ရေးရာ သတင်းများကိုပါ ညီအမနှစ်ယောက် မျက်လုံး အဝိုင်းသားလေးတွေနှင့် နားထောင်တတ်ကြသည်။ သူကတော့ တခါတခါမှ "သမီးရေ ရေနွေးလေးနဲနဲလောက် အဖေ့ ထပ်ဖြည့်ပေးပါဦးကွယ်" ဆိုတာမျိုး၊ "ပြန်တော့မလားကွ ညစာပါ စားသွားပါဦး မင့်ညီမတွေ ချက်ထားတာမှ အများကြီးရယ်" ဆိုတာမျိုးလောက်သာ ခပ်လှမ်းလှမ်းမှ ပြောရင်း လူငယ်တွေ မျက်နှာ အကဲခတ်ရသည်။

သုံးယောက်လုံး၏ မျက်နှာကလေးတွေမှာ ပကတိ ဖြူစင်လွန်းသည်။ တရံတခါတွင်မတော့ သမီးငယ်လေး၏ မျက်နှာပေါ်မှာ မောင်မင်းသန့်အပေါ် အားကိုးလိုစိတ်၊ အထင်ကြီး လေးစားစိတ်တွေ သူ ရိပ်ကနဲ ဖမ်းမိတတ်ပြန်သည်။ မိန်းမတွေ၏ ယောင်္ကျားတယောက်အပေါ် ချစ်မြတ်နိုးလိုမှုသည် ထိုယောကျာင်္းအပေါ် အထင်ကြီးမှုမှ စတင်လေသလား သူ မသိပါ။ သို့သော် အထင်ကြီးခြင်း၊ အထင်သေးခြင်းဟူသည် အထင်ပေါ်၌သာ အခြေခံ၍ လူတယောက်ကို တန်ဘိုးဖြတ်ရာ၌ အစဉ်သဖြင့် မမှန်ကန်နိုင်ကြောင်း သမီးကလေးတွေကို သူ ပြောပြရဦးမည်။

******************************************************

ခုဆို မောင်မင်းသန့် တယောက် သူ့အိမ်ကို ဝင်ထွက်နေတာပဲ နှစ်ပေါက်တော့မည်။ အရပ်ထဲမလည်း စိတ်ဝင်တစား အကြီးမလား၊ အငယ်မနှင့်လား စောင့်ကြည့်ကုန်ကြပြီ။ ဒီအတွက် သူကိုယ်တိုင်မဆိုထားနှင့် ကာယကံရှင်တွေပင် မသိနိုင်သေး။ သူက စခဲ့သော ဇာတ်လမ်းမို့ သူကိုယ်တိုင် လှပစွာ အဆုံးသတ် ပေးသင့်သည်။ အကြီးမဖြစ်စေ၊ အငယ်မဖြစ်စေ သူငယ်လေး၏ ရွေးချယ်မှု၊ သမီးကလေး၏ လက်ခံမှုကို သူ သဘောတူမည်သာ။ ကလေးတွေ အမေ မရှိတော့ကတည်းက သမီးလေးနှစ်ယောက်နဲ့ သူ့ကမ္ဘာလေးကို သူ့ နှလုံးသားနှင့် ပျိုးထောင်ခဲ့ရသည်။ ရှေ့ဆက်ဖို့ အင်အားတွေကို သမီးကလေး နှစ်ယောက် မျက်နှာကြည့်ရင်း ပြန်လည် အားတင်း မွေးမြူခဲ့ရသည်လေ။ တကယ်တမ်းကျတော့ သူ့ရင်ခွင်ထဲက သမီးကလေးတယောက်ကို ခွဲထုတ်ပေးလိုက်ရမှာ အတွေးနှင့်ပင် ဝမ်းနည်းလို့လာသည်။ မျက်လုံးအိမ်တခုလုံး မျက်ရည်များနှင့် ဝေဝေဝါးဝါးကြားမှပင် စိတ်အစဉ်ဝယ် သမီးကလေး နှစ်ယောက်၏ ပုံရိပ်များ ထင်ဟပ်လာခဲ့တော့သည်။

