Saturday, August 28, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၁၀ (အပြီး)

ဘိုဟိုးလ်ကျွန်းကနေ အပြန်ခရီး ဖယ်ရီပေါ်ကနေ ရိုက်ခဲ့တဲ့ ဘိုဟိုးလ်ရဲ့ ညနေဆည်းဆာပါ...


Park Mallမှာ ညစာအတွက် ခေါက်ဆွဲ ဝင်ဝယ်ကြတယ်။ တကယ်တော့ အန်တီဆူဇန်ရဲ့ သမီးက ကျမတို့အတွက် ညစာချက်ထားပြီး အိမ်မှာ အသင့် စောင့်နေခဲ့တာ။ သူ့သမီးက ဟင်း သိတ်မချက်တတ်သူမို့ အန်တီဆူဇန်က ကျမတို့ မစားနိုင်မှာ စိုးရိမ်ပြီး ခေါက်ဆွဲထပ်ဝယ်ရှာတာပါ...



အန်တီ့သမီး မရှယ်လီ ချက်ထားတဲ့ ဟင်းတွေက မဆိုးပါဘူး...ကြက်အသည်းအမြစ်နဲ့ အာလူး မုန်လာဥနီ အချိုချက်....


ကြက်သား-အာလူး ဒါကိုတော့ ငရုတ်သီး အရောင်တင်မှုန့်နဲ့ ချက်ထားတာ၊ ဖိလစ်ပီနိုတွေက ငရုတ်သီး အစပ် မစားကြပါဘူး...ဒါက ကျမတို့ စားတတ်သလို ချက်ပေးထားတာလို့ ဆိုပါတယ်။ ဟင်းချက်သင် လက်ရာမို့ အစပ်အဟပ် မတည့်ပေမဲ့ စေတနာလေးနဲ့ ချက်ထားရှာတာမို့ စားဝင်ပါတယ်လေ...

ယှဉ်ကြည့်ပါ ဒီဟင်းထဲက မုန်လာဥနီကို အပေါ်ကဟင်းလို အကွင်းလေးတွေ မလှီးပဲ အချောင်းကလေးတွေ ပုံပြောင်းလို့ လှီးထားပါတယ်။ စားတဲ့သူတွေ မမှတ်မိအောင် မရှယ်လီက မုန်လာဥနီကို ရုပ်ဖျက်ထားတယ်နဲ့ တူပါရဲ့...:P


ဒါကတော့ ငါးပေါင်းပါ...


အဲဒီ့နေ့ညက စကားကောင်းနေလိုက်တာ ဟိုတယ်အပြန် နောက်ကျပါတယ်... ဒါက ကျမတို့ တည်းခဲ့တဲ့ ဟိုတယ် အခန်းရှေ့ပါ...


ဟိုတယ်ရဲ့ SPAပါ...အရမ်းတန်ပါတယ် လက်သည်း ခြေသည်း လှီးတာကို စလုံး ၅ကျပ်လောက်ပဲ ပေးရတာမို့ ပျော်ပျော်ပါးပါးကြီး လုပ်ခဲ့ပါတယ်...


ကဲ ခပ်တိုတိုတုတ်တုတ်ပဲ သွားကြပါစို့...

ပြန်မဲ့နေ့ မနက် လေဆိပ် ရောက်ပါပြီ...ချက်အင် ပြီးလို့ လေဆိပ်ထဲ လျောက်သွားကြရင်း စားသောက်ဆိုင် တဆိုင်ရှေ့ရောက်တော့ ကျမ မျက်လုံးတွေ ပြာသွားပါတော့တယ်။ စားသူမရှိပဲ လေထဲ မြောက်တက်နေတဲ့ တူတွေ၊ ဇွန်းခရင်းတွေ နဲ့ စားစရာ အမျိုးမျိုးတွေ...ကြံကြံဖန်ဖန် လုပ်လည်းလုပ်ပြတတ်ပါပေ့...


ကြည့်ရတာ အရမ်းကို အသည်းယားတာပဲ...စားစရာတွေကလည်း လုပ်ထားတာ အတော်ပီပြင်တယ်...


ခုမှပဲ တကယ် စားရတော့မှာ...:)လေယာဉ်ပေါ်မှာ ကျမက ခေါက်ဆွဲ၊ သူက ထမင်းစားပါတယ်...


