Monday, June 21, 2010

ချစ်သူတို့ရဲ့ မင်္ဂလာပွဲ

ပူပူနွေးနွေး ရှိတုန်းလေး...ကြားဖြတ်ပိုစ့်လေးတခု တင်ပါရစေအုံး...

မနေ့က ၂၀ရက် တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာ ကျင်းပတဲ့ မင်္ဂလာဆောင်ပွဲလေး အကြောင်းပါ...

ဟိုတယ်က အခမ်းအနား ပြင်ဆင်ပုံ နဲ့ ပန်းအလှ ဆင်ပုံလေးတွေ ရိုက်ခဲ့တာတွေထဲက တချို့ အမှတ်တရ တင်လိုက်ပါတယ်



စားပွဲတွေပေါ်က ပန်းအလှ


ခန်းမထဲကို အဆင်း လှေကားထစ် ဘယ်ညာက ပန်းအလှ



မင်္ဂလာမောင်နှံ လျှောက်လမ်း တဖက်တချက်က ပန်းပီလာ-Flower Pillar အလှဆင်ထားပုံ


နှစ်ဘက်ဆွေမျိုးများ စားပွဲပေါ်က ပန်းထိုးပုံ


ဒါကတော့ ခန်းမ အပြင်ဘက် ကောက်တေးလ် စားပွဲလေးတွေထဲက တခု


ဒီဟိုတယ်မှာ တခုကြိုက်တာက အစားအသောက်ကို ၁၀ယောက်စာ ခွဲဝေထည့်ပြီးမှ စားပွဲပေါ် ဝေပုံကျ လာချပေးတာ...ကိုယ့်ဝေစုနဲ့ကိုယ်ဆိုတော့ အိနြေ္ဒရရ စားရတာပေါ့ နို့မို့ဆို ကျမက အစားနှေးသူဆိုတော့.... ဘုန်းကြီးကျောင်းသားလို လက်မြန်တဲ့ တယောက် နှစ်ယောက် ဝိုင်းထဲပါလာလို့ကတော့ ကိုယ်ကြည့်ထားတဲ့ ဟင်းတုံး သူများလက်ထဲ ပါသွားနေကျ....:)

ဒါက မေယိုနစ်စ်-Mayonnaise နဲ့ ပုဇွန်အကောင်လိုက်ကို နဂါးမောက်သီးဆော့စ်-Dragon fruit sauce နဲ့ တွဲဖက် စားရတာ ပထမဆုံးအကြိမ် စားဖူးခြင်း...စားလို့ကောင်းပါ့


အချိုပွဲ စထရော်ဘယ်ရီ ပူတင်း သိတ်မချို သိတ်မချဉ် အလောတော်လေး... စားကောင်းတာပဲ...တခြားစားစရာပွဲတွေ ရိုက်မလာခဲ့ဘူး၊ အားလုံးအတွက် စားဖူးနေကျ မြင်ဖူးနေကျ ဖြစ်မှာမို့ပါ...

(အမှန်က တွေ့သမျှ မြင်သမျှ လိုက်ရိုက်နေတဲ့ ကျမကို အိမ်ကလူကြီး တော်တော်လေး မျက်စိနောက်နေမှန်း သိတာမို့ ကိုယ်ရှိန်သတ်လာရခြင်းပါ....:))


ဒါက Table Gift ပါ...တဗူးစီထဲမှာ Milk Soap နဲ့ Shower Gel ပါပါတယ် ဧည့်သည်များကို ချေးတွန်းပြီး ရေမိုးချိုးစေချင်တဲ့ စေတနာတွေပေါ့ :) Table Setting ကလည်း ချစ်စရာ ရိုက်ချင်စရာ ကောင်းတာမို့ သူ မျက်စိ နောက်နေမှန်း သိသော်ငြားလည်းပဲ မသိချင်ယောင် ဆောင်ပြီး ရရင်ရသလို ဆက်ရိုက်ပါတယ်...:) ငါကွ... ဒါမှ ဘလော့ဂ်ဂွါ....!!


ဟော...အများသူငါ မျှော်လင့်နေကြတဲ့ မင်္ဂလာမောင်နှံ အသစ်စက်စက်လေး ခန်းမထဲ ဝင်လာပါပြီ.... အို...ဘလော့ဂ်ဂါ နဲ့ ကင်မလာလို ခွဲခြားမရ လိုက်ဖက်ပါဘိတောင်း
(အေးလေ ရွှေ နဲ့ မြက ရိုးနေပြီဟာကို...)






