Monday, May 10, 2010

သစ်ကောင်းတစ်ပင်-၁

"ဉာတကာနဉ္စ သင်္ဂဟော" တဲ့ ဆွေမျိုး ဉာတကာ တို့အား ပြုစုလုပ်ကျွေး စောင့်ရှောက်ခြင်း သည် မင်္ဂလာတစ်ပါး မည်ပါသတဲ့။ ကျမက ဒါကို လုံးဝ လုံးဝ လက်ခံ ကျင့်သုံးခဲ့သူ တစ်ယောက်ပါ။

အဲဒီကနေ တဖြည်းဖြည်းနဲ့ အေးလေ...မင်္ဂလာတစ်ပါးပါပဲ...။ မင်္ဂလာရှိပါတယ်ဟယ် ပေးလိုက် ပါ...။ အင်း မင်္ဂလာတော့ မင်္ဂလာပေါ့ လေ...။ အေးဟေ့ မင်္ဂလာရှိတယ်ပဲ မှတ်လိုက်ပါ့မယ်...။ နောက်ဆုံးကျတော့ သောက်မင်္ဂလာဟေ့ ယူကြ ယူကြ လို့ ထအော်ဟစ် ရတော့မလိုကို ခံစား ခဲ့ရဖူးပါတယ်။

ဆွေမျိုးတွေနဲ့ ပါတ်သက်ရင် ကျမ ခပ်ငယ်ငယ် အပျိုပေါက် အရွယ်လောက် ကတည်းက ခါးသီးခဲ့ဖူးတယ်။ အမေ့ အကိုဝမ်းကွဲ ကျမ ဘကြီးက နတ်က တော်၊ သူ့ဟာနဲ့သူတော့ နာမည်ကြီးပါပဲ အဲဒါကို သူ့ဟာသူ နတ်ကနေတာ အကောင်း၊ အမေ့လာပြီး ဆိုင်းဝိုင်းထောင် ခိုင်းတယ်။ နတ်ဆိုင်းဝိုင်းက ဘယ် လောက်ရင်းရင် ရတယ်၊ နတ်ရာသီတခု လိုက်ပြီးအငှား တီးပေးရင် ဘယ်လောက်ကျန်တယ် ဘာ ညာပေါ့။

ဒါနဲ့ အမေကလည်း နားမလည် ပါးမလည်နဲ့ သူ့အကိုစကား နားယောင်ပြီး ဆိုင်းဝိုင်းကြီးဝယ်၊ နတ်ဆိုင်း ထောင်ပါတော့တယ်။ အဲဒါ တခါ တည်း ဆိုင်းဝိုင်းကြီးကို ဘကြီးလက် ဝကွက်အပ် လိုက် တော့တာပါပဲ။ ဘကြီးကတော့ အင်မတန် အဆင် ပြေတာပေါ့လေ ဆိုင်းဝိုင်း အပိုင်နဲ့ နတ်ကတော်ဟေ့ ဆိုပြီး အတော့်ကို မာန်တက်ခဲ့တော့တာ၊ နှမဆိုင်းဝိုင်း သူ့ဆိုင်းဝိုင်းကိုး...။

ပထမတော့ တပွဲကပြီးတိုင်း အမြတ်ငွေ ဘယ်လောက်ဘာညာနဲ့ လာအပ်သား...။ နောက်ပိုင်းလည်းကျရော ပွဲမကရဘူး၊ ပတ်စာ ထည့်ဖို့၊ ပစ္စည်းလဲ ထည့်ဖို့....ဖို့...ဖို့တွေ အများကြီးနဲ့ ပြန်အပ်ငွေ နည်းလာတော့တာပါပဲ။ နောက်ဆုံးတော့ ကိုယ်တိုင်လည်း မလိုက်နိုင်၊ နားလည် တဲ့ စီးပွားရေးလည်း မဟုတ်ခဲ့တော့ အရှုံးခံပြီး ပြန် ရောင်းပစ်ခဲ့ ပါတော့တယ်။

အမေ့ဘက်က အကိုပြီးပြန်တော့ တခါ အဖေ့ဘက်က အကို။ သူက အငှားကားမောင်းတယ်။ အဖေ့ကို ငါ့ညီ ကားတစီးဝယ်ကွာ အကို မောင်းပေးမယ်။ အုံနာခ တနေ့ ဘယ်လောက် ပြန်ရ မယ်၊ ဘယ်နှနှစ် ကြာရင် အရင်းကျေမယ် ဆိုပြီး မစားရ ဝခမန်း ပြောပြန်ပါတယ်။ တကယ်ပါ ကျမ အဖေအမေတွေက သိတ်ယုံလွယ်သူတွေပါ။ အဖေလည်း သူ့အကို စကားနားထောင်ပြီး ပစ်ကပ်ကားတစီးဝယ်ပြီး အကို့ လက်အပ်ပြန်ပါတယ်။

