Monday, August 9, 2010

ဘာဖြစ်ချင်တာလဲ...

ဆီဘူးပိုစ့်လေး ခဏအောက်ဆွဲချပြီး ခုတလော ဖီလင်လာနေတဲ့ အကြောင်းလေး ရေးပါရစေ။ အဲဒီအကြောင်း ချ မရေးဖြစ် မချင်း တနေ့တနေ့ အဲဒါပဲ စဉ်းစားမိနေတော့တာ။ ထမင်းစားရင်း စဉ်းစား၊ ရေသောက်ရင်း စဉ်းစား၊ ရေချိုးရင်း စဉ်းစား၊ မတ်တတ်ရပ် စဉ်းစား၊ ကန့်လန့်ဖြတ် စဉ်းစား၊ ထိုင်နေရင်း စဉ်းစား၊ မှိုင်တွေရင်း စဉ်းစား၊ ခြေထောက်မိုးပေါ်ထောင် စဉ်းစား၊ ညမိုးချုပ်သန်းခေါင် စဉ်းစား၊ လက်ပေါ် နဖူးတင် စဉ်းစား (မှောက်ရက် အိပ်တတ်လို့ ) အို...ဒီအကြောင်း ခေါင်းထဲကကို မထွက်တော့တာပါ...။ ကဲ...ခေါင်းထဲက ထုတ်ပြီး ချရေးလိုက်ပါပြီ...:)

တနေ့က မိတ်ဆွေတွေ စကားပြောဖြစ်ကြရင်း စကားလမ်းကြောင်းက သိခဲ့ဖူးတဲ့သူတယောက် အကြောင်း ရောက်သွားတယ်။ အဲဒီမှာ အတောင်ပံပါတဲ့ စိတ်တွေဟာ သူနဲ့ပတ်သက်တဲ့ မှတ်မှတ်ရရ အကြောင်းလေး တခုဆီ ရောက်သွားခဲ့တယ်။ ရုပ်ရှင်တွေမှာ နောက်ကြောင်းပြန် ပြကွက် အဖြူအမဲတွေလို ဖျတ်ကနဲ ဖျတ်ကနဲ အာရုံ ပိတ်ကားထက် ထင်ဟပ်လာခဲ့တော့တာ။

လွန်ခဲ့တဲ့ ၄နှစ်လောက်က အဲဒီအမျိုးသား မိတ်ဆွေ မြန်မာပြည် အပြီးပြန်မယ်ဆိုလို့ လေဆိပ် လိုက်ပို့ဖြစ်ခဲ့ကြပါတယ်။ သူက အင်ဂျင်နီယာ လူတော်တယောက်ပါ။ လေဆိပ်ရောက်တော့ အထဲမဝင်ခင် ကျမတို့ အားလုံးရှေ့မှာ မြေကြီး...အဲ ကားပက် (Carpet) ခင်းထားတဲ့အပေါ် "စင်္ကာပူမြေ ဘယ်တော့မှ ပြန်မနင်းဘူးကွ ဘယ်တော့မှ ထပ် ကျွန်မခံတော့ဘူးကွ" လို့ ဖနောင့်နဲ့ ၃ကြိမ်ပေါက်ပြီး ဆိုလေတယ်။ သူ့မျက်နှာကလည်း တကယ့် အတည်ပေါက်ပဲ။ ကျမတို့မှာ သူ့လုပ်ရပ်အတွက် လက်ခုပ်ပဲ တီးရမလို၊ ကျန်ခဲ့တဲ့သူတွေ ကျွန်ဆက်ခံနေရစ်ကြလို့ သဘောပေါက်ပြီး ကိုယ်တိုင်အတွက် ငိုပဲ ငိုရမလို...။

ခုတော့ သူပြန်ရောက်နေတယ်တဲ့...။ သူငယ်ချင်းတွေနဲ့ တွေ့တော့ "ဝဋ်မကုန်သေးဘူးကွာ" လို့ ရယ်ကျဲကျဲ ပြောရှာသတဲ့။ အေးလေ...စလုံးမြေ မနင်းဘူးလို့ပဲ ပြောခဲ့တာ။ သူ ဖနောင့်နဲ့ ပေါက်သွားတာက မြေကြီးမှ မဟုတ်ဘဲ။ ကားပက်ကြီးပဲ ဟာပဲကို...:)

ကြားဖူးတယ် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုနဲ့ ဖုန်းပြောနေတဲ့ လူတယောက်...။ "မင်းတို့ သားအမိတွေက ပို့လို့ကို မလောက်နိုင်ဘူး၊ ဒီမှာ ငါက ငွေလွယ်လွယ် ရနေတာ မဟုတ်ဘူး၊ သူများနိုင်ငံမှာ ပင်ပင်ပန်းပန်း ကျွန်လာခံနေရတာကွ" တဲ့...။

အဲဒီနောက်မှာ ကျမ ခဏ ခဏ စဉ်းစားဖြစ်ခဲ့တာက ကျွန် ဆိုတဲ့ စကားလုံးပဲ။ ကျမ နားလည်တဲ့ ကျွန် ဆိုတာက အခကြေးငွေ ရယူပြီး ခိုင်းစေသမျှပဲ လုပ်တဲ့သူ။ ဒီနေရာမှာ ခိုင်းစေသမျှပဲ လို့ ကျမ သုံးထားပါတယ်။ အဓိပ္ပါယ်က မခိုင်းမစေပဲနဲ့ မလုပ်တဲ့သူ၊ ကိုယ်ပိုင် အသိဉာဏ်နဲ့ ဘာမှ မသိ မတတ် မလုပ်သူ လို့ ကျမ နားလည်ထားပါတယ်။ ကျမ အနေနဲ့ ခုလို တိုင်းတပါးမှာ အလုပ် လာလုပ် နေရတာကို ကျွန်လာခံနေရလေခြင်းရယ် လို့ တခါမှ မတွေးဖူးပါဘူး။

ကျမတို့ အားလုံးဟာ ကိုယ်တတ်ထားတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ နိုင်ငံရပ်ခြားမှာ မိသားစုနဲ့ ခွဲခွာလို့ အလုပ်လာလုပ် ကြရတယ်။ အားလုံးဟာ ကိုယ့်တိုင်းပြည်ကို ချစ်ကြသူတွေချည်းပါပဲ။ သို့သော်...အကြောင်း အမျိုးမျိုး ရှိကြပါလိမ့်မယ်။ ရေကြည်ရှိရာ၊ မြက်နုရာပေါ့။ ပျော်လွန်းလှချည့် ဆိုတဲ့သူမျိုး မတွေ့မိသလောက်ပါပဲ အခြေအနေ ပြောင်းလို့ ခေတ်ကောင်းရင် ကိုယ့်တိုင်းပြည်ပြန်၊ ကိုယ့်လုပ်အားကို ကိုယ့်တိုင်းပြည်တိုးတက်ရေး အတွက် ပေးဆပ်မဲ့ သူတွေချည်းပါပဲ။ အဲဒီကျရင်ရော ခုလို အမြင်မျိုးရှိနေသမျှတော့ ပြည်တွင်းကျွန် ဖြစ်နေအုံးမှာပါပဲ။ ဘယ်မှာ နေနေပါ...ကိုယ်ပိုင် အသိဉာဏ် မသုံးပဲ အထက်က ခိုင်းသမျှလုပ်၊ ပြောသမျှ ဟုတ်နေရင် အဲဒါ ကျွန် ပါပဲ။

အသေအချာ ထပ်ပြောရရင် တော်ရာမှာ နေနေကြရတဲ့ ကျမတို့တွေ အတွက် ကျွန်လာခံနေတာပါကွာ ဆိုတဲ့ အယူအဆ ရှိနေလို့ကတော့ နူရာဝဲစွဲ ဆိုသလိုပဲ ဖြစ်နေတော့မှာ။

နဲနဲလေး စဉ်းစားကြည့်ကြပါအုံး။ ကျမတို့ဟာ ကိုယ် တတ်သိနားလည်တဲ့ ပညာတွေနဲ့ နိုင်ငံသားတွေ၊ ကိုယ်လိုပဲ အသက်မွေး ဝမ်းကြောင်း လာကြတဲ့ တခြားနိုင်ငံသားတွေနဲ့ ယှဉ်ပြီး ဈေးကွက်ဝင်ကြရတာပါ။ အရည်အချင်း မရှိရင် တင်ကျန်နိုင်ဖို့ မလွယ်ပါဘူး။ အလုပ်ထဲမှာ ကိုယ်ဟာ အလုပ်ရှင် ခိုင်းမှ လုပ်တတ်သူလား...၊ ကိုယ့်ဖာသာ ကိုယ်တာဝန်ယူရတဲ့ အပိုင်းကို ခိုင်းနေစရာမလိုပဲ အကွက်စေ့အောင် မြင်တတ်၊ လုပ်တတ်သူလား...။ ဦးဆောင်ဦးရွက် ပြုတတ်သူ၊ အလုပ်ထဲမှာ လျာထားချက်တွေ ပြည့်မီ ကျော်လွန်အောင် ကိုယ့်ရဲ့ အသိအမြင်၊ အတွေ့အကြုံ၊ အကြံဉာဏ်တွေနဲ့ ပံ့ပိုးလုပ်ဆောင် နိုင်သူ၊ ဒါဆိုရင် အဲဒီလိုလူမျိုးကို ကျွန် လို့ မဆိုသင့်ဘူး။ ဒါဟာ ကျွန်စိတ် မဟုတ်ဘူး၊ ကုမ္ပဏီအလုပ်ကို ကိုယ်ပိုင်လို သဘောထားပြီး တိုးတက်ရေးကို လိုလားကြိုးစားတဲ့သူ။ အဲဒါ သခင် စိတ်ဓါတ်ပါပဲ...။

ကျမတို့ မြန်မာလူမျိုး အများစုဟာ အဲသလို စိတ်ဓါတ်ရှိသူ၊ ခိုင်းစရာ မလိုပဲ ထောင့်စေ့အောင် လုပ်တတ်သူတွေပါ။ ဒါ့ကြောင့် ပိုပြီးတော့လည်း အလုပ်ပေးခံရတတ်ပါတယ်။ ဒါ သဘာဝပါပဲ။ အလုပ်ရှင်တွေရဲ့ သဘောက စိတ်ချရတဲ့သူကို ပိုခိုင်းတတ်တာပါပဲ။ စိတ်ဓါတ်မကျပါနဲ့။ ပေးတဲ့ လစာနဲ့ ခေါင်းပုံဖြတ်ခံရတယ်ထင်ရင်၊ လက်ရှိ အလုပ်တွေ မနိုင်မနင်း ဖြစ်နေလို့ Overload ဖြစ်နေတယ် ထင်ရင် မန်နေဂျာနဲ့ ဖြစ်စေ၊ အလုပ်ရှင်နဲ့ တိုက်ရိုက် ဖြစ်စေ ပွင့်လင်းစွာ ပြောဆို ဆွေးနွေး နိုင်ပါတယ်။

ကျွန်သက်ရှည်အောင် လုပ်နေတာလို့ မထင်ကြပါနဲ့။ ဘယ်သူကမှ ဖနောင့်နဲ့ပေါက်ပြီး အလွှတ်ခံရတာ မဟုတ်ပါဘူး။ ကိုယ့်စိတ်၊ ကိုယ့်သဘော၊ ကိုယ့်ရွေးချယ်မှူနဲ့ ကိုယ်ပါ။ အဲဒါကိုမှ ငါဟာဖြင့် ဒီမှာ ကျွန်လာခံနေရတယ် ဆိုတဲ့ အတွေးရှိနေရင် တယ် မနိပ်လှပါဘူး။ အလုပ်ရဲ့ဖိအား၊ မိသားစုနဲ့ ခွဲနေရတဲ့ စိတ်ဒုက္ခတွေအပြင် ကျွန် ဆိုတဲ့ စိတ်ဓါတ် အခြေခံထားတဲ့အခါ မိအေး နှစ်ခါနာ ဖြစ်ရတော့မှာ။ စိတ်ဓါတ်လေးကို ပြင်၊ အမြင်လေးကို ပြောင်းကြည့်ကြပါ။ အလုပ်သွားတဲ့ ခြေလှမ်းတွေက အစ ပေါ့ပါးသွက်လက်နေတာ တွေ့လိမ့်မယ်။

အရေးကြီးတာက စိတ်ဓါတ်နဲ့ ခံယူမှုပါ။ ကျွန်လို့ ယူဆနေသ၍ ကျွန်စိတ်ရှိပြီး ကျွန်ဘဝက တက်မှာ မဟုတ်ပါဘူး။ ရွေးချယ်မှု တခု လူတိုင်းမှာ ရှိပါတယ်။ သခင်စိတ်လား...ကျွန်စိတ်လား...သခင်ဖြစ်နိုင်သလို၊ ကျွန်ဘဝမှာပဲလည်း နေခဲ့နိုင်ပါတယ်...။ အဓိက စိတ်ပါပဲ...။



56 comments:

simple views said...

ဟုတ်ပါတယ်...ကျမ လဲ အဲ့ဒီ အမြင်ကို မကြိုက်ပါဘူး..အထူးသဖြင့် ဘဘကြီးတွေ ဆီက တိုင်းတပါးမှာ ကျွန်သွားခံတာဆိုတဲ့ စကားတွေ ကြားရရင် သွားပြီး နားရင်းတီးပစ်ချင်တာပါပဲ..ဒီမှာ အလုပ်လုပ်နေတာ ဗမာ တမျိုးတည်းမဟုတ်ပါဘူး..လူမျိုးပေါင်းစုံပါ ဒါဆို အဲ့ဒီလူတွေကလည်း ကျွန်ခံနေတာပေါ့နော်...ဒါဆို ကျွန်နဲ.ဆန်.ကျင်ဖက် သခင် ၇ဲ့ အဓိပ္ပါယ်က ကိုယ့်တိုင်းပြည်မှာ ကျွန်ခံခြင်းများဖြစ်နေမလား....သူတို.လက်အောက်မှာ ခိုင်းတာလုပ် ပြောသမျှနားထောင်မှ သခင်တဲ့လား...ဘာပဲဖြစ်ဖြစ်ပါ ကျွန်ဆိုလဲကျွန်ပေါ့..ဒါပေမယ့် အဲ့ဒီ ကျွန်တွေရတဲ့ ငွေက သန်.ရှင်းတယ်နော...ထမင်းလုတ်တိုင်းမျိုကျပါတယ်...ခစ်ခစ်..