ခက်တာက လေယာဉ်ပေါ်မှာ ကျွေးတဲ့ ခွက်တွေဟာ တဖြည်းဖြည်းသေးလာလိုက်တာ၊ ကျမမှာ ခေါက်ဆွဲပေါင်း ၁၆မျှင်တိတိ ရေတွက်စားပြီးတဲ့နောက် ဗိုက်မဝသေးတဲ့ အဖြစ်...သူက "ထပ်တောင်းလေ...ရတယ် သူတို့ ထပ်ပေးတယ်" တဲ့...ကျမက မယုံလို့ ထပ်မတောင်းပါဘူး။

သူ့စကားများ...နားယောင်လို့ သူ့ တပည့်မ ၂ယောက် အရှက်ကွဲပါရောလား။ "ဆစ်အဲ-silkair ပေါ်မှာ စောင်တွေပေးတယ် ရရင် ညည်းတို့ တောင်းလာခဲ့" လို့ သူ့ တပည့်မတွေကို အချွန်နဲ့ ပင့်လိုက်တာ၊ ဟို ငတုံးမလေး ၂ယောက်က ခပ်တည်တည်နဲ့ လေယာဉ်ပေါ်က စောင်ကြီးတွေ ပိုက်ပြီး အဆင်းမှာ လေယာဉ်မယ်တွေက အိတ်စကျူ့စ်မီ ဆိုပြီး ပြန်တောင်းလို့ ရှက်ရှက်နဲ့ ထားခဲ့ရပါရောလား...

တခါလည်း ကျမတို့ ရန်ကုန် အလည်သွားပြီး စလုံး ပြန်အလာ၊ စလုံးကမိတ်ဆွေက သူရဲ့ အမေကို ကျမတို့နဲ့အတူ ခေါ်လာခဲ့ပေးဖို့ ဆိုပါတယ်။ ဒါနဲ့ ကျမတို့လည်း လေဆိပ်ဆင်းမဲ့ မနက် အဲ့ဒီ အမေကြီးကို သွားဝင်ခေါ်ရပါတယ်။ အမေကြီးရဲ့ ကျန်ခဲ့တဲ့ မြေးမြစ်တွေ မပြီးနိုင်အောင် ဝိုင်းနှုတ်ဆက်နေကြတာ စောင့်တုန်း သူက စကား တခွန်း ဝင်ပြောပါတယ်။ "အမေ အမေ့မြေးတွေနဲ့ စကားဖြတ်တော့ တော်ကြာ နောက်ကျလို့ ထိုင်ခုံမရပဲ လေယာဉ်ပေါ် မတ်တတ်လိုက်နေရဦးမယ်"...တဲ့။ ကျမမှာ မနည်း မျက်နှာပိုး သတ်ရတယ်။

လေယာဉ်ပေါ် အစားအသောက် ကျွေးတော့ ပြောသေးတာ၊ "အမေ စားနော် ဝအောင်စား ဒီထမင်းဖိုး ကျနော်ပဲ စိုက်ထားမယ် ဟိုရောက်မှ အမေ့ သားမက်ဆီက ပြန်တောင်းပေး" တဲ့လေ...။ "ဟယ် ဟုတ်လား အမေ့ဆီလည်း ပိုက်ဆံ အပို မပါဘူး ငါ့သားရဲ့"တဲ့၊ ကျမမှာ မနေသာပဲ "အမေ အလကား သူ အမေ့ကို စ နေတာ ပေးစရာမလိုဘူး" ပြောမှ အဲ့ဒီ အမေကြီးမှာ ရယ်လိုက်တာ...။ "အေး အမေ့ သားမက်ကတော့ မှာလိုက်သား ဒီလူ အစအနောက် သန်တယ်နော် အမေ သူ ပြောတာတွေ မယုံနဲ့" လို့ မှာလိုက်သတဲ့...:P


လေယာဉ် ပြူတင်းပေါက်ကနေ တဆင့် တွေ့ရတဲ့ တိမ်တွေ...


တိမ်တွေဟာ လေကို တည်မှီပြီး ပုံသဏ္ဍန်ပြောင်းတတ်တာမို့ ကျမက မကြိုက်ဘူး...