ဒီနေရာမှာ မေးစရာရှိ တာက ကျမအဖေကိုယ်တိုင် ဘာလို့ မလုပ်သလဲဆို တာပါ။ အဖေက ကျမ တနှစ်သမီး ကတည်းက သင်္ဘောလိုက် ခဲ့တာမို့ အဖေ အိမ်မှာရှိချိန် အင်မတန် နည်းပါ တယ်။ ဒါ့ကြောင့် အိမ်မှာ ကျန်ခဲ့တဲ့ ကျမတို့ သားအမိတွေကို ဆွေမျိုးတွေနဲ့ စိတ်ချစွာ အပ်နှံထားခဲ့ချင်တဲ့ ဆန္ဒနဲ့ တူပါရဲ့။

ထုံးစံအတိုင်းပေါ့လေ ပထမပိုင်းတော့ ဟုတ်မလိုလိုနဲ့ နောက်တော့လည်း အဖျားရှူးသွားပြန် တာပါပဲ။ ကျမ အဲဒီတုန်းက ၈တန်းရှိပါ သေးတယ်။ စိတ်ထဲမှာတော့ ငါတို့နှယ် တရုတ်ကား ကြည့်နေရသလိုပါပဲလား တယောက်လာလည်း လူစွမ်းကောင်း၊ နောက်တယောက် ထွက်လာလည်း လူစွမ်းကောင်းနဲ့ ငါတို့သာ ပါးပါးလှီး ခံနေရတာပါလား လို့ သဘောပေါက် လာပါတယ်။

တခါ အမေ့မောင်တွေ...ကျမ ဦးလေးတွေ အလှည့်ရောက်လာပြန်ပါတယ်။ ဦးလေးတွေက အိမ်ထောင်သာ ကျသွားရော အမဖြစ်တဲ့ ကျမအမေဆီက လက်ဖြန့်တောင်းတုန်းပါ။ ကျမ ဘယ်လိုမှ ခံစားလို့ မရခဲ့ဘူး။ အဲဒီအချိန်မှာတော့ ကျမက တက္ကသိုလ် တက်နေပါပြီ။ ဘယ့်နှယ် အဖေ့မှာ ဟိုးပင်လယ် ထဲ ပင်ပင်ပန်းပန်း သွားအလုပ်လုပ်နေရတာ၊ အဲဒီကရတဲ့ ပိုက်ဆံ အမေ့လက်ထဲကနေ ဦးလေးကို ထောက်ပံ့ရမှာ ကျမ ဘယ်လိုမှ မပေးချင်ခဲ့ဘူး။ အဖေ့ကို သနားနေမိတယ်။ အမေကတော့ သူ့မောင်တွေလာရင် ရှိတာတွေ ချကျွေးရုံ တင်မကဘူး အပြန်မှာ လက်ထဲ ပိုက်ဆံထည့်ပေးလိုက်သေးတာ ပါ။

အမေက မောင်နှမ ၅ယောက်မှာ တဦးတည်းသော အကြီးဆုံး သမီး၊ သူ့အောက်က မောင် ၄ ယောက်ကို ထိန်း ရင်း ကြီးခဲ့ရတာဆိုတော့ သူ့မောင်တွေကို သံယောဇဉ်ကြီးပြီး အရမ်းညှာ တယ်။ သူကိုယ်တိုင်လည်း နဲနဲ ယောင်္ကျားဆန်ချင်တယ်။ ကျမကတော့ အဖေ့ သနား တာနဲ့ အဖေ့လုပ်စာထဲက သူ့မောင်တွေကို အမေ ပေးကမ်းနေတာတွေကို မရှူစိမ့် ဖြစ်ခဲ့ဖူးတယ်။

တခါ အမေနဲ့ ကျမ စကားများရတယ်။ အတိအကျ မမှတ်မိပေမဲ့ ဖြစ်ပုံက ကျမ လိုချင်တာ ဝယ်မပေးလို့ အမေ့ကို ငေါ့တာပါ။
"အမေက သမီးလိုချင်တာကျတော့ မဝယ်ပေးပဲနဲ့ အမေ့ မောင်တွေချည်း ဖို့နေတာပဲ" အဲဒါ ကျမ အမေ့ကို မကျေမနပ် ပြောခဲ့တဲ့ စကားပါ။ ဘာပြော ကောင်းမလဲ မီးဖိုထဲက ယောင်းမ တချောင်း ကျိုးတဲ့အထိ ကျမ အရိုက်ခံရ ပါတယ်။ အဲဒီတုန်းက ကျမ ကျောင်းပြီးကာစ အသက် အစိပ် တောင် ရှိနေပါပြီ။

