Tuesday, February 9, 2010

အဖြူရောင် စစ်စစ် အချစ် နဲ့ အတ္တများ

ကောင်ကလေး နဲ့ ကောင်မလေးတို့ဟာ ပဒေသာပင်လို အလုံးစုံ လိုတရတဲ့ ကမ္ဘာငယ်လေးမှာ အမှတ်မထင် တွေ့ဆုံခဲ့ ကြတယ်။

အဲဒီမှာ မိုးထက်လွင့် မျောနေတဲ့ တောင်ပျံကြီးတွေ၊ လိမ္မော်ရောင် ထိကရုံး ပင်ကြီးတွေ၊ အပင်ကိုင်းတွေပေါ်မှာ ချိတ်ဆက်ထားတဲ့ ပိုက်ကွန် အိပ်ရာတွေ၊ ညအမှောင်မှာ မထွန်းညှိရပဲ လင်းတဲ့ နွယ်မျှင်လို ဘော်လုံးပန်းလို မိုးမျှော်ပင်တွေ၊ စိတ်ချင်း ကွန်ရက်လို ဆက်သွယ်ပြီး လိုရာ စေခိုင်းလို့ရတဲ့ နတ်မြင်းပျံလို၊ ငှက်စွန်ရဲ လို အကောင်တွေ၊ သက်ရှိ နဲ့ သက်မဲ့ အကြား အံ့ဩဘနန်း ဆက်သွယ် နားလည်နေမှုတွေ၊ စုပေါင်းစိတ်စွမ်းအားရဲ့ တန်ခိုး နဲ့ အသက်ဆက် ပေးနိုင်တဲ့ ဆုတောင်းပင်ကြီး အို...လူသားကမ္ဘာပေါ်မှာ မတွေ့နိုင်တာတွေ ရင်သပ်ရှုမောဖွယ် စုံလင် ခမ်းနား လွန်းလှတာတွေ ရှိနေတယ်။


ကောင်ကလေး နဲ့ ကောင်မလေးအကြောင်းကို ပြောပြအုံးမယ်...။


ကောင်ကလေးက ဘာလဲ ဘယ်ကလဲ ဘာလုပ်ဖို့ ရောက်လာတာလဲ ဒါတွေကို သူမ စိတ်မဝင်စားဘူး။ ကောင်ကလေးရဲ့ မျက်ဝန်း၊ ကောင်ကလေးရဲ့ အသွေးအသား၊ ကောင်ကလေးရဲ့ နှလုံးသား အခုန်အလှုပ် ဒါတွေက တဆင့် ကောင်ကလေးရဲ့ ရင်ထဲအထိ သူမ လှမ်းမြင်ခဲ့ပြီးသား...။ ဒီလိုပဲ ကောင်လေးကလည်း ရည်ရွယ်ချက်တခုနဲ့ ယာယီ ရောက်လာခဲ့ပြီး မျိုးနွယ်မတူ ရေမြေသဘာဝချင်း ခြားနားမှန်း သိရက် နဲ့ နှလုံးသား ခေါ်ဆောင်ရာနောက် မက်မောစွာ လိုက်ပါလို့ ....။


ကောင်ကလေးကို သူမတို့ မျိုးနွယ်စုရဲ့ တပ်အပ်တဲ့ ပညာတွေ သင်ပေးရင်း၊ လျို့ဝှက်ချက်တွေ အတားဆီးမဲ့ ပြသရင်း၊အတူသွား အတူနေ နဲ့ ခြားထားတဲ့စည်းတွေ ကျိုးပေါက်လို့ သူတို့ နှစ်ယောက် မြတ်နိုးစွာ ရင်ခုန်သံချင်း ပေါင်းစပ်ခဲ့ကြတယ်။ တယောက်နဲ့ တယောက် ရိုးတွင်း ချဉ်ဆီ အထိ ထိုးဖောက် ခံစား သိမြင် ခဲ့ကြတယ်။ ရိုးရိုးလေးနဲ့ ဘယ်လောက် သိမ်မွေ့ နူးညံ့ တဲ့ အဖြူရောင် ပေါင်းစပ်မှုလေး ပါလိမ့်...။


