Tuesday, May 4, 2010

ဘာလီ ခရီးစဉ်-၁၀ (အပြီး)

ကျမတို့ နေခဲ့တဲ့ Kuta Beach က Jaya Karta ဟိုတယ် ၊ ဒါက Beach ဘက်က ဝင်တဲ့ အဝင် ပေါက်ပါ....သူတို့ကတော့ ကြယ်လေးပွင့်လို့ အော်နေတာပါပဲ...ကျမကတော့ ၃ပွင့်လောက်ပဲ ပေးချင်ပါတယ်။ အင်ဒိုနီးရှား နေရှင်နယ် အဲလိုင်းဖြစ်တဲ့ GA-ဂရူးဒါးရဲ့ ပရိုမိုးရှင်းနဲ့ သွား တာမို့ ဟိုတယ်ပါပြီးသားပါ...။ ဂရူးဒါးရဲ့ အဓိပ္ပါယ်က Vehicle/Circle of God လို့ဆိုပါတယ်။ အသွားအပြန် ပို့ဆောင်ဆက်သွယ်မှူ Circle ကိုဆိုလိုချင်တာ ဖြစ်ဟန်တူပါရဲ့...နတ်ဘုရားရဲ့ စီးတော်ယာဉ်၊ ပို့ဆောင်ဆက်သွယ်ရေးရဲ့ အရှင်သခင်ပေါ့...ဟိန္ဒူနတ်ဘုရားကို ကျော ပေါ်တင်စီးခဲ့တဲ့ ဂဠုန်ကို တင်စားထားတာပါ...။ တိုက်ရိုက် အဓိပ္ပါယ်ကတော့ ဂဠုန်ပါ။


ပေးရတဲ့ဈေးနဲ့ဆို နေပျော်ပါတယ်၊ ဟိုတယ်က ၂ထပ်-ဝရံတာနဲ့ တွဲရက် အဆောင်လေးတွေမို့ ချစ်စရာ တမျိုးကောင်းနေပါတယ်။ သူတို့ ဆီမှာ High rise Building ဆောက်တာ ခွင့်မပြု ပါဘူး။ မီတာ ၂၀ အမြင့်ထက် ကျော်လို့ မရဘူးလို့ ကားသမား ပြောပြပါတယ်။


ရှေ့က အုန်းပင်နဲ့ ကွယ်နေတဲ့ အပေါ်ထပ် အခန်းကလေးက ကျမတို့ နေခဲ့တာပေါ့....


ဟိုတယ် အတွင်းဘက်ပိုင်း....အောက်ထပ်


ဟိုတယ် အပေါ်ထပ် ကျမတို့ အခန်းရှေ့က လမ်းပေါ့....


ဝါသနာပါရင် ကျားကွက်ထိုးလို့ရသေးတယ်...


ဟိုတယ်မှာ ရေကူးကန် ၂ကန်ရှိတယ် ။ ဒါက Beach ဘက်မျက်နှာလှည့်ထားတဲ့ မနက်စာ စားတဲ့ နားက ရေကူးကန်....ကလေးကန်ပေါ့


ဒါက နောက်တကန်...သူကတော့ ကာဖီဆိုင်နဲ့ ကပ်လျက်လေးတင်...လူကြီးကန် ဆိုတော့ ရေကူးရင်း အအေးတို့ အပူတို့ မှာသောက်ကြ တာ ဒီကန်မှာပေါ့....


Boarding Pass ကတော့ သားသားနားနား ရှိသား...အင်း...သားနားဆို လေဆိပ်မှာ Airport Tax ရူပြား တယောက် တသိန်းခွဲ ပေးရ သေးတာကိုး...ဆိုင်လားတော့ မသိဘူး...:)


လေဆိပ်ထဲက အိမ်သာ လက်ဆေးကန်ပေါ်မှာ အဲဒီ ပန်းအိုးလေးတွေ့တာနဲ့ ...၊ ဂဠုန်လက်သည်းလို့ ကျမတို့ခေါ်ကြတဲ့ အရွက်ပေါ်မှာ တရုတ်စကားပန်းပွင့် အဖြူအဝါ စပ်ကြားလေး တင်ပြီးထိုးထားတာ၊ အကုန်အကျလည်း သက်သာ၊ ရှိတဲ့အရွက် အပွင့်တွေနဲ့ မျက်စိ ပသာဒ ဖြစ်အောင်လည်း စဉ်းစားပြီး ထိုးထားတာမို့ သဘောကျမိတယ်။ ကျမက ပန်းအိုး အလှထိုးတာ ဝါသနာ ပါတယ်လေ...:)


အပြန်လေယာဉ်ပေါ်မှာ စားခဲ့တာ....၊ ကျွေးတာလေးတွေက တော်တော်ကောင်း သား Inflight မဂ္ဂဇင်း ထဲမှာတော့ သူကလည်းပဲ Four Star Airline ပါပဲတဲ့လေ....

