Friday, May 28, 2010

ကကြီး မှ အ အဇ္ဈတ္တ ကြေးမုံ

က ခ ဂ ဃ င

ကတမ်းခုန်တမ်း ကစားကြတဲ့အရွယ်တုန်းက ကျွဲမ ကျွဲမ ကျွဲမ အသားညို ဆိုတဲ့ သီချင်းလေးနဲ့ ကခဲ့ဖူးတယ်...ကဗျာမဆန်တတ်သူ၊ ခပ်မှိန်မှိန် ကြယ်ကလေး တလုံးလောက်များ လောကကို အလင်းပေး အလှဆောင်နိုင်ရင်ပဲ ကျေနပ်ပြီ။ ချစ်ရတဲ့သူတွေ တကယ်ပဲ များ ခဲ့တယ်။ ချစ်ခြင်းတရားနဲ့ ပတ်သက်ရင် ဂဃနဏ သိတယ်လို့ စိတ်ကြီးဝင်နေခဲ့သေးတာ။ ဒိုင်းကနဲ အသည်းကွဲတော့မှ ငါ အချစ်ကို ဘယ်မှာ သိသေးလို့တုန်း၊ ဒါမှမဟုတ် သိတ်သိလွန်းနေပြီ ဆိုပြီး ကွဲတဲ့အသည်း ပြန်ကောက်ဆက်ရင်း ရီခဲ့ရသေးတယ်။ ငယ်ငယ်တုန်း ကတော့ ငါ တကော ကောခဲ့တာပေါ့။ ငါ ဆိုတာကို လိုက်ရှာနေမိ သေးတာ။ ဒကာမက ကိုယ်တော်ကို တရားပြ လျှောက်တင်တဲ့ နိဗ္ဗာန် လိုချင်ရင် ငါ့ မကြိုက်နဲ့ပေါ့ ဘုရား ဆိုတာလေးကို နားလည် နှစ်ခြိုက်လာတဲ့ အခါမှာတော့ ငါ့ ကို လွှတ်ချ ပစ်လိုက်ဖို့ ကြိုးစားခဲ့တယ် ဒီနေ့ အထိပဲ....။

စ ဆ ဇ ဈ ည

စည်းဝိုင်းထဲမှာမို့ လုံခြုံစေတယ်လို့ ထင်နေတာလား၊ လွတ်မသွားအောင် စည်းချထားတာ များလား ...စဉ်းစားဖို့ပါလေ။ ဆန္ဒတွေဆိုတာ ကတော့ ဘာမှ လက်တွေ့မလုပ်နိုင်ရင် ဆောင်းတွင်းအိပ်မက် တခုမျှသာပါပဲ...။ ဇရာ...အင်း ကြားဖူးသလိုလိုပဲ...မသိချင်ယောင် ဆောင် နေမှ။ ဈေးနှုန်းတွေကို ဘယ်တော့မှ မမှတ်မိတတ်ဘူး၊ အို...ကိုယ်လုပ်တတ်တာ ဘာမှ မရှိဘူး၊ လိုအပ်ရင် ဝယ်သာဝယ်၊ အပ်တချောင်း က အစ ကိုယ်တိုင်လုပ်ရင် ဒီထက် တောင် ကုန်အုံးမှာ...။ သွားနေတဲ့ တွေကို ဖမ်းဆုတ်ထားလိုက်ချင်တယ်...အိပ်ရေးမဝလို့...:D

ဋ ဌ ဍ ဎ ဏ ဠ

စကားမစပ် ပြောပြရအုံးမယ်။ သံလျင်းချိတ်၊ ၀မ်းဘဲ၊ ရင်ကောက် ဆိုတဲ့ ရုပ်ခပ်ဆိုးဆိုး ညီအကို သုံးယောက် ရှိသတဲ့။ သူတို့ဟာ သိတ်လှတဲ့ သူတို့ရဲ့ ညီမလေး ရေမှုတ်ကို မိတဆိုးလေးမို့ အချစ်ပိုကြပြန်သတဲ့။ သူတို့ မောင်နှမ လေးယောက်ရဲ့ ချစ်ကြင်နာပုံကို အဖေလုပ်သူ ဦးကြီး တွေ့မြင်ရတဲ့အ ခါ "အမယ်မင်း မယ်ကြီးရဲ့ ထကြည့်ပါအုံးတော့လား" လို့ ပူဆွေး တသ မိသတဲ့ကွယ်....မောင်နှမလေးများလည်း မိဘမရှိတဲ့အခါ အမွေကိစ္စနဲ့ အချင်းမများကြပဲ တည့်တည့်ရှူရှူ နေထိုင်ကြဖို့ သိတ်လို အပ်တာပေါ့.......
ကိုင်း ပုံပြင်လေးကတော့ ဒါပါပဲကွယ်...:))

