Friday, June 4, 2010

အတ္တ ပါးပါး

ကြည့်ကြစမ်းပါအုံး...ကျမရဲ့ သားကလေး၊ ဘယ်လောက်များ ချစ်စရာကောင်းလိုက်တဲ့ သားကလေးလဲလို့။ ပါးနှစ်ဖက်ပေါ်မှာ ပန်းသီးကလေးတွေ တင်ထားသလို ပါးစုံ့ကြီးနှစ်ဖက်က ပြည့်ဖောင်းပြီး ရဲရဲနီလို့။ သားကလေးများ အိပ်နေတဲ့အခါ သားမျက်တောင် ထူစင်းစင်းကလေးတွေ မှေးယှက်လို့၊ မျက်ခုံးကျဲကျဲ ပါးပါးလေးပေမဲ့ အတန်အသင့် ပုံကျနနေပြီဖြစ်တဲ့ မျက်ခုံးတန်းကလေးနဲ့၊ နှာတံပေါ်ပုံလေးကတော့ သူ့အဖေနဲ့ တူတာ၊ နှုတ်ခမ်း လုံးပြည့်ပြည့်လေးက ကျမဆီက ရထားတာ။ တနှစ်ခွဲအရွယ် သားငယ်ဟာ အဖေ အမေ နှစ်ယောက်လုံးဆီက အချောအလှတွေ စုပုံရထားတဲ့ သားကလေး ဖြစ်လေတယ်။

မွေးဆံပင် ထူထူ မဲမဲလေးတွေနဲ့ သန်လွန်းလှတဲ့ဆံပင် နုနုကလေးတွေကိုတောင် ကျမမှာ သားကလေး နာမှာစိုးလို့ မရိတ်ရက်ခဲ့ဘူး။ မေမေက "ငါ့မြေးလေး ကြီးလာမှ ဆံပင်မသန်ပဲ ပလူမွှေး ပလူတောင် ဖြစ်နေပါအုံးမယ်အေ" ဆိုတာနဲ့ သား ၄လသားကျမှ ပထမဆုံးအကြိမ် ခေါင်းရိတ်ပေးခဲ့တာ။ ခေါင်းတုံးလေးနဲ့ သားကို ကျမဖြင့် ကြည့်မဝ ရှုမဝ နိုင်ခဲ့ပြန်ပါဘူး။ မေမေက သူ့မြေး ခေါင်းပြားမှာစိုးလို့ ဆန်ကွဲ ခေါင်းအုံးလေး ချုပ်လို့၊ သားအိပ်တဲ့ အခါဆိုလည်း ခေါင်းကလေးကို ဂရုစိုက်လို့ ဘယ်ညာ စောင်းလှည့်သိပ်ပေးခဲ့တာ။ ဒီတော့ သားရဲ့ခေါင်း ကလေးက လုံးလုံးကလေးပေါ့။

သားလေးမွေးစကနေ ခုချိန်ထိ လစဉ် သူ့အဖေရိုက်ထားတဲ့ ဓါတ်ပုံလေးတွေက မှတ်ချက်လေးတွေနဲ့အတူ အယ်လ်ဘမ်ထဲ အစီအရီ၊ သားလေး အောက်သွားတချောင်း စထွက်ပြီ၊ သားလေး ဖေ၊ မေ၊ ဖွား ခေါ်တတ်ပြီ စသဖြင့် အောက်ခြေမှာ နေ့စွဲ လေးတွေနဲ့ ရေးထိုးထားလေတယ်။ တနေ့ကျရင် သားကို ပြရအုံးမယ်။ အဲဒီအခါကျ သားက ကျမ ပါးပြင်ကို မွှေးကြူလို့ ရှက်ရယ် ရယ်နေမှာလား၊ ဒါမှမဟုတ် "သားက ငယ်ငယ်ကတည်းက လူချောပဲ မေမေ့သားကိုးဗျ" လို့ ညစ်ကျယ်ကျယ် အပြုံးနဲ့ ဆိုလေမလား။ ကျမဖြင့် သားကို မြန်မြန်ကြီးစေချင်လှပါပြီ။ သား လူပျို့မျက်နှာကို တစိမ့်စိမ့်ငေးကြည့်ရင်း သားပြောလာမဲ့ စကားတွေ နားထောင်ချင်လှပါပြီ။

