Wednesday, July 28, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၃

ဒုတိယနေ့ အစမှာတော့ သူရဲကောင်း လာပူလာပူ ရဲ့ ဂူဗိမ္မာန် (Lapu Lapu Shrine)ကို သွားရောက်ခဲ့ကြပါတယ်။ April 7, 1521မှာ ဆီဘူးဘုရင် Rajah Humabon ရဲ့ လှိုက်လှဲစွာ ကြိုဆိုမှုနဲ့ ပေါ်တူဂီလူမျိုး Ferdinand Magellan ရောက်ရှိလာပြီး အနီးအနားလူတစု ၇၀၀ခန့် ကို ခရစ်ယာန်ဘာသာထဲ သွတ်သွင်းဝင်ရောက်စေခဲ့ပါတယ်။

ဒါပေမဲ့ Mactan Island ရဲ့ဘုရင် Datu Lapu-Lapu ကတော့ အလွယ်တကူ လက်မခံပဲ ပြန်တိုက်ခဲ့တာကြောင့် April 27, 1521ခု Battle of Mactan မှာ Lapu-Lapu ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါကို ဂုဏ်ပြုသောအားဖြင့် Mactan Island မှာ လာပူလာပူရဲ့ ဂူဗိဗ္မာန် တည်ထားခဲ့ခြင်းပါ။

The Lapu-Lapu shrine is a 20-meter bronze statue in Punta Engaño, Mactan Island, Cebu, Philippines, erected in honor of Datu Lapu-Lapu, a Muslim king who defeated Spanish soldiers and killed Portuguese explorer Ferdinand Magellan in the Battle of Mactan on 1521.

(Link:http://en.wikipedia.org/wiki/Lapu-Lapu_shrine)


သူရဲကောင်း လာပူလာပူ ရဲ့ ဂူဗိမ္မာန်



သူရဲကောင်း လာပူလာပူ ရဲ့ ကြေးရုပ်တု


အနီးအနားက အမှတ်တရ ပစ္စည်း အရောင်းဆိုင်လေးတွေ....


Saint Michael -archangel ကို နာမည် ယူထားတဲ့ San Miguel Corporation ဆိုတဲ့ food, beverage and packaging company ဟာ ၁၈၉၀မှာ တည်ထောင်ခဲ့ပြီး ခုဆိုရင် one of Southeast Asia's leading food, beverage, and packaging companies ဖြစ်တယ်လို့ ဆိုပါတယ်။ လမ်းဘေးကနေ ဖြတ်သွားရင်း အထင်ကရ San Miguel ကို ကားပေါ်ကနေ လှမ်းရိုက်ခဲ့သေးတယ်။



ပြီးတာနဲ့ ဆီဘူးက အကောင်းဆုံး ဟိုတယ်တွေကို လိုက်ပြပါတယ်။ Plantation Bay Resort & Spa၊ Shangri-La နဲ့ Imperial Palace Waterpark Resort & Spa တို့ကို သွားကြည့်ခဲ့ ကြပါတယ်။ အားလုံး ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေချည်းပါ။

ဧည့်ကြိုဝန်ထမ်း အမျိုးသားတွေ အရမ်း သဘောကောင်းပြီး ကားရပ်တာနဲ့ မောင်းသူ လက်ထဲက ကားသော့ယူ၊ ပါ့က်ကင်ထိုးပေး သူကပေး၊ တံခါး ဖွင့်ပေးသူကဖွင့်နဲ့ ဟိုတယ်မှာ တည်းသူရယ် ဘာရယ်မရွေး အားလုံးကို တန်းတူ ခရီးဦးကြိုပြုပါတယ်။ ကျမ ရောက်သွားခဲ့တဲ့ ဟိုတယ်တိုင်းမှာ ရေကူးကန်တွေ ခမ်းနားလွန်းတာ သတိထားမိပါရဲ့။ သာမန်တွေ့ဖူးနေကျ ဟိုတယ်ရေကူးကန် ဆိုတာထက် Water Park လိုမျိုး ရေလွှာလျှောစီးလိုမျိုးတွေ အပြိုင် အဆိုင် လုပ်ထားကြတာပါ။







