Wednesday, June 30, 2010

အထက်လူ-၃

ကျမရဲ့ ဒုတိယ အလုပ်က Procter and Gamble မှာပါ။ P&G လို့ လူသိများတဲ့ American Multinational Corporation MNC ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။ သူ့ရဲ့ ထုတ်ကုန် / ဖြန့်ဖြူးကုန်တွေကတော့ အများကြီးမှ အများကြီး ပါပဲ။ အမျိုးသားတိုင်းလိုလို သိကြတဲ့ Gillette-Shaver တို့၊ အမျိုးသမီးသုံး Olay၊ Pantene တို့ ၊ Wella၊ Vicks၊ Duracell ၊ Baby care၊ Beauty care ၊ Skin care တကယ်ကို အများကြီးပါ။

ကုမ္ပဏီက ကြီးတော့ ကျမတို့ AR-Account Receivable ရရန်ရှိစာရင်း တဌာနမှာကိုပဲ Region အလိုက် ခွဲထားတာ၊ ကျမက ANZ လို့ခေါ်တဲ့ ဩစတေးလျ နဲ့ နယူးဇီလန် Section မှာပါ။ ကျန်တဲ့ ရီဂျင်တွေက တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နာမ်၊ အိန္ဒိယ တို့ပါ။ အင်တာဗျူးဝင်တော့ ဘယ်အချိန် ယူမလဲ မေးပါတယ်။ ကပ်စတမ်မာတွေဆီက ပိုက်ဆံ တောင်းတဲ့ အလုပ်က အော်ဇီအချိန်နဲ့ တိုက်ပြီး ဝင်ရတာမို့ မနက် ၆ခွဲက ညနေ ၃ခွဲ အထိပါ။ အိပ်ရာ စောစောထရမှာ ပျင်းတဲ့ ကျမက ၈ခွဲက ၅ခွဲ အချိန်ပဲ ယူလိုက်တော့ ဒီတခါ အကြွေးတောင်းရတဲ့ အလုပ် မဟုတ်ပဲ Customer's Claims တွေ handle လုပ်ရတဲ့အပိုင်း ဖြစ်သွားပါတယ်။

အတွေ့အကြုံအသစ်မို့ အလုပ်ဝင်စမှာ အင်မတန်ပျော်ပါတယ်။ ရောင်းပြီးပစ္စည်းတွေ အချိန်တခုအတွင်း ပြန်လဲပေးတဲ့ ပေါ်လစီ လည်းရှိတော့ ပြန်ပို့ပစ္စည်းတွေ၊ ဝရန်တီ မပြည့်ခင် လဲပေးရတာတွေ၊ လိုအပ်ရင် Proper function မဖြစ်တဲ့ ပစ္စည်းတွေ အတွက် ပြန်အမ်းရတာတွေ အဲဒါမျိုးတွေပါ။ T & C တွေ တော့ ရှိတာပေါ့လေ...။ တော်တော် ဦးနှောက်စားတဲ့ ဌာနမှာပါ။ Credit Note တွေထုတ်ပေးပြီး ပြန်အမ်းရတာမျိုးလည်း ရှိပါတယ်။

ကျမတို့ ဌာနမှာကိုပဲ အုပ်စု ၅စု ခွဲထားပြီး မန်နေဂျာ တယောက်က ကြည့်ကြပ်ပါတယ်။ ကျမတို့ရဲ့ မန်နေဂျာ အမျိုးသား နာမည်က Steve ပါ။ ကျမထက် ၇နှစ်ကြီးများတောင် ငယ်သူပါ။ ဒါပေမဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကျွမ်းကျင် နားလည်သလို၊ စာရင်းဘက်မှာလည်း နားလည်၊ Database မှာလည်း ပိုင်နိုင်သူမို့ ငယ်ပေမဲ့ တကယ့် လူတော် တယောက်ပါ။

