Monday, July 12, 2010

အသွင်တူ၏ မတူ၏



အသွင်...
ဓမ္မာ သောက အင်းဝ ရာဇာ ဆိုတဲ့ ရန်ဘက် အတွဲတွေထဲမှာ ကျမနဲ့သူက ရာဇာ အတွဲမှာ ပါပါတယ်။ ဆင်နဲ့ ခြင်္သေ့ဆိုတော့ နှစ်ယောက်လုံးက အကောင်ကြီးတွေ ဖြစ်တဲ့အပြင် အင်္ဂါ-ဗုဒ္ဓဟူး အတွဲမို့ မတည့်အတူနေလို့လည်း ဆိုတတ်ကြပြန်သေးတယ်။ သူကတော့ ကိုကိုက ရာဟုပါကွ လို့ ခပ်ပြုံးပြုံး ပြောတတ်ပြီး အတင်းချည်း နေ့တည့်တယ်ပဲ ဆိုတတ်ပါ တယ်။ ရာသီခွင်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျမက Aries ဖြစ်ပြီး သူက Capricorn ပါ။ သူက စေတန်ဂြိုလ်က လာတဲ့ မြေကြီးလိုလူ ဖြစ်ပြီး ကျမက မားစ်ခေါ် အင်္ဂါဂြိုလ်ကလာတဲ့ မီးလိုလူပါ။ အဲသလို လာခြင်းမတူကြသူတွေ ဖြစ်တယ်။

ယောင်္ကျား နဲ့ မိန်းမ ရယ်လို့ ဖြစ်လာတဲ့နောက် ခန္ဓာကိုယ် ဖွဲ့စည်းပုံကစလို့ ကွဲပြားတဲ့အပြင် တဦးချင်းစီဖြစ်လို့ အမြင် အတွေး အကျင့် စရိုက် ခြားနားမှု လေးတွေက ရှိနေကြမှာပါ။ အဲဒါကိုက အိမ်ထောင်ရေးမှာ စိတ်ဝင်စားစရာ အကောင်းဆုံး စိမ်ခေါ်မှု တခုဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်။

အရည်အချင်း၊ အကျင့်စရိုက်၊ ကိုယ်ရည်ကိုယ်သွေး ဆိုတာတွေကို ခဏ ဘေးဖယ်ထားလိုက် ပါအုံး။ ဘုရားဆုပန် အမျိုးသားတွေ ဟာ ကျမတို့ အမျိုးသမီးတွေထက် ဘုန်းကံအရာမှာ သာလွန်မြင့်မားတယ် ဆိုတာကတော့ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ပါပဲ။ ဒီတော့ အိမ်ထောင် ပြုတော့မဲ့ အမျိုးသားရဲ့ကံကို နဲနဲနှိမ့်ချ၊ အမျိုးသမီးရဲ့ကံကို နဲနဲမြှင့်တင်လို့ တန်းညှိပေးလိုက် တဲ့အခါ သူတို့ နှစ်ဦးဟာ ရှေ့ဘဝခရီးတလျှောက် ရင်ဆိုင်ကြုံတွေ့လာတော့မဲ့ အခက်အခဲ တွေကို အေးအတူ ပူအမျှ ရင်ဆိုင်ကြဖို့အတွက် တမိုးအောက်အတူနေ ကံတူ အကျိုးပေးတွေ ဖြစ်သွားကြပါတော့တယ်။

ဒါ့ကြောင့် ယောင်္ကျားတွေ မိန်းမရရင် ကံနိမ့်လို့ လို့ ဆိုလေ့ရှိကြပြီး မိန်းမတွေ ယောင်္ကျားရရင် တော့ ကံမြင့်တယ်လို့ ပါးစပ် စကား ပြောလေ့ရှိကြတာ ကျမကြားဖူး ပါတယ်။ ကျမ ယုံကြည် တာကတော့ အဲဒီကတည်းက အတူ နေတော့မဲ့ ယောင်္ကျားနဲ့ မိန်းမရဲ့ကံကို ညှိပစ်လိုက်တာ ပါပဲ။ ပြုခဲ့ဖူးသော ရှေးရှေးက ကုသိုလ်ရေစက်တွေကြောင့် ပေါင်းဖက်ကြရဖို့ ကာယကံရှင်တွေမှ မသိလိုက်ခင် ကံအညှိ ခံလိုက်ကြရပြီး ရှေ့ဆက် ကြုံတွေ့လာသမျှတွေကိုတော့ အချစ်တွေ၊ နားလည်မှုတွေနဲ့ပဲ အချင်းချင်း ညှိယူ ကြရပါတော့တယ်။

