Monday, July 5, 2010

ထွေရာ ၄ ပါး

ထွေရာ ၁ ပါး

နေ့လည်စာ စားဖို့ အပြင်ထွက်ရင်း ရုံးရှေ့မှာ မှိုပွင့်ကြီးတပွင့် ထီးထီးကြီးတွေ့တာနဲ့ မနေနိုင် မထိုင်နိုင် အဲ...မတ်တတ်ရပ်လျက် ဒူးကွေးရင်း ဆိုပါတော့...ဓါတ်ပုံရိုက်ခဲ့တယ်။ မှိုရတဲ့မျက်နှာတော့ ဘယ်လိုနေမယ် မသိဘူး မှိုတွေ့တဲ့ မျက်နှာတောင် သွားမစေ့ နိုင်ဘူး။ ဒီရုံးမှာ အလုပ်လုပ်နေတဲ့ ၂ နှစ်ကျော်ကျော် အတွင်းမှာ ဒါ ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းပဲ။ မှိုပွင့်ကြီးရဲ့ အဝန်းအဝိုင်း ကြီးကိုက ၄ လက်မလောက် ရှိတယ်။ စင်္ကာပူထီလေး ဘာလေး ထိုးကြည့်ရင် ကောင်းမလားပေါ့ တွေးမိပါသေးတယ်။ ထီပေါက်ရင် ဘလော့ဂ်ဂါ အုပ်စုတွေ ခရီးလေး ဘာလေးထွက်ဖို့ စပွန်ဆာ လုပ်နိုင်တာ ပေါ့.... သို့သော်လည်းပဲ မျှော်လင့် မနေကြပါနဲ့တော့လေ...။ ထီထိုးကျင့် မရှိတော့ မေ့သွားတယ်။




တနှစ်တခါ ပေါ်လို့လာ ငါလည်းမင်းလောင်း ထီးဖြူဆောင်း ဆိုတာလေး ပြေးသတိရမိလိုက် သေးတယ်။ ဒီအတိုင်းဆို မှိုပွင့်ကလေးက ထီးဖြူပေါ့....ဒါနဲ့ပဲ မင်းလောင်းလို့ ဆိုရမဲ့ ထီးဖြူလေး အောက် ကြည့်လိုက်တော့ မြက်တွေ တွေ့ရတော့တာ။ ဪ...မင်းလောင်းဆိုတာ မြက်ကိုး။ တခါ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်လို့ ဆိုကြပြန်ရော။ သူ့နေရာနဲ့ သူတော့ ဟုတ်နေ သား။ မြက်တွေက မင်းလောင်း မဖြစ်နိုင်ပေမဲ့ အသုံးကျတာလေး တခုခုတော့ ရှိမှာပါလေ ... သူ့နေရာနဲ့သူ အသုံး တည့်ဖို့သာ လိုအပ်သမို့လား....။

ထွေရာ ၂ ပါး

ဘာလိုလိုနဲ့ ကျမတို့ အားလုံး ကိုယ်ရော စိတ်ပါ အင်တိုက်အားတိုက် တက်တက်ကြွကြွ အားပေးလာခဲ့ကြတဲ့ ကမ္ဘာ့ဖလားပွဲကြီး တောင် ဆီမီးဖိုင်နယ် ရောက်လာတော့မှာပါလား။ အိမ်အပြန် ဖလားကြီး သယ်သွားမဟဲ့ရယ်လို့ လက်သီးလက်မောင်း တန်းခဲ့ ကြသူတွေလည်း အာပေးသူတွေ မျက်နှာ အိုးမဲသုတ်လို့ အလျှိုလျှို ပြည်တော်ပြန်ကုန်ကြပါရော...။ နှပ်ချေးစားပေမဲ့ မျက်နှာပန်း လှသူ နည်းပြကြီး၊ ဘော်လီဘော အပုတ်ကောင်းတဲ့ ကယ်တင်ရှင် ဘောလုံးသမားလေး၊ လုံးတီးချွတ် ပြေးစရာမလိုတော့တဲ့ ဘောသမားဟောင်းကြီးနဲ့ မော်ဒယ်မမ....အိုး...တကယ်ပဲ စိတ်လှုပ်ရှားစရာ အပြည့်နဲ့ရယ်။

