Wednesday, January 6, 2010

အမေ သို့.....

အမေ ပြောပြဖူးတဲ့ အမေ့သား အကြောင်းလေ...၊ သူ အစားမက်တာ၊ အကောင်းကြိုက်တာ၊ အမေ နဲ့ မိသားစုကို ချစ်တတ်တာ၊ အပေါင်းအသင်း မင်တာ စုံလို့ပါပဲ။ အမေကလေ အမေ့သား အကြောင်းများ ပြောနေရရင် မျက်နှာကိုက ပြုံးလို့ ချိုလို့၊ မောပဲ မမောနိုင်ဘူး။ အစ အနောက် သန်တဲ့ အမေ့သားက အမေ့ကို အမြဲ ပြုံးရယ်စေခဲ့တာ တဲ့ ။ အမေ အခု ပျင်းများ နေပြီလားဟင်....။

အစားကောင်းမက်တဲ့ အမေ့သား အတွက် ဟင်းမချက်တတ်တဲ့ မိန်းမနဲ့ ရရင်တော့ ငါ့သားကြီး ငတ်ရှာမှာလို့ အမေက တွေး ပူဖူးသတဲ့။ အမေ့သား ဓါတ်ပုံတွေ ကြည့်လို့ ဝဖြိုးပြီး စိုပြည်နေ တာတွေ့ရတဲ့ အခါမှာတော့ ဟင်းကောင်းကောင်း ချက်တတ်တဲ့ အမေ့ ချွေးမကြောင့် အမေ စိတ်သက်သာရာ ရကောင်းပါရဲ့နော်။ စိတ်ချပါ အမေ သူ့ကျမ်းမာရေး အတွက်လည်း သမီး အမြဲဂရုစိုက်ပါတယ်။ အစာလဲဆေး၊ ဆေးလဲအစာ လို့ ဆိုကြသမို့လား။

သူက ကျန်းမာရေး ကောင်းသူတို့ရဲ့ ထုံးစံအတိုင်း ဆေးသောက် သိတ်ပျင်းတာပဲ အမေရေ။ တခါတလေ သူဖျားတဲ့ အခါ ဆေး မသောက်ချင်ဘူး သိတ်ပေတာပဲ။ ဖျားရက်ကြီးနဲ့လဲ အလုပ်သွားချင်သေးတာ။

အမေ တို့က လူမချမ်းသာပေမဲ့ စိတ်ဓါတ် အရင်းခံ မဆင်းရဲပါဘူး သမီးရယ်...တဲ့။ သားသမီးတွေကို လူယဉ်ကျေးတွေ၊ ပညာတတ်တွေဖြစ်အောင် ထိန်းကျောင်း လမ်းပြခဲ့တယ်။ အမေနဲ့ အဖေ တို့ရဲ့ ချွေးနဲ့ စုဆောင်းထားတဲ့ စုဗူးကြီးဟာ တနှစ် တနှစ် ကျောင်းဖွင့်ချိန် ရောက်တိုင်း အမေ့ သားသမီးတွေ အတွက် ပညာအမွေ ပေးနိုင်အောင် လောက်ငှခဲ့ပါရဲ့...တဲ့။

ကျေးဇူးတင်ပါတယ် အမေရယ်။ အမေတို့ အဖေတို့ ရဲ့ ဆုံးမပဲ့ပြင်မှုအောက်မှာ သားကောင်း တယောက် ဖြစ်ခဲ့တဲ့ သူဟာ သမီးအတွက် လဲ ခင်ပွန်းကောင်း တယောက် ဖြစ်နေလို့ပါပဲ။

သမီး အပေါ်မှာ ဇနီးတယောက်လို အပြင် အမလို၊ ညီမလို၊ ရဲဘော်ရဲဘက် တယောက်လို တခါတလေ "ဇနီးလဲ ဒါပဲ ၊ သမီးလဲ ဒါပဲဗျ" လို့ မိတ်ဆွေတွေကို ပြောတတ်သေးတယ်။ တခါတလေတော့ဖြင့် အမေ့ကို သတိရလို့ ထင်ပါရဲ့ ကလေးတယောက်လိုပဲ သူ့ကို "ခွန့်ကျွေး" လို့ ချွဲတတ်ပြန်လေတယ်။ အဲဒီအခါကျ သမီးက မျက်စောင်းထိုးပြီး "ဝါးရော ကျွေးရအုံး မှာလား၊ ကလေးလား ဟင်" လို့ အငေါ်တူးတဲ့အခါ "ဒါပေါ့ဗျ အမေက သူ့သားကို ခုထိ ကလေးလို့ ထင်တုန်းဗျ" တဲ့လေ...။