သားကလေး ကြီးလာရင် တခြားလူပျိုကလေးတွေလိုပဲ အိမ်မကပ်ပဲ အလည်လွန်နေမှာလား၊ နားမှာ နားကွင်းလေးတပ်၊ မျက်နှာပေါ်မှာ အပေါက်ဖောက် လို့ စတီးလ် အလုံးလေးတွေများ ခုခေတ်လူငယ်တွေလို တပ်ထားလေမလား၊ လက်တွေမှာရော ရောင်စုံကျစ်ကြိုးလေးတွေ ဝတ်ဆင်လို့ အလှမက်လေမလား။ ကျမဆီက အနုပညာပိုးပါခဲ့ရင်တော့ သားဟာ ဂစ်တာတီး၊ သီချင်းဆိုလို့ ၊ ပြီးတော့ အပျိုချောတွေအိမ်ရှေ့ လူပျိုလှည့်ချင်လည်း လှည့်နေပေလိမ့်မယ်။ သူ့အဖေလို စာဂျပိုးတယောက် ဖြစ်ခဲ့ရင်တော့ စာအုပ်ပုံတွေကြားမှာ သူ့အချိန်တွေ နစ်မြုတ်ကုန်ဆုံးစေတော့မှာ။

"သားက ခုမှ တနှစ်ခွဲရှိသေးတာကွာ အမေကြီး စိတ်ကူးကလည်း ယဉ် ယဉ်နိုင်လွန်းတယ်" လို့ ကျမစိတ်ကို ဖတ်နေကျ သူ့အဖေစကား ကြားယောင်မိတော့ တကိုယ်တည်း ရှက်ပြုံးလေးပြုံးရင်း အတွေးပိုက်ကွန်တို့ကို ပြန်လည် ရုတ်သိမ်းရသည်။

သားကလေးကိုယ်ဝန်နဲ့တုန်းက ဘယ်လိုဖြစ်မှန်းမသိ၊ အသွေးအသားထဲကကို တောင့်တောင့် တတ စားချင်စိတ် ဖြစ်ခဲ့တာက ရှောက်သီး၊ တကယ်လည်း ရှောက်သီးအလုံးလိုက်တွေကို အမြွှာလေးတွေ မြွှာစားခဲ့လေတာ။ ဒါကို ချင်ခြင်းတပ်တယ်လို့ ခေါ်သတဲ့။ တချို့ဆို ဆေးလိပ် ပြာတို့၊ အိုးခြမ်းပဲ့တို့၊ အလှူ အိမ်က ထမင်းဟင်းတို့မှ စားချင်သတဲ့။ ကျမသွေးတောင်းတာက ရှောက်သီး ဖြစ်လေတော့ အမေက ကျမဗိုက်ကို ကြည့်ရင်း "အချဉ်ကြိုက် လူမိုက် တဲ့ ညည်းလိုပဲ မိုက်တဲ့ကလေးနေမှာ" လို့ ငေါ့ပြော ပြောလေသည်။ ကျမဖြင့် ဗိုက်ထဲက သားကလေးကို ငုံ့ကြည့်ရင်း ပြုံးမိသေးတော့တာ...။