ဘောပွဲကြည့်လို့ အအိပ်ပျက်သမျှ အစားအားလေးနဲ့ ပြန်လည်ဖြည့်တင်းနေရတဲ့ ကျမတို့ တတွေရဲ့ အဖြစ်ကလည်း သနားတတ် ရင် သနားစရာပါ...။ အိမ်မှာ ရွှေပွဲလာ ပိတ်သတ်တွေနဲ့ စည်ကားလေတော့ ဧည့်ခံကျွေးမွေးရေးအတွက် Foods and Beverage မန်နေဂျာ-ကျမ စီစဉ်သမျှ သူတို့ စားကြ သောက်ကြရရှာပါတယ်။ ပုံများကို အားမနာတမ်း ကြည့်ပါ ရှုပါ ကလစ်ပါ...:)

ဝက်သား ကြာဇံကြော်





မုန့်ဟင်းခါး



ထမင်းနဲ့ လဘက်သုတ်၊ အချဉ်ပေါင်းထုပ်




ငါးသေတ္တာ ပေါင်မုန့်




အသီး နဲ့ နေကြာစေ့


ကော်ဖီ၊ အအေး၊ လီမွန်တီး နဲ့ ရေနွေးကြမ်း ထန်းညက်ခဲ လည်းပါသေးတာ...ဓါတ်ပုံ မရိုက်ဖြစ် မှန်းကြည့်လိုက်ကြပါကုန်:P

ထွေရာ ၃ ပါး

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အိမ်ကလူကြီးရဲ့ တပည့်ဟောင်း ရွှေမန်းသူလေးတယောက် အိမ်လာလည်တယ်။ မုန့်တွေလည်း အများကြီး ဝယ်လာ ရှာတယ်။ မတွေ့တာ နှစ်ချီကြာ သွားတာမို့ သူတို့ ဆရာတပည့် စကားတွေ ရေပက်မဝင် ပြောရင်းက ကျမကိုလည်း "မမ မုန့်တွေ ပူတုန်းလေး စားလိုက် နော်" ဆိုတာနဲ့ ကျမလည်း မုန့်စား၊ သူတို့အတွက်လည်း ပြင်ကျွေးတာပေါ့။

အင်မတန် လောကဝတ်ကျေရှာတဲ့ ချစ်စရာ မန်းသူလေးက သူ့ဆရာနဲ့ စကားပြောရင်းကနေ ကျမဘက်လှည့်လို့ "မမ ဘာမှ မပြောင်းလဲဘူး သိလား လွန်ခဲ့တဲ့ ၄-၅-၁၀ နှစ်လောက်တုန်းက တွေ့ဖူးခဲ့တဲ့ အတိုင်းလေးပဲ" တဲ့...။ အမျိုးသမီးတွေများ အဲသလို ပြောခံရမှဖြင့် အတော့်ကို ကျေနပ်ကြတာကလား...ကျမလည်း ပိတောက်သားမှ မဟုတ်တာ... တပြုံးပြုံးပေါ့....:))

ခဏနေမှ မုန့်စားနေရင်းနဲ့ တွေးမိပြန်တာ...နဲနဲတောင် နင်သွားသေးတယ်... ။ Alternatively ပေါ့နော်...ဟိုး လွန်ခဲ့တဲ့ ၄-၅-၁၀ နှစ်လောက်တုန်းကတည်းက ဒီရုပ်ကို ကြိုရောက်နှင့်နေတာရော မဖြစ်နိုင်ပေဘူးလား...အင်း....။

ထွေရာ ၄ ပါး

ရုံးက မလေးရှား တရုတ်မလေးက ပြောပြတယ်။ ငါ့ရည်းစားက မြန်မာကောင်ကလေး တဲ့။ အံမယ်...ဘောပွဲစကားနဲ့ဆို ကိုယ့်လူက ဝမ်း-ဇီး ပါလား။ "မြန်မာ အမျိုးသားတွေက သိတ်ကြင်နာတတ်တယ် နင် ကံကောင်းမှာပါ" လို့ ကိုရွှေလေးဘက်ကို တမှတ် တင်ပေးလိုက် ပါတယ်။ တရုတ်မလေးက ပြောပြန်တယ် "နင်တို့ မြန်မာဟင်းတွေ ဆီ သိတ်များတာပဲနော် ငါ့ရည်းစားက အဲဒါ ချမ်းသာတဲ့ လူတွေမှ အဲသလို စားနိုင်တာလို့ ပြန်ဖြေတယ် အဲဒါ ဟုတ်သလားဟင်" တဲ့...ရယ်ကျဲကျဲနဲ့ မေးလာတယ်။ တရုတ်မလေးခမျာ ကျန်းမာရေး လိုက်စားလို့ ဆီလျှော့၊ ရေလုံပြုတ်လောက်ပဲ စားနေသူတွေ့ရင်ပဲ သူဆင်းရဲလေးတွေလို့များ အသနား ပိုနေရော့မယ်...။

