Thursday, April 29, 2010

ဘာလီ ကမ်းခြေလူကလေးတို့ အကြောင်း

တကယ်တော့ ဒီနေ့ ဘာလီအပိုင်း ၉ကို ရေးတင်ဖို့ပါ။ ဒါပေမဲ့ မနေ့ညက CNA သတင်းမှာ ဘာလီ ကူတာဘိခ်ျက ကောင်းဘွိုင် ဆိုတဲ့ သတင်းကို ကြည့်လိုက်ရ တယ်။ ဒါနဲ့ ကျမလည်း ယူကျု့က ဗီဒီယိုကလစ် ကိုသွားကြည့်၊ တခါ ဒီမနက် The New Paper သတင်းစာမှာ ပါလာတာတွေ့ပြန်တော့ ဒီသတင်းကို အရမ်းရေးချင်သွားတယ်။

ပိုပြီး စိတ်ဝင်စားသွားတာက ကျမက ဘာလီပြန် ပူပူနွေးနွေး မဟုတ်တောင် သိတ်ပြီး မအေး စက်သေးတဲ့အတွက်ရယ်၊ ကျမတို့ နေခဲ့တဲ့ Kuta Beach မှာ ဖြစ်နေလို့ရယ်ပါ။


သတင်းကိုတော့ အသေးစိတ် မရေးတော့ပါဘူး။ ခြုံပြောရရင် အိန္ဒိယလူမျိုး စင်္ကာပူပီအာ ခံယူထားတဲ့ Film Maker - Mr.Virmani ဆိုသူဟာ လာမဲ့ July မှာလုပ်မဲ့ Melbourne Int'L Film Festival အတွက် Documentary short film တခု ဘာလီ Kuta Beach မှာ သွားရိုက်ရာက စခဲ့ပါတယ်။

သူ တင်ပြချင်တာက ဘာလီရဲ့ အလှအပ နဲ့ Beach ကို အမှီပြုလို့ အသက်မွေး ဝမ်းကျောင်း ပြုနေကြတဲ့ Cowboys တွေရဲ့ နေ့စဉ်ဘဝ ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ ဘယ်လို နားလည်မှု လွဲ ကြတယ် မသိဘူး။ ဘာလီဟာ ဒီ Cowboys တွေကြောင့် အကျည့်တန် စေတယ်။ Cowboys တွေကိုလည်း ဂျစ်ဂလိုတွေ(Gigolo) လို့ စွပ်စွဲပြောဆိုတယ်လို့ ဖြစ်လာတယ်။ အဲဒီမှာ Cuta Beach ရဲ့ တာဝန်ရှိသူတွေက Beach Boy တွေကို ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ လုပ်လာ ကြတယ်။

တိုတိုပြောရရင် ဒါကို Beach Boy တွေက မကျေနပ်ဖူးပေါ့။ သူတို့ ဒီလိုနေ-စားလာတာပဲ ဆယ်စုနှစ်မက ရှိခဲ့ပြီ ခုတော့ ဒီ Film-Maker ကြောင့် လို့ဆိုတယ်။ Mr.Virmani ကလည်း ပြောရှာပါတယ်။ Beach Boys တွေအတွက် သူစိတ်မ ကောင်းတဲ့ အကြောင်း၊ သူပေးချင်တဲ့ မက်စိပ်က ဒါ မဟုတ်ကြောင်းပါ။

ကျမလည်း Kuta Beach မှာ နေခဲ့တော့ Beach Boy တွေနဲ့ Foreigner အမျိုးသမီးတွေရဲ့ နေထိုင် ဆက်ဆံပုံတွေ တွေ့ခဲ့တာပါပဲ။ တယောက်နှုတ်ခမ်းမှာ တေ့ထားတဲ့ စီးကရက်ကို တယောက်က ယူသောက်လို့၊ အုပ်စုလိုက် ဝိုင်းဖွဲ့ ထိုင်လို့၊ တီးကြ မှုတ်ကြ ဆိုကြ ကကြ နဲ့ပါပဲ။ ကျမ အနေနဲ့တော့ ထူးဆန်းတယ် လည်း မထင်ခဲ့မိပါဘူး။ ဘာလီမှာ Beach Boys တွေနဲ့ နိုင်ငံခြား သူတွေ တွေ့ရသလို၊ ထိုင်းသွား ရင်လည်း ထိုင်းမတွေကို နိုင်ငံခြားသား လူဖြူတွေနဲ့ တွဲလျက် တွေ့ရမှာပါပဲလေ။ ဆန်ပေးလို့ ဆီရနေကြတဲ့ ကိစ္စမို့ အထူးတလည် ဖြစ်မ နေတော့ ပါဘူး။

သတင်းစာထဲမှာပါတဲ့ Beach Boy တချို့ရဲ့ ပြောစကားတွေကဖြင့် ပိုစိတ်ဝင်စားစရာပါပဲ။

"ငါတို့က လာသမျှလူတွေကို တာဝန်ကျေအောင် ဧည့်ခံရမှာပဲ။ တချို့ အမျိုးသ မီးတွေက ငါတို့ကို တိုးဂိုက်အနေနဲ့ ငှားတယ်။ ငါတို့ ပါသွား တဲ့အတွက် လမ်းခရီး တလျှောက်မှာ အမှတ် တရ ပစ္စည်းဝယ်ရင် ဘာမဆို သက်သာတဲ့ဈေး နဲ့ရတယ်။ များသောအားဖြင့် အဲဒီရက် တွေမှာ သူတို့စားသလို အကောင်းစား တွေ စားရတယ်။ တချို့ အမျိုးသမီးတွေနဲ့ ငါတို့ ၂ရက်-၃ရက်ကြာရင် သူတို့ ဟိုတယ် ခန်းထဲ ရောက်သွားကြ တယ်။ ဒီအတွက် ငါတို့ ပိုက်ဆံမ ယူဘူး ဒါကြောင့် ငါတို့ဟာ ဂျစ်ဂလိုတွေ မဟုတ်ဘူး" သူတို့လိုချင်တဲ့ သာယာမှု ကို ငါ တို့ကပေးပြီး သူတို့က နာရီ စတဲ့ အဖိုးတန်လက်ဆောင်တွေ ပြန်ပေးတယ် လို့ ပြောကြတယ်။

"အမျိုးသမီးတယောက်ဆိုရင် ငါ့ကို နောက်နှစ်မှာ ဂျာမဏီကို သူနဲ့အတူ ခေါ်သွားပါ့မယ်လို့ ဂတိများတောင် ပေးတယ်။ အဲသလိုသာ တကယ်ခေါ်သွားရင် ငါကတော့ အဲဒီ အမျိုးသမီးကို လက်ထပ်ခွင့်တောင်းပြီး ပေါင်းသင်းမယ်။ ဂျာမဏီ ကျရင်တော့ ငါ့ဘဝဟာ ခုလို မဟုတ်တော့ ဘူး ဆင်းရဲတွင်းက လွတ်ပြီလို့" ပြောသတဲ့။ တကယ်လည်း သူတို့ဘဝမှာ ငတ်တခါ ပြတ်တ လှည့်တွေ ရှိခဲ့ပါသတဲ့။ ဘာလီ လိုနေရာမျိုးဟာ ခြောက်သွေ့တဲ့ ပွင့်လင်းရာသီ ရောက်မှသာ သူတို့လေးတွေလည်း အူစိုရပေတာကိုး။ တကယ်တမ်းကျတော့ ဂတိပေး သွားတဲ့ အမျိုးသမီး ကဖြင့် ဂျာမဏီကို ခေါ်မသွားခဲ့ပါဘူး။ ပြောရရင်တော့ Beach Boy လေးတွေဟာ အပျော်ကြံ သွားခြင်း ခံရရှာသူတွေ လို့တောင် ရယ်ပွဲဖွဲ့ ပြောရမလိုလို...။ ဒီလိုနဲ့ပဲ သူတို့လည်း နောက်ထပ် လာသမျှ အသစ်အသစ်သော နိုင်ငံခြားသူတွေနဲ့ ချစ်ပွဲဝင်ကြပြန် တယ်။


Beach Boy တွေဟာ အအေး၊ စီးကရက်ရောင်းတယ်၊ Beach ထိုင်ခုံနဲ့ ရောင်စုံထီး တွဲထားတာတွေ ငှားစားတယ်။ တချို့လည်း Surfing သင်ပေးနိုင်ကြသူတွေပါ။ Beach မှာ အလုပ်လုပ်တဲ့ သူတွေဟာ များသောအားဖြင့် ဘာလီကျွန်းပေါ်ကချည်း မဟုတ်ပဲ ဂျာဗားကလာသူ တွေလည်းရှိ၊ တချို့လည်း ဝပ်ပါမစ် မရှိပဲလုပ်နေသူတွေတောင် ရှိသတဲ့။ ဘာပဲဖြစ်ဖြစ် ခုတော့ အရင်လို အနေအစား မချောင်တော့ပဲ တာဝန်ရှိသူတွေရဲ့ စောင့်ကြပ် ကြည့်ရှုမှုအောက်မှာ Beach Boy တွေ အတော် စိတ်အကျဉ်းကျနေကြလေရဲ့။

ယူကျူ့က ဗီဒီယိုကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်

Wednesday, April 28, 2010

ဖျားတဲ့ည...