တူ၏...
တူတာလေးတွေ ရွေးထုတ်လိုက်တော့....
လူမှုရေး...နှစ်ယောက်လုံး တက်ကြွစွာ အိတ်ကပ်ထဲက စိုက်ပြီး လုပ်ပေးတတ်တယ်။ ပိုက်ဆံချေးတိုင်း ဆုံးတတ်တာချင်းလည်း တူတယ်။ သူငယ်ချင်းတွေ အိမ်မှာမို့ အလှူတခုခု၊ အကြောင်းတခုခုနဲ့ လူစုပြီဆို အိတ်ထဲမှာ ဟိုဘုန်းကြီးကျောင်း အတွက်၊ ဒီသီလရှင်ကျောင်း အတွက် အလှူငွေကောက်ခံဖို့ ဆိုပြီး တာဝန်ခံ ယူထားတဲ့ အလှူခံဖြတ်ပိုင်းစာအုပ် ယူသွားတတ်တာလည်း တူတယ်။ မိတ်ဆွေအပေါင်းအသင်း မက်တာချင်း တူတယ်။ လက်ဖွာတာချင်း တူတယ်။

ဝါသနာ...ခရီးထွက် ဝါသနာပါကြတယ်။ သီချင်းဆို ဝါသနာ ပါကြတယ်။ ဒါကတော့ ကျမကြောင့် သူ့ဘက်က လိုက်ပါလာရတာ။ သူ့ သူငယ်ချင်းတွေ ရှေ့မှာ ကာရာအိုကေ သီချင်းတပုဒ်များ သူဖြောင့်အောင် ဆိုနေပြီဆိုရင်..."ဟ ဒီကောင် ညည်းနဲ့ရမှ တယ်ဟုတ်နေပါလား... အရင်ကဆို ကာရာအိုကေ သီချင်းတွေ မှာ စာသားရှေ့ကပါတဲ့ ကျား မ ဆိုတဲ့ဟာတွေပါ လိုက်ဆိုတဲ့ကောင်" လို့ ချစ်စနိုး ဝိုင်းဖဲ့တတ်ကြတယ်။

ဉာတကာ...နှစ်ယောက်လုံး အကြီးတွေပီပီ အိမ်အတွက်၊ မိဘ မောင်နှမအတွက် ရှေ့ဆုံးမှာ အမြဲတင်ထားတတ်ကြတယ်။

စိတ်နေစိတ်ထား...ပျော်ပျော်နေတတ်ကြတယ်။ အာဃာတ ကင်းတယ်။ ချစ်စကိုရှည်စေ ဆိုတဲ့စကား လက်ကိုင်ထားတာချင်း လည်း တူပြန်ပါရဲ့...။ ဒီနေ့ ဘုန်းကြီးကျောင်းသွားတဲ့ သူက မနက်ဖြန် ဒစ္စကို မသွားရတော့ဘူးတဲ့လား... အဲသလို ဘောင်ခတ် ထားတာကို မကြိုက်တာချင်းလည်းတူတယ်။ တကန့်စီ ခွဲမြင်တတ်တယ်။ ပကာသနတွေကို မုန်းတာချင်းတူတယ်။ အလှူတခုခု အတွက် ကဗ္ဗည်းမထိုးချင်တာ အဲဒီစိတ်လည်း တူနေပြန်ရော...။

မတူ၏...
မတူတာတွေ ပြောရမယ်ဆိုရင်....
ကျန်းမာရေး...သူက ကျန်းမာတယ် ဆေးကို တော်ရုံနဲ့ မသောက်ရတဲ့လူ၊ ဖျားနာတယ်ရယ်လို့လည်း မရှိသလောက်ပဲ...။ ကျမက ရောဂါ မယ်မယ်ရရ မရှိပေမဲ့ အိပ်မရတတ်တာအပြင် အမြဲတမ်း စစ်လိုက်တိုင်း သွေးနီဥ နဲနေတာကြောင့် အနည်းဆုံး အားမရှိသလိုလိုတော့ ဖြစ်နေတတ်တာ။ အိပ်မပျော် တာနဲ့ ဘယ်ဘက်ရင်ဘတ် အောင့်လိုက်၊ အသက်ရှူမရဖြစ်လိုက်နဲ့ ချူချာ တယ်။ အင်တာနက်ထဲ ရောဂါတွေရှာကြည့်...ဒီရောဂါ အစပျိုးပုံက ကိုယ်နဲ့တူ နေသလိုလို...ဟိုရောဂါ ဖြစ်ပုံ ၁၀ခုမှာ ၈ခု လောက်ကပဲ ကိုယ်ဖြစ်နေတာနဲ့ တူနေပြန်သလိုလိုနဲ့... ရောဂါ ၉၆ပါးလုံး ကိုယ့်ရှိတယ် ထင်နေတာမျိုး။ ကျမအိမ်က လူကြုံဆို ရင် ဆေးဝါးတွေ ဖြစ်နေတတ်ပြီး သူ့အိမ်ကဆိုရင်တော့ သေချာပေါက် အစားအသောက်တွေပါပဲ...။