ခေါင်းမာတဲ့ ကျမက မျက်ရည်တစက်မထွက်ပဲ အမေ ရိုက်တာကို ပေခံခဲ့တာ။ ပြီးမှ ခြေသလုံး က အရှိုးတွေကို အဖွားက ဆနွင်းသိတ် ပေးပါတယ်။ အမေ ရိုက်တုန်းက မထွက်ခဲ့တဲ့ မျက်ရည်ဟာ အဖွားရဲ့ "နင် ငါ့မြေးကို အဲလောက် တောင် နာအောင် ရိုက်ရသလားဟယ်" ဆိုတဲ့ အမေ့ကို ဆူတဲ့ စကားအကြား မှာတော့ မျက်ရည်ပေါက်ပေါက် ကျအောင် ဝမ်းနည်းခဲ့ရပါတယ်။ အဲဒီတုန်းကတည်းက ကျမကိုယ် ကျမသိခဲ့တာ အသားနာလို့ကတော့ နာပါစေ စကားတခွန်းရဲ့ အထိအရှကိုသာ ရင်ထဲမှာ မခံစားနိုင်ခဲ့တာ။ အမေ ခဏခဏ ပြောဖူးတယ် မောင်နှမ အားလုံးထဲမှာ ကျမက အရိုက်ခံရဆုံးတဲ့လေ။

ခုတော့ ကျမကိုယ်တိုင် အမကြီး အမိအရာ ဆိုသလို အရွယ်လေးရလာတော့ အမေ့နေရာ ကနေ ကြည့်တတ်၊ ကြည့်တတ်တော့ မြင်တတ် လာပါတယ်။ ကျမအောက်က မောင်လေး ညီမလေးတွေကို ပြန်စောင့်ရှောက်ဖို့၊ သူတို့မပြေလည်ရင် ပေးကမ်းဖို့ အလိုလို နားလည်တတ် ခဲ့ပါပြီ။ ဒါပေမဲ့ ဘကြီး နှစ်ယောက်ရဲ့ ကျမတို့အပေါ် ဆိုးခဲ့တာတွေကိုတော့ ခုထိ နားမလည် နိုင်သေးပါဘူး။ တရားသဘောနဲ့ ကြည့်ပြီး အရင်ဘဝတွေက အကြွေးတွေ ဆပ်ခဲ့ရတယ်ပဲ မှတ်ရတော့မှာပါ။

ကျမတို့မှာ သားထောက်သမီးခံ မရှိလေတော့ မောင်နှမတွေကို ထောက်ပံ့တိုင်း အမေ့ကို ပြန်ငေါ့ခဲ့သလို ငေါ့မဲ့ ကျမလို သမီးဆိုးတ ယောက် မရှိခဲ့တာ ကျမကံကောင်းတယ်ပဲ ပြောရတော့မှာပါ။ တခါ အဲဒီလို ကလေးမရှိ တာကိုက မောင်နှမတွေ အားလုံးမွေးထားတဲ့ ကလေး ကိုယ့်ကလေးဆိုသလို အားလုံး ရဲ့အရေး တို့အရေး လို့ ဆိုရမဲ့ အပေါက်ပါ။ တခုခုဆို သူတို့က ကလေးလည်း မရှိ၊ လင်မယား နှစ်ယောက်လုံးလည်း နိုင်ငံခြားမှာ အလုပ် လုပ်နေကြတာ ဆိုတဲ့ တံဆိပ်ကြီးကြီး အကပ်ခံလိုက်ရတဲ့အခါ ကျမတို့ လင်မယားနှစ်ယောက် ဟာ လူစင်စစ်ကနေ အလိုလို ငွေထုပ်စက်တွေ ဖြစ်သွားခဲ့ပါတော့တယ်။




ရေးရင်းနဲ့ ပိုစ့်အရမ်း ရှည်သွားမစိုးလို့ နှစ်ပိုင်းခွဲလိုက်ရပါတယ်...တင်တဲ့အခါ လာဖတ်ကြပါအုံးနော်....:)

39 comments:

သက်ဝေ said...

ပထမပိုင်းကို ဖတ်တော့ ပြုံးစေ့စေ့နဲ့ပေါ့...
တဖြည်းဖြည်းနဲ့ မပြုံးနိုင်တော့ဘူး...
နောက်ဆုံးစာကြောင်းတွေ အရောက်မှာတော့ ခေါင်းကို တွင်တွင်ခါယမ်းပြီး ပြန်သွားပါပြီ...

ကိုယ်တို့မှာလဲ အဲဒီလိုမျိုး တံဆိပ်ရှိပါတယ်...း))

Moe Cho Thinn said...

မမရယ်.. မင်္ဂလာ လို့ပဲ သဘောထားလိုက်ပါလေ..

ချိုသင်းကတော့ သူစိမ်းတောင် သိပ်ခင်တတ်တာ၊ အမျိုးတော့ ဘာပြောကောင်းမလဲ။ ခင်လိုက်ရတာ မပြောပါနဲ့တော့ ဆိုတဲ့ အစားကတည်းကပါပဲ။ ဒါပေမဲ့ ကိုယ်ကောင်းပေမဲ့ သူမကောင်းတဲ့အခါ လန့်ပြီး တတ်နိုင်သမျှ မပတ်သက်အောင်ပဲ နေပါတယ်။ တကယ့်ကို ကြိုးစားပြီး နေပါတယ်။ အကြည်ဓာတ်လေး ပျက်မစိုးလို့ပါ။ ကိုယ့်ကိုယ်ကို ပြန်ချစ်တာပါ။ သူတို့အတွက်နဲ့တော့ စိတ်ကို အညစ်ခံ မနေတော့ပါဘူး။ ပြတ်လွန်းလို့ အမတွေကတောင် ပြောယူရတာမျိုးပဲ မမရေ..