ငါ အစိမ်းရောင် ပြထားတာပဲလေ...
ဒါပေမဲ့ တတိန်တိန် အသံပျောက်....
ချက်နေကျလူတွေ ဘယ်ရောက်ကုန်ပါလိမ့်.....၊

ဂျီမေးလ်ကို ခဏခဏ ရီစတပ် ပြန်လုပ်ရင်း...
ဟင်း....!! နှလုံးသား ကင်းမဲ့လိုက်ကြပုံများ...
ငါ့ကို ဘယ်သူမှ မေးလ်ပို့ မထားကြဘူး.....၊

ငါ ပိုစ့် အသစ် တင်လို့ထား....
နာရီများ ဖြတ်ကျော် ဇီးရိုးကော်မန့် တဲ့....
ငါ့ကို ပမာမခန့် ပြုံးပြနေသေးတယ်.....၊

စီဘောက်စ် ကြည့်တော့လည်း....
တနေပဲ ကုန်လို့မှ တယောက်လာ နှုတ်မဆက်....
ငါ့အသဲ ဟက်တက် ရက်စက်လိုက်ကြပုံ....၊

အလို....
ကိုယ်တွေပဲ ပူလာသလိုလို...
ခြေဖျားတွေ အေးခဲ ဘယ်မှလည်း မရွေ့ချင်....
ကွန်ပျူတာရှေ့ ကြောင်တောင်ငေး....
သွေးလေ ချောက်ခြား....
ဘေလာ့ဂ္ဂါ ဖ်ားတဲ့ည....။




Update: ကျမရေးခဲ့တဲ့ လူ-အမဲလိုက်ခြင်း ပိုစ့်ထဲက အမျိုးသမီးက Corrective Training ၆နှစ် ကျခံသွားရပါတယ်။
Corrective Training က Jail Terms ထက် ပိုပြင်းထန်ပြီး လျှော့ရက် မရှိ နှစ်အပြည့်ကျခံရမှာ ဖြစ်ပါတယ်။

Monday, April 26, 2010

ဘာလီ ခရီးစဉ်-၈

ဘာလီ ခရီးစဉ်လေး ဆက်လိုက်ကြရအောင်....

ဒါက ပြန်မဲ့နေ့ မနက် လေဆိပ်အသွား လမ်းဆုံမှာတွေ့ရတဲ့ နတ်မြင်း ၆ ကောင်ကတဲ့ စစ်ချီရထားပါ။ ရထားပေါ်က စစ်သည်တော်ရဲ့ လေးတော်ချိန်ရွယ် ဟန် နဲ့ နတ်မြင်းတွေရဲ့ ကဆုန်ပေါက်နေဟန်တွေဟာ လက်ရာမြောက်လွန်းတာ မို့ ဟိုးမိုးယံအမြင့် ပျံတက်တော့ မလားတောင် ထင်မှတ်စရာပါ။ သဘောကျလွန်းလို့ ကားပေါ်ကနေ မိအောင်လှမ်းရိုက်ခဲ့တယ်...


ဒုတိယပုံက အချစ် ရိုက်ပေးတဲ့ပုံပါ၊ ကားပေါ်ကနေ ရိုက်ရတာမို့ ပထမပုံ ရိုက်ပြီးပြီးချင်း သေချာချင်တာကြောင့် သူ့လက်ထဲ ကင်မရာ ထည့်ပြီး နောက်တပုံ နောက်တပုံ လို့ ပြောရင်း ရိုက်ခိုင်းခဲ့တာပါ ဓါတ်ပုံမှာ ရိုက်ချိန် တူနေတာကို တွေ့ကြပါလိမ့်မယ် သူ့မလည်း ကျမ ဘေးကနေ အမြဲ အဆင်သင့် ရှိနေရရှာပါတယ်။ ဘလော့ဂ်ဂါ့ ယောင်္ကျားဆိုတော့လည်း ဒီလောက်တော့ လက်သွက်ရမယ်ပေါ့လေ...


လမ်းဘေးတလျှောက် တွေ့ရတဲ့ အုတ်ကြွပ်မိုး နီနီ အိမ်ပြားပြားလေးတွေ....ကျမရောက်ခဲ့ဖူးတဲ့ တောင်ပေါ်မြို့လေးတမြို့နဲ့ ခပ်ဆင်ဆင် ရယ်....


ဒါကတော့ ဘာလီရဲ့ ယဉ်ကျေးမှု အနုအလှ လက်ရာတွေနဲ့ ခင်းကျင်းပြသ ထားတဲ့ အူဘွတ် ခရိုင် Ubud District ရဲ့ လမ်းသွယ်ထဲက လမ်းဘေး ဆိုင်လေးတွေ သူ့ကို Island's Cultural Centre လို့တောင် အမြတ်တနိုးထားလို့ တင်စား ခေါ်ဝေါ်ကြလေရဲ့၊ လမ်းတလျှောက် ပန်းချီ ကားဆိုင်တွေ၊ သစ်သား ပုံထွင်း (Woods Carving) ဆိုင်တွေ၊ ကျောက်တုံး ပုံထွင်း (Stone Carving) ဆိုင်တွေ၊ ပရိဘောဂဆိုင် တွေဟာ ဘာလီနီးစ်တွေရဲ့ လက်ရာအဆင့်အတန်း နဲ့ ဖန်တီး နိုင်စွမ်းတွေကို ဖော်ပြနေကြတယ်....



ကလေးတွေအတွက်လည်း ဒီလို လှပတဲ့ စွန်ရောင်စုံ ဆိုင်လေးတွေ ရှိတယ်၊ လေကြောင်းကို လိုက်လို့ ရစ်လုံးကိုင်လက်ရဲ့ အတိုးအလျှော့ ပါးနပ်စွာ ကိုင်တွယ်တတ်မှုနဲ့ဆို သူဟာ ကိုယ်ပိုင် သိန်းစွန်ရဲ တကောင်လို တိမ်ယံထက်မှာ မြူးမြူးကြွားကြွား ပျံသန်းနိုင်လိမ့်ဦးမှာ....


ဘာလီနီးစ်အိမ်တွေရဲ့ တံခါးဘောင်ခွေပုံဟာ ပန်းနွယ်ကနုတ်တွေနဲ့ ခမ်းနားလွန်း နေသလို တကယ့် သစ်မာသားတွေနဲ့ ပြုလုပ်လေ့ ရှိတာမို့ လေးလည်း အတော်ကို လေးမှာပါ။ ဒါက ခုခေတ် အိမ်တွေမှာသာ တပ်လေ့ရှိပါ တယ်။ ဘာလီလူမျိုးရင်းတွေရဲ့ အိမ်ကတော့ဖြင့် တံခါးတပ်လေ့ မရှိကြပါဘူး၊ ကိုယ့်ရပ်ရွာထဲက လူကုန်ဟာ ကိုယ့်ဆွေမျိုး ရပ်ဆွေရပ်မျိုး အစုတွေပါ ပဲ၊ ပစ္စည်းလည်း ပျောက်လေ့ မရှိ၊ လူစိမ်းလည်း မရှိ၊ ရှိခဲ့ရင်တောင် ယုံကြည် စိတ်ချလေ့ ရှိကြပါသတဲ့။ ခုထက်ထိ တချို့အိမ်တွေမှာ တံခါးတပ်ထား တာ မတွေ့ခဲ့ရပါဘူး...

ဘာလီလူမျိုးရင်း (Typical Balinese)တွေရဲ့ ရွာကို အချိန်မရလို့ မသွားခဲ့ရတာ ကြောင့် ဒီပုံကို အင်တာနက်ကနေပဲ ရှာပြီးတင်ပေးလိုက်ပါတယ်...