ကိုကိုးအိမ် said...

အမချစ်ကြည်အေးရေ ဒီလိုလေး ပြတ်ပြတ်သားသားပြောပေးတာကို ကျေးဇူးတင်ပါတယ်။ လောကမှာ လူတိုင်းဟာ ကိုယ့်အတွက်ကိုယ်လုပ်နေကြတာများပါတယ်။ အဲဒါကိုမှ ရေကြည်ရာမျက်နုရာ ကိုသွားရောက်နေတိုင်လုပ်ကိုင်စားသောက်ကြရတာပါ။ သူ့နိုင်ငံကိုယ့်နိုင်ငံရယ်လို့မကြည့်ဘဲ လူသားအားလုံးဟာ ကမ္ဘာလုံးကြီးတစ်ခု တည်းမှာ နေထိုင်နေကြာတာပါဆိုတဲ့ စိတ်ကလေးကို ထားတတ်မယ်ဆိုရင် အားလုံးဟာ သူ့နိုင်ငံသား ကိုယ့်နိုင်ငံသားမခွဲခြားဘဲ တစ်သားတည်းဖြစ်သွား မယ်လို့ထင်ပါတယ်။ အဲလိုမြင်တတ်သွားပြီဆိုရင် တစ်မြေတည်းနေတစ်ရေတည်းသောက်တွေ ဖြစ်သွားကြမှာပါ။ အရေးကြီးတာက စိတ်ထားပါပဲအမရေ။ ကိုယ့်ရေမြေကို မချစ်တာတော့မဟုတ်ပါဘူး။ အဲလိုစိတ်လေးသာထားနိုင်မယ်ဆိုရင်တော့ ကြီးကြီးကျယ်ကျယ်ပြောရရင် ကမ္ဘာနဲ့ချီပြီး ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ ကမ္ဘာနဲ့ချီချစ်တတ်တဲ့သူနော်။ ဘာကိုမှမခွဲခြားဘူး။ သူလည်းသူယုံကြည်ရာ ကိုယ်လည်းကိုယ်ယုံကြည်ရာပေါ့။

အားလုံး ကမ္ဘာနဲ့ချီချစ်တတ်သူတွေဖြစ်ကြပါစေ။

ကိုကိုးအိမ်

မောင်လေး said...

မှန်တယ် အစ်မချစ်..။ကျွန်တော်တို့ဒီမှာ ကျွန်ခံနေတာမဟုတ်ပါဘူး။အလုပ်(သ
မာအာဇီဝကျတဲ့အလုပ်) လာလုပ်နေကြတာပါ။ဘယ်မှာနေနေ၊ဘယ်မှာလုပ်လုပ်
မှန်ကန်တဲ့ ခံယူချက်၊သဘောထား ရှိကြသင့်ပါတယ်။ကျွန်တော့် သူငယ်ချင်းတွေ
ထဲမှာလည်း အဲလို ကျွန်ဆိုတဲ့ စကားလုံးကို သုံပြီး တွင်တွင်ငြီးတတ်ကြတဲ့သူ
တွေ ရှိတယ်။

ခိုင်နုငယ် said...

အင်း..မမရေ..မိမိခံယူမဲ့စိတ်ပေါ်မှာပဲ
မူတည်နေတာပေါ့နှော်။
အနှစ်ရှိတဲ့စာလေးအရောက်လာဖတ်သွားပါတယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

သက်ဝေ said...

မှန်တယ်... အဲလိုလူတွေ အများကြီးတွေ့ဖူးတယ်...
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပါပဲ... လက်ရှိ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ စိတ်ကောင်း စေတနာကောင်းလေးထားပြီး (ကျွန်ခံနေရတယ်လို့ မြင်စရာ မလို) ကြည်လင်တဲ့ စိတ်ကလေးနဲ့ လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်ပါပဲ...

မောင်ဘကြိုင် said...

ဘာမှဖြစ်ချင်ဖူးဂျ ခေါင်းစဉ်က တွေ့တာနဲ့လန့်တွားတယ်း)း)

ဒီအမြင်လေးမှန်တယ်ဗျာ ဘယ်နှယ့် နိုင်ငံခြားသွားအလုပ်လုပ်ရ တာလွယ်တာမှတ်လို့ ပြောရက်တယ် ကျွန်တဲ့လား ခက်ပြီ

mae said...

ဟုတ်တယ် အမ..
မေ က စကာင်္ပူမှာ ကြီးတာပါ၊ မြန်မာပြည်ကို ချစ်သလို စကာင်္ပူကိုလဲ ချစ်တယ်၊ သူငယ်ချင်းတွေက ဘွဲ့ရပြီးမှာ လာအလုပ်လုပ်ကြပြီး အဲ့လို စကားမျိုးတွေ ပြောရင် သိပ်အသဲယားတာပဲ၊ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ လာတာပဲ၊ သူတို့ ပြောသလိုသာဆို အရောင်းစားခံထားရတာ ကျနေတာပဲ
မမသက်ဝေပြောသလိုပဲ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့၊

SHWE ZIN U said...

ချစ်ကြည်အေး ရေ

သခင်စိတ် ကျွန်စိတ် ဆိုတာ အရမ်း အရေးကြီးပါတယ် အခု ကြည်အေး ပြောသလိုဘဲ မရွှေစင် အလုပ်လုပ် တုန်းက နေမကောင်းလည်း သွား off ရက်လည်း အလုပ်စိတ်မချ ဆိုတော့ ကိုယ့်အားရက် တောင် ကိုယ် ကောင်းကောင်း မနေရအောင် ကျွန်စိတ် ရှိတယ်လို့ ပြောကြတယ် ဟုတ်ဘူး လို့ အဲဒါမှ ကိုယ့် အလုပ် လို သဘောထားတဲ့ သခင်စိတ်ပါလို့

ကြည်အေး သူငယ်ချင်း ကတော့ မိသားစု နဲ့လည်း ခွဲနေရ သူများ နိုင်ငံ မှာ လည်း ရောက်နေတော့ စိတ်ပေါက်ပေါက် နဲ့ ပြောမိတာ နေမှာပါ

ခင်မင်တဲ့
ရွှေစင်ဦး

Shinlay said...

သိပ်ကောင်းတဲ့ စာတွေပါ။ ဒိမှာ ကျမတို့ ပင်ပန်းသလို ဒီကလူတွေလည်းပင်ပန်းကြတာပါပဲ။ ကျမတို့ လုပ်တဲ့အလုပ်ကိုသူတို့ လည်းလုပ်ကြရတာပါပဲ။
ကျမတို့ က တစိမ်းတွေကြားရောက်နေတော့ ကိုယ့်ဖာသာကိုယ် တခါတလေအားငယ်နေတတ်ပါတယ်။
တခါတလေ ကိုယ့်ကို အထင်သေးနှိမ်တတ်တဲ့ အလုပ်ရှင်နဲ့ တွေ့ ရင်
အားငယ်စိတ်တွေနဲ့  အဲ့ဒီလို အထင်မျိုးတွေ ၀င်လာတတ်ပါတယ်။
နားလည်ပေးနိုင်ပါတယ်။

အဖြူရောင်နတ်သမီး said...

ဒီလိုပါပဲ...မကြီးရေ...
နိုင်ငံခြားရောက် မြန်မာတွေတိုင်း ကြုံတွေ့နေကြရတဲ့
ခံစားချက်လေးတွေပါပဲ..။
ကိုယ့်နိုင်ငံမှာ ခေါင်းမမော်နိုင်သေးသ၍တော့
သူများနိုင်ငံမှာ ခေါင်းငုံ့နေကြရအုံးမှာပါပဲ...

:D

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မ ပေးချင်တဲ့ မက်ဆေ့လေးကောင်းလိုက်တာ
စိတ်ထဲမှာ ကျွန်လာခံနေရတယ်လို့ ထင်နေတဲ့သူတွေအားလုံးကို ဒီပိုစ့်လေး ဖတ်စေချင်မိတယ်..
စိတ်ထားတတ်ဖို့ဘဲ လိုတာပါဘဲနော်...

Mr. Z said...

စိတ်ဝင်စားစွာ ဖတ်သွားပါသည် ကျွန်လို.မခေါ်နိုင်ပါ သမာအာဇီဝအလုပ်ဖြင့် စင်ကြယ်သောဝင်ငွေဖြစ်ပါသည်

မချစ်ကြည်အေး အမည်ကို အခြားဘလော့ ကွန်မန်တွေမှာ တွေ.ဖူးပါသည် ခုပို.စ်က ဒုတိယအကြိမ် ဖတ်သော ပို.စ်ဖြစ်ပါသည် တကယ့်ကိုလေးစားမိပါသည် အရင်က ပို.စ်အဟောင်းတွေဖတ်ပါဦးမည်

Ko Paw said...

ဒီပို့စ်ကို ရေးတဲ့ မချစ်ကြည်အေးရဲ့ ဦးတည်ချက်နဲ့ စေတနာကို နားလည်သဘောပေါက်ပေမယ့် အယူအဆပိုင်းအရ ကျနော်သဘောပေါက် နားလည်ပုံနဲ့ ကွဲလွဲနေတဲ့အလျောက် ကျနော့်အမြင်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။

>>>>အဲဒီနောက်မှာ ကျမ ခဏ ခဏ စဉ်းစားဖြစ်ခဲ့တာက ကျွန် ဆိုတဲ့ စကားလုံးပဲ။ ကျမ နားလည်တဲ့ ကျွန် ဆိုတာက အခကြေးငွေ ရယူပြီး ခိုင်းစေသမျှပဲ လုပ်တဲ့သူ။ ဒီနေရာမှာ ခိုင်းစေသမျှပဲ လို့ ကျမ သုံးထားပါတယ်။ အဓိပ္ပါယ်က မခိုင်းမစေပဲနဲ့ မလုပ်တဲ့သူ၊ ကိုယ်ပိုင် အသိဉာဏ်နဲ့ ဘာမှ မသိ မတတ် မလုပ်သူ လို့ ကျမ နားလည်ထားပါတယ်။ ကျမ အနေနဲ့ ခုလို တိုင်းတပါးမှာ အလုပ် လာလုပ် နေရတာကို ကျွန်လာခံနေရလေခြင်းရယ် လို့ တခါမှ မတွေးဖူးပါဘူး။<<<< (မချစ်ကြည်အေး)

ဒီနေရာမှာ မချစ်ကြည်အေးရဲ့ ကျွန်အဓိပ္ပါယ်ဖွင့်ဆိုပုံက နည်းနည်း လွဲနေတယ်လို့ မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တွေထဲမှာ ခိုင်းစရာမလိုဘဲ အလိုက်တသိ ဖင်ပေါ့ပေါ့နဲ့ အားကြိုးမာန်တက် လုပ်တတ်တဲ့ကျွန်တွေလည်း အများကြီးရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်ကို အပြည့်အဝ အသုံးချပြီး သခင့်အကျိုးအတွက် ကျေပွန်သထက် ကျေပွန်အောင်လုပ်တတ်တဲ့ ကျွန်တွေလည်း ကျေးခေတ်ကျွန်ခေတ်က အဖြစ်သနစ်တွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ပိုဆိုးတာက ကိုယ့်သခင့်အကျိုးအတွက် သူတဖက်သားနစ်နာတဲ့အထိတောင် လူပါးဝတတ်တဲ့၊ လူလည်ကျတတ်တဲ့ ကျွန်မျိုးတွေလည်းရှိလို့ ကျနော်တို့မြန်မာ့စကားမှာ “သခင်အားရ ကျွန်ပါးဝ” ဆိုတဲ့ စကားတောင် ရှိပါသေးတယ်။

ကျနော်ကတော့ ကျွန်ဆိုတာ “သူတပါးထံမှာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးပြီး ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ မရရှိဘဲ အလုပ်လုပ်ပေးရသူ” လို့ တိုတိုတုတ်တုတ် အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ တကယ့်အနက်အဓိပ္ပါယ်အပြည့်အဝကတော့ ရှည်ရှည်လျားလျား ရှင်းပြမှပဲ ပြည့်စုံနိုင်မှာပါ။

နောက်ပြီး သူများက အတင်းအဓမ္မ ကျွန်ပြုလိုက်မှမဟုတ်၊ ကိုယ်ကိုယ်တိုင်က အကြောင်းကြောင်းကြောင့် ကျွန်ခံမှန်းသိသိကြီး ကျွန်ခံလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကျွန်ဖြစ်လာပုံ အမျိုးမျိုးရှိသလို ကျွန်တွေရဲ့ စိတ်ထားပုံလည်း အမျိုးမျိုးလည်းရှိနေပြန်ပါတယ်။ ကျွန်ဘဝမှာ စိတ်ညစ်ပြီး ရုန်းထွက်ချင်နေသူ၊ ကျွန်ဘဝမှာ ပျော်ဝင်နေသူ၊ ကျွန်ဘဝကို ရောက်လို့ ရောက်မှန်းမသိသူ၊ မိမိရဲ့ သခင်က မိမိကို စွန့်ပစ်သွားမှာကို စိုးရိမ်တဲ့ကျွန် စသဖြင့် ကျွန်အမျိုးမျိုး အစားစား ရှိပါသေးတယ်။ ကိုယ့်အခွင့်အရေးကိုယ်မသိလို့ မိမိဘာသာ ကျွန်ဖြစ်မှန်းမသိ ဖြစ်နေသူတွေလည်း တပုံတပင် ရှိပါတယ်။

(ဆက်ရန်)

Ko Paw said...

ဒီကနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ လူတွေဟာ ကမ္ဘာအနှံ့ကို သွားလာ လုပ်ကိုင်နေကြတော့ အားလုံးဟာ နိုင်ငံခြားမှာ ထွက်လုပ်ကြပြီဆိုရင် ဘယ်နိုင်ငံကလူမဆို အတူတူပဲလို့ တန်းညှိတဲ့အမြင်နဲ့ပဲ မြင်လေ့ရှိကြပါတယ်။ (အဲလိုမြင်ရတာ ကိုယ့်ဘာသာကိုယ် အနည်းငယ် အသရေ ဆယ်ပြီးသားဖြစ်တော့ စိတ်သက်သာရာလည်း နည်းနည်း ရတာကိုး။) ဒါပေမယ့် ကျနော်တို့တွေ လက်ခံသဘောပေါက်သင့်တဲ့ အခြေခံအားဖြင့် ကွဲပြားချက်တွေ ရှိနေပါတယ်။

(၁) အရေးကြီးဆုံးအချက်က လွတ်လပ်ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးများကနေ အပြင်ထွက်အလုပ်လုပ်သူတွေနဲ့ မလွတ်လပ်သေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံက အလုပ်ထွက်လုပ်ကြသူတွေ အခြေအနေခြင်း မတူကြပါ။

- လွတ်လပ်တဲ့ နိုင်ငံကြီးမှက ထွက်လုပ်သူတွေမှာ တပန်းသာတဲ့အချက်က သူတို့လုပ်တဲ့ နိုင်ငံရပ်ခြားအလုပ်အကိုင် အခွင့်အလမ်းတွေဟာ သူတို့ နိုင်ငံတွင်းမှာလည်း ရှိနေပါတယ်။ သူတို့ထွက်လုပ်ကြခြင်း အကြောင်းတွေမှာ လစာအပြင်၊ ရာသီဥတု၊ ယဉ်ကျေးမှု၊ အတွေ့အကြုံသစ် စတဲ့ အချက်တွေ ပါပါတယ်။ ပြည်ပမှာ အလုပ်အကိုင် အဆင်မပြေခဲ့လျှင် သူ့နိုင်ငံသူ ပြန်သွားလုပ်ချင်ရင် ရပါတယ်။ အဲဒီအတွက် နိုင်ငံခြားမှာ မလုပ်ရ၊ မနေရလို့လည်း သူ့အတွက်က ဘဝပျက်လောက်အောင် မနစ်နာပါဘူး။

-မလွတ်လပ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များကနေပြီး ပြည်ပကို ထွက်လုပ်တဲ့လူတွေမှာ အဲသည်အခွင့်အရေးမရှိပါဘူး။ ပြည်ပမှာ လုပ်နေရတဲ့ အလုပ်မျိုး၊ လစာမျိုး ပြည်တွင်းမှာ ရနိုင်ဘို့ မလွယ်ပါ။ အလုပ်ပြုတ်ပြီး ပြည်တွင်းကို ပြန်သွားရတာကို ဘဝပျက်တယ်လို့ အများစုက ခံယူကြပါတယ်။ အဲသည်မှာတင် သူ့ရဲ့ စိတ်နေစိတ်ထားဟာ လွတ်လပ်တဲ့နိုင်ငံက လာလုပ်တဲ့လူနဲ့ယှဉ်ရင် တပန်းရှုံးနေပါတယ်။ ဒီတော့ အတော်များများက စိတ်နေစိတ်ထားမှာ သဘာဝကျစွာ အလိုလို အောက်ကျို့နေပါတယ်။ လက်ရှိ ပြည်ပက အလုပ်ပြုတ်ပြီး ပြည်တွင်းပြန်ဝင်ရမှာကို ဘဝပျက်တယ်လို့ တွေးမြင်နေတဲ့ စိတ်ရှိသရွေ့ ကျွန်စိတ် အနည်းငယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သခင်ပစ်သွားမှာကို ကြောက်တဲ့ ကျွန်ရဲ့ စိတ်ထားမျိုးနဲ့ ဆင်ဆင်တူနေလို့ပါပဲ။

တခုတော့ရှိတယ်။ မလွတ်လပ်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံက လာလုပ်တာမှန်ပေမယ့် အလုပ်အကိုင်အဆင်မပြေတဲ့အခါ ကိုယ့်တိုင်းပြည်ကို ပြန်ရလဲ ဘာမှ မမှုဘူး။ ကိုယ့်တိုင်းပြည်မှာလည်း ကိုယ်ဘာသာ အောင်မြင်အောင် လုပ်နိုင်တယ် စတဲ့ စိတ်ထားမျိုး ထားနိုင်ရင်တော့ မချစ်ကြည်အေးပြောတဲ့ သခင်စိတ်၊ တနည်း လွတ်လပ်တဲ့စိတ် ရှိတဲ့လူလို့ ပြောနိုင်ပါတယ်။

(ဆက်ရန်)

Ko Paw said...

(၂) လွတ်လပ်ဖွံ့ဖြိုးပြီး နိုင်ငံကြီးများကနေ စင်္ကာပူလို နိုင်ငံမျိုးကို လာလုပ်ကြသူတွေ အများစုဟာ ရာထူးကောင်း၊ လစာကောင်း၊ အလုပ်ကောင်းကြသူတွေပါ။ သူတို့ရတဲ့ အခွင့်အရေးးတွေ၊ မက်လုံးတွေဟာ စင်္ကာပူနိုင်ငံသားတွေ ရတဲ့ အခွင့်အလမ်းတွေထက်အောင် ပိုပါတယ်။ တတိယနိုင်ငံတွေက လာလုပ်ကြသူတွေအများစုဟာ အလုပ်ကြမ်းသမားများနဲ့ သာမန် လခစား လယ်ဗယ်တွေသာလျှင် ဖြစ်ပါတယ်။ အင်မတန် ရှားပါးလှတဲ့ လက်တဆုပ်စာ အနည်းငယ်မျှကသာ လုပ်ငန်းရှင်အဖြစ်နဲ့သော်လည်းကောင်း၊ ထိပ်တန်းကောင်းပေ့ဆိုတဲ့ အလုပ်တွေကိုလည်ကောင်း ရကြပါတယ်။ အများစုက သူလိုငါလို ရွက်ကြမ်းရေကျိုမျှသာပါ။

စင်္ကာပူမှာ အဲဒီလို ရွက်ကြမ်းရေကျိုအလုပ်အများစု (စင်္ကာပူနိုင်ငံသားတွေအပါအဝင်)ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂက သတ်မှတ်ထားတဲ့ အခွင့်အရေးတွေကို တန်းစေ့အောင် မရတဲ့သူတွေများပါတယ်။ ကုမ္ပဏီကြီးတွေမှာ လုပ်ကြသူတွေအဖို့ အထိုက်အလျောက် လူတန်းစေ့စေ့ ခံစားခွင့်ရပေမယ့် အလုပ်ကြမ်းသမား လူတန်းစားအတွက်ဆိုရင် အခြေခံရပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေတာကို တွေ့ရပါတယ်။ လစာကို စာချုပ်ကတိရှိတဲ့အတိုင်း မပေးဘဲ အကြာကြီး ပစ်ထားလို့ ဒုက္ခရောက်ရှာကြရတဲ့ သတင်းတွေ အရင်နှစ်ထဲက ပလူပျံသလို ဖတ်နေရပါတယ်။ အလုပ်သမားဝန်ကြီးဌာနရှေ့မှာ ထိုင်ပြီး ဆန္ဒပြတာတွေ ဘာတွေအထိ ဖြစ်ကုန်ပါတယ်။ စင်္ကာပူက သတင်းစာကြီးတွေကို အစိုးရ ထိန်းချုပ်လို့သာလျှင် အများစုက သတိထားမိကြတာဖြစ်ပါတယ်။ အခု အင်တာနက်ခေတ်မှာတော့ ဒီအလုပ်သမားနစ်နာမှုတွေဖက်က ရေးသားတင်ပြတဲ့ အင်တာနက်သတင်းမီဒီယာတွေ ဘလော့ဂ်တွေ ပေါ်လာပြီဖြစ်လို့ စိတ်ဝင်စားသူများအနေနဲ့ အဆိုပါဖြစ်ရပ်တွေကို မကြာခဏ တွေ့မြင်နိုင်ပါလိမ့်မယ်။

အဲဒီတော့ အခွင့်အရေးတွေကို သူများတန်းတူ အပြည့်အဝမရဘဲနဲ့လုပ်ရတာဆိုရင် ကျွန်ဘဝနဲ့ မခြားလှပါဘူး။ ပိုဆိုးတာက နစ်နာနေတဲ့ လူတွေရဲ့ ဘဝကို မစာနာဘဲ ငါတော့ မခံရလို့ အနေသာကြီးဆိုတဲ့ စိတ်မျိုးမွေးပြန်ရင်လည်း အဲဒီ ငါမဆိုင်စိတ်ဓါတ်မျိုးကို သခင်စိတ်ဓါတ်မျိုးလို့ ခေါ်လို့မရပြန်ပါဘူး။

(၃) ကျွန်စိတ်၊ သခင်စိတ်ဆိုတာကို လုပ်ငန်းခွင်တခုတည်းက အခြေအနေနဲ့တင် ဆုံးဖြတ်လို့မရပါဘူး။ ဒီနိုင်ငံမှာ ကိုယ့်အပေါ်ကို ထိခိုက်မှုရှိတဲ့ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ဝေဖန်ခွင့်ရှိသလား၊ လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသလား၊ လွတ်လပ်စွာ စုဝေးခွင့်ရှိသလား၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိသလား၊ သတင်းလွတ်လပ်မှုရှိသလား စတဲ့အချက်တွေအပေါ်မှာ ကြည့်ပြီး လွတ်လပ်မှုရှိမရှိကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လွတ်လပ်မှုမရှိတဲ့ ပတ်ဝန်းကျင်မှာ ခေါင်းငုံခံနေရသရွေ့တော့ ကျွန်ဘဝကို ရောက်နေသလိုပါပဲ။

(၄) နောက်ဆုံးအချက်ကတော့..... >>>>အခြေအနေ ပြောင်းလို့ ခေတ်ကောင်းရင် ကိုယ့်တိုင်းပြည်ပြန်၊ ကိုယ့်လုပ်အားကို ကိုယ့်တိုင်းပြည်တိုးတက်ရေး အတွက် ပေးဆပ်မဲ့ သူတွေချည်းပါပဲ။<<<<....... ဆိုတဲ့ မချစ်ကြည်အေးရဲ့ စကားနဲ့ ပတ်သက်လို့ပါပဲ။ လူအတော်များများလည်း ပြောကြပါတယ်။

တကယ်တော့ သခင်စိတ်ရှိသူတွေအတွက် ကိုယ့်တိုင်းပြည်အခြေအနေကို သူများ ပြောင်းလဲပေးအောင် ထိုင်စောင့်နေတာ သဘာဝမကျဘူး။ ကိုဧရာရဲ့ ပို့စ်တခုမှာ “ကျွန်ဆိုသည်မှာ မိမိလွတ်မြောက်ရေးအတွက် တပါးသူက လာရောက် ကယ်တင်ပေးတာကို ထိုင်စောင့်နေသူဖြစ်သည်” လို့ ဆိုတာ ဖတ်ဘူးပါတယ်။

ကိုယ့်တိုင်းပြည်တိုးတက်ရေးက ခေတ်ကောင်းတော့မှ လိုအပ်တာမဟုတ်ပါ။ အခုကတည်းက စလုပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ နေ့ည ရွှေ့နေရမယ့်အချိန်မဟုတ်ပါ။ အဲသည်လို အနေအထားမှာ ကိုယ်က မပြန်ရဲလို့ဖြစ်စေ၊ ဒီမှာ စီးပွားရေးအတန်အသင့် ပြေလည်နေတဲ့ ဘဝကို မစွန့်ချင်လို့ဖြစ်စေ၊ တိုင်းပြည်ကို သူများပြောင်းလဲအောင် လုပ်ပေးတာကို ထိုင်စောင့်နေချင်လို့ ဖြစ်စေ အပြင်ကပဲ စောင့်နေတယ်ဆိုရင် (ကျနော်အပါအဝင်) အဲသည်စိတ်မျိုးထားနေသူအားလုံးမှာ (မြန်မာနိုင်ငံသားတယောက်အနေနဲ့) တကယ့် သခင်စိတ်မရှိသေးဘူးဆိုတာ ကိုယ့်ကိုယ်ကို အမှန်အတိုင်း မလိမ်မညာဘဲ မညှာတမ်း ဝန်ခံကြရမှာ ဖြစ်ပါတယ်။

တခုတော့ရှိပါတယ်။ ဒီကွန်မင့်က မြန်မာနိုင်ငံသားတွေအတွက်ကိုပဲ ရည်ရွယ်တာပါ။ နိုင်ငံခြားသား ခံယူသွားသူတွေအတွက် အကျုံးမဝင်လှပါဘူး။

မိုးစက်အိမ် said...

အမအတွေးလေးက ကောင်းပါတယ် ခံယူတတ်ဖို့ ဘဲလို
တာပါဗျာ ခုလိုအိုင်ဒီယာလေးကိုအကောင်းမြင်အောင်ရေး
ထားတဲ့အတွက်ပို့ စ်လေးက တန်ဖိုးရှိပါတယ်

Anonymous said...