ရေကူးကန် ၄-၅ခုကို ပတ်ပတ်လည် ဆက်သွယ် ယှက်ဖောက်ထားတဲ့ ရေမြောင်းကလေးတွေ တလျှောက် ပျော်ပျော်ကြီး စီးမျော လိုက်ပါနိုင်သေးတာ။ ကလေးတွေ မပြောနဲ့ ကျမတို့အရွယ် လူကြီးတွေတောင် တကယ့်ကို ခုန်ဆင်း ဆော့ကစားချင်လောက် အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ရေကူးကန်တွေပါ။ ဪ...တကယ်ပဲ ဟိုတယ်တည်းခိုသူ ဧည့်သည်တွေအတွက် စရိတ်အပို ကုန်ကျခံပြီး လုပ်ပေးထားရှာတာလို့ အတီးအတ တွေးမိသေးတယ်။


နောက်ဆုံး ဟိုတယ်ကျမှ တည်းခိုခဈေးနှုန်း သိချင်စိတ်တွေ ထိန်းမရတာနဲ့ ဧည့်ကြိုကောင်တာနား သွားကြည့်မိမှ အို့ ဟိုး ဒါ့ကြောင့်ကိုး...လို့ သဘောပေါက်သွား တော့တယ်။ ရေကူးကန်မှာ ကစားဖို့ရယ်၊ နေ့လည်စာ သို့မဟုတ် ညစာ၊ ပြီးတော့ ဟိုတယ်တခွင် ကားလေးပတ်မောင်းပြတာရယ် ၃ နာရီ ဆို ဘယ်လောက်၊ ၄ နာရီဆိုဘယ်မျှ အဲသလိုမျိုး Package လည်းရှိ သကိုး။ ဒါ့ကြောင့် ဟိုတယ်ဧည့်သည်အပြင် နာရီပိုင်းနဲ့ ရေကစားဖို့ လာသူတွေအတွက် ရေကူးကန်တွေကို ဒီလောက် ကောင်းကောင်း လုပ်ပေးထားတာပေါ့။

ဒါဟာလည်းပဲ ဟိုတည်ကြီးတွေ အနေနဲ့ သူတို့ရဲ့ ရပ်တည်မှုအတွက် တဖက်တလမ်းက ဝင်ငွေရှာခြင်းပဲ မဟုတ်လား။ တချို့ ဟိုတယ်တွေကတော့ ဟိုတယ်ထဲမှာပဲ ကော်ဖီဆိုင်ဖွင့်လို့ဖြစ်စေ၊ ဆိုင်နေရာ ပြန်လည်ငှားရမ်းလို့ပဲ ဖြစ်စေ ဘူဖေးညစာတွေ၊ ဟိုင်းတီးဘူဖေးခေါ် နေ့လည်ခင်းစာတွေနဲ့ပဲ ဖြစ်စေ ဝင်ငွေရှာလေ့ရှိကြပါတယ်။ ခရက်ဒစ်ကဒ် ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဈေးချတာမျိုးတွေလည်း ရှိပါရဲ့။ ရေကူးကန် အချိန်ပိုင်း ပေးသုံးတာမျိုးတော့ ခုမှ တွေ့ဖူးတာပါ။

ကျမတို့ရွာက ဟိုတယ်တွေ ဘောလုံးပွဲရာသီမှာ စကရင်အကြီးကြီးနဲ့ ပြပြီး ဘီယာရောင်းစားကြတာမျိုး ရှိပေမဲ့ ဘောပွဲရာသီက အချိန်ပိုင်းလေးပဲဆိုတော့ ရေရှည်မှာ ဘယ်လိုများ ရပ်တည်ဖို့ ကြိုးပမ်းကြပါလိမ့်။ ရေဆော့ဖို့ဆိုတာ ကလေးရော လူကြီးပါ အကြိုက်ဖြစ်တာမို့ အမြဲလို စည်ကားနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါလည်း ဈေးတော့ မသေးလှပါဘူး။ ရွာမှာ ဟိုတယ်လုပ်ငန်း လုပ်နေတဲ့ သူငယ်ချင်းနဲ့ တွေ့တုန်းက ခမျာ ငြီးညူရှာတယ်။ ဧည့်သည်မရှိတော့လည်း မရှိလို့၊ ရှိပြန်တော့လည်း မီးမလာလို့ မီးစက်မောင်းရတဲ့အတွက် ဆီဖိုးထပ်စိုက်ရတဲ့ အကြောင်းပါ။