ရေခဲမြစ်ထဲ ရောက်နေသလိုပဲ....


တိမ်တွေကို မကြိုက်ရတဲ့အထဲ ပို ခိုင်မာစေတဲ့ အဖြစ်တခု ကြုံရသေးတယ်။ စလုံးဆင်းဖို့ မိနစ် ၄၀လောက် အလိုမှာ ရုတ်တရက် ကျမမြင်နေရတဲ့ အဖြူ-အပြာ ရောယှက်နေတဲ့ တိမ်တွေဟာ အဖြူတွေချည်း ဖြစ်သွားပါတယ်။ လေယာဉ်တစင်းလုံး ခါနေပြီး တခုခုကို ထိုးဖောက် ရုန်းထွက်နေရသလို လေယာဉ်မီးတွေလည်း မှိတ်လိုက်ပါတော့တယ်။ ဘေးဘယ်ညာ ပြူတင်းပေါက်တွေကို ကြည့်လိုက်တော့လည်း နှစ်ဘက်လုံးမှာ မြင်နေရတာက ဖြူညစ်ညစ် အရောင် ပိန်းလိုက်ကြီးတွေ...။ လေယာဉ်ဟာ မရှောင်လွှဲနိုင်တဲ့ တိမ်ထု ထူထူကြီးတွေထဲ ဖြတ်သန်း မောင်းနှင်ခဲ့ရတာ။ ရတနာသုံးပါး ဂုဏ်ကျေးဇူးကို မပြတ် သတိရနေရင်း ကိုယ့်ကိုကိုယ်လည်း သရဏဂုံ အပြီးတင်ထားလိုက်ပါတော့တယ်...

ကျမ မှတ်ထားတာ ကြာမြင့်ချိန် ၁၅မိနစ်နီးပါး ရှိပါတယ်။ တိမ်ထုထဲက လွတ်မြောက်လို့ မြင်ကွင်းတွေ ခပ်ရေးရေး ပြန်မြင်ရမှပဲ စိတ်အေးရတာ။ ခရီးသွားတာမှ မဟုတ်ပါဘူးလေ ဘယ်မှာနေနေ သူ့အချိန်ရောက်လာရင် သေခြင်းတရားဆိုတာ ရှောင်လွှဲလို့ မရနိုင်တာပါ။ စလုံးမြေကို လေယာဉ်ဘီးချမှပဲ ရှင်သန်ခြင်းဆိုတာကို လက်ထဲ လုံးလုံးလျားလျား ပြန်ရလိုက်သလို ခံစားရတော့တယ်။ ဘာပဲ ဖြစ်နေနေ ကျမကတော့ ခရီးသွားနေဦးမှာပါလေ...



16 comments:

:P said...

တိမ်ပုံတွေ သိပ်လှတာပဲ..အစ်မရေ...........။

Anonymous said...

nice ! thanks for ur sharing Aunty !

sonata-cantata said...

ဟင်းချက်သင် လက်ရာမို့ အစပ်အဟပ် မတည့်ပေမဲ့ စေတနာလေးနဲ့ ချက်ထားရှာတာမို့
ဝတ်ကျေတန်းကျေ မဟုတ်တဲ့ စေတနာကို နွေးနွေးထွေးထွေး ခံစားလိုက်မိတယ်။

မှတ်မိသလောက် လေယာဉ် စလုံးနား ရောက်ခါနီးရင် အဲ့လိုဖြစ်တတ်တယ်နော်
တိမ်ထူထပ်တဲ့ ကျွန်းလေးပဲ

ညီမလေး said...

ဓါတ်ပုံတွေက လှလိုက်တာ

အပြုံးပန်း said...

တိမ်တွေ သိပ်လှတယ်၊
တိမ်ပေါ်မှာ နေရတာ ကြိုက်တယ်။
ဘယ်ကို သွားအုံးမှာလဲ၊
ခရီးသွားရတာ ပျော်စရာနော်၊

ရွှေရတုမှတ်တမ်း said...

မယ်ချစ်တောင် မယ်သက်နဲ့ပေါင်းပြီး ၂ကျပ်ခွဲတန်တွေနဲ့များ.. ဓါတ်ပုံရိုက်နေသလား...