အလုပ်အကိုင်နဲ့ ဝီရိယ...သူက အလုပ်ကို ချစ်တယ်။ အလုပ်ထဲရောက်ရင် အားလုံးကို မေ့တတ်သူ၊ ကျမက ဂျစ်တိုက်တဲ့အခါ မိန်းမကို ချစ်လို့ အလုပ်ကို ချစ်ရတာလို့ ဖြေရှင်းချက် ထုတ်တတ်တယ်။ ဘယ်တုန်းကမှ အလုပ် နောက်မကျတတ်ဘူး။ အင်မတန် ဝီရိယကောင်းသူ ဖြစ်ပြီး ချိန်းဆိုမှုအတွက် အမြဲတမ်း နာရီဝက်လောက် စောရောက်တတ်သူလည်း ဖြစ်သေးတယ်။ ကျမ အလုပ် က ကားကြိုပေးတာမို့ အလုပ်နောက်ကျလေ့ မရှိပေမဲ့ အိပ်ရာထ နောက်ကျလို့ ရုံးကားလွတ်ရင်တော့ ရံဖန်ရံခါ နောက်ကျလေ့ရှိ တယ်။ တလ တခါလောက် ဖြစ်လေ့ရှိတယ်။ ကျမကို ချိန်းရင်တော့ ၁၀ခါမှာ ၂ခါ ၃ခါလောက် နောက်ကျတတ်တယ်။

အိမ်အလုပ်...ကျမက ပျင်းတယ်၊ ဖွတယ်၊ အချိန်ဆွဲတယ်။ သူက လုံ့လရှိတယ်၊ ကျမ ဖွသမျှ နောက်က လိုက်ရှင်းတယ်။ အချိန်မဆိုင်းတတ်ဘူး။ သူ့ကြည့်ရတာ မပင်ပန်းသလိုဘဲ။ နဲနဲလေး အားတာနဲ့ အိမ်ရှင်းတော့တာ။ တအိမ်လုံး ပြောင်စင်နေအောင် ကို ရှင်းတာ။ တော်ပါတော့လို့ ပြောမှ ရပ်တယ်။ ဒီလူကြီးဟာ စက်ရုပ်ကြီးများလား ထင်မိတယ်။ နားနေတယ်မှ မရှိဘဲ။ အလုပ်က ပြန်ရောက်ပြီဆို ကျမဖြင့် ခဏလေး နားရမှ။ သူကတော့ အဲလိုကို မမောဘူး သူအိမ်ရှင်းနေတုန်း ကျမက ရေတခွက်လောက် သူ့ သွားတိုက်လိုက်ရင်ကိုပဲ အားအင်တွေ ချက်ချင်း ပြည့်လာသလို ပြုံးပြုံး ပြုံးပြုံးနဲ့ ကုန်းရုန်းရှင်းတော့တာ...စက်ရုပ်ကြီးတော့ မဟုတ်လောက်ပါဘူးလေ...သူ ချစ်တတ်ရှာသား...ရင်ခုန်တတ်သားဟာပဲကို...:)

အချက်အပြုတ် အစားအသောက်...သိကြတဲ့အတိုင်းပဲ ချက်ပြုတ်ရတာ ကျမက ကြိုက်တော့ မီးဖိုချောင် ဝင်ရတာကိုဖြင့် ဘယ်တော့မှ မငြီးငြူတတ်သူ၊ တခါတလေတော့ ကျမ ပင်ပန်းမှာစိုးလို့ အပြင်သွားစားမယ် သူပြောရင် မကြိုက်ချင်ဘူး။ ဘလော့ဂ် စရေးကတည်းက ခုတော့ နဲနဲ ကြိုက်လာသလိုလို...။ ကျမက ပဲ၊ ကြက်ဥ၊ အသီးအရွက်၊ ငါး အဲဒါတွေ ကြိုက်တယ်။ သူက အသားပဲ ကြိုက်တယ်။ ဘာချက်ချက် ချေးတော့ မများရှာဘူး။ မုန့်တီ၊ ကြာဇံချက်၊ ရှမ်းခေါက်ဆွဲ နဲ့ မြီးရှည် သူကြိုက်တယ်။ အဲဒါတွေထဲက ကြာဇံချက်ကလွဲလို့ ကျန်တာတွေ သူသင်ပေးလို့ ကျမ တတ်ခဲ့တာ...။

