Tuesday, April 13, 2010

စတုဒီသာ-ဖာလူဒါ

သင်္ကြန် အကြိုနေ့ကြီး ပြီးသွားပြန်ပါပြီ။ အကျ၊ အကြတ် နဲ့ အတက်နေ့တွေ ကုန်လွန်တဲ့အခါမှာ တော့ မြန်မာသက္ကရာဇ် အသစ်တခုကို ကူးပြောင်း ရောက်ရှိလာတော့မှာပါ။ မြန်မာပြည်သူ ပြည်သားတွေဟာ အဲဒီ နှစ်ဆန်း တရက်နေ့မှာ သက်ကြီးပူဇော်ပွဲတွေ၊ တိရိစ္ဆာန်ဘေး မဲ့ လွှတ်ပွဲတွေ၊ စတုဒီသာ အကျွေးအမွေးတွေနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လေ့ ရှိကြပါတယ်။ နှစ်သစ်တခုရဲ့ အစ ပထမနေ့ကို အဲသလို မင်္ဂလာရှိစွာနဲ့ ကြိုဆိုလေ့ ရှိကြတာ ကျမတို့မြန်မာ့ ဓလေ့ထုံးစံပဲ မဟုတ်ပါလားရှင်။ စတုဒီသာတွေထဲမှာတော့ သင်္ကြန်ရာသီ စာတွေ ဖြစ်ကြတဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လုပ်ဆောင်း၊ သာကူ၊ အုန်းနို့ကျောက်ကျောတွေကို အကျွေး များလေ့ ရှိပါတယ်။

တချို့ကတော့ အခါတွင်း သင်္ကြန်ရက်များမှာ စတုဒီသာ ကျွေးလေ့ရှိတော့ကာ ကျမကလည်း ကျမရဲ့ မဏ္ဍပ်လာသူအပေါင်းကို ဖာလူဒါ ချိုချို အေးအေးလေး တိုက်လိုက်ချင်ပါတယ်။ အချိုသိတ်မကြိုက်သူများ အတွက်တော့ ညာဖက်ကခွက်နော် သကြားလျှော့ထားတယ် လေ...ဆိမ့်ဆိမ့်လေးပေါ့။ အချိုကြိုက်ရင်တော့ ဘယ်ဖက်ကခွက်ကိုသာ ယူသောက်ပါနော်...သင်္ကြန်လည်ရင်း အဆာပြေ၊ အမောလည်း ပြေပေါ့...။


တချို့ ကိုယ်တိုင်လုပ်စားချင်တဲ့သူတွေ အတွက်လည်း နည်းကလေး မျှဝေပေးလိုက်ပါတယ်။

ပန်းရောင် အရည်လေး ဖြစ်အောင် ပါဝင်တဲ့ပစ္စည်း
၁) နွားနို့ - စူပါမားကက်တွေမှာ စက္ကူဗူးနဲ့ ရောင်းတာမျိုးပါ၊ HL ဖြစ်ဖြစ်၊ Magnolia ဖြစ်ဖြစ် ရပါတယ် တခြားကြိုက်တဲ့ တံဆိပ်သုံးလည်းရပါတယ်။
၂) နှင်းဆီရနံ့ (Rose Syrap) - ဒါလည်းပဲ စူပါမားကက်တွေမှာ ရနိုင်တာပါပဲ။
၃) သကြား
၎) ဆားနဲနဲ

အဲဒီလေးမျိုးရောမွှေလိုက်ရင် ပန်းရောင်အရည် လှလှလေး ရပါပြီ။ အရောင်ကတော့ မိမိကြိုက်သလို နှင်းဆီရနံ့ကို အတိုးအလျှော့လုပ် ပေါ့။ အချိုလည်း ဒီလိုပါပဲ သိတ်ချို တာမကြိုက်ရင် သကြားလျှော့ထည့်ပါ။ ဆားလည်း နဲနဲပဲ ထည့်ရပါတယ်။ အရသာပိုလေးအောင်သာ ဆားကိုထည့်ရတာမို့ များလို့ ငန်သွားရင် ဖာလူဒါ အရသာပျက်မှာပါ။ အောက်ပုံမှာ ရှာရလွယ်အောင် နှင်းဆီရနံ့ဗူးကို ပြထားပါတယ်။

ကျန်တဲ့ ၃မျိုး ပုံထဲမှာပါတာက စပျစ်သီးခြောက်၊ သာကူ နဲ့ Palm Seeds တွေပါ။ သာကူစေ့ကလွဲပြီး ကျန်တဲ့ ၂မျိုးက ရယ်ဒီမိတ် ဝယ်လို့ ရပါတယ်...

