Monday, June 7, 2010

ဒုံရင်း

ကျမ နောက်ဆုံး တရားရိပ်သာ ဝင်ခဲ့တာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပါ။ ရိပ်သာကထွက်လာပြီး တလ၊ နှစ်လလောက်အထိတော့ အခြေအနေက မဆိုးလှဘူး။ အိမ်မှာ လမ်းလျှောက်တာလေး ကအစ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ် နဲ့ အလိုလို မှတ်ပြီးသား။ တံခါးဖွင့်တာ၊ တခုခု ထိကိုင် ပြန်ရင်လည်း ထိတယ်၊ သိတယ် နဲ့ စိတ်အသိလေးက အလိုလို ညွှတ်ပြီးသား။ ဒီနေရာမှာ တခု ပြောချင်တာက လှမ်းတာပဲဖြစ်ဖြစ်၊ ထိတာပဲဖြစ်ဖြစ် စကားလုံးတွေ တင်ပြီးမှတ်နေရင် သတိ ပဋ္ဌာန်ဆိုတဲ့ သမာဓိကိုပဲ ရစေပြီး ဝိပဿနာဉာဏ် မဖြစ်စေပါဘူး။ လှမ်းတဲ့အခါ ဖြစ်ပေါ်တဲ့၊ ထိတဲ့အခါ သိလိုက်တဲ့ ခံစားသိစိတ်ကလေး အပေါ်ကို၊ နာမ်-ရုပ်တွေ ရဲ့ အပြောင်းအလဲ အပေါ်ကို သတိလေးနဲ့ စိတ်ညွှတ်ပြီး အသိအမှတ်ပြု မှတ်နေရုံပါ။ ထားပါလေ ကျမ အဓိက ပြောချင်တဲ့ အကြောင်းအရာက အဲဒီအပိုင်း မဟုတ်ပါဘူး။ ဖြစ်တတ်တဲ့ သဘာဝကို ကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောချင်တာလေး ရှိလို့ပါ။

ပြောခဲ့သလိုပဲ ပထမ တလ-နှစ်လတော့ အတော်ကို ဟုတ်နေတာ။ မနက်ဆို ၆နာရီထ၊ ရုံးမသွားခင် ၄၅မိနစ် တရားမှတ်၊ ညဆို လည်း မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေး တရားခွေ တနာရီ နာပြီးမှ အိပ်ရာဝင်...အဲဒါ ကျမ နေ့စဉ် ပြုနေကျပဲ။ ဒါပေမဲ့ ကိုယ့်အကြောင်း ကိုယ်သာသိသမို့ အချီးမွမ်း မစောချင်သေးဘူး။ ထင်ထားတဲ့ အတိုင်းပါပဲ ၂လကျော်လောက်လည်းရှိ လာရော အကျင့်စပျက်တော့တာပဲ။

မနက် ၆နာရီ နှိုးစက်မြည်လာပြီဆိုရင် ကိုယ့်မနှိုးသလိုပဲ အသာလေးပိတ်၊ ပြန်အိပ်။ ၆နာရီခွဲ မထသေးဘူး...ညက ဘလော့ဂ် ကြည့်တာ၊ ဖတ်တာ နောက်ကျတယ် အိပ်ရေးမဝသေးဘူး၊ တော်ကြာ အလုပ်ထဲ ခေါင်းမူးနေမယ် အိပ်အုံးမှ၊ ၇နာရီ...နံရံက နာရီကို မျက်လုံးလေးတဖက် ထဲ ခပ်ကျဉ်းကျဉ်းဖွင့်ပြီး စွေကြည့်တယ်၊ နိုးသွားမစိုးလို့...ဖြေးဖြေးလေးပဲ...ကိုယ့်ကိုယ်ကို သနားတယ်၊ မျက်တွင်းဟောက်ပက်နဲ့ ...မဖြစ်သေးပါဘူး ခဏမှေးအုံးမှ။ ၇နာရီခွဲ ...အရင်ကလို နိုးပြီ နိုးပြီ လို့မှတ်ရင်း ဒီရုပ်ခန္ဓာကြီး အိုးစားမကွဲသေးပါလားလို့ အသိနဲ့ မမှတ်နိုင်တော့ဘူး၊ ဝုန်းကနဲ ကုန်းထတယ်။