ခုတော့ သူလည်း ဘယ်လိုရပ်တည်နေတယ် မပြောတတ်ဘူး။ ဟိုတယ်မှာပဲ မနက်စာ၊ နေ့လည်စာတွေကို မြန်မာမုန့်၊ မြန်မာဟင်း လေးတွေ ကောင်းကောင်းချက်ပြီး သင့်တင့်တဲ့ဈေးနဲ့ စားလို့ရအောင် ရောင်းချ၊ ပြီးမှ စားသုံးသူတွေ အတွက် စပါယ်ရှယ် ဟိုတယ် ဒစ်စကောင့် ထပ်ချပေး၊ အဲသလို လူခေါ်ရင်ရော...။ ဟင်း...မောပါတယ်...သူများတွေအတွက်ပဲ ပူနေရတယ်။

အဲဒီ ကြယ်ငါးပွင့်ဟိုတယ်ြကီးတွေကနေ ကိုယ်နေတဲ့ဟိုတယ် အသေးအနှုတ်ကလေးဆီ မပြန်ချင်တော့ဘူး စိတ်က ဖြစ်လာတာ ရေထဲ ခုန်ချနေခဲ့ချင်တာ။ နစ်တခါ မြုတ်တလှည့် ဖြစ်နေမစိုးလို့သာ....။


Thursday, July 22, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၂

မနေ့က ပိုစ့်တင်ပြီးတဲ့အထိ တချို့က ကျမ ဆီဘူးကနေ ရေးတင်လိုက်တယ် ထင်နေကြတာ...။ ဟုတ်တာပေါ့ ကျမကမှ အော့ဖစ်ရှဲယ်လီ ပြန်ရောက်ပါပြီလို့မှ မကြေငြာခဲ့တာ...ဆိုတော့...။ ဆရာမကြီး မချစ်ကြည်အေး ဆီဘူးက ပြန်ရောက်ပါပြီ မိတ်ဟောင်းမိတ်သစ်များ ပြန်လည် ဆက်သွယ်နိုင်ပါပြီ လို့ လက္ခဏာ ဆရာမလိုလို...မြန်မာဆေးကုစားတဲ့ ဆရာမလိုလိုနဲ့ ပြည်ပေါ်မှာ ရွှေကြော်ငြာ ထုတ်ရမဲ့ပုံ...။ အို...ဘာပဲဖြစ်ဖြစ် တို့က ဆရာမကြီးပဲ...အဲဒီအဆင့်က တပြားမှ လျှော့ဖို့ စိတ်ကူး မရှိပေါင်....:)

ခရီးစဉ် စလိုက်ကြရအောင်။ ကျမတို့နဲ့ အတူ ခရီးစဉ်တလျှောက်လုံး ခေါ်သွားချင်ပါတယ်။ ၁၇ရက်နေ့ ခရီးစထွက်မဲ့ စနေမနက်မှာ ၉နာရီထွက်မဲ့ လေယာဉ်စီးဖို့ အိမ်က အချစ်ဆုံးကြီးက မနက် ၅နာရီတိတိမှာ ကျမကို အိပ်ရာက နှိုးပါတယ်။ ကဲ ခရီးစဉ်မှာ လိုက်ပါမဲ့လူများ မနက် ၅နာရီ အိပ်ရာထ၊ ကျမတို့နဲ့ အတူသွားကြရအောင်ပါ...:)