ပင်ကိုယ်စိတ်...သူက အင်မတန် စိတ်ရှင်းတဲ့သူ၊ ခေါင်းချတာနဲ့ အိပ်ပျော်တတ်သူ၊ ကျမက အတွေးတွေနဲ့ ခေါင်းအမှိုက်ပုံ ဖြစ်နေတတ်သူ၊ အအိပ်ခက်တဲ့ သူမို့ ကျမ မအိပ်ခင် သူအိပ်ပျော်သွားလို့ ဟောက်သံကြားရရင်ပဲ ဘေးမှာ အိပ်ပျော်နေသူကို ခုတင်ပေါ်က တွန်းချချင်တတ်သူ၊ အိပ်ပျက်ရက်တွေ ဆက်လာလို့ တရက်တလေ သူ့ထက် အရင်စောပြီး အိပ်ပျော်သွားတဲ့အခါ မနက်မိုးလင်းတာနဲ့ မိန်းမ ညက အစောကြီး အိပ်ပျော်သွားတာ ဝမ်းသာလိုက် တာ လို့ သူ ဆိုတတ်တယ်။ အဲဒီမှာတင် ကျမတို့ နှစ်ယောက်ရဲ့ စေတနာကွာပုံကို မြင်သာလောက်ပါရဲ့...။

အမူအကျင့် / စရိုက်...သူက သွားတိုက်ဆေးဗူးကို အလယ်ကနေ ညှစ်ထုတ်တတ်တယ်။ ကျမ အဲဒါကို မကြိုက်ဘူး။ သူက ငါးမူးစေ့၊ ကျပ်စေ့တွေ စုဆောင်းတာ ဝါသနာပါတယ်။ ကျမက အိတ်၊ ဖိနပ်နဲ့ အသုံးမဝင်တဲ့ ပိစိပွစိတွေ စုတာ ဝါသနာပါတယ်။ ကျမက ရေချိုးပျင်းသလောက် သူက အိပ်ရာ ထတာနဲ့ ရေမိုးချိုးတတ်သူ။ သူက အချစ်ကို ပြတတ်သူ၊ ကျမက ရင်ထဲထား
တတ်သူ၊ သူက ညဖက်အိပ်ပြီး ကျမက နေ့ဖက်မှ အိပ်ချင်တဲ့သူ၊ သူက တဖက်သား နားလည်လက်ခံအောင် ချိုသာသော စကားကို ဆိုတတ်သူ၊ အစအနောက် သန်သူမို့ ကျမရဲ့ သူငယ်ချင်းတွေကအစ အားလုံးက ချစ်တဲ့သူ။ ကျမက ဒုတ်ထိုးအိုးပေါက် ဒဲ့ဒိုးစကား ဆိုတတ်သူ၊ သူငယ်ချင်း တယောက်ယောက် နေမကောင်းဘူးဆိုရင် ဖုန်းဆက်ပြီး "အသက်နဲ့ အဝေးကြီးပါဟာ" လို့ ပါးစပ်က ပြောတတ်ပေမဲ့ စိတ်ထဲကတော့ သူ နာလန်ထရင် ဟင်းတခွက်လောက် သွားချက်ပို့အုန်းမှ လို့ တွေးနေတတ်သူ။

ဒါ့ကြောင့် လူတွေအမြင်မှာ ပျော်ပျော်နေတတ်ပြီး စိတ်ရှည်သည်းခံ၊ ချိုသောစကား ဆိုတတ်သူ သူ့ကို ပန်းသီးလေးတလုံးလို့ ပြောမယ်ဆိုရင် အသွင်တူ သော်ငြားလည်း စိတ်တို၊ စိတ်ဆတ်၊ ပိဿလေးဘေးပစ် စကားဆိုတတ်သူ ကျမဟာ ခပ်ချဉ်ချဉ် သံပုရာသီး တလုံး ဖြစ်ကောင်း ဖြစ်နေနိုင်ပါရဲ့လေ။




သူငယ်ချင်း သက်ဝေရဲ့ တက်ဂ်ပို့စ်လေးပါ...ကျေးဇူးတင် ချစ်ခင်စွာ ရေးပါတယ်။ သူငယ်ချင်းက အကြောင်းသိပြီးသားမို့ စာနဲ့ ဖတ်ရတဲ့အခါ သိပြီးသားတွေ ဖြစ်နေမယ် ထင်ပါရဲ့..။ ဆက်ရေးပေးဖို့ ညီမငယ် ယွန်း၊ စုချစ် ၊ မြသွေးနီ၊ မိုးငွေ့ နဲ့ လသာည တို့ကို တက်ဂ်ချင်ပါတယ်။ အချိန်လေး ပေးပြီး ရေးပေးကြပါအုံးနော်...

