Friday, February 26, 2010

အမှိုက်ပုံများ....

ကျမတို့ တိုက်အောက်ထပ် ဓါတ်လှေကား နဲ့ ဓါးလွယ်ခုတ် နေရာလောက်မှာ စွန့်ပစ်ပစ္စည်း တချို့ မကြာခဏ ဆိုသလို တွေ့ တွေ့ နေရ တယ်။ ဘီရို၊ ဆိုဖာ၊ တီဗီ၊ မွေ့ယာကအစ တခြား ပစ္စည်း အဟောင်းလေးတွေပါ ပါတယ်။ တကယ်ဆို လှေကားလေး ၃ထစ်လောက် ဆင်းပြီး ဘယ်ဘက်ချိုးလိုက်ရင်ပဲ ရီဖျူ့စ်ဧရိယာကို ရောက်ပြီ။ ဒါပေမဲ့ လူတွေက အဲဒီအထိ အပင်ပန်း မခံကြတော့ဘူး။ လွယ်လွယ် ကူ ကူပဲ ပစ်သွားခဲ့ကြတာ များတယ်။ ဒီတော့ အမှိုက်သိမ်းသူ တွေ လာ မသိမ်းမချင်း ခြေထောက်ပါတဲ့ လမ်းသွားတွေကပဲ ခြေထောက်မပါ၊ မျက်စိမရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကျော်ခွ ရှောင်ရှားပြီး သွားနေကြရတယ်။ လူတွေများ နဲနဲမှကို အားမထုတ်ချင်ကြ တော့ဘူး။

အဲဒီ အပုံကြီးကြည့်ရင်း ကျမတို့ရွာ လမ်းထောင့်က အမှိုက်ပုံကြီး ပြေးသတိရမိတယ်။ အမှိုက် ပုံကြီးရဲ့ ဘေးနားမှာ မျက်စိစုံမှိတ်ထားတဲ့ ခပ်ကုပ်ကုပ် ဆိုင်းဘုတ်လေးတခု ရှိနေတတ်သေး တယ်။

ဤနေရာတွင် အမှိုက် မပုံရ
ပြင်းထန်စွာ အရေးယူမည်

ပုံ / ရဝတ

အဲဒါမျိုးလေ...။ တော်တော်များများ တွေ့ဖူးကြမယ် ထင်ပါရဲ့ ။ လူတွေကဖြင့် အဲဒီဆိုင်းဘုတ် လေး ထင်းမီး လုပ်မပစ်တာပဲ တော်လှ...။

ရွာပြန်လို့ကတော့ ဗိုလ်ချုပ်ဈေး သွားပြီး ဂုံးတံတားအောက်က ဒုတ်ထိုးနဲ့ ကြာဇံ၊ ကော်ပြန့်စိမ်း၊ မုန့်စားတန်းက အုန်းနို့ ကျောက်ကျော ဆိုတာများ မစားမဖြစ် စားရမှ။ ပြောရင်းနဲ့ကို ဦးကြွိ ဘဲပေါင်း ဆီချက် လေး လွမ်းမိသား။ ဒံပေါက် ဆိုလည်း ကြက်လျာစွန်းကမှ၊ ရွှေပုဇွန် က ဒိုမီနို အဲသလို ကျမ ကြိုက်တဲ့ အစာ၊ ရွာစာလေးတွေ တနေ့ တမျိုး လှည့်စားဖို့ မပြန်ခင်ကတည်းက စာရွက် နဲ့ကို ချရေးထားတာ တကယ် တကယ် အဲဒါ မယုံရင်​ ‌​အိမ်က လူကြီး မေးသာကြည့်...

သူငယ်ချင်းတွေများ ညစာ လိုက်ကျွေးမယ် ဆိုရင်ကို စိတ်ပျက်တာ၊ ကိုယ်စားချင်တာ မှ​‌​ မစား ရတော့ပဲကိုး။ သူတို့ လိုက်ကျွေးလေ့ရှိတဲ့ နေရာတွေက ကန်တိုမင် ပန်းခြံထဲက ရှမ်းကန်၊ ကန်တော်ကြီးထဲက ဝှိုက်ရိုက်စ် (White Rice)၊ ရွှေဘဲ၊ Western Park ၊ Feel တို့လို ဆိုင်တွေ မှာ ဆိုတော့ ကျမ စားချင်တာမျိုး မဟုတ်ဘူးလေ။

ကျမ ကြိုက်တဲ့ တဆိုင်ရှိသေးတယ် ။ ကုဋေကြွယ် အထည်ဆိုင်ဘေးနားက ဖျင်အမိုးလေး အောက်မှာ ခုံပုလေးတွေ ခင်းပြီး ရှမ်းမလေး စစ်စစ် ရောင်းတဲ့ ရှမ်းခေါက်ဆွဲ မြီးရှည် လမ်းဘေး ဆိုင်လေးပေါ့။

ဒါပေမဲ့ သူငယ်ချင်းတွေ ကျွေးချင်တာ ကျွေးပါစေလေ ဆိုပြီး သူတို့ ခေါ်သွားတဲ့ ဆိုင်မှာပဲ ငြိမ် စား နေရတယ်။ အားရပါးရ စားနေတဲ့ ကျမကို ဘေးကနေ ပြုံးကြည့်နေတဲ့ သူငယ်ချင်းတွေ စိတ်ချမ်းသာအောင် လည်း စကားလုံးတွေ ပစ်သွင်း နေရ သေးတာ။ "ဟိုမှာဆို ဒါမျိုး မစားရ ဘူး" လို့။ အဲဒါနဲ့ သူတို့က "ဟယ် ဟုတ်လား အေး အေး စား သူငယ်ချင်း" တဲ့...။ ခမျာများ အားတက် သရော ရှိကြပါပေ တယ်။

အိမ်ရောက်ပြန်တော့လည်း အမေက သူ့အချစ်တော် သားမက်ကြီး အတွက် အမျိုးမျိုး ချက်ပြုတ် ကျွေးပြန်ပါရော။ သူ့သားမက်ကို ဂရုစိုက် အဖြစ်သည်းလိုက်ပုံများ "အပြင်ထရံ အတွင်းကာနေတယ်ဗျို့" လို့အော်ပစ်မှ မျက်စောင်းတချက် စားရတယ်။

ဘာပဲပြောပြော နောက်ဆုံးတော့ အမေလည်း ဒီအလုံးကို မခံစားနိုင်ဘူး။
"ဟိုမှာဆို ဒါမျိုး မစားရဘူး" မျက်နှာငယ်လေးနဲ့ ဆိုရင်ပဲ "အေး အေး သမီး ဝအောင်စား အမေ ဘာချက်ထား ပေးရ အုံးမလဲ" ဖြစ်ကရော...။

ဒီလိုနဲ့ ရွာက တခါတခါ ပြန်လာတိုင်း ဗိုက် အမှိုက်ပုံ ဖြစ်ဖြစ်လာတယ်...။

ဘာရယ်လည်း မဟုတ်ပါဘူးလေ တွေးမိတဲ့ အမှိုက်ပုံများ အကြောင်း ပြောပါတယ်...။


ဘဝ အမောတွေ ပြေကြပါစေ...

Wednesday, February 24, 2010

တစ္ဆေ တစ်ကောင်ရဲ့ ပဋိပက္ခ

ည ည တွေကျ....
အိပ် ရ မှာ ကြောက်နေ တစ္ဆေ တစ်ကောင်......

သူ က ...
အိမ်သား အားလုံးအိပ် မီးတွေ မှိတ်တော့မှ
မှောင် ထဲ ထထိုင် အာရုံ တိုင်အောင်
မျက်တွင်း ကြောင်တောင် နဲ့
စာတွေ ရေး ရေး နေသတဲ့.....

မနက် မနက်....
အိမ်ကထွက် အလုပ်သွားတဲ့ အခါဆို
ခန္ဓာက သူ့ စိတ်ကို ဒယဥ့်တိုက် သယ်ပိုး...
ဒါပေမဲ့....
အရိုးထိအောင် ထိုး ထိုးနေတဲ့ ဘလော့ဂ် ပိုး တွေနဲ့
သူ့ စိတ်တွေကဖြင့် အိမ်မှာ စာရေးရင်း ကျန် ကျန်နေခဲ့လေရဲ့......

အဲသလို....
စိတ် နဲ့ ကိုယ် နဲ့ အခန့်မသင့်
ပဋိပက္ခတွေ ဖြစ် ဖြစ်နေ တာ ကြာ...
အဲဒါ....ငါ မသိ ချင်ယောင် ဆောင် ဆောင် နေရတယ်.....



တစ္ဆေ အားလုံး အတွက် ရည်ရွယ်ပါသည်....


Monday, February 22, 2010

မဂ္ဂင်ဖောင်စီး ကိုးရက်ခရီး

၂၀၀၈တုန်းက တရားစခန်း တခုအပြီးမှာ စီစဉ်သူ KZMS နဲ့ ကျမ စကား ပြောဖြစ်ခဲ့ပါ တယ်။ မြစိမ်းတောင်တောရ ဆရာတော် ဘုရားကြီး ရဲ့ တရားတွေ အလွန်ကြိုက်ကြောင်း ပါ။ အဲဒီမှာ သူက သူလည်း အလွန် ကြိုက်ကြောင်း၊ ဆရာတော်ကြီးကို ပင့်လျောက်ပြီး တရားစခန်း တခု စီစဉ်ချင်တဲ့အကြောင်းတွေ ပြောလာပါတယ်။ ဒါနဲ့ ကျမလည်း ဝမ်းသာအားရနဲ့ ဖြစ်အောင် စီစဉ်ဖို့ နဲ့ ဖြစ်ခဲ့ရင် ကျမ ဝင်ဖြစ်အောင် ဝင်ပါမယ့် အကြောင်း ပြောခဲ့ပါတယ်။ ခုတော့ စီစဉ်သူ ကလည်း ဖြစ်အောင်စီစဉ်ခဲ့သလို အားထုတ်ချင်သူက လည်း ဖြစ်အောင် အားထုတ် ခဲ့ပါပြီ။ အဲဒါကတော့ မလေးရှားနိုင်ငံ ကိုတာတင်ဂီမြို့မှာ 13Feb ကနေ 21Feb အထိ ကျင်းပစီစဉ် ခဲ့တဲ့ ၉ရက်တာ တရားစခန်းကြီးပါပဲ။

စပ်မိလို့ ပြောပြပါအုံးမယ်။ တကယ်တော့ ကျမ အမျိုးသားက ကျမ I.C ကြိုက်မှန်း သိလို့ လက်မှတ် ၂စောင် ဝယ်ထားခဲ့တာပါ။ မနှစ်ကလည်း I.C လာချိန်မှာ ကျမက သီလရှင်ဝတ်ကြီး နဲ့ အိန္ဒိယ ဗုဒ္ဓဂါယာကို ရောက်နေခဲ့တာပါ။ ဒါ့ကြောင့် ဒီနှစ်တော့ I.C Show ကြည့်ဖြစ်ဖို့ အားခဲ ထားခဲ့တာပါ။ နောက် သူငယ်ချင်းတွေအိမ်မှာ နှစ်ကူး ပိတ်ရက် ဆုံကြဖို့လည်း စီစဉ်ခဲ့သေး တာပါ။ ဒါပေမဲ့ ကျမက ရွှတ်နောက်နောက် ကျမ အကျင့်အတိုင်း " I.C ဂရုလိုက်ဖ်ရှိုး (Group Live Show)က နှစ်တိုင်း လာပါတယ်ဟာ ဆရာတော်ကြီးက နှစ်တိုင်း လာဖို့မလွယ်တဲ့ ဝမ်းမန်းရှိုး (One Man Show) မို့လို့ ငါတော့ တရားစခန်းပဲ ဝင်တော့မယ်" လို့ သူငယ်ချင်း တွေကို စ နောက် ခဲ့သေးတာပါ။