သူဟာ လေယာဉ်ပျံတွေကို သိတ်ချစ်သူပါ။ လေဆိပ်မှာ ဆိုက်ထားတဲ့ လေယာဉ်ပျံတွေ ကြည့်ရင်း ကော်ဖီဆိုင် ထိုင်ချင်သူ။ လေယာဉ်ပျံကြီးတွေ တွေ့လိုက်ရင်ပဲ အိမ်ထောင်မကျ သေးတဲ့ ရည်းစားဟောင်းကို အမှတ်မထင် ပြန်တွေ့ရသလို ဝမ်းသာတတ်သူ၊ အင်မတန် ပျော်သူပါ။ ချက်အင်ပြီးတာနဲ့ DFSမှာ ဝယ်စရာရှိတာ ဝယ်ပြီး မနက်စာ စားကြပါတယ်။ လေယာဉ်ပျံကြီးတွေ ရှေ့တည့်တည့်က ခုံမှာ ရွေးထိုင်ပါတယ်။


ကော်ဖီဆိုင်မှာ မနက်စာစားတဲ့ အထိ သူ့အကြိုက်ဖြစ်ခဲ့ပြီး စားပြီးတဲ့အခါမှာတော့ ကျမအကြိုက် ဖြစ်ခဲ့ပါတယ်။ သူ ဟိုလျှောက် ဒီလျှောက် လုပ်နေချိန်မှာ ကျမက ဟိုရိုက်ဒီရိုက် လုပ်နိုင်ခဲ့လို့ပါပဲ။ အားမနာပါနဲ့ ပုံတွေကို ရဲရဲသာ ကလစ်ပြီး ကြည့်လိုက်ကြစမ်းပါ....




၉နာရီ တိတိ အချိန်မှန်စွာ လေယာဉ်ထွက်ပြီး Mactan-Cebu Int'L Aiportကို နေ့လည် ၁၂နာရီ မိနစ် ၄၀မှာ ရောက်ပါတယ်။ GMT+8 မို့ စင်္ကာပူနဲ့ အချိန်တူတူပါပဲ။



လာကြိုတဲ့ကားက ဟိုတယ်ကို မပို့သေးပဲ ဟိုမှာ ထမင်းဝိုင်းပြင်ပြီး အသင့်စောင့်နေကြတဲ့ မိတ်ဆွေ အန်ကယ် ဘီလီနဲ့ အန်တီ စူဇန်တို့ အိမ် Danao City ကို တန်းမောင်းသွားပါ တော့တယ်။ ကျမတို့မှာ မနက်စာရော၊ လေယာဉ်ပေါ်မှာ စားထားတာရော အစားတွေက လည်ပင်းအထိ ရှိနေသေးပေမဲ့ စိတ်ကြေနပ်အောင် နဲနဲပါးပါး ဝင်အောင် စားကြရပါတယ်။

ထမင်းစားပြီးမှ အန်ကယ်ဘီလီနဲ့အတူ ခြံထဲ လျှောက်ကြည့်ကြပါတယ်။ ပေ ၁၂၀x၁၄၀ ကျယ်တဲ့ခြံကလေးရဲ့ နောက်ဘက်၊ ဘေးဘက်တွေမှာ စားပင်၊ သီးပင် နဲ့ ပန်းပင်လေးတွေ စုံနေအောင် စိုက်ထားပြီး ကျမတို့ကို မြင်တိုင်း ဟောင်နေတဲ့ ခွေး ၅ကောင် လည်းရှိပါတယ်။ ဒိုဘာမင် ၃ ကောင်က လှောင်အိမ်ထဲမှာ၊ အပြင်မှာ သံကြိုးနဲ့ ချည်ထားတဲ့ တယ်ရီယာ တကောင်ရယ် နောက် ကျမ မသိတဲ့ အမျိုးအစား တကောင်ရယ် ရှိပါတယ်။



ဝိုင်အမ် လို့ခေါ်တဲ့ တယ်ရီယာလေးရဲ့နာမည်က Yahoo Messenger လို့ အန်ကယ်ဘီလီ ပြောတဲ့အခါ ကျမ အတော် ရယ်ချင်မိသွားပါတယ်။ တခြားခွေးတွေရဲ့ နာမည်တွေ ရွတ်ပြတဲ့ အချိန်မှာတော့ မထိန်းနိုင်အောင် ရယ်မိပါတော့တယ်။ Google , Skype, Friendster နဲ့ Twitter တဲ့လေ....ဒါနဲ့ ကျမက အကြံ ပေးခဲ့ပါတယ်။ အန်ကယ်ဘီလီ နောက်ခွေးတွေ မွေးရင် နာမည်ကို Face Book တို့ Blog တို့ ပေးနော် လို့...။