သူ့ရဲ့ အားနည်းချက်က အနီးကပ်မှ ဖုတ်ပူမီးတိုက် အလုပ် ခိုင်းတတ်တာပါ။ တပတ်လောက် ကျမ မနက် ၄ခွဲ ရုံးအရောက် ဆင်းလိုက်ရပါတယ်။ သူနဲ့ အတူ သူမပြီးပြတ်သေးတဲ့ ကပ်စတမ်မာ Claims စာရင်းတွေ ကူပိတ်ပေးရတာပါ။ မနက် အစောကြီး ထရတာမို့ စိတ်ထဲက သူ့ကို အတော်လေး ကျိန်ဆဲနေမိပေမဲ့ အလုပ်ကိုတော့ စေတနာထားပြီး ကူလုပ်ပေးခဲ့ပါတယ်။ သူက လူတိုင်းကို တဦးချင်းစီရဲ့ အလုပ်ဟာ ဘယ်လောက် အရေးပါကြောင်း ပြောလေ့ရှိပါတယ်။ ကျမက အဲဒါကို စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးပြီးသားမို့ ကြိတ်ရယ်မိရပါတယ်။ How to manage your staffs ထင်ပါရဲ့ ရေးသူရော၊ နာမည်ရော မမှတ်မိတော့တာ ကျမအားနည်းချက်ပါ။

ကျမတို့ ဌာနမှာက အမျိုးသမီးတွေပဲ ဆိုတော့ စုမိရင် သူ့အတင်း ပြောကြပါတယ်။ ပျာတိပျာယာနဲ့ အမြဲ ရှပ်ပြာခတ်နေတာ၊ တခုခုဆို ချက်ချင်း အရေးတယူ မလုပ်ပဲ အိလေးဆွဲ နေတတ်တာ၊ တခါတလေ သူအပြင်သွားလို့ မုန့်တွေ ဈေးချနေရင် ကျမတို့အတွက် ဝယ်လာလေ့ရှိပေမဲ့ "ဟင်း ကပ်စေးနဲကြီး ဒိတ်အောက်ခါနီးမုန့်တွေ ဈေးပေါလို့ ဝယ်လာတာ" လို့ ဆီလို အပေါက်ရှာပြီး အတင်းပြောလေ့ရှိပါတယ်။ အမှန်ကတော့ အထက်လူဆိုတဲ့ စိတ်နဲ့ သူ့အပေါ် ချဉ်နေမိကြတာပါ။

ဒီလိုနဲ့ တနှစ်တခါ လုပ်လေ့ရှိတဲ့ နှစ်ပတ်လည် ညစာစားပွဲလေးလုပ်ဖို့အချိန် ရောက်လာပါတော့တယ်။ အဲဒီမှာ ဌာနတခုစီက Performance တခုစီနဲ့ ပါဝင်ယှဉ်ပြိုင်ကြရမယ် အကောင်းဆုံး အဖွဲ့ ၃ ဖွဲ့ကို ဆုပေးမယ် ဆိုပါတယ်။ ကျမတို့ ဌာနက မိန်းကလေးတယောက်က သူ့စိတ်ကူးလေးကို ပြောပြပါတယ်။ Angels နဲ့ Devils ရန်စောင် အဖွဲ့ကွဲနေရာက တရားဓမ္မသံကြောင့် ငြိမ်းချမ်းရေးရသွားတဲ့ အော်ပရာလို တေးသရုပ်ဖော် ဇာတ်လမ်းလေးပါ။ အားလုံးက သဘောတူ တာကြောင့် ဘယ်သူတွေ အိန်ဂျယ်၊ ဘယ်သူတွေ ဒီးဗဲလ် လုပ်မလဲ ရွေးကြပါတယ်။ ဒီးဗဲလ်က အနက်ရောင်၊ အိန်ဂျယ်က အဖြူရောင် ဝတ်ကြရမှာပါ။ မိန်းကလေးတွေ အများစုက ဖြူလွလွလေး ဝတ်ပြီး နှင်တံလေး ကိုင်ချင်ကြတာပါ။ ကျမကတော့ ကိုယ့်ဖာသာပဲ လိုလိုချင်ချင် ဒီဗဲလ် လုပ်မယ်လို့ပဲ ရွေးလိုက်ပါတယ်။ အထူးတလည် သဏ္ဍာန်လုပ် သရုပ်တူနေစရာ မလိုတော့ပေဘူးပေါ့...:P

