Wednesday, May 12, 2010

သစ်ကောင်းတစ်ပင် ဖြစ်ချင်ပါသည်...

ပထမတပိုင်းမှာ ကျမရေးခဲ့ပြီး ကော်မန့်တွေ ဖတ်ကြည့်တဲ့အခါ ကျမ ပေးချင်တဲ့ မက်ဆေ့ခ်ျ မရမှာ စိုးရိမ်သွား ခဲ့မိပါတယ်။ အပြင်မှာ တကယ်ဖြစ်နေတဲ့၊ ဖြစ်လေ့ရှိတဲ့၊ ကျမကိုယ်တိုင် လည်း ခံစားခဲ့ရတဲ့ အဖြစ်မို့ အရင်း အတိုင်း ချပြခဲ့ တာပါ။ Anti-Relative ဖြစ်ကြပါစို့လို့ ကျမ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ပေါ့လေ...ကျမတို့အားလုံးဟာ လူသားဆန်ကြသူတွေ ဖြစ်တဲ့အလျောက် တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ ခံစားရသလို ပွင့်ပွင့်လင်းလင်း ရေးသွား ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဒီအပိုင်းလေးကို ဆက်ဖတ်ကြည့် ကြပါ အုံးနော်...။

တခါတလေ ကျမ ညီမတွေက "မကြီး တူမကို မွေးစားပါလား၊ ကျောင်းပြီးလို့ အလုပ်ရမှ ပြန်ပေးလေ" လို့ နောက်တတ်ပါတယ်။ အမေ ကိုယ်တိုင်ကလည်း "သမီး နင့်တူမဟာ နင်ငယ်ငယ်က အတိုင်းပဲ၊ ပဲလုပ်တတ်တာရော၊ လမ်းလျှောက်မြန်တာရော၊ စကားသွက်တာ ရော၊ ရုပ်က အစဆင်တယ်" လို့ ဆိုလာပြန်တော့ ကျမမှာ အဲဒီတူမလေးအပေါ် အချစ်ပို ရပြန်ပါတယ်။ ဒါနဲ့ပဲ ဉာတကာနဉ္စ ကုန်ပါရော ဖြစ်တော့တာ။

အဲဒီ ကျမရဲ့တူမလေးကလည်း ဖုန်းထဲမှာ "သုသုက စင်္ကာပူမှာ ကျောင်းလာတက်ချင်တာ" လို့ပြောတဲ့အခါ ကျမဖြင့်ဘာပြန်ပြောလို့ ပြောရမှန်းမသိ အောင် ဖြစ်သွားခဲ့ဖူးတာ။ ညီမဖြစ်သူက "မကြီး အဲဒါ သမီးတို့ သင်မထားဘူးနော် မကြီးတူမ သူ့ဘာသာပြောတာ" လို့ ဖြေရှင်းချက်ထုတ်ရှာတယ်။ ဪ...ခေတ်ကိုက အဲသလို ဖြစ်နေပြီ ထင်ပါရဲ့။ ကလေးတွေ မွေးကတည်းက အူမဝဲတော့ပဲ နိုင်ငံခြားမှာ ကျေင်းသွားတက်မယ်လို့ အော်ပြီးများ မွေးလာသ လား မသိ....။

