Monday, August 30, 2010

စင်္ကာပူနိုင်ငံ ဒုတိယအကြိမ် စာပေဟောပြောပွဲ ၂၀၁၀

တနေ့က မိတ်ဆွေတယောက်နဲ့ လမ်းမှာတွေ့တော့ အမေးခံရတယ်။ "စာပေဟောပြောပွဲ သွားကြမှာလားဗျ" တဲ့။ သေချာတယ်...ဒီလူ မချစ်ကြည်အေးတို့ လင်မယားအကြောင်း နဲနဲမှ မသိသေးပဲကိုး။ မချစ်ကြည်အေးတို့ လင်မယား ဆိုတာက စလုံးမှာ အရုပ်မြင်ရတယ်၊ အသံကြားရတယ် ဆိုလို့ကတော့ မေးမနေနဲ့ သွားကြည့်ပြီးသားပဲ။ အဲသလို မြန်မာလူမျိုးပီပီ ပွဲရယ် လမ်းရယ်လို့ မက်မက်စက်စက် ရှိကြတာကလား....



ဒီနှစ်တော့ ပုံပါအတိုင်း ဆရာ ၃ယောက် ဟောပြောကြမှာဖြစ်ပြီး လက်မှတ် တစောင် ၁၅ကျပ်၊ စက်တင်ဘာ-၂၆-တနင်္ဂနွေနေ့၊ ဟောပြောချိန် နေ့လည် ၂နာရီက ည၁၀နာရီ၊ ညစာ ဒန်ပေါက်လည်း ကျွေးဦးမှာ လို့ ဆိုတယ်။ အဲဒါ လက်မှတ် မထွက်ခင် အမသန်းသန်းနု-သပြေနု နဲ့ တွေ့တော့ ပြောပြလို့ သိခဲ့တာ။ "အမျိုးသမီး ဆရာမ မပါဘူးနော်" ဆိုတော့ အမက "အမ ဟောမယ်လေ" လို့တောင် နောက်နေသေးတယ်။ ခုတော့ လက်မှတ်တွေ ထွက်လို့ တော်တော်များများ ဝယ်ပြီးကြလောက်ပြီ ထင်ပါတယ်။

မဝယ်ရသေးသူများ ရှိရင်လည်း အမြန်ဆုံး ဝယ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ အလုပ်၊ ကျောင်း နဲ့ အိမ် ဒါတွေနဲ့ပဲ လုံးချာလိုက်လို့ စိတ် ရေငတ်နေသူများ စိတ် အာဟာရ ဖြည့်တင်းဖို့၊ နှလုံးသား နွမ်းနယ်မှုတွေ ဖြေလျှော့ဖို့ စာပေ ဟောပြောပွဲ သွားကြည့်ဖြစ်အောင် ကြည့်ကြစေချင်ပါတယ်။

ဒီတခေါက်မှာတော့ ကျမ နားထောင်ဖို့ စိတ်အား အထက်သန်ဆုံးက ဆရာအော်ပီကျယ် ဖြစ်ပါတယ်။ ဆရာ့ ကာတွန်းတွေနဲ့ ရင်းနှီးနေတာရယ်၊ ဆရာ့နာမည် ကြားတိုင်း ကျမ အဖွားကို သတိရမိစေတာရယ် ကြောင့်ပါ။ ဒီလိုလေ...အဖွား စိတ်ဆိုးလို့ ကျမတို့ မောင်နှမတွေကို အော်ဆူတဲ့အခါ အရှေ့ ၇အိမ်၊ အနောက် ၇အိမ် အသံကြားရအောင် ပီပီသသ နဲ့ ကျယ်ကျယ်လောင်လောင် အသံအောင်လွန်းတာမို့ ကျမတို့ မောင်နှမတတွေက အဖွားကို အော်ပီကျယ် လို့ ချစ်စနိုး နာမည်ပြောင် ပေးထားကြတာ...