ဒါတွေက အဆာပလာ အတွက်ပါ။
၅) စပျစ်သီးခြောက်
၆) plam seeds
၇) သာကူစေ့
၈) ကြက်ဥပူတင်း
၉) ထပ်တရာ ကျောက်ကျော

၁၀) ဖရုံယို
၁၁) မျှော့ချောင်း

ဖရုံယို နဲ့ မျှော့ချောင်း ကျမ ထည့်မထားပါဘူး**


ရေနွေး ဆူဆူထဲ သာကူစေ့တွေ ပစ်ထည့်ပြီးရင် မွှေပေးနေပါ နို့မဟုတ်ရင် သာကူစေ့တွေက လုံးသွားတတ်ပါတယ်။ သာကူစေ့ ပြုတ်ရည် ပျစ်လို့မှ သာကူစေ့ မျက်ဆံ မပြဲသေးရင် ရေအေး နဲနဲ ထပ်ထည့်ပါ။ သာကူစေ့တွေ အဖြူဆံလေးပျောက်ပြီဆိုမှ ရေစစ်ပြီး ထည့်မဲ့ခွက်ထဲ ရေအေး နဲနဲ နဲ့ အတူထားပါ။ မဟုတ်ရင် သာကူစေ့တွေ ကပ်ပြီး ပျစ်ခဲခဲကြီး ဖြစ်သွားတတ် လို့ပါ။


ပူတင်းထည့်ဖို့ ကြက်ဥပူတင်း လုပ်ကြရအောင်ပါ။ နွားနို့ ၀.၃၅လီတာ (ပုံမှန်က တလီတာဗူး တွေပါ) ကို ကြက်ဥ ၆လုံး၊ သကြားနဲ့ ဆားထည့်ပြီး နာနာခေါက်ပါ။ ပြီးမှ Steamer ထဲမှာ မိနစ် ၂၀ ထည့်ပေါင်းရပါတယ်။ ဒါဆိုရင် ပြထားတဲ့ ပုံထဲကလို ကြက်ဥနို့ပေါင်း ရပါမယ်။


ပြီးမှ ကျောက်ကျော အထပ်လေးတွေကို ကြိုက်တဲ့ပုံ လေးထောင့်တုံး ဒါမှမဟုတ် အချောင်းလေးတွေ လှီးပြီးထားရပါတယ်။


၁ ကနေ ၄ အထိ ပန်းရောင် အရည်ဖျော် ပြီးတာနဲ့ ၅ ကနေ ၁၁ အထိ ရှိတဲ့ အစာပလာတွေ အကုန် ပစ်ထည့်၊ ပြီးမှ အပေါ်ဆုံးမှာ ရေခဲမုန့် လေး တင်ပေးလိုက်ရင် ဖာလူဒါ တခွက် ဖြစ်ရော...။ ဖန်ခွက်ထဲ ဘာမှမထည့်ခင် အောက်ခြေမှာ ရေခဲတုံးလေးတွေ အရင်ထည့်အုံး နော်...ဒါမှ အေးအေးလေး နေမှာ...။

တချို့ကတော့ မုန့်လုပ်ဆောင်းဖတ်ထည့်၊ အုန်းသီးခြစ်ပြီးသား အဖတ်ဖြူဖြူလေးတွေ အပေါ်မှာ ထပ်ဖြူးလို့ စားတတ်ကြပါသေးတယ်။ အဲဒါကိုတော့ အညာဖွာလူဒါ ခေါ်တယ် ထင်ပါရဲ့...ကဲ စားလည်း စားသွား၊ စမ်းလည်း စမ်းကြည့်ကြပါအုံးနော်....


32 comments:

  1. Lables တပ်ထားတာနဲ့ ပို့စ်နဲ့တော့ အကိုက်ပဲ။ စားပဲစားချင်တယ်။ မစမ်းချင်ဘူး။ ဘဲဥအောင် ဖြောင့်အောင်ကျော်တတ်တာမဟုတ်ဘူး။ ကျော်လိုက်တိုင်း ၀ိုင်းဝိုင်းကြီးဖြစ်သွားလို့။

    ReplyDelete
  2. ကလူသစ် ဟမ် ဘဲဥ လေးထောင့်ကြော်နည်း ရှိသေးလားဗျ၊ အိမ်မှာကြော်ရင်လည်း ဝိုင်းဝိုင်းကြီးပဲရတယ် ...ခက်ပါ့...