မချစ်ကြည်အေး ကို တခုလောက်မေးချင်လို့ပါ။ >>>>အခြေအနေ ပြောင်းလို့ ခေတ်ကောင်းရင် ကိုယ့်တိုင်းပြည်ပြန်၊ ကိုယ့်လုပ်အားကို ကိုယ့်တိုင်းပြည်တိုးတက်ရေး အတွက် ပေးဆပ်မဲ့ သူတွေချည်းပါပဲ။<<<<....... ဆိုတဲ့ မချစ်ကြည်အေးရဲ့ စကားနဲ့ ပတ်သက်လို့ပါပဲ။ ဘယ်လို ခေတ်အခြေအနေက ကိုယ့်တိုင်းပြည်တိုးတက်ရေးအတွက် ပေးဆပ်ရမဲ့ အချိန်ဆိုတာ သိချင်ပါတယ်။ မချစ်ကြည်အေးက တိုင်းပြည်အတွက် ဘယ်တွေလုပ်ပေးချင်လို့ ဘယ်လို အခြေအနေတွေကို ထည့်စဉ်းစားနေပါသလဲ။ မြန်မာနိုင်ငံထဲမှာ လက်ရှိ နေထိုင်နေတဲ့ လူငယ်လူရွယ် တချို့ကတော့ လိုအပ်နေတဲ့ ပရဟိတလုပ်ငန်းလေးတွေ လုပ်နေကြတယ်၊ ဒီနှစ်ပိုင်းမှာ အဲလို တည်ထောင်ထားတဲ့ ပရဟိတလုပ်ငန်းတော်တော်များများ ပေါ်လာတယ်ဆိုတာ မချစ်ကြည်အေး သတိထားမိပါသလား။

နေ၀သန် said...

သဘောကျတယ်... စိတ်ထားတတ်ရင် မြတ်ပါတယ်ပေါ့...း))


ခင်မင်တဲ့
နေ၀သန်

Ko Paw said...

မချစ်ကြည်အေးရေ...

တခုကျန်သွားလို့ပါ။ အပေါ်က ကွန်မင့်သူတချို့ရေးတာကို အခုမှ ဖတ်ပြီး သတိပြုမိလို့ပါ။ တခုကို ဥပမာပေးရမယ်ဆိုရင်....

“ကျွန်လို.မခေါ်နိုင်ပါ သမာအာဇီဝအလုပ်ဖြင့် စင်ကြယ်သောဝင်ငွေဖြစ်ပါသည်”

ကျွန်အလုပ်ကိုလည်း သမာအာဇီဝအလုပ်မဟုတ်ဟု၊ မစင်ကြယ်သော ဝင်ငွေ ဟု မဆိုနိုင်ပါ။ သူ့သခင်အလုပ်က သမာအာဇီဝဖြစ်နေသရွေ့ ကျွန်က လုပ်ပေးတဲ့ အလုပ်ဟာလည်း သမာအာဇီဝအလုပ်၊ စင်ကြယ်သော ဝင်ငွေ ဖြစ်နေနိုင်ပါသေးတယ်။ သမာအာဇီဝအလုပ်လို့ မဆိုနိုင်ရင် ကျွန်ဖြစ်နေရင်ပဲ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံခွင့်မရတော့မယ့်သဘော ဖြစ်သွားနိုင်ပါတယ်။

ကျွန်ဖြစ်မဖြစ်ဆိုသည်မှာ “လွတ်လပ်မှု ရှိမရှိ၊ အခွင့်အရေးပြည့်ဝစွာ ခံစားခွင့်ရှိမရှိ”မျှဖြင့်သာ ဆုံးဖြတ်သင့်တယ်လို့ မြင်မိပါတယ်။

ချစ်ကြည်အေး said...

ကိုပေါ နဲ့ အမည်မသိရေ...ကျမရဲ့ ကျွန်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က နိုင်ငံရပ်ခြားမှာ လာရောက်လုပ်ကိုင်နေရတဲ့ ကိုယ့်လူမျိုးတွေရဲ့ အငုံ့စိတ်၊ အဲဒီ စိတ်ထားလေးတခုပေါ်မှာပဲ အကောင်းဘက်က ကြည့်မြင်တတ်အောင် ပြောခဲ့တာပါ။

ကျမ ရေးခဲ့ပါတယ် အခြေအနေအရ၊ မိသားစု စားဝတ်နေရေး အတွက် လာရောက်လုပ်ကိုင်နေရတဲ့ အချိန်မှာ မိသားစု ဝမ်းဝဖို့ အရင်ကြည့်ရမှာပါ။ ထိုင်စောင့်နေတာ မဟုတ်ပါ။ ပရဟိတ အလုပ်တွေ ကျမ နိုင်သလောက် လူအား၊ ငွေအား လုပ်နေသူပါ။ ဘာတွေလုပ်နေတယ်၊ ဘယ်လောက် လုပ်နေတယ်လို့ မဏ္ဍပ်တိုင် တက်ပြဖို့ မလိုဘူးထင်ပါတယ်။

ခုနေမှာ ထိုင်စောင့်မနေတဲ့ သူတွေကရော ဘာတွေ လုပ်နေကြလဲ... သူတို့လဲ သူတို့ တတ်နိုင်သလောက် လှုပ်ရှားနေကြတာပါပဲ၊ အခြေအနေ အချိန်အခါ ဆိုတာ တယောက်နဲ့ တယောက် သတ်မှတ်ပုံ တူချင်မှ တူပါမယ်၊ ဒီမိုကရေစီ ဖြစ်ချင် ဖြစ်မယ်၊ ရေမီးမှန်တာ ဖြစ်ချင် ဖြစ်မယ်။ အဲဒါကိုမှ အဲဒီအချိန်မှ အညွန့်ခူးစားတယ် မထင်ပါနဲ့၊ လူတိုင်းမှာ ကိုယ့် Bench mark နဲ့ကိုယ်ပါ။

ကော်မန့် အရှည်ကြီးအတွက် ကျေးဇူးပါ ကိုပေါရေ...

Mr. Z said...

အမှန်ကတော့ ကျွန်ဖြစ်တယ် မဖြစ်တာဆိုတာထက် ကိုယ်ပိုင်ခံယူချက်မှာပေါ်မှာမူတည်ပါတယ် စိတ်မထားတတ်ရင်တော့ အားလုံးအပေါ်မှာ ရန်သူလို.သဘောထား အားလုံးကို မကောင်းတဲ့ အမြင် နဲ. မြင်ကြတယ်လို.ထင်မိပါတယ် အဲဒီ့လိုလူမျိုးဟာ အမေရိကားလို ဥရောပလို နိုင်ငံမျိုးရောက်သွားရင်လည်း ကြေနပ်နိုင်မဲ့လူစားမျိုးမဟုတ်ပါဘူး

ကျွန်လိုစိတ်ထားရှိတာ မရှိတာထက် ကိုယ်အတွက်ကောင်းမယ်ထင်တယ် ကိုယ့်ဘ၀တိုးတက်မယ်ထင်လို. နိုင်ငံခြားမှာ အလုပ်လုပ်နေကြတာပါ ကျွန်တော်ကိုယ်တိုင်လည်း မလုပ်နိုင်ဖူးထင်ရင် မတရားဖူးလို.ထင်ရင် အချိန်မရွေး မြန်မာပြည်ကိုပြန်သွားမှာပါ

နိုင်ငံခြားမှာလာလုပ်နေတဲ့သူတွေက ကိုယ်သဘောနဲ.ကိုယ်လုပ်နေကြတာဖြစ်ပြီး မတရားဖူးထင်ရင် ကိုယ့်ကိုကိုယ်ကျွန်လုပ်နေရတာလို. ထင်မိရင် မည်သူမဆိုလွတ်လပ်စွာပြန်နိုင်ကြပါတယ် ဘယ်သူ.မှတော့ ခယအောက်ကြို.ပြီး မပြန်ပါနဲ.လို.တားကြလိမ့်မယ်လို.မထင်ပါ

တစ်ချို. တိုင်းပြည်ကို ချစ်ပါတယ်လို.ပြောနေသူများဟာ အဝေးကနေပြီး အော်ချင်တာအော် ပြောချင်တာပြောနေသူများ ဖြစ်နေတာကို စိတ်မကောင်းစွာတွေ.ရှိနေရပါတယ် တစ်ချို.ဆို မြန်မာပြည်ပြန်ပြီး နိုင်ငံရေးအလုပ်လုပ်ဖို.နေနေသာသာ လူမူရေးအလုပ်တွေကိုလုပ်ဖို.တောင် မြန်မာပြည်တောင် မပြန်ရဲတဲ့သူတွေဖြစ်နေတာကို ၀မ်းနည်းစွာတွေ.ရှိရပါတယ်

ကျွန်တော့်ကွန်မန်.က မည်သူ.ကိုမှမရည်ရွယ်ပါ တိုက်ဆိုင်မူရှိခဲ့ရင်လည်း ခွင့်လွှတ်ပါ

ကျွန်တော့်ကွန်မန်.မထင်မှတ်ပဲရှည်သွားပြီး မချစ်ကြည်အေး ကို စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင်လည်း ကျွန်တော် တောင်းပန်ပါတယ်


ခင်မင်လျက်

Z

Anonymous said...

It all depends on which workng environent and condition that you are in. I do understand very well that you have a good intention towards all Burmese people working abroad. But, to alot of people, it's much easier said than done having that kind of positive thoughts. Choice.....your choice,yes.....in which circumstances!!!!! Pls try to be more empathic with your engineer friend who was not able to keep his words. While I was in Singapore in 8os I had seen quite a number of Burmese professionals who were not that happy with their works.So, they felt out of frustration like slaves. You raise a very big issue indeed and thank you for your post.

အနမ်း said...

အမရေ ဟုတ်တယ် ဒီပိုစ့်လေးရေးသင့်တယ်။ အဲဒီကိုရောက်သွားတဲ့သူ တော်တော်များများက အဲဒီလိုပဲပြောတတ်ကြတာများတယ်။ အခုလို အမရေး လိုက်တာတကယ်ကောင်းတယ်။ စိတ်ထားတတ်ရင်ပြီးတာပဲလေ..။
အဆင်ပြေပျော်ရွှင်ပါစေ အမ။ စီဗုံးတွေမမြင်ရလို့ပါ

Anonymous said...

မချစ်ကြည်အေး ဒီလို ရေးထားတာလေးကို<> ဆွေးနွေးချင်လို့ ရေးလိုက်တာပါ။ ကျွန်တော်ရေးထားတာကို ပြန်လည်ဆွေးနွေးတာမို့လို့ ထပ်မံဆွေးနွေးလိုက်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ကိုယ်လုပ်ချင်တာ၊ ကိုယ်လုပ်ရမဲ့ဟာ၊ ကိုယ်လုပ်သင့်တာ တွေကို တပြိုင်နက်တည်း (parallel)လုပ်နိုင်ရင်ကောင်းမယ်၊ လုပ်သင့်တယ်လို့ ၀င်ပြောတာပါ။ မချစ်ကြည်အေးရဲ့ ပို့စ်မှာက အခြေအနေ အချိန်အခါပေးရင်လို့ ရေးထားလို့ ဘယ်လိုအခြေအနေလဲ။ ဘယ်လိုအချိန်အခါလည်း သိချင်လို့ မေးလိုက်တာပါ။ မချစ်ကြည်အေးဘာတွေလုပ်နေလဲ မေးတာမဟုတ်ပါဘူး။ မချစ်ကြည်အေးရေးထားတာထဲက မရှင်းလင်းတာလေး၊ ကျွန်တော်သဘောနဲ့မကိုက်တာလေးကို မေးကြည့်တာပါ။ လူတိုင်းမှာ ကိုယ်ပိုင် စံနှုန်းတွေ၊ တွေးခေါ်ချက်တွေရှိပေမဲ့ အများနဲ့ သက်ဆိုင်တဲ့အခါ အကျိုးရှိအုံးမှ၊ လက်တွေ့ဆန်အုံးမှ ကောင်းပါတယ်။

Anonymous said...

ကျွန်ရဲ့ အဓိပါယ်ကို ဖွင့်ရင်တော့ ကိုယ်ခံယူချက်တွေနဲ့ ကိုယ် အမျိုးမျိုးဖွင့် လို့ရပါတယ်၊ ကျွန်မလဲ စလုံးမှာ အလုပ်လုပ်ရတာ ကျွန်ဇာတာပါလို့ လို့ ထင်မိတယ်၊ ဘာလို့လဲ ဆိုတော့ မိုးလင်းက မိုးချုပ် တကုတ်ကုတ်နဲ့ ဒီအလုပ်တွေပဲ ပင်ပင်ပန်းပန်း လုပ်ပြီး ကိုယ့်စိတ်ပျော်ရွှင်စေတဲ့ မိသားစုနဲ့ အတူတူ မနေရ ၊ အဓိက က စိတ်ပင်ပန်းတာ ကို ဆိုလိုတာပါ၊ ဘယ်သူမှတော့ ကျွန်ခံနေရသလိုပဲလို့ စိတ်မှာထင်ပြီး အငုံစိတ်နဲ့ အောက်ကျ နောက်ကျခံပြီး လုပ်နေတဲ့သူ မပါပါဘူး၊ ကိုယ် တတ်နိုင်သလောက် ကြိုးစားပြီး လုပ်နေကြတဲ့ သူတွေကြီးပါပဲ၊

ကျွန်ခံနေရတယ် ဆို တာ တင်စားပြီးပြောတာပါ၊ ဘယ်သူမှတော့ ငါဟာ ကျွန်ပါလားဆိုပြီး တော့ အဲဒီအတိုင်းခံယူပြီးတော့ မလုပ်ပါဘူး၊ မြန်မာပြည် မှာ နေသလို နေလို့ မရတာကို စိတ်နာပြီး ပြောတဲ့ သဘောပါ၊

အမတွေးထင်ထား သလိုတော့ ကိုယ့်ကို ကိုယ်တော့ တခါမှ မထင်ပါဘူး၊ ဒါပေမယ့် ကျွန်လိုလုပ်နေရတယ်လို့ တော့ ထင်တယ်၊ ဘာလို့လဲ ဆိုတော့ မြန်မာပြည် မှာတုံးက ကိုယ်က ဘုရင်လေ၊ ဒါဆို ပြန်ပါလားလို့ ဆိုရင်တော ဆောရီးပါ ကိုယ်လဲ ကိုယ့် အခြေအနေနဲ့ ကိုယ်မို့ မပြန်နိုင်သေးလို့ ဒီလိုပဲ စကားလုံးနဲ့ ထွက်ပေါက်ရှာတာပါ၊

ဘယ်သူမှာတော့ ဒီမှာ နေရတာ ပျော်လိုက်တာ ပျော်လိုက်တာ ဆိုပြီးတော့ နေကြတဲ့ သူတွေ မရှိကြပါဘူး၊

လူတွေပဲ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်၊ ကိုယ့်လို့ မတွေးတိုင်း သူများတွေကို မှားတယ် လို့ မထင်ပါနဲ့၊ သူ့ စံနူန်း နဲ့ သူပါ၊ လူတိုင်းကို level လိုက်ညှိလို့ မရပါဘူး၊

လွတ်လပ်စွာ ထင်မြင် ယူဆ ကွဲလွဲနိုင်ပါစေ၊၊

Anonymous said...