ကျမ နဲ့ အတူ တိုင်ပင်မထားပဲ ကျမရဲ့ သူငယ်ချင်း တယောက်လည်း ဝင်ဖြစ်ခဲ့ပါတယ်။ သူက တရားအားထုတ်ဖို့ အလွန်လိုလားသူ ပီပီ စခန်းမဝင်ခင် ကျမ နာဖို့ တရားခွေကို အိမ်တိုင်ရာ ရောက် ပို့ပေး ခဲ့ပါသေးတယ်။ ပြီးတော့ မထင်မှတ်ပဲ သူနဲ့ကျမ ရဲ့ ယောဂီနံပါတ် စဉ်က အစဉ်လိုက် ဖြစ်နေခဲ့လေတော့ အိပ်ရာ ဘေးချင်း ကပ်လျက်သား ဖြစ်နေခဲ့ပြန်ပါတယ်။ ဒါကြောင့် တယောက် နဲ့ တယောက် စကား မပြောကြကြေး ကတိထားခဲ့ကြပါတယ်။

ရိပ်သာ ရဲ့ အချိန် ဇယားအရ မနက် ၄ နာရီ ၁၅ မှာ ဘုရားရှိခိုး၊ တရားစထိုင်ရမှာ ဖြစ်ပြီး အိပ်ရာထချိန် မနက် ၄နာရီလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးယောဂီတွေ များတာမို့ တချို့ က ၃နာရီ ထ ရေချိုးမှာ ကျမတို့ အရင် အတွေ့အကြုံ အရ သိနေလေတော့ ကျမ က မနက်ဆို ၂နာရီခွဲမှာ အိပ်ရာထပါတယ်။ ကျမတို့ နှစ်ယောက်လုံးက အအိပ်ဆတ် သူတွေမို့ သူ ဖျတ်ကနဲထရင် ကျမလည်း နိုးရ ပါ တယ်။ ရေချိုးခန်းက ရေပူမရှိတာမို့ ရေအေးနဲ့ပဲ အေးတယ် အေးတယ် မှတ်ပြီး ချိုးခဲ့ရပါတယ်။ သီလရှိနေတဲ့ အချိန်မို့လို့ ထင်ပါရဲ့ အိပ်ချိန် ၄နာရီ ကျော်ကျော် ပဲရှိပေမဲ့ မနက်နိုးတိုင်း လန်းဆန်းနေပြီး ရေအေးနဲ့ချိုးပေမဲ့ နှာတောင် မစေးခဲ့ ပါဘူး။

ကျမ အထင်မှားသွားတာက ဆရာတော်ကြီးက တပါးတည်း မဟုတ်ပါဘူး လက်ထောက် တရားပို့ ဆရာတော် နှစ်ပါး နဲ့ ကြွလာခဲ့တာပါ။ အဲဒီ တရားပို့ ဆရာတော် နှစ်ပါးရဲ့ အခန်းကဏ္ဍက တကယ် အရေး ကြီးလှပါတယ်။ ကျမတို့ နိဗ္ဗာန်ခရီးသွား ယောဂီတွေကို မဂ်ဖိုလ်ခရီး မှာ လမ်းညွှန်ဖို့ ဆိုတာ လမ်းပြတဲ့ ဆရာကိုယ်တိုင် ရောက်ဖူးပြီးသား ဖြစ်မှသာ လမ်းပြနိုင်တော့မှာပါ။ အဲဒီ ဆရာတော် နှစ်ပါးရဲ့ ပြောဆို လမ်းညွှန် တရားပို့ပုံ အိနြေ္ဒ အနုအရင့်ကို ကြည့်တာနဲ့ ဆရာတော် နှစ်ပါးဟာ သံသရာမှာ ထောက်တည်ရာ ရထားပြီး သူတွေ ဆိုတာ ကျမ သေချာပြောနိုင်ပါတယ်။

ကျမရဲ့ ဘာကိုဖြစ်ဖြစ် ပျော်စရာဘက်က လှည့်တွေးတတ်တဲ့ အကျင့်ဟာ အစ တရက်၊ နှစ်ရက်မှာ ကျမကို ဒုက္ခ ကောင်းကောင်းပေးခဲ့ ပါတယ်။ ဒုတိယရက်မှာပေါ့ သမာဓိ ထူထောင်စဉ်မှာ ကျမရဲ့ မျက်နှာ တခုလုံးပေါ် ပုရွက်ဆိတ်တွေ တက်လာသလို တရွရွနဲ့ ခံစားနေ ရတာ အူထဲကကို ယားတက်လာပြီး သမာဓိ တည်ငြိမ်အောင် ကြိုးစားပြီး မှတ်နေတုန်းမှာ တရားပို့ ဆရာတော်က "တခါတလေ မိမိတို့ ကိုယ်ပေါ်ကို အကောင်လေးတွေ တက်လာသလို ရွရွ ရွရွ နဲ့ ဖြစ်လာလိမ့်မယ် ၊ ရွရင် ရွတယ် ရွတယ် လို့ မှတ်ပါ" တဲ့...။ "ဘုရား ဘုရား ဆရာတော် ငါတရွရွ ဖြစ်နေတာ ဘယ်လိုလုပ် သိသွားပါလိမ့် ဟိဟိ" ဆိုပြီး မျက်နှာကြီးက ပြုံးပြုံး ပြုံးပြုံးနဲ့ ဖြစ်လာပါတော့တယ်။ ဘယ်လောက်များ ဆိုးလိုက်ပါလိမ့်နော်၊ မသိရင်ဖြင့် ဒီယောဂီနှယ် သုခ ဝေဒနာတွေ ခံစားပြီး ပီတိ ဂွမ်းဆီထိသလို ဖြစ်နေတယ် ထင်စရာ....

၅ရက်မြောက်နေ့ တရားစစ်တဲ့ အခါ ယောဂီတွေအားလုံး ဝေဒနာပြပွဲတွေ လုပ်ကြပါတော့ တယ်။ ဒုက္ခဝေဒနာရဲ့ နှိပ်စက်ပုံတွေကို ဆရာ တော်ထံ သူ့ထက်ငါ ပြောကြ လျောက်ကြပါ တော့တယ်။ အဲဒီ အချိန်မှာ ယောဂီအားလုံးရဲ့ ကိုယ်လုံးတွေဟာ ကိုင်ရိုက်ထားသလို နာကျင် နေတော့တာကိုး။ တပည့်တော် ခြေသလုံးကြီးဖြင့် ကွဲထွက်တော့မလို၊ တပည့်တော် ပေါင်ထဲ ကို သံဆူးခွေနဲ့ လှိမ့်သလို ဘာညာ ပေါ့လေ၊ သက်သာတဲ့သူများ တယောက်မှ မရှိပါဘူး။ ဒါနဲ့ ဆရာတော်က ရုပ်နာမ်တွေရဲ့ မပြတ်မလပ် နှိပ်စက်ပုံကို ဟောပြပြီး ကိလေသာ ကြီးမား လေ၊ ပို နှိပ်စက်နာကျင်ရလေ ဆိုတော့ကာ ကျမတို့ ယောဂီတွေ အားလုံးခမျာ ကိလေသာတုံးကြီး တွေ ဖြစ်သွားပါတော့တယ်။

နေ့ဆွမ်းစားတဲ့ အခါမှာလည်း ကျမတို့ သူငယ်ချင်း ၂ယောက်က တစားပွဲထဲ ဘေးချင်းကပ် ဖြစ်ပြီး အမှတ်စိပ်သူတွေမို့ အမြဲ နောက်ဆုံးမှ စားပြီးပါတယ်။ ဇယားအရ ဆွမ်းစားပြီးရင် စင်္ကြန်လျောက်ရမှာမို့ မလျောက်ခင် ကျမ အိပ်ဆောင်ပေါ် တခေါက်ပြန်တက်ပြီး သွားတိုက် လေ့ရှိပါတယ်။ အဲဒီမှာ တချို့ ယောဂီ ညီမငယ်လေးများက လျောင်းပြီး မှတ်နေတာလေးတွေ တွေ့ရပါတယ်။ ကြိုးစားကြ ရှာပါတယ် တခေါခေါ နဲ့ ပေါ့လေ။ တချို့ ယောဂီ ညီမငယ်လေးများ ကတော့ စာကလေးတွေလို ပကျိ ပကျိနဲ့ စကားခိုးပြော နေကြပါတယ်။ ဪ သူတို့ခမျာ ဒီအရွယ်လေးတွေနဲ့ တရားစခန်း ဝင်ဖို့ အသိရှိတာကို ကပဲ ချီးကျူးစရာ မဟုတ်ပါလား။ ကျမတို့တုန်းက ဒီအရွယ် ကဲကောင်း တုန်း ၊ ဆိုးကောင်းတုန်းလေ။

နောက်ရက်တွေ မှာတော့ အရှိန် နှေးချစရာ မလိုတော့အောင်ကို ခြေထောက်တွေ၊ ဒူးတွေက နာလာပြီး ယောဂီအားလုံး လမ်းလျောက် တိုင်း ဂျွတ်ဂျက် နဲ့ မြည်သူကမြည်၊ တကျွတ်ကျွတ်နဲ့ အိမ်မြှောင်ဘဝ ရောက်သူတွေ ရောက်ကုန်ကြပါတော့တယ်။ ၆ ရက်မြောက်နေ့မှာ ဆရာတော် ကြီး မနက်ပိုင်း အလုပ်ပေးတရား နာနေစဉ် ကျမ ရင်ဘတ်အောင့်ပြီး အသက်ရှုမဝ၊ ပါးစပ်က လည်း ဆရာတော်ကြီး တရားချ ပေးတာ လိုက်မဆိုနိုင်တော့အောင် မောလာတာနဲ့ အသာလေး ငြိမ်ပြီး ခံစားရသမျှကို မှတ်နေလိုက်ပါတော့တယ်။

ပြီးမှ ဆရာဝန်ဆိုတဲ့ အန်ကယ်ကြီးကို ကျမ နေလို့ သိတ်မကောင်းကြောင်း ပြောခဲ့တာနဲ့ သူက ဆေးခန်းလေးထဲ ခေါ်သွားပြီး စစ်မေး ပါတယ်။ ဟိုဒီ စမ်းသပ်ပြီး အိပ်လို့ရရဲ့လား၊ စားရော စားနိုင်လား မေးပါတယ်။ ဒါနဲ့ ကျမလည်း အိပ်လို့ရကြောင်း၊ စားတာ ကတော့ မစားနိုင်ပဲ ပန်းကန် တဝက်ပဲကုန်ကြောင်း ပြောပြလိုက်ပါတယ်။ အဲဒီနေ့ နေ့ဆွမ်းစားတော့ အံ့ဩဖွယ် တပန်းကန်လုံး တက်တက်ပြောင် စားလိုက်နိုင်ပါတယ်။ ဆရာဝန် အန်ကယ်ကြီးက စားပြီးလို့ ထမင်းစားဆောင်က အထွက်၊ ကျမဘေးက အဖြတ်မှာ လူနာတယောက် ဖြစ်တဲ့ ကျမဘက် မျက်လုံးဝေ့ အကြည့်၊ ကျမဖြင့် တက်တက်ပြောင် နေတဲ့ ပန်းကန်ကြီး ဘယ်နား ဖွက်ထားရ မှန်းမသိ ဖြစ်ခဲ့ရပါသေး တယ်။ အဲဒီနေ့ကျမှ တိုက်ဆိုင်လိုက်တာများ...ပြောပါတယ်...။

