Sunday, August 15, 2010

အစွဲ


ဘယ်မှာနေနေ၊ ဘယ်ကိုရောက်ရောက် သစ်ပင်တပင် မဖြစ်မနေ စိုက်ဖို့ ကျုပ်မှာ တာဝန်ရှိတယ်။ ဟုတ်တယ်...ကျုပ်ယောင်္ကျား ကိုထွန်းရီက ကျောယားတတ်တယ်....။

**************************

ကိုထွန်းရီနဲ့ ကျုပ် အသက် ၁၆နှစ် တိတိ ကွာတယ်။ သူ့မိဘတွေ ကျုပ်တို့အိမ်လာပြီး အဘနဲ့ အမဆီ ကျုပ်ကို လာတောင်းရမ်းတုန်းက မြင်မြင်ချင်း ချစ်တယ် ကြိုက်တယ်လည်းမဟုတ်၊ ရင်ခုန်တယ် ဘာရယ်လည်း မဖြစ်ခဲ့ပေါင်။ ခက်တာက ကျုပ်မှာ အဲဒီအချိန်က အမတို့ မေးတိုင်း ဘုရာစူးပါရဲ့ ရည်ငံနေသူ မရှိရပေါင်တော် လို့ အမြဲ ပြန်ဖြေခဲ့တာချည်း။ ကျုပ်အသက် ၂၅ လည်း ကျော်လာပြီ ဆိုတော့ကာ မိဘတွေ စိတ်ပူမယ်ဆိုလည်း ပူစရာ၊ အနောက်ပိုင်းက ကျုပ်သူငယ်ချင်း မြစိန်တောင် ကလေး ၃ယောက် မွေးပြီးနေပြီကိုး...။

ရည်ငံသူ မရှိဆို ဘယ်သွားသွား အမေကြီး (ကြီးတော် အပျိုကြီး)က ကန့်လန့် ကန့်လန့်ကိုး၊ ဒီတော့ ကာလသားတွေနှယ် အဝေးကနေ ချောင်းကြည့် ပြုံးပြန်လောက် လုပ်ရဲကြရှာတာ။ ကိုထွန်းရီက မဆိုးပါဘူး ညိုမောင်းမောင်းနဲ့ အရပ်မားမားနဲ့ ၊ အရှေ့ဖျားက ရွှေပန်းထိမ်ဆရာသား ရွှေရူးထက်တော့ အပုံကြီး သာတယ်။ ပန်းထိမ်ဆရာသားပီပီ ရွှေတွေ အပြည့်ဝတ်ထားပေမဲ့ ရုပ်ကဖြင့် ကျောက်ကျောရေပက်၊ လိပ်ကျော ကြောင်ကော် ပြောင်ချော်ချော်ရယ်။

အမူလွန်သွားမှဖြင့် အမတို့နား ကပ်ပြီး နားသွင်းနေတဲ့ ရွှေရူးမိဘများကြောင့် ရွှေရူးနဲ့ ပေးစားလိုက်မှာလည်း စိုးရသေး။ ဒါနဲ့ပဲ မိဘတွေလည်း ကျေနပ်စေ၊ ရွှေရူးနဲ့လည်းလွဲစေ ဆိုပြီး ကိုထွန်းရီကို ခေါင်းညိမ့်ခဲ့တာ။ ရပြီးတော့လည်း ကိုထွန်းရီမယ် မဆိုးရှာပါဘူး အတော် ဂရုစိုက်ရှာတာ၊ မယားငယ်ငယ်လေး ရထားတော့ မျက်စိအောက်က အပျောက်မခံဘူး။ ဘာလိုချင် လိုချင် ချက်ချင်း ဖြည့်ဆည်းပေးတာပဲ။ ကျုပ်တို့က မိဘတွေ အိမ်ဝိုင်းဘေးက မြေကွက်မှာ ပျဉ်ထောင် သက်ကယ်မိုး အိမ်ကလေးဆောက်လို့ နေကြတယ်။

ကိုထွန်းရီခမျာ ကလေးရူးမို့ လိုချင်လှပါတယ်ဆိုမှ ပထမကိုယ်ဝန်ရော ဒုတိယကိုယ်ဝန်ပါ ပျက်ကျတဲ့အဖြစ်နဲ့ ကြုံရတော့တယ်။ ဝမ်းနဲ့ ၃-၄လ နီးပါး လွယ်ခဲ့ရတဲ့မိခင်ထက် သူက ပိုခံစားနေတာ ငိုကြီးချက်မနဲ့ရယ်လေ။ ဒါနဲ့ ကလေးမရနိုင်တော့တဲ့ ကျုပ်ကိုပဲ ဇနီး၊ ကျုပ်ကိုပဲ သမီးလုပ် ချစ်ရှာခဲ့တော့တယ်။ လယ်ဧကများစွာပိုင်တဲ့ မိဘများက သူတို့ပိုင်လယ်ကို တဝက်ခွဲပေးပေမဲ့ ကိုထွန်းရီက အခွဲမခံဘဲ မိဘများနဲ့ တစီးပွါးတည်း ဖိဖိစီးစီး လုပ်ကိုင်ခဲ့တာ ကိုထွန်းရီလက်ထက်မှာ စီးပွားက အရင်ကထက် နှစ်ဆတိုးတယ်။ သူကတော့ ကျုပ်ကို သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းလို့ သက်တောင့် သက်သာ နေစေချင်တာ နို့ပေတဲ့ ကျုပ်ကလည်း ဒီတိုင်းနေရမှာ ပျင်းစရာမို့ ဈေးကြီးထဲက ညှပ်ထည်လေးတွေ အိမ်ယူပြီး ချုပ်တယ်။ ပြောရရင်တော့ လင်မယား နှစ်ယောက် ဝမ်းဝ ခါးလှတာ ထက်တောင် ပိုတယ်လို့ ပြောရမှာပဲ...။