Dummy ကိတ်မုန့်ကြီး လှီးနေကြပုံ...


မင်္ဂလာမောင်နှံမှ ကျေးဇူးတင်စကား ပြောကြား...


ရှန်ပိန်...ရှန်ပိန်...ရှန်ပိန်...



ဒါက ကျမ ကင်မလာတလုံးထဲအတွက် သီးသန့်အပြုံး...
တကယ်ပါပဲ သူတို့နှစ်ယောက်ရဲ့ အပြုံးနဲ့ အပျော်တွေဟာ ပွဲတက်ရောက်သူတွေရဲ့ရင်ထဲ ပျံ့နှံ့ကူးစက်လို့...


ချစ်စရာကောင်းလွန်းလို့ ဆလိုက်ရှိုးကနေ ရိုက်ယူလာတာ...ပုံတွေ နဲနဲဝါးနေတာ ခွင့်လွှတ်...
အို...ပုံဝါးဝါး မှုန်မွှားမွှားတွေ တင်တာ ခေတ်စားနေမင့်ဟာပဲ...:)




ကယ်ရီကေချာပုံလေးတွေနဲ့ သိတ်ချစ်ဖို့ ကောင်းလွန်းတယ်


ငြုတ်သီးထောင်းနေတဲ့ သတို့သားရယ် ကလေးပိစိ နို့တိုက်နေတဲ့ သတို့သမီးရယ် ဘောလုံးတသင်းစာ ကလေး ၁၁ယောက်ရယ်နဲ့ ချစ်စရာ ကယ်ရီကေချာလေး...ပရိသတ် အကြိုက်ထဲက တပုံဖြစ်မယ် ထင်ပါရဲ့ (ပုံပေါ်ကို ကလစ်လုပ်ကြည့်ပါ)
ဘဝတိုက်ပွဲကို ရဲရဲကြီး နွှဲကြစို့....:P


ဒီနေရာမှာ ကြုံကြိုက်တုန်း စလုံးမင်္ဂလာဆောင်တွေရဲ့ ထုံးစံကို နဲနဲလေး ပြောပါရစေ။ မင်္ဂလာပွဲတက်မယ်ဆိုရင် စားပွဲတဝိုင်းစာရဲ့ တန်ဘိုးကို မေးလေ့ရှိကြတယ်။ ဥပမာ လူဆယ်ယောက်စာ တဝိုင်းကို စလုံးဒေါ်လာ ၈၀၀ ကျတယ်ဆိုပါစို့ ။ ဒါဆို တယောက်ကို စလုံး ၈၀ ထက်မနည်း လက်ဖွဲ့ငွေ ပေးလေ့ရှိကြတယ်။ ဒီအဓိပ္ပါယ်က ပွဲတက်လာသူဟာ အသစ် စက်စက် မောင်နှံအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတဲ့ စေတနာနဲ့ ကောင်းချီး ပေးလိုမှု သက်သက် အတွက်သာ တက်ရောက်တယ်လို့ ဆိုကြတယ်။ ခင်မင်ရင်းနှီးမှု အတိုင်းအတာပေါ် မူတည်ပြီး ပိုပိုသာသာ လက်ဖွဲ့ကြတာလည်း ရှိပါရဲ့။ ကျမကတော့ အဲဒီ ထုံးစံကို ကြိုက်တယ်။

မင်္ဂလာပွဲကျင်းပတဲ့ The Fullerton-Ballroom မှာ အဲဒီနေ့က စားပွဲပေါင်း ၃၀ ကျော်လောက် ကို serveလုပ်တဲ့ ကလေးတွေက ၃-၄ ယောက်ကလွဲရင် ကျန်တာ မြန်မာကလေးတွေချည်းပဲ။ ကျောင်းတဘက် တက်ရင်း အားလပ်ချိန်မှာ အချိန်ပိုင်း ဝင်လုပ်နေကြတဲ့ ကလေးတွေပေါ့။

ခန်းမထဲ မဝင်ခင် ကောက်တေးလ်စားပွဲဘေးက အဆင်အပြင်...