မျက်နှာသစ်၊ သွားတိုက်၊ ရေမိုးချိုးတာတွေက ၁၅ မိနစ်၊ အဝတ်စားလဲ၊ အလှပြင်ချိန်က ၁၀မိနစ်... ဆိုတော့ ၈နာရီထိုးဖို့ ၅မိနစ်အလိုမှာ ကျမ ရုံးသွားဖို့ အဆင်သင့်ဖြစ်ပြီ။ တရားမှတ်ဖို့ အချိန်မရ တော့ပေမဲ့ ရုံးဖယ်ရီကြိုမဲ့နေရာအသွား လမ်းမှာ ခြေလှမ်းတိုင်း အသိလေးနဲ့ မှတ်နိုင်တာပဲ ဘုရားစင်ရှေ့ထိုင်မှတ်မှ မဟုတ်ပါဘူးလေ...အဲသလို ဆင်ခြေလေးနဲ့ ကိုယ့်ဖာသာ အတော် အဆင်ပြေနေတော့တာပဲ။ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်....ဒီနေ့တော့ ရုံးရောက် ရင် ဟိုကပ်စတမ်မာဆီက အကြွေးတောင်းရအုံးမယ် ဒီလူတွေဟာ အမြဲပဲ အတောင်းစောင့် နေတော့တာ...အဲ...တွေးတယ် တွေးတယ်... ဘယ်လှမ်း တယ် ညာလှမ်းတယ်...။

ဟယ်...ငါတင်ထားတဲ့ စာရင်းတွေ မန်နေဂျာ လက်မှတ်မထိုးပေးသေးပါလား...ပြောလိုက် ရင်ဖြင့် စာရွက်စာတမ်းတွေ စားပွဲ ပေါ် အိပ်မနေစေနဲ့ လုပ်စရာရှိတာလုပ်၊ ကိုယ့်စားပွဲပေါ်မှာ အများဆုံး တရက်ပဲကြာပါစေ ဘာညာနဲ့ သူ့စားပွဲပေါ်တင်ထားတာဖြင့် နှစ်ရက်ရှိနေပြီ ဟင်း...ခက်တယ် ဒီမန်နေဂျာနဲ့ အလုပ်လုပ်ရတာ...အဲ...တွေးတယ် တွေးတယ် ... ဘယ်လှမ်းတယ် ညာလှမ်းတယ်...။

ဒီနေ့ နေ့လည် ဘာစားရမလဲ တနေ့တနေ့ အဲဒါကလည်း အလုပ်တခု၊ ကြာတော့လည်း အဲဒီ ရုံးကန်တင်းန်က ဟာတွေ မစား ချင်တော့ဘူး...အို စိတ်ပါပဲလေ...အဓိက ဗိုက်ပြည့်ဖို့ပဲဟာ... အဲ...တွေးတယ် တွေးတယ်... ဘယ်လှမ်းတယ် ညာလှမ်းတယ်...။ ဒီလိုနဲ့ပဲ ရုံးရောက်သွား တယ်။ မှတ်တာထက် အတွေးတွေ ထွက်တာက များနေတာ...။ တကယ်ဆို အတွေးကလည်း ရှူကွက်တခုပါပဲ ဒါပေမဲ့ သမာဓိအရနှေးပြီး စိတ်စုစည်းမှုအား လျော့ကျစေတာပေါ့။

ရုံးရောက်တော့ မနက်၈ခွဲက ညနေ၆နာရီဆိုတာ စိန်ဗေဒါဆိုင်းဝိုင်း တီးတာကမှ လက်အားအုံးမယ်။ နေ့လည်စာစားချိန် ခဏ တော့ နေ့လည်စာစားရင်း ဘလော့ဂ်လေး ဘာလေးမြည်းခွင့်ရတယ်။ ညနေဘက် အိမ်ပြန်ရောက်တော့လည်း ခါတိုင်းလို မိုးကုတ် အလုပ်ပေးတရားမနာနိုင်ပဲ ဘလော့ဂ် အလုပ်ပေးတရားနာနေမိတယ်။

ဒီလိုနဲ့ပဲ ထွက်ပေါက်မရှိတဲ့ စက်ဝိုင်းတခုထဲ အလိုက်သင့် လည်ပတ် စီးမျောနေပြန်တယ်။

မနှစ်က အိန္ဒိယမှာ ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဥူးပုညနန္ဒ တရားလေး သတိရလို့ ပြောပြအုံးမယ်။ တိုက်ဆိုင်လွန်းလို့ပါ။ ခွေးတကောင်ဟာ အပင်အောက် ခပ်လှမ်းလှမ်းကနေ မော့ကြည့်ရင်း အပွင့် နီနီရဲရဲတွေကို အသားဟင်းတုံး စားစရာတွေမှတ်ပြီး တမျှော်မျှော် ဖြစ်နေသတဲ့။ အပင်အောက်ရောက်လို့ အနီးကပ် မြင်ရမှသာ စားရတဲ့ အသားတုံးမဟုတ်မှန်း သိသတဲ့။