အဲဒါကိုက ကျမတို့ ကမ္ဘာပေါ်က လူတွေ နဲ့ အကြီးအကျယ် ခြားနားချက်တခုပဲ မဟုတ် ဘူးလား။ ငွေကြေးပမာဏ၊ ရုပ်ဝတ္ထု ပစ္စည်းတွေအပေါ် အာရုံ ဝင်စားမှု ကင်းတယ်။ အသိုင်းအဝန်း ကျောထောက် နောက်ခံ ပံ့ပိုးမှုတွေ အပေါ် စိတ် ဖြတ်တောက် ခဲ့နိုင်တယ်။ ပညာတွေ အတွေးအခေါ်တွေ အဆင့်အတန်း ကွာဟမှုတွေ ဒါတွေ လည်းပဲ လုံးဝ ကျောခိုင်းထားရစ် ခဲ့နိုင်ပြန် တယ်။ အဖြူရောင် ဆိုတာထက်ကို ဖြူစင်လွန်းလို့ သူတို့ရဲ့ အချစ်ဟာ ဖြူလွလွ ပန်းကလေးတပွင့် ရဲ့ ပွင့်ဖတ်လို နူးညံ့ ၊ ဒါပေမဲ့ အဆပေါင်းများစွာ လွန်းတင်ထားတဲ့ ကြိုးတချောင်းလိုလည်း ခိုင်မာ ပြန်တယ်။


ကောင်ကလေးဟာ အပြင်လောကမှာ လူသားတယောက် အနေနဲ့ တော့ မစွမ်းနိုင်သူ၊ ခြေထောက်တွေ ချိနဲ့နေသူလေး၊ မရိမ်းတပ် သား ဟောင်း၊ ဆုံးသွားတဲ့ အမြွာ ညီအကိုရဲ့ နေရာမှာ အစားထိုးလို့ ပန်ဒေါရာ ထဲက နာဗီ မျိုးနွယ်စုတွေဆီ လေ့လာသင်ယူဖို့ စေလွှတ်ခံရသူ၊ သူဟာ အပြင် လက်ရှိဘဝထက် လောကဓါတ် ဇီဝပညာ အကူအညီနဲ့ ဖန်တီးထားတဲ့ အပြာရောင်မျောက်ကလေး တကောင်ရဲ့ ဘဝ တခု ကို ပိုမို တွယ်တာမိခဲ့သူ၊ အပြာရောင် မျောက်ကလေးတကောင် အဖြစ်နဲ့ သူဟာ ပြေးနိုင် လွှားနိုင် လိုရာကို သူ့ခြေ အစုံနဲ့ လှမ်းနိုင် တယ်လေ...ပြီးတော့ သူချစ်မိသွားတဲ့ ကောင်မလေးတို့ရဲ့ မျိုးနွယ်စု လည်းဖြစ်တယ်။ ဒီတော့ သူဟာ စိတ်သွားတိုင်း ကိုယ်ပါ တဲ့အပြင် နှလုံးသား အစုံလည်း လှုပ်ရှားလူးလွန့် နိုင်ခွင့် ရှိနေတဲ့ မျောက်ပြာကလေး ဘဝကို ပိုမို ခုံမင် နေတော့တာပေါ့။


သူ့နေရာမှာဆို ကျမတို့ အားလုံး လည်း ဒီလိုပဲ ခံစား နေမိမယ် ထင်ပါရဲ့....။ သေချာတာပေါ့...ဒါဟာ လူသားဆန်တဲ့ အတ္တပါးပါးကလေး ပါပဲ...။

