Thursday, April 8, 2010

အမြင်များ

အမြင်များ တဲ့...။ မောင်ငယ် ကိုဇော်ရဲ့ တက်ပိုစ့်ပါ။

လူတိုင်းမှာ သူ့အမြင်နဲ့သူ ရှိကြပါတယ်။ အမြင်တူတဲ့ လူစုတွေ ရှိသလို၊ အမြင်မတူပဲ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အစည်း တခုတည်း မှာ၊ တမိုးအောက်ထဲမှာ အတူ ရှိနေကြရတာတွေလည်း ရှိနေကြမှာပါပဲ။ အခုလို နိုင်ငံရပ်ခြားမှာ လာ အလုပ်လုပ်နေကြရတဲ့ ကျမတို့ တ တွေမှာလည်း ကုမ္ပဏီ တခုတည်းမှာ အတူတူ လုပ်နေကြရတဲ့ လူမျိုးပေါင်းစုံနဲ့ အမြင်တူတာတွေ ရှိသလို၊ ကွဲပြားနေတာတွေလည်း အများကြီးပါ။

လားရာတူရွှေ့မှ ရွေ့နိုင် သတဲ့။ ဒါ့ကြောင့် လုပ်ငန်းတခု တိုးတက်အောင်မြင် ဖို့ရာမှာ ရည်မှန်းချက်၊ ဆုံးဖြတ်ချက် တူကြဖို့၊ အမြင်တူကြဖို့ တကယ်ပဲ အရေးကြီးလှပါတယ်။ တွေ့ဖူးကြမှာပေါ့ တခါတလေ အစည်းအဝေး ထဲ ဆွေးနွေးရာကနေ တိုက်ခိုက်တဲ့ အဆင့်ကို ပြောင်း သွား တတ်တာမျိုးတွေ။

တကယ်တော့ အဲဒီ့ မတူတဲ့ အမြင်တွေကို ညှိကြရတာကမှ တကယ်ကို စိတ်ဝင်စားစရာပါ။ မတူတဲ့ အမြင်တွေရှိမှလည်း ဘက်ပေါင်းစုံ ကနေ ဖြစ်နိုင်ခြေတွေကို စဉ်းစားပြီး ကြိုတင် ပြင်ဆင်မှုတွေ ချမှတ်နိုင်မှာပါ။ စန္ဒရား တခုမှာ ခလုတ် အဖြူ နဲ့ အမဲ ပေါင်းစပ်မှ လှပတဲ့ သံစဉ်တွေ ထွက်လာနိုင် သလို...၊ ဂစ်တာကြိုး ၆ချောင်းကို မတူတဲ့ အသံတွေ ညှိထားပါမှ သီချင်းကောင်း တပုဒ်ကို တီးခတ်နိုင်သလို မျိုးပါ။

လူအစုအဝေးကို မကြည့်ပါနဲ့အုံး လေ။ တဦးတယောက်ချင်းတောင်မှ နေရာဒေသ၊ အသက်အရွယ်၊ ပညာအရည်အချင်း နဲ့ ဖြတ်သန်းလာ ရတဲ့ ဘဝ အတွေ့အကြုံ...အဲဒီ့ အချက်တွေပေါ် မူတည်ပြီး အမြင်တွေ အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။ တကယ်လို့များ ပြောခဲ့တဲ့ အခြေ အနေတွေ အကုန်တူနေပါတယ် ဆိုရင်တောင်မှ ကြည့်တဲ့ ရှုထောင့်ချင်းမတူရင် အမြင်ဆိုတဲ့ ရလာဒ် မတူနိုင်ပြန်ပါဘူး။