သမီးကြီး ဖူးပွင့်လှိုင်က လှပဖြူဖွေးကာ အမေတူ အလှသွေးကြွယ်သူကလေး၊ ဉာဏ်ရည်ထက်မြက်သော ဆေးကျောင်းသူကလေး ဖြစ်သည်။ သမီးငယ် ထူးတင့်ခိုင်ကျတော့ ဘယ်သူနှင့်မှမတူ အသားညိုစိမ့်စိမ့်ကလေး၊ မျက်လုံး ဝိုင်းဝိုင်းကလေး ကယ်၍သာ ကြည့်ပျော်သည် ဆိုရုံကလေး၊ ငယ်စဉ်ကတည်းက ဉာဏ်နှုံ့နဲကာ ၁၀တန်း နှစ်ခါအကျမှာ ပညာရေးကို ကျောခိုင်း၍ အိမ်မှာပဲ အဖေနှင့် အမအတွက် ဟင်းချက်၊ တဘက်မှလည်း စက်ချုပ်သင်တန်း တက်လိုက်၊ အိမ်တွင်းမှုမှ ဖွင့်သော အစားအသောက် ချက်ပြုတ်နည်း သင်တန်းများတက်လိုက်နှင့် ပျော်နေသူ။ ပြီးတော့ သမီးငယ်ကလေး မွေးကတည်းက ညာခြေထောက်ရှိ ခြေမ၊ ခြေညှိုး နှင့် ခြေခလယ် သုံးချောင်းမှာ အရေပြားက တဆက်တည်းဖြစ်ကာ ရုတ်တရက်ကြည့်လျှင် ခြေချောင်းကလေး သုံးချောင်းထဲ ရှိသလိုပင်။ ညှပ်ဖိနပ် ဝတ်မရဘဲ ကွင်းထိုးနှင့် ရှေ့ပိတ်ဖိနပ်ကလေးများသာ ဝတ်ရရှာသည်။

တမအေ၊ တဖအေထဲမှ မွေးပါသည်ဟု ကျိန်ပြောရလောက်အောင် သမီးကလေးနှစ်ယောက်၏ ရုပ်ရည်ရော၊ ဉာဏ်ရည်ပါ ကွာခြားနေမှုကို ငယ်စဉ်ကပင် သူ သိရှိကာ သမီးငယ်လေးအတွက် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ရသည်။ သမီးငယ်လေး စိတ်ထဲ အတန်းတူ ရွယ်တူ တခြားကလေးများနှင့် ဘာမှမခြားနား၊ အတူတူဟု မြင်တတ်အောင် သူ စိတ်အင်အားတွေ ထည့်ပေးခဲ့ရသည်။ သမီးကြီးကိုလည်း သမီးငယ်လေးကို စာနာတတ်၊ ညှာတာတတ်အောင် သူ သင်ကြားပေးခဲ့သည်ပဲ။

သမီး မိန်းကလေးများ ဖြစ်၍ ဖခင်တယောက်အနေနှင့် တီးတိုးတိုင်ပင်ခြင်း အမှုတွင် မိခင်တယောက်လို မနီးကပ်သော်လည်း အတတ်နိုင်ဆုံး သူပဲအမေ၊ သူပဲအဖေဖြစ်အောင် နေခဲ့လေသည်။ ယုတ်စွအဆုံး သမီးကလေးများ အပျိုဖော်ဝင်၍ ရာသီသွေးပေါ်ချိန် ကြုံတွေ့ရမည့် အခက်အခဲ၊ အပြောင်းအလဲတွေအတွက် သူကိုယ်တိုင် စာအုပ်တွေ ရှာဖတ်ကာ သမီးကလေးများကိုလည်း ဖတ်စေခဲ့သည်။ မရှက်သင့်တာ မရှက်၊ မကြောက်သင့်တာ မကြောက်ရအောင် သိသင့်တာမှန်သမျှ သိစေခဲ့ရသည်။ မိန်းကလေး ပီသ၍ ဗိုင်းကောင်း ကျောက်ဖိဖြစ်စေရန်၊ အိမ်ထောင်မှု မီးဖိုချောင် နိုင်နင်းစေရန် နှင့် လိမ္မာရေးခြား ရှိစေရန် အစစ သွန်သင်ညွှန်ကြားခဲ့ရင်း ဖခင်တန်မဲ့ ကြက်သားအုပ်မကြီးလို အုပ်ထိန်းမွေးမြူခဲ့ရသော သမီးကလေးများပေ။