မောင်မိုး said...

ဆွေမျိုးတွေကို မုန်းတဲ့အထဲမှာ ကျနော်လည်း ပါသဗျာ။ အခုအချိန်ထိ အဖေ့ရဲ့မိဘတွေကို အဖိုးအဖွားလို့ မခေါ်ဘူးသေးဘူး။ အမေ့ဘက်လည်း သိပ်မထူးပါဘူးဗျာ။

Rita said...

မင်းလူ စာသားတစ်ခု သတိရမိတယ်။

အမျိုးသမီးလုပ်သူက ယောက်ျားကို သူ့ဘက်က အမျိုးတွေအတွက် အကူအညီပေးခိုင်းတော့ " "သစ်တပင်ကောင်း ငှက်တသောင်းနားရတယ်" ဆိုတယ် မဟုတ်လား မောင်ရယ်" တဲ့။

"အေး အဲဒီ သစ်ပင်ကြီးကို ကြာရင် ထင်းဆိုက်သွားကြလိမ့်မယ်"

"အို မောင်က ကျွန်းပင်ကြီးပဲဟာ။ ဘယ်နှယ့် ထင်းဆိုက်ရမှာလဲ"

အဲဒီမှာ သားလုပ်သူက ဝင်ပြောတယ်။

"ဖေဖေက ကျွန်းပင်ကြီးလား၊ ဟာ... ဒါဆို သင်္ဘောကြီးစီးပြီး နိုင်ငံခြားသွားရမှာပေါ့။ ပွတာပဲ" တဲ့။

:D

ဘာမှ မဆိုင်ပါဘူး။ ဝင်ပွားကြည့်တာ။

ဧပရယ်လ်ပူး@ပူးတေ said...

သူတို့က ကလေးလည်း မရှိ၊ လင်မယား နှစ်ယောက်လုံးလည်း နိုင်ငံခြားမှာ အလုပ် လုပ်နေကြတာ ဆိုတဲ့ တံဆိပ်ကြီးကြီး အကပ်ခံလိုက်ရတဲ့အခါ ကျမတို့ လင်မယားနှစ်ယောက် ဟာ လူစင်စစ်ကနေ အလိုလို ငွေထုပ်စက်တွေ ဖြစ်သွားခဲ့ပါတော့တယ်။

သဘောကျသွားတယ်.... :D နောက်ကနေ အဲဒီတံဆိပ်ကြီး အကပ်ခံဖို့ စောင့်နေရတဲ့ လူတွေလဲရှိပါတယ်...မမချစ်ရေ...

Vista said...

ဟင်...
Play on the safe side ဆိုတာတွေ ဒါကြောင့်တတ်ရမှာ....

Anonymous said...

Do you think your brothers and sisters will appreciate you? They all think you are " A Chin ".

Anonymous said...

:) မှန်လိုက်လေ
mm

Anonymous said...

“ဆွေမျိုးဒဏ်” အင်မတန်မုန်းဖို.ကောင်းတဲ.စကားလုံးဘဲ။
ဟုတ်တယ်၊ အဲ.ဒီဒဏ်ကတော်တော်.ကိုကြောက်ဖို.လဲကောင်းတယ်၊စိတ်ညစ်ဖို.လဲကောင်းတယ်။
ကိုယ်.ထမင်းကိုယ်စားပြီးတော.လေ။

အမရေးသွားတာကို ကောင်းကောင်းခံစားနိုင်ပါတယ်။
ကောင်းတဲ.ဆွေတွေမျိုးတွေလဲရှိမှာပါ၊ဒါပေမယ်. အမျိုးဆိုရင် တတ်နိုင်သမျှ ဝေးဝေးကနေ ခပ်ကင်းကင်းနေတာ အကောင်းဆုံးထင်ပါတယ်။

ဇွန်မိုးစက် said...

အမေဘက်က အမျိုးတွေနဲ့ အနေဝေးတော့ သိပ်ပြဿနာမရှိခဲ့ဘူး။ အဲ... အဖေဘက်က အမျိုးတွေဒဏ် အမေခါးစည်းခံခဲ့၊ ဇွန်တို့မောင်နှမနှစ်ယောက်လည်း ခံခဲ့ရတော့ တော်တော်စိတ်နာမိတယ်။ အခုတော့ အားလုံး ခပ်ကင်းကင်းပဲနေတော့တယ်။

ဆွေမျိုးထက် ရွှေမျိုးလို့ပဲ အခေါ်ခံထိုက်သူတွေလည်းရှိသေးတယ်။

ကြည့်ရှုစောင့်ရှောက်ရမယ့်အမျိုးနဲ့ ခပ်ကင်းကင်းနေရမယ့်အမျိုး နှစ်မျိုးဖြစ်နေတယ်။

Anonymous said...

မချစ်ကြည်အေးရေ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုသိုလ်တွေ စနစ်တကျ ဝယ်ယူထုတ်ပိုးနေသလို ဖြစ်ဖြစ်နေလို့ တော်ရုံကိစ္စ ခေါင်းထဲကော ရင်ထဲကော မထည့်နိုင်တော့ဘူး။ မခံစားနိုင်တော့လို့။


မအယ်

cho zin mya hlaing said...