*************************

အတူတူနေမှ ကိုထွန်းရီရဲ့ အကျင့်တခုကို သိလာရတယ်။ အဲဒါက တချိန်လုံး ကျောယားတတ်ပြီး ကျောကုတ်နေတတ်တာပဲ။ လယ်ထဲမဆင်းလို့ သူအိမ်မှာနေချိန် ပျောက်နေလို့များ တခြားသွားမရှာနဲ့ ခြံထဲက အပင်တပင်ပင် အောက်မှာ သူ ရှိနေလိမ့်မယ်။ အပင်ရဲ့ ပင်စည်ကို ကျောနဲ့ သာသာ ပွတ်တိုက်ရင်း အယားဖြေသတဲ့။ အဲဒါ သူ့အကြိုက်ပဲ၊ သူ့အတွက် နတ်စည်းဇိမ်ပဲ။ သူ့ကျောပဲ မပွန်းမရှ၊ သားရေတွေများ အုပ်ထားသလားတောင် ထင်မိတယ်။ အဝတ်ကောင်း မဝတ်ရ၊ အစားကောင်း မစားရ နေပါစေ၊ အဲသလို ကျောကုတ် ဇိမ်ခံနေရတာကပဲ သူ့အတွက် တကမ္ဘာ။ ညညတွေဆို အိပ်ရာထဲ တရေးနိုးကြီး...

"ဟ ဟ မယ်ခင်လှရဲ့ ထစမ်းပါ ကုတ်စမ်းပါဟ အေး အေး ညာဘက် နဲနဲရွှေ့ အောက်လေး နဲနဲဆင်း အေး အဲဒီ့နား အဲဒီ့နား"

"နဲနဲဖိကုတ်စမ်းပါဟ ညည်းလက်ကလည်း ရွရွ ရွရွနဲ့ "

ကျုပ်မလည်း အိပ်ချင်မူးတူးနဲ့ မျက်စိနှစ်လုံး မဖွင့်ပဲ သူ့ကျော ကုတ်ပေးနေရတာက ညစဉ်လိုလိုရယ်။ ကြာလာတော့ တချို့ညတွေ သူနှိုးပြီး မကုတ်ခိုင်းရင်တောင် ကျောပေးပြီး တဘက်စောင်း အိပ်နေတဲ့ သူ့ကျောပေါ် လက်က ရောက်ရောက်သွားတတ်သေးတာ။

တခါတော့ သူကျောယားတတ်မှန်း သိတဲ့ အရှေ့ဖျားက သူ့သူငယ်ချင်း ကိုသောင်းစိန်က ခရီးသွားအပြန် လက်ဆောင်တခု ဝယ်လာတယ်။ နာမည်ကလည်း အတော်ရယ်ရသား နောက်မယားလို့ ခေါ်သတဲ့။ ထိပ်မှာ လက်ငါးချောင်း ကုပ်ကုပ်လေးလို ပုံထွင်းထားတဲ့ ကျောကုတ်တံလေး တချောင်းရယ်။

ဘာပြောကောင်းမလဲ အဲဒါ ရလိုက်တဲ့နေ့ကတည်းက အဲဒီ့ကုတ်တံကို သူ့လက်က မချတော့ဘူး။ နေ့ခင်းနေ့လည်ရော၊ ညဘက်ရော အဲဒီ့ နောက်မယားနဲ့ အဆင်ကိုပြေလို့။ မျက်နှာကြီးကလည်း ပြုံးဖြီးဖြီးနဲ့ ဇိမ်ခံကောင်းနေပုံများ...။ ကျုပ်ကတော့ ညညဆို အိပ်ပျက် သက်သာသွားလို့ ကြိတ်ဝမ်းသာရသေး။