အမေ့ရဲ့ သူ့မောင်တွေအပေါ် ကောင်းပုံလေး ပြောပြပါအုံးမယ်။ သူ့မောင် ငွေလိုတယ်ဆိုတော့ ကျမတို့ သိမှာစိုးလို့ သူ့မျက်နှာကြီး အာမခံ သွားထားပြီး သူများဆီက ၁၀၀ ကို ၆ကျပ်တိုးနဲ့ ယူတယ်၊ ပြီးတော့ သူ့မောင်ကို ၄ကျပ်တိုးနဲ့ ပြန်ပေးသတဲ့။ အမေ လုပ်ပုံများ...၊ စီးပွားရေးလုပ်လိုသူများ ကျမ အမေ နဲ့ ရှယ်ယာဝင်ပါရင် အဆင်မပြေလား...သူက အဲသလို ဘီးဇီးနက်ဝူးမန်း နော်...။ ဒီလိုနဲ့ တလ တလ သူက ၂ကျပ် အတိုးလေးစိုက်ပေး၊ ဟိုက ၄ကျပ် အတိုးနဲ့ အရင်းလေး နဲနဲဖဲ့ဆပ် နဲ့ ဟုတ်နေကြတာ။ ၄-၅-၆ လကြာလို့ ဟိုက အတိုးတောင် အနိုင်နိုင်ဖြစ်လာတဲ့ အခါကျမှ သူ့မှာ မနိုင်မနင်းဖြစ်လာပြီး ကျမဆီ ရောက်လာတော့တယ်။ အကြောင်းစုံကို သူရှင်းပြတော့ ကျမမှာ အမေ့ကို သနားပြီး ငိုအားထက် ရယ်အားသန်...ဖြစ်ရသေး။

တနှစ်တော့ ကျမတို့ နှစ်ယောက်လုံး ဘောနပ်စ် ရခါနီးမှာ ရရင် ဘာလုပ်မယ်၊ ဘာသုံးမယ် ဘာညာ ပလန်ချထားကြပါတယ်။ ပိုက်ဆံက ဖြင့် မရသေးပါဘူး။ တကယ်လည်း ပိုက်ဆံ ရလာရော နှစ်ဖက်လုံး ရဲ့ အိမ်တွေက ပိုက်ဆံလိုတဲ့ အဖြစ်နဲ့ တိုးနေတော့ ပိုက်ဆံကလေးက ဘဏ်ထဲမှာမှ မပူခင် ဒုန်း ကနဲ ပို့ပေးလိုက်ရပါလေရော။ ဒီတော့ နောက်နှစ်တွေမှာ ကျမတို့ နှစ်ယောက်အကြား ဟာသလေး တခု ဖြစ် လာခဲ့တယ်။ ဘောနပ်စ်မို့ရမယ် အသံကြား ရင် "ရှူး တိုးတိုး ကျန်တဲ့သူတွေ ကြားရင် ကြားပါစေ၊ ရန်ကုန် နဲ့ မန္တလေးကလူတွေ မကြားပါ စေနဲ့" လို့ ပြောရင်း ရယ်ကြရတယ်။ ကျမက ရန်ကုန်သူ၊ သူက မန္တလေးသားလေ...။

အဖေ့ညီမ ကျမရဲ့ အဒေါ် နှစ်ယောက် အတူတူနေကြရာက မိသားစုနဲ့ ကလေးတွေနဲ့ ဖြစ်လာတဲ့အခါ ဘာကြောင့်မှန်းမသိ စိတ်ဝမ်းကွဲ သွားကြပြီး အိမ်ခွဲ နေဖို့ ဖြစ်လာတယ်။ အဒေါ်အကြီးက ငွေပြန်အမ်းနိုင်တော့ အငယ်ကို ဆင်းခိုင်းတယ်။ အဒေါ်ငယ်ကလည်း ဆင်းပေး တယ် ဒါပေမဲ့ ရတဲ့ ပိုက်ဆံနဲ့ အိမ်ပြန်ဝယ်ဖို့ မပြည့်တဲ့အခါ ကျမဆီက လှမ်းချေး တော့တယ်။ ကျမစဉ်းစားမိတယ်၊ သူ့အနေနဲ့ တူမဖြစ်သူ ကျမဆီက ဘယ်ချေးချင်ပါ့မလဲနော် တခြားအားကိုး မရှိရှာလို့သာပေါ့။ အရစ်ကျ ပြန်ဆပ်မယ် ဆိုတဲ့ ကတိနဲ့ ကျမ ချေးလိုက်ပါ တယ်။ တကယ်လည်း သူ့ကတိ အတိုင်းပြန်ဆပ်ရှာပါတယ်။ ကျမ အတွက် ငွေခေါင်းကွဲတာ ကလွဲလို့ သူကတော့ အဆင်ပြေသွားပါတယ်။