ကိုယ့်လူနှယ် တခြားအကြောင်းများ ပြပါတော့လား...ဥပမာ- တို့ မြန်မာဟင်းတွေက အရသာ ရှိအောင် ဆီသတ်ချက်တာမို့လို့ ဆီများများထည့်မှ အဆင် ပြေတာတို့၊ ငါတို့ တိုင်းပြည်က ချမ်းသာတာမို့ သံလွင်ဆီ သုံးပြီး ချက်တာမို့ ဆီများပေမဲ့ ကျန်းမာရေး အတွက် ဘေးမဖြစ် နိုင်တာတို့၊ မီးမမှန်တဲ့အတွက် ဟင်းကျန်ရင် ရေခဲသေတ္တာထဲ သိမ်းမရတာမို့ အပြင်မှာ အထား ခံအောင်တို့ ၊ မီးမမှန်တဲ့အတွက် xxxဘလား ဘလားxxxတို့ ၊ မီးမမှန်တဲ့အတွက် xxxဘလား ဘလားxxxတို့..၊ အဲ....အဲသလို ဆိုပါ တော့။ ဥပမာ ပြောပါတယ်...။ ဒါနဲ့ ခုနက ပေးထားတဲ့ တမှတ် ကိုယ့်ဘာသာ ပြန်နှုတ်ပစ်လိုက်တယ်။

ခုတလော ပြောပြချင်စရာ ထွေရာ ၄ပါး စကားစမြည် ဆိုပါတော့လေ...


20 comments:

  1. စလုံးတရုတ်မလေး ( 30 တန်း) တစ်ယောက်ကလည်း သူ့ခင်ပွန်းက မြန်မာတဲ့။ နှစ်ကုန်ရင် မြန်မာပြည်သွားလည်မှာဆိုတုံးက မဆီမဆိုင် အားရသွားသေးတာ။
    အစ်မရဲ့ တင်ပြပုံ( စာအရေးအသားကိုပြောခြင်း :P ) ကြိုက်တယ်။ သွက်သွက်လေး...။

    ReplyDelete
  2. ကြာဆံကြော်က ရှယ်ပဲဗျာ

    ReplyDelete
  3. မီးမမှန်တဲ့အတွက် xxxဘလား ဘလားxxx ဆိုတာဘာကြောတာလဲဟင်.....
    ဆီမီးပွဲတွေ အမတို့အိမ်လာကြည့်လို့ရမလားဟင်....
    နောင်လေးငါးဆယ်နှစ်ရောက်ရင် အဲဒီကောင်မလေးနဲ့ မတွေ့အောင်ရှောင်နော်...
    ပေါ်လာမယ့် မင်းက မြတ်လောက်တောင် အသုံးမဝင်နိုင်ဘူးလို့ ဆိုလိုချင်တာ
    လားဟင်း.....
    ထွေရာလေးပါးကို ပြန်ပြီးထွေရာလေးပါးလိုက်တယ်ခင်ဗျ...။

    ReplyDelete
  4. ထွေရာ ၃. အဲလိုမတွေးလိုက်ပါနဲ့...း)).. တကယ်နုပျိုနေလို့နေမှာပါ...