မိဘတွေ သဘောမတူတဲ့ကြားက ကျမ ကိုကို့နောက်လိုက်ခဲ့တာ။ မိဘတွေဆိုတာထက် ကိုကို့အမေလို့ပြောရင် ပိုမှန်လိမ့်မယ်။ ကိုကို့အမေက မာန်မာန ကြီးတဲ့၊ ပညာဂုဏ်၊ မျိုးရိုးဂုဏ်၊ ငွေဂုဏ်မောက်တဲ့ အမျိုးသမီးကြီး။ ကျမနဲ့ သူ့သားကို သဘောမတူ နိုင်ပါဘူးလို့ အတိအလင်း ပြောလာတော့ ကျမမှာ အသည်းတွေ ကွဲပြီး ဝမ်းပန်းတနဲ ငိုကျွေးခဲ့ရတာ။ အိမ်ကို ဝင်ထွက်နေ တဲ့ ကိုကို့အပေါ် ချစ်ခင်ရင်းစွဲရှိရှာတဲ့ မေမေကတောင် "မောင်ကျော်ဇောကို အိမ် သိတ်မလာ စေနဲ့တော့ သမီး" လို့ အရှက်နဲ့ ဟန်လုပ် တင်းခဲ့ရှာသည်။ ကိုယ့်သမီးကို ယောင်္ကျားလေးရှင် ဘက်က လက်မခံဘူးဆိုတာကို မေမေ ဘယ်လောက်များ ခံပြင်းရှာ၊ ရှက်ရှာလိမ့်မလဲ။ ဖေဖေသာရှိခဲ့ရင်ရော...ဘယ်လိုများ တုန့်ပြန်မှာပါလိမ့်။

ကျမတို့သားအမိ လက်ချင်း တင်းတင်းဆုပ်ကိုင်ရင်း၊ ဖေဖေ့ကို တမ်းတမိတိုင်း မျက်ရည်ကျခဲ့ ရတာ အခါခါ...။ အဲဒီတုန်းက မေမေနဲ့ကျမ ရှေ့ဆက်ဖို့ အင်အားတွေ ဘယ်လိုများ မွေးခဲ့ရတာ ပါလိမ့်။ ပြီးခဲ့ပြီဆိုပေမဲ့ ပြန်တွေးတိုင်း အသက်ရှူကြပ်ရလောက် အောင် မောခဲ့ရတဲ့နေ့တွေ အများကြီးရှိခဲ့ပါရဲ့။ ခုတော့ ကျမရှေ့မှာ ဘဝတခုလုံးအတွက် အားကိုးစရာ လင်သား မားမားရပ်လို့၊ အသက်နဲ့ထပ်တူ ပုံအပ်ချစ်ရတဲ့ သားကလေး ကျမရင်ခွင်ထဲမှာ ...ပြီးတော့ အေးမြတဲ့မေတ္တာတွေနဲ့ မိခင်ရဲ့ ရင်ငွေ့အောက်မှာ ဒီတော့ ကျမလောက် ကံကောင်းသူ မိန်းမသား ရှိနိုင်ပါအုံးမလားရှင်...။

******************************************************

"ဟယ် မနီ နင့်မျက်လုံးတွေ နီရဲလို့...ငိုထားတယ်မဟုတ်လား ညတုန်းက နင် ယောင်္ကျား အရိုက် ခံရပြန်ပြီလား ဟင်"

"မဟုတ်ပါဘူး အမရယ် သမီးလေး ကိစ္စပါ"

"နင့်သမီးကိစ္စ ဟို တက္ကသိုလ်ကျောင်းသူ အကြီးမလား"

"ဟုတ်ပါ့ အမရယ် မနေ့ညက ကောင်လေးအမေ အိမ်လာပြီး ကြိမ်းမောင်းသွားတာ၊ ပြောဆိုသွားတာများ...၊ အမရယ် ကျမတို့ သားအမိမှာ နေစရာ မရှိဘူး"

"အို... ဖြစ်မှ ဖြစ်ရလေ...ဒါနဲ့ နင့်သမီးလည်း တက္ကသိုလ်ကျောင်းသူပဲဟာ ဂုဏ်မငယ်ပါဘူး ဟယ်"

"ဒါပေမဲ့ အမရယ် လူတကာအိမ် လိုက်အဝတ်လျော်နေတဲ့ အမေနဲ့ ကြုံရာကျဘမ်းလုပ်တဲ့ အဖေက မွေးလာတဲ့ မိန်းကလေးနဲ့ သူ့သားကို သဘောမတူ နိုင်ပါဘူးတဲ့ ...အတန်းအစားချင်း တူသလား တန်သလားနဲ့ ကျမတော့ ကျမသမီးလေးပဲ သနားလွန်း လို့ပါ အမရယ် အီး ဟီးဟီး"