ဒါနဲ့ တချို့ သူငယ်ချင်းတွေကလည်း မြို့ပြန်လက်ဆောင်ကို ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ အဲသလို ကုတ်တံတွေချည်း လက်ဆောင် ဝယ် ဝယ်လာကြတာ ခုဆို အားလုံးပေါင်း သုံးချောင်းရှိပြီ။ ဒါပေသိ ကိုထွန်းရီက နောက်ဟာတွေကို မကြိုက်ဘူး။ မူလပထမ ကုတ်တံအဟောင်းကိုပဲ ကြိုက်သတဲ့။ သူ ပြောတာကတော့ အဲဒီ့ ကုတ်တံကမှ လူရဲ့ လက်ချောင်းတွေရဲ့ နွေးထွေးမှု ရှိသတဲ့။ လူ့လက်သည်းတွေနဲ့ တူသတဲ့။ လူ ကုတ်ပေးသလို အယားပြေသတဲ့။

လက်ကိုင်အရင်းနားမှာ ထွန်းလို့ စာလုံး ထွင်းထားလိုက်သေးတယ်။ စားစား သွားသွား အဲဒီ့ ကုတ်တံ လက်က မချဘူး။ အိပ်ရင်လည်း အိပ်ရာဘေးနား ထားအိပ်တာ၊ ကုန်ကုန်ပြောရရင် အပေါ့အပါးသွားဖို့ နောက်ဖေးထွက်ရင်တောင် လက်က ကိုင်သွားတာ။ အဖြစ်သည်း သည်းနိုင်လွန်းတယ်။ ကြာလာတော့ ကျုပ်နဲ့ ကိုထွန်းရီကြား အဲဒီ့ကုတ်တံက ကန့်လန့်လို့ မြင်လာတယ်။ ကျုပ်ထက် အဲဒီ့ကုတ်တံကို ပိုချစ်တယ်လို့ ထင်လာတယ်။ ကျုပ်တို့ မိန်းမတွေများ သဝန်တိုစရာ ရှားလွန်းလို့ လို့ ပြောချင်လည်း ပြောပါတော့...

**************************

တညတော့ အမြင်ကတ်ကတ် ရှိတာနဲ့ သူ အိပ်ပျော်နေတုန်း သူ့ကုတ်တံ ဖွက်ထားလိုက်တယ်။ မနက်လင်းလို့ နိုးလည်းလာရော ကိုထွန်းရီရယ် သူ့ကုတ်တံ ပျောက်နေတာ သိသွားပြီး တအိမ်လုံး ဒေါင်းတောက်သလို ရှာတော့တာပဲ။ အရူးတယောက်နဲ့ပဲ တူနေသေးရဲ့။ မျက်လုံးကြီးပြူးပြီး "ငါ့ကုတ်တံရော...မယ်ခင်လှ ငါ့ကုတ်တံ ဘယ်မလဲ" နဲ့ အကြိမ်ကြိမ် မေးလိုက်၊ အိမ်ထဲ ဝင်လိုက်၊ အိမ်ပြင် ထွက်လိုက်နဲ့ ယောက်ယက်ခတ်နေတာ။ ကျုပ်မှာ သနားလည်း သနား၊ ရယ်လည်းရယ်ချင်လာတာနဲ့ပဲ သူ့ကုတ်တံ သူ့ ပြန်ပေးလိုက်တော့တယ်။

အဲဒီကတည်းက သူ့ကုတ်တံကို မျက်စေ့အောက်က အပျောက်မခံနိုင်လောက်အောင် ပို အဖြစ်သည်းလာတယ်။ တချိန်လုံး အဲဒီ့ ကုတ်တံနဲ့ ကျောကုတ်နေတော့တာပဲ။ နောက်တညကျတော့ သူ ကျောကုတ်ဖို့ ကုတ်တံ ရှာမတွေ့ပဲ ဖြစ်နေပြန်တယ်။

"ဟဲ့ ဟဲ့ ငါ့ကုတ်တံ ဘယ်မလဲ ငါ့ကုတ်တံ မယ်ခင်လှ ငါ့ကုတ်တံ ဖွက်ထားပြန်ပြီလားဟင်"

"ကျုပ် မဖွက်ရပေါင်တော် ရှင့်နှယ် တခါခိုးဖူး အခါခါ သူခိုး ထင်နေရော့လား"

"ဒါဆိုဘယ်မလဲ ဟင် ငါ့ကုတ်တံ ငါ့ကုတ်တံရော...အံမာလေး ယားလိုက်တာ ကျောထဲက ယားလိုက်တာ ကုတ်စမ်းပါအုံးဟ မယ်ခင်လှရဲ့ နာနာကုတ်စမ်းပါ"

"ကုတ်နေတာပဲတော် ကိုထွန်းရီနှယ်"

"ဟာကွာ မင်း ကုတ်နေပုံက အယား မပြေလိုက်တာ လူ့ လက်မဟုတ်သလိုပဲ"