တခါ ဘာသာရေး ရှုထောင့်ကနေ ကျမ မြင်မိတဲ့ အမြင် အတိုင်း ပြောပြချင်ပါ သေးတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တာက Life is suffering ပါ။ လူ့ဘဝပဲ ဖြစ်စေ၊ နတ်၊ ဗြဟ္မာ၊ တိရိစ္ဆာန်ပဲ ဖြစ်ပါစေ...ခန္ဓာ ရလာရင် ဒါဟာ ဆင်းရဲ ခြင်းကို ရရှိတာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ဒုက္ခသစ္စာ ဆိုတာကို ခန္ဓာနဲ့ ယှဉ်ပြီး မမြင်သ၍ ဒီအမြင်ကို လူတိုင်း လက်မခံနိုင်ကြပါ ဘူး။ ယေဘူယျအားဖြင့် ဘဝမှာ သိတ်အောင်မြင်နေတဲ့သူ၊ အမြင့်ကြီးရောက်နေ တဲ့သူ၊ အစစ ပြီးပြည့်စုံနေသူတွေဟာ ဒုက္ခသစ္စာကို မြင်အောင် လက်ခံနိုင်ဖို့ အလွန်ပဲ ခဲယဉ်းပါတယ်။ ဒီတော့ ဘုရား ဟောတရားကို လက်မခံနိုင်ကြလေခြင်းလို့ ဂရုဏာဒေါသော ဖြစ်မဲ့ အစား မြတ်စွာဘုရားရှင် တောင်မှ သတ္တဝါ အားလုံးကို ချေချွတ်ဖို့ မဖြစ်နိုင်ခဲ့တာပဲလေလို့ အမြင် ကလေး နဲနဲ လှည့်ပေးလိုက်ရင် စိတ်မှာ ခံသာသွားပါတယ်။

နောက်တခါ အဲသလို လူ့ဘဝရဲ့ ဒုက္ခ ဆင်းရဲခြင်းကို ဒုက္ခသစ္စာလို့ ယုံကြည်လက်ခံလာ နိုင်တဲ့အခါ လူတွေအပေါ် မြင်တဲ့ အမြင်ဟာ ပြောင်းလဲသွားတတ်ပါတယ်။ ဪ...တဦး နဲ့ တဦး၊ တမိသား နဲ့ တမိသား အကြား မာန် မာနတွေ ထောင်လွှားလို့၊ ပညာဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်တွေနဲ့ ပြိုင်ဆိုင်နေကြမဲ့ အစား သူလည်း သံသရာဒုက္ခသည်၊ ငါလည်းပဲ သံသရာ ဒုက္ခသည် ဆိုတဲ့ အမြင်လေး ရသွားခဲ့မယ် ဆိုရင်....ဒါပါပဲ ကမ္ဘာကြီး အေးချမ်းသွားမှာပါ။

ဒါ့ကြောင့် အမြင်တွေကတော့ အမျိုးမျိုး ဆက်လက် ကွဲပြားနေကြအုံးမှာပါပဲ။ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ကျန်တာ တွေ အားလုံးအပေါ် ကွဲပြားတဲ့ အမြင် တွေလည်း ရှိခဲ့၊ ရှိဆဲ၊ ရှိလည်း ရှိနေအုံးမှာပါပဲ။ ဒီတော့ အမြင် မတူလို့ ရန်ဖြစ်နေမဲ့ အစား သူ့ဘက်၊ ကိုယ့်ဘက် နှစ်ဖက် ရှုထောင့်ကနေ မြင်အောင် ရှုထောင့်လေး ပြောင်းကြည့်ဖို့၊ အမြင်ကလေး နဲနဲ လှည့်ပေးတတ်ဖို့ပဲ ကြိုးစားကြသင့်ပါတယ်။




မောင်ငယ် ကိုဇော် ကျေနပ်နိုင်မယ် ထင်ပါရဲ့...။ ဆက်ပြီးတက်ဂ်ပါ့မယ်....

