Friday, March 5, 2010

သူ့အကြိုက် (သို့မဟုတ်) ကျမ ချက် မိ....( အပြီး)

အဲသလိုနဲ့ တနေ့ တနေ့ ချစ်သောသူ အကြိုက် မမောမပန်း ချက်ပြုတ်လာလိုက်တာ ကျမဖြင့် ထန်းပင်ပေါ်က ဆင်းရတယ်လို့ကို မရှိ တော့ဘူး။ ဂျပန်ခေတ် ထန်းတက်လက် မှတ် ရထား သူများလိုပေါ့ရှင်။ အဲ တနေ့တော့ အိမ်မှာ သူ မူးလဲမလို ဖြစ်တာနဲ့ လင်မ ယားနှစ် ယောက်သား အိမ်အောက်ထပ် ဆေးခန်းကို ပြေး၊ သွေးစစ်လိုက်တော့မှ သူ ကိုလက်စထရောတွေ များနေ သတဲ့။ ဆရာဝန်က ဆေး ၃လ သောက်ပြီး သွေးပြန်စစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အိမ်ကိုသာ ပြန်ရောက်ရော ကျမဖြင့် အတွေးတွေနဲ့ ပတ်ချာလည်နေတော့တာ။ သူသာ ခုနေ တခုခု ဖြစ်ရင်တော့ ငါ တရားခံ လို့ စိတ်ထဲ တွေးမိရတာ ကိုး။ တွေးဆို တွေးမိရဖို့ အကြောင်း ကလည်း ခိုင်ခိုင်မာမာ ရှိနေလေရဲ့။ အရင် အိမ်မှာ ကျမတို့နဲ့ အတူနေခဲ့ဖူးတဲ့ အမကြီး တယောက်ရှိတယ်။ သူက အပျိုကြီး၊ကျန်းမာရေး ဝန်ထမ်းပီပီ အစားအသောက် က အစ ဆေးဝါးအဆုံး သိတ်ဂရုစိုက်တယ်။ သူစားတာ ကြည့်လိုက်ရင် ရေလုံပြုတ် လို ဟာမျိုး တွေ ချည့်ပဲ။ ကျမမို့လို့ ဟင်းချက်ပြီဆို ဘေးနားလာပြီး "ယောင်္ကျား ကို အင်စတောလ်မန့် နဲ့ ဖြည်းဖြည်းချင်း သတ်နေတယ်ပေါ့လေ" လို့ ပြောတတ်တာ။

ဒီတော့ ကျမမှာ ဘုရား ဘုရား မှန်များ မှန်နေပြီလား ဆိုပြီး ဝမ်းနည်းလိုက်ရတာ။ အဲဒီ့ တနေ့လုံး ဇီးရွက်လောက် မျက်နှာနဲ့ တချိန်လုံး သူ့ အရိပ်အကဲပဲ ကြည့်နေမိတော့တယ်။ ဟို အပျိုကြီး ပြောခဲ့တဲ့ စကား ခဏခဏ နားထဲ ကြားရင်း စိတ်မသက်မသာ ဖြစ်ရတာ များလေ။ တော်နေကြာ ဇနီးဖြစ်သူ မဆင်မခြင် ချက်ကျွေး၍ ခင်ပွန်း ခမျာ မာလကာသီး စားရခြင်း ဆိုပြီး စာလုံးမဲကြီးနဲ့ မျက်နှာဖုံးမှာ ပါလာလို့ ကမှ မတင့်တယ်။ ခက်လိုက်ထာများ...။
‌​​‌​​‌
မောင်မင်းကြီးသား ကံကြီးပေလို့ ဆေးသောက်ပြီး ၃လ သွေးပြန်အစစ်မှာ သူ့အခြေအနေက ပုံမှန်ထဲ ပြန်ရောက်သွားခဲ့တယ်။ အဲဒီနောက် တော့ ကျမ လည်း အချစ် ကျန်းမာရေး အတွက် ဟင်းချက်ခြင်း အနုပညာသစ် တခု ဆည်းပူး ရပြန်တာပေါ့လေ။ ဝက်သားဝယ်ရင် အဆီ နဲတဲ့ အပိုင်းရွေး ဝယ်တတ် ခဲ့ပြီ။ တပတ်ကို တရက် နှစ်ရက်ပဲ ထမင်းဝိုင်းမှာ ဝက် မျက်နှာမြင်ရမယ်။ ဟင်းထဲကို အရွက်စိမ်း နဲ့ ခရမ်းချဉ် သီး များများ ထည့်ချက်တတ်ပြီ။ ချည်ရည်ဟင်းထက် အဖြူထည်ဟင်းချို၊ အသားပြုတ်ရည်ထဲ ပြောင်းဖူး၊အာလူး နဲ့ မုန်လာဥနီ ထည့် ထားတာမျိုး လေးတွေ အချက်များလာခဲ့ရတယ်။ ကျန်းမာမှ ချမ်းသာမယ်၊ "You are what you eat" ဆိုတဲ့ စကားကို ကျမ လုံးဝဥဿုံ ယုံကြည် သွားခဲ့ရတယ်။

