Tuesday, March 9, 2010

အနားသတ် မျဉ်းတကြောင်း

အရောင်...

အမှောင် ပိန်း ပိန်း
အေးစက် စိမ်းကားနေတဲ့ ညရဲ့ အရောင်မျိုး
လေတိုးသံ တချက်ကလေးတောင်မှ မကြားရ
လမိုက်ည ဆိုရင်တောင် ညရဲ့ အမှောင်ကို မတွေ့ထိ နိုင်လောက်အောင်
မှောင်နေတဲ့ အမှောင်တခု ပဲ တိတိကျကျ ရှိနေတယ်....
နောက်....
အဲဒီ အမှောင်ကို သိတဲ့ အသိစိတ် အားပျော့ပျော့လေး ရှိနေသေးတယ်...။

တောင့်ကနဲ တင်းကနဲ ပူနွေး အေးခဲလိုက်...
လှုပ်ကနဲ ဆတ်ကနဲ မာကြော ပြင်းရှလိုက်...
ကိုယ် တခုလုံး သံတံဆို့ ရှိုသွင်းထားသလို...
အသွေး အသားတွေထဲ လျပ်စီးတွေပဲ ပြက်နေသလိုလို...
နု ရင့် ခက် မာ ဝေဒနာတွေပြ လူးမရ လှိမ့်မရ....
ခန္ဓာ အောက်က သင်ဖြူးဖျာ တချပ်လား....
ခပ်မာမာ ခံစားမှုမျိုး ရှိတာလည်း သိနေနိုင်သေးတယ်.....။

အစ ရှိခဲ့လို့ပဲ အဆုံး ရောက်လာတာလေ...
ဘဝရဲ့ နိဂုံး အဆုံးသတ် မျဉ်းတကြောင်းကို လှလှ ပပ ဆွဲခဲ့ဖို့ ရဲရင့်အုံးမှပေါ့
အတိတ်ကို လွှတ်ချခဲ့ ပြန်လှည့်ဖို့ မစဉ်းစားနဲ့....
ငါ ဘာဖြစ်လို့ ဘယ်များ သွားရမှာပါလိမ့် လို့ အနာဂတ်ကိုလည်း မမျှော်လေနဲ့....
ငါ ဘယ်မှာလဲ အဖြေမရှာနဲ့ ပစ္စုပ္ပါန်တောင်မှ မရေမရာ
တဖြည်းဖြည်းချင်း ကုန်ဆုံးနေတာ.....
ငါ ဘာလဲ ဆိုတာတောင် စဉ်းစားဆုံးဖြတ် သုံးသပ် မနေနဲ့
တကယ်ဆို နံရံပါးပါး တချပ်သာခြား....
ကောင်းကင် နဲ့ တိမ်လို တသားတည်း ရှိနေခဲ့တာ.....။

ခုမှတော့....
သွားရတော့မယ် ဆိုပြီး တုန်လှုပ် ငိုငြီးမနေနဲ့....တုန်လှုပ်တဲ့ စိတ်ကို မှတ်.....
အကုန် ထားခဲ့ရမှာမို့ ဝမ်းနည်းနေသေးရင် ဝမ်းနည်းတာကို မှတ်....
ချစ်သူ ခင်သူတွေကို စိတ်မချ အပူလုံးကြွနေရင် ပူနေတာကို မှတ်....
တကယ်တမ်း သွားရတော့မှာ ကြောက်ရွံ့ နေရင်လည်း ကြောက်နေတာကိုပဲ မှတ်....
အာရုံမှာ ထင်ဟပ်သမျှ အမှတ် သတိ နဲ့ တရစပ် မလွတ်တမ်း....
မပြတ်ဖမ်းဆုတ် အဖြစ် အချုပ် နာမ် ရုပ် ပဲ ရှိတဲ့ ဒီခန္ဓာ....
ဘာ တွေကိုများ တမက် တမော ဖွေရှာနေအုံးမှာလဲ......။

မှတ်ရင်း နဲ့ ပဲသွား သွားရင်း နဲ့ ပဲမှတ်....
စက္ကန့် မလပ် တဖျတ်ဖျတ် ရွေ့ရင်း....
လင်းဖို့ အချိန် တချိန်ဟာ တဖြည်းဖြည်းချင်း ရောက်လာတော့မှာ....
တဖြည်းဖြည်းချင်း ရောက်လာတော့မှာ....

ရောက် လာ တော့ မှာ........။





** နောက် ခန္ဓာ ရရှိအုံးမဲ့ ပုထုဇဉ် တယောက်ရဲ့ နောက်ဆုံး အချိန်ကို မမီမကမ်း ခံစားရေးဖွဲ့ ပါတယ်...

16 comments:

ကိုဇော် said...