၁ တီဇီးအာ
၂ ဘွိုင်း
၃ ဏီလင်းညို
၎ ဝေလီဝေလင်း
၅ ပုလုကွေး
၆ ရွာသားလေး -YTU တို့ကို တက်ဂ်ပါမယ်...။

ဘက်လချာ...အဲ ဘက်ချလာ စပါယ်ရှယ်ပါ...။
ဘယ်လိုအမြင် ဖြစ်ဖြစ်ပါ...ကောင်မလေးတွေအပေါ်၊ သဘာဝ အလှအပတွေ အပေါ်၊ ချစ်စရာ တိရိစ္ဆာန်လေးတွေ အပေါ်...ကြိုက်သလိုရေးပါ။ ကြိုက်တဲ့ ရှုထောင့်က ရေးပါ...လွတ်လပ်စွာရေးပါ။ အေးဆေးရေးပါနော်...။
(ကျမ စာရင်းမှာ ကျန်နေသေးတဲ့ လူပျိုလေးများ...ဗော်လန်တီယာ ရေးပေးနိုင်ကြပါတယ်နော်...:))

ကဲ ကိုလူပျိုတွေရဲ့ အမြင်တွေကို ကျမတို့ စောင့်ကြည့်ကြရအောင်ပါ...

16 comments:

  1. ဗုဒ္ဓတရားတော် ဆိုတာ အမပြောသလိုပဲ. . .
    ဝေးလွန်းတော့လည်း သူတို့ မမြင်နိုင်သလို. . .
    နီးလွန်းတော့လည်း သူတို့ မမြင်နိုင်ပြန်ဘူး. . .
    ဒါကြောင့်လည်း ဘုရားက အလယ်အလတ်လမ်းစဉ်ကို လိုက်နာကျင့်ကြံ မြင်ခိုင်းခဲ့တာ ဖြစ်မှာပါ. . .။

    အတ္တထွားနေသူတွေ အတွက်တော့ နေရာတကာမှာ ဘာမှ မမြင်ရပဲ မှောင်ပိန်းနေတော့မှာပေါ့ဗျာ. . .

    သူများတွေကို ထပ် Tag တာတော့ ဟုတ်ပါပြီ. . .
    အနော်ကရော လူပျို မဟုတ်လို့လား . . .
    ပြောပါဂျာ..ပြောလှည့်ပါဂျာ..( ငိုသံဖြင့် )

    ပျော်ရွှင်ပါစေ
    ကိုဇော်

    ReplyDelete
  2. ငါလူပျိုကွ။

    ReplyDelete
  3. ငါတော့ ရေးထားတာကို ဒီလိုမြင်တယ်၊ ဟုတ်တယ် ငါလဲသဘောတူတယ်၊ ရိုရိုးလေးမဟုတ်လား!
    မင်းတို့ပြောနေတာတွေ မမှန်ဘူးနော်၊ ဒီဘက်ကလာကြည့် မင်းတို့အမြင်တွေ ပြောင်းသွားလိမ့်မယ်၊ တွေ့လား သိသလိုနဲ့ ရေးထားတာ၊ ဘာမှာမဟုတ်ဘူး!
    မဟုတ်သေးပါဘူး၊ အားလုံးကို ငါ့ပြမယ်၊ ဒါကဒီလို ငါအမြင်မဟုတ်ဘူးလား၊ ဒက်ခနဲပဲ ရေးထားတာ သိပ်ကောင်းတာပဲ!
    ဟုတ်ကဲ့ အားလုံး မှန်ကြပါသည်။ ဟုတ်ကဲ့ အားလုံး ကောင်းကြပါသည်။
    “အကောင်းမြင်”

    ReplyDelete
  4. ဟုတ်တယ်နော်...အစ်မချစ်ရေ...တရားသဘောနဲ့သာ ကြည့်မြင်တတ်ရင် အရာအားလုံးကို နားလည်ပေးနိုင်၊ ကိုယ်တိုင်လည်း ဖြေသိမ့်နိုင်၊ စိတ်ချမ်းသာမှုလည်း ရပါတယ်။

    ကိုလူပျိုတွေရဲ့ အမြင်များကိုတော့ စိတ်ဝင်စားမိသား။ ;)

    ReplyDelete
  5. ကိုယ်စီအတ္တလေးတွေ လျော့ကြရင် အမြင်တွေ တူညီလာ မှာပါ။

    ReplyDelete
  6. တားတားကျောက် ကို ..အံတီဂျစ်က လူပိုလေး..အဲလေ..လူပျိုလေး..
    ဆိုတာ..မေ့ထားတာတော့...အကောင်းဘူးဂျာ

    ReplyDelete
  7. လူဗျိုတွေ လာကြော်ညာနေကြပါလား !!!