38 comments:

  1. အနော်က သံပုရာသီးကြိုက်တယ်

    ReplyDelete
  2. ရုံးကနေ ပိုစ့်တင်တာလား မရယ်၊
    ဟိုတခါက ပန်းသီးနဲ့ မတွေ့လိုက်ရဘူးနော်၊

    ReplyDelete
  3. @@ နဲနဲလေး အားတာနဲ့ အိမ်ရှင်းတော့တာ။ တအိမ်လုံး ပြောင်စင်နေအောင် ကို ရှင်းတာ။ တော်ပါတော့လို့ ပြောမှ ရပ်တယ်။ @@
    ပြောင်းပြန်နော်..မမချစ်ကုသိုလ်ကောင်းချက်။
    မမချစ်ရယ် မမက ဖွပြီး အစ်ကိုက အိမ်ရှင်းတော့ ကံကောင်းတာပေါ့....
    ပူးတေကတော့ အိမ်မှာ ကလေးတယောက်မှမရှိပဲနဲ့ကို ကလေး ၃ယောက်လောက် ဖွထားတယ်ထင်ရအောင်ကို ဖွလွန်လွန်းလို့ လိုက်ရှင်းရတာ တပတ်တပတ်ကို မနိုင်ဘူး....တခါတလေ စတိုးဆိုင်တွေမှာတွေ့တဲ့ ၅မူးတန် ကြိမ်လုံးလေး ဆောင်ထားရတယ်.... ဒါဆို သူမဖွ ရဲတော့ဘူး...
    မမချစ်ရဲ့ အစ်ကို့ကိုလဲ အကြံပေးလိုက်ဦးမှနဲ့ထင်တယ်....
းP

    ချစ်လို့စတာနော်မမ

    ReplyDelete
  4. နှစ်ယောက်စလုံးကို သေသေချာချာ သိနေပြီးသားဆိုပေမယ့် အခုလိုလေး စုစုစည်းစည်းရေးထားတာ ဖတ်ရတော့ အမှတ်တရလေးတွေ ဖြစ်ပြီး ချစ်စရာ သဘောကျစရာ...း))

    ဒါနဲ့ သူက ပန်းသီးဆိုတာကတော့ ဟုတ်ပါပြီ...
    ရှင်က သံပုရာသီးတော့ မလုပ်ပါနဲ့လေ ချဉ်လွန်းပါတယ်...
    ချိုချိုချဉ်ချဉ် လိမ်မော်သီးလေးလောက်တော့ လုပ်ပါ...။
    (ဓါတ်ပုံကို အခုချက်ချင်း ပြန်ပြင်ရိုက်လိုက်ပါ...)

    ဒီတက်ဂ်ပို့စ်လေး ရေးပေးတဲ့အတွက် ကျေးဇူး...

    ReplyDelete
  5. အစ်မတို့၂ယောက်ရဲ့ မတူတာတွေက အသေးအမွှားလေး အကြောင်းအရာလေးတွေဖြစ်ပြီး
    အဓိက အရေးကြီးတဲ့ အရာတွေ တော်တော်များများ တူနေတာပါဘဲ..
    ဒါဟာလည်း ကံကောင်းခြင်းတစ်မျိုးပါဘဲနော်..
    ဒီလိုကံကောင်းအောင် ဘာတွေများ ဆောင်ထားလဲအစ်မရယ်
    နည်းနည်းလောက်မျှပါ..း)

    အားကျစွာဖြင့်

    ချော

    ReplyDelete
  6. မေးမယ် ဖြေကွယ်... ခေါင်းစဉ်လေးနဲ့ လိုက်သွားအောင် မေးမယ်နော်...အခု အစ်မတို့ နှစ်ယောက်ရောက်နေတဲ့ နေရာဟာ... မယူခင် အစ်မတို့ ၂ယောက်ကြားက gap လေးရဲ့ width နဲ့ ပြောမယ်ဆိုရင်... (ဆယ်စုနှစ်ကို ဖြတ်သန်းပြီတဲ့နောက်) narrower towards အစ်ကို or အစ်မ???
    (ဆယ်စုနှစ် အမှတ်တရလို့ သဘောထားပြီးဖြေပါနော်...နော်)

    ReplyDelete
  7. အစ်မ ချစ်ကြည်... မယူခင်=ညားခါစ လို့ ပြောချင်တာ...

