Wednesday, February 10, 2010

ယုံကြည်ရာ...

ကျမ ငယ်ငယ်က လမ်းဘေးဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ အဆိုအမိန့်လေးတွေကို သိပ်သဘောကျလေ့ရှိပါတယ်။ တကယ် အဟုတ် မှတ် ပြီး အထင်တွေကြီး၊ အဲဒီထဲက အတိုင်းလည်း ပဲ စိတ်ထား မိခဲ့ပါတယ်။ မှတ်မိသလောက် ပြောပြပါရစေ။

သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ။ အဲဒီအတိုင်းဆိုရင်ဖြင့် သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမည် လို့ ယူရတော့မှာပါ။ ကျမ အနေနဲ့တော့ သင်ကောင်းတာ ဆိုးတာက သင့်အပိုင်း၊ သင့်ရွေးချယ်မှု ဖြစ်ပြီး ကျမ ကောင်းအောင် ကြိုးစားဖို့ကသာ ကျမ အပိုင်းလို့ အရွယ်လေး ရင့်ကျက်လာတဲ့ အခါမှာ နားလည်လက်ခံ လာခဲ့ပါတယ်။

စေတနာသည် လူတိုင်းနှင့် မတန်ပါ။ တကယ်တော့ အဲဒါလည်း မှားတယ်လို့ ကျမ မြင်ပါတယ်။ စေတနာဟာ လူတိုင်းနဲ့ တန်ပါတယ်။ သူ့အပေါ် ထားခဲ့တဲ့ စေတနာကို နဲနဲ ထပ်တိုးကြည့်ပါ။ စေတနာနဲ့ မတန်ဘူးလို့ မိမိစိတ်က ပိုင်းဖြတ်လိုက်ခြင်းဟာ သူ့ရဲ့ တုန့်ပြန်မှုအပေါ် ဈေးတွက် တိုင်းတာလိုက်ခြင်းသာ ဖြစ်တယ်။ တနည်းပြောရရင် ကိုယ့်ဘက်က တုံ့ပြန်မှု တခုခု မျှော်လင့်ခဲ့လို့သာ မျှော်လင့်တဲ့ အတိုင်း ဖြစ်မလာလို့ ထွက်လာတဲ့ အသံ ဖြစ်ပါတယ်။

မှန်လိုကျင့်ပါ တို့၊ ပါးကိုက်ရင် နားပြန်ကိုက်ပါ တို့ ဆိုတာတွေ၊ မျက်လုံးတလုံး အတွက် မျက်လုံးတလုံး ၊ နံရိုးတချောင်း အတွက် နံရိုး တချောင်း တို့ ဆိုတာတွေဟာ ရန်ကိုရန်ချင်း တုံ့ပြန်ဖို့ အားပေးအားမြှောက် အဆိုအမိန့်တွေသာ ဖြစ်ပါတယ်။ ကျမ ကတော့ အတုန့်အလှည့် ပြုဖို့ မလိုလားသူပါ။ သူလုပ်သမျှ သူပဲ ရမှာမို့လို့ တုံ့ပြန်လိုက်ခြင်းအားဖြင့် သူ့ရဲ့ အကုသိုလ်ကို ခွဲဝေမယူလိုခြင်းသာ ဖြစ်ပါတယ်။

ငယ်စဉ်တုန်းကတော့ ဒီလိုစိတ်ထားမျိုးကို ငတုံး ငအ လို့ ထင်မှတ်ခဲ့မိသူ၊ မဟုတ်မခံ သူက ဒုန်းကနဲဆို ကိုယ်က ဒိုင်းကနဲ လုပ်လိုက်ရမှ ကျေနပ်သူပါ။ ပါ။ ခုတော့လည်း ကိုယ်ဟာ သူများအတွက် တနေရာရာမှာ အသုံးကျတဲ့သူတယောက် ဖြစ်ရင်ကိုပဲ ကျေနပ်နေတတ် ပါတယ်။ လှေကားထစ်တခု၊ ဓါးသွေးကျောက်တတုံး၊ ဖယောင်းတတိုင် အဲလိုမျိုး အသုံးချခံ တခုအဖြစ် ဂုဏ်ယူကျေနပ် နေတတ်သူ ဖြစ်အောင် ကြိုးစားနေဆဲပါ။

