Friday, January 29, 2010

ကမ်း အလွန်....

Bye Myspace Comments

မင်း နဲ့ ငါ....

ကန့်လန့်ကာ ပါးပါးလေး တဘက်စီခြား
လွှင့်ပစ်ခဲ့ နှလုံးသား....
အသိစိတ် တားမြစ် ထားရစ်ခဲ့ရ
လွှတ်အချ.....။

သမုဒယ နှောင်ထုံးရဲ့ ဟိုး...တဘက်
သဒ္ဒါလွန် ကွန်ရက် ဖြန့် ယှက် တောင်ပံ
ဥပ္ပါဒါန် အဆုံးစွန်....
အမှောင် ကျွံ ခဲ့ မှ ဖြင့်.....။


တနေ့ မဝါ (WWKM) ဆီမှာ အိမ်ထောင်ရေး ပြဿနာလေး တခု တင်ထားတာ ဖတ်ခဲ့ရပါ တယ်။ အမျိုးသား ချက်တင်လုပ်ရင်း မိန်းကလေး တယောက်နဲ့ ငြိတာကို သိသွားတဲ့ အမျိုးသမီးလေးက မဝါဆီ ရင်ဖွင့် အကူအညီ တောင်းတဲ့ အကြောင်းလေး ရေးထားခဲ့တာပါ... ကျမလဲ ဘာမှ အကြံ မပေးနိုင်ခဲ့ပဲ စိတ်မသက်သာစွာနဲ့ ဖတ်ပြီး ပြန်လာခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့လေ...ကျမရင်ထဲ ငြိလာခဲ့တော့ ဖွင့်ထုတ်ဖို့ ကြိုးစားရင်း ဒီကဗျာလေးကို ချရေးမိခဲ့ပါတယ်။

အားလုံးပဲ ကမ်းမလွန်ခင် လှည့်ပြန် နိုင်ခဲ့ကြပါစေရှင်......



Image Source : myniceprofile.com

21 comments:

~ဏီလင်းညို~ said...

မကြီးအေးရေ...
အမှောင်ကျွံရင်တော့ သွားပြီထင်တယ်....း(
ကျွန်တော်တော့ထင်တယ်...။
တစ်ကယ်တမ်း မဖြစ်သင့်တဲ့အရာတွေထဲမှာ အဲ့သလိုကိစ္စလေးတွေက ထိပ်ဆုံးကနေမှာနော်....း(
(ကျွန်တော့်အမြင်သက်သက်ပါဗျာ...)
ခင်မင်တဲ့
ဏီလင်းညို

reenoemann said...

အဲလိုကိစ္စတွေ မရှိတာ ကောင်းပါတယ် အမရယ်။

ချစ်ကြည်အေး said...

မှန်ပါတယ် ဏီလင်းရေ....မဖြစ်သင့်တာပေမဲ့ ဖြစ်နေကြတော့ကာ.... :(

ရီနိုရေ...အမတို့ ရွေးချယ်ခွင့် မရှိကြဘူး ဒါတွေဟာ တကယ် အပြင်မှာ ရှိနေတာပါ...အသိစိတ်လေးနဲ့ နောက်ပြန်ဆုတ်နိုင်ရင်တောင် တော်လှပါပြီ...မဖြစ်ရင်တော့ အကောင်းဆုံးပေါ့လေ....:))

seesein said...

သဒ္ဒါလွန်တော့ တဏှာ
တဏှာလွန်တော့ ဘာဖြစ်ဆိုလား ဒေါ်မယ်ချစ်ရေ

ကိုချစ်ဖေ said...

အော်..ကိုချစ်ဖေတို့များတော့..အစထဲက ကမ်းကိုမတွေ့သေးတာ.ပင်လယ်ထဲမှာမွေးလာတာပဲ စိတ်နာတယ်.

Ko Boyz said...

စိတ်ဆင်ရိုင်းကို ချွန်းအုပ်မနိုင်တဲ့အခါမှာ တောပြိုတတ်ပါတယ်။
တန်ဖိုးမထားတတ်တဲ့ သူ.. နောင်တစ်ချိန်မှာ ဘယ်လိုခံစားမယ်ဆိုတာ မတွေးလေရော့သလား။

SHWE ZIN U said...

သူငယ်ချင်းရေ

ကဗျာလေးလာခံစားသွားတယ်နော်
ဒီနေ့မှ မန့်လို့ရတော့တယ်

သက်ဝေ said...

