Wednesday, May 19, 2010

မိုးခါးရေ...

ကျနော်ငယ်ငယ်က အမေနဲ့ အပြင်လိုက်သွားတိုင်း လမ်းဘေးမှာ တောင်းစားနေ ကြတဲ့ ကလေးတွေကို ပြပြပြီး ကျနော့်ကို ဆုံးမလေ့ ရှိတယ်။

"တွေ့လား သား...ပညာတတ်ကြီးဖြစ်အောင် ကြိုးစားနော်...ပညာမတတ်ရင် သား သူတို့လို လက်ဖြန့် တောင်းစားနေရလိမ့်မယ် သားရဲ့၊ အမေပြောတာ နားလည်လား သားဘဝ အဆင့်အတန်း တိုးတက် မြင့်မားအောင် ပညာက ပို့ဆောင်ပေးလိမ့်မယ် နော် သား" တဲ့...

ကျနော့် အသည်းထဲ ရင်ထဲ စွဲထင်ခဲ့ရတဲ့ အမေ့ရဲ့စကား....ကျနော် ဘယ်တော့မှ မမေ့ဘူး အမေ...။

*****************************

"ကိုရေ...ကို့သားအငယ် ကွန်ပြူတာသင်တန်းကြေးရယ်၊ တရုတ်စာသင်တန်း ကြေးရယ် နောက်တပတ်ကျရင် ပေးရတော့မယ်နော်..."

"ဟေ အေး အေး"

"ကိုရေ...အကြီးကောင်ကို ဂိုက်လုပ်ပေးနေတဲ့ ဆရာမလေးကို ဒီလအတွက် ပိုက်ဆံပေးရ အုံးမယ်နော်...ဆရာမလေးမျက်နှာမြင်တိုင်း အားနာစရာတောင် ကောင်းနေပြီ...."

"အေးပါကွာ အေးပါ"

"ကိုရေ...နောက်နှစ်ရက်ဆို ဆန်ဝယ်ရတော့မယ်နော်..."

"ဪ...အေး အေး"

"ကိုရေ...ဒီလကုန် ဟိုဘက်လမ်းထိပ်က မင်္ဂလာဆောင်ဖိတ်ထားတာ လက်ဖွဲ့ဖို့ ပိုက်ဆံချန် ရအုံးမယ်နော်..."

"ဟေ...အေးပါကွာ..."

ဖတ်လက်စ သတင်းစာကို လက်က ချ၍ ဟင်းကနဲ သက်ပြင်းချမိလေသည်။

အသုံးစရိတ်တွေ...အဲဒီ အသုံးစရိတ်တွေကို ဘယ်လို ချူံ့ရပါ့...။ မအားလပ်ဟု အကြောင်းပြ ၍ မင်္ဂလာပွဲ မသွားရင်ရော...၊ ဒါမှမဟုတ် သတင်းရယ်လို့ ဘာမှ မထူးလှသော နေ့စဉ်သတင်း စာကို မယူတော့ပဲ ဖြတ်လိုက်လျင်ရော... ဒါဆို ဒီတလ ငွေပိုနဲနဲ ထွက်လာနိုင်မလား တွေးရင်း ကပင် ကျနော့် စိတ်အစဉ်သည် ငွေကုန်ပေါက်တွေကြား မလူးသာ မလွန့်သာ ရှိနေလေသည်။

******************************

အိမ်ထောင်ရက်သားကျပြီး မြတ်နိုးရသော ဇနီးသည်မှ ချစ်စရာ သားကလေး ၂ ယောက် မွေးဖွား ပေးခဲ့သည်။ အမေ့စကား နားထောင် သော ကျနော်သည် ပညာတတ်ကြီးဖြစ်၍ ရုံးကြီးတရုံး၏ ဌာနတခုဝယ် အရာရှိပေါက်စလည်း ဖြစ်နေပါသေးသည်။

"ဆရာ ဒီတပတ် အတွက်"
"အေး အေး ကျေးဇူးပဲကွာ"