လက်မှတ်က တစောင်ချင်း ဝယ်ရင်သာ ၁၅ကျပ်ပေမဲ့ ၁၀စောင်ဝယ်မယ် ဆိုရင်တော့ စင်္ကာပူဒေါ်လာ ၁၅၀ထဲရယ် လို့ ဆိုပါတယ်:P အို...ဘာပဲဖြစ်ဖြစ် ဝယ်ကြပါ ဝယ်ကြပါ သွားဝယ်လိုက်ကြပါလို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ မချစ်ကြည်အေးတို့ကဖြင့် လက်မှတ်ဝယ်ပြီးလို့ ထိုင်ခုံနေရာမှာတောင် အရှေ့ အနောက် တောင် မြောက် အုတ်ခဲ ၄လုံး သွားချထားပြီးပြီ ဆိုတဲ့အကြောင်း ပြောကြားရင်း.....

မုဒိတာ ပွားနိုင်ကြပါစေ ရှန်....:)


မနှစ်က စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ ရေးခဲ့တဲ့ ပို့စ် နှစ်ပုဒ်က ဒီမှာ နဲ့ ဒီမှာ ပါ...

**ဟောပြောကျင်းပမဲ့ နေရား 30A Kreta Ayer Road, Kreta Ayer People's Theatre,
Singapore 088997 (Near Outram park MRT)


Saturday, August 28, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၁၀ (အပြီး)

ဘိုဟိုးလ်ကျွန်းကနေ အပြန်ခရီး ဖယ်ရီပေါ်ကနေ ရိုက်ခဲ့တဲ့ ဘိုဟိုးလ်ရဲ့ ညနေဆည်းဆာပါ...


Park Mallမှာ ညစာအတွက် ခေါက်ဆွဲ ဝင်ဝယ်ကြတယ်။ တကယ်တော့ အန်တီဆူဇန်ရဲ့ သမီးက ကျမတို့အတွက် ညစာချက်ထားပြီး အိမ်မှာ အသင့် စောင့်နေခဲ့တာ။ သူ့သမီးက ဟင်း သိတ်မချက်တတ်သူမို့ အန်တီဆူဇန်က ကျမတို့ မစားနိုင်မှာ စိုးရိမ်ပြီး ခေါက်ဆွဲထပ်ဝယ်ရှာတာပါ...



အန်တီ့သမီး မရှယ်လီ ချက်ထားတဲ့ ဟင်းတွေက မဆိုးပါဘူး...ကြက်အသည်းအမြစ်နဲ့ အာလူး မုန်လာဥနီ အချိုချက်....


ကြက်သား-အာလူး ဒါကိုတော့ ငရုတ်သီး အရောင်တင်မှုန့်နဲ့ ချက်ထားတာ၊ ဖိလစ်ပီနိုတွေက ငရုတ်သီး အစပ် မစားကြပါဘူး...ဒါက ကျမတို့ စားတတ်သလို ချက်ပေးထားတာလို့ ဆိုပါတယ်။ ဟင်းချက်သင် လက်ရာမို့ အစပ်အဟပ် မတည့်ပေမဲ့ စေတနာလေးနဲ့ ချက်ထားရှာတာမို့ စားဝင်ပါတယ်လေ...

ယှဉ်ကြည့်ပါ ဒီဟင်းထဲက မုန်လာဥနီကို အပေါ်ကဟင်းလို အကွင်းလေးတွေ မလှီးပဲ အချောင်းကလေးတွေ ပုံပြောင်းလို့ လှီးထားပါတယ်။ စားတဲ့သူတွေ မမှတ်မိအောင် မရှယ်လီက မုန်လာဥနီကို ရုပ်ဖျက်ထားတယ်နဲ့ တူပါရဲ့...:P


ဒါကတော့ ငါးပေါင်းပါ...


အဲဒီ့နေ့ညက စကားကောင်းနေလိုက်တာ ဟိုတယ်အပြန် နောက်ကျပါတယ်... ဒါက ကျမတို့ တည်းခဲ့တဲ့ ဟိုတယ် အခန်းရှေ့ပါ...