အသေအချာ စဉ်းစားကြည့်ပြန်တော့ အမျိုးသားတွေ ခင်ပွန်းသည် ဖြစ်လာဖို့ အတွက် သူတို့အမေ ရင်ခွင်ထဲကနေ ကျမတို့က ဆွဲထုတ် ယူထားခဲ့တာ မဟုတ်ပါလား။ အမေတွေရဲ့ လက်ထဲမှာတော့ သူတို့ရဲ့ နေထိုင် စားသောက်ရေးဟာ အင်မတန် လုံခြုံစိတ်ချစွာ ရှိခဲ့ကြ မှာပါ။ အမေတွေဟာ သားကလေးတွေ မျက်နှာကို မှန်လိုလည်း​‌​ အရိပ်ကြည့် နေခဲ့ကြပါ လိမ့်မယ်။

အဲဒီလို အမေတွေ ဆီကနေ လက်ပြောင်းရယူထားတဲ့ ကျမတို့ တတွေဟာ မိခင် မျိုးနွယ်တွေ ဖြစ်တဲ့ အလျောက် မိခင်စိတ် ဆိုတဲ့ မေတ္တာဓါတ်ခံက မွေးရာပါ ကိန်းပြီးသားပဲ မဟုတ်လား။ သားသမီးရှိသူများ ဆိုရင်ဖြင့် ပြောဖွယ် မရှိတော့ပါဘူး။ သားကိုသခင် လင်ကို ဘုရား ဆိုတာ ကျမတို့ မြန်မာ အမျိုးသမီးတွေ ယနေ့ထိ လက်ခံ ကျင့်သုံးနေဆဲပဲလေ။ သားကလေး မျက်နှာ ကြည့်မဝ၊ ခင်ပွန်း မျက်နှာ ကိုလည်း ကြည့်ရနဲ့ သူတို့လေးတွေ ကျန်းမာ ပျော်ရွှင်နေရင်ပဲ ကျမတို့ရဲ့ ကမ္ဘာငယ်လေးဟာ လှပမြဲ၊ စိုပြည်မြဲ ဖြစ်နေရပြန်တာ။

တခါတလေတော့လည်း ကလေး မရှိတဲ့ ကျမ အတွက် သူဟာ သားတယောက် ဖြစ်နေခဲ့ ပြန်ပါရဲ့။ နေကောင်းရဲ့လား၊ ခေါင်းရော ကြည် လား၊နေ့လည်က ရုံးမှာ ထမင်းစား ကောင်းရဲ့လား၊ ဘာဟင်း နဲ့ စားလဲ၊ ဝမ်းရော မှန်လား ? ဒါ သူ အိမ်ပြန်ရောက် တိုင်း တနေ့ တနေ့ မေးဖြစ်နေတဲ့ မေးခွန်းတွေပါ။ သူက ပြန်နောက် တယ်။ ဒီနေ့ အီအီး ဘယ်နှစ်တုံးပါလဲ အပျော့ အမာရော ပြောပြရအုံးမလား တဲ့လေ။
သူ အလုပ်ထဲမှာရော ပျော်ရဲ့လား ဆိုတာလည်း မေးရ သေးတာ။ တကယ်ဆို အိမ်မှာထက် ရုံးမှာ နေရတဲ့ အချိန်က ပိုများလေတော့ အလုပ်ထဲမှာ စိတ်ဖိစီးမှုရှိနေရင် ကျန်းမာရေး ထိခိုက်နိုင်တယ် မဟုတ် လား။ ဒါကြောင့် သူ့ အလုပ်ထဲမှာ သူ့ကို ပျော်နေစေချင်တယ်။