နဂိုထဲက ငိုချင်ရက်လက်တို့ဖြစ်နေရှာသော မနီမှာ ပြောရင်းက တဟီးဟီး ငိုချပါလေသည်။ ကျမမှာ မိန်းမသားချင်း ကိုယ်ချင်းစာ စိတ်နှင့် မနီကျောကို ပုတ်ကာ ချော့မော့စကား ဆိုရသည်။

"မငိုပါနဲ့ မနီရယ်...လောလောဆယ် သမီးကို ချော့မော့ထားပါအုံး၊ ကောင်လေးရဲ့ ဆုံးဖြတ်ချက် လည်း ရှိသေးတယ်လေ..."

အဝတ်လျော်ပြီး၊ လှန်းပြီးလို့ မနီက ပြန်သွားပေမဲ့ ကျမရင်ထဲတော့ မနီက ရှိနေတုန်းဖြစ်၍ အတွေးများစွာ ချန်ရစ်ခဲ့လေသည်။

လူတွေဟာ တယ်ခက်တာပဲ...ဘာ့ကြောင့်များ လူလူချင်း အဆင့်အတန်း ခွဲခြားချင်ကြပါလိမ့်။ မနီသမီး အကြီးမလေးက ရုပ်ကလေးက အချောသား၊ တက္ကသိုလ်ကျောင်းသူလည်း ဖြစ်ပြန်၊ အနေအထိုင်လေးလည်း မဆိုးရှာပါဘူး... မနီတို့ လင်မယားကလည်း ခြစ်ကုတ်စုဆောင်းပြီး တက္ကသိုလ်ကျောင်း သူနဲ့ တူတူတန်တန်တော့ ဆင်ထားကြရှာပါတယ် ကောင်လေးနဲ့ ကျောင်းမှာတွေ့ကြ၊ ချစ်ကြိုက်ကြ ထင်ပါရဲ့...။ ဒါကို ကောင်လေးမိဘတွေက ဘာလို့ များ.....

အို....ဘုရား ဘုရား တနေ့မှာ သားကလေးက သူ့မိန်းကလေးကို အိမ်ခေါ်လာပါပြီတဲ့ မနီသမီးလို မိန်းကလေး ဖြစ်ခဲ့ရင်ဖြင့် ကျမ ဘယ်လိုများ ဆုံးဖြတ်ရမှာပါလိမ့်...။ သားကလေး ပင်ပန်းမှာပေါ့ကွယ် သူတို့တမိသားစုလုံးကို ငါ့သားက ရုန်းကန် ကျွေးရတော့မှာလေ ပြီးတော့ သူ့အဖေက စရိုက်ကြမ်းပါဘိ သနဲ့...မဖြစ်နိုင်ပါဘူး သားလေးရယ်...ငါ့သားလေး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရမှာ၊ အမေ မကြည့်ရက်ပါဘူး သားရယ်...တခြား မိန်းကလေးတွေထဲက ရွေးပါ သားရယ် နော်...

ကျမ အဲသလိုများ ပြောမိလေမလား မသိပါ...အတွေးနဲ့တင် ကြီးစွာသောက ဖြစ်ရပါသည်။ လူတလုံး သူတလုံး ဖြစ်အောင်၊ လိမ္မာယဉ်ကျေးသော ပညာတတ် သားကလေး၊ လူ့အဖိုးတန်ကလေးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သမျှ အတောင်အလက်စုံတဲ့အခါ သူလိုရာ ပျံသန်းသွားတော့မှာလား...။ သူမှန်တယ်ထင်ရာ၊ စိတ်ချမ်းသာရာပဲ ဇွတ်တိုးလုပ်လေမလား...။ ကိုယ်တိုင် မသိလိုက်ခင်မှာပင် ပါးပြင်ပေါ် လိမ့်ကနဲ ကျလာသော မျက်ရည်ပူတို့ကို လက်ဖမိုး ဖြင့် အသာ သုတ်ဖယ်ပစ်မိနေတော့သည်။ သားကလေးကဖြင့် ကျမတို့ အိပ်ရာဘေးက ဇာခြင်ထောင်ပါးပါးလေး အုပ်မိုးထားသော သစ်သား ပုခက်လေးထဲမှာ အပူအပင်မဲ့ အိပ်ပျော် နေလိုက်တာ...။