ကျမတို့လည်း ဘာထူးလို့တုန်း ...လောကီရေးရာ ကာမဂုဏ် အာရုံတွေနောက် အသား ဟင်းတုံး အမှတ်နဲ့ တကောက်ကောက် လိုက်နေလိုက် ကြတာ၊ ရေရေရာရာ တရားသဘော လေးနဲ့ ဆင်ခြင်လို့ အမှန်အတိုင်း မြင်လေမှ ဪ... တကောက်ကောက် လိုက်စရာ မဟုတ်ပါ လားလို့ တဒင်္ဂ သိကြပြန်တယ်။ ဒါလည်းပဲ ခဏပါပဲလေ...ဝေးသွားပြန်တော့ အပွင့်နီနီရဲရဲတွေ အသားတုံး ထင်မှတ်တဲ့ ခွေးလိုပဲ ကာမဂုဏ် အာရုံတွေနောက် တကောက်ကောက် လိုက်ကြပြန်သတဲ့။ အဲသလို ဆရာတော်က အမှတ်မရှိတဲ့ခွေးနဲ့ ရက်ရက်စက်စက် ပုံနှိုင်းပြပါတယ်။ အင်း...ဒါလည်းပဲ မနာ နိုင်ပြန်ပါဘူး။

ကိုယ့်ဖာသာကိုယ်တော့ သိနေတယ်။ ဒါပေမဲ့လည်း ကျည်တောက် အမြဲစွပ်မထားနိုင်တော့ အမြီးကပြန်ကောက်မြဲ.... အခုတော့လည်း ဒုံရင်းက ဒုံရင်းပါပဲလေ...


24 comments:

  1. ကြိုက်လိုက်တာ ဖတ်ရတာ...ဒီလောက်သိနေရင်တောင်မဆိုးသေးဘူး မချစ်ကြည် ။ တစ်ချို့ တွေကတော့ဘာကိုမှ မသိနိုင်သေးတာ။ တစ်ဖြည်းဖြည်းအလေ့အကျင့်ရလာမှာပါ။ ချီးကျုးပါတယ်။

    ReplyDelete
  2. ဟုတ်တယ်မ.. ဇွန်လည်း အတူတူပဲ။း(

    ReplyDelete
  3. အမပို့စ်လေးကောင်းတယ် ဆန့်ကျင်ဘက်လေးကို တပြိုင်တည်းပြထားတာ ပုထုဇဉ်သဘောသဘာကို မြင်အောင်ပြထားတာကောင်းတယ်...။


    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  4. ဒီလောက်တောင် သိနေမှတော့ ပါမန့်နမ့်မယ်သီလရှင်လုပ်နေပါလား။ သာဓု သာဓု ကြိုခေါ်သွားတယ်။ မြန်မြန်ဝတ်နော်။ သာဓုတွေ အလဟသဖြစ်ကုန်မယ်။

    ReplyDelete
  5. ဗစ်စ်ရေ...ကျေးဇူး ညီမလေး...နဲနဲလေးသိနေတာ ပိုဆိုးတယ်ဟ...

    ညီမဇွန် သိနေတယ်လေ တူတူတွေပဲဆိုတာ...

    ညီမ မိုးငွေ့ ပုထုဇဉ် ဆိုတော့လည်း ကိုယ့်ပုံတူ ကိုယ်ရေးတော့ အရုပ်ထင်တာပေါ့ ညီမရယ်...

    ကလူသစ် စဉ်းစဉ်းစားစားပြောနော်...အိမ်ကလူကြီး ကလူသစ်တာဝန် ဖြစ်သွားမယ် ဟွန်းးး

    ReplyDelete
  6. တခါလာလဲ မဲပြာပုဆိုး
    ဘုရား တရား ရိပ်သာ ယောဂီ
    ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်း
    ကိုယ်တော်ကြောင်း ယောင်္ကျားကိုနိုင်ကြောင်း
    ကိုယ်ရည်သွေးတာတွေ လျှော့စေချင်
    ရိုးသားမှုသာ ဂုဏ်ယူစရာ

    ReplyDelete
  7. Well, here I am, reading blog, watching movies and series, and pretending not to have time to listen to dhamma.