၁၀တန်းကျတဲ့နှစ်တုန်းက တအိအိ ငိုနေသော သမီးငယ်လေးအား "ပညာဆိုတာ စာသင်ခန်းထဲမှာပဲ ရှိတာမဟုတ်ဘူး သမီးငယ်၊ တိုးတက်ကြီးပွားလိုတဲ့ ဘယ်သူအတွက်မဆို စာသင်ခန်းရဲ့ ပြင်ပမှာလည်း လေ့လာစရာတွေ၊ သိစရာတွေ တပုံကြီး ရှိပါတယ် သမီးငယ်ရယ်" ဟု အားပေးခဲ့ရသည်ကို သူ မှတ်မိသည်။ နောက်တော့လည်း ဝါသနာပါသော အချုပ်အလုပ်၊ အချက်အပြုတ် သင်တန်းတွေမှာ ထူးချွန်သော သမီးငယ်လေးရဲ့ နေ့ရက်များစွာတို့သည် ခါတိုင်းလို နေသားတကျ ဖြစ်ခဲ့သည်ပင်။

အရွယ်ရောက်လာသော သမီးကလေး နှစ်ယောက်အနက် သမီးကြီးအတွက် ပူပင်ရမှုက အနည်းငယ်မျှသာ၊ သမီးကြီး၏ ဉာဏ်ရည်၊ ပညာ နှင့် ရုပ်ရည်တို့က အချိန်တန်သော် သူ့အိုး သူ့အိမ်နှင့် သူ့လမ်းကြောင်းပေါ် သူလျှောက်မည်မှာ သံသယဖြစ်ရန်မလို။ အိမ်ထောင်ဖက် ရွေးချယ်မှု မှန်ကန်ဖို့သာ လိုသည်။ အတိတ်ကံနည်းသော သမီးငယ်လေးအတွက်မူ သူ အမြဲတစေ ပူပင်မိရသည်။ သမီးကြီးအား အိမ်ထောင်မပြုဘဲ သမီးငယ်လေးနှင့်အတူ တသက်လုံး နေပေးဖို့ ပြောဖို့ရန်လည်း ဤမျှလောက် သမီးကြီးအပေါ် မတရားတာမျိုး မလုပ်ချင်ပြန်။

အစကတည်းက ငြိစေလို၍ ကြိုးချင်းထားခဲ့သည်ပဲ...သို့သော် နှစ်ကြိုးထဲက တချောင်းထဲသော ကြိုးကလေးကိုသာ နှလုံးသားနှင့် ရွေးချယ်၍ ငြိခွင့် ရှိသည် ဖြစ်ရာ သူ မစဉ်းစားခဲ့မိသော ရွေးချယ်မှုတခု၊ သူဘာမှ မစွက်ဖက်နိုင်သော ရွေးချယ်မှုတခု၏ အဖြေကို သူ ယခုမှပင် တွေးတော ပူပန်လာမိသည်။ မောင်မင်းသန့် ဘယ်သူ့ကို ရွေးချယ်မှာလဲ...အဖြေကို သိသလိုလိုနှင့် မသိရဲပြန်ချေ။ သည်အတွက် သူ့ရင်ထဲ ထိထိရှရှ ခံစားရလွန်းသည်။ ရွေးချယ်မှုရဲ့ အဖြေအတွက် သမီးငယ်ကလေးရဲ့ နှလုံးသားမှာ ဒဏ်ရာမရစေချင်၊ နိမ့်ပါးသူအဖြစ် အားမငယ်စေချင်တာ အမှန်ပင်။ သို့သော် သူ ဘာမှ မတတ်နိုင်ပါ။

***************************************************

"ဟေ...မောင်မင်းသန့် မင်းဟာ သေချာရဲ့လားကွ"

"ဟုတ် ကျနော် သေချာပါတယ် ဦး"

"ဟေ...အေး ဟုတ်ပါပြီကွာ ဒါနဲ့ မင်း သူ့ကို ဘာကြောင့် ရွေးချယ်ရတာလဲ ဦး သိနိုင်မလား"

"ဟုတ်ကဲ့ ဦး တကယ်တော့ ကျနော် သူတို့ နှစ်ယောက်လုံးအပေါ် မေတ္တာ ရှိပါတယ်"

"ဟေ...ဘယ်လိုကွ မင့်ဟာက..."