    ReplyDelete
  8. ဟိုက်...ငါ့အမလုပ်ချလိုက်ပြီ...ညီမလေးက အဲလိုတဂ်ပို့စ်ရေးရမှာ သိပ်ကြောက်ပြီး ပုံးနေတတ်သူ...။ ခုတော့ ရေး...ရ...တော့...မယ်..။ နည်းနည်းကြာရင် သီးခံနော် ကြိုးစားပြီးတော့ရေးပါ့မယ်..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  9. ပျော်ရွှင်စွာ တသက်လုံး လက်တွဲ နိုင် မဲ့ မတူချင်း ပိစိလေးတွေကို မေ့ထားလိုက်ပါနော့....

    ReplyDelete
  10. မမချစ်...
    တအား ရေးတတ်တာပဲ။ ဖတ်ရင်းဖတ်ရင်း ပျော်လာတာ။ တကယ် ပျော်စရာ အားကျစရာနော်.. ။

    ညီမက ကိုယ့်အကြောင်းကျ ပေါ်လွင်အောင် သိပ်မရေးတတ်ဖူး.ရယ်.။ ခဏစောင့်ဦးနော်။ ရေးဖို့ တိုင်ပင်လိုက်ဦးမယ်း))

    ReplyDelete
  11. အင်း ချစ်ကြည်အေး ရေ တူတာတွေ ရှိနေလို့ ပေါင်းဖြစ်နေကြတာပေါ့နော် စိတ်ကောင်းစေတနာကောင်း ၂ယောက်စလုံးမှာ ရှိကြပါတယ် ပန်းသီး ကလည်း စားရတာကောင်းတယ် သံပရာသီး ကလည်း သကြားလေးနဲ့ ဖျော်သောက်ရင် ကောင်းတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  12. မား......ချစ်
    ချောကညာရယ်....သံချောင်း...အောင်း.(မေးဝဲသံ)...ခေါက်ပါလို့ ...
    ခုန်ပြန်ကာ အဆင့်ဆင့်ရယ်နဲ့...
    ကျော်လွှားကာ.... မတရား....၀င်ဖတ်လေကာမှ.....
    အမယ်မင်း..........မြသွေးနီ.. သည်မဒီ .... အပီရူးရတော့မှာပေါ့ ...
    အင်း........ဟင်း......ဟင်း.........
    တက်ဂ်ပို့စ်နဲ့ ......တိုးရလေခြင်း....။ ။
    { ကဲ.. မကြာမှီ လာမည်။ သို့သော်... ကြာမည်....တဲ့ ။ မျှော်.... :) }

    ReplyDelete
  13. ဖတ်လို့ကောင်းလိုက်တာ.... အစီအစဉ်တကျ ရေးတတ်တယ်...။း))))...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  14. အမချစ်....အားကျသွားပါ၏။အမချစ်ရေးထားတာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး
    လေး...ဖတ်လို့ကောင်းတယ်..။

    ReplyDelete
  15. မချစ်ကြည် ပန်းသီးလေး က တော်တော်ကို တော်တာပဲ၊ အိမ်ရှင်းတာပြောင်နေတာပဲဆိုလို့ ကံအရမ်းကောင်းပဲ၊
    အမ ကလဲ စာရေးကောင်းလိုက်တာ၊
    အမ က သံပုရာသီး မဖြစ်နိုင်ပါဘူး၊ ပန်းသီးလေး ၂ လုံးပဲ ဖြစ်မှာပေါ့
    မချစ်ကြည်တို့ ဇနီးမောင်နှံ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ၊

    ReplyDelete
  16. ညီမ ဗစ်စ်...ဒါဆို အမဘက်က တမဲ ရပြီပေါ့ဟ...ကျေးဇူး....:)

    ညီမ ပြုံးပန်း ဒီတခါတော့ မလွဲအောင် ထပ်တွေ့ကြမယ်လေ...နော် :)

    ညီမပူးတေ...ငါးမူးတန် ကြိမ်လုံးနဲ့ မရဘူး...သူကသိတယ်... အမေ့ဆီပြန်အပ်လိုက်မယ်တဲ့လေ...ဟ ဟ :P

    သက်ဝေရေ...အို...ကိုယ့်အကြောင်း ကိုယ်ပဲသိပါတယ်အေ...:P

    ညီမချော...အဆောင်က တူညီသော နားလည်မှုနဲ့ မေတ္တာတွေလေ..:)

    အမည်မသိ...အမက ပြောင်းလဲလာတာ...ပိုလိမ္မာလာတယ်၊ စိတ်ရှည်သည်းခံတတ်လာတယ်၊ အရင်ကလောက် မပူလောင်တော့ဘူး ဒါတွေက သူ့ရဲ့ အုပ်ထိန်းပြုပြင်မှုအောက်မှာ အမရဲ့ ပြောင်းလဲ တိုးတက်လာမှုတွေပေါ့...ကဲ ဘာသိချင်သေးလဲ...ဖြေအုန်းမှာ...:)