ဟိုး...လွန်ခဲ့တဲ့ ၄၅ နှစ်တုန်းက အမေ သိတ် နာ ကျင် ခဲ့မှာပဲနော်။

သားဦးမွေးရတာ ၊ ပြီးတော့ ပထမ ၂ယောက် ဆုံးရှုံးထားခဲ့ရတဲ့ အတွေ့အကြုံနဲ့ ဆိုတော့...နာကျင်တာ အပြင် စိုးရိမ်တာရော၊ ကြောက်တာတွေရော ပေါင်းလို့...။ ဒါပေမဲ့ သားကြီးရဲ့ မျက်နှာမြင်ရတဲ့ အခါမှာတော့ အရာရာ မေ့ပျောက်လို့ သားမျက်နှာ ငွေလ ကြည့်မဝ၊ ချစ်မဝ ဖြစ်ခဲ့ရသတဲ့။

သမီး ပြန်မြင်ယောင်မိပါရဲ့....ရင်ခွင်ထဲက အနှီးဖြူဖြူ နဲ့ ထုတ်ထားတဲ့ မွေးစ သားယောင်္ကျား လူမမယ်လေးကို ချစ်မက်မဆုံး ပီတိတွေဖုံးလို့ ဆီးမိုးကြည့်နေမဲ့ မိန်းမငယ်လေး၊ ပြီးတော့ သားအတွက် အနာဂတ်ကိုတွေးလို့ ရင်ထဲမှာ ခြင်္သေ့တကောင်ရဲ့ ခွန်အားတွေနဲ့ ရဲရင့်နေမဲ့ မိန်းမငယ်လေး ၊ သားမွေးရတဲ့ နာကျင်မှုတွေ ပိန်းကြာဖက်ပေါ် ရေမတင်သလို ကင်းကွာလို့ မိခင်တို့ရဲ့ ကျက်သရေနဲ့ တောက်ပ ထိန်လင်းနေမဲ့ မိန်းမငယ်လေး.....။

အဝေးကနေ အမေ့ မွေးကျေးဇူးတွေ အမှတ်ရနေရင်း ကံ၃ပါးနှင့် ပြစ်မှားမိခဲ့တာများ ရှိခဲ့ရင် ရိုသေစွာ ကန်တော့လိုက်ပါရစေ...။

ကျေးဇူးပါ အမေ...အမေ့သားကြီးကို မွေးပေးခဲ့တဲ့ အတွက်၊ ပြီးတော့ သမီး အနားမှာ ကြည်ဖြူစွာ ရှိနေခွင့် ပေးခဲ့တဲ့ အတွက်ပါ.....။




ကိုကို့ မွေးနေ့ ၀၆-၀၁-၂၀၁၀ အမှတ်တရ.....

19 comments:

  1. ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ လို့ ကျနော်က ဆုတောင်းပေးပါတယ်လို့ ပြောပေးပါအုံး အမရေ။

    တစ်နေ့တာ ကုန်ဆုံးတော့မှပဲ သိခွင့်ရတော့တယ်။
    ပျော်ရွှင်ပါစေ ကိုကိုနဲ့ အတူတူ

    ReplyDelete
  2. ကိုချစ်ကြည်..
    မွေးနေ့မှာပျော်ရွှင်ပါစေ..။။
    အမေ့ကို တိုင်တည်ပြောနေတာ သဘောကျတယ်။။
    အမေ့ကိုတောင် လွမ်းလာပြီ။။

    ReplyDelete
  3. မွေးနေ့ပို့စ်လေးက ချစ်ဖို့ကောင်းလိုက်တာ မရယ်။ အရမ်းသဘောကျတာပဲ။
    များများချစ်ပြီး များများရေးပါနော် မ။ နုလှနေတာပါ တကယ် =)

    ReplyDelete
  4. စိတ်ကူးကောင်းတယ်။ မွေးနေ့ပိုစ့်လေးကတကယ်ထူးခြားတယ်။
    မွေးနေ့ရှင်လည်း မွေးနေ့မှနောင်နှစ်များစွာတိုင် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာ ခြင်းပြည့်စုံပြီး မိသားစုနဲ့အတူတကွပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  5. အမေဖြစ်သူကလည်း သူ့သားရဲ့ အိမ်ထောင်ဖက် ချစ်ခင် သိတတ် မှုကြောင့် ပျော်ရွှင်ရမှာပါ။။

    မွေးနေ့ရှင်လည်း ပျော်ရွှင်ပါစေဗျာ
    မွေးနေ့ရှင်တို့ စုံတွဲလေးလည်း တွဲလက်တွေ ထာဝရ ခိုင်မြဲ ပါစေ။

    ReplyDelete
  6. အမရေးထားတာတဲ့ ပုံစံလေးက တမျိုးလေး။ ပိုပြီးတော့ဖတ်လို့ကောင်းတယ်... ကြည်နူးဖို့လည်းကောင်းတယ်။
    မွေးနေ့ရှင်ကိုချစ်ကြည်အေး ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ...