"ဒီလိုလေ ဦးရဲ့ လူတွေက ချစ်ခြင်းမေတ္တာရယ်လို့ တွဲသုံးနေကြပေမဲ့ တကယ်တော့ ချစ်ခြင်းက အပြန်အလှန် ရှိတယ်၊ သဘာဝအားဖြင့် ပူလောင်တဲ့ သဘောရှိတယ်။ မေတ္တာ ဆိုတာကျတော့ ပြန်အလာကို မမျှော်လင့်ဘူး၊ အေးမြတဲ့ သဘောဆောင်တယ်လေ...ကျနော်က သူတို့ နှစ်ယောက်လုံးအပေါ် နှမကလေးတွေလို မေတ္တာရှိပါတယ် ဦး ဒါကို ပြောတာပါ...ချစ်ဖို့ ဆိုတဲ့နေရာမှာ ကျနော် တော်တော်နဲ့ ဆုံးဖြတ်မရဘူး ဒါပေမဲ့ အစစ အားငယ်နေတတ်တဲ့ သူ့ကို ကျနော် သနားလာရာက သူ့အပေါ် စောင့်ရှောက်ချင်စိတ် ပေါ်လာတာပဲ ဦးရဲ့၊ ကျနော့် နှလုံးသားကို ကျနော် ပြန်နားထောင် ကြည့်ခဲ့ရတာပေါ့ဗျာ နောက်ဆုံးတော့ ချစ်လို့ကို ချစ်တာပါပဲ ဦးရာ..."

"ဟား ဟား ဟား အေးပါ အေးပါ ဟုတ်ပါပြီ မောင်ရာ မင်းရဲ့ နှလုံးသားက ရွေးချယ်မှုအတွက် ဦး တကယ်ပဲ ဝမ်းသာပါတယ်"

"ဟင် အကို မင်းသန့် ရောက်နေတာကိုး ဖေကြီး ဘာတွေ ဝမ်းသာနေတာလဲ ထူးတို့ကိုလည်း ပြောပြ"

"သမီးတို့ ပြန်လာပြီလား သမီး အကိုကိုသာ မေးကြည့်ပါကွာ ဘာတွေ ဝမ်းသာနေတာလဲလို့"

"အကို မပြန်နဲ့ဦးနော် လဘက်သုတ်ကျွေးမယ်"

"ခရမ်းချဉ်သီးမှ မရှိဘဲ မမဖူးရဲ့ အကိုမင်းသန့်က ခရမ်းချဉ်သီးပါမှ ကြိုက်တာ နော် အကို"

"ဟုတ်လား သမီးငယ် နေ နေ အဖေ လမ်းထိပ် သွားဝယ်လိုက်မယ် မောင်နှမတွေ စကားပြောနေရစ်ကြ"

"သိုင်းကျူးနော် ဖေကြီး ခရမ်းချဉ်သီး ခပ်စိမ်းစိမ်းလေးတွေ ရွေးခဲ့နော်"

"အေး အေး သမီးငယ် ဒါပဲလား ဆီတို့ ဘာတို့ ရှိတယ် မဟုတ်လား"

"ဟုတ် ရှိတယ် ဖေကြီး ဒါပဲ"

စွပ်ကျယ်ပေါ်မှာ အင်္ကျီလေး ကောက်ဝတ်ကာ သူ လမ်းထိပ် ထွက်လာသည်။ သူ့ရင်ထဲ ဝမ်းသာမှုတို့က အတိုင်းထက်အလွန် ဖြစ်သော်လည်း သူ ကောင်းကောင်း နားမလည်နိုင်သေး။ လူဆိုတာ မိမိအတွက် အကောင်းဆုံးတွေပဲ ရွေးချယ်လေ့ရှိတာ မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ်ပါလေ...သမီးငယ်လေးကို ရွေးချယ်ခြင်းအပေါ် ဖခင်တယောက်အနေနှင့် သူ ဝမ်းသာလွန်းနေသည်။

ဆိုင်ရောက်တော့ ဇကာခုံးလေးထဲ ခရမ်းချဉ်သီး ခပ်စိမ်းစိမ်းလေးတွေ ရွေးထည့်နေခိုက် သူ့နံဘေးမှ ဈေးဝယ်သူကဖြင့် ခပ်နီနီရဲရဲ အလုံးလှလှလေးတွေချည်း ရွေးချယ်နေသည်ကို သူ့မျက်လုံးထောင့်မှ တွေ့ရလေသည်။ သူ့ဘေးနား အနောက်ဘက်ဆီမှ နောက်ထပ် ဈေးဝယ်သူ အမျိုးသမီး တယောက် အသံကြောင့် သူ့ကိုယ်ကို ဘေးသို့ အနည်းငယ် ကျုံ့ပေးမိသည်။

"အမရွှေ ညီမ ဖယ်ထားခိုင်းတဲ့ ခရမ်းချဉ်သီးတွေရော"

"ဖယ်ထားပါ့တော် ဒီမှာ..."