    ReplyDelete
  3. အမ်! စင်ကာပူ ရောက်ထဲက ကျောက်ကျောလုပ်တာ တခါမှ မအောင်မြင်သေးဘူး ပျော. သွားလိုက် မာသွားလိုက်နဲ့ သာကူတွေ ပူတင်းတွေပါလုပ်ရရင်တော့ ဟင်းးးး :D

    ReplyDelete
  4. တို့ကတော့...တို့ကတော့...မမလက်ရာ ဖာလူဒါ သောက်ခဲ့ပြီးပြီကွာ။ :P

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ဘယ်ဘက်က ခွက်ကို သောက်ပြီး ညာဘက်ကခွက်တော့ ပါဆယ်ဆွဲသွားရင် ကောင်းမယ်။

    အကျနေ့ကို ကြိုဆိုတဲ့ အနေနဲ့ ရေခဲရေနဲ့ လောင်းသွားတယ်ဗျိုးးး

    ReplyDelete
  7. အစ်မချစ်..ဂျပန်စတိုင် လေးထောင့်ကြော်နည်းရှိတယ်လေ။ သူတို့က ဆားအစား သကြားထည့်တာ။ အချိုပေါ့။ ကြက်ဥလေးထောင့်အတွက် ဒယ်အိုးလေးထောင့်နဲ့ ကြော်တာ။ ပြီးတော့ တူနဲ့လိပ်ယူတာ။

    ReplyDelete
  8. သွားရည်ကျသွားတယ်....

    ကုသိုလ်တွေ အများကြီးရပါစေဗျာ....

    ကိုရင်နော်

    ReplyDelete
  9. ကိုယ့်အမ
    စွယ်စုံရ၊
    သဘောကျ၊
    စားချင် သောက်ချင်သပရှင့်။

    ReplyDelete
  10. ပြောရရင် သက်ဝေ အလွန်ဖြစ်တော့မယ်...
    မပြောပဲကလဲ မနေနိုင်...

    ကလူသစ်တို့ ဝိုင်းစုခိုင်သိန်း ကြိုက်ပုံများ... ဘဲဥကြော်တာတောင် ဝိုင်းဝိုင်းလေး ဖြစ်သွားသတဲ့...
    ကလူသစ်နော်... ကလူသစ်... သိပ်မပြောချင်ဘူး... ကောင်းကောင်းနေပါ... ဒါပဲ...

    ကဲ... ကဲ... လာရင်းကိစ္စကို ပြန်ကောက်မယ်...
    မမချစ်ကြည်အေးရှင့်...
    ဖွာလူဒါ ဘယ်နေ့ (တကယ်) လုပ်အုံးမလဲဆိုတာ အသိပေးစေလိုပါတယ်... ပုံမြင်ပြီး ချက်ချင်း စားချင်လာလို့ပါ....
    အချိန်အခါကလဲ သင်္ကြန်ဆိုတော့ကာ... လိုက်ဖက်ညီနေတယ် မဟုတ်လား... ကျွေးပါနော်... ကျွေးပါနော်...း))

    ReplyDelete
  11. မမ...မိုးဦးကတော့ အချိုသိပ်မကြိုက်တော့ညာဘက်ကခွက်ကို သောက်သွားတယ်နော်။

    ReplyDelete
  12. မချစ်ကြည်

    စားချင်တယ်..
    အလုပ်ရှုပ်လွန်းတယ်..
    အပြင်မှာ ကုလားဆိုင်ကရတယ်ပြောတယ်..
    ခနနေသွားဝယ်ကြည့်မယ်..(ထင်ပါတယ်..)


    ပေါက်

    ReplyDelete
  13. မမရေ..ရင်ကိုအေးသွားတာပါပဲ..စာချင်လိုက်တာ..

    ReplyDelete
  14. ချိုချို နဲ့ စိမ့်စိမ့်လေး သောက်ချင်တာ ဆိုတော့ . . .
    ဘယ်ပြီးတော့ ညာပေါ့နော်.. . ဟိ. . . ဂလု. . ဂလု . .။

    သကြားက. .! ! ! ကြက်ဥက. .! ! ! သာကူစေ့က . . .! ! !

    အာ . .မထူးပါဘူး. . ချစ်မကြီးကိုပဲ ခေါ်သွားတော့မယ်။
    အဲ. . ပြန်လာပို့မှာပါဗျ ချစ်ကိုကြီးကလဲ။
    အနော် အတဲလေးကို လုပ်နည်းလေး သင်ခိုင်းမလို့ပါ။ တကတည်း ဖြစ်နေလိုက်တာ မျောက်မှောင်ကြီး ကုတ်လို့. . .ဟွင်း. . .လူဇိုး. . ။

    ဗွမ်း..ဘွမ်း..ဝုန်း. .ဗြန်း. .ဘုန်း. . အုန်း. .