ရင်ထဲငြိလာသမျှ ကဗျာဖြစ်နေတာ
တကယ် သဘောကျတယ်...
ကိုယ်ဆို အဲလိုမျိုး ရေးတတ်ဘူးလေ...း))

Craton said...

စိတ်ဓါတ်ကလေးတော့ ချစ်သွားပြီ :)))

Moe Cho Thinn said...

အော်..ဒုက္ခ ဒုက္ခ ပါလား မမရယ်..ဒါမျိုးတွေ စိတ်ညစ်တယ်။

ရွှေရတုမှတ်တမ်း said...

ရာထူးတက်တာကို..ဝမ်းသာဂုဏ်ယူလိုက်စမ်းပါ...

မယ်ကိုး said...

ကဗျာလေးလှလိုက်တာ မမရေ။ အဲလိုအကြောင်းတွေချည်း ဖတ်နေရတယ်နော်။မယ်လည်း အရင်တုန်းက ဒီလိုဇာတ်တစ်ပုဒ်ရေးဖို့ စာစီခဲ့ဖူးတယ်။
ခုတော့ သူများတွေ ရေးထားတာပဲ ဖတ်ပြီး သိမ်းထားလိုက်တော့တယ် :)

Rita said...

ညီမကတော့ ရုပ်ဝါဒီ ဖြစ်နေတာလား။ ဒါမှမဟုတ် မကြုံသေးလို့လားတော့ မသိဘူး။ အွန်လိုင်းကနေ ဇာတ်လမ်းဖြစ်တယ်ဆိုတာကို လက်ကို ခံလို့မရဘူး။ မြင်တွေ့ကြားသိ ထိတွေ့ကိုင်တွယ်လို့မရတာကြီးကို။

အွန်လိုင်းကနေ လာကြောင်တာလောက် မေတ္တာတုံးတာလဲ မရှိဘူး။
ခုနောက်ပိုင်း မသိရင်လဲ gtalk မှာ မ add တော့ဘူး။ အဲဒီလို ဖြစ်ကြတဲ့လူတွေထဲမှာ ဆယ်ကျော်သက်မကတဲ့ဟာတွေ ပါတယ်ဆိုတာကိုတောင် အခါခါကြားပါရက်နဲ့ ကြားတိုင်း အံ့သြမဆုံးဘူး။

ဒါတောင်မှ နီးနီးစပ်စပ်ထဲမှာ ဒါမျိုး ဖြစ်သွားခဲ့သေးတာ။
မြန်မာပြည်ရုံးက စီနီယာအစ်မတစ်ယောက်။ သူ့ဇာတ်လမ်းကတော့ အေးအေးဆေးဆေးပါပဲ။ အမေရိကားရောက်နေတဲ့ မြန်မာ အမျိုးသားတစ်ယောက်နဲ့ 2007 မှာပဲ လက်ထပ်ဖြစ်သွားတာ။ နောက်ကြောင်းလဲ ဘာမှ အရှုပ်အရှင်းမရှိတော့... ဒါမျိုးကတော့ ဖူးစာပဲ လို့ တွေးမိပြန်ပါတယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာလားတော့ မသိပါဘူး။

မောင်မိုး said...

ဒီလိုကိစ္စမျိုးတွေလဲ ရှိသေးတာပဲလား။။ သြော်..သုခ..သုခ။

နည်းပညာတွေက
လူတွေရဲ့ အကျင့်စာရိတ္တကို
အလဲထိုးလိုက်ပုံများ...
သစ္စာတရားတွေတောင်
အငွေ့ပျံသွားခဲ့ရပြီ။
သြော်..သုခ။

Rita said...

တကယ်တော့ ခေတ်သစ်နည်းပညာနဲ့ ဘာမှ မဆိုင်ပါဘူး။ ရှုပ်ချင်တဲ့လူမှာ ဘာနည်းပညာမှ မလိုဘူး။ နည်းပညာဆိုတာ ဘာမှန်းမှ မသိခင်တည်းက တယောက်ကနေ တယောက်ပြောင်းကိစ္စက ပေါ်လာတာ။ မင်းတုန်းမင်းတို့ခေတ်ဆို ကြည့်ပါလား။ ပြောင်းတောင် ပြောင်းတာ မဟုတ်ဘူး။ တပြိုင်တည်း ထားတာ။ ဘာနည်းပညာရှိသလဲ။

(ဆောရီး မမ။ အရှိန်ရနေလို့)

ချစ်ကြည်အေး said...