ဆရာတော် ဘုရားကြီး ဟောကြားတော်မူ ခဲ့တာတွေကလည်း တကယ့်ကို အနှစ်တွေ ချည်းပါပဲ။ ကျမတို့ ယောဂီတွေ ကြိုးစားချင်အောင်၊ အားတက်လာအောင် တကယ်ကို ခန္ဓာ ဥာဏ်ရောက် သစ္စာဆိုက် အောင် ဟောကြားတော် မူပါတယ် ။ တရားပို့ ဆရာတော် နှစ်ပါးရဲ့ စေတနာ၊ မေတ္တာတွေကလည်း အားထုတ်သူတွေ အပေါ် အလွန် ကြီးမားလှပါတယ်။ အင်မတန် တိုတောင်းတဲ့ ၉ရက် ပါပဲလို့ ကျမ ခံစား ခဲ့ရပါတယ်။ ဆရာတော် ၃ပါးရဲ့ကျေးဇူး တွေကို ကန်တော့ရင်း၊ စီစဉ်သူရဲ့ အားထုတ်မှုတွေကိုလည်း​‌​ ကျမ ဒီနေရာကနေ အသိအမှတ် ပြုရင်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။

နိဗ္ဗာန် ဆိုတာ ပါဋ္ဌိလို နိ ဆိုတဲ့ မရှိခြင်း နဲ့ ဝါန ဆိုတဲ့ တဏှာ ပေါင်းစပ်ထားခြင်းဖြစ် ပါတယ်။ လောကီလူသား ပုထုဇဉ်တွေကို မီးထွန်းထား တဲ့ ဖယောင်းတိုင် နဲ့ တင်စားရမယ် ဆိုရင် နိဗ္ဗာန် ဆိုက်ရောက်သူ သူတော် ကောင်းတွေဟာ မီးငြိမ်းသွားတဲ့ ဖယောင်းတိုင်ပါပဲ။ အငြိမ်း ဓါတ်ကလေး နဲ့ ရှိနေတဲ့ သဘောလေးပါ။ ပြီးတော့ နိဗ္ဗာန် ဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်ချည်းပဲ မဟုတ်ပါဘူး။ ရုပ် နာမ် ခန္ဓာ ရှိတဲ့ ပု ထုစဉ်တွေ အားလုံး နဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်ဘာသာဝင်မဆို ယုံကြည်စွာ အားထုတ်ရင် သံသရာမှ လွတ်မြောက်ရာ ချမ်းသာ အမှန်ကို ရစေ ရောက်စေ နိုင်တာမို့ မလွဲမသွေ အားထုတ် သင့်လှပါတယ်။

ကျမ ၉ ရက်တာ တင်းတင်းရင်းရင်း ကြိုးစား အားထုတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျမ ပြုခဲ့သမျှ ဒါနကုသိုလ်၊ သီလကုသိုလ် နဲ့ ပွားများ အားထုတ်ခဲ့တဲ့ ဘာဝနာကုသိုလ်တွေ အားလုံးကို လှိုက်လှဲ လိုလားစွာ အမျှပေးဝေချင်ပါတယ်။ အားလုံးပဲ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူ ကြပါ....

မဂ္ဂင်ဖောင်စီး၍ နိဗ္ဗာန် တဖက်ကမ်း သို့ အရောက်လှမ်းနိုင်ကြပါစေရှင်...



*** ချစ်စရာကောင်းပြီး မျက်လုံးလေးတွေ နဲ့ ရယ်တတ်တဲ့ တိုင်းရင်းသူ ညီမငယ်လေး ဇွန်မိုးစက် နဲ့ ခင်မင်ခွင့် ရခဲ့တဲ့ အတွက်လည်း အမှတ်ရစရာ ဖြစ်ခဲ့ရပါတယ်ရှင်...

Thursday, February 18, 2010

၂၀၁၀ အရေးတော်ပုံ

ပြီးခဲ့တဲ့ ရက်တွေက တရုပ်နှစ်ကူး ဝန်းကျင်မို့ ဆပ်ပလိုင်ယာ (Supplier) တွေဆီက လက်ဆောင် မုန့်တွေ ရုံးမှာ အများကြီးပါပဲ။ လိမ္မော်သီး၊ ဝက်သားပြားကင်၊ နာနတ်သီး ကွတ်ကီ၊ မုန့်အချိုတွေများ စုံနေတာပါပဲ။ စတပ်ဖ်တွေ အိမ်ကို ပေးလိုက်တဲ့ အပြင် ရုံးမှာကိုပဲ အလျံပယ် ပေါများလွန်းနေတာ ဆိုတော့ အဲဒီရက်ပိုင်းက ရုံးမှာ တနာရီခြား မုန့်စားကြတာ အကျင့်တောင်ပါတယ်။ အားတဲ့သူက (မအားလည်း အားအောင် လုပ်ကြပါတယ်) မုန့်ထုပ် ဖွင့်ဖောက်ပြီး စားပွဲခုံစေ့ လိုက်ဝေငှ နေတော့တာ။ မစားဘူးလို့ တင်းထားလည်း သံပတ်က လျော့လျော့သွားပြီး အားနာနာ နဲ့ ယူစားမိနေတော့တယ်။

အရပ် ၅ပေ ၄လက်မမှာ အရင်က ကီလို ၅၀ (ပေါင် ၁၁၀) ရှိခဲ့တဲ့ ခန္ဓာကိုယ်ဟာ ခုတော့ ကီလို ၅၇ (ပေါင် ၁၂၅) ကြီးများတောင် ဖြစ်လာတယ်။ ဒီအရွယ်ကြီးကျကာမှ အရပ်က ဘယ်ထွက် တော့မတုန်း ၊ ၅ပေ ၄လက်မ ပဲပေါ့။ လူက ဒေါင်လိုက် တက်မလာပဲ ဘေးတိုက်ကြီး ထွားလာ တာ...ဘယ်လောက် အကြည့်ရ ဆိုးမလဲ မှန်းသာ ကြည့်ကြပါတော့။


အိမ်မှာလည်း တော်ရုံပဲ စားမယ်၊ ဝိတ်လျော့မယ် ဆိုပြီး စိတ်ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဝိတ်ချဖြစ်တာက လူကို မဟုတ်ပဲ ရေခဲသေတ္တာကို ဖြစ် ဖြစ်နေတယ်။ ချောကလက်တို့ ချိစ်တို့ ရေခဲမုန့်တို့ ဆိုတာက ကျမ အကြိုက်ဖြစ်နေလေတော့ ရေခဲသေတ္တာ ကြီး တခုလုံး ကျမ အကြိုက်လို့ ဆိုရမလို ပါပဲ။ ဒါနဲ့ ခုတော့ ရေခဲသေတ္တာမှာ Log-in Name နဲ့ Password ထည့်ထားလိုက် ရတယ်။ Log-in name : ချစ်ကြည်အေး ဆိုတာနဲ့ Access denied ပဲ....။ တတ်နိုင်ဘူးလေ...အဲသလို လုပ်မှ ရမဲ့ အခြေအနေကိုး...။

လှချင် ပချင်တယ် ဆိုတာထက် အဝတ်အစားတွေ မတော်တော့တာက ဆိုးပါတယ်။ တခါများ အင်္ကျီလေးတွေ ဈေးချနေတာမို့ တန်တယ်ဆိုပြီးအဝယ် ကိုယ့်ဆိုက်ဒ်က မရှိတော့ ခပ်တည် တည်ပဲ နဲနဲလေး ဝိတ်ချလိုက်ရင် ရပြီ ဆိုပြီး စမောဆိုက်ဒ် တွေ ဝယ်ချလာတာ နောက်ဆုံး တော့ အငယ်မ ကောင်းစားဖို့ ဖြစ်သွားပါရောလား။

နောက်တခုက လူက လေးလာတာ...ကိုယ်တွေ ညောင်းကိုက်တတ်လာတာ။ အရင်ကလို မသွက်လက်တော့ ကိုယ်လက် လေ့ကျင့်ခန်းလေးများ လုပ်ရင် တချက်ခုတ် ၂ ချက် ၃ချက် ပြတ်ကရော။ ခုချိန်မှာတော့ ကျန်းမာရေးက ပိုအရေးကြီးလာပြီ မဟုတ်လား။ မနက်စောစော လေ့ကျင့်ခန်း လုပ်ဖို့ကျတော့ လည်း အိပ်ချိန်ထဲက ဖဲ့မပေးနိုင်၊ ညနေရုံးဆင်းချိန် ကျပြန်တော့ လည်း ချက်ရ ပြုတ်ရနဲ့၊ စာရေးချင်တာနဲ့ ဘလော့ဂ်လည်ချင်တာနဲ့ တောင် အချိန် မလောက် နိုင်တာ။ ဒါတောင် ခုတလော အိမ်မှာ မချက်ဖြစ်တာ ကြာပေါ့။

တကယ်က ပိုနေတဲ့ ၇ ကီလိုကို ၂၀၁၀ မှာ အနဲဆုံး ၆ ကီလိုကျချင်တာပါ။ တလကို ကီလိုဝက် နှုန်းနဲ့ တနှစ် အကြာမှာပေါ့လေ...။ ဒါပေမဲ့လည်း စိတ်ကူး ထဲ ပလန်ဆွဲ၊ ပါးစပ်ကပဲ ဝိတ်ချဖို့ အော်နေတာ ဆိုတော့ကာ ဒီဝိတ်ကြီး ကလည်း ခုထိ မလှုပ်သေးပါဘူး။

ဘာပဲဖြစ်ဖြစ်ပါလေ...၂၀၁၀က ၁၀လကြီး များတောင် ကျန်ပါသေး။ ဒီနှစ်ကုန်မှာ ၅ကီလို ကျလည်း မဆိုးပါဘူးလေ။ အော်နေရုံနဲ့တော့ မပြီးဘူး မဟုတ်လား။ ခက်နေတာက အရေး တော်ပုံ အော်ရ မည်....အဲလေ...အောင်ရမည် လို့ ခုထိ အော်နေတုန်းပဲ ဆိုတော့ကာ...


ဘဝ အမောတွေ ပြေကြပါစေရှင်...

Sunday, February 14, 2010

ဆရာကတော် ရဲ့ ရင်တွင်းဖြစ်

တော့် ကဗျာဆရာ....

နေ့ လည်း နေ့ အလျောက်
ည ရောက်လည်း ည
ဟိုဒီတစ်စ မြင်မြင်သမျှ ဆွဲထုတ်
ကာရန်လုပ် ကဗျာစပ်
ကျုပ်မှာဖြင့် ဖတ်သီ ဖတ်သီ
ဆီ ဆိုလည်း တစက် မကျန်
ဆန် ဆိုလည်း တစ်စေ့ မရှိ
ဒါတွေ.....ရှင့် ရင်ထဲ မငြိပေမဲ့
ကျုပ် အစာအိမ် ထိသတော့်....

ရှင် ရေး ရေးနေတဲ့ ပို့စ်မော်ဒန် ကဗျာ
ရစ်သမ် ဘာညာ
ရှင် ပြော ပြောလာတဲ့ အဲလဘတ် ငမူး ဆိုလား...
နားလည်ပါဘူး တော်...

ဒီမယ် ....သေချာမှတ်
နောက်ထပ် တရက် နှစ်ရက် ကြာလို့မှ
အိမ်အပြန် ငွေမပါခဲ့ ရင်ဖြင့်
ရှင့် အသက် ဖက် နဲ့ ထုပ်
ရှင့် ခန္ဓာ စင်းကော လုပ်လို့
ကျုပ် ကိုယ်တိုင် ကဗျာ တပုဒ်
ရေး ထုတ် လိုက်စမ်းမယ်....

ဟွန်း......


ဘဝ အမောတွေ ပြေကြပါစေရှင်....