ပြောရင်းနှင့် ပလတ်စတစ် ဇလုံလေးထဲမှ ခရမ်းချဉ်သီးများကို ချိန်ခွင်ထဲ ထည့် ချိန်တွယ်လေသည်။ ချိန်ခွင်ထဲက ခရမ်းချဉ်သီးများမှာ ခပ်ပျော့ပျော့တွေ၊ တချို့မှာ တောင်းပိခံထားရသလို အနည်းငယ် ပြားတားတား၊ အားလုံးသော ခရမ်းချဉ်သီးများမှာ အလုံးပုံ ပျက်နေသော ခရမ်းချဉ်သီး များသာ...။ မဟုတ်မှ လွဲရော ခရမ်းချဉ်သီးငါးပိချက် ချက်ဖို့ပဲဖြစ်မည်။ သူတွေးဖြစ်အောင် တွေးလိုက်သေးသည်။ ဒါတွေကျတော့ ဈေးလည်း ပိုသက်သာ၊ ချက်လိုက်တော့လည်း ဟင်းတခွက်ဖြစ်တာချင်း အတူတူပင်။

သူတို့ ဈေးဝယ်သူ သုံးယောက်၏ ရွေးချယ်မှုတွေက ကွဲပြားနေကြပေမဲ့ သူ့နေရာနှင့်သူ အသုံးတည့်ကြသည်သာ။ သို့သော် လက်တွေ့ ဘဝထဲက ရွေးချယ်မှုသည် ခရမ်းချဉ်သီး ရွေးချယ်မှုလိုတော့ လွယ်ကူမည် မဟုတ်ပေ။ ပစ္စည်းနဲ့ ရွေးချယ်သူရဲ့ အကြိုက် အပ်စပ်ဖို့သာ လိုရင်း ဖြစ်လေသည်။ ပြုန်းကျောက်လေး တပွင့်တောင်မှ တန်ဘိုးထားတတ်သူရဲ့ လက်ထဲရောက်ရင် တန်ဘိုးရှိတာပဲ မဟုတ်လား...

သူ ပြုံးမိသည်။ ရွေးချယ်မှု တခုအပေါ် နားလည်သဘောပေါက်စွာ၊ ကြည်နူးနှစ်လိုစွာ အားပါးတရ ပြုံးလိုက်မိလေသည်။




Friday, September 3, 2010

အရှိကို အရှိအတိုင်း

အချက်အပြုတ် ဝါသနာပါတဲ့ ကျမက တနေ့ကျရင် စားသောက်ဆိုင်လေး တဆိုင်ဖွင့်ဖို့ ဆန္ဒ ရှိခဲ့ဖူးတယ်။ ဆိုင်လေးကို စိတ်ကူးထဲမှာ အမျိုးမျိုး ပုံဖော် ကြည့်မိခဲ့တယ်။ ဆိုင်လေးရဲ့ အရောင်ကို လိမ္မော် ဖျော့ဖျော့လေး သုတ်မယ်။ လိမ္မော်ရောင်က လူတွေကို ဆွဲဆောင်နိုင်တယ်လေ။ ပြီးတော့ လိမ္မော် အပူရောင်ထဲမှာ မျက်စိအေးစေမဲ့ ပန်းချီကား စိမ်းစိမ်းစိုစိုလေးတွေ ချိတ်မယ်။ ဆိုင်ထောင့်မှာ အင်ဒိုးသစ်ပင်လေး တပင် ရှိရမယ်။ ပန်းကန်ခွက်ယောက်တွေကိုတော့ ကရင်မ်ရောင်လေးတွေပေါ့။ တပတ်မှာ တရက် စားသုံးသူတွေအတွက် အထူးလျှော့ဈေးနှုန်းလေး ထားပေးမယ်။ အများကြီးပါပဲလေ...ကျမ အသေးစိတ် စဉ်းစားထားခဲ့ဖူးတယ်။