ဟုတ်တာပေါ့ ညီမ ရီတာ...လုံးဝ လက်ခံတယ်...ဘယ်ကိစ္စမှာမဆို စိတ် ပဲ အခြေခံ....

WWKM said...

ပို့စ်လေးဖတ်ပြီး ကဗျာလေးခံစားရေးဖွဲ့သွားတာ တကယ်ကောင်းပါတယ်ရှင်။ဒီလို ကဗျာလေးတွေခံစားရေးဖွဲ့တတ်တာ ချီးကျုးမိပါတယ်ရှင်။

မင်း နဲ့ ငါ....

ကန့်လန့်ကာ ပါးပါးလေး တဘက်စီခြား
လွှင့်ပစ်ခဲ့ နှလုံးသား....
အသိစိတ် တားမြစ် ထားရစ်ခဲ့ရ
လွှတ်အချ.....။

သမုဒယ နှောင်ထုံးရဲ့ ဟိုး...တဘက်
သဒ္ဒါလွန် ကွန်ရက် ဖြန့် ယှက် တောင်ပံ
ဥပ္ပါဒါန် အဆုံးစွန်....
အမှောင် ကျွံ ခဲ့ မှ ဖြင့်.....။

ကဗျာလေး ကြိုက်တယ် မ.. ( အစ်မခေါ်စရာ တစ်ယောက်ရသွားပြီ.ပျော်တယ်)

ဝါ၀ါခိုင်မင်း

မြစ်ကျိုးအင်း said...

နောက်ခံ ဇာတ်ကြောင်းလေးသိပြီး အဲဒီအပိုဒ်ကို ပြန်ဖတ်ကြည့်တာ စိတ်ထဲမှာ တမျိုးလေး ဖြစ်မိတယ်။

"သမုဒယ နှောင်ထုံးရဲ့ ဟိုး...တဘက်
သဒ္ဒါလွန် ကွန်ရက် ဖြန့် ယှက် တောင်ပံ
ဥပ္ပါဒါန် အဆုံးစွန်....
အမှောင် ကျွံ ခဲ့ မှ ဖြင့်... "

Anonymous said...

ကဗျာလေးကို လာဖတ်သွားပါတယ် ။ ကျနော် ကဗျာမစပ်တတ်ပါဘူး ။ တချို့ ကဗျာ တွေဆို နားတောင် မလည်ပါဘူး ။ အခုရေးထားတဲ့ ကဗျာလေးကတော့ ဖတ်လို့ ကောင်းတယ်လို့ ခံစားရပါတယ် ။ ။

ရွှင်လန်းချမ်းမြေ့ပါစေ ။

မင်းဒင်

sosegado said...

အချစ်ကဆန်းကြယ်၊ အပိုင်လို့ယူထားတဲ့ အရာတခုကို နောက်တခုကြောင့် ဘေးဖယ်ထားပြီး သို့မဟုတ် လွင့်ပစ်ပြီး နောက်တခုကို ယူတတ်ပါတယ်၊ ဖြစ်လေ့ဖြစ်ထရှိပါတယ်၊ အဒီလိုဖြစ်ဘို့ကလည်း အကြောင်းရင်းတွေ ရှိမှာပါ၊ ကျွံချင်လို့မှမဟုတ်ပဲ…. အရင် အပိုင်လို့ယူထားတဲ့ အရာက မအပ်စပ်တော့ရင် ဒါမှမဟုတ် ဘယ်လိုမှာမကြိုက်နှစ်သက်တော့ရင်၊ ….တစ်ချို့ကTiger Wood လိုရောဂါရနေရင်….. လမ်းခွဲကြတယ်ဆိုတာ… ဖြစ်လေ့ဖြစ်ထရှိပါတယ်၊

Anonymous said...

အမရေ..

စာသားလေးတွေကကောင်းတယ်.တကယ်ဆို မိန်းကလေးကလည်းဆန်းစစ်သင့်တာပေါ့.ခုချိန်မှာ အွန်လိုင်းဇာတ်လမ်းတွေက မရှက်မကြောက်ဖြစ်နေကြပြီ..

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်