တံခါးတွေ အထပ်ထပ် သော့ခတ်ပိတ်နှောင်ထားရင်းနဲ့ပဲ အရာရာကို စိတ်မချ လက်မချ မယုံမရဲ ရှိနေကြရတဲ့ မြို့နေလူတန်းစားတွေရဲ့ ရင်အပူနဲ့တော့ ကွာခြားလွန်းလှပါရဲ့....။ နည်းပညာတွေတိုးတက်၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားလို့ လိုချင် မက်မောစရာတွေ၊ ရုပ် ဝတ္ထု အသစ်အဆန်းတွေ များပြား လာမှုဟာ လူတွေရဲ့ စာရိတ္တကို ချစားပါးလျ စေခဲ့တာလား...ဒါမှမဟုတ် လူတွေ ကပဲ ရောင့်ရဲတင်းတိမ် မှုတွေ ဆင်းရဲလာတာလား....ကျမ စဉ်းစားမိခဲ့ ပါရဲ့....

လမ်းဘေးက တံခါးဘောင် ရောင်းတဲ့ ဆိုင်လေး တဆိုင်...


ဟိန္ဒူ နတ်ဘုရား ကျောက်ရုပ်တုတွေကို ကွဲပြားတဲ့ ထုလုပ်ပုံ ပုံစံအမျိုးမျိုးနဲ့ လမ်းလေးခွဆုံ တွေမှာ တွေ့ရတတ်တယ်...မကောင်းဆိုးဝါး တွေကို အဝေးဆီ မောင်းနှင်ပေးတယ်လို့ ယုံကြည်ကြတယ်...တကယ်လို့များ မကောင်းဆိုးဝါးတွေ လမ်းလေးခွဆုံက မလာပဲ လမ်းကြို လမ်းကြားကလာခဲ့ရင် ဘယ့်နှယ့်လုပ်ပါ့...


ဘာလီမှာ မိသားစု ဘုရားကျောင်းငယ်တွေ အပါအဝင် ဘုရားကျောင်း စုစုပေါင်း ၂၀,၀၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်...မိသားစုဘုရား ကျောင်းဆိုတာက မိသားစုပိုင် ခြံဝိုင်းထဲမှာ နေ့စဉ်ပူဇော်ပသမှု လုပ်နိုင်ဖို့ တည်ဆောက်ထားတဲ့ ဘုရားကျောင်း အသေးစားလေးတွေကို ဆိုလိုပါတယ်။ တနှစ်မှာ ၂ကြိမ် ဘုရားကျောင်းကြီးတွေ ပွဲလုပ်တဲ့အခါ ဆိုရင်တော့ မဖြစ်မနေ ကျောင်းကြီးတွေ ဆီ မိသားစုလိုက် သွား ရောက် ပူဇော်လေ့ရှိကြပါသတဲ့၊

မိသားစု ဘုရားကျောင်းကိုတော့ ခြံဝိုင်းရဲ့ အရှေ့မြောက်ဖက်မှာ ဆောက်လေ့ ရှိကြပါတယ်။ အရှေ့အရပ်က နေထွက်တဲ့ဘက်ကို ကိုယ်စားပြု ပြီး မြောက်အ ရပ်ကတော့ သားကြီး ဩရသတွေရဲ့ နေအိမ် ရှိရာဘက်ကို ကိုယ်စားပြု တယ်လို့ ဆိုပါတယ်။

ဘာလီနီးစ်တွေဟာ မိသားစုတွေအကုန် ခြံဝိုင်းကျယ်ကြီးထဲ နေလေ့ရှိကြ ပါတယ်။ သားသမီး တွေ အိမ်ထောင်ကျသွားပြီဆိုရင် သူတို့ရဲ့ အိမ်နေရာ ချထားပေးမှုက စိတ်ဝင်စားစရာပါ။ မိဘတွေအိမ်က ခြံဝိုင်းအလယ်မှာ၊ သားအကြီးဆုံးအိမ်က မြောက်ဘက်မှာ၊ သားအလတ် က အနောက်ဖက်မှာ ဖြစ်ပြီး အငယ်ဆုံးသားက တောင်ဘက်...မီးဖိုဆောင်နဲ့ အနီးမှာ နေရာချ ပေးလေ့ရှိပါတယ်။ သမီးတွေကတော့ မိဘနဲ့ အတူနေပြီး အိမ်ထောင်ကျတော့မှ ခင်ပွန်းဖြစ်သူ အိမ်လိုက်လို့ ရှေ့မှာ ပြောခဲ့သလို ခင်ပွန်းရဲ့မွေးချင်းနံပါတ်စဉ် အတိုင်း နေရာချ ပေးတဲ့ နေရာမှာ လိုက်နေကြရပါတယ်။ သားသမီးတွေရဲ့ အိမ်တွေကို မိဘအိမ်ဘက် မျက်နှာပြုလို့ ဝန်းရံပြီးဆောက်လေ့ ရှိပါတယ်။

အဲဒီမှာ ကျမ တွေးမိတာက သားတွေ အများကြီး မွေးထားရင် ဘယ်လိုများ နေရာချမှာပါလိမ့် ဆိုတာပါ...၊ နောက်တခါ သွားဖြစ်ရင် ကျမ မေးခဲ့ပါ့မယ်....:)

ဘာလီမှာလည်း Silent Day (Nyepi) ဆိုတာရှိပါတယ်။ နှစ်စဉ် မတ်လထဲမှာ ကျင်းပလေ့ရှိပြီး အဲဒီနေ့ကျရင် လေဆိပ်ကအစ ပိတ်ပါ တယ်။ ဒီနှစ်တော့ မတ်လ ၁၆ ရက်နေ့ကို Silent Day အဖြစ် သတ်မှတ်ခဲ့ပြီး Travel Agent တွေကတဆင့် တလ ကြိုတင်ကြေငြာတာမို့ အဲဒီနေ့မှာ ဘာလီ ရောက်နေတဲ့ နိုင်ငံခြားသားတွေလည်း ဟိုတယ်မှာပဲ နေကြရတဲ့နေ့တနေ့ပါ။ Silent Day မတိုင်ခင်ညဟာ နှစ်သစ်ကူး အကြိုည ဖြစ်ပြီး Silent Day မှာတော့ ဘာသာရေး ဆိုင်ရာ Holy day အဖြစ် ဥပုသ် ဆောက်တည်ကြတဲ့နေ့ ၊ အင်မတန် တိတ်ဆိတ် မှောင်မိုက်တဲ့နေ့လည်း ဖြစ်ပါတယ်။

အဲဒီနေ့ မရောက်ခင် ရက်သတ္တ နှစ်ပတ်လောက်ကတည်းက ရပ်ကွက် တခုနဲ့ တခု အရုပ်ကြီးတွေ အပြိုင်အဆိုင် လုပ်ကြပြီး ရပ်ကွက်ထိပ် မှာ ခုလို ထားတတ် ကြပါတယ်။ ရပ်ကွက်ပေါင်းစုံက အရုပ်မျိုးစုံတွေကို နှစ်သစ်ကူး အကြိုည မှာ Parade လုပ်ပြီးလမ်းတလျှောက် သယ်ပိုး လှည့်လည် ပြသလေ့ ရှိကြပါတယ်။ ပြီးရင်တော့ မကောင်းဆိုးဝါးတွေရဲ့ ဝိဥာဉ်အဖြစ် မီးရှို့ ဖျက်စီး ပစ်တတ်ကြပေမဲ့ တချို့ရပ်ကွက်တွေကတော့ တပင်တပန်းလုပ်ထား ရတဲ့ အရုပ်မို့ မဖျက်စီးသေး ပဲ အတန်ကြာအောင် ခုလို ထားတတ်ကြပါတယ်။ တွေ့တဲ့အရုပ် ကို မိအောင် ကားပေါ်ကပဲ အမြန် ရိုက်ခဲ့ရပါတယ်။


အောက်ကပုံတွေကတော့ ထိုင်ခုံတွေ၊ မျက်နှာကျက်တွေမှာ သဘာဝ ထွက်ကုန်ဖြစ်တဲ့ ဝါး၊ သစ်သား၊ နှီးတွေနဲ့ လုပ်ထားတာလေးတွေကို ရိုက်ခဲ့တာပါ။


လူကို သဘာဝအတိုင်း အေးစေတဲ့ မျက်နှာကျက် လေးတွေမို့ သဘောကျမိပါတယ်...။





ဘာလီ ခရီးစဉ်ကို အပိုင်း ၁၀ မှာ အဆုံးသတ်ပါမယ်...:)