ဘုရား ဘုရား ကိုထွန်းရီနှယ် ရူးများ ရူးသွားလေရော့လား လူကုတ်ပေးတာကို လူ့လက်လို့ မထင်ပဲ သူ့ကုတ်တံကိုမှ လူတယောက်ရဲ့လက်လို့ ထင်နေလိုက်ပုံများ....။ ခက်ပဲ ခက်ရချည့်။ ခမျာ မခံချိ မခံသာ တလူးလူး တလိမ့်လိမ့်နဲ့ အတော်ကြာမှ အိပ်ပျော်သွားရှာတယ်။ အဲဒီညက စလို့ ညညတွေ အအိပ်နည်းလာတယ်။ အအိပ်နည်းတော့ အစားပါနည်းလာတော့တာ။ သူ့ကုတ်တံ ပျောက်အပြီး ရက်အတန်ကြာ ညတညမှာ ခါတိုင်းညတွေလိုပဲ ကုတ်ပေးရ၊ သူလည်း မအိပ်နိုင်ပဲ ယားလိုက်တာ ယားလိုက်တာနဲ့ ညည်းညူရင်း သက်ကြီးခေါင်းချချိန် ကျော်လောက်မှ အိပ်သွားရှာတယ်။

ကျုပ်လည်း ခါတိုင်းလိုပဲ မနက် ၅နာရီခွဲတာနဲ့ ဆွမ်းထချက်၊ ဘုရားသောက်တော်ရေကပ် ပြီးတော့ မနက်စာ ပဲရေပွလေး၊ ငါးခြောက်ဖုတ်လေး ဆီဆမ်းပြီး ထမင်းကြမ်းခဲနဲ့ စားဖို့ အကြမ်းရည်လေးပါ တည်ရင်း စောင့်နေလိုက်တယ်။ ခါတိုင်းဆို ကျုပ် ဘုရားဆွမ်းတော် ပြင်ချိန်ဆို ကိုထွန်းရီက မျက်နှာသစ် ပြီးနေပြီ။ "မယ်ခင်လှရဲ့ ငါ ဆာပဟ" လို့ မီးဖိုချောင်ထဲ လာပြောနေကျ...ခုဖြင့် နေတောင် ထွက်တော့မယ်။ ညက အိပ်မပျော်ဘူး ထင်ပါရဲ့။ အချိန်အတော် စောင့်ပြီးမှ ထရံကာထားတဲ့ အတွင်းခန်းလေးထဲ ဝင်ပြီး နိုးဖို့ လုပ်ရတော့တယ်။

"ကိုထွန်းရီ တော့် ကိုထွန်းရီ ထတော့လေ..."

အသံလည်း ပြန်မထူး၊ လူးလွန့်ဟန်လည်း မပြတာနဲ့ အနားတိုးသွားပြီး လှုပ်အနှိုးမှာ...လားလား အေးစက်တောင့်တင်းနေတဲ့ ကိုထွန်းရီရဲ့ ခန္ဓာကိုယ်ကို စမ်းမိရက်သား ဖြစ်နေတယ်။ နှာဝနား လက်ဖဝါးတေ့ကြည့်မိပြန်တော့ သေချာပါပြီ ကိုထွန်းရီ အသက်မရှိတော့ဘူး။ ကျုပ် တကိုယ်လုံးလည်း မြွေများ အညှို့ခံထားရသလို ငုတ်တုတ်မေ့နေတယ်။ ကွမ်းတယာညက်လောက်အကြာ လယ်ထဲဆင်းဖို့ လာခေါ်သူတွေ အသံကြားမှ အိမ်ရှေ့ကပြင် ထွက်ပြီး တိုးတိုးလေး သူတို့ကို ပြောပြလိုက်တယ်။

"ကိုထွန်းရီ ဆုံးပြီ"

*****************************

ဒီနေ့ဆို ကိုထွန်းရီအလောင်း မြေကျလို့ ၆ရက်မြောက်တဲ့နေ့။ မနက်ဖြန်ဆို ရက်လည် မုန့်ဟင်းခါးကျွေးမဲ့နေ့။ ညညတွေဆို ကျုပ်တယောက်ထဲ အိပ်ရာဘေးက ထ ထ ဆိုပြီး ကုတ်ခိုင်းမဲ့ လူကြီးကို အသံတိတ် သတိတွေ ရနေမိပြီ။ သူ့အခေါင်းထဲကို သူသိတ်စွဲလန်းတဲ့ ကုတ်တံလေး ထည့်ပေးလိုက်ချင်ပေမဲ့ ရှာမတွေ့နိုင်လို့ မထည့်ပေးခဲ့ရဘူး။ အို...ဒါတွေဟာ အစွဲအလန်း သက်သက်ပါလေ။ ကျုပ် ထည့်ပေးလိုက်ရင်ရော သူ ယူသွားနိုင်မှာမို့လား။ တွေးရင်း ကျုပ် ပြုံးမိသေးတယ်။

"အမ အမခင်လှ ငိုချင် ငိုချလိုက်နော် တင်းမထားနဲ့ သိလား ငိုချ ငိုချလိုက်"