စလုံးမှာ Status တွေ ကွဲပါတယ်

တချို့  Work Pass သမားတွေ လခ ဘယ်လောက်ရတယ်
ဘယ်လိုအလုပ် လုပ်ရတယ်
Agent Fee ဘယ်လောက်ပေးရတယ်
ဘယ်လို စားသောက်နေထိုင်ရတယ်ဆိုတာ
မြင်မယ်ဆိုရင် တိုင်းတပါးမှာ ကျွန်ခံ နေရတယ်ဆိုတဲ့ စကား ကို နည်းနည်း နားလည်မယ် ထင်ပါတယ်

တကယ့်ကို လူကို လူလို့ မမြင်ဘဲ
ကျွန်တွေ ခိုင်းသလို အမိန့် ပေးစေခိုင်းနေတာ ကို contruction က အလုပ်ကြမ်းတွေမှာ အများဆုံးတွေ့ ရပါတယ်

ဘာလို့  လုပ်နေရတာလဲ ရှင်းပါတယ် ငွေအတွက်ပါ
ဘာလို့ ပြန်ရမှာကြောက်နေရပါသလဲ ငွေ ကြောင့်ပါ
ဘာလို့ ကိုယ့်ကိုယ့်ကို မကျေနပ် ဖြစ်နေရပါသလဲ
ကို့ ဘဝအခြေအနေ ကို ကိုဒေါသဖြစ်
ပြောင်းလဲ လို့ လဲ မဖြစ်ဘူးဆို တာ ကို့ ဘာသာသိနေလို့ ပါ

ထွက်ပေါက်တခု အနေနဲ့ အိမ်ကလူတွေကို ပြောရင်
ငါဒီမှာ ကျွန်ခံနေရတာ ပျော်တယ်လို့ များထင်နေလား တော်တော်များများ ပြောကြပါတယ်

An Asian Tour Operator said...

အမျိုးမျိုး ရှိပါတယ်လေ။ တချို့ကတော့ ကိုယ့်အမိနိုင်ငံမှာ မရနိုင်တဲ့ ၀င်ငွေမျိုးနဲ့ နိုင်ငံ ခြား မှာရလာမယ့် အတွေ့ အကြုံ၊ အတတ်ပညာ၊ အရင်းအနှီး နဲ့ အဆက်အသွယ် ကိုလိုချင်တာပါ။ ကျနော်ဆိုရင် လဲ ဒီလိုပဲ ကိုယ့်ဘာသာ ခံယူထားပါတယ်။ အမ ချစ်ကြည်အေး ရေ.. လူတိုင်းနဲ့ တော့ အမြင်ခြင်းဘယ် ထပ်တူကျ နိုင်ပါ့မလဲနော့။

Anonymous said...

အမချစ် အမရဲ့ စေတနာနဲ့ စိတ်ဓါတ်မြှင့်တင်ပေးတာကို နားလည်ပါတယ်အမ ဒါပေမဲ့လို့ ဆိုက်ထဲရောက်ရင် စူပါဘိုက်ဇာက တမျိုး တရုပ် ကုလားကတမိုး နဲ့ ပြိုင်းအောင်လုပ်ရတာဆိုတော့ ငါကျွန်လာခံနေရတာလို့ တူးတူးခါးခါတွေးမိတာဘဲ အမရ :p

ခင်တဲ့ ကိုမင်း

မိုးငွေ့...... said...

အမချစ်ပို့စ်လေးသိပ်ကောင်းတယ်....
နိုင်ငံခြားရောက်မြန်မာတွေများများဖတ်သင့်တဲ့ပို့စ်ပဲ...

ခင်တဲ့
မိုးငွေ့

ZT said...

ကျွန်တော်လည်း အဲဒီအကြောင်း ပို့စ်တစ်ခုရေးပြီး အတော်လေး ငြင်းသံခုံသံတွေ ကြားလိုက်ရသေးတယ်။ :D
http://www.phoonuthit.com/2009/08/blog-post_02.html

ချစ်ကြည်အေး said...

ကိုပေါ...မနေ့က ကော်မန့်က ကိုပေါဆိုလိုရင်းနဲ့ ကျမပြန်ဖြေတာ လွဲနေသလိုခံစားရတာမို့ ဒီနေ့ အသစ်တခု ထပ်ရေးလိုက်တယ်...တို့က စိတ်ကြီးတယ်...:P
ဒီလို ကိုပေါရဲ့ ကိုပေါပေးတဲ့ ဥပမာထဲက ကျွန်က သခင်စိတ်ရှိသော ကျွန်လို့ ဆိုရမှာပါ၊ သခင့်အကျိုးစီးပွားကို ကိုယ့်ဟာလို သဘောထား လုပ်ကိုင်တဲ့အတွက် သူဟာ လေဘယ်လ် အရ ကျွန်ဖြစ်နေပေမဲ့ သခင်စိတ် အပြည့်ရှိသူ။ အဲဒီမှာ အဓိက ကွဲလွဲတာက ကိုပေါက သခင်-ကျွန် ဆိုတဲ့ စတေးတပ်စ် ဖြစ်တည်မှုပေါ် Focusထားပြီး ကျမက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာပေါ် Focus ထားပြီး တံဆိပ်ကပ်ခဲ့တာ.. အဲဒါဆို ရှင်းပြီနော်...:)

နောက်တခုက လစာ-အဲဒါကတော့ အင်မတန် ရှင်းပါတယ်။ ကိုယ်ရတာ တန်တယ်ထင်ရင်ဆက်လုပ်၊ ကိုယ်က Over qualified ဖြစ်နေလို့ မတန်ဘူးထင်ရင် တူတူတန်တန် ပေးနိုင်တဲ့ ကုမ္ပဏီရှာ...ဒါပါပဲ...

နောက်ဆုံးတခု-ကိုပေါ ပြောသလိုဆို ပြည်ပက ထိုင်မစောင့်ပဲ ရွာပြန်၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မှ သခင်စိတ်ရှိသူလို့ ခေါ်ရမလို ဖြစ်နေပြီဗျ...ဟား ဟား...:P

ဟိုးတုန်းက ကျွန်တွေက ခြေထောက်မှာ သံကွင်းခတ်ပြီး ချုပ်နှောင်ခံထား ရတာလေ၊ ခုက စိတ်ကို ချုပ်နှောင်ထားခြင်း ခံနေရတဲ့ ဘဝတွေဗျ၊ လွတ်မြောက်အောင်လုပ်ကြလို့ ပြောဖို့သာလွယ်တာပါ။ စိတ်ရဲ့ လွတ်လပ်ခွင့်ရဖို့ ကိုယ့်စိတ်ကို ကိုယ်ပြုပြင်ပြောင်းလဲ မြှင့်တင်ဖို့ အရင် လုပ်ကြရအုံးမယ် မဟုတ်လား...

ကိုပေါ...အသေအချာ ပေးသွားတဲ့ ကော်မန့် အတွက် ကျေးဇူးတင်ကြောင်း ထပ်ပြောလိုက်ပါတယ်၊ အမြင်တွေကတော့ ကွဲလွဲကောင်း ကွဲလွဲနေနိုင်ပါသေးတယ်၊

သဘောမတူရင်လည်း နေပေါ့ "ဘာဖြစ်ချင်တာလဲ" လို့ပဲ ထပ်မေးလိုက်မယ်...(အင်္ကျီလက် ပင့်တင်ရင်း ပြောသွား....) :P

ချစ်ကြည်အေး said...

မချစ်ကြည်အေး ဒီလို ရေးထားတာလေးကို<> ဆွေးနွေးချင်လို့ ရေးလိုက်တာပါ။ ကျွန်တော်ရေးထားတာကို ပြန်လည်ဆွေးနွေးတာမို့လို့ ထပ်မံဆွေးနွေးလိုက်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ကိုယ်လုပ်ချင်တာ၊ ကိုယ်လုပ်ရမဲ့ဟာ၊ ကိုယ်လုပ်သင့်တာ တွေကို တပြိုင်နက်တည်း (parallel)လုပ်နိုင်ရင်ကောင်းမယ်၊ လုပ်သင့်တယ်လို့ ၀င်ပြောတာပါ။ မချစ်ကြည်အေးရဲ့ ပို့စ်မှာက အခြေအနေ အချိန်အခါပေးရင်လို့ ရေးထားလို့ ဘယ်လိုအခြေအနေလဲ။ ဘယ်လိုအချိန်အခါလည်း သိချင်လို့ မေးလိုက်တာပါ။ မချစ်ကြည်အေးဘာတွေလုပ်နေလဲ မေးတာမဟုတ်ပါဘူး။ မချစ်ကြည်အေးရေးထားတာထဲက မရှင်းလင်းတာလေး၊ ကျွန်တော်သဘောနဲ့မကိုက်တာလေးကို မေးကြည့်တာပါ။ လူတိုင်းမှာ ကိုယ်ပိုင် စံနှုန်းတွေ၊ တွေးခေါ်ချက်တွေရှိပေမဲ့ အများနဲ့ သက်ဆိုင်တဲ့အခါ အကျိုးရှိအုံးမှ၊ လက်တွေ့ဆန်အုံးမှ ကောင်းပါတယ်။

အမည်မသိ ကျေးဇူးတင်တယ်ရှင့်။ မနေ့က ကျမပြန်ခဲ့တဲ့ ကော်မန့်က မေးတာနဲ့ ကျမပြန် ဖြေတာ လွဲနေတယ်၊ ဆယ်နာရီခွဲက အလုပ်ဖွင့်ရက်အတွက် ကျမအိပ်ချိန်လေ...ဆိုတော့ မျက်စိ ချော်သွားတယ်...ဆောရီးပါ၊

ဒီလိုပါ ကျမ သူငယ်ချင်းတယောက်ရဲ့ ကိုယ်တွေ့နဲ့ ပြောပြပါမယ်။ သူက စလုံးမှာ EPတွေ CPF ရနေတဲ့ ခေတ်ကောင်းစဉ် အခါကတည်းက အလုပ်လုပ် စုဆောင်းရင်း နောက်ဆုံး မိသားစုနဲ့ ဝေးနေရတဲ့ဒဏ် မခံနိုင်ပဲ CPF ရှိသမျှ ထုတ်ပြီး ရွာအပြီး ပြန်သွားခဲ့တယ်။ သူတတ်တဲ့ပညာ၊ အတွေ့အကြုံတွေ၊ စုဆောင်းငွေတွေနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတခု ထောင်တယ်။ သိကြတဲ့အတိုင်း ပါမစ်တခုရဖို့ လူကြီးကို ပေးကျွေးရ၊ ပါမစ်ရခါနီးကျမှ အဲဒီလူကြီးက ပြောင်းသွားပြီး နောက်တယောက် ရောက်လာ၊ သူလုံးလုံး မသိပါ ဆိုတဲ့ လူကြီးအသစ်ကို ထပ်ခွံ့ရပြန်ရော။ တခါ သူက ဒီမှာ လုပ်သွားတဲ့အတိုင်း ပစ္စည်းတွေကို အမှန်အကန်ထည့်ချင်သူ...ကြာတော့ ထန်းညက်တုံးခွေးလျက်တာကမှ ကြာအုံးမယ်။ သူ့မှာ ပါသွားတဲ့ အထုတ်ကလေး ပြောင်ပါရော...။ ဒါနဲ့ ပိုင်ဆိုင်သမျှ တိုက် နဲ့ကား ရောင်းချပြီး မိသားစုပါ ခေါ်ပြီး စလုံးပြန်လာတယ်။ အစက ပြန်စရတယ်

ဒါဟာ လက်ရှိဖြစ်နေတဲ့ အခြေအနေပဲ၊ ဘာဆိုဘာမှ Transparency မရှိ၊ စည်းစံနစ်မရှိတဲ့ အနေအထား အဲလို အခြေအနေမျိုးမှာ ကိုယ်လိုချင်တာရဖို့ သွားဖြဲပြရ၊ ကျွေးမွေးရ ဒါမျိုးတွေနဲ့ ကင်းချင်တဲ့ ကျမ စရိုက်ကြောင့် မဖြစ်နိုင်တာ၊

မပြောနိုင်ဘူးလေ၊ အခြေအနေပြောင်းရင်ပဲ ကျမ ပြောတာ၊ နိုင်ငံ ချမ်းသာမှ ပြန်မယ် ဆိုတာမျိုး မဟုတ်ဘူးရှင့်။ တခြား ဥပမာတွေ အများကြီး ရှိသေးပေါ့ ရှည်မစိုးလို့ ဒီလောက်ပါပဲ...

ချစ်ကြည်အေး said...