Saturday, April 24, 2010

ကျောင်းပုံပြင်


ကျောင်းအကြောင်း....တွေးမိတိုင်း လွမ်းရ၊ ငယ်ပေါင်းသူငယ်ချင်းတွေကို တမ်းတရ၊ ချစ်သော ဆရာ ဆရာမတွေကို သတိရ၊ အထူး သဖြင့် ကျမတို့ရဲ့ မြို့မကျောင်းကြီးကို သိတ်လွမ်းရပါ တယ်။ အဲဒီတုန်းက အသားညိုညို၊ မျက်လုံးအစ်အစ်၊ ပါးဖောင်းဖောင်း၊ နှုတ်ခမ်းထူ ပြည့်ပြည့်၊ လူလေးက ပိန်ပိန်နဲ့ ကောင်မလေးတယောက်ဟာ ကျမပေါ့။

ကျောင်းတော်ကြီးဟာ ကျမတို့လို အသက်ရွယ်တူ ကလေးတွေအကြားမှာ ရှိနေခဲ့တဲ့ မိဘတွေရဲ့ အဆင့် အတန်း၊ အိမ်ရဲ့ စီးပွားရေး၊ ဆင်းရဲချမ်းသာ စတဲ့ ကွဲပြားမှုတွေကို တန်းညှိလို့ ပေးခဲ့တယ်။ အားလုံးဟာ အတူတူ တသားတည်း ဖြစ်ခဲ့ကြတယ်။ တကယ်ဆို ပြန်မတွေး ချင်တော့ဘူး...လက်တွေ့ကျကျ ပြောရရင် အဟောင်းတွေက အစုတ်သာ ဖြစ်မှာပဲ ဘယ်နည်းနဲ့မှ အသစ် ဖြစ်လာစရာ အကြောင်းမရှိဘူး။ ဒါ့ကြောင့် နောက်ကြောင်း ပြန်မတွေးချင်ဘူး။ ကျမက လူငယ်ပီပီ ရှေ့သို့သာ ချီတက်လိုက်ချင်တာ (အဟမ်း...! ) ဒါပေမဲ့ပေါ့လေ...သူငယ်ချင်း သက်ဝေရဲ့ မတက်ဂ် တတက်ဂ်ပိုစ့်ကြောင့် စဉ်းစားမိသမျှ ရေးချလိုက်ရပါတယ်။

ကျမတို့ သက်ဝေတို့ တက်ခဲ့ကြတဲ့ ကျောင်းတော်ကြီးဟာဖြင့် အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းကြီး။ ကျမ အဖေက မြို့မကျောင်းသား ဟောင်း အဲဒီလိုပဲ ကျန်တဲ့ တခြားကလေးတွေ အားလုံးဟာလည်း မြို့မကျောင်းကြီးရဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ကြလေ တယ်၊ ကျမညီမ အငယ်မ နဲ့ အတန်းတူတဲ့ ညီမငယ် မွန် (သုနှင်းဆီ) ဟာလည်း မြို့မကျောင်းထွက် တယောက် ပါပဲ။

ကျောင်းတက် ခေါင်းလောင်း ထိုးလို့ နေရာတကျ ရှိပြီ ဆိုတာနဲ့ အားလုံး လက်အုပ်လေးတွေချီလို့ ဩကာသ ဘုရားရှိခိုးနဲ့ နံနက် စာသင်ချိန်ကို ကျက်သရေရှိစွာ စတင်ခဲ့ရတဲ့ ကျောင်းတော်ကြီးပါ...မြို့မကျောင်းထွက် တွေရဲ့ တူညီတဲ့ အချက်က ကျောင်းလို့ ဆိုလိုက်တာနဲ့ သွေးတွေက ဖျဉ်းကနဲ၊ ပူကနဲ၊ ရင်ခုန်သံတွေ မြန်လာမြဲ၊ မျက်လုံးတွေ အရောင် တောက်လာမြဲ၊ ကျောင်းကြီး အတွက် ဘာများ လုပ်ပေးနိုင်မလဲ တွေးမိ ကြမြဲပါပဲ။


ကျမတို့ ပေါင်းမိတဲ့ သူငယ်ချင်းတွေ အားလုံး စာတော်ကြသူတွေ ။ ၄တန်းမှာ မြို့နယ်ဆု ရလို့ အဖေက ဆုယူဖို့ အင်္ကျီအသစ်လိုက် ဝယ်ပေးတော့ ကျမ ရွေးခဲ့တာက ကိုရီယားအင်္ကျီပုံ ဂါဝန် အဖြူအစိမ်း ၂ရောင်စပ် ချုပ်ထားပြီး ရင်ဘတ်မှာ ဖဲပြား အကြီးကြီးနဲ့။ ကလေးတုန်းက သိတ် ကြိုက်ခဲ့တဲ့ အင်္ကျီ တထည်ပေါ့။ ကိုရီးကားတွေဆိုတာ ဘာမှန်းညာမှန်း မသိခင်တည်းက အဲသလို ကံစပ်ခဲ့တာ ပြောရမှာပေါ့...။ အတင်းကြီးကို ဆက်စပ်လိုက်ပါတယ်။

လေးတန်းမှာ အတန်းပိုင် ဆရာမကြီး စာအသင် ကောင်းလွန်းလို့ ကျမတို့ ကျောင်းလုံးကျွတ် အောင်ခဲ့ကြပါတယ်။ အောင်ဆို ဆရာမကြီး ရဲ့ စာမရတဲ့ ကျောင်းသားတွေကို ဒဏ်ပေးပုံက ကဒ်ထူပြားကြီးကြီး မှာ "ကျနော် / ကျမ စာမရပါ" ဆိုပြီးရေး၊ ကြိုးနဲ့ လည်ပင်းမှာဆွဲပြီး အတန်း စဉ်တိုင်း ကို ပတ်ပြတာပါ။ မတ်တတ်မဟုတ်ပါဘူး လေးဘက် ထောက်သွားကြရ တာပါ။ ဘယ်လောက် ရှက်စရာကောင်းလည်း မှန်းသာ ကြည့်ကြပါတော့။ အဲဒီထဲမှာ ကျမတို့ သက်ဝေတို့ လုံးဝ လုံးဝ မပါခဲ့ဘူးဆိုတာ ရဲရဲကြီး ခေါင်းမော့ ရင်ကော့လို့ ပြောလိုက်ပါရစေ။

မှတ်မိသလောက် ဆရာမတွေရဲ့ ဒဏ်ပေးပုံကို ပြောရရင် ထိုင်ခုံကို ခေါင်းပေါ်ရွက်ပြီး လျှောက်ခိုင်းတယ်၊ ကော်ရစ်ဒါမှာ ဒူးထောက်ခိုင်းပြီး ဖြတ်သွား သမျှတွေကို "အဲဒီမှာ ကြည့်ကြဟေ့ စာမရတဲ့ဟာတွေ၊ အရှက်မရှိတဲ့ဟာတွေ" လို့ အတန်းထဲကနေ ဆရာမက လှမ်းအော် ပြောသေးတာမျိုးပါ။

ကျမ အကြိုက်ဆုံး ဒဏ်ပေးနည်းကတော့ နားရွက်ဆွဲ လိမ်ရတဲ့ ဒဏ်ပေးနည်းပါပဲ။ အတန်း ထဲက စာတော်သူတွေကို ဆရာမက စာအရင် မေးပြီးမှ အတန်းကို အုပ်စုခွဲ ပေးပြီး စာလိုက်မေးခိုင်းတာပါ။ မိန်းကလေး အချင်းချင်းမို့ စာမရရင် ဆရာမ မမြင်အောင် စာထောက်ပေး တတ်ပေမဲ့ ခပ်ဆိုးဆိုး ကျောင်းသားတွေကိုတော့ ကျမက ၃၆၀ ဒီဂရီ လည်သွားအောင် နားရွက်ကို တအား ဆွဲလှည့်ခဲ့မိတာ။ ခုပြန်တွေး မိတော့ ပြုံးချင်စရာ....။

တခြားကျောင်းသူတွေက သူ့အုပ်စုလေးနဲ့သူ နေလေ့ရှိကြပေမဲ့ ကျမက ဘယ်အုပ်စုနဲ့မဆို ပေါင်းတယ်။ ကျမလွယ်အိတ်ထဲမှာ ကျောင်း စာအုပ်တွေ အပြင် အချိန်မရွေး ရှိတတ်တာ က သီချင်းစာအုပ် နဲ့ သားရေပင်ကြိုး အရှည်ပါ။ အဆော့သန်တဲ့ကျောင်းသူတွေ ထဲမှာ ကျမ က နံပတ်ဝမ်းဆိုတော့ သူများတွေ အပျိုလုပ်နေတဲ့ ၉တန်း-၁၀တန်း ထိကို လက်လက်လန်အောင် ဆော့ပါတယ်။