မစားခင်မှာ ဘုရားတ ရတဲ့ အဖြစ်ပြောပြအုံးမယ်...။ ကျမက Window Seat မှာ ၊ အချစ်က အလယ်ခုံမှာ ထိုင်ကြတယ်။ ကျမရဲ့ နောက်ခုံ မှာ ၆ နှစ်အရွယ် ကလေးမ နဲ့ သူ့ဘေးမှာ ၄နှစ်အရွယ် ကောင်ကလေး ပြီးမှ ဘေးခုံမှာ အမေလုပ်သူ ထိုင်တယ်။ အဖေဖြစ်သူက ဟိုးရှေ့ ၅ခုံကျော်လောက်ကနေ လာလာကြည့်ရှာသား...။


အဲဒီ ကလေးမလေးဟာ နောက်ကနေ ကျမခုံ နောက်မှီကို တချိန်လုံး ကန်ကျောက်နေခဲ့တာ၊ ကျမမှာ မျက်လုံးမှိတ်ပြီး နားမယ် ကြံလိုက်၊ နောက်ကနေ အုန်းကနဲ ဆောင့်ကန်လိုက်နဲ့ ခေါင်းကို မူးနောက်လာတော့တယ်။ မနေနိုင်တော့တဲ့အဆုံး နောက်ပြန် လှည့်ကြည့်လိုက် တော့ ကလေးတွေ အမေခမျာ မချိသွားဖြဲလေး ပြုံးပြရှာရင်း ကလေးတွေကို ငေါက်တယ်။ သူငေါက်လေ ဟိုက ပိုကန်ပြလေ...ဒါနဲ့ ကျမလည်း စိတ်လျှော့ပြီး မျက်လုံးစုံမှိတ် လိုက်ခဲ့ တော့တယ်။

ဗိုက်ဆာနေတဲ့ ကလေးတွေက လေယာဉ်မယ်တွေ အစားအသောက် လိုက်ကျွေးနေတာ တွေ့တော့ စားရတော့မယ်ဆိုပြီး ခဏ ငြိမ်နေ သေးတယ်။ အစားအသောက် တွန်းလှည်းလေး က သူတို့နားရောက်မှ ဟိုးနောက်ဘက် ပြန်တွန်းသွားရော...ဒါနဲ့ အမေလုပ်သူက မေးတော့ လေယာဉ်မယ်က ရာသီဥတု အခြေအနေကြောင့် အစားအသောက် ကျွေးတာ ခဏ ရပ်ထား ပါတယ်လို့ ဆိုတယ်။
အဲဒီ လေယာဉ်မယ်နှယ် ဒီလောက်ပဲ ရိုးရသလားလို့...တခြားအကြောင်းများ ပြပါတော့လား...နှလုံးရောဂါရှိတဲ့လူတွေသာ ပါခဲ့ရင် ကြားတာနဲ့တင် အသက်ထွက်ချင်စရာ...


ကလေးတွေတော့ မသိဘူး ကျမဖြင့် အတော်လန့်သွားတာ၊ တခါမှ အဲလို မဖြစ်ဖူးတော့လေ...၊ ခဏနေတော့ ကြေငြာသံထွက်လာပြီး မကြာဘူး လေယာဉ်က သိသိသာသာကို ခါတော့တာ။ ၇-၈ မိနစ်လောက် ကြာမယ် ထင်ရဲ့။ တကယ်များ တခုခုဖြစ်ခဲ့ရင် ခုလို ဘာလီပိုစ့် တွေ ရေးနိုင် တော့မှာ မဟုတ်ဘူးနော်...

အဲဒါမျိုး ၃ခါလောက် ဖြစ်တာ၊ စလုံးမြေကို touch down ဖြစ်မှပဲ ဟင်း ချနိုင်တော့တယ်...၊ အဲဒီကလေး ၂ကောင်များ ခဏပဲ ငြိမ်တယ်၊ လေယာဉ်ပြူတင်းပေါက်ကနေ အောက်လွှတ်ချ ချင်စိတ်များတောင် ပေါက်လို့လာတယ် တကယ်...။

လေယာဉ်ဆိုက်တော့မှ အပြင်ထွက်ဖို့ စောင့်ရင်း နောက်က ကလေးအမေကို လှမ်းစကားစပ် လိုက်တော့ သူတို့က အီရန်က လာတဲ့လူ တွေဆိုပဲ...။ ဘုရားဘုရား...တော်သေးရဲ့ ကျမ ဒီကလေးတွေကို ကလန်ကဆန် မလုပ်မိတာ...နို့မို့ဆို နျူကလီးယားမုန့် တလုံးလောက် ပစ် ကျွေးသွားမှ....ဘလောဂ့်မဂင်းနိုင်ပဲ ရှိရော့မယ်....