ချက်ရေးပြုတ်ရေး လုပ်ကူနေတဲ့ ညီမငယ်တယောက်က အိမ်ထဲဝင်လာရင်း ငူငူကြီး ပြုံးနေတဲ့ ကျုပ်ကို အတွေ့မှာ ရူးများသွားပြီလား ဆိုတဲ့စိတ်အပူနဲ့ ကျုပ်ကို ဖွင့်ငိုချ ခိုင်းတာ။

"အမ အကို ထွန်းရီ သေတ္တာ ရှင်းရင်း ဒီကုတ်တံလေးတွေ့လို့ အမကို လာပေးတာ"

အို...အဲဒါ သူ ရှာနေခဲ့တဲ့ ကုတ်တံလေးပေါ့...လက်က လှမ်းယူရင်း မျက်လုံးတွေကတော့ ကုတ်တံ အရင်းလက်ကိုင်က ထွန်း ဆိုတဲ့ ထွင်းစာလုံးကို ငေးကြည့်နေမိတယ်။ အားလုံးက ငိုချလိုက် ဆိုပေမဲ့ ကိုထွန်းရီ အလောင်း မြေကျကတည်းက ခုချိန်ထိ ကျုပ် မျက်ရည် မကျသေးဘူး။ ရင်ထဲမှာ ဆို့နင့်နင့်ကြီး ဖြစ်နေတာပဲ သိတယ်။ မျက်ရည်တွေကတော့ ထွက်ကျ မလာခဲ့သေးဘူး။ ဟာတာတာနဲ့ အသိစိတ်ကင်းမဲ့ပြီး လူနဲ့စိတ် တခြားစီ။ ဝမ်းနည်းနေပေမဲ့ ဘယ်လို ငိုချလိုက်ရမှာလဲ ကျုပ် မသိဘူးရယ်။

ညညဆို အိပ်မက်များ လာပေးမလား၊ ဒီအစွဲကြောင့် မကျွတ်မလွတ်ပဲ ထင်သာမြင်သာ ဖြစ်အောင်များ လာပြမလားရယ်လို့ မအိပ်ပဲ စောင့်ခဲ့ရတဲ့ ညတွေ...။ ဒီညလည်း သူ လာလေမလားရယ်လို့ စောင့်ရအုံးမှာ... စောင့်နေအုံးမှာပါပဲ။
ပြန်ရှာတွေ့တဲ့ ကုတ်တံလေးကို ကိုထွန်းရီ ခေါင်းအုံးပေါ် ကန့်လန့်ဖြတ် တင်လို့။ ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို အစွမ်းကုန် အားတင်းပြီး ဖွင့်ထားရက်က အားအင်မဲ့ ခန္ဓာကိုယ်ဟာ အနားပေးဖို့ လိုအပ်လာတယ် ထင်ရဲ့။ မှေးကနဲ အိပ်ပျော် သွားလိုက်တာ အပြင်က လူတွေ ဆရာတော်ကို အာရုံဆွမ်း ကပ်ဖို့ ပြင်ဆင်နေသံ ကြားမှပဲ နိုးလာတော့တယ်။

ဒါနဲ့ ကမန်းကတန်း လူးလဲထ၊ မျက်နှာလေး သစ်၊ ယောဂီတဘက်လေး ပုခုံးပေါ်တင်လို့ အပြင်ခန်းကို ထွက်မယ် အလုပ်...မျက်လုံးက ဝေ့ကနဲ ကိုထွန်းရီ ခေါင်းအုံးပေါ် ရောက်သွားတယ်။ ကျုပ် တကိုယ်လုံး ခေါင်းကနေ ခြေဖျားအထိ ကြက်သီးမွှေးညင်းတွေ ထောင်ကနဲ ထသွားတယ်။ မျက်စိများ မှားသလား အသေအချာ ပြန်ကြည့်တယ်။ တကယ်...တကယ် မရှိတော့ဘူး...ခေါင်းအုံးပေါ် တင်ထားတဲ့ ကုတ်တံလေး...မရှိတော့ဘူး။

ကိုထွန်းရီ....
ကိုထွန်းရီရယ်...ရှင် လာခဲ့သလား...ရှင် လာခဲ့သလားဟင်....
ကျုပ် ရှင့်ကို စောင့်နေခဲ့တာ...ကျုပ် မအိပ်ပဲ စောင့်နေခဲ့တာပါတော်...
ကျုပ် ရှင့်ကို စကားတွေ ပြောချင်နေခဲ့တာတော့်....
ပင်ပန်းလွန်းလို့ ခဏကလေး မှေးမိတာပါ...ကျုပ်ကို နှိုးပါတော့လားတော်...

တယောက်တည်း နှုတ်က တရွရွ ကြေကြေကွဲကွဲ ဆိုရင်း ခုတင်ပေါ် တင်ပုလွဲ ထိုင်နေမိတယ်။
ကျုပ် အသိဝင်လာချိန်မှာ...မျက်ရည်တွေ...မျက်ရည်တွေ...ကျုပ် ပါးပြင်ပေါ်မှာ....
ကျုပ် ပါးပြင်ပေါ်မှာ မျက်ရည်တွေ ရွှဲလို့၊ စိုလို့ရယ်......