SHWE ZIN U said...

ဇာတ်သိမ်းခန်း လေး ဖတ်သွားပြီ ကြည်အေးရေ စားသူမရှိဘဲ အစားတွေ စားနေတဲ့ပုံတွေက မိုက်တယ်

ခင်တဲ့
ရွှေစင်ဦး

su su said...

ဟင်...‌ခေါက်ဆွဲက ၁၆ မျှင်ကြီးများ‌တောင်လား..။ပုံထဲမှာကြည့်ရတာ
သ‌ဘော်ချည်တဲ့အုန်းဆြံကိုးကြီးများလားလို့......းP

TZA said...

ဟားဟား.. တိမ်ကိုမကြိုက်တဲ့လူက ခပ်ရှားရှားရယ်..

Kay said...

ကဲကဲ..ဆီဗူး က..ပြန်ရောက်ပြီ... ကျမ တို့ ဖို့ ဘာတွေ ပါလဲ...။ ထုတ်...ပါတာ အကုန်..

မောင်မျိုး said...

အပေါ်ဆုံးက တိမ်တွေက အဆုပ်လိုက်တွေကြီးကော လှလိုက်တာ လေယာဉ်စီးဖူးချင်တယ် တိမ်တွေကို သေချာမြင်ဖူးချင်လို့

ယွန်း said...

မရေ..တိမ်တွေ မကြိုက်တာခြင်းတော့ တူသွားပြီ...လှတာတော့ တော်တော် လှတယ်နော်..

သက်ဝေ said...

အဟဲ... ဟို အကောင်ရှည်မပါတဲ့ ပိုစ့်မို့ အေးအေးဆေးဆေး ဓါတ်ပုံတွေကြည့် စာတွေဖတ် စားစရာတွေငေးနဲ့...
တိမ်တွေက သိပ်လှတာပဲ... လေယူရာ ပါသွာတတ်တာတခုပဲ ဆိုးနေတာ...

ဒါနဲ့ မကေ က ပါတာ အကုန် ထုတ် ဆိုပါလား...
မှားတော့မယ် ထင်တယ်...း))

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ.. ညီမတော့ လေယာဉ်စီးတဲ့အခါ တိမ်တွေကိုကြည့်ရတဲ့ အရသာနဲ့ အောက်က မြေပြင်ရှုခင်းတွေကို ကြည့်ရတာ ရင်ခုန်စိတ်လှုပ်ရှားမိတယ်.. အဲဒီအရသာကိုလည်း သဘောကျမိတယ်.. ခုလဲ အစ်မရိုက်လာတဲ့ဓာတ်ပုံထဲက တိမ်တွေက လှလိုက်တာ
ကြည့်လိုသိပ်ကောင်းတာဘဲ

ဲချော(အစိမ်းရောင်လွင်ပြင်)

အင်ကြင်းသန့် said...

ဟုတ်ပါရဲ့ ....တိမ်ပုံတွေကိုရိုက်လာတာ တကယ့်ကို ရှားရှားပါးပါးပါပဲ.... :)

ဇွန်မိုးစက် said...

အစ်မရေ...ဇွန်က တိမ်နဲ့ကောင်းကင်ပြာကို သိပ်ချစ်တာ။ ရေခဲမြစ်တိမ်တွေကို သိပ်ကြိုက်တာပဲ။ တိမ်ပါတဲ့ စာတစ်ပုဒ်ရေးဖို့ရှိတယ်။ စာကရှည်မှာမို့ ရေးဖို့ ခုကတည်းက အားမွေးနေရတယ်။ :D

လေထဲမြောက်နေတဲ့ တူတွေ ခရင်းတွေ သိပ်မိုက်တာပဲ။

“ဘယ်မှာနေနေ သူ့အချိန်ရောက်လာရင် သေခြင်းတရားဆိုတာ ရှောင်လွှဲလို့ မရနိုင်တာပါ။ စလုံးမြေကို လေယာဉ်ဘီးချမှပဲ ရှင်သန်ခြင်းဆိုတာကို လက်ထဲ လုံးလုံးလျားလျား ပြန်ရလိုက်သလို ခံစားရတော့တယ်။” .... ထပ်တူခံစားဖူးတယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်