Ma Ma,
I shared your post in my facebook coz i had experiences in my childhood same as u.

♥ကိုဇော်♥ said...

ကျနော့် အဖေက အမထက် ဆိုးတယ် အမရဲ့။
သူတို့တွေကြောင့်လည်း ကျနော်က ငရွတ် ဖြစ်လာတာ . .
ဒါပေမဲ့. . ပျော်ပါတယ်။
တံဆိပ်ဆိုတာ လက်မှတ်ထက်တော့ တော်သေးတယ် ထင်တယ်ဗျာ။

ကိုချစ်ဖေ said...

သြ.မချစ်ကြည်တို့လဲ မင်္ဂလာဖြစ် သစ်ကောင်း၂ပင်လဲအတူဖြစ်ရအောင် ကိုချစ်ဖေကို အဝေးရောက်ရီမုကွန်ထိုးနဲ့မွေးစားကြပါလားဟင်.နိုင်ငံခြားမှာရိုးရိုးသားသား မိဝေးဖဝေးကြိုးစားရှာထားသမျှတွေကို စာရင်းပျောက်အင်းပျောက်သုံးပေးချင်လို့ပါ..ဟဲ..

ဝေလင်း said...

အဲလိုပဲအစ်မရဲ့ ဆွေမျိုးတွေနဲ့ ဆက်ဆံရတာ သိပ်ခက်တာကလား..။ မခေါ်ချင်လို့လည်းမရ မတော်ချင်လို့လည်းမရ.။ အဖေတို့အမေတို့ကို ကြည့်ပြီး စိတ်တောင်ညစ်တယ်။ အခါတစ်ရာတစ်ထောင် ပေးခဲ့ဖူးပေမယ့် တစ်ခါလေးမပေးလိုက်ရင် အရင်က ကောင်းထားသမျှတစ်ရာ ရေစုန်မျှောရော.. စကတည်းက မပေးပြန်တော့လည်း အရင်တုန်းက ဒီလောက်မဟုတ်ပါဘူးအေ.. ခုမှမာနတွေကိုင်နေလိုက်တာ ဘာညာ တော်ပါပြီအစ်မရယ် အစ်မRita ပြောသလိုပဲ ထင်းဆိုက်တာခံရတာကမှ နည်းနည်းတော်သေး..

Anonymous said...

အမေကပစ်..အဖေကပစ်နဲ့ ဆွေမျိုးတွေက မွေးခဲ့ရတဲ့ကျမ...အခုထက်ထိ ဆွေမျိုးတွေရဲ့ အကြွေးဆပ်လို့မကုန်နိုင်သေးဘူး..အမေကြတော့လည်း
မွေးတဲ့ကျေးဇူးဆပ်လို့မကုန်သေးဘူး.. နိုင်ငံခြားရောက်တာ လေးနှစ်ပြည့်တော့မယ်..လာတုန်းက ဘယ်သူ့မှပိုက်ဆံထုတ်မပေးနိုင်ကြ
ဘူး..နိုင်ငံခြားမှာ ဦးနှောက်ကအရည်ထွက်အောင်အလုပ်လုပ်ရတာ ဘယ်သူမှ မမြင်ကြပဲ..ရတဲ့လစာကို မြန်မာငွေနဲ့တွက်ပြီး ၀င်ငွေ ဆယ့်ငါးသိန်ကျော်ဆိုပြီး တောင်းလို့ကောင်းလိုက်ကြတာ...ပစ်ထားခဲ့တဲ့အမေကလည်း သူ့ ရဲ့ နောက်သားသမီးတွေကောင်းစားဖို့ပြောတတ်လိုက်တာ..အခုကိုယ်လည်း ကလေးရှိလာရော ကိုယ့်သားသမီးမွေးဖို့ပိုက်ဆံစုလို့မပေးနိုင်တာတောင် တစ်မျိုးထင်ကြတယ်
တစ်နေ့တစ်နေ့ သူတို့ကိုပေးဖို့အတွက် နောက်ထပ်အလုပ်တစ်ခုထပ် လုပ်ရင်ကောင်းမလားစဉ်းစားလိုက်ရတာ..ကိုယ်ဝန်ကြီးနဲ့ မိသားစုဝတ်..ဆွေမျိုးဝတ်တွေဆပ်လို့မကုန်တာ ဘယ်သူသိနိုင်မလည်း..

မောင်ဘကြိုင် said...

ဟင့် အမျိုးတွေနဲ့ ပတ်သတ်ပြီး အစာမကြေတဲ့သူတွေများသား
တားလဲပါတယ်ဗျ
ကိုယ်ချင်းစာပါတယ်ဗျာ

ရွှေရတုမှတ်တမ်း said...