ရေရှည် စီမံကိန်းအနေနဲ့ ကျမဘက်က ညီမ နဲ့ သူ့ဘက်က တူမ၊ အဲဒီကလေး ၂ယောက်ကို ကျောင်းခေါ်ထား ပေးခဲ့ကြသေးတယ်။ ပိုလီ ကျောင်းက ၃နှစ်တက် ရတာဆိုတော့ သူတို့ ၂ယောက်အတွက် ၆နှစ်စာ ကုန်သွားပါတယ်။ ကျမတို့ လင်မယား တနေ့နေ့ ရွှေပြည်ပြန်ကြ တဲ့အခါ သူတို့လေးတွေပဲ မိဘတွေကို ဆက်ကြည့်နိုင်အောင် ရည်ရွယ်ပါတယ်။ ခုတော့ဖြင့် သူတို့လည်း ကျောင်းပြီး၊ အလုပ်ရလို့ ပီအာ လည်းဖြစ်၊ အဆင်ပြေလွန်ပြီး ယောင်္ကျားတောင် ရသွားကြပါရော...။ ဒါကတော့ သီးချိန်ပွင့်ချိန်တန်လို့ သီးကြပွင့်ကြတယ်ပဲ ဆိုပါ တော့။ ဘာပဲဖြစ်ဖြစ် သူတို့ လိမ္မာကြရှာပါတယ်။ အိမ်ကိုလည်း အထိုက်အလျောက် ပြန်ကြည့် ကြတော့ ကျမတို့ ကုန်ရကျိုးနပ်တယ်ပဲ ပြောရမှာ ပါ။

တကယ်က ကျမတို့မှာလည်း ရှိလို့လုပ်ပေးရတာ မဟုတ်ပါဘူး။ ဒါကို နိုင်ငံခြားမှာ အလုပ်လုပ် နေကြသူတိုင်း သိကြပါလိမ့်မယ်။ လကုန် ရင် စီပီအက်ဖ် ဖြတ်၊ ဟိုဖြတ် ဒီဖြတ်၊ စလုံးက ဝင်ငွေခွန်ဖြတ်၊ သာရေး နာရေး၊ လစဉ် အလှုအတန်းနှုတ်၊ အိမ်ငွေလွှဲတာနှုတ်၊ ပြီးပြန် တော့ မြန်မာသံရုံးကနေ အစိုးရ မင်းများထံ ကျနော်/ကျမတို့ရဲ့ ချွေးနှဲစာထဲက ၁၀% ကို နိုင်ငံနှင့် လူမျိုးအတွက် ချစ်ခြင်းအားဖြင့် အခွန်ထမ်းဆောင်ခွင့်ပြုပါ ခင်ဗျာ/ရှင် လို့ ကြင်နာစွာ လျှောက်ထားပြီး အခွန် ထမ်းဆောင်ရသေးတာကလား...။ ကျားကြီး ခြေရာကြီး ဆိုသလို အနေကြာတာနဲ့ အမျှ ကုန်စရာတွေကများလာ၊ အမြီးနှုတ်၊ ခေါင်းနှုတ်ပြီးတဲ့အခါ ကျမတို့မှာ တလလုပ်မှ တလစားရတဲ့ ဘဝ ရောက်သွားပါတော့တယ်။

ဒီလိုနဲ့ မရေတွက်နိုင်တော့တဲ့ အခါများစွာမှာ လိုအပ်လာတဲ့အခါ ဆွေရယ် မျိုးရယ်ဆိုတဲ့ သံယောဇဉ်နဲ့ တတ်နိုင်သလောက် ပခုံး ဝင်ထမ်း ပေးခဲ့တာပါပဲ။ ကျမဘက်၊ ယောင်္ကျားဘက် ဘယ်အမျိုးမဆို အကူအညီ တောင်းခံလာတဲ့အခါ တိုင်တိုင်ပင်ပင်နဲ့ လုပ်ပေးသင့်တာမှန် သမျှ လုပ်ပေးခဲ့ကြတာပါ။ အမျိုး မှ မဟုတ်ပါဘူး သူစိမ်းတောင် ဆက်စပ်လာလို့ လုပ်ပေးသင့်တယ် ထင်ရင် လုပ်ပေးခဲ့တာပါပဲ။ အထူး သဖြင့် ကလေးတွေ ပညာရေး၊ ကျန်းမာရေး နဲ့ သက်ကြီး ရွယ်အိုတွေအတွက် လိုအပ်တဲ့ အကူအညီတွေမှာပေါ့။