    ReplyDelete
  7. အမေရေ...ဟောဒီမှာ အမေ့သားက ခုချိန်ထိ ကလေးလိုပဲ ဟင့် ..။
    Happy Birthday ပါ အစ်ကိုရေ.. ပျော်ရွှင်စရာ မိသားစုဘ၀ကို အမြဲတမ်းပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  8. အဲ... သတိထားနေတဲ့ကြားက နောက်ကျသွားတယ်...
    ပျော်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးသွားတယ် လို့ ပြောလိုက်နော်... ဆက် ဆက်...း))

    ReplyDelete
  9. Happy Birthday
    Happy New Year
    Happy...
    Happy...
    ...
    ပျော်လို့ပါ..

    ReplyDelete
  10. ဘာမှလည် မကျွေးပါလား လား လား

    နောက်တစ်ခေါက်

    ဟေ လာကွယ်မောင်ရို့

    ReplyDelete
  11. မွေးနေ့မှသည် နောင်.............
    ဖြစ်ချင်တဲ့ အရာအားလုံး ဖြစ်ခွင့်ရှိပြီး
    ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ မွေးနေ့ရှင်ကတော့ ဒီပို့စ်လေးနဲ့တင် ကျေနပ်နေရောပေါ့နော်

    ReplyDelete
  12. ဖတ်လို့ကောင်းတယ် မရေ...

    မမရဲ့ ကိုကို့ ကိုလည်း Happy Birthday ပါလို့နော်...

    (တစ်ခုခုတော့ကျွေးသင့်တာပေါ့နော... :D)

    ညီမ
    အင်ကြင်း

    ReplyDelete
  13. မအေးရေ...
    အစ်ကိုကြီးရဲ့ မွေးနေ့အတွက် အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးသွားပါတယ်ဗျာနော်...။
    (နောက်ကျမှ လာဆုတောင်းပေးရတာမို့ မျက်နှာငယ်လေးနှင့် ဆုတောင်းပေးသွားပါ၏။)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  14. သမီး အနားမှာ ကြည်ဖြူစွာ ရှိနေခွင့် ပေးတဲ့ အတွက် တကယ် ကျေးဇူးတင်ရမှာပါပဲ မချစ်ကြည်ရယ်။

    ကြည်ဖြူစွာ ဆိုတဲ့ စကားလုံးလေး အင်မတန် သဘောကျပါတယ်။ ၀မ်းလည်း သာပါတယ်။
    ကိုချစ်ကြည်နား ကြည်ဖြူစွာ ရာသက်ပန် နေစေလော့လို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။
    ကိုချစ်ကြည် အသက်ရာကျော် ရှည်စေသော်။


    မအယ်

    ReplyDelete
  15. မယ်ချစ်ရဲ့ကိုကို မွေးနေ့အတွက် လက်ဆောင် လုံးတင်ကို ပါဆယ်ထုပ်နေလို့
    နဲနဲနောက်ကျသွားတယ်

    ReplyDelete
  16. ကောင်းလိုက်တာဗျာ... အမေအကြောင်းကို ရေးထားလိုက်တာများ... အတော်သတိရသွားမိတယ်.. အမေ့ကို....

    ReplyDelete
  17. သူငယ်ချင်းရေ

    ဂုဏ်ယူပါတယ် ရေးတာလေးက ကောင်းလိုက်တာ
    ဂတ်ဂတ်ကြီးလည်း ပြောလိုက်အုန်းနော်
    Happy Birthday ပါ
    နှစ် ၁၀၀ တိုင်ပေါင်းရပါစေ

    ReplyDelete
  18. လာဖတ်ပြီး အမေ့ကိုတောင်ပြန် သတိရသွားမိတယ်။ အရမ်းကိုကောင်းတဲ့ ပို့စ်လေးပါ။ အကိုကြီးမွေးနေ့ကိုလဲ ဒီကပဲဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  19. အစ်မရယ်... တော်လိုက်တာ။ အစ်မစိတ်ဓာတ်ကို သဘောကျသွားပြီ။ ယောက္ခမ ကိုထားတဲ့သဘောထားကိုလဲ လေးစားသွားပြီ။

    တရားသဘောတွေကို နားလည်ပေမယ့် ငါဆိုတဲ့အတ္တ နဲ့ မာန ခံနေတာခက်တယ်။ နားလည်ပေးတယ် ဆိုတာ အပြောလွယ်ပေမယ့် အလုပ်ကျတော့ ခက်တယ် အစ်မရယ်။ အတတ်နိုင်ဆုံးတော့ အဆင်ပြေအောင် ကြိုးစားရမှာပေါ့လေ။ comment က post မဆိုင်သလိုဖြစ်သွားတာ sorry ပါ အစ်မ။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...