    ReplyDelete
  8. ဟုတ်တယ်နော် မမ.......... အရာရာကို အကောင်းမြင်ဝါဒနဲ့ အခုလို မြင်နိုင်ရင် ကိုယ်လည်းအေးချမ်းတယ် ဒေါသ မောဟလည်း မဖြစ်ရတော့ဘူးနော်။ ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ တကယ့်ကို အေးချမ်းတယ်။ ဒါပေမယ့် အပြည့်အ၀ လိုက်မလုပ်နိုင်သေးတာ ခက်တယ် မမရယ်။

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    ReplyDelete
  9. အမြင်တွေဆိုတာမတူညီကြတာများပါတယ်... မျက်လုံးတွေမှမတူကြဘဲ... ပြူးတဲ့သူကပြူး... မှေးတဲ့သူကမှေး... :P

    ReplyDelete
  10. ဒီပို့စ်က လူပြိုတွေသက်သက်ပဲလား.။။ အဲဒါဆိုလည်း ပြန်ပြီ။ ဟွန့်။။

    ReplyDelete
  11. မကြီးအေးရေ...
    အမြင်ကတော့..... တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တာ ဒီလိုပါပဲဗျာ...။
    ဒီပို့စ်ကို နှစ်ထပ်ကွမ်းတက်ဂ်ခံရသူ.....ဟာ...... အနော်ပါပဲဂျာ......း))
    ကိုဇော်လည်း....... တက်ဂ်ထားသေးဒယ်လေ.........း))
    အခုတစ်လော..... တနင်္ဂနွေတောင် အားရဘူးဗျာ.....။
    ရေးပေးမယ်နော်မကြီးအေးရာ ကိုဇော်ရော.......။
    မချာမှီ လာမှီ မျှော်.......................................
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  12. မတူတဲ့အမြင်တွေကို ဖတ်သွားပါတယ်နော်။

    ReplyDelete
  13. အားလုံးဟာသံသရာဒုက္ခသည်တွေပါပဲ..ဟုတ်တယ်အမချစ်ရေ..။တခါတရံ
    မှာနှစ်ဦးနှစ်ဘက်စလုံးကအမှန်တွေချည်းပေမဲ့အမြင်မတူတာကြောင့်
    စိတ်ဝမ်းကွဲတာတွေတွေ့ရတတ်တယ်.
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  14. လူပြိုတွေ ကိုကြော်ညာနေတယ် ...ဟိဟိ

    ReplyDelete
  15. အစ်မချစ်ရေ..
    အမြင်လေးတွေက တကယ်ကို မတူညီနိုင်ကြပါဘူးနော်။
    ဘာပဲဖြစ်ဖြစ် စာနာစိတ်လေးတွေနဲ့ မြင်ရင်...
    လှပတဲ့ အမြင်လေးတွေ ကိုယ်စီရလာမယ်ထင်ပါတယ်နော်။
    သြော်.. အရေးထဲ တက်ဂ်ပို့စ်ပိုင်ရှင်က ကြော်ငြာဝင်ထားလို့ပါလား မချစ်ရေ..။

    ReplyDelete
  16. ဟုတ်တယ် မမရေ...အမြင်တွေကတော့ ကွဲပြားကြသလားမမေးနဲ့...ဒါပေမယ့်ပေါ့လေ တတ်နိုင်သမျှ အကောင်းမြင်စိတ်လေးတွေနဲ့ တစ်ဦးနဲ့တစ်ဦး ညှိညှိနှိုင်းနှိုင်း နားလည်မှုတေလးတွေရှိပြီး ပြောဆိုဆက်ဆံသွားကြရင်တော့ မမပြောသလိုပဲ ကမ္ဘာကြီးအနည်းနဲ့ အများတော့ငြိမ်းချမ်းသွားမယ်ထင်ပါတယ်....


    ဂျင်ဂျင်း

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...