ခဏနားအပြီး အန်ကယ် ဘီလီတို့အိမ်ကနေ နာရီဝက်လောက် မောင်းရတဲ့ ဟိုတယ်ကို ချက်အင် လိုက်လုပ်ပေးပါတယ်။ တခါတည်းမနားပဲ ဆီဘူးရဲ့ အကြီးဆုံး SMရှော့ပင်းမောကို လိုက်ပို့ကြတယ်။ လူတွေက စည်လိုက်တာ...ဖက်ရှင်ရှိုးလည်း ရှိနေတာမို့ ခဏ ဝင်ငေးကြ သေးတယ်။











အဲဒီ စနေညနေ ကိုတော့ ဈေးဝယ်ရင်း၊ SMမှာပဲ ညစာစားရင်း အချိန်ကုန်မှ ဟိုတယ် ပြန်လာခဲ့ကြပါတော့တယ်။







ဟိုတယ် စားသောက်ဆိုင်ရှေ့



ဒုတိယနေ့ တနင်္ဂနွေကျတော့ ဆီဘူးမြို့ထဲ သွားခဲ့ကြရင်း သူတို့ဆီက ဟိုတယ်တွေ အသက်ရှည်ရှည် ရပ်တည်နိုင်ဖို့ ဘယ်လို အားထုတ်ကြရတယ် ဆိုတာ ပြောပြချင် ပါသေးတယ်...



Wednesday, July 21, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၁

ခရီးသွားပိုစ့် မတင်ခင် ကျမရဲ့ တောရိုက် တောင်ရိုက် ပုံလေးတွေ အရင် ကြည့်ကြပါအုံးလေ။ ကျမတို့က ဒီတခေါက် Tour Guide နဲ့ သွားတာ မဟုတ်ပဲ ခင်ရာမင်ရာ ဒေသခံမိတ်ဆွေတွေနဲ့ သွားတာမို့ တချို့ အချက်အလက်တွေ Wikiထဲ ပြန်ရှာ ချင်ပါသေးတယ်။

ဆီဘူးမြို့က တောင်တွေ၊ ပင်လယ်တွေနဲ့ ဝန်းရံထားတဲ့ လှပတဲ့ ကျွန်းမြို့ကလေး တမြို့ပါ။ မြို့တော်မနီလာလို တနှစ်ကို တိုင်ဖုန်း ၁၀ကြိမ်ထက်မနည်း တိုက်ခတ်ခြင်းမှ ကင်းလွတ်တဲ့၊ သဘာဝ ဘေးအန္တာရာယ်တွေ ကင်းရှင်းတဲ့ ကျွန်းမြို့ကလေးမို့ ကံကောင်းတဲ့ မြို့ကလေးပါပဲ။ ဒေသခံတွေကိုယ်တိုင်က မနီလာမြို့ကြီးကို Favorite of Typhoon လို့ ကျီစယ် ခေါ်ဝေါ် လေ့ရှိကြပါတယ်။



ဆီဘူးရဲ့ အနီးအနား ဘိုဟိုးလ်-Bohol လို့ ခေါ်တဲ့ ကျွန်းမြို့ကလေးကိုလည်း သွားရောက်ခဲ့ပြီး အဲဒီ့ ကျွန်း ၂ ကျွန်းပေါ်က တွေ့သမျှ၊ မြင်သမျှ၊ ဓါတ်ပုံရိုက်ဖို့ လက်လှမ်းမီသမျှ ပန်းတွေကို သိမ်းကြုံးရိုက်ခဲ့ပါတယ်။ Flowers of Cebu and Bohol လို့သာ ဆိုကြပါစို့....။

ဒီပိုစ့်ကိုတော့ ကဇာတ်တွေ၊ အငြိမ့်ပွဲတွေမှာ မင်းသမီးမထွက်ခင် ရှေ့ထွက်မင်းသမီးလေးတွေ အရင်ထွက်ပြီး ဖျော်ဖြေ အသုံးတော်ခံသလိုပဲ လို့ သဘောထား ကြည့်ရှူပေးကြပါနော်....:)