ထမီအစိမ်းကို ယောင်္ကျား လေးတွေ ခါးတောင်း ကျိုက်သလို ဒါပေမဲ့ ထမီအစကို နောက်ထဲမ ညှပ်ထည့်ပဲ ရှေ့မှာ လက်တဖက်နဲ့ စုကိုင်၊ ပြီးမှ သားရေပင်ခုန်တမ်း ဆော့ပါထယ်။ ဒူးအမြင့် ကနေ စခုန်လိုက်တာ ပခုံး၊ ခေါင်း၊ တလံကျော် အမြင့်ထိပါပဲ။ ကစားရင်လည်း အသင်း ခေါင်းဆောင်မို့ သေတဲ့လူတွေ အတွက်လည်း ကလူရသေးတာ။ အင်မတန် တက်ကြွပါ တယ်။ သက်ဝေကကျတော့ အငြိမ်ပါ၊ ကျောင်းတုန်းထဲက သူက သိတ်မဆော့တတ်တဲ့သူ။ အပျိုလေးဂိုက် ဖမ်းနေတတ်သူပေါ့...။

မှတ်မှတ်ရရ ၈တန်းနှစ်မှာ သူငယ်ချင်းမ တယောက်က အပြားကြီး တပြားတည်းပေါ် ခြေထောက်နှစ်ဘက်လုံး တင်စီးရတဲ့ စကိတ် ဆိုတာ ယူလာပါတယ်။ စီးမဲ့နေရာကိုတော့ ဆရာကြီး ရုံးခန်းနဲ့ ဟောပြောခန်းအကြားက ကွန်ကရစ်ခင်းထားတဲ့ ဗံဒါပင်လမ်းကို ရွေးချယ်ပြီး ကျောင်းလွှတ် တာနဲ့ စီးလိုက်ကြတာ ထမီချုပ်ရိုးကွဲသူကွဲ၊ ဒူးပြဲသူပြဲ၊ ကျမကိုယ်တိုင်လည်း တံတောင်ဆစ် ပွန်းပဲ့သွားရတဲ့ အထိ ဆော့ခဲ့ကြတာပါ ။

ဆော့နည်းကတော့ ပေါင်းစုံနေအောင်ကို ဆော့ပါတယ်။ ထုပ်ဆီးတိုး၊ ကုလားမစည်းနင်း၊ ကြက်တောင်ရိုက် ( ကြက်တောင်ကို ကျောင်း နောက်ဖက် ကြက်တောင်ကွင်းက သွားကောက်ကြတာပါ) ခုန်းပိုးစီးပြီး စက်ဝိုင်းပုံရပ်လို့ ဘောလုံးပစ်တမ်း၊ တိုင်ဦးတမ်း တွေပါ။ ဗံဒါသီး ကောက် အုတ်ခဲနဲ့ထုပြီး ဗံဒါစေ့ထုတ် စားတတ်ကြပါသေးတယ်။

အဲဒီတုန်းက ကျောင်းဝတ်စုံက အင်္ကျီဖြူ လက်စက၊ လက်ရှည်၊ ရင်စေ့၊ ရင်ဖုံးတွေပဲ ဝတ်၊ ပါးမှာ သနပ်ခါးပါးကွက်နဲ့ ဆံပင်ရှေ့ ကို ဆာမူရိုင်းပုံ အတိချ၊ အနောက်ကို ခပ်မြင့်မြင့် ပိုနီတေး စီးလို့ အပျိုကြီးဂိုက်ဖမ်းပြီး လူကဖြင့် မျောက်ရှုံးအောင် ဆော့နေပုံက မျက်စိထဲ တော်တော်ကို အစပ်အဟပ် မတည့်ချင်စရာ။ စာတော်လို့ တော်ပါသေး...:)

၈တန်းနှစ်မှာ နောက်ထပ် အမှတ်ရစရာ တခုက မုန့်စားလွှတ်ချိန်ဆို အတန်းပိုင်ဆရာမနဲ့ အတူ ကျောင်းနောက်ဖက် သွားပြီး ဆေးလိပ်ခိုး သောက်တဲ့ ကျောင်းသားတွေ ကို ဖမ်းကြရတာပါ။ ကျမနဲ့ ဆရာမကို တွေ့လို့ ကျောင်းသားတွေ ထွက်ပြေးပြီဆို ဆရာမက သူတွေ့သမျှ ကျောင်းသား နာမည်တွေ အော်ပြော၊ ကျမက ရေးမှတ်ရပါတယ်။ ပြီးတော့မှ နာမည်စာရင်း ကြည့်ပြီး ကျောင်းပြန်တက်ချိန်မှာ ဆော် ပလော် တီးတော့တာပါ။

ကျောင်းမှာ စကားမပီတဲ့ ဆရာမ တယောက်ရှိပါတယ်။ "အဲရာဆိုရို့စိရင်" လို့ ပြောတတ်တယ် အမှန်က "အဲဒါဆိုလို့ရှိရင်" လို့ပြောချင်တာ ပါ။ သူပြောသလို လိုက်တုရင်း ဆရာမကွယ်ရာမှာ ကျမတို့ တိုးတိုး နောက်လေ့ရှိကြပါတယ်။ အတော်ကို မကောင်းစားတဲ့ ချစ်စရာတပည့် တွေပါပဲ...။ တခါ ဆရာ လူပျိုကြီးနဲ့ ဆရာမ အပျိုကြီးကို ဖြစ်စေချင်လွန်းလို့ တွန်းပို့ခဲ့တာတွေ၊ ဆရာ့မြင်ရင် "ဆရာ တီချယ့် တွေ့မိလား ဟင်" လို့ မေးတတ် သလို ဆရာမနဲ့ တွေ့ပြန်ရင် လည်း "ဆရာ့ကို ဘယ်နားမှာ တွေ့မိလဲဟင် ဆရာမ" လို့ မသိသလို မေးတတ်ကြပြန် တယ်။ သူတို့ချင်းချင်း လမ်းမှာတွေ့လို့ စကားစမြည် ပြောနေတာ တွေ့မိရင်ဖြင့် "ဟယ် ဆရာ နဲ့ ဆရာမ စကားတွေ ပြောနေကြတယ် တော့" လို့ ကျမတို့ အချင်းချင်း တီးတိုးရင်း အူမြူးမဆုံး ရှိခဲ့ကြပြန်ရဲ့။ နောက်ဆုံးမတော့ သူတို့ ကျမတို့ ဖြစ်စေချင်သလို ဖူးစာ မဆုံခဲ့ ကြပါဘူး။


ကျမနဲ့ ပေါင်းတဲ့ ယောင်္ကျားလေး သူငယ်ချင်း ခပ်ဆိုးဆိုး တကောင် ရှိပါတယ်။ သူက ကျောင်းပြေး တော့မယ်ဆို ကျမဆီ သူ့လွယ်အိတ် အပ်လေ့ရှိတော့ တနေ့ ကျမ စာရေးခုံထဲ သူ့လွယ်အိတ် မိသွားလို့ ကြံရာပါ အဖြစ်နဲ့ ကြိမ်လုံးစာမိဖူးသေးတာ။ ဒါလည်းပဲ မမှတ်ပါဘူး၊ သူကျောင်းပြေးရင် လွယ်အိတ်ဖွက်ပေးတုန်းပါပဲ။ ခေါင်းမာတတ်တဲ့ ဥာဉ်ဆိုးက အဲဒီတုန်းကတည်းက ရှိနေခဲ့တာ...ခုတော့ အဲဒီ သူငယ်ချင်းက ဌာနတခုမှာ ပါဝါတော်တော် ရှိတဲ့ကောင် ဖြစ်နေပါပြီ။

နောက်တယောက်ကျပြန်တော့ အတော်ကို ပြောင်စပ်စပ်နိုင်သူပါ။ ဆရာမက အစ တတန်းလုံး သူ့ဟာသတွေနဲ့ ရယ်နေခဲ့ရအောင် ပြောင် လွန်း နောက် လွန်းသူ။ သူက ကျမခုံနောက်မှာ ထိုင်ပြီး ကျမ ဆံပင်တွေ ခိုးညှပ်၊ ကျမ ဖိနပ်ဖွက်၊ ဗလာစာရွက်ကို ဆုတ်ပြီး အလုံး သေး သေးလေးတွေ လုံးလို့ နောက်ကနေ ပေါက်လိုပေါက် လုပ်တတ်သူပါ။ သူက ချစ်စရာကောင်းအောင် ဆိုးတတ်သူ သူငယ်ချင်းလေး...