34 comments:

:P said...

ကုတ်တံလေးပျောက်လို့ သေသွားတာတော့ မဟုတ်လောက်ပါဘူး နော် အစ်မချစ်ကြည်....။

:P said...

အစ်မရေ... ညီမကြားဖူးတာ.... ကျောက်ကျောရေပက် ၊ လိပ်ကျော ကြောင်ကော် ပြောင်ချော်ချော်လားလို့....

khin oo may said...

ကောင်းတယ် အရေးကောင်းတယ် မျက်ရည်ဝဲမိတယ်။

TURN-ON-IDEAS said...

အရေးကလဲညက် အတွေးကလဲသွက်၊ ဖတ်လို့ အားကြီးကောင်းပါ့..:)

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မ
ဖတ်ရင်းနဲ့ ကြက်သီးတောင် ထတယ် .. စိတ်မကောင်းတာရော ခံစားရတာရောပေါင်းပြီး တကယ်ရင်ထဲကို နင့်သွားတယ်..
လူတွေဟာ ဘာလို့များ အစွဲအလန်း ကြီးတတ်ကြတယ်မသိဘူးနော်.. အသက်သေတဲ့အထိ စွဲလမ်းသွားတဲ့ သဘောပါဘဲ..
ဒီဝတ္ထုလေးဖတ်ပြီး စဉ်းစားလိုက်မိတာက ကုတ်တံလေးတစ်ချောင်းကိုတောင် ဒီလောက်စွဲလန်းတတ်ရင် တစ်ခြားတစ်ခြားသောအရာတွေကို လက်မလွတ်နိုင်အောင် စွဲလန်းတကြီး ဖက်တွယ်ထားတဲ့ လူတစ်ချို့ ဘယ်လိုများနေပါလိမ့်လို့ သတိရလိုက်မိတယ်..

အနမ်း said...

ကျွန်မလည်း ယားကုတ်လေးအမြဲကုတ်တတ်တာပါ။ ၀တ္ထုလေးဖတ်ရတာ သနားစရာလည်းကောင်းတယ်။

ကိုရင်နော်ခင်လေးငယ် said...

အရေးအဖွဲ့ ကောင်းပါပေ့

Anonymous said...

ချစ်ကြည်အေး ရေ

အစွဲပေါ့နော် အင်း ဖတ်သွားပါတယ် သနားစရာလေးနော်

ရွှေစင်ဦး

မောင်လေး said...

ကျွန်တော်လည်း ကုတ်တံလေးမှ မရှိရင် မနေတတ်ဘူးဗျို့..။
အိပ်ယာဘေးမှာအမြဲဆောင်ထားရတယ်..။စလုံးကိုလာမယ်လုပ်တော့ မပါမဖြစ်
သယ်လာခဲ့တာ လက်စွဲတော်ကုတ်တံလေးရယ်.....။ဒီမှာဝယ်မရမှာစိုးလို့ လေ...း))

Crystal said...

သဘာဝတစ်ခုကို ရသတွေ အများကြီးထည့်ပေးထားတဲ့ စာစုပိုစ့်လေးကို ဖတ်မိရင်း ပြုံးမိတယ် ထင်တာပါပဲလေ...

Ko Paw said...

ဖတ်ပြီး ကျောထဲက ယားသွားတယ်။

Anonymous said...

very touching story.. nice..
Thks ur post.

မယ်ကိုး said...

မမ စာရေးတာ အရမ်းကြိုက်တယ်... တကယ့်တန်းဝင်လက်ပါ။

Anonymous said...

ဒီစာကိုဖတ်ရတာ ဆရာမ ခင်ခင်ထူး ရဲ့ စာတွေကို သွားသတိရတယ် အညာဓလေးလေးလိုလို အခေါ်ဝေါ်တွေ ဇတ်အိမ် ကော ဇတ်ကောင်တွေရဲ့ စိတ်ဓာတ်ကိုလည်းကြိုက်တယ် ။ လူတစ်ယောက်မှာလည်း သူ့အစွဲလမ်းနဲ့ သူပဲနော့် ကိုထွန်းရီ အဖြစ်က ရယ်ရမလိုလိုနဲ့ ငိုသွားရမယ့် အဖြစ် ။


ထွင်းထုပျိုမြစ် ဝတ္ထုသစ်

ဒီလေဘယ်ကို ဖတ်ပြီးတော့ ဘာရယ်မဟုတ်ဘူး ပြုံးသွားတယ်း)

မောင်မျိုး

ဇွန်မိုးစက် said...

အစ်မရေ တကယ်ပဲ အရေးကောင်းလိုက်တာ။ အဆုံးသတ်ခါနီးမှာ တကယ်ပဲ ကြက်သီးတောင်ထမိပါရဲ့။

အစွဲ...အစွဲ...အစွဲ...