အဲဒီနေရာမှာ ပြောစရာရှိတာက လူ့စိတ်ပါပဲ။ ကျမရဲ့ စိတ်ပေါ့လေ...။ နဲနဲပါးပါး ပေးလိုက်ရ တဲ့အခါတွေမှာ မထောင်းသာပေမဲ့ များများ စားစားပေးရတဲ့ အခါမျိုးတွေမှာ နင့်ကနဲ ကျန်နေ ခဲ့တတ်တယ်။ ကျမစိတ်ကို ကျမ ပြန်ကြည့်တဲ့အခါမှာ နှမျောလိုက်တာ ဆိုတဲ့ စိတ်က လေး ဖြစ်ကျန်နေခဲ့တာ တွေ့တွေ့ နေရပါတယ်။ ဒါကြောင့် ကျမဟာ perfect saint မဟုတ်သေး၊ မဖြစ်နိုင်သေးတာ သေချာပါတယ်။ လက်တွေ့မှာ ကိုယ့်ရှိတဲ့ အထဲက ခွဲပေးဖို့ဆိုတာ ကိုယ် တတ်နိုင်တဲ့ ပမာဏကို ချင့်ချိန်ပြီးမှ ပေးတာ အကောင်းဆုံးပါပဲ။

ကိုယ်ရော စိတ်ပါ လိုလိုလားလား ကြည်ဖြူတတ်ဖို့ ကျမ ကြိုးစားရပါအုံးမယ်။ တကယ်တမ်း ကျတော့ "သစ်တပင်ကောင်း ငှက်တစ် သောင်းနား" ဆိုတဲ့ ထဲမှာ ငှက်တစ်သောင်းထဲက တကောင်ဖြစ်ဖို့ လွယ်သလောက် သစ်ကောင်းတပင် ဖြစ်ဖို့ဟာ အင်မတန် ခဲယဉ်းပါ တယ်။

ကြားဖူးကြပါလိမ့်မယ်...ဆရာတော်ကြီးတပါး အလှုအိမ်မှာ ဆွမ်းဘုဉ်းသွားရင်း အပြန်မှာ ဖိနပ်ပျောက်သွားသတဲ့။ အဲဒီမှာ ဆရာတော်ကြီး မိန့်တော်မူ လိုက်တာက "ဟဲ့ ရှက်စရာ တိုးတိုး ပြောကြစမ်းပါ ငါ ခု ဖိနပ်ပျောက်တာဟာ အရင်ဘဝတွေတုန်းက ငါ သူများဖိနပ် ခိုးခဲ့ဖူး လို့ဟ" တဲ့...။

ကျမတို့ ခုလို အားလုံး အပေါ် ပေးဆပ်နေရတာဟာ ဟိုးဘဝတွေတုန်းက သူတို့ဆီက အများကြီး ယူခဲ့လို့နေမှာ...။ တကယ်က အဲသလို ကြွေးဟောင်းဆပ်နေရတာကို သိလို့ ကိုယ်ပြန်ပေးနေရတာတွေကို သိတ်မပြောပြချင်ဘူး။ သို့သော်လည်းပေါ့လေ ပွဲထဲက လူပြက်များ ပြက်သလိုပေါ့ ရှက်လွန်းလို့ ပြောကို မပြောချင်ဘူး ခုမှ လူစုံတုန်း ချပြရတာ ဆိုသလို....။ ကျမလည်း ပြောပါရစေ...ရှက်လွန်းလို့ မပြောဝံ့ တာ ခုမှ လူစုံတုန်း ဘလော့ဂ်ပေါ် ချပြရတာလို့လေ....:)


29 comments:

ဇွန်မိုးစက် said...