တနေ့ သူဖျားပြီး ကျောင်းပြန်တက်တော့ ကျမဆီက မှတ်စု စာအုပ် ငှား၊ ပြန်အပေးမှာ စာအုပ်ကြားထဲ စာညှပ်ပေးပါတယ်။ ကျမက ဆရာမလက် သွားအပ်လိုက်လို့ အဆူခံရတော့ သူစိတ်ဆိုးပြီး ကျမကို ၃-၄ ရက်လောက် စကားမပြောတော့ပါဘူး။ ကျမမှာဖြင့် စာအပေး ခံရတာ စိတ်မဆိုးနိုင်ပဲ သူ့ပြန်ချော့ခဲ့ရပါတယ်။ သူငယ်ချင်း အချစ်လောက် ဖြူစင်တာ မြဲတာ ရှိပါအုံးမလား သူငယ်ချင်းလေးရယ်လို့ ရင်ထဲကနေ ပြောမိခဲ့သလိုပါ...။

အဲဒီတုန်းက ကျမစိတ်ထဲမှာ စာကျက်၊ ကစား၊ အစား ဒါပဲ ရှိခဲ့တာလေ။ (တကယ် တကယ် ယုံပေးကြပါ...:)) အစားဆိုလို့ ကျမတို့ ကျောင်းမှာ ကျောင်းတွင်း မုန့်ဈေးတန်း နဲ့ ကျောင်းပြင် မုန့်ဈေးတန်း ၂ခု ရှိပါတယ်။ မနက်ဆို နို့ထမင်းသောက်၊ နေ့လည် အသုတ်စား လေ့ ရှိပါတယ်။ များသောအားဖြင့်တော့ အိမ်က ထမင်းဘူး ထုတ်ပေးပါတယ်။ ထမင်းစားချိန်ဆို ကျောင်းအဝင်ဝ တဖက်တချက်က ပန်းခြံထဲ ထမင်း သွားစားတတ်ကြသေး တယ်။ကျမနှစ်ခြိုက်စွာ စားလေ့ရှိခဲ့တဲ့ မုန့် နောက်တမျိုးက ခေါက်မုန့်ကြားထဲ ကပ်စေးနှဲ ညှပ်ထည့်ပြီး တဂျွမ်းဂျွမ်း ကိုက်စားရတဲ့ မုန့်ပါ။ လွမ်းမိတဲ့အထဲမှာ အဲဒီ အစားတွေလည်း ပါပါတယ်။

ကျမတို့ကျောင်းမှာ ကျောင်းကား အစိမ်းကြီးတွေရှိတယ်။ အဲဒီကားကြီးတွေက ကျမတို့ ကျောင်းအပြင် ဒဂုံ၃ မိန်းကလေးကျောင်းနဲ့ပါ ပေါင်း ကြိုပေးတာပါ။ မနက် မနက်ဆို ကျောင်းကားအတူ စောင့်ကြရတဲ့အထဲမှာ ကျမတို့နဲ့အတူ မကော်နီလည်း ပါ ပါတယ်။ သူက ဒဂုံ၃က ကျမတို့ထက် အတန်းကြီးပါတယ်။ သူအဆိုတော် မဖြစ်သေးခင်ကပေါ့။

တခါတလေ နောက်ကျလို့၊ ကျောင်းကား လွတ်သွားရင် ရွှေတိဂုံခြေရင်း တောင်ဖက်မုခ်ထိ လမ်းလျှောက်ပြီး ၁၀ပြားပေးရတဲ့ နံပါတ် ၁၀ ဘတ်စ်ကြီးတွေ စီးချင်စီး၊ ဒါမှမဟုတ် အဖော်ရှိရင် ကန်တိုမင် ပန်းခြံကနေ ဖြတ်ပြီး ကျောင်းအထိ လမ်းလျှောက်လေ့ရှိကြပါတယ်။ လွယ်အိတ် စလွယ်သိုင်းလို့ စရင်း နောက်ရင်း လမ်းလျှောက်ကြရတာ ပျော်စရာကောင်းလွန်းလို့ တကယ့်ကို မမေ့နိုင်စရာပါပဲ။

တခါတခါ ညနေ ကျောင်းကားပျက်လို့များ နောက်တစီး အစားထိုးပို့ပေးတဲ့နေ့ဆို ကျမတို့မှာ ပျော်လိုက်ရတာ။ နောက်တစီးက သူပို့နေကျ အခေါက်ပြီးမှ ဒုတိယခေါက်အနေနဲ့ ပို့ပေးတာ ကိုး။ ဒီတော့ ကျမတို့ ကျောင်းကား တစီးလုံးက သူငယ်ချင်းတွေနဲ့ အတူ ကျမအကြိုက် လွယ်အိတ်ထဲက သားရေပင်ကြိုး ထုပ်၊ အခွင့်အရေးရတုန်း မိုးပျံမတတ် ဆော့ပါတော့တယ်။

တကယ်ဆို အဲဒီတုန်းက အချစ်အကြောင်း နားကိုမလည်တဲ့အပြင် ရည်းစားစာပေးခံရရင် ဘရုတ်ကျဖို့လောက်ပဲ တွေးမိတာ။ စာပြန်နော် ဆိုရင် ဘေးနားမှာ ကွင်းစ ကွင်းပိတ်နဲ့ စာပျံနိုင်ဘူး မိုးရွာနေလို့...တို့ ။ သူ့အကြောင်းတွေးရင်း အိပ်မပျော်ဘူး ဆိုရင် အိပ်မပျော်ဘူးလား ရွှေပုပ္ပါး သွေးဆေးကိုစား...တို့ ရေးပြီး ပြန်စာအနေနဲ့ ပြန်ပေး...အဲသလို ပြန်နောက်ခဲ့တာ။ သူများတွေရဲ့ ခံစားချက်ကို နားလည်ပေးရ ကောင်းမှန်းလည်း မသိသူ ဆိုပါတော့...။ ဒါပေမဲ့ ကျမ အထင်တော့ အဲဒီအချိန်မှာ စိတ်ကစားခဲ့ကြတာ နေမှာပါနော် တကယ့် အချစ်စစ် ကြီးတော့ မဟုတ်လောက်ဘူး ထင်ပါရဲ့...။


ခုတော့ သူငယ်ချင်းတွေအားလုံး အသက်အရွယ်လေးတွေရ၊ အလုပ်အကိုင် အတည်တကျ နဲ့ အိမ်ထောင်ရက်သားတွေလည်း ကျလို့ ကိုယ်ပိုင် ဘဝတွေထဲ လျှောက်လှမ်းလို့။ တချို့ အချိန်မတိုင်ခင် ကြွေလင့်သွားခဲ့တဲ့ သူငယ်ချင်းတွေလည်း ရှိပေါ့။ အင်းလေ သေခြင်း တရားရဲ့ အချိန် အပိုင်းအဆကို ဘယ်သူက သိနိုင်မလဲနော်။ ဘာပဲဖြစ်ဖြစ် ရှိနေကြသေးတဲ့ သူငယ်ချင်းတွေ ကတော့ ကျောင်းသံယော ဇဉ်ရဲ့ တုပ်နှောင်မှုအောက်မှာ ကျောင်းတော်ကြီးအတွက် အမြဲ အသင့် ရှိနေတတ်ကြတာ ကြည်နူးစရာပါလေ...။

မျက်လုံးမှိတ်လို့ စိတ်အစဉ်ကို အတိတ်ဆီ စေကြည့်တဲ့အခါ ပုံရိပ် ထင်လာသမျှဟာ ပုံပြင် တပုဒ်လို ဝေဝါးဝါး...။ ဒါပေမဲ့ ပုံပြင် မဟုတ်ခဲ့ ဘူးနော်...တကယ် ဖြတ်သန်းခဲ့ကြဖူးတာ။ တခါတလေတော့လည်း ပေါ့ပါးစေချင်တဲ့ စိတ်နှလုံးက ပုံပြင်တပုဒ်သာ ဖြစ်လိုက်ပါစေတော့ ဆိုတဲ့ အတွေးနဲ့ တိတ်တိတ်လေး ပင့်သက် ချမိပြန်လေတယ်....




သူငယ်ချင်း သက်ဝေရေ...အတွေးများဟာ ဗူးစင်လိုပဲ တစဆွဲရင် တစင်လုံး ပါလာတတ်တော့တာ...ဒါတောင် အရမ်းရှည်သွားမစိုးလို့ တချို့ ချန်ထားခဲ့သေး...