ပြောချင်တာက ကျမတို့တတွေ မိသားစုကို ချစ်တာ ချစ်ကြပါ။ ဒါပေမဲ့ အလိုလိုက်ပြီး ကျန်းမာရေးအတွက် မသင့်လျော်တာတွေ မကျွေးမိ စေဖို့ပါ။ အထူးသဖြင့် Junk Foods နဲ့ Deep Fried တွေ သိပ်မကျွေးကြစေချင်ပါဘူး။ မိသားစုတစုလုံးရဲ့ ကျန်းမာရေး နဲ့ ပျော်ရွှင်မှုဟာ ကျမတို့ အမျိုးသမီးတွေ လက်ထဲမှာ ရှိနေတယ်ဆိုတာကို အမြဲ သတိရနေဖို့ပါပဲ။

ခုတော့ဖြင့် သူဟာ ကျမ လက်ထဲမှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ ရှိနေရှာလေရဲ့။


မိသားစုတိုင်း ကျန်းမာပျော်ရွှင်သော ဘဝလေးများ ပိုင်ဆိုင်နိုင်ကြပါစေ...

29 comments:

ရွှေရတုမှတ်တမ်း said...

မယ်ချစ်က အမျိုးသမီးတွေရဲ့ သဘာဝမိခင်စိတ်ကို ရိုးရိုးလေးရေးပြတာဖတ်လို့ကောင်းလိုက်တာ....
အဲဒီမိခင်စိတ်ပြိုင်ပွဲက ချွေးမနဲ့ယောက္ခမကြားပေါ်ပေါက်လာရင်တော့..
မတည့်ကြတော့ဘူးပေါ့လေ

မောင်ဘကြိုင် said...

အော် ချစ်တတ်လိုက်တာနော်း) အားကျလေးစားပါတယ်အစ်မရေ....
အစ်မတို့ကတော်ပါသေးတယ် ကိုကိုကျောက်တို့ဆို သနားစရာလေးဗျ
ချက်ကျွေးမယ့်သူရှာနေတာ အခုထိ မတွေ့သေးဖူးရယ်လေ

ရွာသားလေးဝိုင်တီယူ said...

အချစ်အတွက် ဟင်းချက်ခြင်း အနုပညာကို လေ့လာသွားပါသည်

Anonymous said...

မချစ်ကြည်အေးရေ
မှန်လိုက်တာ မအယ်က မချစ်ကြည်အေးကို အီးမေးပို့ဖို့ စုံစမ်းနေတာ။ ဒီလိုသာ နေ့တိုင်း ချက်ကျွေးနေရင်တော့ ဒွတ်ခလို့။

သိင်္ဂါကျော် said...

အဆီဓါတ်ကို လျှော့စားတာ အကောင်းဆုံးပါပဲ..

Moe Cho Thinn said...

အမကိုရတာ အကို ကံကောင်းလိုက်တာ..
ကြည်နူးသွားတယ် မမရေ..

sonata-cantata said...

တို့များကတော့ စားဖြစ်ရုံသာ ချက်သူပါကွယ်

ဝက်ဝံလေး said...

ဟင့် ပုံမပါဘူး သွားရည်မကျရတော့ဘူး ဂလု

အင်ကြင်းသန့် said...