တ ထ ဒ ဓ န

တောင်ပေါ်မြို့လေးတမြို့မှာ အေးအေးချမ်းချမ်း ဘဝကို အခြေချချင်တယ်။ ဖြစ်နိုင်ရင်တော့ အနားမှာ ချစ်သောသူများနဲ့ အတူတကွပေါ့။ အဖိုးအိုရဲ့ သားတွေကို ထင်းစည်း ချိုးခိုင်းတဲ့ စည်းလုံးညီညွတ်ခြင်းရဲ့ ပြယုဂ်...ခုထိ အမှတ်ရတုန်းပဲ...။ ဟုတ်တယ် လောကဓံကို ရင် ဆိုင်ဖို့ အတူတူ ဒွန်တွဲလို့ ဘာကိုမှ မမှုချင်တော့ဘူး။ သဘာဝ ရေမြေတောတောင် အလှတွေ၊ ပေါ့ထရိတ်တွေ နဲ့ အမှတ်တရစာလေး တွေ ပါဝင်တဲ့ ဓါတ်ပုံစာအုပ်လေး တအုပ် လုပ်ခွင့်ရမယ် ဆို လုပ်ခဲ့ချင်သေးတယ်။ မသေခင် အချိန်လေး ရသလောက်မှာ လေ ။ နွံနစ်ခဲ့ ဖူးပေါင်းများ လှပေါ့...အချစ်နွံ၊ ဘဝနွံ၊ သံသရာနွံ တွေတဲ့လား...မပြီးနိုင်၊ မစီးနိုင်တဲ့ အဆုံးမသတ်နိုင်မှုတွေ မောတယ်။

ပ ဖ ဗ ဘ မ

ပန်းချီကားတွေကို မက်စက်စွာ ချစ်တယ်။ ပရဟိတ လုပ်ငန်း တွေမှာ စိတ်ရော ကိုယ်ပါ ပါဝင် လုပ်ဆောင်မယ်...ဖောင်ဒေးရှင်းလေး တခု...အတိအကျ ပြောရရင် ချစ်ကြည်အေး ဖောင်ဒေးရှင်း ဆိုတာလေး...အသက်သွင်းခဲ့ချင်တယ် (ကြီးကြီးကျယ်ကျယ်နော်...ဖြစ်ချင် တာကို ပြောပါတယ်)။ လူတွေဟာ ဘာကြောင့် ဗဟိန္ဓလို့ ခေါ်တဲ့ အပေါ်ယံ အပြင်ပန်းကို ကြည့်ပြီး တန်ဘိုး ဖြတ်ချင်ကြတာပါလိမ့်။ ဘဝကြီးက ဘက်လိုက်မှုကင်းတယ်။ ဘဝထဲက လူတွေကသာ ဘဝကို ခြယ်လှယ်တယ်။ ဟိုး မိုးကုပ်စက်ဝိုင်းထိ ပျံသန်းသွား နိုင်တဲ့ အင်အားနဲ့ အတောင်ပံတစုံ လူတိုင်းကိုယ်စီ ရစေ ချင်တယ်။ လုံ့လ၊ ဝိရီယ၊ လမ်းကြောင်းရွေးချယ်မှု နဲ့ ဆုံးဖြတ်ချက်တွေက ရေရှည်မှာ တန်းတခု သတ်မှတ်ပေးလိမ့်မယ်။ ဒါပါပဲ...။