Friday, February 12, 2010

ကျမ မရှိသော နေ့ရက်များ

ဒီနေ့တော့ ကျမတို့ နှစ်ယောက်လုံး အလုပ်နားရတာမို့ သွားစရာရှိတာ၊ လုပ်စရာ ကိစ္စရှိတာ လေးတွေ ခွဲဝေယူကြပြီး လမ်းကြောင်း ဆွဲကြပါတယ်။ ကျမက ဆံပင်ညှပ်ဆိုင် အရင်သွား၊ ပြီးမှ သူနဲ့ပြန်ဆုံ ထမင်း အပြင်မှာစား၊ သူက အတူတူသွားပြီးမှ ထမင်းစား အချိန်ရမှ ကြိုက် တာလုပ်၊ ဘယ်ကိုဖြင့် အရင်သွား၊ ဘာကိုဖြင့် နောက်မှလုပ်နဲ့ နှစ်ယောက်ထဲနဲ့ကို အသံက ၃ သံလောက် ထွက်နေပါတယ်။ တော်ပါသေးရဲ့ ဟိုး လွန်ခဲ့တဲ့ ၆၃ နှစ်တုန်းကများ ဒီလင်မယား ရှိခဲ့ရင် ညှိမရတာနဲ့တင် ပင်လုံစာချုပ်တောင် ချုပ်ဖြစ်ပါ့မလား မသိ.. ဗိုလ်ချုပ်ဖြင့် အတော်ကို ခေါင်းစားခဲ့မှာပါပဲ လို့ တွေးမိရတယ်။

လူတွေ အများကြီး၊ တိုင်းရင်းသားတွေ ပေါင်းစုံ သွေးစည်း ညီညွတ်ကြဖို့ ဆိုတာ ပိုတောင် ခက်သေး။ ဪ...အဲဒီခက်တာတွေကိုမှ တိုင်းပြည်အတွက် အသက်၊ သွေး၊ ချွေး ရင်းနှီးလို့ ကိုယ်ကျိုးစွန့် ခဲ့တဲ့ ကျမတို့အားလုံး ချစ်ကြတဲ့ ဗိုလ်ချုပ်...။

ဗိုလ်ချုပ် ကိုလွမ်းမိရတာနဲ့ အိမ်မှာရှိတဲ့ ဗိုလ်ချုပ်ပုံလေး ဓါတ်ပုံရိုက်ပြီး အမှတ်တရ တင်လိုက် ပါတယ်။ နောက်ဆက်တွဲ အမေစုပုံလေး နဲ့ အမှတ်တရ ထွက်ခဲ့တဲ့ အခွေပုံလေးပါ ရိုက်တင် လိုက်ပါတယ်။





ဒါကတော့ တရုပ်နှစ်ကူးအတွက် ကျမ ရုံးက ဝက်သားပြားကင် (Bakkwa) တထုတ်နဲ့ လိမ္မော်သီး တကာတွန် ပေးလို့ယူလာတာပါ။ လိမ္မော်သီးက အဲဒါ တဝက်ပဲ ကျန်တာ၊ တဝက်က အိမ်နားက မိတ်ဆွေတွေ မျှလိုက်သေးတာပါ၊ အမျိုးသား ရုံးကလဲ ဝက်သားပြားကင် တထုတ် ရသေးတယ်။



အိမ်မှာ စားစရာတွေမှ အများကြီးရယ်...ဒီကြားထဲ ရုံးက ဟန်ပါ တခုရခဲ့သေးတယ်...အထဲမှာ ဝိုင်အနီတပုလင်း၊ ငှက်သိုက်၊ ငါးမန်းတောင်ခြောက်၊ စကဲားလော့ နဲ့ တခြားမုန့်တွေလည်း ပါတယ်။ အားလုံးကို သတိရလို့ ကြည့်ရအောင် တင်ပေးလိုက်တယ်။ ဒေါသကြီးသူများကတော့ အိမ်မှာ လာဝင်စားလို့ ရတယ်နော်။ ပြရုံတင် မဟုတ် တကယ်ကျွေး ချင်တာပါ...။



နောက်ဆုံးကတော့ ကျမရဲ့ ခွင့်စာပါ။ မုန့်တွေ အရင်ကျွေးပြီးမှ ခွင့်စာကို ပြပါတယ်။ ဒါလည်း ပညာ တခုပါပဲ...။ ခွင့်စာကိုတော့ ငယ်ငယ်တုန်းကလို လက်ရေးမူနဲ့ ပဲ တင်လိုက်တယ်။ ကျမရဲ့ လက်ရေးက နည်းနည်းသော့ပေမဲ့ ဖတ်လို့တော့ ရကြမယ် ထင်ပါရဲ့။

ကလစ်နှိပ်ပြီး ဖတ်ကြည့်နော်...



၁၂ ဖေဖော်ဝါရီ - ပြည်ထောင်စုနေ့
၁၃ ဖေဖော်ဝါရီ - ဗိုလ်ချုပ်မွေးနေ့
၁၄ ဖေဖော်ဝါရီ - ချစ်သူများနေ့ / တရုပ် နှစ်သစ်ကူး ပွဲတော် ပထမနေ့
၁၅ ဖေဖော်ဝါရီ - တရုပ် နှစ်သစ်ကူး ပွဲတော် ဒုတိယနေ့

ကဲ ပြောချင်တာတွေ ကုန်ပါပြီ...။ ကျမ ရှိမနေမဲ့ အမှတ်တရ ရက်လေးတွေ အတွက် ကြိုတင်ဆုတောင်းပေးခဲ့ပါမယ်...။

အားလုံးအတွက် အမှတ်ရဖွယ်၊ ပျော်ရွှင်ဖွယ်ရာ ပွဲတော်နေ့များ ဖြစ်ကြပါစေရှင်...


Wednesday, February 10, 2010

ယုံကြည်ရာ...

ကျမ ငယ်ငယ်က လမ်းဘေးဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ အဆိုအမိန့်လေးတွေကို သိပ်သဘောကျလေ့ရှိပါတယ်။ တကယ် အဟုတ် မှတ် ပြီး အထင်တွေကြီး၊ အဲဒီထဲက အတိုင်းလည်း ပဲ စိတ်ထား မိခဲ့ပါတယ်။ မှတ်မိသလောက် ပြောပြပါရစေ။

သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ။ အဲဒီအတိုင်းဆိုရင်ဖြင့် သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမည် လို့ ယူရတော့မှာပါ။ ကျမ အနေနဲ့တော့ သင်ကောင်းတာ ဆိုးတာက သင့်အပိုင်း၊ သင့်ရွေးချယ်မှု ဖြစ်ပြီး ကျမ ကောင်းအောင် ကြိုးစားဖို့ကသာ ကျမ အပိုင်းလို့ အရွယ်လေး ရင့်ကျက်လာတဲ့ အခါမှာ နားလည်လက်ခံ လာခဲ့ပါတယ်။

စေတနာသည် လူတိုင်းနှင့် မတန်ပါ။ တကယ်တော့ အဲဒါလည်း မှားတယ်လို့ ကျမ မြင်ပါတယ်။ စေတနာဟာ လူတိုင်းနဲ့ တန်ပါတယ်။ သူ့အပေါ် ထားခဲ့တဲ့ စေတနာကို နဲနဲ ထပ်တိုးကြည့်ပါ။ စေတနာနဲ့ မတန်ဘူးလို့ မိမိစိတ်က ပိုင်းဖြတ်လိုက်ခြင်းဟာ သူ့ရဲ့ တုန့်ပြန်မှုအပေါ် ဈေးတွက် တိုင်းတာလိုက်ခြင်းသာ ဖြစ်တယ်။ တနည်းပြောရရင် ကိုယ့်ဘက်က တုံ့ပြန်မှု တခုခု မျှော်လင့်ခဲ့လို့သာ မျှော်လင့်တဲ့ အတိုင်း ဖြစ်မလာလို့ ထွက်လာတဲ့ အသံ ဖြစ်ပါတယ်။

မှန်လိုကျင့်ပါ တို့၊ ပါးကိုက်ရင် နားပြန်ကိုက်ပါ တို့ ဆိုတာတွေ၊ မျက်လုံးတလုံး အတွက် မျက်လုံးတလုံး ၊ နံရိုးတချောင်း အတွက် နံရိုး တချောင်း တို့ ဆိုတာတွေဟာ ရန်ကိုရန်ချင်း တုံ့ပြန်ဖို့ အားပေးအားမြှောက် အဆိုအမိန့်တွေသာ ဖြစ်ပါတယ်။ ကျမ ကတော့ အတုန့်အလှည့် ပြုဖို့ မလိုလားသူပါ။ သူလုပ်သမျှ သူပဲ ရမှာမို့လို့ တုံ့ပြန်လိုက်ခြင်းအားဖြင့် သူ့ရဲ့ အကုသိုလ်ကို ခွဲဝေမယူလိုခြင်းသာ ဖြစ်ပါတယ်။

ငယ်စဉ်တုန်းကတော့ ဒီလိုစိတ်ထားမျိုးကို ငတုံး ငအ လို့ ထင်မှတ်ခဲ့မိသူ၊ မဟုတ်မခံ သူက ဒုန်းကနဲဆို ကိုယ်က ဒိုင်းကနဲ လုပ်လိုက်ရမှ ကျေနပ်သူပါ။ ပါ။ ခုတော့လည်း ကိုယ်ဟာ သူများအတွက် တနေရာရာမှာ အသုံးကျတဲ့သူတယောက် ဖြစ်ရင်ကိုပဲ ကျေနပ်နေတတ် ပါတယ်။ လှေကားထစ်တခု၊ ဓါးသွေးကျောက်တတုံး၊ ဖယောင်းတတိုင် အဲလိုမျိုး အသုံးချခံ တခုအဖြစ် ဂုဏ်ယူကျေနပ် နေတတ်သူ ဖြစ်အောင် ကြိုးစားနေဆဲပါ။

လူတိုင်းအပေါ်မှာ ကြင်နာစိတ် ထားနိုင်အောင် ၊ မိမိနှင့် နှိုင်း၍ ကိုယ်ချင်းစာတရား ထားနိုင်အောင် ၊ မြတ်စွာဘုရားဟောကြားခဲ့သလို ရှည်လျားလှသော ဤသံသရာတွင် သတ္တဝါတို့သည် တဦး နှင့် တဦး မတော်စပ်ဖူးသည် ဟူ၍ မရှိ ဆိုတဲ့ စကားလေးနဲ့ မိမိစိတ်ကို မိမိ ဆုံးမပါတယ် ။ အားလုံးဟာ သံသရာဆွေမျိုးတွေချည်းပါပဲ။ ဒီစိတ်လေး ထားလိုက်နိုင် တဲ့အခါ အားလုံးအပေါ် ရင်ဝယ်သားလို သဘော ထားသွား နိုင်ခဲ့ပါတယ်။

စကားလုံးကတော့ အကြီးကြီးပါပဲ။ စိတ်မပူကြပါနဲ့...ကျမ နှစ်ထောင့်တစ်ဆယ် ရွေးကောက်ပွဲ ဝင်မှာမို့ မဲဆွယ်နေတာ မဟုတ်ရပါဘူး။ ရင်ထဲမှာ ရှိတာလေးတွေ၊ ကျမ ယုံကြည်ရာလေးတွေ ပြောပြချင်တာ သက်သက်ပါ။ ယုံကြည်သက်ဝင် တဲ့အတိုင်းလည်း တချို့ကို လက်တွေ့ ကျင့် သုံးဆဲ၊ တချို့ကို လက်တွေ့ ကျင့်သုံးဖို့ ကြိုးစားနေဆဲ ပြီးတော့ မိတ်ဆွေတွေ၊ ချစ်ခင်သူတွေ ကိုလည်း သိစေချင် ကျင့်သုံး စေချင်တဲ့ ဆန္ဒလေးနဲ့ပါ။

အကြောင်းကြောင့် အကျိုးဖြစ် ဆိုတာကို လက်ခံသူပီပီ အကျိုးဖြစ်စေရာသော အကြောင်းရင်း တွေ ချုပ်ငြိမ်းအောင်လည်း ကြိုးစားနေ ဆဲပါ။ မုဒိတာပွားနိုင်နေခဲ့ပေမဲ့ ပုထုဇဉ် ပီပီ ဥပေက္ခာ ထားနိုင်ဖို့တော့ ကျမ အတွက် အတော်ကို ခက်ခဲနေပါသေးတယ်။

ကျမက သိပ် ခင်တတ်ပါတယ်။ ကျမရဲ့ ခင်မင်မှု၊ ပေးဆပ်လိုမှုမှာ လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ ယောင်္ကျား မိန်းမ၊ ဆင်းရဲ ချမ်းသာ၊ အဖြူအမဲ၊ ပညာတတ် ပညာမဲ့ ဟူ၍ ခွဲခြမ်း စီစစ်ခြင်း မရှိပါ။ အားလုံးအပေါ် အတူတူသာ ။ သံသရာခရီးမှာ ဖြတ်သန်းခိုက် ခဏ ပုထုဇဉ် ပီပီ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ကိလေသာတို့၏ လောင်မြိုက်မှု၌ နစ်မြုတ် ပျော်ဝင်နေဆဲ သို့သော် ပါးလျအောင် ကြိုးစား နေဆဲလည်း ဖြစ်ပါတယ်ရှင်...။


သံသရာခရီးကို အကျိုးရှိစွာ ဖြတ်သန်းနိုင်ကြပါစေ...