ဟိုတယ်ရဲ့ SPAပါ...အရမ်းတန်ပါတယ် လက်သည်း ခြေသည်း လှီးတာကို စလုံး ၅ကျပ်လောက်ပဲ ပေးရတာမို့ ပျော်ပျော်ပါးပါးကြီး လုပ်ခဲ့ပါတယ်...


ကဲ ခပ်တိုတိုတုတ်တုတ်ပဲ သွားကြပါစို့...

ပြန်မဲ့နေ့ မနက် လေဆိပ် ရောက်ပါပြီ...ချက်အင် ပြီးလို့ လေဆိပ်ထဲ လျောက်သွားကြရင်း စားသောက်ဆိုင် တဆိုင်ရှေ့ရောက်တော့ ကျမ မျက်လုံးတွေ ပြာသွားပါတော့တယ်။ စားသူမရှိပဲ လေထဲ မြောက်တက်နေတဲ့ တူတွေ၊ ဇွန်းခရင်းတွေ နဲ့ စားစရာ အမျိုးမျိုးတွေ...ကြံကြံဖန်ဖန် လုပ်လည်းလုပ်ပြတတ်ပါပေ့...


ကြည့်ရတာ အရမ်းကို အသည်းယားတာပဲ...စားစရာတွေကလည်း လုပ်ထားတာ အတော်ပီပြင်တယ်...


ခုမှပဲ တကယ် စားရတော့မှာ...:)လေယာဉ်ပေါ်မှာ ကျမက ခေါက်ဆွဲ၊ သူက ထမင်းစားပါတယ်...


ခက်တာက လေယာဉ်ပေါ်မှာ ကျွေးတဲ့ ခွက်တွေဟာ တဖြည်းဖြည်းသေးလာလိုက်တာ၊ ကျမမှာ ခေါက်ဆွဲပေါင်း ၁၆မျှင်တိတိ ရေတွက်စားပြီးတဲ့နောက် ဗိုက်မဝသေးတဲ့ အဖြစ်...သူက "ထပ်တောင်းလေ...ရတယ် သူတို့ ထပ်ပေးတယ်" တဲ့...ကျမက မယုံလို့ ထပ်မတောင်းပါဘူး။

သူ့စကားများ...နားယောင်လို့ သူ့ တပည့်မ ၂ယောက် အရှက်ကွဲပါရောလား။ "ဆစ်အဲ-silkair ပေါ်မှာ စောင်တွေပေးတယ် ရရင် ညည်းတို့ တောင်းလာခဲ့" လို့ သူ့ တပည့်မတွေကို အချွန်နဲ့ ပင့်လိုက်တာ၊ ဟို ငတုံးမလေး ၂ယောက်က ခပ်တည်တည်နဲ့ လေယာဉ်ပေါ်က စောင်ကြီးတွေ ပိုက်ပြီး အဆင်းမှာ လေယာဉ်မယ်တွေက အိတ်စကျူ့စ်မီ ဆိုပြီး ပြန်တောင်းလို့ ရှက်ရှက်နဲ့ ထားခဲ့ရပါရောလား...

တခါလည်း ကျမတို့ ရန်ကုန် အလည်သွားပြီး စလုံး ပြန်အလာ၊ စလုံးကမိတ်ဆွေက သူရဲ့ အမေကို ကျမတို့နဲ့အတူ ခေါ်လာခဲ့ပေးဖို့ ဆိုပါတယ်။ ဒါနဲ့ ကျမတို့လည်း လေဆိပ်ဆင်းမဲ့ မနက် အဲ့ဒီ အမေကြီးကို သွားဝင်ခေါ်ရပါတယ်။ အမေကြီးရဲ့ ကျန်ခဲ့တဲ့ မြေးမြစ်တွေ မပြီးနိုင်အောင် ဝိုင်းနှုတ်ဆက်နေကြတာ စောင့်တုန်း သူက စကား တခွန်း ဝင်ပြောပါတယ်။ "အမေ အမေ့မြေးတွေနဲ့ စကားဖြတ်တော့ တော်ကြာ နောက်ကျလို့ ထိုင်ခုံမရပဲ လေယာဉ်ပေါ် မတ်တတ်လိုက်နေရဦးမယ်"...တဲ့။ ကျမမှာ မနည်း မျက်နှာပိုး သတ်ရတယ်။