ရင်ထဲကို ထိထိရှရှ ဖြစ်သွားစေတဲ့ ပုံဖော်မှုလေး....ကျမတို့အားလုံးရဲ့ အမိမြန်မာပြည် မြေပုံလေး.... ကလေးတယောက်ကို မေးကြည့်တော့ မြန်မာပွဲမို့ ခုလိုပုံဖော်ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အနားသတ်ကို နီလာ အပြာ အရိုင်းတုံးလေးတွေနဲ့ ပုံဖော်ပြီး အတွင်းမှာ ဘော်ကြယ် ရွှေ/ငွေရောင်လေးတွေနဲ့ ဖြည့်စွက်ထားပါတယ်...လွမ်းသွားတာပဲ


အဲဒီမှာ ရယ်စရာတခုက အခမ်းနားမှုး အကိုAKSရဲ့ အားလုံးကိုယ်စား ဇနီးမောင်နှံကိုပေးတဲ့ ဆုပေးစကားပါ။ သူပြောချင်တာက ချစ်စရာကောင်းပြီး လှပတဲ့ သားသမီးကလေးများ-Beautiful Children အမြန်ဆုံး ထွန်းကားပါစေလို့ ဆိုချင်တာပါ။ Beautiful Childrenကို ပြောချင်တဲ့ဟာ လျှာခလုတ်တိုက်သွားပြီး Beautiful Chickenလို့ ထွက်သွားတော့ အားလုံး ဟန်မဆောင်နိုင်အောင် ပွဲကျ ရယ်မောခဲ့ကြရတော့တာ...တကယ်နောက်တဲ့ အကို...:)

မောင်လေး ဂျာနော် နဲ့ ညီမငယ် နီလာဆွေတို့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ သက်ဆုံးတိုင် ပေါင်းကြရပြီး ယခုထက်မက နှစ်ဘက်မိဘအား စောင့်ရှောက်သော၊ သာသနာအကျိုး သယ်ပိုးသော ဇနီးမောင်နှံ ဖြစ်ကြပါစေ...

MC အကို ဆုတောင်းပေးသလိုပဲ လှပတဲ့ ကြက်ကလေးများလည်း အမြန်ဆုံး မွေးနိုင်ကြပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်...




ဓါတ်ပုံ နဲ့ တကွ ပိုစ့်တင်ခွင့်ပြုခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် မောင်လေး ဂျာနော်...

22 comments:

  1. လျှောက်လမ်း တဖက်တချက်က Flower Pillar လေးတွေ လှလိုက်တာ...
    ဘဝတိုက်ပွဲကို ရဲရဲကြီး နွှဲကြစို့ ဆိုတာလေးကတော့
    ပျော်စရာ... ချစ်စရာ...း))

    ReplyDelete
  2. ဘယ်စုံတွဲမှန်းမသိပေမယ့် ဆုတောင်းပေးခဲ့ပါတယ်။ ဘ၀တိုက်ပွဲ ရဲရဲကြီး နွဲကြစို့။ သြော်...မိုက်ဖော် မိုက်ဖက်တွေ တိုးလာတာပေါ့။ :D

    ReplyDelete
  3. အားကျ လွန်းလို့ နောက်တခါတောင် ပြန်ဆောင်ရကောင်းမလား လို့ စဉ်းစားမိတယ်

    ReplyDelete
  4. ဟာာာ မရွှေစင် ဆိတ်ထိန်းပါ .. ဟိဟိ
    လှသဗျာ .. ဘလောဂါနဲ့ ကင်မလာ မခွဲစကောင်းတဲ့ ခွိ

    ReplyDelete
  5. တွဲလက်ခိုင်ခိုင် မြဲနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။
    ကာတွန်းနဲ့ မြန်မာပြည်မြေပုံလေးကို သဘောကျတယ် အစ်မချစ်ရေ။
    ကင်မလာမန်းနဲ့ ဘလောဂါ ဘယ်လိုခွဲခြားရမလဲ။ အစားအသောက်နဲ့ပန်းပုံတွေ အဓိကထားရိုက်သူက ဘလော့ဂါ၊ လူပုံတွေ အဓိကထားရိုက်သူက ကင်မလာမန်းပေါ့ ဟုတ်လား... အစ်မ။ :)

    ReplyDelete
  6. forever, together ko jar naw and nilar swe.

    ReplyDelete
  7. julydream wedding မှတ်လို့ :P

    ReplyDelete
  8. ယနေ့မှစ နှစ်တရာ နှစ်တထောင်တိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ ကိုဂျာနော် နဲ့ ချစ်သယ်ရင်း နီလာ

    ကျန်းမာ ချမ်းသာ ပြီး ဘောလုံးတသင်းစာ ဘေဘီလေးတွေ မွေးနိုင်ပါစေ

    Cheer!