*************************************************

"သား ကျော်ဇော...မင်းနှယ်ကွယ် ရွေးစရာ မိန်းကလေးတွေ အများကြီးထဲကမှ ဒီမိန်းကလေးပဲ မင်းမျက်လုံးထဲ မြင်သလားကွဲ့၊ ပညာတတ်၊ ရုပ်ချော၊ မျိုးရိုး သင့်တင့်ရုံလေးနဲ့ အမေ သဘောတူ နိုင်ပါတယ်၊ ဒါပေမဲ့ သူ့မှာရှိနေတဲ့ ချို့ယွင်းချက်က ပြင်လို့ မရဘူး ငါ့သား မင်းမွေးလာမဲ့ မျိုးဆက် သွေး ဆိုတာကို ထည့်စဉ်းစားမိရဲ့လားဟင်...အို ဒါနောက်ဆုံးစကားပဲ မင်းမိန်းကလေး ကို အမေတို့ လုံးဝ သဘောမတူနိုင်ဘူး ပြန်ခေါ်သွား..."

"အန်တီ အန်တီရယ် ပြန်စဉ်းစားပါအုံးရှင် သမီးတို့ နှစ်ယောက် တကယ် မြတ်နိုးကြတာပါ အန်တီ...."

"အို မကြားချင်ဘူး ဘာမှထပ်မပြောနဲ့ ကျော်ဇော သူ့ကို ငါ့ရှေ့က ခေါ်သွားစမ်း..."

"ဟင့်အင်း မပြန်ပါရစေနဲ့ အန်တီ...မပြန်ပါစေနဲ့...ဟင့်အင်း...ဟင့်အင်း...."

အတန်တန် ခေါင်းခါငြင်းဆန်ရင်း လှုပ်ကနဲ လန့်နိုးတော့မှ အိပ်မက်တခု ဖြစ်နေမှန်း သိတော့ သည်။ ရင်ထဲမှာ ဖျန်းကနဲ နွေးလာ ကာ တကိုယ်လုံးရှိသွေး တို့ လှည့်ပတ်စီးဆင်းနေသည်ကို ပကတိမျက်စိနှင့် မြင်နေရသလို ခံစားလိုက်ရလေသည်။

ပါးပြင်ပေါ်မှာ မျက်ရည်တွေ စိုတုန်းရှိသေးသည်။...မနက်ခင်းက မနီနှင့် ပြောခဲ့သော စကားများ၊ တွေးခဲ့မိသော အတွေးများ သည် ကျမရင်ထဲ ဘယ်လောက်ထိ နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့လေသည်မသိ။

သားကလေး မွေးစဉ်က သားကလေးတကိုယ်လုံး ကိုယ်လက်အင်္ဂါ စုံမစုံ အပြန်ပြန် အလှန်လှန် ကြည့်ပြီးမှ စိတ်လက်အေးရသော အဖြစ်ကို ပြန်သတိရသည်။ ကိုကို့အမေ၏ သားအပေါ်ထားခဲ့သော အတ္တနှောင်ကြိုးကို စေ့စေ့မကြည့်ပဲ ရင်နှင့် မြင်တတ်ခဲ့ရပြီ...

သားသည်အမေတို့၏ သားအပေါ်တွင် တွယ်တာမြတ်နိုးမှု၊ မိမိ တဦးတည်းကိုသာ ပုံအပ် ချစ်စေလိုမှု၊ သားတို့ဘဝ မြင့်မား ဖြောင့်ဖြူးစေလိုမှုတို့သည် အတ္တဟူသော ကြိုးပါးပါးနှင့် လွန်းတင်ရက်ဖွဲ့ကာ တုတ်နှောင်တတ်သော အသွင်ပြောင်းတတ် သည် တဲ့လား....