ကျင့်သားရနေသော လက်တို့က အံဆွဲထဲသို့ အထုပ်ကို ရှောကနဲ ထည့်ပြီး ဖြစ်လေသည်။ ကျနော်တို့ ဌာန၏ တပတ်စာ ရှင်းတမ်း၊ အတိ အကျ ပြောရလျင် ဝေစုခွဲတမ်း...။ ကြားပေါက် ဝင်ငွေကောင်းသော ရုံးကြီးဖြစ်သည်ဟု ဟိုစဉ်က ကြားသိခဲ့ဖူးရုံသာ။ အလုပ်ဝင်ကာစ နဖူး တွေ့ ဒူးတွေ့တွင်မူကား ထိုငွေများကို လက်ခံ၍ အိပ်ထဲထည့်စဉ် ကျနော့် မျက်နှာတခုလုံး ပူနွေး သွားခဲ့ဖူးသည်။

ကျနော်မယူလျင် ကျနော့်တယောက်စာဝေစုကို သူတို့ပင် ပို၍ ခွဲဝေယူကြ မည်တကြောင်း၊ ကျနော် ကိုယ်တိုင်လည်း မလွန်ဆန်နိုင်စွာ မက် မောမိသည်က တကြောင်း.....။ ထိုအကြောင်းများ ကြောင့်ပင် လူညီ၍ "ဤ" ကို "ကျွဲ" ဟု ဖတ်သူများထဲတွင် ကျနော်တယောက် လည်း အပါအဝင် ဖြစ်ခဲ့ရလေသည်။

******************************

အမေ့ ဆုံးမဩဝါဒကြောင့် ပညာကို ကြိုးစား သင်ယူခဲ့၍ ပညာတတ်ကြီး တယောက် ဖြစ်ခဲ့ ပါသည်။ စားဝတ်နေရေး အပြေလည်ကြီး မဟုတ်သည့် တိုင် လည်ပတ်နေသေးသည်။ လူပုံအလယ် ပညာတတ် အရာရှိမင်းဟု ပွဲလယ်တင့် နေသေးသည်။ သို့တိုင်အောင် အမေ ပြောခဲ့ဖူးသလို လက်ဖြန့်စရာ မလိုသော ဘဝမှာ ရောက်နေပြီတဲ့လား..ကျနော် မသေချာပေ...

သေချာသည်မှာ ကျနော် ည ည နှစ်ခြိုက်စွာ အိပ်မပျော်နိုင်သေးသည်ပင်...

20 comments:

Anonymous said...

Great work, interesting blog

ရွှေရတုမှတ်တမ်း said...

အကန်တော့ခံတာလေ...ယူကောင်းပါတယ်..လာဘ်ယူတာမဟုတ်ပါဘူးလို့
ဘဘကြီးတယောက်ကပြောဖူးတာပဲ..

ကိုဇော် said...

ဟာ...အမ။
ကျနော် မနက်ဖြန်တင်မဲ့ ပို့စ်နဲ့ အမနဲ့ တိုက်နေပြီ။
တူတူနိုင်ရက်တယ်ဗျာ တင်ပြပုံပဲကွဲတယ်။
နောက်မှပဲ တင်တော့မယ်။

မောင်မိုး said...

လာဘ်ပေးတာကို လက်ခံတာပါ။ လာဘ်ယူတာမဟုတ်ဘူး။

ဇွန်မိုးစက် said...

အင်း.... ခေတ်ကြောင့်၊ စနစ်ကြောင့်၊ အခြေအနေ အကြောင်းကြောင်းကြောင့် သီလချို့ယွင်းလာသူတွေ အပြင်လောကမှာ ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲ မသိဘူး။

သီလတကယ်လုံဖို့ဆိုတာ ပြောသလောက် မလွယ်ဘူး မရေ။

တိုပေမယ့် ပေးချင်တဲ့ မက်ခ်ျဆေ့ရတယ်။

ညီမလေး said...

အင်းးးးးးး ဘယ်မှမပြောတော့ပါဘူးလေ။။

ညီမလေး said...

ဘာမှမပြောတော့ပါဘူးလေလို့ ပြောတာပါလေ။ မှားတောင်ကုန်ပြီး)

Vista said...

း) တပည့်တွေ ဆီကလာတာလို့ မှတ်လိုက်ပါ ဟားဟား...
ဒီလိုဟာတွေ စိတ်ကုန်လို့ ငယ်ငယ်လေးထဲက
အပြင်အလုပ်ပဲလုပ်မယ်လို့  ဆုံးဖြတ်ချက်ချထားတာ။

အင်ကြင်းသန့် said...

ဒါ ဂါရ၀တရားလို့ ခေါ်တယ်ကွဲ့ အဟင်းဟင်း...


ဂျင်ဂျင်း

သဒ္ဓါလှိုင်း said...