ကော်မန့်ပေးပြီး အမြင်လေးတွေ ချပြသွားတဲ့ သူငယ်ချင်း အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်...:)

Mr.Z ရေ စိတ်အနှောင့်အယှက် မဖြစ်တဲ့အပြင် ဝင်ရောက်ဆွေးနွေးသွားတဲ့ အတွက် ကျမက ပြန်လည် ကျေးဇူး တင်မိပါတယ်...နောက်လည်း လာလည်စာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်...:)

အင်ကြင်းသန့် said...

အမလေးးး....ဟုတ်ကဲ့ ဟုတ်ကဲ့ ဘာမှမဖြစ်ချင်ပါဘူး။ အင်္ကျီလက်တွေဘာတွေတောင် ပင့်တင်ကုန်ပြီဆိုတော့ အခြေအနေက မလွယ်ဘူး။ ဘာမှဝင်မပြောရဲတော့ဘူး။ ပြန်ပြီ။ ဟိဟိ.... :P

ဂျင်းစုတ်

ချိုကျ said...

ဟုတ်ပ အစ်မရယ်..ကျနော်ကတော့ ရှေ့လာပြောရင် ပြန်ပြောပြစ်လိုက်တာပဲ တော်တော်များများကို ပြောနေကြတာ...
ကျနော်ကတော့ လက်ကိုမခံနိုင်ဘူး အစ်မပြောတာမှန်တယ်။ ဒီတစ်ခါ ကျနော်ထောက်ခံရမယ့်အလှည့်နော် :)

ခင်တဲ့(ချိုကျ)

Z said...

မချစ်ကြည်အေးခင်ဗျား

ကျေးဇူးတင်ပါတယ် မချစ်ကြည်အေး ဘလော့ကိုလည်း မကြာမကြာလာလည်ပါမယ်

ကျွန်တော်ကိုယ်တိုင် ၂၀၀၀ လောက်ကမြန်မာပြည်ကို အပြီးပြန်သွားခဲ့တယ် စားစရာမရှိ မရှိရင်မုန်.ဟင်းခါး ရောင်းစားမယ်ဆိုပြီး ကြွေးကြော်ခဲ့တယ် ဒါပေမဲ့ ရန်ကုန်မှာအဆင်မပြေတော့လည်း ဒီကိုပဲ ပြန်လာပြီးအလုပ်လုပ်နေရတော့တာပါပဲ ဖနောင့်နဲ.တော့ပေါက်ပြီး ပြန်မလာတော့ဖူးဆိုတဲ့ အိုင်ဒီယာမရှိခဲ့တာတော့အမှန်ပဲ အသက် ၆၀ ကျော်ပြီးမှ အပြီးပြန်တော့မယ်ဆိုရင်တော့ ဖနောင့်နဲ.ပေါက်ဖြစ်မလား တော့မသိဖူး

ကျွန်တော်ဆိုတစ်နှစ် ၂ခေါက် ရန်ကုန်ကိုပြန်ရတယ် နေမကောင်းတဲ့အမေကို ပြန်ပြုစုဖို.ပါ ကိုယ်ရန်ကုန်မှ နေပြန်ရင်လည်း အိမ်ကိုပြန်ထောက်နိုင်တဲ့ စီးပွားရေးလည်းမလုပ်နိုင်ဖူး နောက်ပြီး သက်ဆိုင်ရာတွေနဲ. ပေါင်းမှစားမှရတဲ့ စီးပွားရေးကိုလည်းမလုပ်ချင်တော့ ဒီကိုပဲပြန်လာရတော့တာပေါ့

နိုင်ငံခြားမှာနေတဲ့သူတွေ ရန်ကုန်ပြန်တဲ့အခါပျော်ကြတယ် မိဘဆွေမျိုး သူငယ်ချင်းတွေနဲ.တွေ.ရတာတွေအပြင် ကိုယ်နေခဲ့တဲ့အရပ်ဆိုတော့ သံယောဉ်ဇဉ်ချဉ်နှောင်မူကို တကယ့်ကိုရှိနေတယ် ခဏပြန်တော့ပိုက်ဆံလည်း သုံးနိုင်တာလည်းပါတာပေါ့ ဒါပေမဲ့ ရေရှည်နေဖို.ကြတော့ အသက်ကြီးမှပဲဖြစ်တော့မယ် ထင်ပါတယ် မြန်မာပြည်မှာ ပိုက်ဆံတစ်ထောင်က ဘာမှသုံးလို.မရပေမဲ့ တစ်ချို.တွေမှာ တစ်ထောင်ရဖို.မနည်းရှာနေရကြရပါတယ် တစ်ကယ်တော့ လူတွေက တော်တော်လေးကို ဒုက္ခရောက်နေကြတယ်

ခင်မင်လျက်

Z

ချစ်ကြည်အေး said...

Zရေ အမလည်း အရင်က ဘာမှ မလုပ်တတ်ရင် အကြော် ကြော်ရောင်းမယ်ကွာ မငတ်ပါဘူး လို့ ပြောဖူးတယ်...
Zက မုန့်ဟင်းခါးဆိုတော့ ကွက်တိပဲ...ရွာပြန်ပြီး ချစ်ကြည်ဇက်-မုန့်ဟင်းခါး ပရိုက်ဗိုက် လီမိတက် ထောင်လိုက်ကြစို့...:P

TZA said...

ပို့စ်ရောကော်မန့်ရော အားလုံးပေါင်းပြီးလွေးလိုက်တယ်၊ အရမ်းကောင်းတာပဲ၊ ရှလွတ်။

ကိုယ်တို့ကတော့ရှင်းတယ်၊ ကိုယ်ကပဲ ကိုယ့်ကိုပြန်ခိုင်းတယ်၊ ကျေနပ်ရင် ပျော်ပျော်ကြီးလုပ်တယ်၊ မကျေနပ်ရင် ဘယ်လောက်ချော့ချော့ မလုပ်ဘူး။ ကိုယ့်ကိုကိုယ် ပိုင်နေသရွေ့ သခင်လည်းကိုယ် ကျွန်လည်းကိုယ်ပဲ။

Ko Paw said...

မချစ်ကြည်အေး...

အခုလို စိတ်ရှည်လက်ရှည် ပြန်ကြားပေးတဲ့အတွက် ဦးတို့ မြန်မာ့အသံ...အဲလေ... ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

တကယ်တော့... ကျွန်လို့ဆိုလိုက်ရင် ကျနော့်မျက်စိထဲမှာ အရင်ဆုံးပြေးမြင်တာက မြသန်းတင့်ရဲ့ “နေထွက်သောည” ပြဇာတ်ထဲက ဦးဖိုးလူ ဆိုတဲ့ အဖိုးကြီးကိုပါပဲ။ သူက သူများအိမ်မှာ အစေခံလုပ်ကြတဲ့အထဲက သမ္ဘာအရင့်ဆုံး အစေခံ(ကျွန်)ကြီးဆိုပါတော့။ ဦးဖိုးလူ စကားပြောတဲ့အခန်းကို မြသန်းတင့် သရုပ်ဖော်တဲ့အခါ....

ဦးဖိုးလူ (အရည်ဝပြီးသော ကျွန်ကြီးတယောက်ဟန်ဖြင့်)။.......။“....... ........ ......... ”

....ဆိုတာမျိုး ဦးဖိုးလူရဲ့ အမူအယာကို သရုပ်ဖော်တတ်တယ်။

အဲသည် သရုပ်ဖော်လေးပုံလေးက တိုတိုနဲ့ တော်တော်ထိတယ်။ ဦးဖိုးလူက ကျွန်တွေချင်းအတူတူ တမူးပိုရှူချင်တဲ့ ကျွန်ရည်တတ်ကြီး အချိုး ချိုးချင်တာဆိုတော့.... အဲသည်ပြဇာတ်ကို ဖတ်ကြစဉ်က ကျနော်တို့ မောင်နှမတတွေအကြားမှာ တယောက်ယောက်က တမူးပိုရှူဖို့ကြံတယ်ဆိုရင် အဲဒီ “အရည်ဝပြီးသော ကျွန်ကြီး တယောက်ဟန်ဖြင့်” ဆိုတဲ့ စကားလေးနဲ့ အချင်းချင်း နှိပ်ကွပ်ခဲ့ရတာကို သတိရမိတယ်။ အဲဒီ ဇာတ်လမ်းထဲက ဦးဖိုးလူကတော့ ဇာတ်လမ်းအရ အစေခံဘဝမှာ ပျော်ဝင်နေတဲ့ ကျွန်စိတ်အပြည့်ရှိတဲ့ ကျွန်မျိုးပါ။

ဒုတိယအနေနဲ့ “Gone With The Wind” ဇာတ်ကားထဲမှာပါတဲ့ Scarlett O'hara တို့အိမ်က အထိန်းတော် ကျွန်မ ဝဝကြီးကို မြင်ယောင်မိတယ်။ သူဆိုရင် အကွက်ကလည်းစေ့၊ အားလည်းကိုးရ၊ သစ္စာလည်းရှိ၊ ယုံလည်း ယုံကြည်စိတ်ချရတဲ့ ကျွန်မကြီးပေါ့နော်။ မချစ်ကြည်အေးစကားနဲ့ပြောရရင်တော့ သခင်စိတ်ရှိတဲ့ ကျွန်ခေါ်ရမလား မသိဘူး။ ဒါပေမယ့်လည်း ကျွန်ကတော့ ကျွန်ပါပဲ။

မချစ်ကြည်အေးပြောသလိုပဲ ကျွန်ဘဝက လွတ်မြောက်ဖို့ဆိုတာ စိတ်ဓါတ်အားဖြင့် ပထမ အရင်လွတ်မြောက်ဖို့လိုတာကတော့ အမှန်ပါပဲ။ အဲဒီအချက်ကို သဘောတူပါတယ်။ ဒါပေမယ့် စိတ်ဓါတ်က ဘယ်လိုပင်လွတ်မြောက်နေပေမယ့် ပတ်ဝန်းကျင်နဲ့ ပကတိအခြေအနေက လွတ်မြောက်မှုကို မပေးသေးဘူးဆိုရင် ဘဝပေးအခြေအနေအရ ကျွန်ဘဝမှာပဲ ရှိနေနိုင်သေးတဲ့ သဘောသဘာဝကို ကျနော်က ဆိုလိုချင်ခဲ့တာပါ။ ထင်ရှားတဲ့ ဥပမာကို ပြရရင် သခင်စိတ်နဲ့ “ဒို့ဗမာ” အစည်းအရုံးဖွဲ့ပြီး ကိုယ့်ကိုယ်ကို သခင်တွေ တပ်ခေါ်နေကြရုံနဲ့ အမှန်တကယ် နယ်ချဲ့လက်အောက်က မလွတ်မြောက်သေးတာမို့ တကယ့်လွတ်လပ်ရေးအတွက် ဆက်လက်ရုန်းကန်ခဲ့ကြတဲ့ ဥပမာမျိုးပါပဲ။

ကျွန်ဘဝကို စိတ်ကုန်တဲ့အခါ ထွက်ပေါက်က နှစ်မျိုးရှိတယ်။ တမျိုးက လုံးဝ လက်မြှောက်အရှုံးပေးသွားတာ။ ရုန်းထွက်ဖို့မကြိုးစားချင်တော့ဘူး။ ကျွန်ဘဝမှာပဲ ပျော်ပျော်ကြီးနေသွားကြတာမျိုး။

နောက်တမျိုးကတော့ အမှန်တကယ်လွတ်လပ်မှုကို ရအောင် ကြိုးစားကြတာမျိုးပေါ့။

ကျနော်ကတော့ အဲဒီ နှစ်ခုကြားထဲမှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိပါတယ်။ အမှန်ကတော့ (အဟမ်း.... နည်းနည်း ကြီးကြီးကျယ်ကျယ်ပြောရရင်) အစွန်းနှစ်ဖက်မရောက်အောင် ကြိုးစားပြီးနေတာ....အဟဲ။ မကျွံ့တကျွံ...အဲလေ... မကျွန့်တကျွန်ပေါ့။

အခုလို ရှည်ရှည်လျားလျား တော်ကီပွားလိုက်ရတဲ့အတွက် အင်မတီး အင်မတန် လက်ညောင်းသွားပါလယ်။ အမှတ်တရအနေနဲ့ ငယ်ငယ်တုန်းက (တေဇထဲမှာထင်ရဲ့) ဖတ်ခဲ့ရဖူးတဲ့ ကဗျာလေးတပိုဒ်ကို မှတ်မိသလောက် မျှဝေလိုက်ပါတယ်။ (ပေါ်လစီတော့နည်းနည်းပါတယ်။ သည်းခံပါ။း-)

မျောက်ညိုကလေး တောထဲမှာ
မုဆိုးတယောက် ဖမ်းမိလာ

မျောက်ပြဆရာ လက်ကိုအပ်
သူ့ခမြာလေး မလွတ်လပ်

တဖျတ်ဖျတ်နဲ့ အရိုက်ခံ
ကရငိုရ မင်းသားဟန်

ရှေ့ပြန်နောက်ပြန် ကျွမ်းကိုထိုး
ပိုက်ဆံပေးဖို့ သူရှိခိုး။

မုန့်ဖိုးပဲဖိုး သူ့အပေါ် (ဒီစာကြောင်းမှာ သေချာ မမှတ်မိ၍ ရမ်းတုပ်)
ပေးကြကမ်းကြ ဆုချသော်

သူ့လုပ်အားပေါ် အမြတ်ထုတ်
မျောက်ပြဆရာ အကြံဟုတ်။

အချုပ်မချယ် မကင်းလျှင်
သူ့ကျွန်ဘဝ သည်တိုင်းပင်

လွတ်လပ်ပျော်ရွှင်နေလိုက
အမိနိုင်ငံကို မြတ်နိုးကြ။

....................