Thursday, April 22, 2010

ငိုတတ်သူ...


ကျမ....

ခဏ ခဏ
ငိုတတ်တယ်....

ချော်လဲတဲ့ အခါ....
အဖော်ကွဲတဲ့ အခါ....

ထမင်းမစားချင်တဲ့ အခါ....
အပျင်းဖျားချင်တဲ့ အခါ....

အအိပ်ပျက်တဲ့ အခါ....
အဆိပ်တက်တဲ့ အခါ....

ဝမ်းနဲနေတဲ့ အခါ....
အရမ်းလွဲနေတဲ့ အခါ....

အချစ်နဲ့ ထိပ်တိုက်ကျတဲ့အခါ....
အချစ်အတွက် သိတ်မိုက်ရတဲ့အခါ....

အဲသလို အခါပေါင်း များစွာမှာ....
ငိုသားကျ လာ ခဲ့......လည်း....
ခုထိ အမှတ်နဲတုန်း....

ချစ်တယ် ဆိုတဲ့ စကားတလုံးအောက်မှာ
အရာရာ ကျမ အတွက် အရှုံး....

မပြုံးတတ်ချင်လည်း နေပါစေတော့လေ....။



Tuesday, April 20, 2010

ဘာလီ ခရီးစဉ်-၇

ဒါလည်းပဲ ဟိန္ဒူနတ်ဘုရားကို ပသပူဇော်ပုံ နောက်တမျိုးပါ။ သူ့ကိုတော့ ဘုရားပွဲကြီးတွေ ရှိမှ ပွဲမတိုင် ပြုလုပ်လေ့ ရှိကြပါတယ်...


ဝါးလုံးရင့်ရင့် နဲ့ အုန်းလက်၊ နှီး စတာတွေ တွဲဖက် ယက်ဖောက်လို့ တံခွန်တိုင် ပုံစံ ပြုလုပ်ထား တာ တွေ့နိုင်ပါတယ်။ ပြုလုပ်သူရဲ့ စိတ်ရှည်မှု၊ ကျွမ်းကျင်မှု နဲ့ အဆန်းထွင်နိုင်မှုပေါ် မူတည်လို့ ပုံစံ အမျိုးမျိုး တွေ့ခဲ့ရတယ်...


အသေးစိတ် ကြည့်ရင် ဆင်တူမယောင်နဲ့ ထိုးယက်ထားတဲ့ ပုံစံ ကွဲပြားတာ တွေ့ရမှာပါ။ အောက်ခြေကနေ ပခုံးစွန်း အမြင့်လောက်မှာ တော့ အမိုးခုံး၊ အမိုးချွန် ပုံစံအစုံနဲ့ ခိုအိမ်လေး တွေလို တွေ့ရမယ်...အိမ်ကလေး အောက်ခြေမှာ ပန်းပွားလိုလို ဘာလိုလို တွဲရရွဲ ချထား တတ် သေးတယ်....




အနီးကပ်ကြည့်မယ် ဆိုရင်တော့ အထဲမှာ သစ်သီးအစုံ နဲ့ ရိုးရာမုန့်တွေကို တွေ့ရပါလိမ့်မယ်...


အဲဒီကနေ ကိုရွှေကားသမား ပို့ပေးတဲ့နေရာကတော့ လှေကားထစ် စိုက်ခင်းတွေဆီကိုပါ....


ဘာလီ မြောက်ပိုင်းရဲ့ အဓိက အသက်မွေးဝမ်းကျောင်းက စိုက်ပျိုးရေးလို့ ဆိုပါတယ်...စပါးနဲ့ ကော်ဖီ အစိုက်များကြပါသတဲ့...


ကျမတို့လို လူတွေအဖို့တော့ ဒီစိုက်ခင်းတွေက ဘာဟုတ်ပါ့မတုန်း...၊ ရီတာပေါ့...ရီတာပေါ့...ဒါပေမဲ့ တခုတ်တရ လိုက်ပို့ရှာတဲ့ ကားသမား စိတ်ချမ်းသာအောင် စိုက်ခင်းချည်းပဲ ဓါတ်ပုံ ရိုက်လိုက်၊ ပြီးတော့ လူနဲ့လည်း ၂ပုံ ၃ပုံ တွဲရိုက်ပြလိုက် ခဲ့ပါတယ်...(လူပုံနဲ့ရိုက်ခဲ့တာတွေတော့ ဘလော့ဂ်ပေါ် တင်တော့ပါဘူးလေ...စိတ်ဝင်တစား ကြည့်ချင်သူများ ကျမ e-mail လေးသာ တိတ်တိတ် တို့လိုက် ကြပါတော့...:))


မနက်ပိုင်းက လိုက်ပို့တဲ့ထဲမှာ ငွေထည်လုပ်ငန်း ဆီကိုလည်း ပါ ပါတယ်...ဒါက အဝင်ဝပါ၊ အကြမ်းထည် လုပ်တဲ့နေရာ နဲ့ ထွက်ကုန်အချော ပြသရောင်းချတဲ့ နေရာရယ်လို့ ၂ နေရာ ဘေးချင်းကပ် ခွဲထားပါတယ်....


အဝမှာ တွေ့တဲ့ အရုပ်တွေက ဘုရင်ရဲ့ ရွိုင်ရယ် မိသားစုလို့ ဆိုပါတယ်...


အဲဒီငွေထည်တွေက ပြည်ပပို့ကုန်တွေသာ ဖြစ်တာမို့ အရည်အသွေး လက်ရာလည်း ကောင်း၊ ဈေးလည်းကြီးပါတယ်။ အပြီးသတ် အချောထည်ကို ဓါတ်ပုံရိုက် ခွင့် မပြုတာမို့ ပြုလုပ်နေဆဲ တွေကိုပဲ ရိုက်ခဲ့ရပါတယ်...


များသောအားဖြင့် နားကပ်၊ ဆွဲကြိုး၊ ရင်ထိုး၊ လက်ကောက် နဲ့ လက်စွပ်တွေ ၊ ဆွဲသီးလေး တွေပါ...ဝရိန်ဆော်သူ၊ လွသွားလေးနဲ့ ဖြတ်သူ၊ အရောင်တင်သူ၊ လိုင်းဖော်သူ အစုံပါပဲ...


အလုပ်သမားပေါင်း ၁၅၀ ကျော်ရှိပြီး အလုပ်ချိန်က မနက် ၉နာရီကနေ ည ၁၀နာရီ၊ တပတ်မှာ ၆ရက် အလုပ်ဆင်းကြရတယ် ဆိုပါတယ်...


ကျမက စပ်စုလွန်းစွာနဲ့ လိုက်ပြတဲ့သူ (စူပါဗိုက်ဇာထင်ပါရဲ့) ကို သူတို့ တလကို လစာ အနဲဆုံး ဘယ်လောက်ရကြသလဲ မေးကြည့်တော့ သူက ပြုံးပါတယ်...ပြီးမှ သတ်မှတ်ချက်အရ တလကို အနိမ့်ဆုံးလစာ ရူးပြား ၈၀၀,၀၀၀ ရှိရမယ်လို့ ဖြေရှာပါတယ်။


အဲဒါတွေ ပြပြီးတဲ့အခါ အချောထည်တွေဘက် ခေါ်သွားပြီး ထုံးစံအတိုင်း ဈေးရောင်းပါတယ်...လက်ထဲကို စကောဝိုင်း သေးသေးတချပ် ထည့်ပေးပြီး ကြိုက်ရာ ကောက်ထည့်သွား ပြီးမှ အထွက်မှာ ပေးရပါတယ်...တပတ်သာ ပတ်မိတယ် ကျမဖြင့် တခုမှ ဝယ်ချင်စိတ်၊ မဝယ်ရ မနေနိုင်ပေါင် ဆိုတာမျိုး မခံစားရတာမို့ မဝယ်ဖြစ်ခဲ့ပါဘူး။ ပစ္စည်းတွေက လှပါတယ် ကျမနဲ့ မလိုက်ဖက်တာ ပြီးတော့ ဈေးလည်း များနေတာမို့ပါ...