အင်း...အစ်မပြောတာ မှန်တယ်။ ငှက်တစ်သောင်းထဲက တစ်ကောင်ဖြစ်ဖို့ လွယ်သလောက် သစ်ကောင်းတစ်ပင် ဖြစ်ဖို့ရာ မလွယ်ဘူး။
အဖွားနဲ့ဦးလေးအတွက် အထောက်အပံ့ပေးတိုင်း အဲဒီ့စကားပုံကို ခဏခဏရေရွတ်ပြီး ကြည်နူးမိတယ်။ သစ်ကောင်းတစ်ပင်လည်း ဖြစ်ချင်ခဲ့လိုက်တာ အရမ်းပဲ။ ငယ်သေးလို့ထင်ပါရဲ့ အစ်မလို ကြည့်ရှုစောင့်ရှောက်စရာ တူ၊ တူမတွေ မရှိသေးဘူး။

ကဲပါ...ရှက်မနေပါနဲ့။ ဒီဘ၀မှာသာ အကျေဆပ်ပလိုက်တော့။ :D

မောင်ဘကြိုင် said...

အစ်မအားတင်းထားဗျို့း)

သက်ဝေ said...

ပေးချင်တဲ့ Message အမှန်ကို လာယူသွားပါတယ်...
ဖတ်ပြီး တချိန်လုံး ရယ်နေရတယ်...
ပေါ့ပေါ့ပါးပါးရေးတတ်ပါ့...း))

♥ကိုဇော်♥ said...

အခုမှပဲ အလုံးစုံ အဆုံးသတ် ရေးမယ်ဗျာ။
သူငယ်ချင်းတစ်ယောက်. . .အင်း . .သူငယ်ချင်း ဆိုပါတော့လေ :P
သူက မိန်းကလေး. . သူက ပြောဖူးတယ် ကျနော့်ကို. . .
နင်နော်. . ငှက်တစ်သောင်းနားနိုင်ဖို့ အရင် မကြိုးစားနဲ့တဲ့။
ကိုယ်တိုင်က သစ်တစ်ပင် ကောင်းအောင် အရင် ကြိုးစားတဲ့. .
သစ်ပင် မကောင်းမှတော့ တစ်သောင်း မပြောနဲ့ နှစ်ကောင်တောင်မှ နားလို့ ရမှာ မဟုတ်ဘူး . ကျိုးကျမှာ တဲ့လေ။
အမ နောက်ဆုံးမှာ ပြောခဲ့သလိုပါပဲ။
ကျနော်လည်း ဘယ်တုန်းက ဝဋ်ကြွေးတွေလည်း မသိပါဘူး။
သူများအပေါ်လည်း ဒီဘဝမှာ မကောင်းတာ မလုပ်ဖူးပါဘူး။ ဒါပေမဲ့ အရင်ဘဝက အတိတ်တွေကိုတော့ စာအိတ်ပိတ်ပြီးကို ဆပ်နေရတယ်။
အင်း. . .သူများတွေက ပြုပြင်ဆဲယာဉ် တဲ့ . .
ကိုယ်က “ ပြုပြင်မဆုံးယာဉ် ” ဆိုတာလိုများ ဖြစ်နေပြီလားပဲ။

မြစ်ကျိုးအင်း said...

ကြွေးဟောင်းတွေ ကျေဖို့ နီးလာပြီပဲ မှတ်ပါ အစ်မရေ
အဆင်ပြေသွားတာ ကြည့်ပြီး ကြည်နူးရတာလည်း အရသာ ပဲ မဟုတ်လား

ဝေလင်း said...