ကောင်ကလေးကို စေလွှတ်ခဲ့တဲ့ သိပံ္ပပညာရှင်တွေထဲမှာလည်း အုပ်စု ၂ စု ကွဲသွားကြတယ်။ နာဗီ မျိုးနွယ်စုတွေကို ချေမှုန်းလိုသူ ဗိုလ်ချုပ်ကြီးနဲ့ နောက်လိုက်တွေက တဘက် ၊ အေးချမ်းစွာ ရှိနေကြတဲ့ နာဗီ မိသားစုတွေ နဲ့ သဘာဝကို မြတ်နိုးသူတွေက တဘက်ပေါ့။ အဲဒီမှာ လောကဓါတ် ပညာ ကို ကျွမ်းကျင်တတ်မြောက်သူ၊ ဦးနှောက် ကြီးသူ၊ လက်နက်ယန္တရား လက်ဝယ်ရှိသူ တွေရဲ့ ထူထဲတဲ့ အတ္တ ကို တွေ့လိုက်ရပြန်တယ်။


ပထမ တကြိမ်မှာ နာဗီ တွေဟာ ခံစစ် နဲ့ အတုံးအရုံး ကျဆုံးခဲ့ကြရှာတယ်။ ဒုတိယ အကြိမ်မှာတော့ နာဗီတွေရဲ့ ရဲရင့်စွာ ပြန်လည် ထိုးစစ်ဆင်မှု ၊ ချစ်သူ နှစ်ယောက်ရဲ့ ကျောချင်းကပ် တိုက်ပွဲဝင်မှုတွေ အောက်မှာ ဗိုလ်ချုပ်ကြီးတို့ဘက်က အရေးနိမ့်ခဲ့တယ်။


နောက်ဆုံးမှာတော့ သေလုမျောပါး ကောင်ကလေးဟာ ဆုတောင်းပင်ကြီးအောက်မှာ နာဗီ အဖြစ်နဲ့ ရှင်သန် နိုးထခဲ့တယ်။


ကားအပြီးမှာ...ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ အဖြူရောင် စစ်စစ် အချစ်တွေ၊ ကောင်ကလေးရဲ့ လူသားဆန်တဲ့ အတ္တပါးပါးလေး၊ လက်နက်ကိုင် အင်အားကြီးသူတွေရဲ့ အရောင်ရင့်ရင့် ထူထဲတဲ့ အတ္တတွေ ရင်နဲ့ အပြည့် ခံစားလိုက်ရတယ်....။

ဖြစ်သင့်တဲ့ အဆုံးသတ် တခုပဲလေ...။ အဓမ္မမှုတွေကို ဓမ္မ တရားမှု ကသာ အောင်နိုင်မြဲ မဟုတ်လား။ ကျမ ယုံကြည်တာ တခုက နည်းပညာကို တဘက်ကမ်းခတ် တတ်မြောက်သူ တွေ၊စွမ်းအား ပြင်းထန်တဲ့ လူသတ်လက်နက် လက်ဝယ်ရှိသူတွေ၊ ဒါမှမဟုတ် အဲဒီ သူတွေကို ခါးပိုက်ထဲ ထည့်ထား နိုင်သူတွေမှာ ဖိနှိပ်ကျူးကျော်လိုတဲ့စိတ် နဲ့ အဓမ္မတရားရှိတဲ့ နှလုံးသား တွေ စိုးမိုးနေခဲ့ရင် ဘယ် လောက် လှပအေးချမ်းတဲ့၊ ဘယ်လောက်ပဲ သယံဇာတ တွေ ပေါကြွယ်ဝတဲ့ နေရာပဲ ဖြစ်ပါစေ အရုပ်ဆိုး အကျည်းတန်သွားမှာ သေချာ ပါတယ်။

ခုပဲကြည့်လေ... စစ်သွေးကြွ နယ်ချဲ့လိုသူတွေရဲ့ တရားမဲ့ လက်နက်အားကိုးမှု အောက်မှာ ပန်ဒေါရာရဲ့ အေးချမ်း လှပမှုဟာ အသေ အပျောက်တွေ များစွာ၊ သဘာဝအလှ ဆုံးရှုံးမှုတွေ များစွာ၊ မိသားစုတွေရဲ့ သွေးစက်တွေများစွာနဲ့ အကျည်းတန် ခဲ့ရပြီ..မဟုတ်ပါလား...

အဓမ္မမှုတွေ နဲ့ ကင်းဝေးနိုင်ကြပါစေရှင်...