အဲဒီမှာ ကျမတို့ အချစ်တော် မန်နေဂျာကြီးက ဒီဗဲလ်တို့ရဲ့ ခေါင်းဆောင် ဒရက်ကူလာ နေရာမှာ သူလုပ်မယ် လို့ ဆိုလာပါတယ်။ ဘာပြောကောင်းမလဲ ကျမတို့ အမျိုးသမီးထုကြီး နှစ်ထောင်းအားရ ဖြစ်လိုက်ပုံများ...။ ဇာတ်ရုပ်နဲ့ တထပ်တည်း ကျလိုက်လေ ဆိုပြီးတော့ ကွယ်ရာမှာ တဟိဟိ လုပ်ကြပါသေးတယ်။

ကျန်တဲ့ အဖွဲ့တွေက ဇာတ်စတိုက်နေကြပါပြီ။ ကျမတို့အဖွဲ့က လုံးဝ မလှူပ်သေးပါဘူး။ တဖွဲ့နဲ့ တဖွဲ့ ဘာလုပ်ပြမယ် ဆိုတာကို လည်း လျို့ဝှက်ထားကြသေးတာပါ။ မတိုင်ခင်တရက်မှ ကျမတို့ ဇာတ်တိုက်ပါတယ်။ ကပေါက်တိ ကပေါက်ချာပါပဲ။ ပထမဆုကို ကိုရီးယား၊ ဒုတိယဆုကို တရုတ် နဲ့ တတိယဆု ကို အိန္ဒိယ နဲ့ ဂျပန် (ထင်ပါရဲ့) ပူးတွဲ ရသွားကြပါတယ်။ ကျမတို့အုပ်စုက အပျော်တွေပဲ ရလိုက်ပါတယ်။ အထက်လူ အကြောင်းကနေ ရုံး ညစာစားပွဲ အကြောင်း ချော်တောငေါ့ သွားပါတယ်...:P

တနေ့ကမှ ကျမရဲ့ P&G က Ex-colleague တယောက်နဲ့ အွန်လိုင်းမှာ တွေ့တာနဲ့ အဲဒီတုန်းက ဓါတ်ပုံလေး တပုံ သူပို့ပေးလို့ အမှတ်တရ တင်လိုက်ပါတယ်။


ကျမတို့ ဒီးဗဲလ်အုပ်စု နဲ့ ကျမမန်နေဂျာပါ။ သူ့မျက်နှာက သွေးစတွေဖျက်ပြီး သွားစွယ်အတု ချွတ်ထားတာမို့ ဒရက်ကူလာက အနဲငယ် ချောနေတယ် ထင်ရတာပါ...:P
ကျမတို့ ဒီးဗဲလ်တအုပ်စုလုံးရဲ့ မျက်နှာမှာ အသဲပုံ အနက်ရောင်နဲ့ လက်ဖျံမှာ လိပ်ပြာပုံတက်တူးတွေ ဆင်တူထိုးထားကြ ပါသေးတယ်။ တကယ့် အမှတ်တရလေးပါပဲ...:))

သူနဲ့ အလုပ်လုပ်ရင်း သူ ကျမကို ဘယ်လို ကယ်တင်လိုက်တဲ့ အတွေ့အကြုံလေးတခုကို နောက်ပို့စ်မှာ ရေးပါအုံးမယ်။

ကိုရီးယားကား ရှည်တယ်ဆိုတာ ဘာဟုတ်သေးလို့တုန်း...:P


24 comments:

  1. အထက်လူ အကြောင်း ကို ကိုယ်တိုင် အထက်လူဖြစ်တော့ မှနားလည်တတ်လာမှာပါ။ အဓိက က တော့တာဝန်ယူမှူပါ။ တာဝန်ယူချင်စိတ် မရှိတဲ့အထက်လူ နဲ့အတူအလုပ်တွဲ လုပ်လို့ကတော့ ဘယ်တော့မှ အလုပ်ခွင်စိတ်ချမ်းသာမှု မျိုး ရှိလာမှာမဟုတ်ပါဘူး။ အမ အထက်လူက သိရသလောက် မဆိုးဘူး ပဲ :))

    ReplyDelete
  2. မချစ်ကြည် အစွယ်တပ်ထားတဲ့ ပုံလေးရော ဟိ

    ReplyDelete
  3. i wanna see your photo, let us see

    ReplyDelete
  4. ရုပ်ရှင်ထဲကပုံတွေနဲ့တူတယ်... ဒါနဲ့ မမချစ်က ဘယ်တယောက်လဲဟင်...

    ReplyDelete
  5. အမချစ်ကချောသားနော်..။ မုန့်ကျွေးချင်စိတ်လေးများပေါ်လာမလားလို့ပါ.။
    အထက်လူကိုမျှော်ရအုံးမှာပေါ့..။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  6. အားလုံးက ငယ်ငယ်လေးတွေပါပဲနော်..
    အပျော်တွေ ကူးစက်စေပါတယ် မမရေ..။

    ReplyDelete
  7. အလုပ်အတွေ့အကြုံတွေက စိတ်ဝင်စားစရာ၊ ပျော်စရာ

    ReplyDelete
  8. အမချစ်ဘယ်တစ်ယောက်လဲပဲ သိချင်တယ်... နောက်ဆက်တွဲ တစ်ပုဒ်မှာဖော်ပြပေးပါလား...။ ဒီဗယ်အဖွဲ့အားလုံးချောကြ၏..။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  9. ဟုတ်တယ်။ ဒီဗယ်အဖွဲ့အားလုံးချောကြ၏..

    ReplyDelete
  10. ဟင်း....devil တွေ့ရပြီပေါ့ မမြင်မှမမြင်ဖူးတာကို တွေ့မယ့်တွေ့တော့လည်း ချောချော လှလှတွေပဲ :) တကယ့် devil ကရော အဲလို ချောလားမသိ...ဟိ ကိုယ့်အစ်မ ကို ပင့်ပေးထားတာ :)

    ခင်တဲ့(ချိုကျ)

    ReplyDelete
  11. ချစ်ကြည်အေး ရေ

    ဖတ်သွားပြီနော် ပျော်စရာကြီးပါ အတင်း တုတ် စရာလူရှိမှလည်း ပျော်စရာရှိတော့ မပေါ့ နို့မို့ဆိုရင် ပျင်းစရာကြီး

    ရွှေစင်ဦး

    ReplyDelete
  12. AATO>>ဟုတ်တယ်...သူဟာ လူကောင်းကလေး တယောက်ပါ:)

    ဗစ်စ်>>အဲဒီ့ပုံတင်လိုက်ရင် လာဖတ်နေကျ ပိတ်သတ်လေး ထွက်ပြေးကုန် မစိုးလို့...ဟိ ဟိ :)

    Anonymous>> Yes, I wana see ur photo too, let me see...:)

    သဒ္ဒါ>>အမချစ်က ချောသား မဟုတ်၊ သူ့အဖေ သမီးပါ...:)

    ညီမမြတ်မွန်>> ဟုတ်တယ် အမတယောက်ပဲ ငယ်ချင်ယောင် ဆောင်ထားတာ...:)

    ဖြိုးဖြိုး စိတ်ဝင်စားဖို့လည်းကောင်း၊ ပျော်စရာလည်းကောင်း တခါတခါ စိတ်ညစ်ဖို့လည်း ကောင်းပေါ့ :)

    ညီမ လသာည>> ဟဲဟဲ ကျေးဇူးစ် :)