ဘာလီပိုစ့်ကတော့ ဒီမှာပဲ ပြီးပါပြီ...အခွင့်အရေးရရင် တခေါက် ထပ်သွားချင်ပါသေးတယ်။ ကျမ သွားချင်တာတွေ၊ လုပ်ချင်တာတွေ အများကြီး ရှိနေသေးလို့ပါ...ရေးပြီးခဲ့တဲ့ ဘာလီပို့စ် တွေ အစ အဆုံးဖတ်လို့ ကျမနဲ့အတူ ဘာလီ အလည်လိုက်ခဲ့သူများ အားလုံးကို ကျေးဇူး စကားဆိုရင်း ဘာလီပိုစ့်ကို အပြီးသတ်လိုက်ပါရစေနော်....:)


17 comments:

ဝေလင်း said...

ဒီတစ်ခါတော့ တစ်ကွ.... ဘူးထွားထွား...

ဝေလင်း said...

နှစ်လည်း ဘယ်သူ့မှပေးဘူး...
ဒါနဲ့ လေယာဉ်ပေါ်မှာ အဲ့လိုကျွေးတာလား..
စစ်တုရင်ခုံတွေ တော့ခိုက်တယ်.. ဟယ်ရီပေါ်တာဇာတ်ကားထဲက စစ်တုရင်ခုံတွေတောင် သတိရသေးတော့တယ်...

SHWE ZIN U said...

သူငယ်ချင်း ရေ

အစ က အဆုံး စိတ်ရှည် လက်ရှည် နဲ့ စာဖတ်သူ များ သိစေဘို့ တကူးတက သေချာ ရှင်းပြသွားတာတွေ ပုံတွေ ရိုက်ပြထား တဲ့ စေတနာ တွေကို လေးစားပါတယ်နော်..

နောက်တခါ လည်း ဒီလိုကြည်၂နူး၂ လေး ခရီး ထွက်နိုင်စေဘို့ ဆုတောင်း ပေးလိုက်ပါတယ်..

ခင်မင်စွာဖြင့်
ရွှေစင်

♥ကိုဇော်♥ said...

စိတ်ဝင်စားတယ်ဗျာ. .
သွားဦးမှ. . ဟန်းနီးမွန်းကျရင်. .

ပန်းထိုးတာကတော့ ကျနော်လည်း ဝါသနာ ပါတယ် . . .
ဒါပေမဲ့ ကျနော်က လက်ဝှေ့အိတ်နဲ့ ထိုးတာ. .သဲအိတ်က နာလို့. .

( ငါ့အမရဲ့ ဘာလီ ခရီးစဉ်ကို ကျနော် PDF ဖိုင်နဲ့ လုပ်ပေးမယ်။ အမှတ်တရပေါ့။ )

ယောနက်သန် said...

ဘာလီကို ခေါ်သွားတာကျေးဇူးပါ။

ဂျစ်တူး ( မုံရွာ ) said...

ဆရာကတော် ရေ
ကျေးဇူးအထူးတင်မိပါတယ်ခင်ဗျာ-
စာတွေဖတ်ရင်းအတော် ကိုသွားချင်မိပါတယ်-
အင်ဒိုကိုရောက်ဖူးပေမဲ့ ဘာလီကိုတော့မရောက်ဖူးသေးပါ-
စာတွေ့ နဲ့ သွားပြစ်လိုက်ပြီဗျာ-

Nge Naing said...

ဘလော့ဂ်ထဲမှာတော့ ရောက်ဖူးသွားပြီ။ အပြင်မှာလည်း တခေါက်တော့ ရောက်ဖူးအောင် သွားလည်ကြည့်မှ ဖြစ်မယ်။ မချစ်ကြည်အေးလည်း အမှတ်တရ လွမ်းစရာ ဓါတ်ပုံလေးတွေကို ကြည့်ပြီး ဘာလီကို ခဏခဏ စိတ်ကူးနဲ့ ပြန်ရောက်လို့ ရတာပေါ့။

မြသွေးနီ said...