    ထွေရာ ၄ ကတော့ပြုံးသွားတယ်.. ရေးထားတဲ့ပုံက ရယ်ချင်စရာလေး..း)))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. ထွေရာ-၂ က မုန့်တွေကို အကြိုက်ဆုံးပဲ..။ ပြီးတော့ အများကြီးပဲ..ပျော်စရာ..။ မချစ်က တအားကြင်နာတတ်တာပဲနော်။ မချစ်အိမ်မှာ ဘောပွဲလာကြည့်ရင် အဲလိုပဲ ကျွေးတာဆိုရင် အမှီပြေးလာဦးမယ်။ ဖိုင်နယ်ပွဲကို အတူကြည့်ရအောင် မ..။ ကျွေးမှာလား..း)))

    ReplyDelete
  6. မှိုလေးက ချစ်စရာ
    မုန့်လေးတွေကလည်း စားချင်စရာ
    အစ်မရဲ့ ထွေရာလေးပါးကလည်း ဖတ်ချင်စရာ။
    ဟုတ်ပ ဆီမီးနဲ့ ဖိုင်နယ်ပွဲကို အစ်မအိမ်မှာ လာကြည့်လိုက်ရရင် သိပ်မိုက်မှာ
    အစ်မက ဧည့်ဝတ်ကျေတယ်ဆိုလား...
    ကြားဖူးတယ်း)

    ReplyDelete
  7. အစ်မရေ....ထွေရာ၎ပါးထဲမှာ ကျနော်လုံးထွေးသွားပါတယ်။ ထွေရာ ၂ပါးတုန်းက သိပ်မသိသာပေမယ့် ထွေရာ ၃ ပါးလဲကြရော အသံတောင်ထွက်တယ်ရယ်လိုက်တာ လွန်ခဲ့တဲ့ ၄ ၅ ၁၀ နှစ်ကတည်းက ဒီရုပ်ကို ကြိုရောက်နှင့်နေတာ ဆိုလို့လေ ခုတောင်ရေးနေရင်းရယ်ချင်လာပြီ ဟားဟား
    တော်လိုက်တဲ့ အစ်မ တွေးတတ်တယ် :)

    ခင်တဲ့(ချိုကျ)

    ReplyDelete
  8. အားလုံးထဲမှာ ကြာဆံကြော် အကြိုက်ဆုံးပဲ ... ကြော်ထားပုံက ခုပဲထပြီး လာစားချင်အောင်ပဲ ။ အစုံသုတ်ကတည်းက လက်ရာကို ယုံပြီးသား။

    ဘောပွဲကို ခုချိန်ထိ တစ်ပွဲမှမကြည့်ရသေးပါကြောင်း။ အိမ်မှာ လိုင်းမယူထားဘူးလေ။ အဲလိုလေး အစားအသောက်မျိုးစုံ လုပ်ပေးမဲ့သူရှိရင်တော့ ခုတောင်ကြည့်ချင်သား။
    အကြည်ရဲ့ အိမ်ကလူကြီး ကံကောင်းချက်။

    ReplyDelete
  9. စားသောက်ပြီးချိန်ဖတ်လို့သာ ရိုက်ထားတဲ့ စားစရာတွေကို အိနြေ္ဒရရ ကြည့်နိုင်ထှာ.. ဟင်း ဟင်း ။

    ReplyDelete
  10. ထွေရာအစားကြွား...အဲလေ ထွေရာလေးပါးကလည်း ဖတ်ကောင်းနေပြန်ရော။ အဟက်... သဘောကျ၍ အသံထွက် ရယ်သွားပါကြောင်း။

    ReplyDelete
  11. အဲဒီလို အကျွေးအမွေးလေးနဲ့သာ ကြည့်ရမယ်ဆိုရင် ကမ္ဘာ့ဖလား ကို နှစ်ကျော့လောက်တောင် ကန်စေချင်သေးတယ်

    ReplyDelete
  12. မမချစ်ရေ...ဒီလိုစားစရာ သောက်စရာအစုံအလင်နဲ့ဆိုရင် ဘောပွဲမကြည့်တတ်လဲ ကြည့်တတ်ချင်ယောင်ဆောင်ပြီးတော့ကို ညလုံးပေါက်နေနိုင်တယ်မမ.... အားလုံးကြိုက်တယ်...