ဆွေမျိုးတွေကို မေတ္တာပို့နေပါ့လား..ကိုကြီးကျောက်တို့တော့..ဆွေမျိုးအရင်းအခြာကလဲနဲတာနဲ့ ..ဘယ်သူ့အနှိပ်စက်မှမခံရဘူးပေါ့၊ ဒါပေမဲ့လဲ...ကိုယ့်ကို၌ကိုက ချူရင်ပါသွားတတ်တာကခက်တယ်..

Ko Paw said...

"ဉာတကာနဉ္စ သင်္ဂဟော".....

ဉာတကာနဉ္စ....ဉာတကာတွေ နင်းတဲ့ဒဏ်ကို ၊ သင်္ဂဟော....သင်သည် ဟောဟဲလိုက်အောင် ခံရကိန်းရှိ၏။

Anonymous said...

အမေက ပစ် အဖေက ပစ်နဲ့ ဆွေမျိုးတွေ မွေးခဲ့တဲ့ ကျမဆိုတဲ့ အနောနိမတ်စ်ရေ ကျမလည်း တခါတလေ ဒေါသတွေ သိမ်းမရ ထိန်းမရမို့ အားလုံးကို ငရုတ်ဆုံထဲ ထည့်ထောင်းချင်လာတယ်။

ငရုတ်ဆုံ

Anonymous said...

ကျမအဒေါ်ကတော့ပြောဖူးတယ်.."မိဘကသားသမီးတွေအားလုံးအတူချစ်တယ်လဲပြောတယ်...ကလေးတွေငယ်စဉ်ကနေတောက်လျှောက် ညီတူပံပိုးတယ်လဲပြောတယ်..မိဘပညာသင်ပေးတုန်းကမကြိုးစား အခုလဲသက်သာသလို နေတဲ့သူတွေကို အဲဒီတုန်းလဲအပင်ပန်းခံကြိုးစား အခုလဲ ရေမြေခြားမှာပင်ပန်းခံရတဲ့သူက ထောက်ပံ့သင့်တယ်လို့ ပြောတာကိုက လွန်လှပီ" တဲ့။

ချစ်ကြည်အေး said...

သက်ဝေရေ နင်နဲ့ငါ တံဆိပ် ၂ခု ပေါင်းရင် တခွဲတော့ ရကောင်းပါရဲ့နော်...

ညီမ ချိုသင်းရေ မင်္ဂလာတော့ မင်္ဂလာပေါ့ဟယ်၊ ကိုယ်က စိတ်မပြတ်နိုင် လို့ခက်နေတာ...

မိုးကြီး ဖြေးဖြေးပြောပါဟ နင့်မလည်း ဇွတ်...

ညီမရီတာ ကျွန်းပင်တော့ အမလည်း ထင်းမဆိုက်ရဲဘူး၊ အစိုးရမင်းများပိုင် ဆိုလား...

ပူးတေ...ဟုတ်လား တံဆိပ် အကပ်ခံချင်တာ ဘယ်သူပါလိမ့်...

ဟမ် Vis က safe side ယူထားတယ်ပေါ့ ပိုင်သကွာ...

Anonymous ...ကျမက သံပုရာသီးလို့ နာမည် ပြောင်းထားပြီးသားပါရှင် အရေထူနေပါပြီ...

ညီမမွန် ဘယ်နေရာ မှန်သွားသဒုံး...

Anonymous...နီးတကျက်ကျက် ဝေးတသက်သက် ဆိုတာ ဆွေမျိုးတွေ ကို ပြောတာ ထင်ပါရဲ့ကွယ်....ဆွေမျိုးဒဏ်...ကြိုက်သွားပြီ ဒီစကားလုံး...

ညီမဇွန်...ဇွန်ပြောတော့လည်း ဟုတ်သလိုလိုပဲ...အမျိုးမှာ နှစ်ပြားကွဲ တယ်ပေါ့ ....

မမအယ် ဟုတ်တယ် ခေါင်းရော ရင်ရော ရှင်းတာပေါ့....

ညီမ ချိုဇင်မြလှိုင် ငယ်ဘဝအတွေ့အကြုံ တူနေတာ...ဝမ်းနဲရမှာလား၊ ဝမ်းသာရမှာလားဟင်...၊ FB မှာ shared ပေးတဲ့ အတွက် ကျေးဇူးပါ...

ဪ မောင်လေးဇော်က လက်မှတ်ရကိုး...

ကိုချစ်ဖေရေ အတော်ပဲ ကျမတို့လည်း အကြွေးတွေ ဆက်ခံပြီး စပ်ပေးဖို့ မျိုးဆက် လိုနေတာနဲ့....

ဝေလီဝေလင်း ထင်းဆိုက်ခံချင်နေသူ တယောက် တွေ့ပြန်ပေါ့...သတိထား ကျွန်းပင်ဆို အမှုပတ်နေအုံးမယ်...

Anonymous...ညီမရေ ကြားရတာ စိတ်မကောင်းဘူး၊ ကိုယ်ဝန်ကြီးနဲ့ဆို တော့ နားနားနေနေပဲ လုပ်ပါကွယ် သူတို့ဘာသာ သူတို့ တခြားနည်းလမ်း နဲ့ ငွေရှာကြပါလိမ့်မယ်၊ ညီမက ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ မီးဖွား နိုင်ဖို့ပဲ ဂရုစိုက်ပါ ညီမရယ် ....