ယ ရ လ ဝ သ ဟ အ

ယုံကြည်မှု ဆိုတာ ရှိကောင်းပါတယ် မျက်စိမှိတ်မထားဘူး ဆိုရင်ပေါ့။ လူမှုဆက်ဆံရေးရော စီးပွားရေးမှာပါ သူ အရေးပါတယ်။ ရွာ...ကမ္ဘာ့ရွာရယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ခေတ်မှာ အမေရှိတဲ့ရွာ...မြေရှိ၊ ရေရှိ၊ ရွှေရှိတဲ့ရွာ...အဲဒီရွာကို ကျမ လွမ်းတယ်။ တခါတခါတော့ လေးလံမှုတွေကို လွှတ်ချခဲ့ပြီး လေတံခွန်လေး တစင်းလို ပေါ့ပါးပျံသန်းနေချင်မိတယ်။ လူရယ်လို့ ဖြစ်တည်မှု တခု ရလာကတည်းက ဝေဒနာနဲ့ စခဲ့ကြတာလေ...၊ သမုဒယ တဲ့ သံယောဇဉ်တဲ့ ကဲ များလှလွန်းတဲ့ နှောင်ကြိုးတွေ...တကယ်ပဲ လေးလံလှပါရဲ့...။

ဟန်မဆောင်တတ်မှု၊ ပွင့်လင်းမှုတွေကြောင့် ထော်လန့်ကန့်လန့် ဖြစ်တတ်သေး တယ်...။ ကျမများ မှားသလား...၊ အဲဒီအတွက် မှားနေရင်တောင် မှ မှားတဲ့ဘက်မှာ ရဲရဲရပ်ရင်း မှားတဲ့ဒဏ်ကို လူးလိမ့်ခံစားပစ်လိုက် မယ်။ ဘယ်တော့မှ မှန်ချင်ယောင်မဆောင်ဘူး။ စိတ်ပြေ လွယ်ပြီး အာဃာတ မထားတတ်ဘူး။

ဒါ ကကြီးကနေ အ အထိ ကျမရဲ့ အဇ္ဈတ္တ မှန်တချပ် ဆိုပါတော့...။

သူငယ်ချင်း သက်ဝေရဲ့ တက်ဂ်ပါ...ဒီတခါတော့ တိတ်တိတ်လေး လက်ကုတ်စရာမလိုပဲ လာတက်ဂ်ထားလို့ ဝမ်းသာရပါတယ်။ တက်ဂ်ပို့စ်တွေဟာ အတက်ဂ်ခံရတဲ့ လူတွေအားလုံး ခေါင်းစဉ်တခုအောက်မှာ အမြင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဝိုင်းရေးကြတာမို့ ပျော်စရာပါ။ သူ့အမြင်၊ ကိုယ့်အမြင်၊ သူ့အတွေး၊ ကိုယ့်အတွေး ဖလှယ်ပြီး ဖတ်ကြရတာမို့ ကျမကတော့ တက်ဂ်ပို့စ်တွေ ရေးရတာ စိတ်ဝင်စားသူပါ။ ဒါ့ကြောင့် တက်ဂ်လာသမျှ တက်ကြွစွာ ရေးလေ့ ရှိပါတယ်...။

ဒီပိုစ့်ကို မောင်လေး ကိုဇော် နဲ့ အကိုလေး ကိုအောင်သာငယ်ကို ဆက်တက်ဂ်ချင်ပါတယ်။ ရေးပေးကြပါအုံးနော်....။


24 comments:

mg lay said...

အစ်မရေးပုံလေးက ကောင်းသားဗျ။စိတ်ကူးလေးကောင်းလိုက်တာ။
ကိုကြီးကျောက်လို အသုံးလုံးလေးလဲ လုပ်ပါအုံး။အခုပဲ သူ့ ပို့ ဖတ်ပြီး ရီနေတာ အစ်မရဲ့

သက်ဝေ said...