ဟင့်အင်း ကျမ သားကလေးကို မတုတ်နှောင်ရက်ပါ။ ပြီးတော့ အားငယ်စွာ နိမ့်ကျ နာကျင်ခဲ့ရသည့်အဖြစ်ကို ခါးသီးပင်ပန်းစွာ ခံစားရအုံးမည့် ကျမလို မိန်းမငယ်လေး နောက်ထပ် တယောက်လည်း မရှိစေချင်တော့ပါ။ သားရဲ့ ရွေးချယ်မှုအပေါ် လက်ခံ ကြည်ဖြူပေးနိုင်တဲ့ မိခင်တယောက်အဖြစ် နှောင်ကြိုးဖြေလျှော့နိုင်ဖို့ ကျမ ကြိုးစားရပါအုံးမည်။

ဆံပင်ရှည်တို့ဖြင့် အမြဲတမ်း ဖုံးအုပ်ထားတတ်သော ညာဖက်နားရွက်ကလေးကို မှန်ထဲမှာ မြင်ရရုံလေး မရဲတရဲ ပြန်ကြည့်မိသည်။ မှန်ထဲမှာ မြင်လိုက်ရသည်က နားကပ်ပန်ရမည့် နားပြားကလေးပါမလာပဲ မွေးရာပါ အောက်ပိုင်းတဝက် တိတိ ပြတ်နေသော... နားရွက်ကလေးတဖက်....။


19 comments:

  1. အရမ်းကောင်းတယ် အမရေ။
    ကိုယ်က ဒီလို ဖြစ်ခဲ့ဖူးမှ သူများကိုလည်း ဒီလို ခံစားပေးနိုင်မှာပေါ့ဗျာ။
    ဘယ်လို ပြောရမလဲ။
    ကိုယ်တွေ့မှ လူဆိုတာ ခံစားသိနားလည်တာလို့ ပြောရမယ် ထင်တယ်။

    ReplyDelete
  2. ၀ထ္ထုလေးကကောင်းသဗျာ..သားကိုချစ်တဲ့အမေရဲ့ လက္ခဏာတွေအပြည့်ပဲဗျာ အဝေးရောက်သားဆိုးတယောက်အနေနဲ့ ခံစားရပါတယ်ဗျာ

    ReplyDelete
  3. မချစ်ကြည်အေး အရေးအသား ကတော့ ကြိုက်တယ်ဗျာ။
    ခေါင်းစဉ်လေးကလဲ အတ္တပါးပါးလေး တဲ့ ။ ဒီဝတ္ထုလေး ကို ဖတ်လိုက်
    ရတော့ ကိုယ့်မှာ ရှိတဲ့ တစ်ဦးတည်းသေားသားတော်မောင် အတွက်တောင်ထည့်တွေးလိုက်မိသေးတယ်။ :)
    ကိုယ့် တုန်းက လဲ မိခင်ရင်ခွင်ထဲ က ပြေးထွက်လာခဲ့တုန်း မိခင်ကြီး
    ခံစားရမှာ ပြန်မြင်ယောင်မိနေပါတယ်။
    အတွေးတွေ မျှဝေပေးတဲ့ မချစ်ကြည်အေး ကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. မမရယ် ဖတ်ရင်းနဲ့ ရင်ထဲမှာ မိန်းကလေးဘက်က စဉ်းစားပေးလိုက် သားဘက်ကစဉ်းစားပေးလိုက်နဲ့ တော်တော်လေးကို ပီပီပြင်ပြင်ရေးဖွဲ့ထားနိုင်တယ်... အရမ်းတော်တယ်မမ... စာအုပ်တောင် ထုတ်လို့ရတယ်..
    ပူးတေမှာ အခုထိတော့ သားတယောက်တောင် မပိုင်ဆိုင်သေးပေမယ့် ဖတ်ရင်းနဲ့တောင် အတ္တက ပေါ်လာတယ်.. အခုလက်ရှိကို အစ်ကိုတွေ မောင်တွေရှိတယ်လေ... ဆင်းရဲတာမျိုး ပညာမတတ်တာမျိုးကို လက်ခံနိုင်ပေမယ့် စာရိတ္တမကောင်းတာ(သစ္စာမရှိတာ၊ လူလည်ကျတာ) ၊ မျိုးရိုးမကောင်းတာ(လောင်းကစားတွေပဲလုပ်ချင်တာ၊ အလုပ်ကို လုံးဝ လက်ကြောတင်းအောင် မလုပ်ချင်ကြဘူး) မျိုးကျတော့ ကိုယ့်တူ ကိုယ့်သား ကိုယ့်သွေးကို သွေးသိပ်အနှောမခံချင်ပြန်ဘူးမမရေ.. အတ္တတွေလေ... အတ္တတွေ ပါးပါးလေးမကဘူးထင်တယ်.. ထူတဲ့ အတ္တတွေပေါ့.. :D