အင်း...တကယ်ကို မိန်းမရ ကံကောင်းတာပဲ...မမကလည်း တကယ့်ကို ဇနီးကောင်းတစ်ယောက်ပါပဲလားနော်...ထာဝရ ချစ်ခင်စွာ နေသွားနိုင်ကြပါစေ... :))

ညီမလေး
အင်ကြင်း

SHWE ZIN U said...

သူငယ်ချင်း ရေ

လေးစားပါတယ်..အဟင်း.သိပ်တော့ အလိုမလိုက်နဲ့နော် ယောက်ကျားများ ကောင်းတာ မဟုတ်ဘူး တော်ကြာ အိမ်က ချစ်ချစ်ကြီး လာခေါ်သွားလို့ ကိုဘကြိုင်ထန်းရေဆိုင် ပါသွားအုန်းမယ်...
ဒေါ်ချစ်ကြည်အေး က တော်တော် အမြတ်ကြီးစားတယ်တဲ့ ကိုဘကြိုင်ကြီး အော်နေတယ်..သွားကြည့်လိုက်အုန်း

ခင်တဲ့
ရွှေစင်

Wai said...

အင်းဗျာ ဖတ်လိုက်ရတာ မြန်မာအမျိုးကောင်းသမီးတွေရဲ့ သဘောသဘာဝကိုရှင်းရှင်းလင်းလင်းမြင်ရပါဘိ
ကျနော်တို့ တွေရဲ့ လူနေမူပါတ်ဝန်းကျင် ယဉ်ကျေးမူပုံစံ ကို ဂုဏ်ယူပါတယ်ဗျာ
ဒီထက်မကချစ်နိုင် ဂရုစိုက်နိုင်ပါစေဗျာ

Nge Naing said...

တော်သေးတာပေါ့နော့် သိသိသာသာကြီး ဖြစ်ပြီး ဆေးခန်းပြမြန်ပေလို့၊ သိသိသာသာ မဖြစ်ပဲ တဖြည့်ဖြည့်ဖြစ်ပြီး ကော်လက်စရောလ်တွေ သွေးကြောနံရံမှာ အစိုင်အခဲဖြစ် ပဲ့ထွက်ပြီး ဦးနှောက်သွေးကြောကို သွားပိတ်တဲ့အချိန်မှ သိရင် လုံးဝနောက်ကျသွားပြီ။ ကျွန်မလည်း အရင်က ၀က်သား တော်တော်ကြိုက်တယ် အခုတော့ အသားဆိုတာ ခန္ဓာကိုယ်အတွက် ၂၄ နာရီလုံးလုံးမှာမှ နည်းနည်းပဲလိုအပ်တယ်၊ ပိုစားလို့ အကျိုးမထူးဘူး၊ မကောင်းဘူးဆိုတာ သိလို့ ၀က်သားတခုတည်း မဟုတ်ဘူး ငါးအပါအ၀င် ပင်လယ်ကထွက်တဲ့ အသားတချိ့ကလွဲပြီး မစားတော့ဘူး။ ကျွန်မ အမျိုးသားက ၀က်သားကြိုက်တတ်တော့ ကျွန်မက တခါတလေ အဆီလည်း သိပ်မများ အာဟာရလည်း ဖြစ်အောင် ၀က်နံရိုးဝယ်ပြီး ဗူးသီးနဲ့ ချက်ပေးတာ မစားဘူး သူ့ဖါသာသူ သုံးထပ်သာကိုမှ သွားဝယ်ပြီး အသေအချာ ပေါင်းစားတယ်။ ကျွန်မလည်း ကျွန်မ ချက်ကျွေးတာ မစားလို့ ဟင်းတအိုးလုံး သွန်ပစ်ရပြီး နောက်ပိုင်း သူ့ကို တခါမှ မချက်ကျွေးတော့ဘူး။ ငါးတွေ၊ ပုဇွန်တွေ အသီးအရွက်တွေနဲ့ ကျွန်မချက်ထားတာနဲ့ မတင်းတိမ်ရင် သူ့ဖါသာသူ အသားတွေ သွားဝယ်ပြီး ချက်စားတယ်။ သူမီးဖိုခန်းထဲမှာ ဆိတ်သား၊ အမဲသားချက်နေရင် ကျွန်မ အနံ့မခံနိုင်တာနဲ့ မီးဖိုခန်းတံခါးနဲ့ ဧည့်ခန်းကြား တံခါးအပြင် မီးဖိုခန်း ပြတင်းပေါက်ကလွဲပြီး အိမ်မှာ ရှိတဲ့ပြတင်းပေါက်တွေအကုန်လုံးကို အပြင်ကနေ ဟင်းအနံ့ ပတ်ဝင်မှာစိုးလို့ အကုန်ပိတ်ထားလိုက်တယ်။ ကျွန်မတို့ နှစ်ယောက်အကြိုက်ချင်း လုံးဝကိုမတူဘူး။ ဘာပဲဖြစ်ဖြစ် မချစ်ကြည်အေးတို့ ကံကောင်းတယ်။