အဓိက အရေးကြီးတာက အစားအသောက်တွေရဲ့ အရသာ...၊ ကျန်းမာရေး အတွက် သင့်တော်ရမယ်။ လူမျိုးမရွေး စားနိုင်ရမယ်။ ဒီတော့ ပုံမှန် အရသာထဲက အချိုလျှော့၊ အငံလျှော့၊ ဆီလျှော့ပြီး ချက်ပြုတ်ရမယ် လို့ ကျမ တွေးတယ်။ မြန်မာ့အစားအစာ ကမ္ဘာက သိစေရမည် ဘာညာ မကြွေးကြော်ရဲပေမဲ့ ကမ္ဘာက သိစေချင်တာလည်း အမှန်ပဲလေ။

ပြီးခဲ့တဲ့ တပတ်က မောင်တယောက်လို ခင်မင်ရတဲ့ ကလေးတယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူ့ရဲ့ ကောင်မလေးက စင်္ကာပူ တရုတ်မလေး...။ အဲဒီ ကောင်မလေးက သူနဲ့အတူ မြန်မာပြည် အလည်လိုက်မှာမို့ ဘယ်တွေ လိုက်ပို့ရင် ကောင်းမလဲ လို့ အကြံတောင်းတာ။ မိုးတွင်းကြီးမို့ ကမ်းခြေတွေ ရှောင်ပြီး သွားဖို့သင့်တော်မဲ့ နေရာလေး တချို့ကို အကြံပေးလိုက်ပါတယ်။ ပြီးတော့ သူက မမေးဘဲ အစားအသောက်နဲ့ ပတ်သက်လို့ ပြောလိုက်မိတာက "စားသောက်ဆိုင်တွေမှာ စားရင် အချိုမှုန့်၊ ငံပြာရည်၊ ဆီတွေ လျှော့ပြီး ချက်ပေးဖို့ပြော" လို့ မှာလိုက်မိသေးတယ်။ စားနေမကျတာမို့ မစားနိုင်မှာ စိုးရိမ်မိတဲ့ အတွက်ပါ။

မောင်လေးက ရယ်လေတယ်။ "အမရယ် မြန်မာပြည်ကို လိုက်လာရင် မြန်မာစာ စားရမှာပေါ့ဗျာ။ မြန်မာ အစားအစာဆိုတာ ဒီအရသာပဲ...ဟိုဟာလျှော့ ဒီဟာလျှော့ ဆိုရင် မြန်မာအစားအစာ စစ်စစ်ရဲ့ အရသာ သူ ဘယ်ရတော့မလဲဗျ" တဲ့...။ ပြောပြော ရယ်ရယ်နဲ့ "ကျေးဇူး အမရေ ဒါပဲနော်" ဆိုပြီး ဖုန်းချသွားခဲ့တယ်။ ကျမမှာသာ တွေးစရာ ရပြီး ကျန်ခဲ့တယ်။

ကျမ အနေနဲ့ ပြောရင် ကြိုက်ရင်စား၊ မကြိုက်ရင် မစားနဲ့လို့ အရှိအတိုင်း ချပြရမှာ စိုးရိမ်မိတယ်။ တခါစားပြီး မစားတော့မှာကိုလည်း မဖြစ်စေချင်ဘူး။ သူကတော့ လူငယ်ပီပီ Take it or leave it ဆိုတဲ့ သဘော။ ခပ်ရဲရဲပဲ။ ဒီနေရာမှာ လူငယ်-လူကြီး ကွဲပြားသွားလို့ ကျမပဲ သတ္တိ ကြောင်လေသလား။ ဒါမှမဟုတ် လူငယ်ပီပီ သူကပဲ အရဲကိုးစိတ် ပိုလေသလား။

တကယ်ကျတော့ ယိုးဒယားစာ၊ ဂျပန်စာ၊ ကိုရီးယားစာ၊ ကုလားစာ နဲ့ ဘိုစာတွေကရော သူ့ ပင်ကိုယ် အရသာအတိုင်း နိုင်ငံတကာထဲ ချပြခဲ့တာပဲ မဟုတ်လား။ ကျမတို့ကရော ဘာလို့ အရှိအတိုင်း မြန်မာ့အစားအစာရယ်လို့ ချမပြနိုင်ရမှာလဲ...။ ကျမ အဲသလို တွေးမိပြန်တယ်။ တချိန်တည်းမှာပဲ တခြားနိုင်ငံက အစားအစာတွေက ဆီနည်း၊ အငံနည်း၊ အချိုမှုန့်လည်း (ကျမသိသလောက်တော့) မသုံးကြတာမို့ နိုင်ငံပေါင်းစုံက လက်ခံနိုင်တာ ဆိုတဲ့ အတွေး ဝင်လာပြန်တယ်။