    ReplyDelete
  5. ကလေးမရှိသူများကတော့ စိတ်ကူးတွေယဉ်နေလိုက်တာ..
    သားတွေတပြုံကြီး မွေးထားတဲ့ ကိုကြီးကျောက်တို့အမေတော့ ဘယ်သားက ဘယ်သူနဲ့ဘာတွေဖြစ်နေမှန်းကို ဂရုစိုက်မနေနိုင်ဘူး
    ချွေးမတွေခေါ်လာမှ ..အော..မိန်းမရပြီကိုးဆိုတာသိတော့တာပဲ..

    ReplyDelete
  6. အမ ၀တ္ထုက ဖတ်လို့ ကောင်းတယ်။

    ReplyDelete
  7. မိုက်တယ် ..မရေ..ယွန်းမှာလဲသားလေးတစ်ယောက်ရှိတယ်..
    ဖတ်ရင်းနဲ့ ရင်ကိုထိတယ်..တကယ်ပဲ..

    ReplyDelete
  8. မချစ်ကြည်ရေးတာ ဖတ်ရင်း စိတ်မကောင်းနေတာ . ဦးလေးကျောက် ကွန်မန့် ရောက်မှ ဝါးလုံးကွဲရယ်မိတော့တယ်

    ReplyDelete
  9. ပြောင်းလဲလာတဲ့ ရေစီးကို၊ မိဘတွေက လက်ခံရမှာပါ၊ အမေ သမီး ယောင်္ကျား ယူလိုက်ပြီး၊ သားမိန်းမယူလိုက်ပြီး၊ မိဘတွေကို အသိပေးအဆင့်ပဲဖြစ် လာတော့မှာပါ၊ ဆရာ တစ်ယောက်ရဲ့သားဆို အဲလိုနဲ့ ယူပြီးကွဲတာ နှစ်ကြိမ်ရှိပြီး၊ ဒီဘက်မှာကိုပြောတာပါ၊
    မာမီမှာ နှလုံးရောဂါရှိလို့ပါဆိုလဲ၊ so what အဲလိုဖြစ်လာတော့မှာပါ၊

    ReplyDelete
  10. ကိုကိုကျောက်မန့်ချက်ကတော့ ကွင်းခနဲ့ ကွက်ခနဲ့ပဲ
    အစ်မလက်သွက်လှချည်လား

    ReplyDelete
  11. အဲလိုအတ္တမျိုးလွှင့်ပစ်နိုင်ပါ့မလားမသိဘူးနော်..။ ကိုယ်သာမိဘနေရာ
    မှာဆိုရင်ပေါ့..။

    ခင်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  12. အို.. လူကြီးတွေကိစ္စ နားကိုမလည်တော့ပါဘူး

    ReplyDelete
  13. မမရေ...သားရှင်မိခင်တစ်ယောက်ရဲ့ စိတ်ကို ပေါ်ပေါ်လွင်လွင် မြင်သာအောင်ကို ရေးဖွဲ့သွားတာပါလား...ဒီလို အတ္တပါးပါးမျိုးဟာ သားယောကျာ်းလေးမွေးထားတဲ့ အမေတိုင်း ဖြစ်ဘူး၊ရှိဘူးကြမယ် ထင်ပါတယ်နော်...