မောင်ဘကြိုင်... တတပ်တအား ပါဝင်အားဖြည့်တာ ကျေးဇူး...

ကိုကြီးကျောက် ငွေချူရင်ပါသွားတတ်တာ ကောင်မလေးတွေကို မှ မဟုတ်လား...သိနေတယ်...

ကိုပေါ...ကိုပေါရဲ့ ခက်ဆစ် အစွမ်းကို ချွတ်ခြုံကျ မှာ ကတည်းက လေးစားပြီးသား...

ငရုတ်ဆုံ စိတ်လျှော့ပါ ညီမရေ...ငရုတ်ဆုံ မဆန့်လောက်ဘူးကွဲ့...

Anonymous...အင်း ဟုတ်သလိုပဲ သို့သော် သွေးသားဆိုတဲ့ စိတ်နဲ့ ကိုယ်ကမှ မနေနိုင်တာ...တကယ်ဆို တစိမ်းတောင် ကူညီရသေးတာလေ...

အားလုံးပဲ ကျေးဇူးပါ....:)

ကိုလူထွေး said...

တနေ့က ကဗျာမှာ “အဟောင်းတွေ အစုတ်ဖြစ်သွားတယ်” လို့ ရေးပေးသွားတာ ဒါကြောင့်ကိုး...

းဝ)

Anonymous said...

Endless boundries..... especially when the siblings come, why are we responsible for our siblings that our parents gave birth? Why family and relatives take us for granted? (Us represents whoever work hard to get some kind of achievement that other losers don't!) Where is that little "arr-nar-del" (said that this phrase can be found only in Burmese language, probably we do not live in Burma that does not apply to us)??!!
Anyway, great article, Ma Chit Kyi Aye!

sosegado said...

ပေးရ တာကို အလှု လို့ သဘောထားလိုက်ပေါ့၊ ပေးနေရတာကိုး၊ ဒါမှာ ကုသိုလ်ရမယ်၊
နောင်အတွက် ဒါန ပါရမီပါ၊
မပေးတော့ဘူးဆို၊ ရပ်လိုက်ပေါ့၊
ပေးပြီးတော့ အဆင်မပြေဖြစ်ရင် အကုသိုလ်တွေဝင်လာရော၊ ပေးလည်းပေးရသေးတယ် (ဒီလောက်လေးပေးရတာကို … သူလုပ်စာ စားနေရတဲ့ အတိုင်းပဲ……. စသဖြင့်)
မပေးပြန်ရင်လဲ မေတ္တာဝိုင်းပို့ကြပါရော၊ ချင့်ချိန်ပြီး လုပ်ကြပေါ့တဲ့၊
ဆရာတော် တစ်ပါးရဲ့ ပြောစကားကို ရေးပေးလိုက်တာပါ။

အင်ကြင်းသန့် said...

သားသမီး မရှိလို့ အဲဒီလို ခံနေရတာ...အဲဒါကြောင့် သမီးလေး တစ်ယောက်လောက်မွေးစားပါဆိုတာကို စကားမှနားမထောင်တာ..နေပစေပေါ့ (စိတ်ကိုပြင်ရင်အချိန်မီသေးတယ်နော်...မွေးစားလို့ရသေးတယ်) ဟိဟိ :)))

ဂျင်ဂျင်း

Nge Naing said...

မချစ်ကြည်အေးရေ အတွေ့အကြုံတွေ ခံစားချက်ချင်းတွေက အတူတူပဲ။ ကွာတာက ကျွန်မမှာ သားလေးတယောက်ရှိတာ တခုပဲ။ ဒီနိုင်ငံတွေမှာက မိဘ၊ သားသမီး မောင်နှမတွေကြား ဒီလိုပိုက်ဆံတွေဘာတွေ ပေးတာ မရှိဘူးလေ။ ဒါကြောင့် သူနားလည်တာကတော့ မြန်မာပြည်ကလူတွေက ဆဲရဲမွဲတေတယ်ဆိုတော့ ပေးကမ်းစွန့်ကျဲဖို့လိုတယ်ဆိုပြီးပဲ နားလည်ထားတယ်ဆိုတော့ သိပ်တော့ ပြဿနာမလုပ်ပါဘူး။ ကြီလာရင်တော့ ပြောမတတ်ဘူး။

မြသွေးနီ said...

မချစ်ရေ...
မြသွေးအတွက်တော့ ဆွေမျိုးဆိုတာ ရွှေရှိမှ မျိုးတော်ကြတာ လို့ပဲမှတ်ရမလိုပါ..။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့တည်ခဲ့ရတာပါ ။ ကိုယ်ကတော့ ဘာပဲဖြစ်ဖြစ် အမြဲစေတနာ သန့်သန့်ထားပါတယ်။ မရှိမကောင်း ရှိမကောင်းပါနော်။

အခန်းဆက်လေး သိပ်မကြာစေနဲ့ဦးနော်..။
စောင့်နိုင်ဘူး... :)

mg lay said...