ဘာပြောရမှန်းကိုမသိတော့ဘူး.....
အစ်မပြောသလို သစ်ကောင်းတစ်ပင်တော့ ဖြစ်ချင်မိပါတယ်။ လွယ်တာတော့ မလွယ်တာလည်း အမှန်ပဲ..။ ခုတောင် အစ်မပို့စ်ကို သက်ပြင်းလေးချလိုက် ခါးပုံစလေး နဖူးတို့လိုက် ယပ်ကလေးခပ်လိုက် ရေလေးသောက်လိုက်နဲ့ ဖတ်ရတာ။ ဒါတောင် သူများအဖြစ်လေး ဖတ်ရုံပဲရှိသေးတာ။ ကိုယ့်အလှည့်ကျ အသက်လည်းမရှူနိုင်၊ ပုဆိုးမနိုင် ပ၀ါမနိုင်၊ ယပ်ခပ်ဖို့နဲ့ ရေသောက်ဖို့တောင် မတတ်နိုင်မှစိုးရ..
ကြောက်တယ်..... :)

ဂျူနို said...

ကြည့်ရှု့စောက်ရှောက် ပေးကမ်းရတဲ့ခါတွေမှာ နားမလည်တတ်တာ အလိုက် ကမ်းဆိုး မသိတတ်တာတွေ ကြောင့် စိတ်ညစ်ရတာတွေလည်း ကြုံရပေမယ့် မအယ်ကတော့ နိုင်ငံခြားရောက်နေတဲ့သူတွေက မိဘဆွေမျိုးတွေကို ထောက်ပံ့ရတာ တဖက်ကလည်း အကူအညီတွေ တောင်းဆိုနေတာ လုံခြုံအာမခံတဲ့ လူနေမှု စနစ် မအယ်တို့ တိုင်းပြည်မှာ မရှိလို့ပဲ လက်ခံတယ်။

တခြားနိုင်ငံတွေမှာ မိသားစုဝင် တယောက်ယောက် အလုပ် မရှိရင် ကျန်တဲ့လူက ထောက်ပံ့ရတယ်မှ မရှိတာ။ အခွန်သိမ်းထားတဲ့ အစိုးရက ကြည့်ရှု့ စောက်ရှောက်ကြတယ် မလား။


မအယ်

Anonymous said...

သုသုက ဟိုနှစ်ကောင်ရဲ့သမီးလေးလား၊
အကြီးဆုံးတူမလေးလား
အစ်မကြီး အမိရာတဲ့.. အားတင်းထား။
း)
mm

မောင်မောင် said...

သြော် လူစုံတုန်း ဘလော့ဂ်မှာ ရင်ဖွင့်ထားပါလား။ :P
နဲနဲ တော့ ပေါ့ပါးသွားမယ်ထင်ပါ့။
ကျွန်တော်လည်း ကိုယ့်အထက်ကအစ်မကြီး လုပ်ပုံ ရင်ဖွင့်မလို့ ကြံနေတုန်းဗျ။ ဒ်ါပေမယ့် မကောင်းပါဘူးလေ ဆို ပြီး မရေးဖြစ်ပါဘူးဗျာ။
ခါးစည်းပြီးတော့ပဲ ခံလိုက်တော့တယ်။ :D

ကိုလူထွေး said...

ကိုလူထွေးဆီမှာ “သစ်ကောင်းအိမ်” ဆိုပြီး ကဗျာဖတ်လိုက်ရတယ် ဘာညာ ကွိကွ ဆိုပြီး ဘယ်သူမှလည်း လာမပြောကြဘူး...

းD

Moe Cho Thinn said...

မမရဲ့ ဘီးဇီးနက်စ်ဝူးမန်းကြီး နဲ့ မိတ်ဆက်ပေးပါ။ ခင်ချင်လွန်းလို့ပါ။ :))

မအယ် ပြောတာ သဘောကျလိုက်တာ..

Nge Naing said...