ပစ္စည်းဥစ္စာ စွဲလန်းပြီးသေရင် ပြိတ္တာတစ်မျိုးဖြစ်တယ်လို့ ကြားဖူးတယ်။ :-/

An Asian Tour Operator said...

ကျနော်တောင် နောက်မယား လိုချင်သွားပြီ...။

ညီမလေး said...

မိုက်တယ် မမချစ် ... အဲ့လိုတွေများများရေးနော် ။
ကိုထွန်းရီ သေရတဲ့ အကြောင်းလေး ခပ်ပါးပါးသာ ထပ်ထည့်လိုက်ရင် အရမ်းကို မိုက်သွားမှာ ။
ဒါလေးဖတ်မိတော့ နေ၀င်းမြင့်ရေးတဲ့ နက်စ်ကော်ဖီကိုလည်း သတိရမိသေးတယ် ။ အစွဲဟာ ကြောက်ဖို့ကောင်းတယ်နော် ။
ဒါနဲ့ .. ကုတ်တံကိုများ "နောက်မယား" တဲ့ အဲ့ဒီအခေါ်အဝေါ် ခုမှ ကြားဖူးတယ် ။ ဘာပဲဖြစ်ဖြစ် မမချစ် သရုပ်ဖော်တာ သိပ်ပီပြင်တာပဲ ။

ကလူသစ် said...

တယ်တော်ပါလား။ စာရေးနည်းလေး ပို့ချစမ်းပါ။ :)

su su said...

မယ်ချစ်ရယ်...ဖတ်ရင်းနဲ့ ‌ကျောယားလာလို့ လက်‌နောက်ပြန်ကုတ်လိုက်
ရတယ်။‌နောက်လင်...အဲ...အဲ,ေ နာက်မယားကဘယ်မှာရှာဝယ်ရပါ့..။
အင်း...ကိုယ့်အတွက်ဝယ်တဲ့‌နောက်မယား‌လေး‌ တော်‌နေကြာ အိမ်ဦးနတ်
ကြီးလက်ထဲ‌ရောက်သွားရင်..ဒွတ်ခ။‌တော်ပြီ မဝယ်‌တော့ဘူး...။

blackroze said...

မကြီးချစ်ရယ်...ဖတ်ရင်းနဲ့စိတ်မကောင်းဖြစ်လိုက်တာလေ

Vista said...

တော်လိုက်တာ ရေးတာ တကယ့်ကိုကောင်းတာပဲ

မိုးငွေ့...... said...

အမချစ်..စာဖတ်ရတာအညာကိုရောက်သွားသလိုပဲ...တခါတလေလူတွေ အစွဲလန်းကြီးတာ ကြောက်ဖို့ကောင်းတယ်နော်...။ စိတ်မကောင်းလိုက်တာ..။

ခင်တဲ့
မိုးငွေ့

ချစ်ကြည်အေး said...

ဟားဟား ညီမ ဆင်ဆင် ဟုတ်တယ်၊ ညီမ မှန်တယ်၊ တကယ်တော့ အဲဒီရွှေရူးက ကျောင်းတုန်းက အမ သူငယ်ချင်းလေ၊ သူ့ကာရိုက်တာကို ယူရေးတာ၊ အဲဒီစကားက အမတို့ သူ့ကို စ နေကျ စကား၊ အမှန်တော့ လူအားလုံးအတွက် ရေးတဲ့နေရာမှာ ယေဘူယျကျတဲ့ စကားကိုပဲ သုံးသင့်တာပေါ့...၊ ကျေးဇူး ညီမ...အမ ပြင်ရေးလိုက်ပါမယ်...

ညီမ ဆင်ဆင်နဲ့ ညီမလေး>>ကိုထွန်းရီ ဘာ့ကြောင့်သေတယ်၊ ကုတ်တံ ဘယ်လို ပျောက်တယ် ဆိုတာ စာဖတ်သူတွေ တွေးဖို့ ချန်ထားခဲ့တာပါ ညီမတို့ရေ...ခုလို မေးတာ ကျေးဇူးတင်ပါတယ်နော်...

ချစ်ကြည်အေး said...

မမကွန်>>ဒါဆိုရင် သေချာပြီ မမကွန် နှလုံးသား နုတယ်...

TOI>>ကျေးဇူးပါ မောင်လေး...

ညီမချော>>ဟုတ်တယ် တချို့ ဘာမဟုတ်တဲ့ အစွဲအလမ်းတွေက ကြောက်စရာ ကောင်းတယ်...

ညီမ အနမ်း, ကရနခလင >>ကျေးဇူး ကျေးဇူး ကျေးဇူးပါ

မမရွှေစင်>>ဟုတ် ကျေးဇူးပါ မမ

မောင်လေး>>မောင်လေးလည်း ကုတ်တံကြိုက်သူတယောက် ဆိုပါတော့

Crystal>>ပြုံးမိတယ် ထင်တယ်ပဲလား ညီမ...ကော်မန့်အတွက် ကျေးဇူးပါ

ကိုပေါ>>ကျောယားရင် ကုတ်တံလေး ဆောင်ထားလေ...