ကျမရဲ့ စားသောက်ဆိုင်လေးမှာ လိုတိုး ပိုလျှော့လို့ အများကြိုက်ဖြစ်ရေး ချက်ရမလား၊ သူ့ အရသာ ပုံမှန် အတိုင်းပဲ ဒါ မြန်မာ့ အစားအစာဟေ့ လို့ ချပြရမလား...။ ခုထိ တဘက်တည်းကို ဆုံးဖြတ်ချက် မကျပဲ ကျမ တွေဝေနေပြန်တယ်။ အင်း...အသက်ကလေး ရလာတဲ့ သဘော ထင်ပါရဲ့လေ...



Wednesday, September 1, 2010

စည်းကလေးများ အကြောင်း

စည်း လို့ပြောလိုက်တာနဲ့ ပထမဦးဆုံး မြင်မိကြမှာက တားဆီးထားတဲ့ မျဉ်းတကြောင်းကိုပါ။ လူမှာလည်း လူ့စည်း ဘီလူးမှာလည်း ဘီလူးစည်း၊ ကိုယ့် စည်းနဲ့ကိုယ်နေ ဆိုတာမျိုး၊ စည်းမကျော်နဲ့ ဆိုတာမျိုး၊ စည်းကမ်းသည် လူ၏တန်ဘိုး ဆိုတာမျိုး...အိမ်မှာလည်း အိမ်စည်းကမ်း၊ ကျောင်းမှာလည်း ကျောင်းစည်းကမ်း၊ လမ်းတွေ၊ ကားတွေမှာလည်း သူ့စည်းနဲ့သူ...အများကြီးပါပဲ။

နားလည်မိကြတဲ့ အဓိက ဆိုလိုရင်းကတော့ စည်း ဆိုတာ လူ့ဘောင် အသိုင်းအဝန်းက အများသဘောတူ သတ်မှတ်ထားတဲ့ ဘောင်ခတ်မှု တခုသာ ဖြစ်ပါတယ်။ လုံခြုံမှုအတွက်၊ ဘေးကင်းလိုမှု အတွက်၊ သိက္ခာတရားတွေ အတွက် ဘောင်ခတ်ထားရတဲ့ စည်းကလေးတွေ...အဲဒီ စည်းကလေးတွေဟာ တကယ်ပဲ လိုအပ်ပါတယ်။ ရှိသင့်၊ တားသင့်တဲ့ စည်းကလေးများပါပဲ။

ကျမ ပြောချင်တာလည်း စည်းကလေးများ အကြောင်းပါပဲ။ ဒါပေမဲ့ မရှိသင့်၊ မတားသင့်တဲ့ စည်းကလေး အကြောင်းပါ...

ကျမတို့အားလုံး သိတတ်နားလည်စ အရွယ်မှာ ကိုယ့်ကိုယ်ကို ငါ လို့ သိမှတ်ခဲ့ကြတယ်။ ငါ ကလွဲလို့ တခြားသော သူတွေကို မင်း၊ နင်၊ သူ စသဖြင့် ခေါ်ဝေါ်ညွှန်းဆိုစရာ နာမ်စားတွေအဖြစ်နဲ့ သုံးစွဲခဲ့ကြတယ်။ အဲဒီကနေ တဖြေးဖြေး ငါ့အမေ၊ ငါ့အဖေ၊ ငါ့ညီမ၊ ငါ့အကို၊ ငါ့ပစ္စည်းရယ်လို့ ငါ နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုနာမ်စားတွေကို မှတ်သားရင်းနှီး ခဲ့ရပြန်တယ်။ သတိထားကြည့်ရင် အဲသလို တဆင့်တက်ပြီး သက်ရှိ သက်မဲ့ ပိုင်ဆိုင်မှု နာမ်စားတွေ သိမှတ် များပြားလာတာနဲ့ အမျှ မိမိ အတွင်းစိတ်မှာ အတ္တ၊ မာန်၊ မာနတွေ မသိမသာရော သိသိသာသာကြီးပါ စွဲကပ်ခံခဲ့ကြရတော့တာ။