လေယာဉ်ပေါ် အစားအသောက် ကျွေးတော့ ပြောသေးတာ၊ "အမေ စားနော် ဝအောင်စား ဒီထမင်းဖိုး ကျနော်ပဲ စိုက်ထားမယ် ဟိုရောက်မှ အမေ့ သားမက်ဆီက ပြန်တောင်းပေး" တဲ့လေ...။ "ဟယ် ဟုတ်လား အမေ့ဆီလည်း ပိုက်ဆံ အပို မပါဘူး ငါ့သားရဲ့"တဲ့၊ ကျမမှာ မနေသာပဲ "အမေ အလကား သူ အမေ့ကို စ နေတာ ပေးစရာမလိုဘူး" ပြောမှ အဲ့ဒီ အမေကြီးမှာ ရယ်လိုက်တာ...။ "အေး အမေ့ သားမက်ကတော့ မှာလိုက်သား ဒီလူ အစအနောက် သန်တယ်နော် အမေ သူ ပြောတာတွေ မယုံနဲ့" လို့ မှာလိုက်သတဲ့...:P


လေယာဉ် ပြူတင်းပေါက်ကနေ တဆင့် တွေ့ရတဲ့ တိမ်တွေ...


တိမ်တွေဟာ လေကို တည်မှီပြီး ပုံသဏ္ဍန်ပြောင်းတတ်တာမို့ ကျမက မကြိုက်ဘူး...


ရေခဲမြစ်ထဲ ရောက်နေသလိုပဲ....


တိမ်တွေကို မကြိုက်ရတဲ့အထဲ ပို ခိုင်မာစေတဲ့ အဖြစ်တခု ကြုံရသေးတယ်။ စလုံးဆင်းဖို့ မိနစ် ၄၀လောက် အလိုမှာ ရုတ်တရက် ကျမမြင်နေရတဲ့ အဖြူ-အပြာ ရောယှက်နေတဲ့ တိမ်တွေဟာ အဖြူတွေချည်း ဖြစ်သွားပါတယ်။ လေယာဉ်တစင်းလုံး ခါနေပြီး တခုခုကို ထိုးဖောက် ရုန်းထွက်နေရသလို လေယာဉ်မီးတွေလည်း မှိတ်လိုက်ပါတော့တယ်။ ဘေးဘယ်ညာ ပြူတင်းပေါက်တွေကို ကြည့်လိုက်တော့လည်း နှစ်ဘက်လုံးမှာ မြင်နေရတာက ဖြူညစ်ညစ် အရောင် ပိန်းလိုက်ကြီးတွေ...။ လေယာဉ်ဟာ မရှောင်လွှဲနိုင်တဲ့ တိမ်ထု ထူထူကြီးတွေထဲ ဖြတ်သန်း မောင်းနှင်ခဲ့ရတာ။ ရတနာသုံးပါး ဂုဏ်ကျေးဇူးကို မပြတ် သတိရနေရင်း ကိုယ့်ကိုကိုယ်လည်း သရဏဂုံ အပြီးတင်ထားလိုက်ပါတော့တယ်...

ကျမ မှတ်ထားတာ ကြာမြင့်ချိန် ၁၅မိနစ်နီးပါး ရှိပါတယ်။ တိမ်ထုထဲက လွတ်မြောက်လို့ မြင်ကွင်းတွေ ခပ်ရေးရေး ပြန်မြင်ရမှပဲ စိတ်အေးရတာ။ ခရီးသွားတာမှ မဟုတ်ပါဘူးလေ ဘယ်မှာနေနေ သူ့အချိန်ရောက်လာရင် သေခြင်းတရားဆိုတာ ရှောင်လွှဲလို့ မရနိုင်တာပါ။ စလုံးမြေကို လေယာဉ်ဘီးချမှပဲ ရှင်သန်ခြင်းဆိုတာကို လက်ထဲ လုံးလုံးလျားလျား ပြန်ရလိုက်သလို ခံစားရတော့တယ်။ ဘာပဲ ဖြစ်နေနေ ကျမကတော့ ခရီးသွားနေဦးမှာပါလေ...