မချစ်ကြည်အေးရေ ကျွန်မကတော့ ဘာမှ သွေးမတော် သားမစပ်၊ ဘယ်တုန်းကမှ မမြင်ဖူးမတွေ့ဖူးဘဲ ဒုက္ခရောက်နေတယ်ဆိုလို့ ကြားသိလိုက်ရလို့ ပေးကမ်းစွန့်ကျဲ၊ လှူဒါန်း ကူညီလိုက်ရတာ အားလုံးအတွက် ကုသိုလ်ရတယ်။ အဲလို ကူညီလိုက်ရတာ တိုးတက်သွားတာ၊ အဆင်ပြေသွားတာ တွေ့လို့ ပျော်လည်းပျော်ပါတယ်။ ဒါပေမဲ့ မပေးခင်က ဒုက္ခထက် ပေးပြီးမှ ဖြစ်လာတဲ့ ဒုက္ခတွေက ကြီးကြီးလာတတ်ပြီး ဘယ်တော့မှ ဖြည့်လို့မပြည့် ရလေလိုလေ ဖြစ်ကြတဲ့ ဆွေမျိုးတွေ အတွက် လုပ်ပေးရတာကတော့ ကုသိုလ်ထက် အကုသိုလ်က ပိုရပြီး မလွဲသာမရှောင်သာလို့ လုပ်ပေးရတာက ပိုများနေတော့ မချစ်ကြည်အေးပြောသလို စိတ်ထားတတ်ဖို့ အနည်းကြိုးစားရဦးမှာ အမှန်ပဲ။

မာမာ said...

အစ်မရေ.. ပေးရတယ်ဆိုကတည်းက.. ယူရတဲ့ ဘ၀ထက်သာလို့ ပေါ့ ...ကျေနပ်ပျော်ရွှင်နိုင်ပါစေ... ကျွန်မကတော့ ပေး ရ တဲ့ ဘ၀ ကိုပိုပြီး မက်မောပါတယ်...

Thant said...

ဟိုးတုန်းက သူငယ်ချင်းရဲ့ရေးပေးပါစာအုပ်ရဲ့ မေးခွန်းလေးတစ်ခုမှာ ငှက်တစ်သောင်းနားနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ဖြစ်ချင်တယ် လို့ ရေးခဲ့ဖူးတယ်..။ အခုလဲ ကြိုးစားနေဆဲပါပဲ...။ တချို့တလေကိုတော့ ဒီဘက်နားကဝင် ဟိုဘက်နားကပြန်ထွက် လုပ်နေတယ်...။ နားနှစ်ဘက်ရှိတာ အလကားထားဖို့မှမဟုတ်တာ.... :)

Vista said...

အင်း ...ဘာကျောရမလည်းတောင်မသိဘူး ဟိဟိ။
အနော်တို့ ကတော့ ..အငယ်လည်းအငယ်ဆုံး ..အကြီးတွေက ကိုယ့်ထက်ပိုက်ပိုရှိလို့ ဒါတွေမသိတာနေမယ်။ တူမကျောင်းလာနေမယ်ဆိုရင်တောင် ကိုယ်ကဘာမှပေးစရာမလို တဲ့အပြင် အိမ်ဖော်ပါထည့်ပေးလိုက်မှာ ဟားဟား။

Anonymous said...

understand your feelings.
In SG, we struggle alot but relatives in Myanmar don't know how we struggle. What they know is we stay in oversea, earn alot.

Anonymous said...

When I read this post, I remember Ko Andy's post.
http://wesheme.blogspot.com/2009/05/everyoneishappy.html

မေဇင် said...

မှန်ပါ့ မှန်ပါ့...မမကြီးရေ....။ ကိုယ့်မိသားစု အတွက်ပဲဆိုရင်တော့ ..သစ်ကောင်းတစ်ပင်ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်..ဒါပေမယ့် ဆွေမျိုး ဆိုတဲ့ ငှက်တွေက များတော့... သစ်ပင်လဲ အမြစ်က ကျွတ်ပြီး လဲလုလဲခင်....။

အင်ကြင်းသန့် said...

သြော်...ဘာပဲပြောပြော မမရယ် ဒါတွေအားလုံးက ကုသိုလ်တွေချည်းမို့လား...အဲဒီကုသိုလ်တွေရဲ့ ကောင်းကျိုးတရားကို ငါ့အစ်မ ကောင်းကောင်း ပြန်စံစားရမှာပါ...

ဂျင်ဂျင်း

သဒ္ဓါလှိုင်း said...