အမရေ..
ကဗျာတွေ လုပ်လှချည့်လားဗျ...
ကျနော်တောင်မှ ကဗျာတွေ သေနေတာ ကြာပေါ့...

အားပေးသွားပါတယ်ဗျာ..။

မြစ်ကျိုးအင်း said...

နောက်ဆုံးအချိန် အသိတရား ရှိနေဖို့ အရေးကြီးတယ်နော်
ကိုးကွယ်မှီတွယ်ရာကို အသိကပ်နိင်မှ ဖြစ်မယ်

ယောနက်သန် said...

ဖတ်ရင်း မှတ်သွားပါတယ်။

ဇွန်မိုးစက် said...

ကြိုက်တယ်။ တကယ်တမ်းသေခါနီးမှာ အဲလိုမှ မှတ်နိုင်ပါ့မလား။ မှတ်ကျင့်မရှိရင် တကယ့်ကို မလွယ်တာ။ ခုပဲ စစ်ကားနောက်ခံရုပ်ရှင်ကားကြည့်ပြီး တုန်လှုပ်ခြောက်ခြားမိနေတုန်း အစ်မကဗျာဖတ်မိတော့ ပိုပြီးလန့်သွားတယ်။ အင်း...အဆင်သင့်မဖြစ်သေးဘူး..အများကြီးကြိုးစားရအုံးမယ် မမရေ။

Andy Myint said...

အစ်မရေ... လင့်တွေ အလုပ်မလုပ်ဘူးလားရေးသွားလို့ အိမ်တိုင်ရာရောက် လာပြောတာပါ။ အဲဒီ Feed Roll က Auto တက်တာ မဟုတ်ဘူး ခင်ဗျ။ ကျွန်တော် Selectively share လုပ်ထားတာပါ။ ကဗျာတွေ ဘာတွေကတော့ ကျွန်တော့်လိုင်း မဟုတ်လို့ မပါသွားတာပါ။ Share တာတွေကလည်း ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ဟင်းချက်တာတို့ ဘာတို့ပါ။ သူ့ Theme နဲ့ သူ Share တော့လည်း အဲဒီ Feed Roll က စာတွေကို စာဖတ်သူတွေက ယုံယုံကြည်ကြည် အားပေးတော့ တစ်ခါ Share လိုက်ရင် အနည်းဆုံး ပရိတ်သတ် ၁၀၀ လောက်က ဖတ်ကြတာ အစ်မရဲ့ Site meter မှာတွေ့နိုင်ပါတယ်။ ကျွန်တော်လည်း တစ်ခါ ရှင်းပြရဘူးတယ်။ ဘာရယ် မဟုတ်ပါဘူး။ ဖတ်ကြည့်ချင်လည်း ဖတ်ကြည့်လို့ရအောင် လင့်ထားခဲ့တယ်နော်။ http://wesheme.blogspot.com/2008/08/reply-to-megumi.html
ကျွန်တော့်ဘလော့ကို အားပေးတာလည်း ကျေးဇူးပါ။
ခင်မင်လေးစားစွာဖြင့်
Andy

Thant said...

အစ်မရေ....အဲဒါ ကိုယ်သွားရတော့မယ်လို့ကြိုသိနေလို့ ကြိုပြင်ဆင်နိုင်တဲ့အခြေနေတစ်ခု.....။ ကိုယ်ကြိုမသိနိုင်ဘဲ လျှပ်တပြက်ဖြစ်သွားခဲ့ရင် မမေ့မလျှော့တဲ့သတိ အမြဲရှိမနေတဲ့သူဆိုရင် သွားပါလေရောနော်....။ သူ့တစ်ဘဝလုံး မကောင်းတာမလုပ်ခဲ့တာတောင်မှ နောက်ဆုံးထားရမယ့်စိတ်ကို မထားလိုက်နိုင်တဲ့အတွက် သံသရာမှာ ဘယ်နှစ်ဘဝဆက်လည်ဦးမယ်မသိဘူးနော်.....။ အဲဒါကြောင့် မြတ်စွာဘုရားက အပ္ပမာဒေနသံပါဒေထ လို့မှာခဲ့တာ....(ဆက်ရေးရင်အများကြီးဖြစ်သွားလိမ့်မယ်.....တော်ပြီ ) :)

Nge Naing said...