အသေအချာ တွေးကြည့်မိပြန်တော့ မိမိကိုယ်ကို ငါ လို့ သတ်မှတ်ပြီး သူတပါးကို သူ လို့ မှတ်ယူတာ၊ ငါ့မိသားစု သူ့မိသားစုရယ်လို့ ခွဲခြားလိုက်တာ...အဲဒါတွေဟာ သူ နဲ့ ငါ အကြား စည်းကလေး ခြားလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီကနေမှ သူ့ပိုင်ဆိုင်မှု ငါ့ပိုင်ဆိုင်မှု ရယ်လို့ ပိုင်ဆိုင်မှုတွေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ထပ်ဆင့်ခဲ့တော့တာ။ ကြည့်ပါဦး...ငါ ကနေ စလိုက်တဲ့ အတ္တလေးတခုဟာ မာန် မာနတွေ ပါလာကြပြီး နောက်ဆုံးမှာ လောဘ ဒေါသ မောဟ ဆိုတဲ့ ကိလေသာ မီးတောက်ကြီးတွေကို မသိဘဲ ကိုယ်တိုင် မီးထိုးပေးမိနေတဲ့ ဘဝတွေ ဖြစ်လာကြတော့တယ်။

လူ ဆိုတာ ရုပ်နာမ် အစုအဝေးလို့ အားလုံး သိကြပါတယ်။ သို့သော် မမြ ကို ဟဲ့ရုပ်နာမ်မ လို့ ခေါ်ဖို့မှ မဖြစ်နိုင်တာ။ သမုတိသစ္စာအရ မှန်ကန်နေတဲ့အတွက် လူ့ဘောင်လောကထဲမှာ ညွှန်းဆို လွယ်ကူအောင် နာမ်တွေ၊ နာမ်စားတွေ အနေနဲ့ ခွဲခြား ခေါ်ဝေါ် သတ်မှတ် နေကြရဦးမှာပါပဲ။ သူပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ်၊ သက်မဲ့ ရုပ်ဝတ္ထုတွေပဲ ဖြစ်ဖြစ် နာမ်စားတွေသုံးပြီး ခေါ်ဝေါ်နေကြရပေမဲ့ ဒါတွေဟာ ပညတ်မျှသာ ဖြစ်တယ်ဆိုတာ၊ သမုတိသစ္စာ အနေနဲ့သာ မှန်တယ်ဆိုတာ သိကြစေချင်ပါတယ်။

အခေါ်အဝေါ် မတူပဲ ပိုင်းခြား သတ်မှတ်ထားကြလို့သာ အပေါ်ယံ ကွဲပြားနေကြတာ။ ပရမတ္ထသစ္စာအရ တကယ်အမှန် ရှိနေတဲ့ ဖြစ်တည်မှုကဖြင့် အတူတူရယ်ပါ။ အားလုံးဟာ ဒုက္ခသစ္စာကို ပိုင်ပိုင်ကြီး ရရှိထားကြတဲ့ သံသရာ ခရီးသွားချင်း အတူတူ သူငါ ပိုင်းခြား စည်းတားထားကြလို့သာ ရုပ်-နာမ်ချင်းတူတူ တမူးပိုရှုနေကြတော့တာ။

အနမတဂ္ဂသုတ်မှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ရှည်လျားလှသော ဤသံသရာတွင် သတ္တဝါတို့သည် မိမိနှင့် အမျိုးအဆွေ မတော်စပ်ခဲ့ဘူးသောသူ ဟူ၍ မရှိ ဆိုတဲ့အတိုင်းပါပဲ။ သူ ငါ ပိုင်းခြားထားတဲ့ စည်းကလေးတွေကို ဉာဏ်နဲ့ ဖျက်လို့ အားလုံး အတူတူရယ်လို့ တသားတည်း မြင်ကြည့်ကြစေချင်ပါတယ်။ ဒီလိုသာ လူလူချင်း စာနာနားလည်ကြပြီး အရှိအတိုင်း မြင်တတ်ကြမယ်ဆိုရင် သာယာလှပတဲ့ လူ့ဘောင်၊ စစ်ပွဲတွေကင်းဝေး ငြိမ်းအေးတဲ့ ကမ္ဘာ ဖြစ်လာနိုင်မှာ သိတ်ကို သေချာနေတာပါပဲ...



ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...