မကြီးချစ်ရေ..ကြွေးဟောင်းဆပ်ခွင့်ရတာကိုကမကြီးရဲ့ကုသိုလ်ပါ..။
မကြီးချစ်ရဲ့စေတနာတွေက အထောက်အပံ့တွေပဲပေါ့..။

ခင်တဲ့
သဒ္ဓါ

khet myint myint said...

မခေါ်ချင်လို့ရပေမယ့် မတော်ချင်လို့မရဘူး ဆိုတာရှိတယ် မဟုတ်လား အန်တီချစ်ရဲ့.. :)

ခမမ

Anonymous said...

ကျနော့ ကြီ:မေ ပြောသလို "ဒို့က တော့ အမြဲတန်: လက်ဖမိုး ဘဲ ဖြစ်ချင်တယ်။ လက်ဖဝါး ဒေါ့ မဖြစ် ချင်ဘူး" ဆို သ လို မ ချစ်ကြည် လဲ ကိုယ် က လက်ဖမိုး ဖြစ် ရ ဒါ ကိုယ် က ရှေးကု သိုလ် ကောင်းခဲ့တယ် လို့ဘဲ သ ဘော ထား လိုက် ပါ။ :)

Anonymous said...

မချိမဆန့် အားမတန်အောင် ထောက်ပံ့နေရတာကို ကုသိုလ်ရပါတယ်လို့ အတင်း အဓမ္မ ကိုယ့်ကိုကိုယ် နှစ်သိမ့်ရတာလည်း ထုံးတမ်း စဉ်လာ တခု ဖြစ်နေပြီ။

စနစ်ရဲ့ သားကောင်ဖြစ်ရတဲ့ ဘဝကို ရင်နာပါတယ်။


ငရုတ်ဆုံ

TZA said...

အမည်မသိတစ်ယောက်ရေးသွားတဲ့ လက်ဖမိုးပဲဖြစ်ချင်တယ် ဆိုတာကို အရမ်းသဘောကျပါတယ်၊ ပေးကမ်းစွန့်ကြဲခြင်းဟာ တပါးသူဆီက ရယူခြင်းထက် ပီတိဖြစ်ရပါတယ် (တဲ့)။

ကိုချစ်ဖေ said...

အော်.ဒီလိုပါပဲဗျာ.ကိုယ်မတတ်နိုင်တာမျိုးဆိုတော့လဲ ကြည့်နေရတာပါပဲဗျာ မကြည့်ချင်တာတွေကို ကြည့်နေရတော့လဲ တော်တော်ခက်သား..တတ်နိုင်လို့ပေးခွင့်ရတာ ကို ၀မ်းသာသွားပါတယ်မချစ်ကြည်အေးရေ..

Anonymous said...

အမချစ်ကြည်
ဒီထက်ပိုကြည့်နိုင်ပါစေ ပေးနိုင်လို့ ပေးရတယ်မှတ်ပါနော် သူများတွေဆို ပေးချင်လို့တောင် မပေးနိုင်ဘူး

ခင်တဲ့
seesein

SHWE ZIN U said...

ချစ်ကြည်အေး ရေ

အားလုံးအဆင်ပြေနိုင် ပါစေလို့
ကြည့် ကျက်လုပ် ပေါ့

ရွှေစင်

mg lay said...

အစ်မရေ.... ဆရာတော်ဦးသုမင်္ဂလဟောသလို ကိုယ်ကအကြောင်းမှမကောင်းခဲ့တာ၊ကိုယ်တတ်နိုင်သလောက်ပေး၊မတတ်နိုင်တော့လည်းကြည့်နေလိုက်ပေါ့အစ်မရယ်.....များများစားစားပေးလိုက်ရရင်၊ ရင်ထဲနင့်ကျန်ခဲ့တယ်ဆိုတာတော့ မှန်ပါ့ဗျာ။ကျွန်တော်လည်းအဲလိုပဲဗျ။

ရွှေရတုမှတ်တမ်း said...

မယ်ချစ်ရေ..သိတ်နေမကောင်းလို့..ခုမှရောက်ရ..
ဘာမှမပြောတော့ပါဘူး

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်