    ထွေရာ ၄ ပါးထဲက မြန်မာကောင်လေးကို ပူးတေဆိုလဲ ၁ မှတ်မကဘူး လျော့ပစ်မှာ... ပူးတေတို့ ဘေးကရုံးကို လူသစ်မြန်မလေးတယောက် ရောက်လာတယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက် စလုံးတွေက ပထမဆုံးမြန်မာဆိုတော့ သူ့ကို ဝိုင်းစပ်စုကြတာပေါ့။ နင်တို့ မြန်မာတွေ ညစာဘာစားလဲဆိုတာ ဟင်းသီးဟင်းရွက်တွေ soup လုပ်သောက်တယ်တဲ့။ ပြီးတော့ ပူးတေကို သူအဲလို ဖြေထားတယ်နော်တဲ့...အဖော်လာညှိတာလေ... ဟင့်အင်းလို့ ခွဲပြောသင့်တာလို့... မြန်မာအများစုကတော့ ညစာကို ထမင်းစားလေ့ရှိပြီး ကျွန်မကတော့ ထမင်းမစားပဲ soup သောက်တာလို့ ဖြေရမှာလို့..မြန်မာ့လူမျိုးအများစုက (ကျန်းမာရေးအရ/ကျန်းမာရေးလိုက်စားတဲ့လူ ကလွဲလို့) soup ကို အဓိကထား စားသုံးတာမှမဟုတ်တာပဲကို.....
    ပြောရင်းနဲ့ ဘယ်တွေ ရောက်ကုန်ပြီလဲမသိဘူးနော်... ပူးတေဆိုလိုချင်တာက တခါတလေ သူတို့ပြောတဲ့ စကားကြီးတွေက လွဲနေတယ်...

    ReplyDelete
  13. ဟယ် ဂလို ကျွေးမွေးတွေနဲ့  ဧည့်ခံတာလား ...ကတောက် .မသိလိုက်တာနာသကွာ
    အစ်ကိုကြီး တစ်ပည့်မလေးကမပြောတတ်လို့ ပါ ။
    အနော့် မာမီဆိုပြောတတ်တယ် ဟယ်ငယ်လေးရယ် ငယ်ငယ်ကအတိုင်းပဲနော်ကြီးလာတယ်ကိုမထင်ရဘူးတဲ့ ။ အဲလိုပြောရင်ကြိုက်မယ်မှလား
    ( အနော်ကတော့ အဲဒါလောက်သေချင်တာမရှိဘူး ခုရွယ်ထိ သေးသေးလေးပဲလို့ ကျောတာ ..ကတောက်)

    ReplyDelete
  14. နီးလို့ကတော့အမချစ်တို့အိမ်မှာ ဘောပွဲလာကြည့်မယ်... အဟဲ ...၀က်သားကြာဇံကြော်နဲ့ အသီးတွေကိုကြိုက်လို့...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  15. ဆီမီးကျရင် အိမ်လာ ဘောပွဲလာကြည့်လို့ရမလားခမျာ။ အကျွှေးအမွေး အဲ့ ဘောပွဲက တကယ်ကောင်းမှာ မို့လို့ပါ။

    ReplyDelete
  16. ဖုံးထဲကနေပဲ စားလိုက်ရတာ နာတယ်ကွာ....တကယ်ဆို အပြင်မှာ တကယ်သွားစားလိုက်ရမှာ ဟင်းဟင်း လာခါမှသိမယ် (ကျိန်းဝါးထားတယ်နော် မကျွေးချင်တာ ရှိရင် စော၂စီး၂ဖွက်ထား ဒါပဲ) :D

    ReplyDelete
  17. ငါတို့တိုင်းပြည်က ဆီရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံတာ လို့..း)

    ReplyDelete
  18. ချစ်ကြည်အေး ရေ

    ဘောလုံးပွဲ ကြည့်မလို့ ဘိုက်စာတာနဲ့လာလိုက်တယ် အကုန်လုံးကြိုက်တယ် ရှယ်ဘဲ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  19. စင်ကာပူ မှာ မြန်မာ ထမင်းချိုင့်ပို့ ပေးတဲ့ ၀န်ဆောင်မှု သိရင် ပြောပြ ပေးစေလိုပါတယ်

    ReplyDelete
  20. အရောင်ကမလှပေမယ့် စားကောင်းပါတယ် အဲ့နေ့ က ကျန်ယို့ ကုန်နေလို့ မထည့်ရတာရယ် တီက ခါကြက်ဥ မကြိုက်တာရယ် အရွက် မရှိတာရယ် ဝက်အူချောင်း အဝယ်ပျင်းတာရယ် တွေကြောင့်ပါ

    အော် အမ အပ်ဒိတ်ပိုစ့်တွေအမ ဆီမှာ မပေါ်ဘူးနော်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...