စိတ်ကူးကောင်းကောင်းနဲ့ တွေးတွေးဆဆရေးထားတာလေးမို့ လှပပြီး တကယ်ဖတ်လို့ကောင်းပါတယ်...။

ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်သိပြီးသားမို့ ဟန်မဆောင်တတ်တာ... ပွင့်လင်းတာ... စိတ်ပြေလွယ်တာ... အာဃာတ မထားတတ်တာ... ကိုယ့်အမြင်ကို ကိုယ် ရဲရဲတင်းတင်း ချပြတတ်တာ... စတာတွေဟာ ချစ်ကြည်အေးရဲ့ True Identity ပါပဲ...။

သွားနေတဲ့ ညတွေကို ဖမ်းဆုတ်ထားလိုက်ချင်တယ်...
အိပ်ရေးမဝလို့... (ကိုယ်ဆို ဘယ်တော့မှ အိပ်ရေးမဝတာမျိုး မရှိဘူး... မအိပ်တာပဲ ရှိတယ်... ခွိ ခွိ...)

ပျော်ပျော်ပါးပါး ရေးပေးတာ ကျေးဇူးပါ...

sonata-cantata said...

မိုက်တယ်ကွာ...အဲ့လိုလေး ရေးချင်တာ...
တဂ်ပို့စ်ဆို တက်တက်ကြွကြွ ရေးချင်တာချင်း တူတယ်
တူနယ်တဲနယ်း)

ညီမလေး said...

လူတွေဟာ ဘာကြောင့် ဗဟိန္ဓလို့ ခေါ်တဲ့ အပေါ်ယံ အပြင်ပန်းကို ကြည့်ပြီး တန်ဘိုး ဖြတ်ချင်ကြတာပါလိမ့်တဲ့ ... ဟုတ်တယ်နော် .. ဘာကြောင့်လဲ ???

ရွှေရတုမှတ်တမ်း said...

အဇ္ဈတ္တ ကြေးမုံ ဆိုတော့ အဇ္ဈတ္တ မြန်မာ့အလင်းထက် ကြော်ငြာပိုများ
မှာပေါ့နော်....

အင်ကြင်းသန့် said...

အဇ္ဈတ္တ ကြေးမုံကို စိမ်ပြေနပြေကြည့်သွားပါတယ် :))

ကိုချစ်ဖေ said...

အဇ္ဏျိတ္တကြေးမုံ ဖတ်ရတော့ တောင်ပေါ်မြို့လေးတမြို့မှာ အေးအေးဆေးဆေးဆေးအခြေချချင်တာရယ် ပန်းချီကားတွေကိုမက်စက်စွာချစ်တာရယ် ပရဟိတလုပ်ငန်းတွေကို လုပ်သွားချင်တာကိုတော့ ကြိုက်သဗျာ..မသောင်းညွန့်နဲ့အတူ မချစ်ကြည်အေးတို့နားမှာ လာအခြေချနေဖို့ စိတ်ကူးထားတယ်ဗျာ

Kay said...

နာမည် မှည့်ဖို့..နေ့နံ ရှာရင်..အတော်ပဲး)

အပြုံးပန်း said...

အမ လည်တယ်၊
ဟိုငါးလုံးကို ဘယ်သူများ ဘယ်လိုရေးပါလိမ့်လို့ စိတ်ဝင်စားနေတာ။
:)

Anonymous said...

ဘလော့ တကာလည်တာဗျာ A-Z နဲ့ ကကြီးခခွေး တွေကြီးဘဲတွေ့တယ် ဒါပေသိ အားလုံးတော်တယ်ဗျာ ရေးတတ်ကြ တွေးတတ်ကြလိုက်တာ အားကျလိုက်တာ အမကြီးရွှေစင်ဦးကိုလည်း နောက်တခါခေတ်ထက်မှီခိုင်းလိုက်အုံးမယ်ဗျာ...
အမချစ်က ပုံပြောကောင်းတယ်ဗျာ ရုပ်ဆိုးတဲ့ ညီအစ်ကိုသုံးယောက် ဟဟ သူတို့ရဲ့ ဗဟိန္ဓလို့ ခေါ်တဲ့ အပေါ်ယံ အပြင်ပန်းကို ကြည့်ပြီးပြောနဲ့နော်


ခင်တဲ့
seesein

မြစ်ကျိုးအင်း said...

သေသေချာချာ တွေးထားရမှာ သေချာတယ်..။
စိတ်ကူးကောင်းလေးပါပဲ

♥ ကိုဇော် ♥ said...