    ReplyDelete
  8. ဘာတဲ့ ဘလော့အလုပ်ပေးတရားတဲ့လား၊တော်တော်ကောင်းတဲ့စကားလုံးလေး။
    အဲ့ဒီ အလုပ်ပေးတရားလေး မှန်မှန်လေးလုပ်နိုင်ပါစေဗျာ။
    ကျွန်တော်တို့လည်း မှန်မှန်လေး လာလည်ပါ့မယ်။

    ReplyDelete
  9. MPA :Yes, we all are..u r not alone :)

    ကျေးဇူးပါ မောင်လေးရေ...အမြဲလာဖတ်တာ ကျေးဇူးပါ၊ အမလည်း အမြဲရေးနိုင်အောင် ကြိုးစားပါမယ်...:)

    ReplyDelete
  10. ကံ ဥာဏ် ဝိရိယ နောက်ဆုံး ပါရမီဖြည့်ဘို့လိုတယ်၊ ပါရမီဖြည့်တဲ့သူကြီးရေ… ဒုံရင်းကနေနဲနဲတက်အောင်…..

    ReplyDelete
  11. ဝက်ဝံလေးMon Jun 07, 10:41:00 PM GMT+8

    အဟီးးး အမည်မသိရယ် ပြောလဲပြောချင်သေးတယ် ဟဟဟဟ အမည်လေးဘာလေး ထည့်ပြောပေါ့ ဟားဟားးးးးးးးးးးး ဖဲ့ချင်ရင် တိုက်ရိုက်ဖဲ့ ခိုးကြောင်ခိုးဝှက် မလုပ်နဲ့ ဟားးးးး
    ----
    အဲ မချစ် ဒေါသမထွက်နဲ့ အလကား ပုဆိုးကြားက လက်သီးပြနေတာ ဟွင်းးးးးးးး လူတွေခက်တယ် ခက်တယ်
    အမ ကမှ ရိပ်သာကပြန်လာပီးတော့ မှတ်နိုင်သေးတယ် ဝက်တို့များ ရိပ်သာကထွက် အိမ်ရောက်ပီဆိုတာနဲ့ အပီ အိပ်တော့တာ ဟားဟားးးးးးး ဘာပဲဖြစ်ဖြစ် မရယ် တခါလေး မှတ်နိုင် တခါပေါ့ နော့် ဟီးးးးး ဆရာ လုပ်တယ် မထင်ပါနဲ့ညော်

    ReplyDelete
  12. ကိုတည်ငြိမ်ကလည်း ဒုံရင်းပါလို့ ဝန်ခံနေတဲ့ဟာကို...:)

    ဝက်ဝက်ရေ...ကျေးဇူးတင်တယ် ဝက်ကလေးက သိတ်အားကိုးရတာပဲ...ဒါ့ကြောင့် ချစ်ရတာ...ခွိခွိ :)

    ReplyDelete
  13. အမ ပြောတဲ့ အကြောင်းအရာလေးက မြင်သာ ထင်သာ ရှိလိုက်တာ. . ဟိဟိ.။ ခိုင်းနှိုင်းထားတာလေးတွေကလည်း မိုက်တယ်။ အောက်က စကားပုံကို ကျနော်က ဒီလို ပြောင်းမယ်ဗျာ။

    “ ကပ္ပလီမ ဆံပင်မွှေး ” လို့. . . .
    သူကလည်း ဆွဲထားတုန်း ခဏပဲ ဖြောင့်တာလေ. .
    ပြီးရင်တော့ ကောက်ကောက်လေးက ကွေးကွေးလေးပါပဲ။

    ---------
    မနေနိုင်လို့ ပြောဦးမယ်။
    အမည်မဲ့ နေတာ ဆိုတော့ မိဘက မပေးထားတာလား။
    မိဘ မရှိတာလား။
    ဒီလိုပဲ သူများနေရာတွေမှာ လျှောက်လိုက်ရေးရလား။
    ကိုယ့်ရဲ့ အပြုအမူက မိဘတွေကို ထိခိုက်စေတယ်။
    ( အမကိုတော့ ဆောရီး )

    ReplyDelete
  14. အစ်မပို့စ်လေးကောင်းတယ်
    အစ်မ အပွတ်ခံနေရပြီလား ဟိဟိ
    ကိုဇော်က ကပ္ပလီမ ဆိုလို့ ဒီနေ့လှည်းတန်းဈေးနားမှာ လူတွေရှုပ်ရှက်ခတ်ကုန်တယ်ကပ္ပလီမ မိန်းကလေးချောချောလေး လေးယောက်လောက်ကို ဆက်တိုက် ပါးရိုက်သွားလို့တဲ့ တကယ်တကယ် တွေ့တယ် ရဲစခန်းခေါ်သွားတာ မြန်မာမတွေအားလုံးကိုပါးရိုက်မယ်ဆိုပါလား မြန်မာလိုလည်းပြောတတ်တယ် ဇတ်လမ်းအစက အထည်ဆိုင်က ကလေးမ က သူ့လက်ညိုးထိုးရယ်ရာ ကစတယ်ဆိုလား လားလား အရိုက်ခံလိုက်ရတဲ့ ကောင်မလေးတွေက ချောချောလေးတွေဗျ