ကိုလူထွေး said...

သူပြောမှပဲ ကိုယ့်ကိုကိုယ် အင်စတောမန့်နဲ့ အသတ်ခံနေရမှန်း သိတော့တယ်...

မျှင်းမျှင်းပြီးတော့လေ...

းဝ)

Vista said...

ချစ်ခြင်းရဲ့ အနုပညာရော ချက်ခြင်းရဲ့ အနုပညာရော အကုန်သိရတာကိုး။
အဲလို ဂရုစိုက်ပြီး ချစ်ရတာလား ဟက်ဟက်...။

အပြုံးပန်း said...

အချစ်အတွက် ဟင်းချက်တဲ့ အနုပညာ မီးမီးလည်း တတ်ပါတယ်၊ :)
မ ပြောတာတွေ သဘောကျ လက်ခံတယ်၊ သားတို့ရဲ့ မိခင်တွေကလည်း ချွေးမ သူတို့သားကို သူတို့လောက် ဂရုစိုက်ပါ့မလားပဲ စိတ်ပူကြတာပါပဲ။
မရဲ့ မွေးစားညီမတောင် ဖြစ်ချင်လာပြီ၊ ဂရုစိုက်တာခံချင်လို့။

ဇွန်မိုးစက် said...

အင်း...အစ်မချစ်ဆီက အတုယူစရာတွေ တယ်များပါလား။ ဟင်းချက်တာအစ ယောက်ျားကိုဂရုစိုက်တာအလယ် တရားမှတ်တာအဆုံး...း)

ဇွန်ကတော့ ချက်ကျွေးစရာလူမရှိလို့ ကိုယ့်ကိုယ်ကိုပဲ ချက်ကျွေးပြီး ဂရုစိုက်နေရတယ်။ :D

mks said...

မေတ္တာပေး မေတ္တာ ရ၊ ဖတ်ရတဲ့ သူတောင် ကြည်နူးပါတယ် ..

မောင်မိုး said...

အလုပ်တွေရှုပ်နေလို့ အခုမှလာဖတ်ရတယ်။ ယောကျာ်းအပေါ် အစ်မက မိခင်စိတ်ရှိတယ်။ မိန်းမတိုင်း မိခင်စိတ်ရှိတာမဟုတ်ဘူးဗျ။ လေးစားပါတယ်ဗျာ။ အိုအောင်မင်းအောင် ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေ။
သာဓု..သာဓု..သာဓု။ ထန်းရေဆိုင်သွားရင် ကျွန်တော့်လည်း ခေါ်ကြဦးနော်။ အမြည်းလိုက်စားဖို့။ :D

မြစ်ကျိုးအင်း said...

ကျန်းမာပျော်ရွှင်ပြီး ရာသက်ပန် လက်တွဲသွားဖို့ကလည်း မီးဖိုဆောင်က အရေးပါတာပဲပေါ့။ ဒီလို ဂရုတစိုက်ရှိတာလေး တွေ ဖတ်ရတော့ ကြည်နူးပီတိ ဖြစ်ရပါတယ်ဗျာ။
ထာဝရအမြဲ ပျော်ရွှင်သာယာကြပါစေ။

ကိုချစ်ဖေ said...