လူတိုင်းအပေါ်မှာ ကြင်နာစိတ် ထားနိုင်အောင် ၊ မိမိနှင့် နှိုင်း၍ ကိုယ်ချင်းစာတရား ထားနိုင်အောင် ၊ မြတ်စွာဘုရားဟောကြားခဲ့သလို ရှည်လျားလှသော ဤသံသရာတွင် သတ္တဝါတို့သည် တဦး နှင့် တဦး မတော်စပ်ဖူးသည် ဟူ၍ မရှိ ဆိုတဲ့ စကားလေးနဲ့ မိမိစိတ်ကို မိမိ ဆုံးမပါတယ် ။ အားလုံးဟာ သံသရာဆွေမျိုးတွေချည်းပါပဲ။ ဒီစိတ်လေး ထားလိုက်နိုင် တဲ့အခါ အားလုံးအပေါ် ရင်ဝယ်သားလို သဘော ထားသွား နိုင်ခဲ့ပါတယ်။

စကားလုံးကတော့ အကြီးကြီးပါပဲ။ စိတ်မပူကြပါနဲ့...ကျမ နှစ်ထောင့်တစ်ဆယ် ရွေးကောက်ပွဲ ဝင်မှာမို့ မဲဆွယ်နေတာ မဟုတ်ရပါဘူး။ ရင်ထဲမှာ ရှိတာလေးတွေ၊ ကျမ ယုံကြည်ရာလေးတွေ ပြောပြချင်တာ သက်သက်ပါ။ ယုံကြည်သက်ဝင် တဲ့အတိုင်းလည်း တချို့ကို လက်တွေ့ ကျင့် သုံးဆဲ၊ တချို့ကို လက်တွေ့ ကျင့်သုံးဖို့ ကြိုးစားနေဆဲ ပြီးတော့ မိတ်ဆွေတွေ၊ ချစ်ခင်သူတွေ ကိုလည်း သိစေချင် ကျင့်သုံး စေချင်တဲ့ ဆန္ဒလေးနဲ့ပါ။

အကြောင်းကြောင့် အကျိုးဖြစ် ဆိုတာကို လက်ခံသူပီပီ အကျိုးဖြစ်စေရာသော အကြောင်းရင်း တွေ ချုပ်ငြိမ်းအောင်လည်း ကြိုးစားနေ ဆဲပါ။ မုဒိတာပွားနိုင်နေခဲ့ပေမဲ့ ပုထုဇဉ် ပီပီ ဥပေက္ခာ ထားနိုင်ဖို့တော့ ကျမ အတွက် အတော်ကို ခက်ခဲနေပါသေးတယ်။

ကျမက သိပ် ခင်တတ်ပါတယ်။ ကျမရဲ့ ခင်မင်မှု၊ ပေးဆပ်လိုမှုမှာ လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ ယောင်္ကျား မိန်းမ၊ ဆင်းရဲ ချမ်းသာ၊ အဖြူအမဲ၊ ပညာတတ် ပညာမဲ့ ဟူ၍ ခွဲခြမ်း စီစစ်ခြင်း မရှိပါ။ အားလုံးအပေါ် အတူတူသာ ။ သံသရာခရီးမှာ ဖြတ်သန်းခိုက် ခဏ ပုထုဇဉ် ပီပီ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ကိလေသာတို့၏ လောင်မြိုက်မှု၌ နစ်မြုတ် ပျော်ဝင်နေဆဲ သို့သော် ပါးလျအောင် ကြိုးစား နေဆဲလည်း ဖြစ်ပါတယ်ရှင်...။


သံသရာခရီးကို အကျိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေ...

11 comments:

SHWE ZIN U said...

ဒို့သူငယ်ချင်းကြီး

သူ့သူငယ်ချင်းကြီး ရွှေစင်ဦး အကယ်ဒမီ ဆုကြီး မရလို့ စိတ်ရောဂါကု ဆေးရုံ ရောက်သွားတယ် ဆိုတာနဲ့ အကြောက်လွန်ပြီး ရိပ်သာဝင်တော့မယ် ထင်တယ်


ခင်တဲ့
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

ဪ....ငါ့နှမမယ်ချစ်တောင်..လမ်းဘေးမှာရောင်းတဲ့စာတွေ ဖတ်ပြီး တရား
ရနေပြီဆိုတော့...ကိုကြီးကျောက်လဲ လမ်းဘေးထောင်ထားတဲ့ ဆိုင်းဘုတ်တွေ ကို တရားရမလားဖတ်ကြည့်လိုက်ဦးမယ်......
အလို........ဒို့တာဝန်အရေး (၃)ပါး...ဆိုပါလား.....