သူငယ်ချင်း တော်တော် များများ ရေးပြီးနေကြပေမဲ့ ၆ရက် ၁လပိုင်းမှာ ကြည့်ပြီးရေးလက်စ ဖြစ်နေတာရယ်၊ ၃၁ရက် ၁လပိုင်းမှာ ထပ်ကြည့်ဖြစ်တာရယ်ကြောင့် ရင်ထဲမှာ ခံစားရသမျှလေး ပြောပြချင်လာလို့ အပြီးသတ် ရေးတင်ဖြစ်ခဲ့တာပါ...။ ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ တခါလာလည်း မဲပြာထမီ ဖြစ်နေခဲ့ရင် ဆောရီးပါရှင်...:)

16 comments:

ရွှေရတုမှတ်တမ်း said...

ဓါတ်ရှင်ကြည့်ပြီးကြောင်း

SHWE ZIN U said...

ဒီတခါတော့ စောစောဘဲ လာမန့်သွားတယ် သူငယ်ချင်း ဘာတွေ ပြောနေတာလည်းလို့ သြ ကိုကြီးကျောက် ပြောသလိုဘဲနော်
မကြည့်ရသေးတဲ့ ရုပ်ရှင်လေး အတွက် ကျေးဇူးဘဲနော်

ချစ်သူငယ်ချင်း
ရွှေစင်ဦး

မောင်မိုး said...

ဂျီးဒေါ်...ဆားချက်ခြင်း သီးခံပါ။

ချစ်ကြည်အေး said...

မာမီကျောက်...ရွှေစင်, ရုပ်ရှင် လာကြည့်တာ ကျေးဇူးတင်တယ်နော်...:))
မာမီမိုးရယ်.. ကျုပ် ဆားချက်ပါဘူးတော်...နှစ်ခါပြန်ကြည့်ပြီးမှ ခံစားမှု ရသ နဲ့ အသစ်ရေးထားတဲ့ပို့စ်ပါတော့်...ဟွန်း...

Vista said...

ဒီဗွီဒီ ထွက်လာရင် အပိုင်ဝယ်ထားမည်ဖြစ်ကြောင်း...

Nge Naing said...

ကျွန်မတော့ ရုပ်ရှင်ကို ပိုက်ဆံကုန်ခံပြီး တော်တော်နဲ့ လိုက်မကြည့်တတ်ဘူး။ TV မှာ လာမှပဲ ကြည့်ဖြစ်တယ်။ အဲသည်လို ပြန်မျှဝေရလောက်အောင် စိတ်ဝင်စားတဲ့အထိလည်း မကြည့်တတ်ဘူး။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ မချစ်ကြည်အေး Tag ထားတာ ရေးထားပြီးပြီနော့်။

Anonymous said...

ကောင်းလိုက်တာ မမရေးထားတဲ့ ရှုထောင့်လေးက ပုံပြောနေသလိုလေး အဖွဲ့လေးက နူးညံ့တယ်။

ညလေး

အပြုံးပန်း said...

အပြုံးပန်းကတော့ အပြာရောင်ကောင်လေးနဲ့ကောင်မလေးရဲ့ အချစ်ကိုပဲ အပြည့်အ၀ခံစားလိုက်တယ်၊ နှလုံးသားချင်း စကားပြောတာမျိုး သိပ်သဘောကျလို့ပါ၊
စစ်ဗိုလ်ချုပ်ကြီးက သစ်ပင်ကြီးကို လာပစ်တော့ ဆောက်တည်ရာမရဖြစ်နေကြတဲ့ နာဗီလူမျိုးတွေကို ကူပြီးခံစားနေမိတယ်။

သက်ဝေ said...

ကိုယ်က ဒီလိုမျိုး တည်တည်တံ့တံ့ မရေးတတ်တော့ ပြောင်ချော်ချော်ရေးမိတာ... စိတ်ထဲက ကြိုက်တာချင်း ခံစားရတာချင်းကတော့ အတူတူပါပဲလေ...း))

T T Sweet said...