ချစ်ရင်းနဲ့ချက် ချက်ရင်းနဲ့ချစ်ဖို့ သင်ယူသွားပါတယ်..(တနေ့နေ့တော့ ချက်ရဦးမည်..အားမလျှော့..ဟဲ)

မြသွေးနီ said...

အစ်မချစ်ကြည်ရဲ့ ပို့စ်လေးကို ဖတ်မိတာ ပျော်ရွှင်ကြည်နူးဖွယ်တွေ ကူးစက် ခံစားမိပါတယ်။ အစ်ကိုကတော့ တကယ့်ကို ကံကောင်းတာပါလားနော်။ အစ်မလည်း ကံကောင်းတာပါပဲလေ..။

ပုံရိပ် said...

တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတာ ပျော်စရာကြီးပါပဲ။

Thant said...

အစ်မက ချစ်တတ်လိုက်တာ... :)

မယ်ကိုး said...

မရေ... ဒီစာလေးကို ဖတ်ထားတာ ကြာပါပြီ။ စိတ်မကောင်းလွန်းလို့ အခုမှ မန့်ဖြစ်တာ။ မိခင်နဲ့ တူတဲ့ အချစ်မျိုးအကြောင်း မယ်လည်း ရေးခဲ့ဖူးတယ်။ မိခင်လို ချစ်ချင်တယ် ဆိုတာ။ ...
မဖြစ်နိုင်ဘူးတဲ့လေ။ ကြေကွဲစရာပဲနော်။ လက်မခံတဲ့ သူတွေလည်း ရှိသေးတယ် မရယ်။

~ဏီလင်းညို~ said...

မကြီးအေးရေ....
ဟုတ်မယ်နော်...။
အနော်ကတော့ ဒီမှာ ညီလေးတွေသူငယ်ချင်းတွေကို အကုန်လုံးချက်ကြွေးတာ ဒိုင်ခံပဲ....။
အလုပ်ကပြန်လာတာနဲ့လေ....ဟီးဟီး...
ကောင်းတာတွေရော....မကောင်းတာတွေရောပဲ...ခွိ....
ခင်မင်တဲ့
ဏီလင်းညို

9-9 said...

မမချစ်ကြည်ရေ
သဘောထားချင်းတိုက်ဆိုင်တဲ့အတွက် အားပေးထောက်ခံသွားပါတယ်

ကိုဇော် said...

နာ့အမတို့များ ချစ်တတ်လိုက်နော်..အမတော်ပါမယ် ဆိုမှ...
( အမရေ အပေါ်မှာ ညီမတော်ထားတာ တစ်ယောက်ရှိတယ်နော်.. အမကြီး မရီး...ဟီးဟီး။ )

ချစ် ပါလို့ ပိုများ ချစ်တတ်နေတာလား...ဟား. . .ဟား. . .
အနော့်ကိုလည်း ရှာပေးပါလား. . ဟား. . ဟား. .
ကျေးဇူး မမေ့ပါဘူး. .ဟူး ...ဟူး. . .

( ငိုချင်းနဲ့ ပြောသွားတယ်နော်။ )

ကိုဇော်

လုလု said...

အမရယ် ချစ်ကြည်အေးဆိုတဲ့ နာမည်နဲ့လိုက်အောင် အရမ်းကို ချစ်တတ်တာပဲနော်။ အစ်ကိုကတော့ အရမ်းကို ကံကောင်းမှာပဲ။ အမလို စိတ်ထားမျိုးရှိတဲ့သူက အစ်ကို့အမေ ယောက်က္ခမနဲ့လည်း မတည့်စရာ အကြောင်းမရှိတော့ဘူးလေနော်။ ကြည်နူးလိုက်တာ အရမ်းပဲ။ အစ်ကိုနဲ့ အစ်မတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။ ကြည်နူးမှု ကူးစက်လာရလို့ အရမ်းကျေးဇူးတင်မိပါတယ်။
ချစ်ခင်စွာဖြင့်
လုလု

LuMin Aung said...

ထာဝရ ပျော်ရွှင် နိုင်ကြပါစေ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်