Moe Cho Thinn said...

တချို့ကို လက်တွေ့သုံးဖို့ ကြိုးစားဆဲဆိုတဲ့ အဆင့်ထဲမှာ ချိုသင်းပါပါတယ် မမရေ..။
ပါးကိုက်ရင် နားပြန်ကိုက်မယ်လို့ ရည်ရွယ်ချက် မရှိပေမဲ့ ဥပက္ခာသာ ပြုမိပါတယ်။ စေတနာတော့ တိုးပြီး မထားနိုင်ခဲ့ပါဘူး။ :)

~ဏီလင်းညို~ said...

မကြီးအေးရေ...
ဟုတ်တယ်နော်...
မကြီးအေးပြောပြမှပဲ...အဲ့သလိုဖြစ်နေတာပိုသတိထားမိသွားတယ်...။
ရုတ်တရက်ဆိုရင်တော့ အဲ့ဒီအဆိုအမိန့်လေးတွေက ဟုတ်သလိုလိုနဲ့လေနော်....း(
ခင်မင်တဲ့
ဏီလင်းညို

မြစ်ကျိုးအင်း said...

ယုံကြည်ရာအတိုင်း ဆက်လျှောက်ကြတာပေါ့အမရေ
တကယ်တော့ အဆိုအမိန့်တွေက ဖတ်လို့ကောင်း ပြန်ပြောပြလို့ ကောင်းတာပဲ များပါတယ်။
ဖတ်ဖူးတဲ့စာစုလေးအတိုင်း ပြောရရင်
သူများကို ဘယ်လိုနေပါထိုင်ပါ ဆုံးမပြောဆိုတာ လောကမှာ အလွယ်ဆုံးပါပဲ ။ ဒါပေမယ့် သူပြောသလို သူနေဖို့တော့ အခက်ဆုံးဖြစ် ပါတယ်တဲ့လေ။

ဒီတော့ ကိုယ့်အခြေအနေ ကိုယ့်စိတ် အနေအထားကို မထိခိုက် လာအောင် ဥပေက္ခာ ထားတာ အကောင်းဆုံးပဲ ထင်တယ်။

မောင်မိုး said...

ဂျီးဒေါ် တရားရပြီး မယ်သီလရှင် ၀တ်ချင်လည်းဝတ်ပေါ့။ စာလုံးပေါင်းမှားနေတာလဲပြင်လိုက်ဦး။
"သိတ်" ကအမှား၊
"သိပ်" ကအမှန်။
အထုးကိုယ်စားလှယ်
မောင်မိုး

Anonymous said...

ဟုတ်တယ်နော် မမ ပြောမှပဲ သေချာပြန်စဉ်းစားမိတယ် ဒီပိုစ့်လေးဖတ်ရတာ အကျိုးရှိလိုက်တာ ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါမရေ။

ညီမ ညလေး:)

သက်ဝေ said...

ဟုတ်တယ်... ငယ်ငယ်တုံးကတော့ အဲဒီ ဆောင်ပုဒ်လိုလို စာတမ်းတွေကို သေသေချာချာတွေ မှတ်သားလို့...
နောက် ကြီးလာမှ တွေးကြည့်တော့ တချို့ဟာတွေက လက်မခံနိုင်စရာမျိုးတွေ....
မှတ်မှတ်သားသား ရေးပြတာလေး ကြိုက်တယ်...း))

မြသွေးနီ said...

အစ်မရေ..
မှတ်သားစရာပါရှင်..။

အိမ့်ချမ်းမြေ့ said...

တန်ဘိုးရှိပါတယ်ရှင်။

အင်ကြင်းသန့် said...

ဟုတ်တယ်မမရေ...တစ်ခါတစ်လေကျတော့လည်း အသိတွေနဲ့ အဲဒီအသိကိုလက်တွေ့အသုံးချမှုနဲ့ ကြားမှာ ကွာခြားချက်တွေကအတိုင်းအတာတစ်ခုအထိဖြစ်နေတတ်တယ်နော်....

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်