ဒါကိုပဲ ကျမရဲ့ Mr.Nice Guy ကြီးက မျက်နှာပူလှပြီ။ ကျမ အာစေးပေါက်မတတ် လျှောက်မေး ကတည်းက သူက အားနာနေတာလေ။ ဟိုပစ္စည်းလေး တခုယူလာ လိုက်၊ ဒါလေး ဝယ်ပါလား လုပ်လိုက်၊ နောက်တမျိုး ယူလာလိုက်၊ ကျမကိုယ်ပေါ် ကပ်ပြပြီး လိုက်တယ် လှတယ် ပြော လိုက်နဲ့ သူ့မှာ ပျာယာထ နေရောပဲ။ ကျမကလည်း မယူဘူး ဆို မယူဘူးပဲ။ အထွက်မှာ အစောင့် လက်ထဲ ဘာမှ မပါတဲ့ စကောလေး ပြန်အပ်လို့ အားနာပါးနာ တခွန်းတော့ ဆိုခဲ့ပါ တယ်...ဆောဒီး လို့...

အမျိုးသားက အဲလိုပါပဲ သူများဖက်က တွေးပေးပြီး အားနာတတ်တာ အလွန်ပါပဲ။ သူက အဲသလို အရမ်းကောင်းနေတော့ သူနဲ့ ယှဉ်လိုက် တိုင်း ကျမမှာ နေရင်းထိုင်ရင်း လူဆိုးမကြီး လုံးလုံး ဖြစ်နေရတော့တာပါ...

ဘာလီပိုစ့် မပြီးသေးပါဘူး ဆက်ပါအုံးမယ်...

Sunday, April 18, 2010

ဘာလီခရီးစဉ်-၆

စောစောစီးစီး အပီ ယူနေကြတဲ့ အဖြောက်နှစ်ယူ.....


ဟိုတယ်က မနက်စာ တနေ့ တနေ့ ဘိုစာတွေချည်းပဲမို့ အတော် ပျင်းစရာ...
Salad၊ Bacon၊ အသားလုံး၊ ညှပ်ခေါက်ဆွဲကြော် နဲ့ ထမင်းဝါ-သူတို့အခေါ် Yellow Rice...ဗိုက်ထဲပြည့်အောင်တော့ ထည့်ရတာပဲပေါ့ ရသတဏှာရယ် ဘာရယ်လည်း ဟုတ်ပါဘူး...


ဆံပင်လေးတွေ ကျစ်ပြီး အပျိုမ စတိုင် သမီးငယ်လေး ချစ်လို့ အသာခိုးရိုက်ခဲ့တယ်


မနက်စာအပြီး ၈ခွဲမှာ လာခေါ်မဲ့ကားသမား စောင့်၊ သူလာတော့ ၈:၄၀...
တော်တော်လေးမောင်းမှ Kecak & Fire Dance ကြည့်ရမဲ့ဆီရောက်တယ်


တော်တော်ကို ပျင်းစရာပါ ဘာလီသွားမဲ့သူများ အချိန်ရှိရင် သွားပါ အချိန်လုသွား ရမယ်ဆိုရင်တော့ ဒါကို ဖြုတ်ချခဲ့ဖို့ မှာချင်ပါတယ်


ဘာကောင်မှန်းမသိ၊ ညာကောင်မှန်းမသိ သူများတွေ ကင်မရာထုတ်ရိုက်တော့ ကျမလည်း ဘယ်နေလိမ့်မလဲ ငါဟဲ့ ဘလော်ဂါ ဆိုပြီး ထရိုက်ပစ်ခဲ့တာ...


သူတို့ ဘာလီနီးစ် ဒန်ဆာတွေဟာ အောင်မြင်တဲ့ ဒန်ဆာဖြစ်ဖို့ ၅နှစ် ၆နှစ် သမီးကတည်းက သင်ယူကြရတယ်ဆိုပဲ...တီးလုံးကတော့ ကျမနားထဲ အနိမ့်အမြင့်မရှိ တပြေးတည်း၊ ဒါကိုပဲ ဒန်ဆာတွေက လက်ဖျားလေးတွေ တချောင်းချင်းခါခါပြီး၊ မျက်နက်ဆံ အရွှေ့ အပင့် နဲ့ ကသွားကြတယ်...။ ခက်တာက နှစ်ယောက်ထဲ နဲ့ကို မညီဘူး....


ဇာတ်ကောင် ကာရိုက်တာတွေကတော့ တရုပ် ပြီး တရုပ် ထွက်လာတာပဲ...ဇာတ်လမ်း အကျဉ်း စာရွက်တွေတော့ဝေတယ် ဒါပေမဲ့ ဘယ်သူက စိတ်ဝင်တစား ဖတ်မတုန်း...တချို့ ခင်းထိုင်ကြတယ်...အင်း ဘာကောင်တွေမှန်းလည်း မသိ၊ ပြောတဲ့ စကားကလည်း ဟိုက်ဘာလီနီးစ်-High Balinese (သက္ကတဘာသာ Sanskrit ကနေ ဆင်းသက်တယ် ဆိုပါတယ်) ဆိုတော့ ဘာတွေမှန်းကို မသိ အောင်ပါပဲ ထွက်ကြရ အောင် ဆိုတော့ Mr.Nice Guy က အားနာစရာ ကြီး တဲ့....ဖြစ်ရလေ... ။ ဒါနဲ့ ချူချူး သွားပေါက်လိုက်၊ ရှေ့မှာ ဓါတ်ပုံ ထွက်ရိုက်လိုက်၊ ရှေ့ကလူ တွေရဲ့ ခေါင်းတွေ လိုက်ကြည့်လိုက်၊ ရေဗူးသွားဝယ်သောက်လိုက်နဲ့ ကျမဖြင့် ပျင်းလွန်းလို့ လိန်ကျစ်နေရောပဲ....ပြီးသွားပြီဆိုမှ ဟေး ကနဲ...


အဲဒီလောက် ပျင်းစရာကောင်းအောင် တီးနိုင်လွန်းတဲ့ ဘဘကြီးတွေကို ထွက်ရိုက်ပစ် ခဲ့တယ် မှတ်ကရော...၃ပုံတောင်...


သူတို့ တီးဝိုင်းက အားလုံး ၁၆ ယောက်...အသံက တသံတည်း တတုံတုံ ထွက်နေတဲ့ ဟာများ...မလိုအပ်ပဲ လုပ်အားတွေ ဖြုန်းတီးလွန်းတယ်...


အသေအချာကြည့်မှ သူတို့ကိုင်ပြီး တီးနေတာက တူလိုလို ဘာလိုလိုဟာကလေးတွေနဲ့...တွေ့လား ရှေ့က ပတ္တလားလိုဟာကို မတီးပဲ ခေါင်းကို တချက်လောက် ထုကြည့်လိုက်ရင် တောင် သံစဉ်လေး ပြောင်းထွက်လာဦးမှာ...အို ပစောက် ရပင့် ငသတ် ဝစံ္စနှစ်လုံးပေါက် ပျင်း....ပျင်းစရာကြီးပါအေ...


ကားသမားရဲ့ ဒက်ရှ်ဘုတ် ပေါ်မှာ ယုံကြည်ကိုးကွယ်ပသမှု တခု၊ ဟိန္ဒူနတ်ဘုရားကိုပေါ့...အန္တာရာယ်ကင်း၊ ဘေးရှင်း ပြီး လာဘ်လာဘ အတွက် နေ့စဉ် တင်လေ့ရှိသတဲ့...


ရှိုးက အထွက် အဝင်ဝက ဘီလူးရုပ်ခေါင်းပေါ်မှာလည်း တွေ့ခဲ့တယ်။ အုန်းလက်ကို ခွက်ပုံချိုးပြီး အထဲမှာ ပန်းတချို့နဲ့ ဘီစကစ်၊ ကွတ်ကီးလို မုန့်မျိုးတွေပါတယ်


သွားရင်းလာရင်းနဲ့ ဒါမျိုးလေးတွေတွေ့တာနဲ့ ထပ်ရိုက်ခဲ့တယ် အဲဒါ ပြန်မဲ့မနက် လေဆိပ်က ဒီအက်ဖ်အက်စ် (Duty Free Shop) မှာ...


အောက်ပုံကတော့ ကျမတို့နေခဲ့တဲ့ ဟိုတယ်ရှေ့က ဈေးဆိုင်တန်းတွေ...အဲဒီတနေရာမှာ ဆိုင်တွေက စုပြီးလာပူဇော်ထားကြတာ...ကျမတို့ ဆီက ရွာဦးနတ်စင်လိုပေါ့ သူတို့ဆီမှာ လမ်းထောင့်တွေတိုင်းလိုလိုမှာ ရှိတတ်တယ်...



ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ် စိတ်ဝင်စားစရာတွေ ရှိပါသေးတယ်...ဖြေးဖြေးပေါ့ ရေးပါအုံးမယ်...