Tuesday, February 9, 2010

အဖြူရောင် စစ်စစ် အချစ် နဲ့ အတ္တများ

ကောင်ကလေး နဲ့ ကောင်မလေးတို့ဟာ ပဒေသာပင်လို အလုံးစုံ လိုတရတဲ့ ကမ္ဘာငယ်လေးမှာ အမှတ်မထင် တွေ့ဆုံခဲ့ ကြတယ်။

အဲဒီမှာ မိုးထက်လွင့် မျောနေတဲ့ တောင်ပျံကြီးတွေ၊ လိမ္မော်ရောင် ထိကရုံး ပင်ကြီးတွေ၊ အပင်ကိုင်းတွေပေါ်မှာ ချိတ်ဆက်ထားတဲ့ ပိုက်ကွန် အိပ်ရာတွေ၊ ညအမှောင်မှာ မထွန်းညှိရပဲ လင်းတဲ့ နွယ်မျှင်လို ဘော်လုံးပန်းလို မိုးမျှော်ပင်တွေ၊ စိတ်ချင်း ကွန်ရက်လို ဆက်သွယ်ပြီး လိုရာ စေခိုင်းလို့ရတဲ့ နတ်မြင်းပျံလို၊ ငှက်စွန်ရဲ လို အကောင်တွေ၊ သက်ရှိ နဲ့ သက်မဲ့ အကြား အံ့ဩဘနန်း ဆက်သွယ် နားလည်နေမှုတွေ၊ စုပေါင်းစိတ်စွမ်းအားရဲ့ တန်ခိုး နဲ့ အသက်ဆက် ပေးနိုင်တဲ့ ဆုတောင်းပင်ကြီး အို...လူသားကမ္ဘာပေါ်မှာ မတွေ့နိုင်တာတွေ ရင်သပ်ရှုမောဖွယ် စုံလင် ခမ်းနား လွန်းလှတာတွေ ရှိနေတယ်။


ကောင်ကလေး နဲ့ ကောင်မလေးအကြောင်းကို ပြောပြအုံးမယ်...။


ကောင်ကလေးက ဘာလဲ ဘယ်ကလဲ ဘာလုပ်ဖို့ ရောက်လာတာလဲ ဒါတွေကို သူမ စိတ်မဝင်စားဘူး။ ကောင်ကလေးရဲ့ မျက်ဝန်း၊ ကောင်ကလေးရဲ့ အသွေးအသား၊ ကောင်ကလေးရဲ့ နှလုံးသား အခုန်အလှုပ် ဒါတွေက တဆင့် ကောင်ကလေးရဲ့ ရင်ထဲအထိ သူမ လှမ်းမြင်ခဲ့ပြီးသား...။ ဒီလိုပဲ ကောင်လေးကလည်း ရည်ရွယ်ချက်တခုနဲ့ ယာယီ ရောက်လာခဲ့ပြီး မျိုးနွယ်မတူ ရေမြေသဘာဝချင်း ခြားနားမှန်း သိရက် နဲ့ နှလုံးသား ခေါ်ဆောင်ရာနောက် မက်မောစွာ လိုက်ပါလို့ ....။


ကောင်ကလေးကို သူမတို့ မျိုးနွယ်စုရဲ့ တပ်အပ်တဲ့ ပညာတွေ သင်ပေးရင်း၊ လျို့ဝှက်ချက်တွေ အတားဆီးမဲ့ ပြသရင်း၊အတူသွား အတူနေ နဲ့ ခြားထားတဲ့စည်းတွေ ကျိုးပေါက်လို့ သူတို့ နှစ်ယောက် မြတ်နိုးစွာ ရင်ခုန်သံချင်း ပေါင်းစပ်ခဲ့ကြတယ်။ တယောက်နဲ့ တယောက် ရိုးတွင်း ချဉ်ဆီ အထိ ထိုးဖောက် ခံစား သိမြင် ခဲ့ကြတယ်။ ရိုးရိုးလေးနဲ့ ဘယ်လောက် သိမ်မွေ့ နူးညံ့ တဲ့ အဖြူရောင် ပေါင်းစပ်မှုလေး ပါလိမ့်...။


အဲဒါကိုက ကျမတို့ ကမ္ဘာပေါ်က လူတွေ နဲ့ အကြီးအကျယ် ခြားနားချက်တခုပဲ မဟုတ် ဘူးလား။ ငွေကြေးပမာဏ၊ ရုပ်ဝတ္ထု ပစ္စည်းတွေအပေါ် အာရုံ ဝင်စားမှု ကင်းတယ်။ အသိုင်းအဝန်း ကျောထောက် နောက်ခံ ပံ့ပိုးမှုတွေ အပေါ် စိတ် ဖြတ်တောက် ခဲ့နိုင်တယ်။ ပညာတွေ အတွေးအခေါ်တွေ အဆင့်အတန်း ကွာဟမှုတွေ ဒါတွေ လည်းပဲ လုံးဝ ကျောခိုင်းထားရစ် ခဲ့နိုင်ပြန် တယ်။ အဖြူရောင် ဆိုတာထက်ကို ဖြူစင်လွန်းလို့ သူတို့ရဲ့ အချစ်ဟာ ဖြူလွလွ ပန်းကလေးတပွင့် ရဲ့ ပွင့်ဖတ်လို နူးညံ့ ၊ ဒါပေမဲ့ အဆပေါင်းများစွာ လွန်းတင်ထားတဲ့ ကြိုးတချောင်းလိုလည်း ခိုင်မာ ပြန်တယ်။


ကောင်ကလေးဟာ အပြင်လောကမှာ လူသားတယောက် အနေနဲ့ တော့ မစွမ်းနိုင်သူ၊ ခြေထောက်တွေ ချိနဲ့နေသူလေး၊ မရိမ်းတပ် သား ဟောင်း၊ ဆုံးသွားတဲ့ အမြွာ ညီအကိုရဲ့ နေရာမှာ အစားထိုးလို့ ပန်ဒေါရာ ထဲက နာဗီ မျိုးနွယ်စုတွေဆီ လေ့လာသင်ယူဖို့ စေလွှတ်ခံရသူ၊ သူဟာ အပြင် လက်ရှိဘဝထက် လောကဓါတ် ဇီဝပညာ အကူအညီနဲ့ ဖန်တီးထားတဲ့ အပြာရောင်မျောက်ကလေး တကောင်ရဲ့ ဘဝ တခု ကို ပိုမို တွယ်တာမိခဲ့သူ၊ အပြာရောင် မျောက်ကလေးတကောင် အဖြစ်နဲ့ သူဟာ ပြေးနိုင် လွှားနိုင် လိုရာကို သူ့ခြေ အစုံနဲ့ လှမ်းနိုင် တယ်လေ...ပြီးတော့ သူချစ်မိသွားတဲ့ ကောင်မလေးတို့ရဲ့ မျိုးနွယ်စု လည်းဖြစ်တယ်။ ဒီတော့ သူဟာ စိတ်သွားတိုင်း ကိုယ်ပါ တဲ့အပြင် နှလုံးသား အစုံလည်း လှုပ်ရှားလူးလွန့် နိုင်ခွင့် ရှိနေတဲ့ မျောက်ပြာကလေး ဘဝကို ပိုမို ခုံမင် နေတော့တာပေါ့။


သူ့နေရာမှာဆို ကျမတို့ အားလုံး လည်း ဒီလိုပဲ ခံစား နေမိမယ် ထင်ပါရဲ့....။ သေချာတာပေါ့...ဒါဟာ လူသားဆန်တဲ့ အတ္တပါးပါးကလေး ပါပဲ...။

ကောင်ကလေးကို စေလွှတ်ခဲ့တဲ့ သိပံ္ပပညာရှင်တွေထဲမှာလည်း အုပ်စု ၂ စု ကွဲသွားကြတယ်။ နာဗီ မျိုးနွယ်စုတွေကို ချေမှုန်းလိုသူ ဗိုလ်ချုပ်ကြီးနဲ့ နောက်လိုက်တွေက တဘက် ၊ အေးချမ်းစွာ ရှိနေကြတဲ့ နာဗီ မိသားစုတွေ နဲ့ သဘာဝကို မြတ်နိုးသူတွေက တဘက်ပေါ့။ အဲဒီမှာ လောကဓါတ် ပညာ ကို ကျွမ်းကျင်တတ်မြောက်သူ၊ ဦးနှောက် ကြီးသူ၊ လက်နက်ယန္တရား လက်ဝယ်ရှိသူ တွေရဲ့ ထူထဲတဲ့ အတ္တ ကို တွေ့လိုက်ရပြန်တယ်။


ပထမ တကြိမ်မှာ နာဗီ တွေဟာ ခံစစ် နဲ့ အတုံးအရုံး ကျဆုံးခဲ့ကြရှာတယ်။ ဒုတိယ အကြိမ်မှာတော့ နာဗီတွေရဲ့ ရဲရင့်စွာ ပြန်လည် ထိုးစစ်ဆင်မှု ၊ ချစ်သူ နှစ်ယောက်ရဲ့ ကျောချင်းကပ် တိုက်ပွဲဝင်မှုတွေ အောက်မှာ ဗိုလ်ချုပ်ကြီးတို့ဘက်က အရေးနိမ့်ခဲ့တယ်။


နောက်ဆုံးမှာတော့ သေလုမျောပါး ကောင်ကလေးဟာ ဆုတောင်းပင်ကြီးအောက်မှာ နာဗီ အဖြစ်နဲ့ ရှင်သန် နိုးထခဲ့တယ်။


ကားအပြီးမှာ...ကောင်လေးနဲ့ကောင်မလေးတို့ရဲ့ အဖြူရောင် စစ်စစ် အချစ်တွေ၊ ကောင်ကလေးရဲ့ လူသားဆန်တဲ့ အတ္တပါးပါးလေး၊ လက်နက်ကိုင် အင်အားကြီးသူတွေရဲ့ အရောင်ရင့်ရင့် ထူထဲတဲ့ အတ္တတွေ ရင်နဲ့ အပြည့် ခံစားလိုက်ရတယ်....။