Thursday, August 26, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၉

ဆီဘူးမြို့ဝင်ဝင်ချင်း ကျမရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့တာက အရောင်အသွေးစုံ၊ ဒီဇိုင်းစုံ နဲ့ သူတို့ဆီက ဘတ်စ်တွေပါ...


ကားနံပါတ်နဲ့ လမ်းကြောင်းကို ကားနံဘေးတွေမှာ ရေးထားလေ့ရှိတယ်။ ကားခက ပက်ဆို ၂၀-၃၀=စလုံး ၁ကျပ်လောက် ကျပါတယ်...


တချို့ဆို ရေးခြယ်ထားတာ အင်မတန် လက်ရာမြောက်လွန်းတာမို့ စီးကြည့်ချင်စိတ် ဖြစ်မိတာ၊ တကယ်တော့ ကျမတို့ဆီက ဒိုင်နာတွေနဲ့ တူတူပါပဲ...


ရယ်စရာကောင်းတာက ဘတ်စ် မှတ်တိုင်ရယ်လို့ မရှိဘဲ ဆင်းချင်တဲ့နေရာရောက်တဲ့အခါ "ပါသေးဒေ ဆရာရေ့" လို့ အော်ရသတဲ့...။ မြန်မာလိုတော့ ဟုတ်ဖူးပေါ့ ဗီဆာရား-Visaya လိုပါ...:) ဒီလိုပဲ လိုက်ချင်တဲ့ ခရီးသည်ကလည်း တွေ့တဲ့ နေရာက လက်တားစီးရုံပဲတဲ့...ကိုင်း...နိပ်လိုက်ပုံများ...


တုတ်တုတ်လို သုံးဘီးကားတွေလည်း ရှိရဲ့...အမှန်ကတော့ ဆိုင်ကယ်ကို ဘေးတွဲလေး တွဲထားတာ...


ဒါက လမ်းမှာ တွေ့တဲ့ မူလတန်းကျောင်းလေး တကျောင်း..."ငယ်စဉ်က ကလေးတို့ဘဝ ပျော်ပါးဖို့ရာ လွယ်ပါတယ် ကိုယ်ရတာနဲ့ တင်းတိမ် ရောင့်ရဲ" ဆိုတဲ့ ကိုထီးရဲ့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံကို သတိရမိတယ်...


ကြည့်...သေချာတယ် ငယ်ငယ်တုန်းက အဲလိုပဲ ဖိနပ် သဲကြိုးကွင်းထဲ လက်လျိုထည့်ပြီး ခြေဗလာနဲ့ ကစားဖူးခဲ့ကြမှာ...ကလေးဘဝ ဘယ်လောက် လွတ်လပ်လိုက်သလဲ...ဒါပေမဲ့ ခုနေ ကလေး ပြန်မဖြစ်ချင်တော့ဘူး...စာမကျက်ချင်လို့၊ ဘလောဂ့်ရေးချင်လို့...:P


သဘောင်္ပုံ ဆောက်ထားတဲ့ အိမ်ကြီး တလုံး...


ဖယ်ရီဆိပ်ကို ပြန်ရောက်ပါပြီ...


အဲဒီမှာ ဘိုဟိုးလ်ကနေ ဆီဘူး ဖယ်ရီလက်မှတ် ဝယ်ရတယ်...


ဖယ်ရီပေါ်တက်ကြဖို့ လူတွေ အုပ်လိုက် သွားနေကြတာ....


ညစာ စားဖို့...သူတို့ဆီက Park Mall...မပြောမရှိကြပါနဲ့ သဝေထိုး မ ယရစ် ဝဆွဲ-မြွေ ကြောက်ကြသူများ ဒီက လှည့်ပြန်ပါ...ကြည့်ချင်သူများ ဆေး-ဟိုင်း တူ မြွေ ပါ....


သူပါပဲ သူပါပဲ...