ဒီတပွဲတော့ မောသွားလို့ နားဦးမယ်။
နောက်များမှ....ဆုံကြဦးမယ်လေ....ပျော်ပျော်ပါးပါးပေါ့း-)

ကိုဇော် said...

မတ်အားရယ် ၊ မတ်လတ်ရယ်ကြောင့် ( မအားမလပ်ကြောင့် ) အခုမှပဲ ရောက်ဖြစ်တယ် အစ်မ။ သေသေချာချာ ဖတ်သွားပါတယ်။ တော်တော်ကြီးကို ဥာဏ်မမှီတော့ ဘာမှ ဝင်မပြောတော့ပါဘူး။

ဘုရားကို အလုပ်အကျွေးပြုစေ ဆိုပြီး ဘုရင်က သတ်မှတ်ခိုင်းစေတော့ သူတို့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဘုရားကျွန် ဖြစ်ခဲ့ကြရတယ် လို့တော့ အရင်က ကျနော် နားမလည်သော သမိုင်းကျမ်းတွေမှာ ဖတ်ခဲ့ဖူးပါတယ်။

အခုတော့လေ. . ဆရာ နေဝင်းမြင့် ရဲ့ ရေကန်သာ ကြာတိုင်းအေး ဖတ်နေတယ် ခင်ဗျ။

ပျော်ရွှင်ပါစေ
ကိုဇော်

ဇွန်မိုးစက် said...

ကိုတီပြောသွားတာလေး သဘောကျမိတယ် အစ်မ။

“ကိုယ့်ကိုယ်ကို ပိုင်နေသ၍ သခင်လည်းကိုယ် ကျွန်လည်းကိုယ်“ ဆိုတာ။

ဘယ်လိုပဲဖြစ်ဖြစ် အစ်မရဲ့ပို့စ်က မြန်မာတွေကို စိတ်ထားတတ်အောင် ရည်ရွယ်တဲ့ စေတနာပါတယ်ဆိုတာ ထင်ရှားတယ်။

ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါ အစ်မရေ။ ကျန်တာတော့ လူချင်းတွေ့မှ ပြောမယ်နော်။း)

ကလူသစ် said...

မချစ်ကြည်အေးသူငယ်ချင်းအင်ဂျင်နီယာကို ပြောလိုက်ပါဗျာ။ မြန်မာပြည်ပြန်ပြီး အေးအေးလူလူ ကျွန်လိုမလုပ်ရပဲ (သူသတ်မှတ်ထားတဲ့ ကျွန်)နေနိုင်တယ်ဆိုရင်လဲ မြန်မြန်သာပြန်ပါလို့။ ပြန်နေလို့မဖြစ်ဘူး။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ရတယ်ဆိုရင်လဲ ဟိုတွေး ဒီတွေးနဲ့ ထပ်ပြီး ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခမပေးပါနဲ့လို့။

တကယ်လို့ သားသမီးတွေများရှိခဲ့ရင် နိုင်ငံခြားမှာနေ၊ကြီး၊ပညာယူနိုင်ခဲ့လို့ သူတို့အလှည့်ကျရင် ကိုယ့်လိုမဖြစ်အောင် ပိုကောင်းတဲ့၊ ပိုအခွင့်အလမ်းရှိတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးထားနိုင်ခဲ့တဲ့အတွက် လှေခါးတထစ်တက်နိုင်ခဲ့တယ်လို့ စိတ်ဖြေပါဆိုတာ ပြောလိုက်ပါဗျာ။

ဘာပဲဖြစ်ဖြစ် ဒီပို့စ်ကတော့ သူနဲ့သူ့လိုစိတ်ရှိသူတွေအတွက် အားဆေးဖြစ်ပါလိမ့်မယ်။ အဲ့... အရာရာကို တနေရာထဲက ရပ်ကြည့်သုံးသပ်မနေဘူးဆိုရင်ပေါ့ဗျာ။

ဝက်ဝံလေး said...

မမ ပို့စ်ရော ကွန်မန့်ရောဖတ်သွားတယ်သိလား သမီးက သိပ်တော့မသိတော့ ပွဲကြည့်ပိတ်သတ်ပဲလုပ်သွားတယ်နော် သမီးသိတဲ့အပိုင်းကျမှ အသေဆွေးနွေးမယ် အိုခေ ????

TURN-ON-IDEAS said...

အစ်မချစ်ကြည်...
ပေးချင်တဲ့ messageကို စာဖတ်သူထပ်တူရဖို့ဆိုတာ... စာရေးသူနဲ့ စာဖတ်သူနှစ်ယောက် ရင်ဘတ်ချင်းနီးကပ်ဖို့လိုတယ်...
(ဥပမာ...>>>အဲဒီမှာ အဓိက ကွဲလွဲတာက ကိုပေါက သခင်-ကျွန် ဆိုတဲ့ စတေးတပ်စ် ဖြစ်တည်မှုပေါ် Focusထားပြီး ကျမက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာပေါ် Focus ထားပြီး တံဆိပ်ကပ်ခဲ့တာ..<<< )
အကြောင်းအရာ နက်နဲလေ၊ အတိုးချုံးပေးဖို့ခက်လေပဲလို့ ထင်ပါတယ်...
"တို့တွေက မောင်နှမတွေမို့ အစ်မပြောချင်တဲ့ အဓိကတွေကိုပဲ အကုန်ယူပစ်လိုက်ပါတယ်..."
very conservative လို့ ပြောအုံးမလားတော့ မသိ။
ဘာပဲဖြစ်ဖြစ်ပါ... "အစားအသောက် စားတာနဲ့ပဲ ခိုင်းနှင်းတတ်လေသော...ကျွန်တော်ပစ်တဲ့ခဲ မှန်ဖူးတဲ့ စာသူငယ်" ကိုတီဇက်အေ ပြောသလို ကွန်မန့်တွေကလဲ တကယ့်ရှယ်တွေပဲမို့ အကုန်ကိုလွေးပစ်တာ...
အိုး ကောင်းမှကောင်း!
Sister, thanks for your post!

blackroze said...

မကြီးချစ်ရေ...မကြီးချစ်ရဲ့ပိုစ့်ကိုရော..ဝင်ဆွေးနွေးထားတဲ့
ကော်မက်တွေကိုရော..သေသေချာချာဖတ်သွားတယ်..
ညီမတော့ပိုစ့်ကိုရော..ကောမက်တွေကိုရောသဘောကျတယ်မကြီး
ခုလိုအပြန်အလှန်ဆွေးနွေးမှု့ရှိမှပိုအသက်ဝင်သလိုဘဲ
မကြီးချစ်ရေ....ချစ်ကြည်ဇက်မုန့်ဟင်းခါး ပရိုက်ဗိုက် လီမိတက်
ထောင်တာနဲ့ဖွင့်ပွဲကိုဖိတ်နော်...မုန့်ဟင်းခါးအဝလာတီးမယ်
ဟီးးးဟီးးး
စားဖို့ဆိုလိုကတော့...အချိန်မရွေးလာထားဘဲ :p

Anonymous said...

ကို့ကိုကို ဘယ်ဘဝရောက်နေလဲ မသိဘူး...စကားလုံးနဲ့ ကာကွယ်နေတယ်... စာကို ဖတ်ကြည့်ကတည်းက သခင်အားရ ကျွန်ပါးဝ လုပ်နေမဲ့ ကျွန်ပုံစံပဲ... ဘဘတွေပြောတဲ့ ပြည်ပ အားကိုး ပုစိန်ရိုး ဆိုပြီး သူတို့ပဲ တရုတ် အားကိုးနေသလိုပေါ့... ဒီလို အော်တတ်တဲ့ လူတွေက ပိုပြီး ကျွန်သက်ရှည်ပါတယ်...ကောင်းလေစွ ကောင်းလေစွ...ပညာတော်သင် သီးသန့် သွားတာ မဟုတ်ပဲ တခြားမှာ အလုပ်နဲ့ သွားသမျှ ငွေလိုချင်လို့ မဟုတ်လား... ဒါဆို 'ငွေဝယ်ကျွန်' ပဲ...ကျွန်ဖြစ်နေတာတောင်မှ အဆင်ပြေနေတော့ ကျွန်အဆီရောင် ပြောင်တဝင်းဝင်း လုပ်ချင်နေသေးတယ်.....

ချစ်ကြည်အေး said...

မောင်မောင်၏ဘလော့ဂ် said :

ကျွန်ခံနေတာမဟုတ်ဘူးလေ ထိုက်သင့်တဲ့  လခရဖို့  အခိုက်အတန့် လုပ်နေရတာပါ။ အချိန်တန်ယင် အိမ်ပြန်ကြရမှာပဲလေ။
ကိုယ့်ဟာ ကိုယ် မြင့်မြင့်တွေးယင် မြင့်မြင့်မားမား ဖြစ်လာမှာပါ။
ကိုယ့်ဟာ ကိုယ် ကျွန်လို့ တွေးယင်တော့လဲ ကျွန်လို ဖြစ်လာမယ်ထင်ပါတယ်ခင်ဗျာ

TURN-ON-IDEAS said...

အပေါ်က anonymous... "ပညာတော်သင် သီးသန့်သွားတယ်"ဆိုပါလား...

ကဲ ခင်ဗျားပြောတဲ့ ခေါင်းစဉ်အောက်မှာပဲ ဆွေးနွေးကြရအောင်...
အဲဒိ ပညာတွေသင်ပြီး၊ ငွေဝယ်ကျွန်မလုပ်ပဲ(ခင်ဗျားပြောသလို) မြန်မာပြည်ပြန်မယ်ဗျာ...
--- ဘယ်နေရာတွေမှာ သွားပြီး အသုံးချရမလဲ
(ထားပါတော့... နိုင်ငံတကာ အဆင့်မှီတံတားကြီး ၁စင်းဆောက်ကြပါစို့)
--- ဒီတံတားကြီးကို နိုင်ငံတကာအဆင့်မှီ ဆောက်ခွင့်ပြုမယ်ထင်သလား
--- ကိုယ်လုပ်ရမဲ့ အလုပ်တာဝန်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နိုင်မယ်လို့ ထင်သလား
--- တတ်မြောက်ထားတဲ့ ပညာတွေကို စနစ်တကျ အသုံးချခွင့်ရှိမယ်ထင်သလား...
ဆိုတဲ့ လားပေါင်းများစွာနဲ့ အဓိပ္ပာယ်မရှိတဲ့ တားမြစ်ချက်တွေ ပိတ်ဆို့မှုတွေနဲ့...

ကဲ အဲဒိ ပညာတော်သင်ကြီး ဘာတွေလုပ်နေရလိမ့်မယ် ထင်သလဲ...
တကယ် ပညာရှင်တစ်ယောက်ဟာ ဒီလိုနေရာမျိုးမှာ အရည်အချင်းတွေ ချပြခွင့် မရနိုင်ဘူး...

ပညာကို တန်ဖိုးထားတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့လူတွေအတွက် ဘယ်လိုနေရာမျိုးဟာ မနေသင့်တဲ့ အရပ်လဲ...

နှစ်ပေါင်းမြောက်များစွာ အရည်အချင်းမပြည့်မှီတဲ့ ပညာရေးကို အစစအရာရာ ချို့တဲ့စွာ သင်ကြားလာခဲ့ရသူတွေဟာ ဒီလိုနေရာဒေသမျိုးမှာ စိတ်ပိုင်းဆိုင်ရာကို မနည်းကို တည့်မတ်ပြီး ထိန်းကျောင်းလာခဲ့ရတာပါ...

မြန်မာပြည်ထဲမှာ... ကျန်ရှိနေသေးတဲ့ ပညာကို တကယ်လိုလားတဲ့ အခွင့်အလမ်းတွေမရှိသေးတဲ့ ကလေးတွေ စိတ်ပိုင်းဆိုင်ရာတွေမှာ ဘယ်လောက်တောင် ထိရှနေကြပြီလဲ...

ဘယ်နှယောက်တောင့်ခံထားနိုင်သေးလဲ...
ဘယ်နှယောက်ကတော့ ဖြစ်သလို ရေစုံမျောလိုက်ပြီလဲ (သို့) မိုးခါးရေသောက်လိုက်ကြပြီလဲ...

ဒီလို အခြေအနေတွေထဲမှာ ကြီးပြင်းလာတဲ့ ပညာကို တကယ်လိုလားသူတွေ...
ပညာတော်သင်အခွင့်အလမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊
ဒါမှမဟုတ် တတ်ထားသမျှ ပညာကို အသုံးချခွင့်ရနိုင်မယ့်၊
ထိုက်သင့်တဲ့ (ဒီမှာ မိဘကိုလုပ်ကျွေးဖို့လောက်ပဲ ထားပါ) လခရနိုင်တဲ့ လုပ်ငန်းခွင်မျိုးမှာ အလုပ်လုပ်ဖို့အခွင့်အရေးရလာပြီဆိုပါစို့...

အဲဒိလူငယ်အတွက် anonymous ပဲ ဆုံးဖြတ်ပေးလိုက်ပါ...
၁)နိုင်ငံအတွင်းမှာပဲ စိတ်တွေနာကျင်ထိခိုက်ပြီး မျှော်လင့်ချက်မဲ့နေတဲ့ စိတ်ဒဏ်ရာတွေနဲ့နေမလား...
၂)ကိုယ့်ကျင့်တရားကို အပျက်စီးခံပြီး မိုးခါးရေသောက်မလား...
၃)အဲဒိ အခွင့်အလမ်းကိုပဲ လက်ခံပြီး မိဘကျေးဇူးကို (မသေခင်လေး) ဆပ်ချင်လား၊ အနာဂတ်အတွက် စတင်တည်ဆောက်မလား...
ကဲ ဆုံးဖြတ်ပေးပါအုံး...