Anonymous>>Thanks for your comment...

ညီမ မယ်ကိုး>>ဟ ဟ ပြန်ဆွဲချကြပါအုံးဟ...:P

မောင်မျိုး>>ဟုတ်တယ် ရသနဲနဲ စုံသွားတယ်...ဆရာမ ခင်ခင်ထူးကတော့ အညာနဲ့ ပတ်သက်ရင် ကိုယ်တွေ့တွေ၊ အမက စာတွေ့ပဲ ရှိတာပါ

ညီမဇွန်>>ဟုတ်တယ် အဲဒါလေးကိုလည်း ယူထားတယ် ဒီပိုစ့်ရေးရတဲ့ အဓိက ကတော့ အစွဲတွေ မရှိစေချင်တာပါပဲ

ကိုAATO>> နောက်မယား ယူလို့ရပါတယ် သိတ်မစွဲဖို့ပဲ လိုတာပါ...:P

ညီမလေး>>အပေါ်မှာ ပြောခဲ့ပြီနော် ဘာ့ကြောင့် သေတယ်ဆိုတာ ထည့်လိုက်ရင် ဖတ်ရတာ ပေါ့သွားမယ်လေ...ဒါ့ကြောင့် မထည့်တာ...

ကလူသစ်>>သင်ပေးမယ် အလကားတော့မရဘူး အိမ်ခေါ် ထမင်းကျွေးမှ ဟိဟိ...:)

စုစု>>ကျောယားတတ်ရင်တော့ ဆောင်ထားတာ အကောင်းဆုံးပဲ:)

blackroze>>ညီမ ဒါ...စီးမျော ခံစားခဲ့တယ် ဆိုတဲ့ သဘော...:)

ဗစ်စ်>>အချင်းချင်းတွေပဲဟာ...အေးလေ တော်လို့ပဲဟာ ပြောဘာစီ ပြောဘာစီ...:P

ညီမ မိုးငွေ့ ဟုတ်တယ် အစွဲက ဘာမှ မဟုတ်ပေမဲ့ ကြောက်စရာ...

ဖတ် မန့် ခံစားသွားတဲ့ သူငယ်ချင်းများ အားလုံး ကျေးဇူး အထူးပါ...:)

ချိုကျ said...

အစ်မ...အစ်မ အဲဒီလူကဘာလို့သေသွားတာလဲဟင် ကုတ်တံပျောက်သွားလို့လား တော်နေကြာ ကုတ်တံစောင့်သူရဲ ဖြစ်နေရင်မလွယ်ဘူးနော်အစ်မ အစွဲကြီးကလဲ ကုတ်တံမှ စွဲရတယ်လို့ လာယူခြင်းယူ မိန်းမတော့ လာယူမသွားဘူး ဒီလူ ညံ့ချက် :)

ခင်တဲ့(ချိုကျ)

ယောနက်သန် said...

အပို အလို မရှိ ကောင်းပါ၏။

Thant said...

အမ ဝတ္တုတိုရေးတာ သိပ်ပိုင်နိုင်တာပဲ..... ကြိုက်တယ်.........

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်...
အစွဲ ဆိုတာ ဖျောက်ရခက်တယ်နော်...
ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်သွားတယ်...
အဲလိုလူတွေ လောကမှာ အများကြီးပဲ...
အစွဲအလန်း အရမ်းကြီးတာလည်း မကောင်းဘူး...

မကြီး...စာရေးတာ အရမ်းဖတ်လို့ကောင်းတယ်...

ဝက်ဝံလေး said...

မချစ် ဟီးးးအီးးးးး
ကုတ်တံပြန်ပေးးးးးးးးးးးးးးး
ငါ့ကုတ်တံလေး ဟိဟိ

သက်ဝေ said...

သူ့ ကုတ်တံလေးကို သူ တကယ် လာယူသွားတာပေါ့နော်....
သနားပါတယ်...း((

PhyoPhyo said...

ုကုတ်တံ ၀တ္ထုတို စာအရေးအသားလေးကို စွဲသွားတယ်၊ :)
ရေးတာ တော်လိုက်တာ၊

T T Sweet said...

အကြည် အရမ်းဖတ်လို့ကောင်းတယ်။ ရေးထားပုံကလဲ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ တကယ့်စာရေးဆရာမကြီးတွေရေးတာကျနေတာပဲ။ သေသွားပြီဆိုတော့ ဇာတ်ဆောင်နေရာ ကိုယ်တိုင်ရောက်သွားပြီး ငိုချင်လိုက်တာ။
ဟိုးအရင်က ဦးဝင်းဖေ ပေဖူးလွှာမှာရေးဖူးတဲ့ ၀ထ္ထုတိုတွေတောင် သတိရသွားတယ်။

Ingjin said...

ဘုရား ဘုရား...တကယ်ကြီးလာယူသွားတာလား...

ကြက်သီးထစရာကြီး...

rose said...
This comment has been removed by the author.

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်