    ညီမမိုးငွေ့ ရတယ် အေးဆေးရေးနော်...စောင့်ဖတ်မယ်...:)

    ဟုတ်တယ် ညီမပြာ...ဒီလိုပဲ ကောင်းကွက်လေးတွေ ရွေးချစ်နေ ရတာပဲ...ဟားဟား...:P

    ညီမ လသာည...ကျေးဇူး...ရတယ်ညီမ အေးဆေးလုပ်ပါ....:)

    မမရွှေစင်...မမပြောတာမှန်တယ်...ဒီလိုအမြင်နဲ့ပဲ နှစ်ယောက်လုံး ရှေ့ဆက်နေကြရတာ...:)

    မြသွေးရယ်...ဟားဟား...နောက်ပိုင်းမင်းသမီးလို ငိုချင်းတွေချတော့ မလို့လား ညီမရဲ့...အေးပါ...ဖြေးဖြေးပေါ့...:)

    နေဝသန်...ကျေးဇူးပါ မောင်လေး...:)

    ပေါ့ပါးဆို မိုးပျံပူဖောင်းတွေ လက်ကကိုင်ရင်း ရေးသကိုးကွဲ့...ဟ ဟ:)

    ညီမ ဖြိုးဖြိုး ကျေးဇူး၊ အမ ပန်းသီးဖြစ်အောင် ကြိုးစားနေတုန်းပါပဲဟယ် ....:))

    ReplyDelete
  17. သံပုရာသီး ရယ်..ပန်းသီးရယ် စွယ်တော်ရွက်ရယ် ရောဖျော သောက် ရမှာလား ဟင်...

    မြင်ယောင်ကြည့် နေတယ်..း)

    နှစ်ပတ်လည် အတွက်ပါ.. ဆုမွန်ချွေသွားတယ်နော်..

    ReplyDelete
  18. ပန်းသီး အနီနဲ့အစိမ်း ဆိုရင်ရော?
    ခေါင်းစဉ်တစ်ခုချင်းအောက်မှာ ချပြသွားတာလေး ကြိုက်တယ်။း)

    ReplyDelete
  19. တူတူ မတူတူ နေတတ်တော့ ကျေနပ်စရာတွေပဲပေါ့လေ :)
    ကောင်းပ ကောင်းပ :)
    တူတူ မတူတူ ဒီကလည်းယူဦးမှာ....(အတုယူတာကိုပြောတာနော် အစ်မ ဟီး)

    ခင်တဲ့(ချိုကျ)

    ReplyDelete
  20. အမချစ်
    ပျိုပျိုမေတွေ အားကျအောင် ရေးတတ်ပါ့ဗျာ အမချစ်တာဝန်ဗျနော်

    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  21. မုန့်တီ၊ ကြာဇံချက်၊ ရှမ်းခေါက်ဆွဲ နဲ့ မြီးရှည် တွေပါ ပါတော့ သံယောဇဉ်အမျှင်တန်းတွေ ရှည်တဲ့ သဘောပေါ့နော်
    နောက်
    ပန်းသီးစားပြီး သံပုရာရည် သောက်... အချိုပွဲ

    ဖတ်ရတာ ချိုတယ် ချစ်ကြည်

    ReplyDelete
  22. ဟားဟား.. အစ်မတို့လင်မယားက ချစ်စရာအလွန်ကောင်း..

    ReplyDelete
  23. ညနေကလည်း တစ်ခါ လာဖတ်သွားပါတယ် အစ်မ။
    အခုလည်း နောက်တစ်ခေါက် လာဖတ်သွားပါတယ်။

    နည်းနည်းတော့ ပြောစရာ ရှိတယ်။ အမှတ်မှားမှာ စိုးလို့ပါ။
    ဘယ်မှာ ပြောရမလဲ အစ်မ။

    ReplyDelete
  24. တူ၏ မတူ၏ ကြားက ပျော်စရာအိမ်ထောင်ရေးတစ်ခုရဲ့ အငွေ့အသက်တွေကိုပါ ကြည်ကြည်နူးနူး ဖတ်သွားပါတယ် မမချစ်ကြည်အေးး)

    ReplyDelete
  25. ရေလည်း မချိုး အိမ်လည်း မရှင်းဆိုတော့ ကိုကိုက ခေါင်းမူးမူးလာလို့ သံပုရာသီး ဆောင်ထားတာ နေမယ်:))

    တီတီဆွိတို့နဲ့ နတ်ပြည်တူတူတက်မယ့် အတွဲတော့ ပေါ်လာပြီ။ လူ့ပြည်မှာ ခင်ကြပြီး နတ်ပြည်ရောက်မှ ရန်ဖြစ်နေကြမှာ မြင်ယောင်သေး။ခစ်ခစ်ခစ် ။