နံပါတ်(၃)အချက်ကို လက်ခံလိုက်ပြီဆိုပါစို့...
--- ကံအကြောင်းမလှလို့ ဒီလူငယ်ဟာ အလုပ်သမားတစ်ယောက် ရပိုင်ခွင့်တွေကို မတရားချိုးနှိမ်တဲ့ နေရာမှာ လုပ်နေရမှမျိုး ဖြစ်နိုင်ပါတယ်...
--- အဆင့်မမှီတဲ့ ပညာရေးကြောင့် အရည်အချင်းမပြည့်မှီလို့ တာဝန်ဝတ္တရားတွေကို ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင်လို့ စိတ်ဓာတ်ကျနေတာမျိုးလဲ ဖြစ်နိုင်သေးတယ်...
--- english မကောင်းလို့ အများသူငှာနဲ့ ဆက်ဆံတဲ့ နေရာတွေမှာ နားလည်မှုလွဲနေလို့၊ အထင်သေးခံနေရတာမျိုးတွေ ရှိနေလား...
--- အထက်က အချက်တွေက အရမ်းဆိုးဝါးနေတာမျိုးမဟုတ်ပဲ မိမိကိုယ်တိုင်က စိတ်ဓာတ်ပျော့ညံ့၊ ဆတ်ဆတ်ထိမခံတာကြောင့်လား...

အဲဒိ အခက်အခဲတွေအတွက်တော့ ကျွန်တော့် ခံယူထားတဲ့ စိတ်၊ အတွေ့အကြုံတွေနဲ့ပြောရရင်...
ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေ လိုနေလဲ...
လိုတာအကုန်ဖြည့်... ဒါပဲ...(စိတ်ပိုင်းဆိုင်ရာ ရောပေါ့)

ကျွန်တော် ခံယူထားတာကတော့ တစ်လ ၃၀၀၀တန်တဲ့ အလုပ်သမားဟာ ၅၀၀၀တန်အလုပ်ကို ရနေလဲ အလုပ်မှာ အရည်အချင်းမပြည့်မှီရင် လခများနေလဲ သူဟာ စိတ်ဖိစီးမှုတွေ ရနေမှာပါ...

မိမိကိုယ်ကို မလိမ်ညာပဲ၊ အမှန်အတိုင်းမြင်... ပြီးရင် လိုတဲ့အရည်အချင်းတွေကို ဖြည့်ပေတော့ (ကိုယ်လိုချင်သလောက်လေ... supervisor လောက်ဖြစ်ချင်ရင် supervisor လောက်အရည်အချင်းရှိအောင်ကြိုးစား၊ manager ဖြစ်ချင်ရင်လဲ ဒီလိုပဲပေါ့...)

ကိုယ့်မှာ...
---အရည်အချင်းမရှိလို့၊
---ရှိအောင်လဲ မကြိုးစားလို့၊
--- ကြိုးစာရဲ့သားနဲ့ ကံမကောင်းသေးလို့ (ဒါကတော့ ကိုယ့်ပြုခဲ့သမျှလေ၊ ဒီလိုဆိုလဲ ကောင်းတာများများလုပ်ပြီး မကောင်းတဲ့ကံတွေ လျော့နည်းအောင် ကြိုးစားနိုင်ပါသေးတယ်)
သူများတွေလောက်ကိုယ် မဖြစ်နိုင်သေးရင်လဲ အောင်မြင်နေတဲ့ လူတွေကို ရန်လိုနေမဲ့အစား မုဒိတာပွားပြီး ကိုယ့်မှာလိုတာလေးကို ဖြည့်ပေါ့ဗျာ...

ပြောတာလဲများသွားပြီ...
ကဲ anonymous... အဆင်ပြေရင် ပညာတော်သင်သီးသန့်သွားတဲ့ လူတစ်ယောက်အကြောင်းလေး အကျယ်တဝင့် ပြောပြပေးနိုင်မလား...
ပညာတော်သင်သီးသန့်သွားခဲ့တဲ့သူ ငွေဝယ်ကျွန်အဖြစ်မခံပဲ(ခင်ဗျားပြောသလို) မြန်မာပြည်ပြန်ပြီး ဘာတွေလုပ်မလဲ စိတ်ဝင်စားလို့ပါ...

Anonymous said...

Ko TZA ရဲ့ ကိုယ့်ကိုကိုယ်ပိုင်သရွေ့ သခင်လည်းကိုယ် ကျွန်လည်းကိုယ် ဆိုတဲ့ comment ရယ်...
Turn-on-idea ရဲ့ နောက်ဆုံး comment ရှည်ကြီးရယ် အကြိုက်ဆုံးပဲ..
ကောင်းမှကောင်း

Anonymous said...

ကွန်မန့်တွေရော ပို့စ်ရော အားပါးတရ ဖတ်သွားတယ်ဗျာ
ကိုTZAရေ ကျတော်လဲ သားအကြီးဆုံးမို့ အိမ်မှာတော့ သခင်လဲ ကိုယ် ကျွန်လဲ ကိုယ်ပါဗျာ အလုပ်ထဲမှာတော့ မရဘူးဗျီုး :D

Anonymous said...

TURN-ON-IDEASေ၇....
ခင်ဗျားက စကားကို လုံးချတာပဲကိုး...စာကို သေချာ မဖတ်တတ်တာ သေချာတယ်...ငါေ၇းထားတာ နိုင်ငံခြားကို သွားသူတွေထဲမှာ ပညာသွားသင်သူလား ၊ ပိုက်ဆံအတွက် အလုပ်သွားလုပ်သူလား ကို ပြောထားတာ...မင်းစာဖတ်တတ်မယ်လို့ ငါက ထင်မိတာ...
ပြည်ပကို ငွေအလိုအ၇ အလုပ်ထွက်လုပ်၇တယ် ဆိုကတည်းက ဒါ ကျွန် တစ်မျိုးပဲ။ ပညာတော် သင်တဲ့ လူတွေတောင်မှ တကယ်ဆို ပညာလိုချင်လို့ သွားသင်တယ် ဆို၇င် 'ပညာကျွန်' လို့ ပြောလို့၇တာပဲ.. ပညာသင်ခါ မရှက်၇ာ စကားပြေကို ဖတ်ဖူးတယ် မဟုတ်လား...လူတွေ အမြင်ကို အမှားတွေ...စိတ်ကြီးဝင်ပြီး ဖင်ခေါင်းကျယ်အောင် အမြင်တွေကို မရောထွေးနဲ့..အပေါ်က ကိုပေါ ပြောသွားသလိုပဲ...သခင်စိတ်ကြီး ဝင်နေတဲ့ သူများ အခိုင်းခံတွေ ဆိုတာ ကို့ဖာသာ ရှင်းရှင်းလင်းလင်း သဘောပေါက်စမ်းပါ ငါ့လူ၇ာ...

TURN-ON-IDEAS said...

ကဲပါဗျာ... အေးဆေးပေါ့...
ကျွန်တော်ပြောခဲ့သလိုပဲ... ကိစ္စက နက်နဲလေ အတိုးချုံးပြောဖို့ခက်ခဲလေပါပဲ...
ဒါတောင်မှ ကျွန်တော်အများကြီး ရှင်းပြခဲ့တာပါ...
(နောက်တစ်ခါ ထပ်ပြောချင်စိတ် မရှိတော့မှာစိုးလို့)

တကယ်က ခင်ဗျားပြောတဲ့ ကိစ္စကိုပဲ အဓိကထားပြီး ရှင်းပေးခဲ့တာ...
ပညာတော်သင်သပ်သပ်သွားတဲ့လူလဲ ဒီပညာတွေအသုံးချရအုံးမယ်လေ...
ဒါကြောင့် နောက်ဆုံးကျ ကိုယ်တတ်ထားတဲ့ ပညာတွေကို အသုံးချဖို့ ကိုယ်ကျင့်တရား ပျက်စရာမလိုတဲ့ အလုပ်၁ခုကို ရွေးချယ်ရမှာ...

ဒီလိုဆိုရင် ပညာတော်သင်အတွက်ပဲ နိုင်ငံခြားထွက်လာလာ၊ ငွေရှာဖို့ပဲ ထွက်လာလာ ကိုယ်တတ်ထားတဲ့ပညာတွေ အသုံးချဖို့ အလုပ်လုပ်ရမယ်...
ကဲ နောက်ဆုံးတော့ ခေါင်းစဉ်၁ခုအောက်ရောက်သွားတာပါပဲ...
ဒါကြောင့်လဲ ကျွန်တော်က အဲဒိအလုပ်အကြောင်းနဲ့ပဲ အဆုံးသတ်ပေးခဲ့တာပါ...

ဒီအတိုင်း အလုပ်ရှာဖို့သပ်သပ်၊ ငွေရှာဖို့သပ်သပ်(ခင်ဗျားပြောသလို) လာခဲ့လဲ ဘာဖြစ်သေးလဲ...
သူ့ရဲ့ လာရခြင်းရည်ရွယ်ချက်သာလျှင် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးပဲ...

အခွင့်အလမ်းတွေ ပိတ်ဆို့နေတဲ့ ဒီလိုနိုင်ငံမျိုးမှာ... အရွယ်ရောက်နေတဲ့ လူတစ်ယောက် (မိဘက ကိုယ့်ကို လိုအပ်နေတဲ့အချိန်မျိုးဖြစ်နေပြီ) မိဘတွေ မသေခင်လေး တတ်နိုင်သလောက် ထောက်ပံ့ဖို့ လာပြီးငွေရှာတယ်ဗျာ...
အနာဂတ်အတွက် စတင်တည်ဆောက်ချင်လို့၊ မိုးခါးရေ မသောက်ချင်လို့ လာတယ်ဗျာ...
အဲဒါ ဘာဖြစ်တုန်း...

နိုင်ငံခြားကို ပညာတော်သင်နဲ့မဟုတ်ပဲ ဒီအတိုင်းအလုပ်လာရှာ၊ ပြီးရင် ကိုယ့်မှာ အရည်အချင်းရှိသလောက် (များသောအားဖြင့်တော့ တကယ်အရည်အချင်းရှိမယ်ဆိုရင် အချိန်တန်တဲ့အခါ) ထိုက်တန်တဲ့ အလုပ်၁နေရာရကြပါတယ်...

ကျွန်တော်သိတဲ့ တစ်ချို့ဆိုရင် အခြေအနေအကြောင်းကြောင်းကြောင့် ပညာတော်သင်နဲ့ မလာရပေမဲ့ တကယ်အရည်အချင်းရှိတော့ ချပြခွင့်ရ၊ ထိုက်တန်တဲ့ အလုပ်တွေရနေတာ...ပညာတော်သင်နဲ့လာခဲ့တဲ့ လူထက်တောင်မှ နေရာကောင်းရနေသေး...

ကဲ အဲဒိလိုလူမျိုးကလဲ သူ့မှာ လုပ်သက်အတွေ့အကြုံနဲ့ further studyအတွက် လိုအပ်မယ်ဆိုလဲ တက်ဖို့အခွင့်အလမ်းရှိသေးတယ်...
ဒါဆိုရင် ပညာတော်သင်ဘဝတောင်ရနိုင်သေး (ခင်ဗျား အထင်တကြီးနဲ့ အော်နေတဲ့ ဘဝ)...
မတက်ဖြစ်ရင်လဲ ဒါသူ့ရဲ့ဆုံးဖြတ်ချက်ပါ...တော်ကြာ အရည်အချင်းမပြည့်မှီဘူး ထင်နေအုံးမယ်...

လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ပိုင်အရည်အချင်းကိုသာ တန်ဖိုးထားစမ်းပါ...
ဒီလောက်ဆို ရလောက်ပြီထင်တယ်...

Anonymous said...

သူများနိုင်ငံမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် အလုပ်လုပ်တာပဲဟာ...
ကိုယ့်မှာအရည်အချင်းရှိရင် နေရာကောင်းရမှာပဲ...အရည်အချင်းရှိတဲ့သူတွေထိုက်တန်တဲ့နေရာမှာforeignerတွေနဲ့ level အတူတူလုပ်ခွင့် ရနေကြတာပဲလေ...အဲတာကိုကျွန်လို့ ခေါ်မှာလား...ဘာမှမဆိုင်ဘူး...ကိုယ့်နိုင်ငံပဲဖြစ်ဖြစ်၊ သူများနိုင်ငံပဲဖြစ်ဖြစ် အရည်အချင်းမမှီရင် အောက်ကျနောက်ကျ လုပ်နေရမှာပဲ...ကိုယ်ခံယူတဲ့ စိတ်ဓာတ်ပေါ်မှာသာ မူတည်တာပါ...

Anonymous said...

ဟားဟားဟား...မင်းတို့ လုပ်နေ၇တာတွေ လာကြည့်ချင် သေးတယ်..
း)))
းP
:P
:P
သခင်စိတ်ကြီးတွေနဲ့ လုပ်နေ၇သလား ကုတ်ကုတ်နဲ့ ကျွန်တွေလို လုပ်နေ၇လားး))))))

ညီမလေး said...

မစားရတဲ့ အသီးဟာ ချဉ်တယ် တဲ့ မမချစ်ရဲ့ ... ကျွန်လား သခင်လား ဘယ်သူ့မှ မေးနေပြောနေဖို့ မလိုပါဘူး ။ ကိုယ့်ကိုယ်ကို အသိဆုံးပဲလေ ...

su su said...

သူများနိုင်ငံမှာအလုပ်လုပ်တဲ့သူ‌တွေကမှ..‌ကောင်းဆိုး၊မှား၊မှန်ပြန်ပြီး‌တော့‌စောဒကတက်ခွင့်၊ရှင်းပြခွင့်၊‌ဝေဖန်ခွင့်ရှိ‌သေးတယ်။ကိုယ့်နိုင်ငံမှာအဲလို
အခွင့်အ‌ရေးမျိုးရှိလို့ လား။ခိုင်းတာလုပ်၊‌ပေးတာယူ၊‌ကျွေးတာစား၊
ပြန်‌ပြောရင်‌ဂျောင်း.....အဲဒါကမှကျွန်အစစ်...။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်