ဘယ်ဘက်က ကြည့်ကြည့် ဒီပုံ ခပ်ခွေခွေ ဝိုင်းဝိုင်း ပါပဲ...ထောင့်မကျိုးဘူး ဆိုရမှာပေါ့...



ဒီတပိုစ့် ဒီတင်ရပ်ပါဦးမယ်...အပိုင်း ၁၀မှာ ဆီဘူးပိုစ့် အပြီး တင်ပါမယ်....အားလုံးပဲ စီးယူ...:)

Tuesday, August 24, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၈

ဒီနေ့တော့ ချောင်ထိုးထားတာ နဲနဲကြာသွားတဲ့ ဆီဘူးပိုစ့်လေး ဖုတ်ဖက်ခါပြီး ပြန်ဆွဲထုတ်လာပါတယ်။ ကျမတို့ နောက်ဆုံး သွားခဲ့တဲ့နေရာက ခရစ်ယာန် ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘာသာရေး အဆောက်အဦးတခု ဖြစ်ပါတယ်။ ဘိုဟိုလ်းကျွန်းရဲ့ ရှေးအကျဆုံးဖြစ်ပြီး ဖိလစ်ပိုင်တနိုင်ငံလုံးမှာတော့ ဒုတိယ ရှေးအကျဆုံးလို့ ဆိုထားပါတယ်။ Baclayon Church ဖြစ်ပါတယ်။

ဒီဘုရားကျောင်းဟာ ဖိလစ်ပိုင် နိုင်ငံ စပိန်ကိုလိုနီ ဖြစ်ချိန် ၁၅ရာစု နှောင်းပိုင်းလောက်မှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်။ ၁၇၁၇ခုနှစ်မှာ ယိုယွင်းစ ပြုလာတဲ့ Baclayon Church အဟောင်းကို ပြန်လည်ပြုပြင်ဖို့ ဒေသခံ ၂၀၀ကျော်ကို Forced Labours အဖြစ် ခိုင်းစေခဲ့တယ်။ သူတို့ဟာ ပင်လယ်ထဲက Coral Stone တွေကို ဆယ်ယူ၊ လေးထောင့်ပုံစံ ဖြတ်တောက် ပြီးတော့ သန်းပေါင်းများစွာသော ကြက်ဥအကာတွေကို Cement အဖြစ် ကျွမ်းကျင်စွာ သုံးပြီး တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ပြန်လည်ပြုပြင် မွန်းမံခြင်းလုပ်ငန်း ပြီးစီးခဲ့တာ ၁၇၂၇ မှာဖြစ်လေတော့ ကျမတို့ တွေ့ခဲ့ရတဲ့ ဘုရားကျောင်းကြီးဟာ ခုဆိုရင် နှစ်ပေါင်း ၂၈၀ ကျော်ခဲ့ပါပြီ...



ဒူးခေါင်းအောက် မကျော်တဲ့ ဘောင်းဘီ၊ စကတ် ဝတ်ဆင်လာသူများအတွက် လေးထောင့်စပ်စပ် ဖြတ်ချုပ်ထားတဲ့ အဝတ်ပိုင်းလေးတွေ ခါးမှာ စည်းနှောင်စေပြီးမှ ဝင်ခွင့်ပြုပါတယ်။


အထဲရောက်တဲ့အခါ ဘုရားကျောင်းကြီးရဲ့ ခမ်းနားမှု၊ ထုထည် ခိုင်ခန့်မှုနဲ့ မှန်ရောင်စုံ ပြူတင်းပေါက်ကလေးများ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ အဲဒီမှန်ရောင်စုံက လှပတဲ့ ရောင်ပြန်လေးဟာ ခုလို Reading corner ရှေ့တည့်တည့်မှာ လှလှပပ ကျနေအောင် အစီအစဉ်တကျ တပ်ဆင်ထားခဲ့တာ....



မြင့်မားလှတဲ့ မျက်နှာကျက်ခေါင်မိုးပေါ်က ဆေးရေးလက်ရာ၊ စာလုံးတွေနဲ့ ရောင်စုံ မှန်ပြူတင်းပေါက်လေးတွေ...


ဒါကလည်း Reading Corner ပါပဲ...