ဟိုနေ့ကပဲ သမီးနဲ့တစ်ခါ ထပ်ကြည့်ခဲ့ပြီ အကြည်ရေ ... သမီးကို 3D ဆိုတာကို ပြချင်လို့။ ကိုယ်လဲ ၂ခါလောက်ကြည့်မှ ဇာတ်လမ်းကို တော်တော်နားလည်သွားတာ။ review လေးအတွက် ကျေးဇူး။

ဝေလင်း said...

မမရေ..
အဲဒီဇာတ်ကားကို ကျွန်တော်လည်း ကြိုက်တယ်...ကြည့်တာကို သုံးခါရှိပြီ အဟဲ..။ ကျောင်းကလည်းပိတ်ထားတော့ ပျင်းတာနဲ့..။ အစ်မတို့များကျ စာရေးထွက်လိုက်တာ။ ဟောတစ်ပုဒ်.ဟောတစ်ပုဒ်နေတာပဲ။ အစ်မမောင်မှာ တစ်နေကုန်ခေါင်းပူအောင်တွေးလည်း ဘာရေးရမှန်းမသိ စိတ်ညစ်ပါ့။ ရေးပြန်ရင်လည်းဘာတွေမှန်းကိုမသိဘူး...

Anonymous said...

အများနဲ့မတူ တမူထူးခြားတဲ့ အဖြူရောင်သက်သက်ရှုထောင့်လေးကနေ ရေးထားတဲ့မမရဲ့ ဝေဖန်သုံးသပ်ချက်လေးကချစ်စရာပါ..
ကောင်လေးကို ဇာတ်လမ်းအရ race traitor လိုမြင်စေပေမယ်. သူ့ရွှေးချယ်မှုကမှန်တယ်နော်မမ.. ဟုတ်တယ်ဟုတ်..မဟုတ်လဲဟုတ်လိုက်ပါနော်..နော်..နော်းD

လေးစားချစ်ခင်တဲ့
ပန်းချီး)

မြသွေးနီ said...

ဒီဇာတ်ကားကို နာမည်ကြီးလွန်းပေမယ့်
အကြောင်းကြောင်းကြောင့် ခုထိကိုမကြည့်ဖြစ်သေးပါဘူး။
အခုဒီပို့စ်လေးဖတ်ပြီးမှ ကြည့်ချင်စိတ်တွေတဇွားဖွားပေါ်လာရပါတယ်ရှင်။
အမြန်ဆုံးကြည့်ပါဦးမယ်နော်။

အိမ့်ချမ်းမြေ့ said...

မလေး လာဖတ်သွားပါတယ်။

အချစ်ဟာ ဖြူလွလွ ပန်းကလေးတပွင့် ရဲ့ ပွင့်ဖတ်လို နူးညံ့ ၊ ဒါပေမဲ့ အဆပေါင်းများစွာ လွန်းတင်ထားတဲ့ ကြိုးတချောင်းလိုလည်း ခိုင်မာ ပြန်တယ်.. ဆိုတဲ့ အဖွဲ့လေး လှလိုက်တာ။

ဇွန်မိုးစက် said...

ဒီကားနဲ့ပတ်သက်တဲ့ပိုစ့်အတော်များများမှာ ကွန်မန့်ဝင်ဝင်ပေးရတာ လူအမြင်ကပ်ခံရမလားမသိဘူး။ မတတ်နိုင်ဘူးလေ...ကိုယ်က ကြိုက်မိတာကိုး။ ဇာတ်လိုက်မင်းသား ငှက်နီကြီးစီးပြီး ပြန်ရောက်လာချိန်မှာ သူ့လိုလူမျိုးကို ချစ်သူတော်ချင်လိုက်တာ အရမ်းအရမ်းပဲ...ခိုက်သွားတယ် အစ်မရေ :D

အင်ကြင်းသန့် said...

မမရေ...ရုံမှာသွားကြည့်မယ်၊ သွားကြည့်မယ်နဲ့ မသွားဖြစ်ဘူး။ ဒေါင်းလုဒ် လုပ်ထားတာတော့ရှိတယ်...ညီမလေးက ရုပ်ရှင်ကြည့်ရတာလည်း သိပ်ဝါသနာမပါတော့ ခုထိကိုမကြည့်ဖြစ်သေးတာ... :(

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်