အစ်မရေ ...ဆွေမျိုးတွေကိုအစာမကြေကြတဲ့ သူတွေထဲကျွန်တော်လည်းပါတယ်ခင်ဗျ။

မြစ်ကျိုးအင်း said...

အဆင်ပြေတယ်ထင်ရင် အားကိုးကြတာ သဘာဝပဲနဲ့တူပါရဲ့
ကျနော်တို့တော့ အမေ့ဘက်က အမျိုးကို ချစ်သလောက် အဖေ့ဘက် အမျိုးကို တအားကို မုန်းတာ။
အိမ်ရိပ်မနင်းစေနဲ့လို့ မှာထားပေမယ့် မိဘတွေကတော့ စိတ်ပြေလွယ်သူတွေဆိုတော့ အဝင်အထွက် ရှိနေတုန်းပါပဲ။
ကျနော် ပြန်သွားမှ တွေ့ဖြစ်မယ်ထင်တယ်။ ခွင့်လွှတ်တာက ကောင်းပါတယ် ဒါပေမယ့် ခံရသူရဲ့ အရသာကိုတော့ သိစေချင်သေးတယ်။

ဂျူနို said...

သစ်ပင်ကောင်းကြီး ဘယ်ရောက် နေလဲ။ ရီတာပြောသလို သင်္ဘောစီးပြီး နိုင်ငံခြား ထွက်သွားပြီလား။

မောင်မောင် said...

မချစ်ကြည်အေး ရေ
ငှက်တစ်သောင်း နားတာ နဲ့တင် အပင်လဲ ကျိုးကျမှာ သေချာပါရဲ့ ။
ဒီတော့ ဝေါင်ဝေါင်ရှေးနေတာ ကောင်းမယ်ထင်ပါ့နော်။
:D

Anonymous said...

ကျတော်ကတော့ ဆွေမျိုးကိုချစ်တယ်ဒါပေမယ့်ရွှေမျိုးကိုအရမ်းမုန်းတယ် ရွှေမျိုးတွေကြောင့် စီးပွားရေးအဆင်မပြေဖြစ်လို့ မလေးရှားမှာ သူများမျက်နှာကြည့်ပြီး နေရတာ

seesein said...

ညောင်ပင် ကြီး အမချစ် ရေ ညောင်သီးတွေ တဝေေ၀နဲ့ဆိုတော့ ငှက်တွေကလည်း ပျော် အရိပ်ကလည်း မြိုင်မြိုင် ဆိုတော့ အရိပ်ခိုတဲ့သူတွေ များတာပေါ့ နိုင်သလောက်ပေါ့ဗျာ အခက်အလက်ဝေဆာတဲ့ ညောင်ပင်ပျိုကြီး ဖြစ်ပါစေ
ရွေပြည်မှာ တော့ ဉာတကာနဉ္စ သင်္ဂဟော တွေ များလွန်းလို့ တရုံးလုံး ငါ့အမျိုးကြီးပါဗျာ ဘေးလူတောင် အလုပ်ကလေးတစ်ခုရဖို့ လွယ်ဘူးနော

ခင်တဲ့
seesein

Sint said...

don't even want to talk about it!

SHWE ZIN U said...

ချစ်ကြည်အေး ရေ

ဒီလိုပါဘဲ ပေးနိုင်တဲ့ အခြေအနေဆိုရင် ရချင်ကြတယ်
ကိုယ့်မှာ မရှိရင်တော့ ဘယ်သူမှ ကြည့် ကြမှာမဟုတ်ဘူး အများစုပါ ကောင်းသူလည်း ရှိနိုင်ပါတယ်

ရွှေစင်

ညီမလေး said...

ဆွေမျိုးမဟုတ်ဘူး ရွှေမျိုး.. ရွှေရှိမှမျိုးတောင်ချင်ကြတာ ။ ရွှေရှိရင်လဲ ကပ်ချူချင်ကြတာ ... ။ ဆက်မပြောတော့ပါဘူး ။ မချိုသင်း ပြောသလို အကြည်ဓါတ်လေး ပျက်သွားမှာစိုးလို့ ။

su mon said...

အမချစ်ရေ....တကယ်ပါရေးတတ်လွန်းလို့၊မှန်လိုက်လေလို့သာအော်
လိုက်မိတယ်....
အမချစ်ရဲ့လက်ရာတွေကို စောင့်ဖတ်နေမယ်နော်အမ..

Evy said...

မှန်လိုက်တာ မချစ်ကြည်အေးရေ။ ရောက်နေတာ ၂ ခေါက် ၃ ခေါက်ရှိပါပြီ။ ခုမှ comment ပေးဖြစ်တော့တယ်။ တခါတလေတော့လည်း ကိုယ်အကြွေးယူခဲ့လို့ ခုဘ၀ပေးရတယ်လို့ ဖြေသိမ့်အောင်ကြိုးစားပေမယ့် မကြည်တဲ့စိတ်နဲ့မပေး မနေပေးလိုက်တာက ပိုပင်ပန်းလွန်းတယ်။ ၂ ခါနာပေါ့။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်