    ရှိသမျှ နည်းတွေနဲ့ ချစ်မကြီးစုံတွဲကို ရေနဲ့ နွှဲသွားတယ်။

    ပျော်ရွှင်ပါစေ
    ကိုဇော်

    ReplyDelete
  15. ဂလု စားချင်လိုက်တာနော်။ ဥပုပ်သည်ဆိုတော့ အချိုပွဲလေး လိုတယ်လေ။

    ReplyDelete
  16. မမရေ
    ဘယ်ဘက်က အခွက်၊ ဘယ်ဘက်က အခွက်..ချိုချိုလေး..please..
    ဆီးချိုအရင့်အမာနဲ့တယောက် သွားရည်သိမ်းပြီး ပြန်သွားတယ်။

    တကယ်က မမရယ်၊ အဆာပလာတွေ ဖာလူဒါထဲ ရောက်မဲ့ပုံ မမြင်လို့ မလုပ်ချင်တာပါ။ ပူတင်းဖုတ်၊ ဖာလူဒါထဲ မရောက်ခင် ပါးစပ်ထဲ ရောက်။ ကျောက်ကျောလုပ် ဖာလူဒါထဲ မရောက်ခင် ပါးစပ်ထဲ ရောက်။

    မမပဲ လုပ်ကျွေးပါတော့ဗျာ..

    ReplyDelete
  17. ကျေးဇူးပဲ အကြည်ရေ ...ဟိုတစ်ခါ အကြည့်လက်ရာ စားပြီးကထဲက အိမ်မှာ လုပ်စားချင်နေတာ။ ခုတော့ ပုံတွေပဲ သွားရေကျသွားတယ်။

    ReplyDelete
  18. ဟားဟား.. ကလူသစ်က ကြက်ဥကြော်တာဝိုင်းလို့ စိတ်ညစ်နေတယ်တဲ့၊ ဒုက္ခပါပဲ။ နွားနို့ဆိုလို.. HL ကို မကြိုက်ဘူးဗျ၊ အရသာက တမျိုးကြီး။

    ReplyDelete
  19. ဟင့်........ လာစားပါလို့ ခေါ်တာတောင် အိုတီက ဆင်းလိုက်ရတယ်. အဲလောက်ကံကောင်းတယ် မမရေ... မြင်သာမြင်ရ မကြင်ရတဲ့ ဘ၀နဲ့ပဲ ပြန်သွားပါတယ်။

    စလုံးမှာ ရေရှားလို့ သပြေခက်နဲ့ ရေပက်သွားတယ်။း))

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    ReplyDelete
  20. ကောင်းကောင်း မကြည့်ရဲဘူး

    ReplyDelete
  21. အပြင်မှာ သောက်ခဲ့ရတာ အားမရသေးလို့ ဘလော့ပေါ်မှာပါ လာဆွဲသေးတာ... :)))

    ဂျင်ဂျင်း

    ReplyDelete
  22. လုပ်စားအုံးမယ် ..
    ကြက်ဥအဖြောင့်ကြော်လို့ ရပါတယ် ..ငှဲငှဲ...

    ReplyDelete
  23. သူငယ်ချင်း ရေ

    ကြည့်ရင်းနဲ့ တကယ် တကယ် ကိုသောက်ချင်လာတယ်.. အဟဲ.. ကဲ အ၀သောက်သွားပြီနော်

    ရွှေစင်

    ReplyDelete
  24. ဆိမ့်ဆိမ့်လေးလို့ ပြောတာထင်တယ်
    သူစာလုံးပေါင်းသိပ်မှားတာပဲ

    ReplyDelete
  25. ရဖူး ..ရဖူးးးးးးးးးး.... ဒီလိုပုံနဲ့ ကျွေးရို့ရဖူးးးးးးးးးးးးးးးးးးးးးးး

    လက်တွေ့တကယ်ကျွေးမှ...

    တူညားကို တရေကျအောင် ပုံတွေတင်ထားတယ်။
    တကယ်ချားချင်တွားးဘီ......... ဟင့်

    တကယ်လုပ်ကျွေးရမယ်နော် တီတီ
    ချောင့်နေမယ်...