    ReplyDelete
  15. နှစ်လစာ မဆိုးပါဘူး။
    နှစ်လကြာ ဒုံရင်း၊
    ဒုံရင်း ဒုံရင်း၊
    ....စာ ဒုံရင်း၊
    ....ကြာ ဒုံရင်း၊
    ဒုံရင်း ဒုံရင်း၊
    .........။

    ReplyDelete
  16. Left...right...left..right...
    အမှတ်လေးနဲ့ ဘလော့လည်နေတာ...
    ဒုံရင်း..ဆိုတာ ဇွဲကပင်တောင် အနောက်ဖက်(west) နယ်...
    ခလို(ခလောက်နို့) ဆိုတာ ဇွဲကပင်တောင် အရှေ့(east) ဖက်နယ်..

    ReplyDelete
  17. မသိဘဲ သာယာနေတာထက်စာရင် စွန့်ခွာစရာတွေလို့ တွေးမိတာဟာ ကောင်းသော တွေးမိခြင်းလို့ထင်ပါတယ်။

    ReplyDelete
  18. ချစ်ကြည်အေး ရေ

    ရွှေစင်ဦး လည်း ကောက်ကောက် လေးဘဲ ခဏနေတော့ ဒုံရင်းဘဲ

    ကဲပါလေ စိတ်ထဲမှာ အသိလေး ရှိနေတာကိုက မဆိုးဘူးလို့ သတ်မှတ်ရမှာဘဲ

    ရွှေစင်ဦး

    ReplyDelete
  19. မီးက ငယ်ငယ်လေး ချိတေးဒယ်.... ဒါဒွေနဲ့ ဝေးဒယ် ....ဘလော့ အလုပ်ပေးတရားပဲ နာတော့မယ်.....ကျည်တောက်လာမစွပ်ပေးနဲ့နော်.... အဟိ (ဇွတ်ကို မသိချင်ယောင်ဆောင်ပြီး ပြန်သွားပါဒယ်။ )

    ReplyDelete
  20. ဘာဘဲဖြစ်ဖြစ် စိတ်ထဲမှာ ရှိနေတာကိုက ကျေးဇူးတင်စရာပါ
    ဒုံရင်းကတော့ ဒုံရင်းဘဲလေ လုပ်တဲ့အချိန်မှာ အကောင်းဆုံးလုပ်နိုင်တယ် ကျွန်တော်တို့အားလုံးသည် ပုထုဇဉ်များဖြစ်ကြပါသည် ပုထုဇဉ်ပီသစွာဖြင့် ဘလော့လည် ပြီး အဆိုးအကောင်းများအားလုံးကို ဖတ်ရှုပါမည် ရေးသားပေးကြသော ဘလော့ဂါ ဒေါ်မယ်ချစ်နှင့်တကွ မအားတဲ့ကြားမှာ ရေးသားပေးကြကုန်သော အားလုံးသော ဘလော့ဂါအပေါင်းတို့ကို အထူးကျေးဇူးတင်ပါကြောင်း.....

    ခင်တဲ့
    seesein

    ReplyDelete
  21. ရောက်တယ်
    ဖတ်တယ်
    မန့်တယ်
    ပြန်တယ်
    ဒါလည်း ဘလော့လောကက ဒုံရင်း တရားသဘောများလား မသိဘူးအမရေး)

    ReplyDelete
  22. မကြီးအေးရေ.......

    ဒီလိုပဲနော်......
    လည်နေကြတာ.......
    လုံးလည်ချာလည်လိုက်ရင်း......ချာလပတ်ကိုလည်နေတော့တာပါပဲ......။
    နောက်ဆုံးတော့လည်း...... ဒုံရင်းဆိုတာ......ဟုတ်ပ........း((
    (အိမ်ပြောင်းသွားတာ......မိုက်မှမိုက်.......း))

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  23. အမချစ်ရေ..
    တရားသဘောအရသိနေပေမဲ့လည်းမလုပ်နိုင်ဘူးနော်..။
    အင်း.......ဘယ်တော့များမှလုပ်နိုင်လိမ့်မလဲ...

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  24. အကြည်ရေးတာလေး ဖတ်လို့ကောင်းလိုက်တာ ... မှန်လိုက်တာ ...

    ဘလော့ဂ် အလုပ်ပေးတရားနာနေမိတယ်။ ဆိုတော့ အသံထွက်အောင်ကို ရယ်သွားတယ်...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...