ဖြစ်သင့်တဲ့ အဆုံးသတ် တခုပဲလေ...။ အဓမ္မမှုတွေကို ဓမ္မ တရားမှု ကသာ အောင်နိုင်မြဲ မဟုတ်လား။ ကျမ ယုံကြည်တာ တခုက နည်းပညာကို တဘက်ကမ်းခတ် တတ်မြောက်သူ တွေ၊စွမ်းအား ပြင်းထန်တဲ့ လူသတ်လက်နက် လက်ဝယ်ရှိသူတွေ၊ ဒါမှမဟုတ် အဲဒီ သူတွေကို ခါးပိုက်ထဲ ထည့်ထား နိုင်သူတွေမှာ ဖိနှိပ်ကျူးကျော်လိုတဲ့စိတ် နဲ့ အဓမ္မတရားရှိတဲ့ နှလုံးသား တွေ စိုးမိုးနေခဲ့ရင် ဘယ် လောက် လှပအေးချမ်းတဲ့၊ ဘယ်လောက်ပဲ သယံဇာတ တွေ ပေါကြွယ်ဝတဲ့ နေရာပဲ ဖြစ်ပါစေ အရုပ်ဆိုး အကျည်းတန်သွားမှာ သေချာ ပါတယ်။

ခုပဲကြည့်လေ... စစ်သွေးကြွ နယ်ချဲ့လိုသူတွေရဲ့ တရားမဲ့ လက်နက်အားကိုးမှု အောက်မှာ ပန်ဒေါရာရဲ့ အေးချမ်း လှပမှုဟာ အသေ အပျောက်တွေ များစွာ၊ သဘာဝအလှ ဆုံးရှုံးမှုတွေ များစွာ၊ မိသားစုတွေရဲ့ သွေးစက်တွေများစွာနဲ့ အကျည်းတန် ခဲ့ရပြီ..မဟုတ်ပါလား...

အဓမ္မမှုတွေ နဲ့ ကင်းဝေးနိုင်ကြပါစေရှင်...



သူငယ်ချင်း တော်တော် များများ ရေးပြီးနေကြပေမဲ့ ၆ရက် ၁လပိုင်းမှာ ကြည့်ပြီးရေးလက်စ ဖြစ်နေတာရယ်၊ ၃၁ရက် ၁လပိုင်းမှာ ထပ်ကြည့်ဖြစ်တာရယ်ကြောင့် ရင်ထဲမှာ ခံစားရသမျှလေး ပြောပြချင်လာလို့ အပြီးသတ် ရေးတင်ဖြစ်ခဲ့တာပါ...။ ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ တခါလာလည်း မဲပြာထမီ ဖြစ်နေခဲ့ရင် ဆောရီးပါရှင်...:)

Sunday, February 7, 2010

ပြောင်းပြန်...

မိတ်ဆွေတွေ မို့လို့ လက်တို့ ပြောရအုံးမယ်၊ ကျုပ်တို့ဟာ အခု ပြောင်းပြန်ခေတ်ကို ရောက်နေသဗျ....။

ပြီးခဲ့တဲ့ တခေါက် ရွာရောက်တော့ တညမှာ အော် ကွေ့ ကျည်....လို့ လမ်းပေါ်က ဆွဲဆွဲငင်ငင် အော်သွားသံ ကြားလိုက်ရတယ်။ ဘာတုန်းဟ လို့ မေးမိတော့ ကျုပ်ညီက အီ ကွေ့ ကြော် လေဗျာတဲ့...။ ဪ...အော် ကွေ့ ကျည် ...အီ ကွေ့ ကြော်....ဟုတ်သား...ပြောင်းပြန်ဟလို့ တွေးရင်း မှတ်ထားလိုက်တယ်။


နောက်တော့ မိန်းကလေးတွေ အချင်းချင်း ပြောနေသံတွေ ဘာရယ်မဟုတ် ကြားမိတာ လေး ရှိသေးဗျာ...ဒီလိုဗျ...။

A: ဝ နေတယ်ဟယ်...ငါ နဲနဲတော့ ဝိတ်ချရအုံးမယ်
B: ဟယ် ဒီလောက်လည်း မဟုတ်ပါဘူးဟယ်...လှရုံလေးပါ...နင်ကမှ တော်သေးတယ် တို့လောက်များ ဝရင် ဒုက္ခ

A: ဟိုမိန်းမတွေ ကြည့်ထားကြ စလင်းဘော်ဒီလေးလာပြီ ငါ့လိုမျိုး...အဟိ....
B: အောင်မာ...ရှင်က အင်္ကျီပွပွ ဝတ်ထားလို့ ဗိုက်က အဆီတွေ ဖုံးနေတာများ...ဗိုက်က အဆီထုက ၆ လက်မ ဖောက်ထုတ်ရင်တောင် တလီတာလောက်ရမှာ...ဟွန်း....

ဟော...တွေ့လား...တွေ့လား...သူတို့ဟာက ပြောင်းပြန်ဗျ...ဝတယ် ပြောရင် သူတို့က ပိန်ပါတယ် ဆိုကြတယ်... ပိန်တယ် ပြောပြန်တော့ သူတို့က ဝပါတယ် ဖြစ်ပြန်ရော....မခက်ဘူးလားဗျာ...။

ဪ...ပြောင်းပြန်...ပြောင်းပြန်ကိုးဗျ...။
ဒါတင် ဘယ်ရပ်အုံးမလဲ...ကြားခဲ့မိတာလေးတွေ ရှိသေးဗျာ...။

A: ငါ့နှယ် ရုပ်ကလည်း ဆိုးပါတယ်...တိမ်တောက်ချိန်လည်း မကယ်နိုင်ပါဘူးဟယ်...
B: အားမငယ်စမ်းပါနဲ့ဟာ...နင်ကမှ ရွက်ကြမ်းရေကြိုလေး၊ တချို့ဆို ဒယ်အိုးဖင် ဓါတ်လိုက်ထားသလိုမျိုးဟ...


A: ဟဲ့ ငါ့နာမည်ကို ပပဝတီ လို့ ပြောင်းမယ်ဟေ့...မီးမထွန်းပဲ လင်းရအောင်ကို လှလွန်းလို့...
B: မိန်းမကိုက မြေကြီးနဲ့ တတောင်လောက် လွတ်နေတယ်...ဒီမယ် လင်းတ လောက်တော့ ငှက်တိုင်း လှကြပါတယ်ဟဲ့....

ကဲ ကြားကြတယ် မဟုတ်လား...မလှပါဘူးဆိုမှ ရုပ်မဆိုးပါဘူး ပြောကြ...၊ အလွန်လှပါတယ် ဆိုပြန်တော့ လင်းတလောက်တော့ ငှက်တိုင်း လှပြန်သတဲ့...။

ကျုပ် မပြောဘူးလားဗျ....ပြောင်းပြန်တွေပါ လို့...။

ဘယ်သူ ဘာပြောပြောဗျာ...ကျုပ်တော့ အဲဒီကစလို့ ပြောင်းပြန်တွေ မြိန်ရည်ယှက်ရည် ပြောတတ်ခဲ့တော့တာပဲဗျို့...။

ခုလို တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကမ္ဘာက ရွာ ၊ ရွာက ကမ္ဘာ ဖြစ်သွားတယ်လို့ ဆိုကြ လေတော့ အဲဒီ ကမ္ဘာဖြစ်သွားတဲ့ ရွာ အကြောင်း ပြောချင်တယ်ဗျာ...။ ပင်မ ဒေါက်တိုင် ကြီး တွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး နဲ့ ကျန်းမာရေးလေးတွေ အကြောင်း ခပ်ပါးပါး လေး ပေါ့...။

စီးပွားရေးကတော့ဗျာ ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆိုတာ ဘာ ဟုတ်သေးတုန်း၊ ခြင်္သေ့ ရေချိုး ဒေါ်လာ မီးလှုံ နေတဲ့ ခေတ်ဗျ။ ငွေဆိုတာ ပေါလွန်းလို့ ကုန်တိုက်ကြီးတွေ၊ ဈေးတွေ၊ရုပ်ရှင်ရုံ၊ ဘုရား ကျေင်းကန်တွေမှာများ ဝယ်ကြချမ်းကြ၊ လှူကြတန်းကြနဲ့ ပိုက်ဆံ တွေများ ဖွေးကနဲ ဖွေးကနဲ နေတော့တာဗျိုး....။ အဖိုး အဖွားများ ပြောဖူးတဲ့ ပဒေသာပင် ခေတ်ဆိုတာ ဘာ ဟုတ်သေးတုန်း...။

ပညာရေး ကြည့်အုံးမလား...၊ အောက်စ်ဖို့တို့ ဟားဗတ်စ်တို့ ဆိုတာ ခေတ်မရှိတော့ ဘူးဗျာ။ ကမ္ဘာအရပ်ရပ်က ရွာမှာ ကျောင်းလာအပ် ကြသတဲ့။ အတန်းတွေ ပေးတက် လိုက်တာများ ဟောတတန်း ဟောတတန်းနဲ့။ ရွာက ရလာတဲ့ ဘွဲ့များ ကမ္ဘာ့ တက္ကသိုလ် တွေက ဘွဲ့ထက် အရည်အသွေးမှာ ကိုး ဆယ်ဆ သာ ဆိုပဲ...။

ကျန်းမာရေး ဆိုတာကတော့ ပြောစရာကို မလိုတော့အောင် အခမဲ့ ဆေးခန်းတွေ၊ ဆေးရုံတွေ နဲ့၊ ဘယ်ဆေးရုံ ဆေးခန်း သွားသွား ဆေးဝါး ပစ္စည်း ကိရိယာ အပြည့်အစုံနဲ့၊ လူနာ စမ်းသပ် တာကိုက စိတ်ရှည်လက်ရှည်၊ ငွေမျက်နှာ လုံးဝ မကြည့်ကြတာဗျာ။ လူနာတင် တွန်းလှည်း ကြီး စီးရတာက အစ မာစီးဒီးကားကြီး စီးရသလို အင်မတန် ညင်သာတယ်။ ဝန်ထမ်းတွေ ဆက်ဆံရေးကောင်းပုံ၊ လူနာ အပေါ် ကြင်နာကြပုံများ ပြောပါတယ်...။

ဪ...ပြောင်းပြန် ပြောင်းပြန်... ။

နောက်ဆုံး ပြောမယ်ဗျာ...ခင်ဗျားတို့ ကျုပ်တို့ အရူးအမူး စွဲလန်းတဲ့ ဘောလုံး...။ ရွာက ဘောသမားတွေများ နိုင်ငံတကာ ကလပ် အသင်းတွေက ခေါ်တာတောင် သွားမကစား ဘူးဗျို့ အဲသလောက် ရွာအပေါ် သစ္စာရှိတယ်။ သစ္စာရှိဆို တနှစ် တနှစ် ရတဲ့ကြေးက လည်း နဲမှ မနဲပဲ ကိုးဗျ...။ ကိုင်း ခုဆို ကျုပ်တို့ ရွာ ဘောလုံးက ရွှေခေတ်လို့ ပြောရမလို တခေတ်ဆန်းချက်ဗျာ။
ကျုပ်တို့ရွာ ဘောလုံးအသင်း ရဲ့ ကမ္ဘာမှာ ဖုန်းတဂိုး ကြီးလိုက်ပုံများကတော့ ဖုန်း ကနဲ ဆိုလိုက် ရင် တဂိုးပဲဗျို့...။ တဘက် အသင်းက ကန်သွင်းသွားတာ ပြောပါတယ်။ အဲ...အဲဒီလို မဟုတ်ပါဘူးဗျာ။ ကျုပ် သတ်ပုံမှားသွားလို့...ဘုန်းတန်ခိုး ထွားချက်များ ပြောပါတယ်...။

ဪ....ပြောင်းပြန်တွေများ ပြောရဖန်များလွန်းတော့ ခုတလော လမ်းထွက်တိုင်း လူတွေကို ဇောက်ထိုးတွေချည်း မြင် မြင်နေရသဗျ....။

ဘဝ အမောတွေ ပြေကြပါစေရှင်...