    ReplyDelete
  14. ဖတ်လို့ကောင်းတယ်... တော်လိုက်တာ... ဝထ္တုထဲကအကြောင်းအရာကိုတော့ မဝေဖန်ချင်ဘူး.... စာရေးသူရဲ့အတွေးကိုတော့ နားလည်ခံစားမိပါတယ်...

    ReplyDelete
  15. သားသမီးတွေကို ဖြစ်စေချင်တဲ့ တန်ဖိုး value ချင်း တထပ်တည်း မကျနိုင်တဲ့အခါ ဒီလိုမျိုးတွေ ကြုံရတတ်ပါတယ်။ ၀တ္ထုလေး ကောင်းလိုက်တာ မမ။
    ဘယ်တတ်နိုင်မလဲလေ.. ကိုယ့်မှာ သားသမီး မရှိပေမဲ့ တူ တူမတွေ ရှိတဲ့အခါကျတော့ ဒါမျိုး ကြုံများကြုံရရင် သူတို့စိတ်ချမ်းသာဖို့ အဓိက စဉ်းစားပြီး ကိုယ်နေတတ်အောင် နေရမှာပေါ့။

    ReplyDelete
  16. ကျွန်မကတော့ ကျွန်မသားကို ကြီးလာလို့ မိန်းမယူရင် ဘာသာတူ ဖြစ်စေချင်တယ် အကျင့်စာရိတ္တ အဖြစ်မနေ ကောင်းရမယ်ပဲ ပြောထားတယ်။ ကျန်တာ ဘာမှမခွဲခြားဘူး။ အဆင့်အတန်း ခွဲခြားတာ ကျွန်မ မကြိုက်ဘူး ဆိုပေမဲ့ မချစ်ကြည်အေး စာထဲကလို ကိုယ်ပိုးမွေးသလို မွေးပြီး ပညာနဲ့ အလုပ်အကိုင် အပြည့်အစုံ ရှာဖွေထောက်ပံ့ပေးလိုက်တဲ့ သားက သူများမိသားစု တခုလုံးကို ကျွန်လို သွားလုပ်ကျွေးနေရမယ်ဆိုရင်တော့ ကြည့်ရက်မယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ ဖြစ်သွားရင်လည်း သူ့ကုသိုလ်ပဲ သတ်မှတ်ရမှာပေါ့။

    ReplyDelete
  17. အတ္တပါးပါးလေးပါပဲ။ ဒါပေမယ့်....

    ကိုယ့်အစ်မ လက်သွက်နေတယ်နော်။ ၀တ္တုကောင်းလေးတွေ ဟောတစ်ပုဒ်၊ ဟောတစ်ပုဒ်နဲ့း)

    ReplyDelete
  18. ဒီကတော့ ဘာမျှ မပြောလိုပါဘူး
    စိတ်ဝင်စားရင် စောင့်ကြည့်ကြပါ
    သားနှစ်ယောက်တောင်ရှိပါတယ်
    ငါကွ
    (ချစ်ကြည်ရေ ငါကွ ဆိုတာ အတ္တလားငှင်)

    ReplyDelete
  19. ဝထ္တုလေး အစအဆုံးသေချာဖတ်သွားပါတယ် အကြည်ရေ ... အမေတစ်ယောက်မှို့ အမေတစ်ယောက်ရဲ့အတ္တကို ခံစားနားလည်ပါတယ်။

    အပေါ်က ဒေါ်သီတာ ... (ကန်တော့နော် အစ်မသီတာ .... နောက်ချင်လို့ပါ) သမီးရှင်တွေမှာလဲ အတ္တရှိပါတယ်နော် ...း)))

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...