ဟိုက်. . .ခေါင်းဖြူအောင် လုပ်ပြီ။
အေးလေ . . . အမစာတွေကိုပဲ ကိုးကားပြီး ရေးရမှာပေါ့။

ဝေလင်း said...

အစ်မစိတ်ကူး....... ကောင်းမှကောင်းးးးးးးးးးးးးး

SHWE ZIN U said...

ချစ်ကြည်အေး ရေ

ဖတ်သွားပါတယ်နော် ပျော်စရာလေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အောင်သာငယ် said...

တထဒဓန

(တော်)တော် (ထူး) တဲ့ (ဒွတ်)ခ... ပဲ... (ဓါတ်) ပျက်... (နေ) တုန်း...
tag နဲ့ လာတိုးနေပါ့လား...

sosegado said...

Style တမျိုး idea တမျိုး ဖတ်သွားပါတယ်၊
ကကြီးကနေ အ ထိရွတ်ဆို မရွတ်နိုင်တော့သူပါ၊

မောင်ဘကြိုင် said...

ရေးတတ်တယ်ဗျ အတွေးလေးကလည်းကောင်း
အိပ်ရေးပျက်တာ ဒါကြောင့်ကိုးး)

မြသွေးနီ said...

မချစ်ရေ...

သင်ပုန်းကြီးမကြေညက်သေးလို့..
အပြေးလေးလာဖတ်သွားပါတယ်ရှင်..။
ကကြီး...ခကွေး...ဂငယ်..ဃကြီး...င..။

rose of sharon said...

ရေးတတ်လိုက်တာ ချစ်ကြည်အေးရေ... ကိုယ်တော့မရေးတတ်လို့ခုထက်ထိကိုမရေးရသေးဘူး

T T Sweet said...

အန်တီအကြည်ရဲ့ ကကြီးခခွေး လာဖတ်သွားပါပြီ။ Tag ပို့စ်တစ်ခု အကြွေးကျန်နေတာ အမြဲသတိရတယ်။ တကယ်ကို ဘာရေးရမှန်းမသိလို့ မရေးဖြဟ်ခဲ့တာ။ မခင်လို့ မဟုတ်ဘူးနော်။

Moe Cho Thinn said...

ညီမ အပြုံးပန်းလိုပဲ ပြောရရင် မမ လည်ပါတယ်ဗျို့..
ဟို အခက်ကောင်တွေကို တအုပ်စုတည်း ထည့်ပြီး မောင်နှမ လုပ်ပစ်လိုက်တာကိုး။ ရီလိုက်ရတာ..

မိုးငွေ့...... said...

အလဲ့...အစ်မချစ်ရဲံ့ ကကြီး ကနေ အ အထိရေးတဲ့စတိုင်ကသူများနဲ့မတူပါလား...သဘောအကျဆုံးကတော့ ဍတို့မိသားစုပဲ အစ်မပဲ ကြံကြံဖန်ဖန် အမျိုးစပ်ပါတယ်...။ ဖတ်လို့ကောင်းတယ်အမ...တဂ်ပို့စ်ရေးတာ သိပ်မပျော်တဲ့ အစ်မချစ်ကိုနောက်ကျရင် တဂ်လိုက်ဦးမယ်...။

မိုးအေးအေးမှာ အိမ်ကလူကြီးနဲ့အေးဆေးဖြစ်ပါစေ...အဲ ဘာဆိုင်လဲနော်...။

ခင်မင်စွာဖြင့်
မိုးငွေ့

ဇွန်မိုးစက် said...

တော်သေးတာပေါ့ အတဂ်မခံရလို့။ ဇွန်ဆို ရေးတတ်မယ် မထင်။

အစ်မရေးထားတာ စတိုင်လ်တစ်မျိုးနဲ့ ဖတ်လို့ကောင်းပြန်တယ်။

တန်ခူး said...

လာအတုခိုးတာ... copy catလုပ်သွားတယ် မ ရေ... မမသီတာပြောသလိုလေး လေးဖြူလေသံလေးနဲ့ ပြောသွားတယ်... "မိုက်တယ်ကွာ"

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်