    မောင်လေးချိုကျ>> ပင့်ခြင်းသည်းခံပါ...မြှောက်ရုံ မြှောက်ပါ :)

    ဟုတ်တယ် မရွှေဇင် ဒီလိုပဲ မပျင်းအောင် ကြံဖန် အတင်းတုတ် နေရဒယ်:)

    ပူးတေ၊ မိုးငွေ့ >>အမချစ်က ဘယ်တယောက်လဲ ဆိုတော့ နှာခေါင်း ဒေါင်လိုက်၊ ပါးစပ် ကန့်လန့်တိုက် နေတဲ့ တယောက်လေ...သိလား :)

    ReplyDelete
  13. လုပ်ငန်းအတွေ့ အကြုံလေးတွေဖတ်ရတာ ဗဟုသုတရပါတယ်။
    ပွဲလေးတွေလုပ်တော့ ဌာနတွင်းရင်းနှီးမှုရတာပေါ့နော်။

    ReplyDelete
  14. အမချစ်
    ဂျာဂျာကြီးကို အတင်းတုတ်ပြီး (ကြိုးနဲ့) လှံနဲ့ချိန်ထားတယ်နဲ့တူတယ် (ရုတ်တမ်း မုတ်တမ်းသွားပါတယ်) အထက်လူ ဖိုးသကြားမင်းများနှင့် နတ်မိမယ် အကြောင်းများ ကို ဆက်ဖတ်ရန် စောင့်မျှော်နေပါမယ့်

    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  15. နောက်ဆက်တွဲအထက်လူတွေကိုစောင့်မျှော်လျက်ပါ အမရေ...။
    ဖတ်လို့အတော်ကိုကောင်းပါတယ်။

    ReplyDelete
  16. အစ်မလုပ်ငန်းခွင်က အနည်းငယ်တော့ စိတ်ဖိစီးမှုရှိပေမဲ့
    ခြုံကြည့်ရင်တော့ အညာစောင် အဲလေ
    ပျော်စရာ လုပ်ငန်းခွင်လေးပါဘဲ...
    အားကျစရာ

    ReplyDelete
  17. အမချစ်ကြည်ရေးလိုက်ရင် ဘာရေးရေး ပျော်စရာလေးနဲ့ ဖတ်လို့ ကောင်းတယ်... ကိုးရီးယားကား ဘယ်လောက်ရှည်ရှည် စောင့်ဖတ်နေပါ့မယ်...
း-)

    ReplyDelete
  18. တို့အစ်မက မိုက်လှချည်လား :P

    ReplyDelete
  19. အကျီ အမဲလေးနဲ့ ခေါင်းမှာ ချို အနီလေးနဲ့ ကိုရီးယားမလေးလို လှနေတဲ့ သူငယ်ချင်းကို လာကြည့်တယ်...း))

    ReplyDelete
  20. HAR HAR I SEE U MA MA :))

    ReplyDelete
  21. သိတ်လှ. အစောကတည်းက အဲဒီတစ်ယောက်လို့ဘဲ မှန်းထားတာ။

    ReplyDelete
  22. သရဲမတွေက ဥစ္စာစောင့်မလို ရုပ်ပြောင်းထားတာကိုး..
    နေမကောင်းလို့ အိမ်မလည်နိုင်သေးဘူး

    ReplyDelete
  23. အားပါး ငါ့အစ်မက လန်ထွက်နေပါလား (ဒါနဲ့ စကားမစပ် ဒရက်ကူလာလေးက ချောတယ်နော် ဟီးးးးးး)

    ဂျင်းစုတ်လေး

    ReplyDelete
  24. သရဲ မမတွေကိုအခုမှလာကြည့်သွားပြီး အထက်လူကိုမော့ကြည့်သွားတယ် အွာာာားးး နည်းတာကြီးမဟုတ်ဖူး အထက်လူကြီးပြောပါတယ်း)
    လစ်မှး) ဟိ

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...