    ML & W

    ReplyDelete
  9. “Dummy ကိတ်မုန့်ကြီး လှီးနေကြပုံ...”တဲ့ ပြောထားတာ အားရပါးရကြီး .းD

    အစ်မ ..မြန်မာပြည်ပုံကို အဲလို တင်ပေးထားတာ မြင်ရတာ လွမ်းစရာကောင်းသလို၊ ဘယ်နေရာရောက် မြန်မာနိုင်ငံကို ချစ်နေတဲ့ သားငယ်သမီးငယ်တွေပါလို့ ပြောပြနေသလိုပဲ..နော်။ သူတို့ကို တကယ်ပဲ ချီးကျူးမိတယ်..။

    ReplyDelete
  10. ဓါတ်ပုံတွေ ရိုက်ထားတာ သိပ်ကောင်းတယ် မချစ်ကြည်အေး။ မင်္ဂလာစုံတွဲကိုလည်း မသိပေမဲ့ တသက်လုံး ဒီလိုပြုံးပျော်နိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  11. ဘလော့ဂ်ရေးတတ်ချင်ရင် ကင်မရာအရင်ဝယ်ရမဲ့ကိန်းပဲ

    ReplyDelete
  12. ပုံလေးတွေကြည့်သွားတယ်... အိုအောင်မင်းအောင်ပေါင်းရပါစေလို့လဲ ဆုတောင်းပေးသွားတယ်

    ReplyDelete
  13. ပျော်စရာကြီး...း)))

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  14. အမ ချစ်ကြည်အေး ကသမီးဘေးမှာထိုင်တဲ့ အမပဲ ခုတော့သိသွားပီ :P

    Jar Naw and Nilar Forever Togehter

    KP & MMK

    ReplyDelete
  15. ဓါတ်ပုံတွေ ကြည့်ပြီး အပျော်တွေ တကယ်ကူးစက်သွားပါတယ်။ အိုအောင်မင်းအောင် ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းသင်းနေထိုင်သွားနိုင်ပါစေ....း))

    ReplyDelete
  16. Small world!
    ဂျာနော်နဲ့က တရုံးတည်း၊ သိပ်တော့ မခင်ဘူး၊
    မျက်မှန်းတန်းရုံပဲ။

    ReplyDelete
  17. ဘေးတဘက်တချက်က ပန်းတွေနဲ့ လှေကားထစ်တွေက နေ လက်ကလေးတွဲပြီး ဆင်းချင်လိုက်တာ။
    :)

    ReplyDelete
  18. မင်္ဂလာမောင်နှံ သက်ဆုံးတိုင်ပေါင်းရပါစေ ...
    ဘလောဂါမမလည်း လူရှေ့မရှောင်၊ သူရှေ့မရှောင် ပုံများများများရိုက် များများတင်နိုင်ပါစေ ... (ဘ၀တူချင်းတွေမှို့ အဆစ်ဆုတောင်းပေးလိုက်တာ ...း)

    ReplyDelete
  19. ရင်ခုန်သံတွေ အသစ်ဖြစ်အောင် လန်းဆန်းမှုပေးနိုင်တဲ့ ပုံလေးတွေကြည့်ပြီး ဟိုးလွန်ခဲ့တဲ့ ၉နှစ်ကို ပြန်သတိရသွားပြီ... ဘလော့ဂါမမရဲ့ romantic အရမ်းဖြစ်တဲ့ weddingပုံလေးတွေလဲ တင်ပါဗျို့ ..

    ReplyDelete
  20. အားကျစရာကြီးပါလားအစ်မရေ....
    ကျွန်တော်တို့လိုလူပျိုလေးတွေအတွက်တော့အားကျရုံအပြင်ဘာမှမတက်နိုင်
    ပါလားနော်(ကြော်ငြာဝင်တာခင်ဗျ ကြော်ငြာဝင်တား) )
    ကျွန်တော်ဆီလာလည်တဲ့အတွက်လည်းကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျ။

    ReplyDelete
  21. မအပြုံးပန်းပြောသလိုပဲ ပြောတော့မယ်။ ကမ္ဘာကြီးက ကျဉ်းလွန်းတယ်။

    မင်္ဂလာပွဲကိုတော့ ဓါတ်ပုံမရိုက်လာဖူး။ ကိုယ့်ပုံကိုယ်ပဲ ရိုက်လာခဲ့တယ်။ အစ်မဘယ်နားထိုင်မှန်း သိရင် လာနှုတ်ဆက်ပါတယ်။ :)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...