Friday, February 5, 2010

ထုံ သွားတဲ့ ည...

Emo Myspace Comments

အမှား မကင်းခဲ့ပါဘူး
ဒါပေမဲ့....
မြား အစင်းစင်း ဆူးသလိုမျိုး
လက်ညှိုးတွေ ကိုယ့်ဘက်
အဆိပ်တက် ဖျားနာ
ကိုယ်ဟာ...သက်ရှိ ပစ်မှတ်တခု ဖြစ် ဖြစ်သွားတယ်.....။

ကြာတော့လည်း....အရှုံးတွေ ထဲမှာ
ပြုံးပြုံးလေး ကျင့်သားရ
ကုန်းရုန်းလို့ ထ ရပ်လိုက်တိုင်း
အဆင်းမှာ ဝိုင်း တွန်းချကြဖန်များလာတော့
သန်းကောင်ယံည အမှောင်တွေဟာ
ကြောင်တောင်ကန်း တယောက်အတွက်
ဟာသ တပုဒ်ထက် မပိုနိုင်တော့ဘူး....။




Image source : Myniceprofile.com

Wednesday, February 3, 2010

ကိုယ့်အကြိုက်....(ကြွားစိန်)

ပြောလို့ပြောတာ ဟုတ်ပါဘူး...ဘလော့ဂ်ရေးလာတဲ့ သက်တမ်း ၃လ နီးပါး...ပို့စ်ပေါင်း ၅၀ နီးပါးမှာ ဒီပို့စ်ရေးရတာ အားအရဆုံးပဲ...ကျေးဇူးအရမ်းတင်တယ်...ရှဲ့ရှဲ့နီ...ပေါက်ရေ....

ပြောပါရစေအုံး...ဒါအကုန် မှုတ်သေးဘူး...ကျန်သေးတယ်...တော်နေကြာ...ပါတ်တူး တင်နေရမစိုးလို့ ဘရိတ်အုပ်ထားလိုက်တယ်...တချို့...ရွာကိုပြန်ပို့ပေးလိုက်တယ်...နာဂစ်တုန်းက ရှင်းလိုက်သေးတယ်...မချုပ်ရသေးတာတွေ ရှိသေးတယ်...။ လူချစ်လူခင်များသူ ဆိုတော့ကာ လက်ဆောင်ပေးသူတွေကလည်းများ...။ ပိုးချိတ်လေး ၂ထည် မှတ်မှတ်ယယ ဝယ်ဝတ်ဖူးတယ်၊ ၂ထည်လုံး အဖြူခံ၊ အဖြူခံပေါ်ရောင်စုံလေး တထည်၊ ပုလဲရောင်ခံပေါ် သံပုရာခွံစိမ်းရောင် ချိတ်လေးရယ်။ မရိုက်ပြနိုင်တာက ရွာမှာထားခဲ့လို့။ ထမီကို ကြိုက်ပေမဲ့ ဝလာလို့ ဝမှန်းမသိစေတာက ဆိုးတယ်။ အဲဒီတုန်းကတော့ စလင်းဘော်ဒီလေးပါ...ယုံကြပါ...။

ကျမ ထမီ စဝတ်တတ် ကတည်းက အမေ့လုံချည်တွေ ယူဝတ်ခဲ့ရတာ ဆိုတော့ ၄တောင် မိုက်လျော့ကွင်းက စဝတ်ခဲ့တယ်။ ခုလည်း ၄တောင် မိုက်လျော့ကွင်း ပါပဲ။ အမှတ်ရနေခဲ့တာက အရေးအခင်းတုန်းက အဖွားရဲ့ ဘရိုကိတ်တွေ၊ တူတယ် လုံချည်တွေ ကျမ ယူဝတ် ပစ်တာ အဆင်ကုန် ပါပဲ။ နောက်ဆုံး အဖွားရဲ့ ရင်ဖုံး ကွင်းတပ်အင်္ကျီတွေ ယူဝတ်လို့ အဖွားက ဖွက်ထားရတဲ့ အထိ...။

ကျမ တက္ကသိုလ်တက်တဲ့ တလျောက်လုံးလည်း ရင်ဖုံး၊ ရင်စေ့၊ ကော်လာထောင်၊ ကျယ်သီးစေ့ကွင်းတပ် တွေပဲ အဝတ်များခဲ့ရတာ၊ ထမီဆင်ဆန်းလေးတွေကြိုက်တယ်၊ အမျိုးသား ရခိုင်လုံချည်တွေ အထက်ဆင်တပ် ဝတ်ဖူးတယ်။ ထူထူထဲထဲ နဲ့ ဝတ်ရတာ ကြိုက်တယ်။ ဝတ်တော့ မြန်မာလို၊ အဲဒီတုန်းက ဆံပင်ကျောလယ်နဲ့မို့ လိုက်ဖက်သလိုပါ၊ ဒါပေမဲ့ နေတာထိုင်တာက ကျားကျားယားယားနဲ့ လမ်းလျောက်ရင် ခုန်ဆွဆွနဲ့ဆိုတော့ မြင်ယောင်သာ ကြည့်ကြပါတော့......။

ကဲ...အပြောတွေလျှော့လို့ ကျမပိုင်သမျှလေးတွေ ကြည့်လိုက်ကြပါအုံးနော်...

ဒါက အိမ်နေရင်း ဝတ်လေ့ရှိတဲ့ ချည်လုံချည်လေးတွေ...အန်တီ (သူငယ်ချင်းရဲ့ အမေ) ပို့ပေးတာ...ကျမကတော့ ဆင်ညိုတော်လေး မှီရင်း ကြံစုတ်ရတာပေါ့....


နို့စိမ်းလေးက ဘာသားခေါ်လည်း မသိဘူး ထူထူမွမွလေး...ကျန် သုံးထည်က ချည်ထည် အပွင့်ကလေးတွေ၊ ချိတ်-ဘတ်ကယ် နဲ့ ပေမဲ့ လုံချည်လိုပဲ နှစ်ထပ်ဆိုတော့ ဝတ်လို့ကောင်းပါတယ်...ရွာပြန်တုန်း ကိုယ်တိုင်ရွေး ဝယ်ချုပ်ခဲ့တာ...


အဖြူခံပေါ် ဒေါနစိမ်း အပွင့်လေးရယ် နဲ့ အနက်ပေါ် ဗေဒါ-အစိမ်းပွင့် ပြောင်ပြောင်လေးက တမီတာကို ၆ ဒေါ်လာ စလုံးက အာရပ်လမ်းက ဝယ်ပြီး ရွာအပြန် ချုပ်ခဲ့တာ...၊ ကျန်တဲ့ အပျော့စ လေးတွေက အမေ ဝယ်ပေးတာ...အင်္ကျီနဲ့ ဆင်တူ သင်္ကြန်မိုးအင်္ကျီပုံလေးတွေ...


ကိုယ်တိုင်ဝယ်တာ နှစ်ထည် လက်ဆောင်ရတာ နှစ်ထည် (အလယ်က မနောတိုင်လေး နဲ့ နှစ်နံစပ် အညိုလေး၂ထည်က ဝယ်တာ)


ဘေးစွန်က အနက်ခံပေါ် ဆနွင်းမကင်းကွက်လေးပဲ ဝယ်ရတာ ကျန်တာ လက်ဆောင်ရတာ...


အလယ်နှစ်ထည်က လက်ဆောင်ရတာ...ဘေး နှစ်ထည်က အမေ ဝယ်ပေးတာ


ဒီပတ်ထမီလေး ၄ထည်လုံး လက်ဆောင်ရခဲ့တာပါ...မီးခိုးပေါ် အောက်နားအပွင့်ကလေးနဲ့က အင်္ကျီ နဲ့ ဝမ်းဆက် တံဆိတ်က Hers ပါ



ဒီလုံချည်လေး နှစ်ထည်က ကျမ အကြိုက်ဆုံး အင်းလေးဆင်လေးတွေ၊ ကိုယ်တိုင်ဝယ်ခဲ့တာ...အိအိထွေးထွေးနဲ့ ဝတ်လို့ အရမ်းကောင်းပါတယ်...



ဒါက အင်းလေးဆင် ထမီလေး နှစ်ထည် နဲ့ တွဲဝတ်လေ့ရှိတဲ့ အင်္ကျီလေးတွေပါ...အဆင်သင့် ရှိတာနဲ့ ရိုက်တင်လိုက်ပါတယ်...ခရင်မ်ရောင်လေးက အမေနဲ့ တူတူ ဗိုလ်ချုပ်ဈေးမှာ ချုပ်ခဲ့ပြီး ခရမ်းရောင်လေးက Hers က ဝယ်ခဲ့ပါတယ်



ဒီပို့စ်ကို သူငယ်ချင်း ရွှေစင်ဦး၊ ညီမ အင်ကြင်းသန့်၊ ညီမ ပုံရိပ်၊ ညီမ ယွန်းလေး၊ မငယ်နိုင် နဲ့ ညီမငယ် ရွှေပြည်သူ တို့ကို ဆက်လက် တက်ဂ်ချင်ပါတယ်...။ အားတဲ့အချိန်လေးတွေမှာ ရေးပေးကြဖို့ပါနော်... :))


ဘဝအမောတွေ ပြေကြပါစေရှင်...



*** ဒီပို့စ်ကို ရေးချင်လွန်းလို့ကို ပေါက်ကို တက်ဂ်ပို့စ် လုပ်ခိုင်းတာ...။ မြန်မာမိန်းကလေးတိုင်း ထမီလေးတွေ ကြိုက်ကြတာ...အခွင့်မသာလို့သာ အမြဲမဝတ်ရင် ရှိရမယ်။ ကျမကတော့ ပျော်တယ် ကျေနပ်တယ်...ထမီလေးတွေ ခမျာလည်း ခုလို ပွဲထုတ်မှ လူလူသူသူ ဘလော့ဂ်ပေါ် တက်ရရှာတာကလား ...။ အမြဲတမ်းကြီး ဘီရိုထဲနေရ ပျင်းရှာရော့မယ်လေ။ တသက်နဲ့တကိုယ် ထမီလေးတွေချည်း ခုလို ရိုက်ထားဖို့ မတွေးခဲ့မိဘူး ။ ခုတော့ တခုတ်တရ လေး အမြတ်တနိုးထားပြီး ဓါတ်ပုံရိုက် တင်လိုက်လို့ သူတို့လဲ ပျော်ကြရှာမှာ...။ လက်ဆောင် ပေးထားတဲ့သူတွေလည်း ကျမ တန်ဘိုးတထား သိမ်းထားမှန်း သိရင် ကြည်နူးကြရှာပေမယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်...။