အမယ်လေးလေး..မချစ်ရေ...
လေယာဉ်ပေါ်က အဖြစ်က ရင်တုန်စရာပါလားနော်..။ မြသွေးသာဆို အသက်တောင် ထွက်သွားမလားမသိ။ တော်သေးတာပေါ့နော်။

အင်း... ဘာလီက ခုမှ တကယ်ပြီးသွားတာ။

မချစ်တို့ ဇနီးမောင်နှံ နောက်ထပ်ခရီး တစ်ခု အမြန်ဆုံး ထွက်နိုင်ပါစေကြောင်း ဆုမွန်ခြွေလိုက်ပါတယ်နော်..။

sonata-cantata said...

ချစ်ကြည်ရေ
စိတ်ဝင်စားစရာဖြစ်အောင်၊ ရောက်ဖူးချင်စိတ်ပေါ်လာအောင် ရေးတတ်ပ...
အားကျ...

သက်ဝေ said...

အင်း...
ချစ်ကြည် ဘာလီပိုစ့် ၁၀ခုတောင်ရေးပြီး ညွှန်းလွန်းလို့ လို့ သွားချင်တာပါလို့ ပြောဖို့ ဆုံးဖြတ်လိုက်ပြီ...း))

နောက်ထပ်လဲ အခုလို လှပတဲ့ ခရီးသွားပိုစ့်လေးတွေ ဝေဝေဆာဆာ တင်နိုင်စေကြောင်း ဆုမွန်ကောင်း တောင်းလျက်...

Anonymous said...

လေလှိုင်းပေါ်ကနေတော့ ဘာလီ တစ်ခေါက်ရောက်ပြန်ပါရော့လား
ကျေးဇူးအထူးတင်ပါတယ် ရှယ်စိတ်ဝင်စားပါတယ် အမချစ်ရေ သိန်းတစ်ထောင် နှစ်ခါပြန်လောက်ပေါက်စေဖို့ ဆုတောင်းပေးပါနော် အဲဒီအခါကျမှဘဲ လည်နိုင်တော့မယ်ထင်တယ်
သွားအုံးဗျာ နောက်တနေရာ ဒါမှကျွန်တော်တို့လည်း ဘလော့ပေါ်မှာ လည်ရမှာ

ခင်တဲ့
seesein

အင်ကြင်းသန့် said...

ဒီတစ်ခါတော့ လေယာဉ်ပေါ်မှာ ကျွေးတဲ့ အစားအစာတွေကို သွားရည်ယိုစွာနဲ့ ကြည့်သွားပါဂျောင်းးးးးးးးးးးး :)))
နျူကလီယားမုန့်တစ်လုံးလောက်များ လက်ဆောင်တောင်းခဲ့ပြီးရော... မြန်မာပြည်သယ်သွားပြီးးးးးးးးးးးး (ဒီတင်ရပ်မှ :P )

ဂျင်ဂျင်း

ဇွန်မိုးစက် said...

မချစ်လိုပဲ ဇွန်လည်းကြုံဖူးတယ်။ အင်္ဂလန်သွားတုန်းက စီးတဲ့လေယာဉ်က KLM, ဒတ်ခ်ျအဲလိုင်းဆိုတော့ Amsterdam မှာ transit ၀င်တော့ ခရီးသည်တော်တော်များများက ဒတ်ခ်ျတွေ။ ဇွန်တို့နောက်ခုံမှာ ဒတ်ခ်ျသားအမိသားအဖသုံးယောက် တစ်ခုံစီ။ ကလေးလေးက ၃၊၄နှစ်အရွယ်။ တစ်ညလုံးတော့ ဘာမှမဖြစ်ဘူး။ မနက်ရောက်မှ တစ်ချိန်လုံး နောက်ကနေ ကန်တော့တာ။ လေယာဉ်မဆိုက်ခင် ၂နာရီလောက်အလိုမှာ TV ကနေ Mr.Bean ပြတော့မှ ကလေးက အဲဒါကြည့်ပြီး တခွိခွိရယ်လို့ ကန်တာရပ်သွားတာ။ တော်သေးတယ်၊ Mr Bean ကယ်ပေလို့။ :D

အစ်မရေ... ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ တင်ပြပေးသွားတဲ့ ဘာလီခရီးစဉ်အတွက် ကျေးဇူးပါလို့။း)

Rita said...

လေယာဉ်ပေါ်မှာ များကြီး ကျွေးတယ်နော်။
Silk Air ထက်တောင် များသေး

သိင်္ဂါကျော် said...

ပုံလေးတွေ ကြည့်ရတာ..ကိုယ်တိုင်သွားရသလိုပဲ.. :):)

Anonymous said...

ဘာလီပို့(စ်)တွေ အကုန်ဖတ်သွားတယ်။
http://www.youtube.com/watch?v=UXZSQaHARes

ko phyo said...

အခု Int'l departure tax Rupiah 150000 မပေးရတော့ပါ ခင်ဗျ...........

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်