    ReplyDelete
  26. ကျောက်ကျောက ဝယ်တာလား
    ဘယ်မှာရလဲဟင်..စင်ကာပူမှာ

    ReplyDelete
  27. မေမိုးလေး၊ သက်ဝေ၊ ပေါက်၊ ပြုံးပန်း၊ ဆွိ၊ မြတ်မွန်....ပုံကို အသေအချာ မှတ်ထားပါ ၏ သည် ၍ မလွဲ လုပ်ကျွေးပါမည် အိမ်ကိုသာလာခဲ့ကြ ပါလေ...:)
    ကိုမြစ်ကျိုး ဗိုက်မှာ အိတ်အပိုပါရင် ထည့်သွားပါအုံးလေ...:)
    ညီမဇွန် ကလူသစ်ကိုက ခုတလော ဘာလုပ်လုပ် ဝိုင်းမှ....:)
    ကိုရင်နော် သွားရေခံတွေရမယ် သွားရေခံတွေ...:)
    မိုးဦးစံပယ် အဝ သောက်သွားနော် ညီမ....:)
    မောင်ဇော် ဒါတော့ မရဘူးတယ်ကွယ် တို့က အချစ်နားက တဖဝါးမခွာပဲ ဟွန်းး:)
    Crystal ဦးပုပ်ယူတယ်ပေါ့ သာဓု...:)
    ချိုသင်း လုပ်ကျွေးမယ် ဆီးချိုနဲ့တဲ့အောင် အီကွဲလေးနဲ့ ဖျော်ပေးမယ်လေ:)
    TZA ဒီမှာက ဒါမျိုးနွားနို့တွေချည်းပဲ ဂျီမကျပါနဲ့၊ နို့စားနွားမတကောင် ကွကို မွေးထားပါ....
    ဒန်ဒန် နောက်တခေါက်ပေါ့ ညီမရေ...
    ညီမ ရီတာ ရဲရဲကြီး ကြည့်ပစ်လိုက်စမ်းဘာာာာ....
    ဂျင်ဂျင်း အပီသာဆွဲ ညီမရေ ဆွဲပစ်လိုက်...
    Vis စမ်းကြည့်လေ ဖြစ်မှာပါ....မခက်ဘူး စိတ်ရှည်ရင် ရပြီ ....
    ရွှေစင် အဝမှာပဲတောက်...အဲ သောက်နော်....
    အမည်မသိ ဟယ် ပြင်ထားလိုက်ပါပြီသူရယ် ချိုဆိမ့်ဆိမ့် နဲ့ ချမ်းစိမ့်စိမ့် ရောသွားလို့ပါ (မချစ်ကြည်-ဆင်ခြေ ဆင်လက် ဆင်ကောင်လုံး ထရေးဒင်း လစ်မိတက်)
    မက်မက် ချောင့်နေ ချောင့်နေ လုပ်ကျွေးမယ်...
    အမည်မသိ အန်တီယုဆီ (NTUC) မှာရတတ်တယ်၊ ကိတ်မုန့်ဆိုင် သေးသေးတွေမှာ Chiller ထဲ ထည့်ထားတာလည်း ရှိတတ်ပါတယ်

    ReplyDelete
  28. ခုညတော့ မအိပ်နိုင်တော့ပါ
    ဖွာလူဒါကို လွမ်းလို့ပါ

    ReplyDelete
  29. ဖွာလူဒါဆို သိပ်ကြိုက်။
    နောက်ဆုံးမှာလာကာ အကြွင်းအကျန်လေးများနဲ့
    သွားရည်ယိုသွားပါကြောင်း။ :)

    ReplyDelete
  30. သာကူကျိုနည်းပြောခဲ့မယ်နော်..သာကူကို မကြိုခင်မှာအိုးထဲမှာထည့်လှော်လိုက်ပါ..ပူလာတဲ့အထိပေါ့..ပြီးမှ ရေနွေးပူထဲကိုထည့်ပြီးကျိုလိုက်ပါ..သာကူစေ့မပျောက်ပဲအဖြုထည်လေးဖြစ်နေရင်တောင်ကျက်တယ်..ဘယ်တော့မှပူးပြီး ပုံမပျက်သွားဘူး..သာကူပြင်လုပ်ရင်ဖြစ်ဖြစ်..ရွေရင်အေးထဲထည့်ရင်ဖြစ်ဖြစ်အလုံးလိုက်ပုံမပျက်သွားဘူး..အဲဒါကြံခင်းဘိလပ်မြေစက်ရုံမှာ အလုပ်တာဝန်ကျတုန်းကရခဲ့တဲ့နည်းပဲ.
    လုပ်ကြည့်လိုက်ပါနော်

    ReplyDelete
  31. thanks a lot. I will try one day.

    Ma Mei Mei

    ReplyDelete
  32. ကျေးဇူးတင်ပါတယ် အလှူ စတုဒီသာ လုပ်ကျွေးမယ်နော်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...