နေရောင်ဟာ ရောင်စုံ မှန်ပြူတင်းပေါက်လေးကို ဖြတ်လာပြီး လိုချင်တဲ့ နေရာမှာ ခုလို လှလှပပ ရောင်စဉ်ဖြာနေအောင် စီမံ ပြုလုပ်ထားတာပါ....Reading Corner ရဲ့ အောက်ခြေပိုင်းပါ...


အဲဒီ့အတွက် နေ့ခင်းဘက်မှာ မီးလုံးဝ မလိုဘဲ သဘာဝ လင်းရောင်ခြည်နဲ့တင် လုံလုံလောက်လောက် ရှိနေပါတယ်



အဝင် အထွက် ခန်းမလေးတခုထဲမှာ ကာရိုက်တာစုံ ရုပ်တုတွေ ရှိပါတယ်...အဲဒီခန်းမရဲ့ ခေါင်မိုးပါ...တကယ့် ထုထည် ခိုင်ခန့်တဲ့ သစ်တွေမို့ နှစ်ပေါင်း ၃၀၀ နီးပါးထိ ရှိနေနိုင်တာ နေမှာ...


ခန်းမလေးထဲက ဂျီးစ်ဇက်နဲ့ ကာရိုက်တာစုံ ရုပ်တုတွေ....






ကျမ အနေနဲ့ ကိုယ်တိုင် မသိတဲ့ ဘာသာကြီး တခုအကြောင်းနဲ့ အဲဒီ့ထဲက သူတွေရဲ့ အကြောင်း သိချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျမတို့ အဖြစ်က ဘဲနဲ့ ကြက်လို ဖြစ်နေခဲ့တာ။ အန်ကယ်ဘီလီက လိုက်တော့ ပို့ပါရဲ့ သို့သော် သူက နားလေးသူဖြစ်တာမို့ ကိုယ်က ဒါမေး သူက ဟိုဟာဖြေ ဖြစ်နေခဲ့တော့တာ။ သူ့ကို အော်ပြော ပြောဖို့ကလည်း အားနာလွန်းတာကြောင့် တော်ရုံနဲ့ မမေးဖြစ်တော့ပါဘူး။ ကိုယ်ဖာသာပဲ ပြန်ရှာဖတ်ပါမယ်လေ ဆိုပေမဲ့ ကိစ္စများမြောင်လွန်းတော့ အဲဒီ့ တော့ပစ်ကို ခုထိ ပြန်ရှာဖတ်တဲ့ အဆင့် မရောက်နိုင်သေးပါဘူး...

အဲဒီ့နေ့က ကျမတို့ သွားခဲ့တဲ့ နေရာတွေထဲမှာ မြွေအကြီးကြီး တကောင်လည်း ပါပါတယ်။ တလကို တခါ အစာကျွေးရပြီး တခါစားရင် ကီလို၆၀ အသားကျွေးရတာမို့ ဆိတ် ၂ကောင်စာ စားပါတယ်။ အဲဒါကြီးကို ဓါတ်ပုံရိုက်ခဲ့ပေမဲ့ ပြန်ကြည့်တိုင်း အသည်းယားနေတာမို့ တင်ဖို့ စဉ်းစားလိုက်ပါအုံးမယ်

ခု လောလောဆယ်တော့ သူ့ရဲ့ ပုံကလေးကိုပဲ အရင် ကြည့်ထားလိုက်ကြပါအုံးနော်....


ဒါက သူ လဲလိုက်တဲ့ အရေခွံနဲ့ ချုပ်ထားတဲ့ အထူး စပါယ်ရှယ် အတွင်းခံ...ဗစ်တိုးရီးယား စီးခရက်က မော်ဒယ်မမများ တွေ့လို့က ဈေးပြိုင်ပေးဝယ်ကြမှာ မြင်ပါသေးရဲ့...အဲ ဝတ်ရတာ နဲနဲတော့ ယားတားတားနေမှာ...




Ref.Link :http://www.philippinesinsider.com/visayas/bohol/baclayon-church-a-trace-of-religious-history-in-bohol/