Monday, February 1, 2010

ဇကာကြဲကြ သူများ (သို့မဟုတ်) ကြော်ငြာ

တနေ့က မနက် ၇း၂၀ လောက် စီပီအက်ဖ် ရုံးသွားဖို့ အမျိုးသား နဲ့ အတူ အိမ်က ထွက်ခဲ့ တယ်။ စီပီအက်ဖ် ရုံးက ၈နာရီဖွင့်တာဆိုတော့ ဝီရိယထားမှ ကိုယ့်ကိစ္စ စောစော ပြီးမယ် မဟုတ်လား။ အဲဒီအချိန် ရထားက ရုံးသမားတွေနဲ့ အရမ်းကြပ်တဲ့ အချိန်မို့လို့ နှစ်ယောက်လုံး တိုးတိုးကြိတ်ကြိတ် နဲ့ပဲ ရထားပေါ် ပါသွားတယ်။ ကျမက Priority Seat ရှေ့နားတင်၊ အဲဒီခုံ မှာ ထိုင်နေတာက ၃၀ ဝန်းကျင်လောက် ရှိမဲ့ ကောင်လေး တယောက် ၊နားမှာ နားကြပ်တပ် လို့၊ သူ့မျက်လုံးအစုံက ရှေ့တည့်တည့်မှာရှိတဲ့ ကျမဗိုက်ပေါ် ကျတယ်။ ပြီးတော့ ကျမကို ခေါင်းလေး ဆတ်ပြပြီး သူ့နေရာက ထပေးတယ်။

ကျမဖြင့် မျက်နှာတွေ ထူပူပြီး ရှက်လွန်းလို့ ပေကပ်ကပ်နဲ့ မထိုင်ချင်ဘူး လုပ်မိတယ်။ အဲဒါကိုအမျိုးသားက လက်ကုတ်ပြီး "ထိုင်လိုက်လေ တော်ကြာ ချာတိတ် ရှက်သွားအုံးမယ်" တဲ့။ အဲဒါ ခက်တာပေါ့ သူပြောမှ ကျမကပဲ မရှက်တတ်သလိုလို...။ တတ်နိုင်ပါဘူးလေ...ရှက်ရှက်နဲ့ပဲ လွယ်ထားတဲ့အိတ်ကြီး ဗိုက်ရှေ့ကာပြီး ထိုင်လိုက်ရတယ်။ ငါ့နှယ်နော်...ခုနတုန်းကသာ ဗိုက်ကိုအိတ်နဲ့ ကွယ်ထားရင် ခုလိုမဖြစ်ဘူးလို့ တွေး မိသေးတယ်။ အမျိုးသားရဲ့ မျက်နှာပြုံးစိစိလည်း မကြည့်မိအောင်နေရသေး။ ဒါတောင်မှ "ဗိုက်ပူတာ ဒီလိုနေရာမျိုးကျ ပိုင်သကွာ" တဲ့ ရှေ့ကနေ ကျမကြားလောက်ရုံ စ နေသေးတာ။ မုန်းစရာ...သူ့ကို ဂြိုလ်ကြည့် တချက်လောက် ကျွေးလိုက်မှ ငြိမ်သွားတယ်။ ကျမ ဗိုက် အဲဒီလောက် မပူပါဘူး ။ ဖြစ်ချင်တော့ အဲဒီနေ့ကမှ ရင်ဘတ် ဖြတ်ဆက်နဲ့ ကိုယ်ထည်ကားကား အင်္ကျီလေး ဝတ်သွားမိလို့ပါ။

နောက် ၅ဘူတာလောက် ရောက်လို့ ကျမတို့ ဆင်းခါနီးတော့ အဲဒီချာတိတ်ကို လက်တို့ပြီး သူ့နေရာ ပြန်ပေးလိုက်တယ်။ ချာတိတ်က ရည်ရည်မွန်မွန်ပဲ ပြုံးပြပြီး ပြန်ထိုင်တယ်။ တချို့အမကြီး တွေလို ရထားပေါ်မှာ နေရာပေးခံရတာမို့ ဆိုပြီး စိတ်မနာနိုင်ပါဘူးလေ...။ ချာတိတ်က ပြုံးလိုက်တော့လည်း နူးညံ့ပြီး ချစ်စရာကောင်းသား...၊ ပါးချိုင့်ကလေး တဖက် တောင်ပါသေး...။

ခုတော့လည်း ကြည့်ကောင်းတဲ့ အမျိုးသားများ တွေ့ရင် စိုက်ကနဲ ငေးကြည့်မိတာ အကျင့် တောင် ဖြစ်လို့ လာတယ်။ တမျိုး မထင်ကြ နဲ့အုံးလေ...ဘာကြောင့်ဆိုတာ ပြောပြမှာပေါ့။

ကျမမှာ သူငယ်ချင်း အပျိုကြီးတွေ တကျိပ်လောက်ရှိတယ်။ သွားရင်းလာရင်း သူတို့အတွက် သင့်တော်တာလေးများ တွေ့လိုတွေ့ငြား မျက်စိဖွင့် နားစွင့်လို့ နေရတာ အကျင့်ပါနေတယ်။ ရုပ်ရည် ပြေပြေပြစ်ပြစ် မွန်မွန်ရည်ရည်လေးများ တွေ့ပြန်ရင်လည်း ရွှေကလေးများလား၊ လူလွတ်လား၊ ဘာလုပ်ကိုင် စားသောက်သလဲ အဲသလို စကားလေး ဘာလေး အစ ဆွဲထုတ်ရင်း တဖက်ကလည်း နဖူးရည် ဒူးရည် အကဲခတ်ရသေးတာ။ ဒါတောင်မှ မယ်မင်းကြီးမ တွေက ငါတို့အေးအေးနေတာ မကြည့်ချင်ဘူးလားတဲ့၊ ငါတို့ဟာ စိတ်အလွန်ခိုင်သူတွေ ဖြစ်တယ် တဲ့၊ မလိုချင်လို့ မဟုတ်ဘူးတဲ့ ဘာညာနဲ့ ကျမကပဲ အငြိမ် မနေနိုင်သလိုလို...ပြောကြသေးတာ။ နောက်ဆုံးတော့ ကြားက အေးအေး မနေနိုင်တဲ့ ကျမ အဆိုးဖြစ်ရော...။ ကြားဖူးကြတယ်မဟုတ်လား...အပေါင်းအသင်းမကောင်းတော့ တသံသရာ တဲ့။

သူငယ်ချင်း အပျိုကြီး တွေထဲမှာ ကျောင်းမှာဆရာမ ပြန်လုပ်သူ၊ ကွန်ပျူတာ ဒေတာဘေ့စ် လုပ်သူ၊ ဆရာဝန်မ၊ တူးရစ်ဂိုက် လုပ်နေသူတွေ ရှိတယ်။ ၂ယောက်က စလုံးမှာ၊ တယောက်က ကဗ္မောဒီးယားမှာ၊ ကျန်တာတွေက ရွာမှာ။ ညိုချောလေးယူမလား၊ ဖြူဖြူလုံးလုံး မုန်လာဥလေး တွေ ယူမလား၊ သေးသေးသွယ်သွယ် ထန်းပိန်မြစ် စလင်းလေးတွေလား...။ ကာလာစုံ အလှစုံ ရှိတယ်။

ရွာက အပျိုကြီးတွေများ သိတ်ငြိမ်နေရင် ကျမတို့က ဒီကနေ လက်ဆောင်ပစ္စည်း နှုတ်ခမ်းနီ၊မိတ်ကပ် ဆိုတာမျိုးတွေ မတူတဲ့ အရောင်အသွေးတွေ ဘယ်ဟာကဖြင့် ဘယ်သူ့ အတွက်လို့မရေးဘဲ အဆင်ပြေသလို ခွဲဝေယူကြ ဆိုပြီး လှမ်းပို့ ပေးလေ့ရှိတယ်။ နောက်ရက်တွေ သူတို့ဆီ ဖုန်းဆက်တော့မှ ဟိုမှာ ပစ္စည်း အရောင်အသွေး လိုချင်တာလုရင်း သတ်ကြ ဖြတ်ကြတယ် ဆိုရင်ပဲ ကျမတို့မှာ ဒီကနေ ပျော်ကြရတယ်။ ဪ...သူတို့တတွေ ကျန်းကျန်းမာမာ ရှိကြသေးရဲ့ ဆိုပြီးတော့ပါ...။

ဘယ့်နှယ်...အပျိုကြီးတွေ ဆိုတာ ကိုယ့်လုပ်စာ ကိုယ်ရှာစား ရတယ်၊ ငိုလို့မှ နှပ်သုတ်စရာ တစ်ရှုးလေးဘာလေး ပေးမဲ့သူမရှိ၊ သရဲအကြောင်း အိပ်မက်လို့ ညလယ်ကြီး တရေးနိုး လာရင် တောင် အကြောက်ဖြေစရာ ရင်ခွင်မရှိ...။ ဪ...လိုအပ်ချက်ကို သဘောမပေါက်ကြပုံများ ပြောပါ တယ်။ " ကျောင်းတက်တုန်းက ရွေးစရာ ဒီလောက်များတာ၊ နင်တို့နှယ် လူအုပ်ကြား ခဲထုပေါ့ဟ တယောက်ယောက်တော့ သေချာပေါက်မှန်မှာ" လို့ ကျမက ပြစ်တင်ဟန်ဆိုတယ်။ ငါတို့မှာ ခဲအကြီးအသေး ရွေးနေတာနဲ့ပဲ အချိန်ကုန်ခဲ့တာ တဲ့။ ဖြစ်ရမယ်လေ...ကျောင်းတွေကလည်း တနှစ် နှစ်တန်းနှုန်းနဲ့ကိုး...။

တခါက မိတ်ဆွေ တယောက်က ပြောပြတယ်။ ကျွန်တော် နဲ့ တိုက်နီးချင်း အပျိုကြီးဗျာ တဲ့ တနေ့က အောက်ထပ် ကုန်စုံဆိုင်မှာ ငှက်ပျောသီး ပြားငါးဆယ်ဖိုးကို ငါးပြားစေ့ ဆယ်စေ့နဲ့ လာဝယ်လို့ဗျ...ဟားဟားဟား...တဲ့။ ကြည့် ဒါ သက်သက် အပျိုကြီးတွေကို ဟာသလုပ်တာ မဟုတ်လား၊ ကျမက မရယ်ပါဘူး...ဒါမျိုး ဘယ်ရမလဲ။ အဲဒါ အဲဒါတွေကြောင့် သူတို့ကို မြန်မြန် စွံစေချင်တာ...သူတို့ကို ဟာသ အလုပ်ခံနေရတာ ကျမ ဘယ်ကြည့်ရက်ပါ့မတုန်း။ ဒါကို သူတို့ သဘော မပေါက်ကြဘူး...။

သိကြပြီ မဟုတ်လား တနေရာရာမှာ အမျိုးသားလေး တယောက်ယောက်ကိုများ ကျမ ငေးခနဲ ကြည့်နေတာတွေ့ခဲ့ရင် မချစ်ကြည်တယောက်တော့ဖြင့် သမိုင်းပေး တာဝန်ကြီးတခုကို စေတနာ့ဝန်ထမ်း အဖြစ် ရွက်ဆောင်နေတယ်လို့သာ မှတ်လိုက်ကြပါနော်။ ဒါတင်ပဲလား ဆိုတော့ ဘယ်ဟုတ်မတုန်း၊ကျမ တာဝန်က...နောက် ၄-၅ နှစ်လောက် နေလို့မှ သူတို့ ထူးမခြားနား ပတ်ပျိုးလေးတပုဒ် ဆိုနေတုန်း ဆိုရင်ဖြင့် ရွာပြန် ငှက်ပျောပင်စိုက်ဖို့သာ ရှိတော့တာပဲ...။ သူတို့ တတွေ အသက်ကြီးတဲ့ အခါ ငှက်ပျောခြံကလေးက ရတဲ့ ဝင်ငွေ မှီခိုစားရအောင်ပါ...။

ဪ အပေါင်းအသင်းမကောင်းတော့ တသံသရာ လို့ ဆိုကြတယ်...။

ဘဝ အမောတွေ ပြေကြပါစေ....



***ချစ်၍ ကြော်ငြာဝင်ပေးသည် နောက်ကြုံရင် ဓါတ်ပုံနှင့် တကွ လာအုံးမည်...မျှော်...