သံဝေဂစာတွေ ရေးနေပြီလား။ ဒီလောက်လည်း မနီးသေးဘူး ထင်တယ်။ မချစ်ကြည်အေး တရားရပြီး ဘလော့ဂ်မရေးတော့ရင် သတိရနေတော့မှာပဲ။

မောင်မိုး said...

ကျွန်တော် "အသက်ကလေး ဖွပ် ကနဲထွက်သွားပြီးနောက်" ဆိုတဲ့ အတွေ့အကြုံခံစားမှုလေးတွေကို အရမ်းသိချင်နေတယ်။ ပြီးတော့ အခုလိုမျိုး ပြန်ပြီး ဝေမျှခွင့်ရချင်တယ်။ ငါဘယ်လို သေသွားတာ။ ငါသေသွားတော့ ဒီလိုဖြစ်သွားတာ ဆိုတာမျိုးပေါ့။ ကျွန်တော်သေပြီးနောက် ဆိုတဲ့ အက်ဆေးတစ်ပုဒ်လောက်ရေးလိုက်ချင်သေးတာ။

အင်ကြင်းသန့် said...

အင်း...မမရေ..ဟုတ်တယ်နော်...လူတိုင်းဟာ နောက်ဆုံးအချိန်ဆိုတဲ့ အရာကို မလွဲမသွေ ကြုံတွေ့ကြရမှာနော်...ကြိုတင်ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ...ကျေးဇူးမမရေ...မှတ်သွားတယ်...

ညီမလေး
အင်ကြင်း

sosegado said...

သတ္တ၀ါတစ်ခု ကံတစ်ခု

သတ္တ၀ါတစ်ဦး၏ သေခြင်း(စုတိ)နဲ့ နောက်ဘ၀ဖြစ်ခြင်း၊ နောက်ဘ၀သို့ရောက်ခြင်း (ပဋိသန္ဓေ)တို့ဟာ တစ်စပ်တည်းလို့ ဆိုတယ်၊
တရား နှင့် သေနိုင်ဘို့  ကောင်းမှု့ကုသိုလ်၊ သီလ၊ ဒါန၊ ပါရမီ အကျိုးတွေဖြည့် ကြဦးဆို့။
တရားမလုပ်နိုင်သေးသူ

သက်ဝေ said...

ဟိုတနေ့ကပဲ အိမ်ကလူကြီးကို စိတ်လိုလက်ရ ဝက်သားဟင်းတွေ ချက်ကြွေးနေပြီး မနေ့တနေ့ကပဲ မိန်းကလေး အချစ်အကြောင်းပြော... အော... လွမ်းမနေခဲ့ပါဘူး ဆိုပဲ...။
အခုတော့ နောက်ဆုံးအချိန် တဲ့...
နားလည်ရ ခက်ပါလားနော်...း))

ရွှေရတုမှတ်တမ်း said...

ဟုတ်ပါ့မယ်သက်ရာ..
ခုဝက်သားဟင်းချက်လိုက်..ခုနောက်ဆုံးအချိန်ပြောလိုက်နဲ့
ဝိသာချစ်တို့ကတော့..လုပ်ချလိုက်ပြန်ပြီ

မောင်ဘကြိုင် said...

“ဟဲဟဲ ပြောကုန်ကြပြီနော်း) ကဗျာလေးကောင်းတယ်ဗျို့
အားကျတယ် ရေးတတ်ပါ့နော်

Anonymous said...

မကြီးအေးနော်.......
အနော်က...ထုမှ နေကောင်းခါစရှိသေးတာကို......အဟိ.....း))
ခင်မင်တဲ့
ဏီလင်းညို

မောင်မောင် said...

အင်း မချစ်ကြည်အေး တကယ်များတရား ရသွားပြီလားသိဘူး။ :)
တကယ်တော့လဲ တရားဆိုတာ ကြီးတာ ငယ်တာ နဲ့တော့မဆိုင်ဘူးထင်တယ်။
သေခြင်းတရား ဆိုတာလဲ ကွေးသောလက်မဆံ့ ခင် ဖြစ်သွားနိုင်တာပဲနော်။
ဒီတော့ သတိလေး ရှိနေယင် အကောင်းဆုံးပါ။
ကဗျာ တော့ ကြိုက်တယ်ဗျာ။
သံဝေဂ ကဗျာပေါ့။

ခင်တဲ့
မောင်မောင်

မြသွေးနီ said...

အစ်မချစ်ကြည်ရေ
ကဗျာလေး ဖတ်အပြီး...
..ငါရော...ငါရော....ငါရော...နဲ့
ကိုယ့်ကိုယ်ကို ပြန်မေးမိလျှက်သားဖြစ်နေတယ်။
ထိပါ့ရှင်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်