    မအယ်

    ReplyDelete
  26. အိမ်း...အိမ်း....တယ်လိုက်ဖက်တဲ့ စုံတွဲပဲ။ ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေကွယ် (ဟမ်) :D

    ရေးထားတာ ချစ်စရာကောင်းတယ် ငါ့အစ်မး))

    ReplyDelete
  27. ဟာဟ..တို့ အစ်မကတော့ ရှေ့ဆုံးကကို တဂ်လိုက်ပြီ..
    ရေး...ဦး..မှာ ..အစ်မကသိပ်ရေးတတ်တာပဲ...
    ဖတ်ရတာပျော်စရာကြီးး

    ReplyDelete
  28. မနေ့ညက အစောကြီးအိပ်ပျော်သွားလို့ နောက်ကျသွားတယ်အကြည်ရေ၊ ချောတီး၊ချောတီး။
    ပန်းသီးအကိုကြီးကို မြင်ကထဲက ခင်ပြီးသား။ မိန်းမချစ်မဲ့လူကြီးဆိုတာ သဘောပေါက်ပြီးသားပါဗျာ။ အကြည်ကို သံပုရာသီးလို့တော့ မထင်ပေါင်။ မသကာ စောင်းလျားသီးလောက်ဆို တော်သေး။ ဟီးဟီး နောက်တာနော်။
    ၂ယောက်လုံးခင်ဖို့ကောင်းတယ်။ ရေးထားတာ အသွင်တူတာရော မတူတာလေးတွေရော ချစ်စရာကောင်းတယ်ဗျို့။

    ReplyDelete
  29. အမရေ အမလူကြီးက ခင်စရာကောင်းလိုက်တာ..။ အမကလဲ ရေးထားတာ ချစ်လို့ရေးထားမှန်း သိသာလိုက်တာ..အကောင်းချည်းပဲ။

    ReplyDelete
  30. အားလုံး လိုက်တူနေရင် လဲ ဘယ်ဖြစ် မလဲ နော့..။

    ReplyDelete
  31. အမရေးထားလေ ဖတ်ရတာ အရမ်းသွက်တယ်.. ဓာတ်ပုံကလည်း ရှယ်နော်.. အမက ဖွသမျှ အကိုကြီးက လိုက်ရှင်းတယ်ဆိုတော့ ကောင်းလိုက်တာ.. အားကျမိပါသည် မမချစ်ကြည်.. :D

    ReplyDelete
  32. ဟားဟားဟား ဘာများ ပြန်ရန်တွေ့ထားမလဲလို့ လာဖတ်တာ
    စိတ်ဆိုးသွားပြီ ထင်ပါတယ်။

    ပန်းသီးကို ဖျော်ရည်လုပ် သောက်ပစ်မယ်ကွ။

    မအယ်

    ReplyDelete
  33. အစ်မရေ. .

    ဓမ္မာ ၊ သောက ၊ အင်းဝ ၊ ရာဇာ အကြောင်းလေးကို နည်းနည်း ပြောမလို့ပါ။ မေးလ်ထဲပဲ ပို့လိုက်ပါတော့မယ်။

    ReplyDelete
  34. အိမ်ရှင်းပေးတတ်တယ် ဆိုတော့ ဘယ်လောက်ကောင်းလဲ မချစ်ကြည်။ ကိုပုံရိပ်လည်း အဲလိုဖြစ်ရင်ကောင်းမယ်လို့ တွေးကြည့်မိတယ်။ :D

    ReplyDelete
  35. အမားချစ်ကြည်ရေ... တဂ်လေး ရေးပြီးပါပြီနော်...

    အမရေးတာဖတ်ပြီး တပြုံးပြုံး သဘောကျကာ ပြန်သွားပါ၏။

    ReplyDelete
  36. ပန်းသီးနဲ့ သံပုရာသီး တွဲကြသည်ပေါ့...
    ဒီက ဂွေးသီး ကလဲ ဘာသီးနဲ့တွဲရ မလဲမသိဘူး....

    ReplyDelete
  37. သံပုရာသီးကို ထာဝရဆောင်ထားသူပါ။

    ReplyDelete
  38. ဟားဟားဟား--ဆရာကတော်
    အခုတော့လည်းသိပ်ချစ်ပြနေပြန်ပါပြီဗျာ-
    အားကျတယ်ဗျို့ -အားကျတယ်-
    စိတ်ကူးချိုချိုကလေးတွေကိုစာတွေရေးဓါတ်ပုံတွေရိုက်ပြနေမှတော့အားမကျရိုးခံ
    နိုင်ပါ့ မလားဗျာ-

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...