ပညာတတ်ဖြစ်ရင်လက်ဖြန့်တောင်းရမယ်တဲ့လား..။ဒါစနစ်တခုကြောင့်
ဖြစ်တည်လာရတာပါ။

ခင်တဲ့
သဒ္ဓါ

Anonymous said...

အမချစ်ရေ......))))))))))))))))))

မိုးခါးရေ မသောက်ချင်လို့ ကြုံရာကျဖမ်းအလုပ်ကလေးဘဲ လုပ်နေပါတယ် အခုခေတ် အမေနေရာ ဆရာနေရာက နေပြီး ဘယ်လိုတောင် ဆုံးမရမှန်းမသိတော့ မင်းတို့ ပညာတတ်အောင်သင် ပညာတတ်မှ... .. ဘာညာ....ဘာညာ...ကွိကွ.....

ခင်တဲ့
seesein

ခိုင်နုငယ် said...

မိုးခါးရေသောက်အဲလေ
မိုးခါးရေလာဖတ်သွားပါတယ်။
အမရေ...
ပျော်ရွင်ပါစေ

ဝေလင်း said...

ခက်တယ်နော်.. ခက်တယ်
မယူလိုက်က မိုက်တယ်လို့ ထင်မှာစိုးရှာလို့ နေမှာပေါ့

Kay said...

ကျစ်ကျစ်လစ်လစ် ၀တ္တုတိုကောင်းလေး ..မ

သံလွင်က..လဘ်ပေးလဘ်ယူ ခေါင်းစဉ် အတွက်တောင် သုံးသင့်တာ..။

.( ထွင်းထု ပျိုမြစ်) ဆိုတာ.. က..ဆန်းနေပါလား..း)

TZA said...

တိုတိုရှင်းရှင်းနဲ့ထိထိမိမိရှိလှတယ်။

တရုတ်စကားပုံမှာတော့ ကျီးကန်းမှန်ရင် မည်းတာချည်းပဲ တဲ့။ ကိုယ်က ဖြူနေရင် တခြားကျီးကန်းတွေ ဝိုင်းသမမှာစိုးပြီး အမည်းရောင်ပြောင်းလိုက်တဲ့ ကျီးဖြူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးနေမှာပေါ့။ ဒီလိုနဲ့ပဲ မျိုးဆက်တဆက်ပြီးတဆက် မည်းကုန်ကြတာ။

shwezinu said...

ဝေစု ခွဲရတာပျင်းတယ် အကုန်ယူမယ်

ရွှေစင်ဦး

~ဏီလင်းညို~ said...

မကြီးအေးရေ........

မကြီးရွှေဇင်က အတော်ပွဲကြမ်းပါလားဗျ........။
အကုန်ယူမယ်တဲ့.....ဟိဟိ.......း))
လိုအပ်ချက်တွေ များနေလို့........
ဒါမှမဟုတ် ကိုယ်နေတဲ့ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်လို့.......
စတဲ့ အကြောင်းတွေ စုပေါင်းသွားလို့ လက်ခံနေရပေမယ့် ရှက်တတ်ရင် အရမ်းရှက်ဖို့ကောင်းတယ်လို့ ကျွန်တော်မြင်မိတယ်....။
ကိုယ်မလုပ်ချင်တဲ့ ကိစ္စတစ်ခုကို အစမလုပ်ခဲ့တာ အကောင်းဆုံးပဲနော်ဗျ.....။
(ခုမှ ရောက်တယ် မကြီးရေ...............)

ခင်မင်တဲ့
ဏိလင်းညို

နွေးနေခြည် said...

ပိုစ့်လေး ကြိုက်လိုက်တာ...

သက်ဝေ said...

လူညီလျှင် ဤ ကို ကျွဲ လို့ ဖတ်ကြရတော့မှာ တကယ်ပဲလား...

ဖတ်လို့ကောင်းတယ်...
ဝတ္ထုတိုလေးတွေ များများရေးပါ...။

မြသွေးနီ said...

မိုးခါးရေတွေ ကျိတ်မှိတ်သောက်နေကြရင်း..
အသားတွေကျနေကြရတာ..
မိုးခါးရေမှ မသောက်ရ မနေီုင်ဖြစ်လာကြရတာ..
စိတ်ပျက်စရာပါပဲနော်..။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ရေး၀၀အိပ်ရတာကို မက်မောမိတယ် မချစ်ရေ..။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်